Chapter - 35 : လူတွေထပ်ပိုပြီး လုံ့လဝီရိယရှိတဲ့ တစ္ဆေတစ်ကောင်ရှိတယ်
Viewers 2k

မနက် ၅:၃၀ နာရီတွင် အကလေ့ကျင့်ရေးခန်းမကြီးသည် မှောင်မိုက်နေပြီး လုံးဝ ဗလာချည်း ဖြစ်နေ၏။


ဟန်ထျန်းယွီသည် လွန်ခဲ့သည့်အချိန်အနည်းငယ်က ဂီတသံအား ကြားခဲ့ရခြင်း ရှိ၊ မရှိ သူ၏ အဖွဲ့သားများကို ကြောက်ရွံ့စွာ မေးလိုက်ပြီး တံခါးဝတွင် ရပ်နေကာ အတွင်းသို့ မဝင်ရဲပေ။


ရွှီဟောက်မင်သည် နှုတ်ခမ်းအား စေ့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် လေးနက်၏။ ဟန်ထျန်းယွီ တစ်ဦးတည်းသာ ဂီတသံ ကြားခဲ့ရခြင်း မဟုတ်ဘဲ၊ ၄င်းတို့၏ မျက်မှောက်အခြေအနေသည် ၎င်းတို့ ပထမဆုံးအကြိမ် ဤအဆောက်အအုံသို့ ဝင်ရောက်စဥ်က လျှပ်စစ်နှင့် ရေထောက်ပံ့မှု ပြတ်တောက်ခဲ့သည်အား သတိရစေသည်။


"ဘာသီချင်းသံလဲ... ခဏခဏ အကြိမ်များများ လေ့ကျင့်ရလို့ ကယောင်ကတမ်းကြားနေတာ ဖြစ်လိမ့်မယ်" 


စုန့်ကျယ်သည် အဓိပ္ပာယ်ရှိပုံရသည့် ဆင်ခြေတစ်ခု ရှာလိုက်ပြီး အခြားသူများအပြင် သူ့ကိုယ်သူပါ စည်းရုံးရန် ကြိုးစားနေသည်။


အခြေအနေအရ ဖြစ်ပေါ်လာသော တုံ့ပြန်မှု ဖြစ်လျှင်ပင် ၎င်းသည် အဖွဲ့လိုက် ထင်ယောင်ထင်မှားများ ဖြစ်ပေါ်ခြင်းအား ရှင်းပြနိုင်မည် မဟုတ်ပေ။


ရွှီဟောက်မင်သည် ဤအရာအား သူ၏ ဦးခေါင်းထဲ၌ တွေးလိုက်သော်လည်း အပြင်သို့ ထုတ်မပြောခဲ့ပေ။ 


သူသည် မသိစိတ်ဖြင့် လုရွှိဘက်သို့ ကြည့်လိုက်သည်။ လွန်ခဲ့သော အကြိမ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် လုရွှိသည် အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း သူ့အတွက် စိတ်အေးစေသော ဆေးလုံး တစ်လုံးကဲ့သို့ ဖြစ်နေ၏။


"မင်္ဂလာနံနက်ခင်းပါ၊ ဆရာလုရွှိ!"


"မင်္ဂလာနံနက်ခင်းပါ၊ ဆရာ!"


လေ့ကျင့်ခန်း လုပ်နေကြသော F4 သည် လူများ ချဥ်းကပ်လာသည်ကို ကြားသောအခါ သူတို့၏ လှုပ်ရှားမှုများအား လျင်မြန်စွာ ရပ်တန့်လိုက်ပြီး လုရွှိအား ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။


လုရွှိသည် ခေါင်းစောင်းလိုက်ကာ ပြုံးလိုက်၏။ ထို့နောက် ဟန်ထျန်းယွီအား ကျော်ဖြတ်ကာ တံခါးမှ တိုးဝင်ပြီး မီးများဖွင့်လိုက်သည်။ ထို့အပြင် သီချင်း ဖွင့်ရန်လည်း မမေ့ခဲ့ပေ။ 


