Chapter 16
Viewers 65

Chapter ( 16 )

လုရွှယ်ကျန်းနှင့် အခြားသူများ ထွက်သွားပြီးနောက် ရှုကျိုးသည် ညစာအတွက် ဟင်းလျာများ ပြင်ဆင်ပြီး မီးဖိုချောင်မှ ထွက်လာခဲ့သည်။


ဆရာသခင်ပိုင်သည်လည်း သူ့သားကို အလွန်ဒေါသထွက်နေသဖြင့် စိတ်ပြေလက်ပျောက်နေရန် ဘေးခန်းမှ ထွက်လာလေသည်။ထိုအချိန်တွင် ယိရွှယ်က ဘုရားကျောင်းတွင် အမွှေးတိုင်နှင့် ဆီများ ကုန်လုနီးပါး ဖြစ်နေကြောင်း သူ့ကို ပြောပြလိုက်ရာ တခြားသော ပစ္စည်းများလည်း ကုန်တော့မည်ဖြစ်ကြောင်း ဆရာပိုင် သတိရသွားခဲ့သည်။ သူက ရှုကျိုးကို ငွေတစ်ချို့ပေးလိုက်ပြီး ယိရွှယ်ကိုခေါ်ကာ ပစ္စည်းများ သွားဝယ်ရန်နှင့် အပြင်တွင် ညစာစားခဲ့ရန် ခိုင်းလိုက်ပြီး ဟိုင်ချန်းမြို့ထဲတွင်လည်း အတူတူ လည်ပတ်ဖို့ ခွင့်ပြုလိုက်သည်။


ပိုင်လုကမူ အဆောင်လက်ဖွဲ့ ရေးနည်းကို မတတ်မချင်း ဘုရားကျောင်းတွင်ပင် နေခဲ့ရမည်ဖြစ်သည်။


သို့သော် ပိုင်လုက ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး လက်ထောင်ကာ “ကျွန်တော်လည်း သွားချင်တယ်! ဒေါ်လေးအတွက် ပစ္စည်းတွေ ကူသယ်ပေးလို့ ရတာပဲ”


ထိုသို့ပြောရင်း သူက ယိရွှယ်ကိုလည်း မျက်ရိပ်ပြလိုက်သည်။


ယိရွှယ်-“မလိုပါဘူး၊ ကျွန်မဘာသာ သယ်နိုင်ပါတယ်”


ပိုင်လုမှာ ခေတ္တမျှ မှင်တက်သွားရသည်။ရှုကျိုးမှာမူ တိတ်ဆိတ်နေမိသည်။ သူမ ပထမဆုံး ရောက်ရှိလာစဉ်က သယ်ဆောင်လာခဲ့သော လေးလံလှသည့် မြွေရေခွံအိတ်ကြီးကို ကောင်းကောင်းကြီး မှတ်မိနေခြင်းကြောင့် ဖြစ်၏။


ဆရာသခင်ပိုင်က ပိုင်လုကို ဆူပူလိုက်လေသည်။ “မင်း အခုချက်ချင်း မြန်မြန်မသင်ရင် ငါသေတဲ့အထိတောင် မင်း ဘာမှတတ်မှာမဟုတ်ဘူး”


ပိုင်လုမှာ ခေါင်းငိုက်စိုက် ကျသွားခဲ့သည်။ သို့သော် သူသည် ဘုရားကျောင်းထဲတွင် ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် တစ္ဆေနှင်သည့် ကိစ္စတုန်းကလည်း သူ အခေါ်မခံရသဖြင့် ပျင်းလွန်းလို့ သေတော့မလို ဖြစ်နေခဲ့သည်။


သူက ယိရွှယ်ကို အသနားခံသော မျက်လုံးများဖြင့် ထပ်ကြည့်လိုက်သည်။သို့သော် ယိရွှယ်သည် သူမ၏ စီနီယာအစ်ကိုကြီး(ရှစ်ရှုံး)က သားဖြစ်သူအား ဆုံးမနေတာကို ကြားဝင်မစွက်ဖက်လိုသဖြင့် မမြင်ချင်ယောင်သာ ဆောင်နေလိုက်သည်။


နောက်ဆုံးတွင်မှ ဆရာပိုင်က ဆက်ကြည့်မနေနိုင်တော့ဘဲ “သွား... သွားတော့! မင်းက ဒီမှာဆက်နေလည်း လူပဲရှိပြီး စိတ်ကမရှိတော့တာ ငါ သိတယ်”


ပိုင်လုသည် ‌‌‌‌‌‌‌‌‌‌‌‌‌ဆရာပိုင် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ့အခန်းထဲမှ ပိုက်ဆံအချို့ကို ချက်ချင်း ယူဆောင်ကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။


လူအများ၏ အာရုံကို မဆွဲဆောင်မိစေရန်အတွက် ပိုင်လုနှင့် ရှုကျိုးတို့သည် တောက်ဆရာဝတ်စုံများကို မဝတ်ဆင်ဘဲ သာမန်အဝတ်အစားများ ပြောင်းဝတ်လိုက်ကြသည်။


ယိရွှယ်ကတော့ လှုပ်ရှားရလွယ်ကူစေရန် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို အထုံးလေး ထုံးထားလေသည်။ သူမကိုကြည့်ရသည်မှာ လန်းဆန်းကာ လှပနေပြီး ပုံမှန်နှင့်မတူဘဲ တစ်မျိုးလေး ချစ်စရာကောင်းနေခဲ့သည်။


သူတို့အဖွဲ့မှာ ပထမဆုံး နံ့သာတိုင်ဆိုင်သို့ သွား၍ လိုအပ်သည်များကို ဝယ်ယူပြီးနောက် ညစာ စားခဲ့ကြသည်။ ထိုစဉ်အတွင်း ရှုကျိုးက ယိရွှယ်ကို တခြားသွားချင်သည့် နေရာရှိမရှိ မေးသဖြင့် ယိရွှယ်က ပြန်မေးလိုက်သည်။


“ဒီနားမှာ အချိန်ပိုင်းအလုပ်တွေ ဘာတွေ ရှိမလား”


ရှုကျိုးမှာ နားမလည်နိုင်ဖြစ်သွားပြီး '' ဒေါ်လေးက အချိန်ပိုင်းလုပ် လုပ်ချင်လို့လား”


ပိုင်လုက ကြားဖြတ်ပြောလိုက်သည်။ “မလုပ်ပါနဲ့! အဖေသာသိရင် ကျွန်တော်တို့ကို သတ်ပစ်လိမ့်မယ်”


ယိရွှယ်က ရယ်မောရင်း  “နင်တို့ မမြင်ချင်ယောင် ဆောင်နေလိုက်ရင် ရတာပဲ မဟုတ်လား”


ရွမ်ကျန်း ဘုရားကျောင်းမှာ လောလောဆယ်တွင် အရှုံးပေါ်နေပြီး တိုင်းယိ ဘုရားကျောင်းမှ ဘုရားဖူးအချို့ ရောက်လာခြင်းနှင့် ယိရွှယ်တို့ မကြာသေးမီက ရရှိထားသော ပိုက်ဆံများ မရှိခဲ့လျှင် ဆရာသခင်၏ ဝတ်ရုံလဲဖို့မပြောနှင့် ၊အမွှေးတိုင်ဝယ်ရန်ပင် လုံလောက်မည် မဟုတ်ပေ။


ယိရွှယ်သည် အလုပ်တစ်ခုတည်းဖြင့် ယခုအခါ အိမ်ထောင်စုနှစ်ခုကို ထောက်ပံ့ပေးနေရသည့် အခြေအနေတွင် ရှိနေသဖြင့် ပိုက်ဆံရှာရန် ပို၍ စိတ်အားထက်သန်နေခြင်းဖြစ်သည်။


သို့သော် ပိုင်လုနှင့် ရှုကျိုးတို့က ဝိုင်းဝန်းတားမြစ်နေသဖြင့် ယိရွှယ်လည်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ကျောင်းဖွင့်ချိန်မှသာ အခွင့်အလမ်းရှိမရှိ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။


မိဘမဲ့ဂေဟာ အနီးသို့ ရောက်သောအခါ ပိုင်လုက ရုတ်တရက် ပြောလိုက်သည်။


“ဒီမှာ ခဏစောင့်နေဦး၊ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်”


ရှုကျိုးက သူ ဘယ်သွားမလဲဆိုတာ သိနေသည့်အလား ဘာမှမမေးဘဲ ရပ်စောင့်နေလိုက်သည်။


ယိရွှယ်သည် ပိုင်လု မိဘမဲ့ဂေဟာသို့ ပြေးသွားကာ အဝင်ဝရှိ လုံခြုံရေးဝန်ထမ်းနှင့် စကားပြောနေတာကို ကြည့်နေမိသည်။လုံခြုံရေးဝန်ထမ်းက သူနဲ့ရင်းနှီးနေပုံရပြီး ပိုင်လုကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် လက်လှမ်းကာ အထဲသို့ ဝင်ခိုင်းလိုက်သည်။


သူမ၏အကြည့်ကို သတိပြုမိသွားသောအခါ ရှုကျိုးက ရှင်းပြလိုက်၏။


“ပိုင်လုနဲ့ ကျွန်တော်က မိဘမဲ့တွေပါ။ ပိုင်လုက မိဘမဲ့ဂေဟာ တံခါးဝမှာ အစွန့်ပစ်ခံခဲ့ရတာ။ ကျွန်တော်တို့ ဆရာသခင်က သူ့ကို ခေါ်ယူကျွေးမွေးခဲ့တာပေါ့။ နောက်ပိုင်းကျတော့ ဆရာသခင်က ပိုင်လုနဲ့ သားအဖတော်စပ်ဖို့ ကံပါလာတယ်ဆိုပြီး သူ့ကို တရားဝင် မွေးစားခဲ့တာ။ သူ့ရဲ့ ပေါကြောင်ကြောင်ပုံစံကို ကြည့်ပြီး အထင်မသေးနဲ့ဦး။ သူ စုထားတဲ့ ပိုက်ဆံမှန်သမျှကို မိဘမဲ့ဂေဟာကိုပဲ လှူတာ”


သူက ပိုင်လုထက် ပို၍ ကံကောင်းခဲ့သည်ဟု ဆိုရမည်။ သူက နို့စို့ကလေးဘဝကပင် ဘုရားကျောင်းသို့ ခေါ်ဆောင်ခံခဲ့ရသဖြင့် ဆင်းရဲဒုက္ခ သိပ်မကြုံခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပိုင်လုမှာမူ ဝိညာဉ်များကို မြင်နိုင်စွမ်းရှိသောကြောင့် ငယ်ဘဝတွင် လူတောမတိုးဘဲ အထီးကျန်မှုများစွာ ကြုံတွေ့ခဲ့ရသည်။


ယိရွှယ် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်မိ၏။ဆရာပိုင်၏ မျက်နှာတွင် သားသမီး သို့မဟုတ် ဆွေမျိုးမရှိဘဲ တစ်ကိုယ်တည်း နေရမည့် ကံဇာတာ ရှိနေသည်ကို သူမ သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။


အစပိုင်းတွင် ယိရွှယ်က သူမ၏ ပညာမပြည့်စုံသေး၍ မှားဖတ်မိသည်ဟု ထင်ခဲ့သော်လည်း ယခု ရှုကျိုး၏စကားကို ကြားရသောအခါ အံ့သြစရာ မရှိတော့ပေ။


မိဘမဲ့ဂေဟာမှ ထွက်လာပြီးနောက် ပိုင်လုသည် ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ရှိနေဆဲပင်။ သူက ယိရွှယ်ကို အကြံပြုလိုက်သည်။


"ဒေါ်လေး ကျွန်တော်တို့ ကစားကွင်းသွားကြမလား”


တောင်ပေါ်တွင် ကြီးပြင်းခဲ့ရသော ယိရွှယ်သည် ကစားကွင်းသို့ တစ်ခါမှ မရောက်ဖူးပေ။ အတန်ကြာ စဉ်းစားပြီးနောက် သူမက ခေါင်းညိတ် သဘောတူလိုက်သည်။


ရှုကျိုး၏ သဘောထားမှာမူ သိပ်အရေးမပါပေ။ လူငယ်နှစ်ဦးမှာ ကစားကွင်း လက်မှတ်ဝယ်ရန် ပျော်ရွှင်စွာ တိုင်ပင်နေကြသည်။


ရှုကျိုးက သက်ပြင်းချရင်း သူတို့နောက်မှ လိုက်လာကာ လက်မှတ်ရောင်းသူထံသို့ ပိုက်ဆံပေးလိုက်ပြီးကျေးဇူးတင်စကားသာ ဆိုလိုက်သည်။


အလည်အပတ်အားလုံး ပြီးစီး၍ သူတို့ ပြန်လာချိန်တွင် တော်တော်လေး နောက်ကျနေပြီဖြစ်သည်။ ရွမ်ကျန်း ဘုရားကျောင်းသို့ ပြန်မည့် နောက်ဆုံးကား လွတ်သွားပြီဖြစ်၍ တက္ကစီဖြင့်သာ ပြန်ရန် ရွေးချယ်လိုက်ရသည်။


ကံကောင်းထောက်မစွာဖြင့် ယိရွှယ်တို့ လမ်းဘေးတွင် ကြာကြာမစောင့်လိုက်ရဘဲ တက္ကစီတစ်စီး ရောက်လာခဲ့သည်။ပိုင်လုက တံခါးကို အရင်ဖွင့်၍ ဝင်လိုက်ပြီး ယိရွှယ်နှင့် ရှုကျိုးကို လှမ်းခေါ်လိုက်၏။


"ရှစ်ရှု့၊ ရှစ်ရှုံး မြန်မြန်တတ်ကြလေ။ သန်းခေါင်ယံတောင် ရောက်တော့မယ်”


ရှုကျိုးက သူ့ကို ကြည့်ပြီး ပြန်ပြောလိုက်သည်။


“သန်းခေါင်ရောက်တော့မယ်ဆိုတာ သိရဲ့သားနဲ့၊ ဘယ်သူကများ ဒေါ်လေး(ယိရွှယ်)ကို အဆုံးထိ ချားရဟတ် အတူစီးပေးဖို့ ဇွတ်ပြောခဲ့တာလဲ”


ပိုင်လုသည် သူကိုယ်တိုင်စီးချင်နေသော်လည်း အရှက်ရမည်စိုးသောကြောင့် ယိရွှယ်ကို အဖော်အဖြစ် ဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။


ပိုင်လုသည် သူ မှားသွားမှန်း သိသဖြင့် ခေါင်းလေးပု၍ တိတ်သွားတော့၏။သို့သော် ယိရွှယ်တို့မှာ နောက်ပြောင်နေခြင်းသာဖြစ်ပြီး သူ့ကို တကယ် အပြစ်တင်နေခြင်း မဟုတ်ပေ။


ထို့နောက် ယိရွှယ် အရင်ဝင်လိုက်ပြီး ရှုကျိုးကလည်း ခပ်မြန်မြန်ပင် လိုက်ဝင်လိုက်သည်။လမ်းတစ်လျှောက်လုံးတွင် ဒရိုင်ဘာက ဘာစကားမှ မပြောပေ။ ရှုကျိုးက မြို့လယ်ရင်ပြင်ကလိပ်စာကို ပြောလိုက်သည်။


ကားသည် ရွမ်ကျန်း ဘုရားကျောင်းအထိ ဝင်၍မရသောကြောင့် သူတို့ ပလာဇာတွင်သာ ဆင်းရမည်ဖြစ်သည်။ မကြာမီတွင် တက္ကစီသည်

မောင်းထွက်သွားတော့သည်။စောစောအိပ်လေ့ရှိသည့် ယိရွှယ်မှာ အနည်းငယ် ငိုက်စပြုလာပြီး အားမရှိသလို ဖြစ်လာပြီဖြစ်သည်။


