အခန်း (၇၀) ဆေးကုသရေးတပ်သားလေး
Viewers 2k

"အား"


"သတိထား"


"ငါတို့ ညီအစ်ကိုတွေ ဗုံးထိပြီး သေကုန်တော့မှာလား"


"ဟိုကတုံးလေးက ဘာလို့ အထဲကို ဇွတ်တိုးဝင်သွားတာလဲ"


"သူ ရူးနေတာလား"


ပရိသတ်တွေရဲ့ အာမေဋိတ်သံတွေနဲ့အတူ ကျန်းရှောင်တစ်ယောက် အချိန်မီ ရောက်ရှိလာခဲ့သည်။ 


ကောင်းကင်ယံထက်မှ သန့်စင်သော အလင်းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ကျန်းရှောင်ကို လွှမ်းခြုံသွားသည်။ 


ထိုအချိန်မှာပင် ကျန်းရှောင်သည် တောက်လောင်နေသော မီးတောက်များထဲသို့ တည့်တည့်ကြီး တိုးဝင်သွားလေသည်။


သူသည် ရှေ့တည့်တည့်သို့သာ ဦးတည်နေခြင်း။


မီးတောက်များထဲမှ လူရိပ်တစ်ခု ပြေးထွက်လာသည်ကို မြင်လိုက်ရသောအခါ ကောင်းကျွင်းဝိန် ကျေနပ်နေသော အပြုံးများ ပျောက်

ကွယ်သွားသည်။ 


ကြယ်တာရာ စွမ်းအားများအောက်တွင် ကွေးကွေးလေး ဖြစ်နေသော ထိုလူရိပ်သည် ရုတ်တရက် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး အစိမ်းရောင်အလင်းတန်း ဖုံးလွှမ်းနေသော လက်သီးဖြင့် ကောင်းကျွင်းဝိန် မျက်နှာကို ထိုးချလိုက်သည်။


ကောင်းကျွင်းဝိန် မျက်သူငယ်အိမ်များ ကျုံ့သွားပြီး သူသည် မသိစိတ်ဖြင့်ပင် အစိမ်းရောင်

အလင်းတန်းများ တောက်နေသော သူ၏ မီးတောက်လက်သီးကို မြှောက်ကာ ခုခံလိုက်လေ၏။


သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကျန်းရှောင်ထက် သာလွန်နေဆဲဖြစ်ရာ ကျန်းရှောင်၏ မမျှော်လင့်ထားသော တိုက်ခိုက်မှုကို တော်တော်လေး မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ခဲ့သည်။


လက်သီးချင်း ထိမိသွားသောအခါ ကောင်းကျွင်းဝိန်​​ ခန္ဓာကိုယ်ရော ကျန်းရှောင်၏ ခန္ဓာကိုယ်ပါ နောက်သို့ လွင့်စင်သွားကြသည်။


ငွေအဆင့် အတတ်ပညာ : အစိမ်းရောင်အလင်းတန်း


ကောင်းကျွင်းဝိန်သည် နာကျင်မှုကို အတတ်နိုင်ဆုံး အောင့်အည်းထားသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ထိန်းမရဘဲ မြေပြင်ပေါ် လျှောတိုက်ပါသွားလေသည်။


ကျန်းရှောင်သည်လည်း အလားတူပင် နောက်သို့ လွင့်ထွက်သွားသည်။ 


မိမိဆီ လွင့်ထွက်လာသော ကျန်းရှောင်ကို ကြည့်ပြီး ရီလျန်နာက အလျင်အမြန်ပင် ဘယ်

ဘက်လက်ဖြင့် ဖမ်းထိန်းလိုက်၏။


သူမသည် ဘေးတိုက်ရပ်လျက် အရှိန်ကြောင့် နောက်သို့ ဆုတ်ခွာရင်း ကျန်းရှောင်ကို ဖေးမထားပေးသည်။ 


သူမ၏ ညာဘက်လက်မှာမူ ရှေ့သို့ ဆန့်တန်းထားပြီး ပေါက်ကွဲမီးလျှံကို ပစ်လွှတ်ရန် အသင့်

ပြင်ထားသည်။ 


ထို့နောက် သူမသည် မီးလုံးကို လျှောတိုက်သွားနေသော ကောင်းကျွင်းဝိန်ထံသို့ ပစ်လွှတ်လိုက်လေသည်။


ကောင်းကျွင်းဝိန်သည် ဒေါသတကြီး အော်ဟစ်ရင်း ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကာထားကာ လျှောတိုက်ဆင်းသွားသည်။ 