"ကောင်းပြီ၊ အကဲဖြတ် စစ်ဆေးမှု မတိုင်ခင် လေးနာရီပဲ ကျန်တော့တယ်၊ ကျွန်တော်တို့ အချိန်ကို အပြည့်အဝ အသုံးချပြီး ထပ်လေ့ကျင့်သင့်တယ်"


ဟန်ထျန်းယွီသည် သူ၏ ကြောက်ရွံ့မှုအား စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီး အကလေ့ကျင့်ရေးခန်းထဲသို့ အလျင်အမြန် ပြေးဝင်ကာ သူ၏ ခန္ဓာကိုယ်အား နွေးထွေးစေသည်။ 


"အားးးး သီချင်းဖွင့်ပါ၊ ငါ နောက်ထပ် အကြိမ်နည်းနည်း ထပ်လုပ်ချင်တယ်"


ရွှီဟောက်မင်သည် နားလည်စွာ ပြောလိုက်၏။ 


"မလောစမ်းပါနဲ့၊ ရွှိကောက ဖွင့်ဖို့ သွားနေတာ မဟုတ်ဘူးလား"


စုန့်ကျယ် ရယ်မောပြီး ခေါင်းခါလိုက်၏။ ၎င်းတို့သည် ဝိညာဉ်များ မြင်ရခြင်းထက် ပြန်လည် အကဲဖြတ်ခြင်းသည် ပို၍ ကြောက်စရာကောင်းသည်ဟု ခံစားရသည်။


အဆင့် A အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့သည် ဒုတိယအကြိမ် အကဲဖြတ်ခြင်းတွင် အဆင့်လျှော့ချခံရပါက အလွန် ရှက်စရာကောင်း၏။ အက အကောင်းဆုံး အဖွဲ့ဝင်သည် သီချင်း၏ MV အတွက် စင်တာနေရာ ရရှိရန် အခွင့်အရေးရှိသည်။ လူတစ်ရာထဲမှ ရွေးချယ်ခံရသည့် ထိုကံကောင်းသောသူအဖြစ် လူတိုင်းဖြစ်ချင်ကြပေမည်။


အဆင့် A အား ယူဆောင်လာချင်သူ အများအပြား ရှိသည်။ လုရွှိနှင့် အခြားသူများသည် အက နှစ်ကြိမ်သာ လေ့ကျင့်ရသေးသော်လည်း အပြင်မှ လှုပ်ရှားမှုနှင့် စကားပြောသံများ ဝင်ရောက်လာသည်။


လူတိုင်းသည် ဤပြန်လည် အကဲဖြတ်ခြင်းအား အလွန် အလေးထားကြောင်း ရှင်းလင်းစွာ သိသာသော်လည်း ၎င်းတို့ မည်သည့်အဆင့် သို့မဟုတ် စံနှုန်းတွင် ရှိသည်ကို နောက်ဆုံးမှသာ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။


"မင်းတို့ ကလေးတွေ လျှောက်ခုန်နေကြတာ ပုံစံမျိုးစုံ ဖြစ်ပျက်နေတာကို ကြည့်ပါဦး"


 ဒါရိုက်တာရုံးခန်းရှိ ဖန့်ဇုန်းသည် မော်နီတာများရှေ့တွင် ထိုင်နေရင်း သင်တန်းသား တစ်ရာသည် ၎င်းတို့၏ အကလေ့ကျင့်ရေးခန်းများတွင် စိတ်အားထက်သန်စွာ လေ့ကျင့်နေသည်ကို ကြည့်ရင်း နည်းပြလေးဦးအား ပြောလိုက်သည်။


သုံးရက်သည် ရှည်လျားသော အချိန်မဟုတ်သော်လည်း ယောက်ျားလေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအတွက် အကပိုင်းအား ပြင်ဆင်ရန် လုံလောက်ပေသည်။


သင်တန်းသားများ၏ စံနှုန်းများနှင့် ကိုယ်ရည်ကိုယ်သွေးများ မတူညီသကဲ့သို့ ကသည့်အခါ ထုတ်ဖော်လိုက်သော ခံစားချက်များသည်လည်း မတူညီကြပေ။ 


အစကတည်းက ပေါ့ပေါ့တန်တန် လုပ်နေခဲ့ကြသော သင်တန်းသားများအား ပြောစရာပင် မလိုတော့ပေ။ ဆိုလိုသည်မှာ လေ့ကျင့်ချိန်အတွင်း ပျင်းရိသူများ ရှိနေ၏။


အကလေ့ကျင့်ရေးခန်း အချို့အား ဖန်သားပြင်ပေါ်တွင် တစ်စုတစ်ဝေးတည်း ပြသထားသည်။ တစ်ချက်ကြည့်လိုက်သောအခါ အဖွဲ့အားလုံး၏ ကကွက်သည် ရှုပ်ထွေးနေသော ခံစားချက်များ ရှိနေသည်။


ချင်းခယ်ဝေးသည် မျက်တောင်မခတ်ဘဲ ဖန်သားပြင်အား ကြည့်နေသည်။


"ဖန့်ကော... အပြောမစောပါနဲ့၊ ကျွန်တော် အဆင့် C နဲ့ အဆင့် D မှာ တော်တော်ကောင်းကောင်း ကနိုင်တဲ့သူ တချို့ကို တွေ့ထားတယ်၊ ဒီ အဆင့်တိုက်ပွဲက တွေးကြည့်ရုံနဲ့ကို ပြင်းထန်နေပြီ"


ရှန်ချန်ယွိ ရယ်မောလိုက်၏။


"ဒီပြိုင်ပွဲရဲ့ ရလဒ်က ဖန်သားပြင်ပေါ် ပြသခွင့် အချိန် အဆုံးအဖြတ်ပေးမှာပဲလေ၊ အမှန်အတိုင်းပြောရရင် ငါဒီသင်တန်းသားလေးတွေရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်ထားတယ်"


ကုဝမ်အန်းသည် ကျိရှိုးနျန်မှာ အဆင့် A အကလေ့ကျင့်ရေးခန်းတွင် ပေါ်လာသည်ကို မြင်သောအခါ မပြောဘဲ မနေနိုင်ဘဲ ပြောလိုက်သည်။ 


"သွားကြစို့ သွားကြစို့... သင်တန်းသားတွေ အားလုံး အကလေ့ကျင့်ရေးခန်းတွေထဲမှာ ရှိနေကြပြီ၊ ငါတို့ နည်းပြတွေ သွားပြီး သူတို့ကို နည်းနည်း အားပေးသင့်တယ် မဟုတ်ဘူးလား"


အဆင့် A သင်တန်းသားများသည် ယေဘုယျအားဖြင့် ၎င်းတို့၏ အကတွင် အဆင့်အတန်းမြင့်မားသော နူးညံ့မှု ရှိသည်။ လုရွှိသည် အဖွဲ့၏ အလယ်တွင် ရှိနေပြီး ဂီတနှင့်အညီ သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားနေ၏။ သူသည် အက ပြီးဆုံးပြီးနောက် သူ၏ ဦးခေါင်းအား မော့လိုက်သောအခါ ကျိရှိုးနျန် တံခါးဖွင့်ဝင်လာသည်ကို မှန်ထဲမှတစ်ဆင့် တွေ့လိုက်ရ၏။


ကျိရှိုးနျန်သည် အရပ်ရှည်ပြီး ခန့်ညား၏။ သူသည် အားကောင်းသော နာမည်ကြီး ပုဂ္ဂိုလ်၏ အရှိန်အဝါလည်း ရှိပေသည်။ သူ ဝင်လာသောအခါ လူတိုင်း သဘာဝအတိုင်း သတိထားမိကြသည်။


"နျန်ကော၊ မင်္ဂလာနံနက်ခင်းပါ"


"မင်္ဂလာနံနက်ခင်းပါ... အားလုံး" 


နှုတ်ဆက်စကားများသည် တစ်ယောက်ပြီးတစ်ယောက်ထံမှ ရောက်လာသည်။ ကျိရှိုးနျန်မှာ ၎င်းတို့အား ပြုံးပြလိုက်ပြီးနောက် သူသည် ဝင်မစွက်ဖက်မိစေရန် ထောင့်တစ်နေရာ ရှာပြီး ရပ်လိုက်၏။ 