ပိုင်လုက ရက်ရက်ရောရောပင် သူ၏ ပုခုံးကို ပုတ်ပြကာမှီအိပ်ရန် ပြောလိုက်သော်လည်း ယိရွှယ်က သူ့ကို မျက်စောင်းသာထိုးလိုက်သည်။သူတို့ သုံးယောက်မှာ အချင်းချင်းနောက်ပြောင်နေကြစဥ် ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှု ကျိုးသည် ဒရိုင်ဘာက လမ်းမှားကိုမောင်းနေတာကို သတိထားမိသွား၏။


သူ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ မြို့လယ်ကိုသွားသည့် လမ်းကြောင်းနှင့် ပို၍ ဝေးကွာလာတာကို တွေ့လိုက်ရလေသည်။


“အာ... ဆရာ၊ လမ်းမှားနေပြီထင်တယ်။ ကျွန်တော်တို့ မြို့လယ်ကို သွားမှာပါ” ရှုကျိုးက သတိပေးလိုက်သည်။


ပိုင်လုကလည်း အပြင်ကို လှမ်းကြည့်လိုက်ပြီး - “တကယ်ကြီးလား။ ခင်ဗျား ကျွန်တော်တို့ကို လမ်းပတ်မောင်းပြီး ပိုက်ဆံပိုယူချင်နေတာလား”


သို့သော် ဒရိုင်ဘာမှာ သူတို့၏ မေးခွန်းများကို မတုံ့ပြန်ဘဲ တိတ်ဆိတ်နေဆဲပင်။


ကားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့သည်။ထိုအခါမှ ရှုကျိုးက ဒရိုင်ဘာသည် အစကတည်းက တစ်ခွန်းမှ မပြောခဲ့တာကို သတိပြုမိသွားတော့သည်။


“ဟာ... မဖြစ်နိုင်တာ”


ပိုင်လုက တိုးတိုးလေး ရေရွတ်လိုက်မိသည်။


'အပြင်ထွက်လာတာနဲ့ တန်းပြီး တစ္ဆေနဲ့ ကြုံရအောင် သူတို့က ဒီလောက်တောင် ကံဆိုးနေတာလားဟ'


ထိုအတွေးနှင့်အတူ သူတို့နှစ်ယောက်လုံးက ယိရွှယ်ကို လှမ်းကြည့်လိုက်ရာ သူမက မျက်လုံးကို ပွတ်သတ်နေပြီး သူတို့ပြောနေတာကို ကြားပုံမရပေ။


ကားအတွင်းရှိ အခြေအနေက တိတ်ဆိတ်လွန်းနေ၍လားမသိ၊ ဒရိုင်ဘာသည် ကားကို လမ်းဘေးတွင် ရုတ်တရက် ရပ်လိုက်လေသည်။


ထို့နောက် “တခစ်ခစ် "  ရယ်မောရင်း ဤတိတ်ဆိတ်ခြောက်ခြားဖွယ် အခြေအနေကြီးကို ကျေနပ်နေပုံရသည်။


သူသည် ခန္ဓာကိုယ်ကို မလှုပ်ဘဲ ခေါင်းကိုသာ ၁၈၀ ဒီဂရီ လှည့်လိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။ ပိုင်လုမှာ ဆဲဆိုမိလုနီးပါး ဖြစ်သွားသော်လည်း သူ့ဘေးတွင် ယိရွှယ် ရှိနေတာကို သတိရကာ ချက်ချင်း ပြန်ထိန်းလိုက်သည်။


သူက ဒရိုင်ဘာကိုစာနာသလို မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ထိုအကြည့်ထဲတွင် တစ်ဖက်သား ဒုက္ခရောက်တော့မည်ကို ကြိုသိနေသည့် အငွေ့အသက်များလည်း ပါဝင်နေပေသည်။


သူတို့ မကြောက်ကြတာကို မြင်တော့ ဒရိုင်ဘာမှာ စိတ်တိုသွားရသည်။ သူက ကလဲ့စားချေရန် လာခြင်းဖြစ်ပြီး သူတစ်ပါးက သူ့ကို ကြောက်ရွံ့မှာကို လိုလားနေခြင်းဖြစ်သည်။


