အခန်း ၁ : အနာကျင်ရဆုံး စကားလုံးများ အသုံးပြုခြင်း ကောင်းကင်ကြီးက မည်းမှောင်နေကာ မိုးများ သည်းသည်းထန်ထန် အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ လေထုထဲ ကမ္ဘာမြေကြီးနှင့် မိုးရေ၏ စိုထိုင်းသော အနံ့များ ဖုံးလွှမ်းနေ၏။ အနက်ရောင် Maybach ကားတစ်စီးက ဆေးရုံအရှေ့တွင် သေသပ်စွာ ရပ်နားလိုက်သည်။ ပထမဆုံး လူတစ်ယောက်က အလျင်အမြန် ထွက်လာကာ အနက်ရောင်ထီးတစ်ချောင်းကို ဖွင့်ပြီး အနောက်တံခါးကို ရိုသေစွာ ဖွင့်ပေးလိုက်သည်။ ရှည်လျားသည့် ပုံရိပ်တစ်ခုက ခြေလှမ်းလှမ်းလာ၏။ အနက်ရောင်ကုတ်အင်္ကျီအား ဝတ်ဆင်ထားပြီး မီးခိုပြာရောင် မျက်လုံးနှင့် စူးရှသည့် အသွင်အပြင်ရှိကာ နှာတံမြင့်မြင့်နှင့် ပါးလျသောနှုတ်ခမ်းပါးများကို ပိုင်ဆိုင်သော ယောက်ျားတစ်ယောက် ထွက်လာခဲ့သည်။ ထိုသူက ရန်လိုသည့်အော်ရာကို ဖော်ဆောင်ထားပြီး ထိုနေရာတွင် ရပ်နေသော လူအမြောက်အများ၏ အာရုံကို ဖမ်းစားလိုက်သည်။ ဘေးတွင်ရပ်နေသော လူက ချက်ချင်း သူ့လက်မောင်းကို မြှောက်ကာ ထိုလူ အနည်းငယ် ရေစိုသွားမည်ကို ကြောက်ရွံ့သည့်အလား သူ့ခေါင်းအပေါ်ထက်သို့ ထီးမိုးပေးလိုက်သည်။ ဆေးရုံအပြင်၌ စောင့်ဆိုင်းနေကြသော သတင်းထောက်များက ဒီရေအလား ချက်ချင်းဝိုင်းအုံလာကာ မရေတွက်နိုင်သည့် မိုက်ခရိုဖုန်းနှင့် ကင်မရာများက ဖူဟန်ချွမ်းထံ ချိန်ထားကြသည်။ သတင်းထောက်ခေါင်းဆောင်က ထိုအမျိုးသား မကြားလိုက်မည်ကို စိုးရိမ်ကာ သူ့ကို အော်ပြောလိုက်သည်။ "ဝမ်ယန်ယွီကို ခင်ဗျား ငြင်းလိုက်ပြီး အခု သူ့ကိုယ်သူ သတ်သေသည့်အပေါ် ခင်ဗျားရဲ့ ထင်မြင်ချက်က ဘာများလဲဗျ" "မစ္စတာဖူ၊ ဝမ်ယန်ယွီရဲ့ အွန်လိုင်းပေါ်က အချစ်ဝန်ခံမှုကို ဘာလို့ မတုန့်ပြန်သေးတာပါလဲ။ ခင်ဗျားမှာ ချစ်နေသူ ရှိနေပြီးသားလားဗျ" "မစ္စတာဖူ၊ ဝမ်ယန်ယွီရဲ့ သတင်းကြားကြားခြင်း နိုင်ငံခြားကနေ အမြန်ပြန်လာတာလားဗျ။ ခင်ဗျားမှာရော အွန်လိုင်းက ကောလဟာလတွေလို ဝမ်ယန်ယွီအပေါ် ခံစားချက်ရှိနေတာလားဗျ" "မစ္စတာဖူ၊ ခင်ဗျားနဲ့ ဝမ်ယန်ယွီ အနာဂတ်မှာ အတူရှိသွားဖို့ ဖြစ်နိုင်ချေရှိလားဗျ" ကြီးမားသည့် သတင်းထောက်အုပ်စုက သူ့ကို မေးခွန်းအမြောက်အများနှင့် ပိတ်ဆို့လိုက်ပြီး သူတို့၏ မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေကာ ပါဝင်ပတ်သက်နေသူများထံမှ အရည်ရွှမ်းသည့် အတင်းအဖျင်းများ ပေါ်ထွက်လာမလား ပြင်းပြင်းထန်ထန် ဆွဲထုတ်နေတော့သည်။ ရက်စက်ကြမ်းတမ်းသော မေးခွန်းများနှင့် ကြုံနေရသော ဖူဟန်ချွမ်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ "ကျွန်တော့်မှာ ချစ်ရသူ မရှိပါဘူး၊ ဝမ်ယန်ယွီအပေါ်လည်း ခံစားချက်မရှိတဲ့အတွက် ကျွန်တော်တို့အတူရှိဖို့ ဖြစ်နိုင်ချေမရှိဘူး။ ပြီးတော့ ကျွန်တော် ဒီတစ်သက် ဘယ်တော့မှ သူ့ကို ချစ်မိသွားမှာ မဟုတ်ပါဘူး" သူ၏ အသံမှာ ခဏပြတ်သွားပြီး ဖူဟန်ချွမ်း ခေါင်းကို နောက်ပြန်လှည့်ကာ သူ၏ နက်မှောင်သောမျက်လုံးများက သွေးရူးသွေးတန်းဖြစ်နေသည့် သတင်းထောက်များအပေါ် မှိုင်းထိုင်းစွာ ဝေ့ဝဲသွားသည်။ သူ၏ အေးစက်ပြီး စူးရှသောအသံက ပြန်ပေါ်လာသည်။ "ဒါပေမဲ့ ဒါက အခုလို လူနာကို ဝန်းရံပြီး ရပ်မေးနေရမဲ့ အကြောင်းအရင်းမဟုတ်ဘူး ထင်တယ်" ထိုအမျိုးသားက တမင်တကာ သူ၏ စကားပြောသံကို နှေးလိုက်ပြီး စကားတစ်လုံးချင်းစီက ရှင်းလင်းကာ အားပါလှပြီး အကုန်လုံး၏ နားအတွင်း ရောက်ရှိသွားတော့သည်။ ထင်ရှားသည့် မဖုံးကွယ်ထားသော စက်ဆုပ်မှုများက မည်သူတစ်ဦးကိုမှ ရည်ရွယ်ပြီး မပြောနေသော်လည်း သူ၏ မီးခိုးပြာရောင် မျက်လုံးများအတွင်း အတိုင်းသား မြင်နေနိုင်သည်။ သတင်းထောက်များ မြင်သက်သွားကြ၏။ မေးခွန်းများကို ဖြေကြားပြီးနောက် ဖူဟန်ချွမ်းနှင့် သူ့ သက်တော်စောင့်တို့က နောက်ပြန်လှည့်မကြည့်ဘဲ ဆေးရုံအတွင်း ဝင်သွားတော့သည်။ ပိုးသတ်ဆေးအနံ့က လေထုအတွင်း ပျံ့နှံ့နေပြီး သူနာပြုများက ကော်ရစ်ဒါတစ်လျှောက် အချောင်ခိုကာ စကားပြောနေကြသည်။ "ဝမ်ယန်ယွီက အထဲမှာလား၊ သူက အင်တာနက်ထဲမှာထက် ပိုလှတယ်" "လှတော့ကော ဘာလုပ်မှာလဲ၊ သူက လုံးဝ အလှပန်းအိုးပဲ အမြဲ ဖူမိသားစုက လူကို ကပ်တွယ်နေတာ။ သူ အငြင်းခံရပြီးတော့ သတ်သေဖို့ပါ လုပ်လိုက်သေးတယ်လေ။ ကျစ် ကျစ် ကျစ်၊ သူက သူ့အနာဂတ်ကို ဖျက်ဆီးနေတာပဲ" "ငါတော့ ဒီလူငယ်လေးတွေကို နားမလည်တော့ဘူး။ အချစ်မှာ ဒီလောက် ရူးသွပ်နေတာ တကယ် တန်လို့လား။ ကံကောင်းလို့ ကျွမ်းကျင်သူတွေ ရောက်လာတာ မဟုတ်လို့ကတော့ ဘာတွေ ဖြစ်ဦးမလဲ ဘယ်သူသိမှာလဲ" အခန်းအတွင်း၌ ဝမ်ယန်ယွီ ဆေးရုံကုတင်ပေါ် လှဲလျောင်းနေပြီး သူ၏ ရှည်လျားကာ မည်းနက်သော ဆံသားများက သူ့နောက်ကျောတွင် ရေတံခွန်အလား သွယ်ဆင်းနေသည်။ ကော်ရစ်ဒါအပြင်ဘက်က သူနာပြုများ ပြောသံကို ဝမ်ယန်ယွီ နားထောင်နေပြီး သူ့အကြည့်များ ဝေဝါးလာသည်။ သူ့ဖုန်းကို မဖွင့်ခင် ခြောက်သွေ့နေသော မျင်တောင်များကို ဖြည်းဖြည်းချင်း ခတ်လိုက်သည်။ ရုတ်တရက် အပြင်ဘက်၌ တိတ်ဆိတ်သွား၏။ ဝမ်ယန်ယွီ သူ့ဖုန်းကို ငုံ့ကြည့်နေစဉ် "ဝမ်ယန်ယွီ" ဟူသည့် ခေါ်သံတစ်ခုက သူ့နားအတွင်း မြည်ဟည်းသွားသည်။ ဝမ်ယန်ယွီ မသိစိတ်အရ ခေါင်းလှည့်ကြည့်လိုက်ရာ ဒေါသထွက်နေသည့် မျက်လုံးတစ်စုံနှင့် ဆုံသွားပြီး သူ ကြက်သေသေ ဖြစ်သွားသည်။ "ဖူ....ဟန်ချွမ်း?" သူ မရေမရာ ရေရွတ်လာသည်။ ဖူဟန်ချွမ်း၊ သူအခန်းအတွင်း ဝင်စဉ်က ပြောချင်နေခဲ့သည့် စကားများက လည်ချောင်းအတွင်း တစ်ဆို့သွားကာ ပြန်မျိုချလိုက်ရသည်။ ဆေးရုံခုတင်ပေါ် လှဲလျောင်းနေသော ကောင်လေးမှာ ရင်သက်ရှုမောစရာ ပုံပြန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ကြီးမားသော မျက်လုံးအောက်က လှပသည့် မှဲ့မှာ သွေးစက်အလား ထင်မြင်ရသည်။ တစ်ချိန်က မည်းနက်လှသော သူ၏ဆံပင်အချို့က ယခုအခါ နှင်းလိုဖြူဖွေးသွားပြီး အမည်းရောင်ဆံပင်များကြား ထူးကဲစွာ ကွဲထွက်နေခဲ့သည်။ အေးစက်သည့် အဖြူရောင်အလင်းက သူ့ကို ခြံရံထားကာ နူးညံ့သိမ်မွေ့ပြီး ဖောက်ထွင်းမြင်နေရကာ မကြာမီပင် သူက ဤကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားမည့်အလား ပုံပန်းသွင်ပြင်ကို ဖော်ဆောင်နေသည်။ သူ့ ဆံပင်စတိုင်လ်မှာ သမာရိုးမကျဟု မှတ်ယူနိုင်သော်လည်း သူ၏ သေလုမျောပါး ဖြူစွတ်နေသော မျက်နှာနှင့် ယှဉ်တွဲလိုက်သောအခါ အလွန် ကျိုးကြွေသွားတော့ပုံပေါ်နေသည်။ သူ၏ အကြည့်များက လက်တွေ့မဆန်ဘဲ မှိုင်ရီနေကာ အကြည့်တစ်ချက်နှင့်တင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်အထိ သေဆုံးခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ဖူဟန်ချွမ်း သူ့အကြည့်ကို ရှောင်လိုက်ပြီး ဒေါသကို မရှိသလောက် ဖိနှိပ်ထားရသည့် အသံဖြင့် ပြောလာသည်။ "ငါ့ကို ဒီလိုမျိုး စက်ဆုပ်သွားအောင် မလုပ်နဲ့၊ ငါ မင်းနဲ့အတူ ရှိလာမှာ မဟုတ်ဘူး" "မင်းကိုယ်မင်းသာ ထိခိုက်စေလိမ့်မယ်" ဝမ်ယန်ယွီ ဝေဝါးသည့် အကြည့်တစ်ချက်သာ ဝေ့ကြည့်၍ "ဟမ်း" ဟု အသံတစ်ချက်သာ ထိုအမျိုးသားအား ပေးလိုက်ပြီး တိတ်ဆိတ်သွားကာ တစ်နေရာကိုသာ အကြည့်ပို့ထားလိုက်သည်။ သေမတတ် တိတ်ဆိတ်မှုကြီးက အခန်းတွင်း ပြည့်နှက်သွား၏။ ဖူဟန်ချွမ်းက သူ့နှုတ်ခမ်းကို ဖိလိုက်ပြီး ထပ်ပြောလိုက်သည်။ "ဝမ်ယန်ယွီ၊ ငါ့ကို ပြဿနာဖြစ်အောင် ထပ်မလုပ်နဲ့တော့" ဝမ်ယန်ယွီက ခေါင်းငုံ့ထားလိုက်သည်။ "ငါသိတယ်၊ ထပ်မလုပ်တော့ပါဘူး" "အရင်က ဖြစ်ခဲ့တာတွေက ငါ့အမှားတွေပါ။ ငါ မင်းကို ပြဿနာဖြစ်စေခဲ့တယ် တောင်းပန်ပါတယ်" တစ်ဖက်လူက အလျင်အမြန် သဘောတူလာသည်ကို တွေ့သောအခါ ဖူဟန်ချွမ်း တည်ငြိမ်သွားပြီး ထပ်ပေါင်းပြောလိုက်သည်။ "ငါ မင်းလာမဲ့ ဆေးကုသတွေကို ဂရုစိုက်ပေမဲ့ လူတစ်ယောက် ရှာပေးမယ်၊ ဒါပေမဲ့ ဒီတစ်ခေါက် အတွက်ပဲ။ ဒါပြီးရင်တော့ ငါတို့နှစ်ယောက်မှာ အလုပ်ကိစ္စကလွဲပြီး ဘာဆက်ဆံရေးမှ မရှိတော့ဘူး" " ငါ ဒီတစ်သက် မင်းကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး။ မဟုတ်မမှန်တဲ့ စိတ်ကူးတွေ မယဉ်နေနဲ့တော့" ဝမ်ယန်ယွီက သူ့ခေါင်းကို အောက်နှိမ့်လိုက်ပြီး ဘာမှ ပြောမလာပေ။ ထိုအရာက အမှန်ပဲမလို့ ဖူဟန်ချွမ်း၏ မျက်လုံးများ အနည်းငယ် နက်မှောင်လာကာ ထပ်ပေါင်းပြောလိုက်သည်။ "ဝမ်ယန်ယွီ ငါအရင် သည်းခံခဲ့တာ ဘာလို့ဆို ငါတို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့လို့ပဲ" "ဒါပေမဲ့ မင်းသာ ဆက်ခေါင်းမာနေမယ်ဆိုရင်..." ဖူဟန်ချွမ်း ခဏရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောသည်။ "မင်း ငါ လုပ်လာမဲ့ နည်းလမ်းတွေကို သိချင်မယ် မထင်ဘူး" ဝမ်ယန်ယွီ ညင်သာသည့် "ဟမ်း" ဟုသာ အသံပြုပြီး သူ့ခေါင်းကို မမော့လာခဲ့ပေ။ "စိတ်မပူနဲ့၊ အဲ့တာတွေက အရင်ကဟာတွေပါ... ထပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး သူတို့ဘာသာ အထင်လွဲသွားကြတာ။ ငါ မင်းကို ထပ်မနှောင့်ယှက်တော့ဘူး" ဝမ်ယန်ယွီ သူ့ကို မော့ကြည့်လာသည်။ "အကယ်၍ ငါသာ မင်းကို ထပ်နှောင့်ယှက်ခဲ့ရင်...." သူ သူ့အရှေ့ရှိ လူကို ကြည့်ရင်း ဖြေးညင်းစွာ မျက်တောင်ခတ်နေသော်လည်း သူ့အကြည့်မှာ မည်သည့်အရာကိုမျှ ကြည့်မနေသယောင် ဗလာဖြစ်ကာ အသက်မဲ့နေခဲ့သည်။ "မင်း ငါ့ကို သတ်နိုင်တယ်။ ဒါမှမဟုတ် ငါ့ကို သေခိုင်းလိုက်၊ မင်းသဘောပဲ" ဝမ်ယန်ယွီ၏ အမူအရာမှာ သူတို့ မိုးလေဝသအကြောင်း ဆွေးနွေးနေသယောင် တည်ငြိမ်နေသည်။ လေထုက ရုတ်တရက် တိတ်ဆိတ်သွား၏။ ဖူဟန်ချွမ်းက ဝမ်ယန်ယွီကို အကြာကြီး စိုက်ကြည့်နေပြီး အေးစက်စွာ ရယ်မောလိုက်သည်။ သူ စကားလုံးအချို့ကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။ "မင်းစကားတည်မယ်လို့ မျှော်လင့်ပါတယ်" သက်တော်စောင့်များ ဝိုင်းရံရင်း ဝမ်ယန်ယွီ ဆေးရုံအပြင်ကို ထွက်လာသည်။ အပြင်ဘက်က သတင်းထောက်အုပ်စုများကို တွေ့သောအခါ သူက ဦးစွာ ရှေ့တိုးသွားလိုက်သည်။ ဖူဟန်ချွမ်းက ဝမ်ယန်ယွီ လုပ်ရပ်ကို သတိပြုမိသွားပြီး သူ့ကိုတားလိုက်ကာ သူ၏ လေသံမှာ ကြမ်းတမ်းနေသည်။ "မင်း အခု ဘာလုပ်နေတာလဲ" ဝမ်ယန်ယွီ စက္ကန့်အနည်းငယ် တုန့်ဆိုင်းသွားပြီး သူ့ဦးထုပ်ကို အောက်သို့ ပိုဆွဲထားလိုက်သည်။ "ငါ သွားပြီး သူတို့ကို ဒီကိစ္စက မင်းနဲ့ မပတ်သက်ကြောင်း သွားရှင်းပြမလို့၊ ငါ မင်းကို ပြဿနာတက်စေခဲ့မှန်း သိပါတယ်။ သတင်းထောက်တွေလည်း ဒီမှာရှိနေတော့ ပြဿနာတွေ သွားရှင်းမလို့" ဖူဟန်ချွမ်း ကြောင်သွားသည်။ ဝမ်ယန်ယွီကမူ သတင်းထောက်များထံ လျှောက်သွားနေပြီ ဖြစ်သည်။ ယခင်က ဆူညံနေခဲ့သော သတင်းထောက်များက သူတို့၏ စကားဝိုင်းကို ကြားပြီး ငြိမ်ကျသွားခဲ့သည်။ အချို့ကသာ စကားပြောတော့မည့်အချိန် ဝမ်ယန်ယွီ သတင်းထောက်တစ်ယောက်မှ သူ့ထံ ကမ်းပေးလာသော မိုက်ခရိုဖုန်းကို ချိန်ညှိလိုက်သည်။ "ဟယ်လို၊ ကျွန်တော်က ဝမ်ယန်ယွီပါ။ ကျွန်တော် အခု ကိစ္စအချို့ကို ရှင်းလင်းချင်လို့ပါ" "ကျွန်တော် ဒီတစ်ခေါက် ပျောက်သွားပြီး ဆေးရုံတက်နေရတာတွေက မစ္စတာဖူကြောင့် မဟုတ်ပါဘူး။ ဒါ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ပါ။ ကျွန်တော့်အတွက် အဲ့နေ့က ရဲခေါ်ပေးခဲ့တဲ့ ကောင်မလေးကို ကျွန်တော် ကျေးဇူးတင်ပါတယ်" "ဒါပေမဲ့ ဒီကိစ္စက တကယ် မစ္စတာဖူနဲ့ မသက်ဆိုင်ပါဘူး။ သူ့ကို စော်ကားတဲ့ စာတွေ မပို့ကြပါနဲ့တော့၊ သူ့မှာ ကျွန်တော့်ကို ဂရုစိုက်ပေးရမဲ့ တာဝန်မရှိပါဘူး။ ကျွန်တော် အရင်က