"ငါ လာကြည့်ရုံသက်သက်ပါပဲ... မင်းတို့ ကိုယ့်ဘာသာ ဆက်ကနေကြ"


ကျိရှိုးနျန်သည် သင်တန်းသားများကြားတွင် လူကြိုက်များသည်မှာ ရှင်းရှင်းလင်းလင်း သိသာသည်။ သူ့အား တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ဦး၏ စိတ်ခံစားချက်အား မြှင့်တင်ပေးပြီး ၎င်းတို့၏ အကအတွက် ခွန်အားအတွက် ပိုမို ဆောင်ကျဥ်းပေးသည်။


အဆင့် A ရှိ လူခုနစ်ဦးမှလွဲ၍ F4 အဖွဲ့ဝင်များသည် အဖွဲ့၏ အလယ်တွင် ရှိနေပြီး သီချင်းစည်းချက်အား လိုက်လုပ်နေသည်။


ဟယ့်ရှင်းဟွာသည် သူ၏ အကအား အလွန် အာရုံစိုက်နေသော်လည်း ကျိရှိုးနျန် ဝင်လာပြီးကတည်းက သူ့အပေါ်တွင် အခြား မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။


သူသည် မလှည့်၍ မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အမူအရာသည် သံသယရှိနေ၏။ 


"အစ်ကိုကြီးတို့ရေ၊ ဆရာကျိက ငါတို့ကို ကြည့်နေတယ်လို့ ဘာလို့ ခံစားရတာလဲ"


ထောင်ယင်းပေါ် သည် ထိုစကားအား ကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်၏။ ကျိရှိုးနျန်သည် သူ့အား ကြည့်နေပုံမရသည်ကို မြင်သောအခါ ဟယ့်ရှင်းဟွာ၏ စိုးရိမ်ပူပန်မှုအတွက် ရယ်မောလိုက်သည်။ 


"သူက ဆရာလုရွှိကို ကြည့်နေတာ ရှင်းနေတာကို... ဘယ်လိုလုပ် မင်းကို ကြည့်နေတယ်လို့ ဖြစ်သွားရတာလဲ၊ ပြီးတော့ တွေးကြည့်... သူက လူသားပဲ၊ သူ ဘယ်လိုလုပ် ဝိညာဉ်တွေကို ဒီလို ပေါ့ပေါ့ပါးပါး မြင်နိုင်မှာလဲ"


ထိုသို့ ပြောလိုက်သောအခါ အဓိပ္ပာယ်ရှိ၏။


ဟယ့်ရှင်းဟွာသည် သံသယဖြင့် ခေါင်းညိတ်ကာ လုရွှိအား ပြောလိုက်သည်။ 


"ဆရာကျိတောင် ခင်ဗျားကို ကြည့်နေပြီ၊ ခင်ဗျားရဲ့ ပွဲဦးထွက်က အာမခံချက်ရှိနေပြီနဲ့ တူတယ်"


လုရွှိသည် ၎င်းတို့၏ စကားများအား ကြားသောအခါ ရယ်ရုံသာ ပြုံးလိုက်သည်။ ကျိရှိုးနျန်သည် မည်သူ့အား ကြည့်နေသည်ကို သူ စိတ်မဝင်စားပေ။


ကျိရှိုးနျန် သူ့အား စိတ်ဝင်စားရသည့် အကြောင်းရင်း မည်သို့ပင်ဖြစ်စေ၊ ဤ တရားမဝင်နေထိုင်သူအား သူ သန့်စင်နိုင် သရွေ့သာ အရေးကြီးသည်။


အခြားတစ်ဖက်တွင် ကျိရှိုးနျန်၏ အကြည့်သည် လုရွှိ အပေါ်တွင် ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူ့အပေါ်တွင်သာ မဟုတ်ခဲ့ပေ။


တရားမျှတစွာ ပြောရလျှင် လုရွှိ၏ အကသည် အမှန်တကယ် ကောင်းပေ၏။ သူ၏ ဘေးရှိ အရာလေးခုသည် အလွန် ထင်ရှားလွန်းသည်။