ထို့နောက် ဒရိုင်ဘာသည် သူတို့နှစ်ယောက်ကို လျစ်လျူရှုကာ ယိရွှယ်ဆီသို့သာ အာရုံစိုက်လိုက်သည်။ ယောက်ျားလေးနှစ်ယောက်ကြားတွင် ရှိနေသော ထိုမိန်းကလေးမှာ မျက်နှာဖြူဖျော့ပြီး တွေဝေနေကာ အလွန်ကြောက်လန့်နေပုံရသည်။


သူသည် ကြောက်စရာကောင်းသော အသံဖြင့် ရယ်မောလိုက်ပြီး သူ၏ တစ္ဆေပုံစံကို ဖော်ပြလိုက်သည်။ သူ့မျက်နှာမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်မတ်ဖွယ်အမူအရာနှင့်အတူတူ ခြောက်ခြားဖွယ်လေသံဖြင့်  “ငါက... သိပ်ကို. ကြောက်စရာ... ကောင်းတဲ့သေခြင်းမျိုး....နဲ့သေခဲ့ရတာ''


ထိုစကားကို ကြားသောအခါ ပိုင်လုနှင့် ရှုကျိုးတို့၏ သနားသလိုအကြည့်များက ပို၍ နက်ရှိုင်းလာသည်။ ဒရိုင်ဘာမှာ သူတို့ ဘာမှမတုံ့ပြန်ကြသဖြင့် ကြောင်သွားရှာလေသည်။


ယိရွှယ်၏ မျက်နှာမှာ ပို၍ ဖြူဖျော့လာပြီး သူမက အသက်ကို ပြင်းပြင်းရှူကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။


ဒရိုင်ဘာက တိုးတိုးလေး ဆက်ပြောပြန်သည်။ “ငါ သေခဲ့ရတာကလေ... အားးးးးးး!”


သူ့အသံက ရုတ်တရက် ပြတ်တောက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးတစ်ခု ကားထဲတွင် ပဲ့တင်ထပ်သွားတော့သည်။


ဒုက္ခရောက်သွားသူမှာ ဒရိုင်ဘာဖြစ်ပြီး အော်ဟစ်လိုက်သူမှာ ယိရွှယ်ဖြစ်သည်။


ဒရိုင်ဘာသည် သူ၏ ထုထောင်းခံထားရပြီး

ပျက်စီးသွားသော မျက်နှာကို ထိကြည့်လိုက်ရာ မျက်လုံးတစ်ဖက်မှာပင် ထွက်ကျလုနီးပါး ဖြစ်နေလေသည်။ သူသည် အခြေအနေများ ပြောင်းလဲသွားမှုကြောင့် ယိရွှယ်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။


ယိရွှယ်မှာမူ တစ္ဆေကို ပညာပေးပြီးသော်လည်း မကျေနပ်သေးပေ။


သူမ၏ နှလုံးခုန်သံများ မြန်နေတာကို ခံစားနေရသဖြင့် အိတ်ထဲကိုနှိုက်ကာ ပြောလိုက်သည်။


“တောက်... ငါ့ဓား ဘယ်မှာလဲ။ အဲဒါနဲ့ သူ့ကို ထိုးသတ်ပစ်ဦးမယ်!”


တကယ်ပဲ၊ သူက ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ပုံစံကြီး လုပ်ပြနေရတာလဲ။ လူလိုသူလို မနေတတ်ဘူးလား၊ ‘ဘောပင်တစ္ဆေ’ ဆီကတောင် သင်ယူမထားဘူးလား။


သူမသာ မကောင်းဆိုးဝါးနှိမ်နင်းတဲ့ဓားကို ထုတ်ပြီး သူ့ကို အမှုန့်ဖြစ်အောင် မလုပ်နိုင်ရင် သူမ မျိုးရိုးနာမည် ယိ မဟုတ်တော့ဘူး!