အရှက်မရှိ သူ့ကို အသုံးချပြီး အကျိုးအမြတ်ယူဖို့ လုပ်ခဲ့မိတယ်၊ ဒါကြောင့်ပဲ အွန်လိုင်းပေါ်မှာ အဲ့လိုတွေ ဖြစ်ပျက်သွားတာပါ" "မစ္စတာဖူက တကယ် အရမ်း အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။ သူက ကျွန်တော့်ကို အများကြီး ကူညီပြီးပြီ။ ကျွန်တော် မစ္စတာဖူကို မကြိုက်တော့သလို အဲ့လိုအရာတွေလည်း ထပ်လုပ်တော့မှာ မဟုတ်ပါဘူး" မိုးစက်များက သူ့မျက်နှာပေါ် ထိတွေ့လာကာ ဝမ်ယန်ယွီကို ပိုမိုဖြူဖျော့သွားစေသည်။ သူ သူ့ကုတ်အင်္ကျီကို ကိုယ်တစ်ဝိုက် တင်းတင်းဆွဲလိုက်ပြီး ကြောင်အနေကြသည့် သတင်းထောက်များထံ စိတ်အားထက်သန်စွာ ရှင်းပြနေတော့သည်။ "အားလုံးပဲ သူ့ကို အခုကိစ္စထဲ ဆွဲသွင်းနေတာကနေ ရပ်ပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အကယ်၍ ခင်ဗျားတို့ ဝေဖန်တိုက်ခိုက်ချင်ရင် ဝမ်ယန်ယွီဆီ လာခဲ့ပါ။ ကျွန်တော် ဝေဖန်မှုအားလုံးကို လိုက်ခံပါတယ်၊ ဒါပေမဲ့ ဖူဟန်ချွမ်း အပါအဝင် အခြားအပြစ်မရှိသူတွေကို ဆွဲမထည့်ကြပါနဲ့" သူ၏ စကားလုံးများက လူများကို ငြိမ်သက်သွားစေကာ ဝမ်ယန်ယွီ မိုက်ခရိုဖုန်းကို သတင်းထောက်များထံ ပြန်ကမ်းပေးလိုက်သည်။ ဝမ်ယန်ယွီ သက်တော်စောင့်များထံ ပြန်လျှောက်သွားလိုက်သည်။ "ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့ပေးလို့ ကျေးဇူးပါ" ဖူဟန်ချွမ်း သူ့နှုတ်ခမ်းများကို တင်းတင်းဖိလိုက်ပြီး သူ၏ ဆံပင်အဖြူများကို ဦးထုပ်အောက်သို့ ပို့ကာ ဖွက်ရန်ကြိုးစားနေသော ဝမ်ယန်ယွီထံ ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်နေလိုက်သည်။ ထိုသူက ကုတ်အင်္ကျီဝတ်ထားတာတောင်မှ ဘယ်လောက်ထိ ပိန်နေလဲဆိုသည်ကို မြင်နိုင်သည်။ သူ သူ့ဒရိုက်ဘာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "သွားကြစို့" ———— ဖူဟန်ချွမ်း [ပုံမှန်အားဖြင့် အေးစက်၊ ရက်စက်ပြီး ကိုယ့်ဖို့ပဲကြည့်သော အဖြောင့်တစ်ယောက်၊ ခေါင်းမာသည့် အထက်ပုဂ္ဂိုလ် ; နောက်ပိုင်းကြ သူ့ဇနီးအပေါ်ကိုပဲ နူးညံ့ပြီး ကာကွယ်ပေးသော ရူးသွပ်နေသည့် အထက်ပုဂ္ဂိုလ်။ သူက တကယ် ရူးနေတာ!] [ဝမ်ယန်ယွီက အတော် နေမကောင်းဖြစ်ပြီး သတိအရမ်းကြီးကာ ခံစားချက်ပိုင်းဆိုင်ရာ အတွေ့ကြုံမရှိသော Mc တစ်ယောက်]