အဝတ်အစား တူညီသော သုံးဦးသည် အကအား အတော်လေး ကောင်းကောင်းမွန်မွန် ကနိုင်ပုံရသည်။ ၎င်းတို့သည် အဆင့် A သင်တန်းသားများကြားတွင်ပင် အလုံးစုံ အားနည်းနေပုံမရပေ။ 


ဆေးရိုက်ထားသောရှပ်အင်္ကျီဝတ်ထားသည့် အသက်ကြီးသူ တစ်ဦးပင်လျှင် အနည်းငယ် မချေမငံ ကခုန်နေသော်လည်း အဆင့်အတန်း တူညီပုံမရသည်မှာ ထင်ရှားသည်။


သင်တန်းသားများသည် အလယ်တွင် အနားယူ ကြသည်။ ဝိညာဉ်လေးဦးသာလျှင် ပျင်းရိခြင်းမရှိဘဲ သီချင်းသံနှင့်အညီ ဆက်လက် ကနေကြသည်။


ကျိရှိုးနျန်သည် ၎င်းတို့အား ပထမတွင် ပြဿနာအဖြစ် မြင်ခဲ့သော်လည်း ယခုအခါ သူ၏ ခံစားချက်များသည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။


ထိုဝိညာဉ်များသည် လုရွှိအား မည်သည့်အရာမျှ မပြုလုပ်ခဲ့ပေ။ ယင်းအစား သူတို့၏ အကကိုသာ စိတ်အားထက်သန်စွာ လေ့ကျင့်နေကြသည်ကို သူ တစ်ခါမျှ မတွေးခဲ့မိပေ။


၎င်းတို့သည် ကနေရုံသာမက အလွန် အလေးအနက်ထား၍လည်း ကနေကြ၏။ ၎င်းတို့သည် ရိုးသားစွာနှင့် စိတ်ရင်းမှန်ဖြင့် ကခုန်နေကြသည်ဟု ပြောနိုင်သည်။


မနက်စာ စားချိန်ရောက်မှသာ အဆင့် A သင်တန်းသားများအားလုံး ရပ်တန့်ခဲ့ကြသည်။


"ငါတို့ တကယ်ကို အကောင်းဆုံးလုပ်ထားကြတာ... ငါတို့ထက် ပိုကြိုးစားတဲ့သူ တခြား ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး"


 အဆိုတော် ချိုင်စစ်ယွမ်မှာ သူသည် အက ကရန်အတွက် အချိန်ပို လုပ်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးသောကြောင့် ဤသို့ မပြောဘဲ မနေနိုင်တော့ပေ။


အခြားသူများသည် ခေါင်းညိတ် သဘောတူလိုက်ကြ၏။ 


"မှန်တယ် မှန်တယ်၊ တစ်ရက်မှာ ၂၄ နာရီ ရှိတယ်၊ ငါတို့ ၁၀ နာရီကျော် အကကျင့်ကြတယ်... ဘယ်သူက ငါတို့ထက် ပိုကြိုးစားနိုင်ဦးမှာလဲ"


ကျိရှိုးနျန်သည် တိတ်ဆိတ်နေ၏။ သူ၏ အကြည့်သည် မသိစိတ်ဖြင့် ထို ဝိညာဉ်လေးဦး အပေါ်သို့ ကျရောက်နေသည်။


ဇွဲရှိမှုအကြောင်း ပြောရလျှင် ထိုလေးဦးသည် အမှန်တကယ် ဇွဲရှိကြ၏။


ဝိညာဉ်ဘဝဖြင့်ပင် ဤမျှ ကြိုးကြိုးစားစား အလုပ်လုပ်ရခြင်းမှာ မလွယ်ကူပေ။


မနက် ၁၀ နာရီတွင် 'အိုင်ဒေါတစ်ဦး မွေးဖွားခြင်း' သည် နောက်ဆုံးတွင် ဒုတိယအကြိမ် အကဲဖြတ်ခြင်းအတွက် ရိုက်ကူးရေးအား စတင်လိုက်သည်။


သင်တန်းသားများသည် ၎င်းတို့၏ ဖျော်ဖြေမှု အစီအစဥ်အား မဲနှိုက်ပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာ အဆင့်အတွက် အရောင်များကို ဝတ်ဆင်ကာ အသံသွင်းစတူဒီယိုတွင် အဖွဲ့လေးဖွဲ့ ခွဲလိုက်ကြသည်။


"ရွှိကော၊ ကျွန်တော်က နံပါတ် ၅၁၊ ကောက နံပါတ်ဘယ်လောက်လဲ" 


ရွှီလဲ့လဲ့သည် နေရာအနှံ့ လျှောက်ကြည့်နေပြီး လုရွှိအား မြင်သောအခါ လက်ဝှေ့ယမ်းလျက် သူ့ဆီသို့ သွားလေသည်။


လုရွှိ အနည်းငယ် ပြုံးလိုက်ပြီး သူ၏ လက်ထဲမှ နံပါတ်အား ဝှေ့ယမ်းပြလိုက်သည်။ သူ၏ လှပသော မက်မွန်ပွင့်ရောင် မျက်လုံးများသည် ငြိမ်သက်နေ၏။ 


" ၄ "


"အာ... နံပါတ် ၄ ထပ်ဖြစ်ပြန်ပြီ" 


ရွှီလဲ့လဲ့သည် သူ၏ ဦးခေါင်းအား မကုတ်ဘဲ မနေနိုင်တော့ပေ။ ရွှိကောသည် ရိုက်ကူးရေး ပထမဆုံးနေ့ကတည်းက နံပါတ် ၄ ဖြစ်ခဲ့ပုံရသည်။


အခြားသူများသည် ထိုနံပါတ်၏ အသံထွက်ဆိုးကျိုးကြောင့် မကောင်းသော နိမိတ်ဟု ယူဆလိမ့်မည်ဖြစ်သော်လည်း လုရွှိသည် ထိုနံပါတ် ၄ မှာ သူ၏ ကံကောင်းသော နံပါတ် ဖြစ်သည်ဟု ပြောခဲ့ဖူး၏။


( Note : နံပါတ် ၄ က တရုတ်မှာ 'သေတယ်'ဆိုတဲ့ စာလုံးနဲ့ အသံထွက်ဆင်တာမလို့ တရုတ်မှာတော့ နိမိတ်မကောင်းဘူးလို့ သတ်မှတ်ထားကြတာပါ )


ရွှီလဲ့လဲ့သည် အမြဲတမ်း အယူသည်းသူ ဖြစ်သော်လည်း သူသည် ချက်ချင်းပင် အကောင်းဘက်အား တွေးလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 


"ကံကောင်းတဲ့ နံပါတ် ရသွားပြီ၊ ဒီနေ့ ခင်ဗျား စင်တာနေရာ ရနိုင်တယ်"


"ခွိ..."


သူတို့ဘေးမှ တစ်စုံတစ်ဦးသည် ရယ်မောလိုက်၏။ ရွှီလဲ့လဲ့ ထိုသို့ ပြောရဲသည်ကို ရဲရင့်သည်ဟု တွေးလိုက်သည်။


ဤနေရာတွင် လူတစ်ရာ ရပ်နေ၏။ ၎င်းတို့ အားလုံးသည် လုရွှိထက် ပို၍ အချိန်ကြာကြာ လေ့ကျင့်ခဲ့ကြသူများ ဖြစ်သည်။


အဆိုစွမ်းရည်သည် သဘာဝပါရမီပေါ်တွင် မူတည်နိုင်သော်လည်း အကပိုင်း၌ အလုံးစုံ ကွဲပြားမည်ဖြစ်၏။


"ယုံကြည်မှု ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ မျက်စိစုံမှိတ် ယုံကြည်ထားတာတော့ မဖြစ်သင့်ဘူး"


"အတိအကျပဲ... စင်တာနေရာ ဖြစ်ဖို့အတွက် စွမ်းဆောင်ရည် ရှိဖို့လိုတယ်" 


ပြောလိုက်သူ၏ နာမည်မှာ ချူကျန့်ချင်း ဖြစ်သည်။ 


သူသည် ၄ နှစ်သားအရွယ်ကတည်းက အကကို စတင် သင်ယူခဲ့ပြီး ယနေ့အထိ ၁၈ နှစ်ကြာ အကလိုက်စားလာခဲ့သည်။ သူသည် အဆင့် B သို့ ပို့ခံရသော်လည်း သူ၏ အကဖြင့် စားပွဲများအား မှောက်လှန်နိုင်သည်ဟု သူ ယုံကြည်ထားသည်။


လုရွှိကဲ့သို့ အသစ်ဝင်လာသူ တစ်ဦးသည် အဆို ကြောင့်သာ အဆင့် A သို့ ဝင်လာခြင်းသည် မမျှတဟု သူ အမြဲတမ်း တွေးမိ၏။ ထို့အပြင် ရွှီလဲ့လဲ့၏ လုရွှိအပေါ် လေးစားမှုအား ကြားရသောအခါ သူသည် မောက်မာလာသည်ဟု ခံစားရသည်။


 သူ၏ သူငယ်ချင်းမှ စကားအစဖွင့်လိုက်လာသောအခါ သူသည် သူ့ကိုယ်ပိုင် စကားလုံးအား ဝင်မဖြည့်စွက်ဘဲ မနေနိုင်တော့ပေ။ ၎င်းတို့နှစ်ဦး စကားတစ်ခွန်းစီ ပြောဆိုလိုက်ခြင်းသည် လုရွှိအား သူ၏ ကန့်သတ်ချက်များကို မသိခြင်းအတွက် လှောင်ပြောင်နေသကဲ့သို့ပင် ဖြစ်သည်။


"ဟေ့... အဲဒါ ဘာကို ဆိုလိုတာလဲ၊ မင်း ငါတို့ ဆရာရဲ့ အရည်အချင်းတွေကို မေးခွန်းထုတ်ရဲတယ်ပေါ့" 


ဟယ့်ရှင်းဟွာသည် ထိုစကားများအား ကြားသောအခါ ဒေါသထွက်သွားလေသည်။ အကျီလက်အား ခေါက်လိုက်ပြီး ရှေ့သို့ တက်သွား၏။


အခြား သုံးဦးသည်လည်း အလျော့ပေးရန် ဆန္ဒမရှိကြဘဲ လုရွှိအား မကောင်းပြောဆိုသူ နှစ်ဦးဆီသို့ ပြေးသွားကာ ၎င်းတို့၏ ကျောများပေါ်တွင် အားဖြင့် မှုတ်ထုတ်လိုက်ကြသည်။


"အေးလိုက်တာ"


မူလက မကျေနပ်သော ချူကျန့်ချင်းနှင့် သူ၏ သူငယ်ချင်းသည် လေအေးပေးစက် ပျက်သွားသည်ဟု ထင်သော်လည်း အခြားမည်သူမျှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ ၎င်းသည် အမှန်တကယ် ထူးဆန်းနေ၏။


၎င်းတို့၏ ဒေါသပစ်မှတ်ဖြစ်သူ လုရွှိသည် သူ၏ နှုတ်ခမ်းများအား ကွေးညွှတ်ကာ ပြုံးလိုက်သည်။ သူသည် အခြားသူများ သူ့အပေါ် မည်သို့ ထင်သည်ကို ဂရုမစိုက်ပေ။ သူသည် သူ၏ နေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အကဲဖြတ်ခြင်း စတင်ရန် စောင့်ဆိုင်းနေ၏။


ဖန့်

ဇုန်းသည် ဖန်သားပြင်ပေါ်ရှိ ထိုနုပျိုသော မျက်နှာများအား ကြည့်လိုက်ပြီး သူ၏ စကားပြောစက် အားကောက်ယူလိုက်သည်။ 


"ရိုက်ကူးရေး စတော့မယ်၊ အဖွဲ့အားလုံး အသင့်ပြင်... သုံး၊ နှစ်၊ တစ်၊ အက်ရှင်!"


~~~