မီးလုံးတစ်လုံးသည် သူ၏လက်ထဲတွင် ချက်ချင်း ပုံဖော်လာပြီး မိမိထံ ပျံသန်းလာသော မီးလုံးဆီသို့ ပြန်လည်ပစ်ပေါက်လိုက်သည်။


မီးလုံးနှစ်လုံး အချင်းချင်း တိုက်မိသွားကြပြီ။


ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်

နေသည်။ 


တတိယနှစ် ကျောင်းသားများဘက်က အပြတ်အသတ် သာနေသင့်သော တိုက်ပွဲသည် ယခုကဲ့သို့ အလှည့်အပြောင်းများဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။


ကံဆိုးသည်မှာ တိုက်ကွက်တစ်ခုတည်းက အမြဲတမ်း အလုပ်မဖြစ်ခြင်းပင်။


ပထမနှစ်အသင်းသည် ဤတစ်ကြိမ်တွင် မအောင်မြင်ခဲ့ပေ။ 


ကောင်းကျွင်းဝိန်က ချက်ချင်း ပြန်ထရပ်နိုင်ခဲ့သော်လည်း ကျူညီအစ်ကိုများမှာမူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ 


သူတို့ ပြိုင်ပွဲကို နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပုံပင်။


"နေပါဦး.."


"အဲ့ဒါ ဘာအသံလဲ"


"ဘာလို့ အဲ့ဒီလောက်တောင် ကြည်လင်သာယာနေရတာလဲ"


"အဲ့ဒါ ခေါင်းလောင်းသံလား"


လူတိုင်း အံ့ဩတကြီး အော်ဟစ်လိုက်ကြပြီး ရီလျန်နာ၏ နောက်ကွယ်မှ လူငယ်လေးကို မှင်တက်ကာ ကြည့်လိုက်ကြသည်။


ကျန်းရှောင်က သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ ဆေးကုသရေး အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ရီလျန်နာ၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ဆက်သွယ်သွားသည်။


"ဒေါင်...ဒေါင်...ဒေါင်"


အမှတ်အသား၏ လမ်းညွှန်မှုနှင့်အတူ အလင်းတန်းသည် အပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားပြီး ကျူဝမ် ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။


"ဒေါင်...ဒေါင်...ဒေါင်"


အားကောင်းသော ဆေးကုသရေးအလင်းတန်းသည် ဘောလုံးကွင်းတစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကျူဝူ ခန္ဓာကိုယ်ထဲ တိုးဝင်သွားသည်။


"ဒေါင်...ဒေါင်...ဒေါင်"


ဆေးကုသရေးအလင်းသည် နောက်ဘက်သို့ လျင်မြန်စွာ ရောင်ပြန်ဟပ်သွားပြီး ကျန်းရှောင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်ကာ၊ ရှေ့မှ ရီလျန်နာကို ကျော်ပြီး ကျူဝမ်ဆီ ပြန်ရောက်သွားပြန်သည်။


"ဒေါင်...ဒေါင်...ဒေါင်"


ဘောလုံးကွင်းကို ဖြတ်ကျော်လျက် ကျူဝူ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်မည့် ဆေးကုသရေး အလင်းတန်းကြီးကို လူတိုင်း မြင်တွေ့လိုက်ရသည်။


ခေါင်းလောင်းသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ဆေးကုသရေး အလင်းတန်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


သို့သော် ဘောလုံးကွင်းပေါ်တွင်မူ ဖြူစင်သော အလင်းတန်းအချို့ ကျန်ရစ်နေခဲ့၏။


လေထဲတွင် လွင့်ပျံနေသော အလင်းမှိန်မှိန်လေးများသည် အိပ်မက်ဆန်ဆန် လှပနေ၏။


ထိုမြင်ကွင်းမှာ အလွန်တရာ လှပလွန်းလှသည်။


ကောင်းကျွင်းဝိန်သည် ခက်ခက်ခဲခဲ ပြန်ထရပ်လိုက်ပြီး မီးတောက်များ ပျောက်ကွယ်သွားသောအခါ သူ မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်

ရသလို မျက်လုံးများ ပြူးကျယ်သွားရသည်။


ကွင်းဘေးတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ကျူဝမ်နှင့် ကျူဝူတို့သည် အမှန်တကယ်ပင် ပြန်လည် သက်သာလာနေကြသည်။ 


သူတို့၏ ဒဏ်ရာများသည် ကျွမ်းနေသော အဝတ်အစားများအောက်တွင် အလိုအလျောက် ပိတ်သွားပြီး ပြတ်ရှနေသော အသားမျှင်များကလည်း တဖြည်းဖြည်း ပြန်ဆက်သွားသည်။


"ဒေါင်...ဒေါင်...ဒေါင်"


ခေါင်းလောင်းသံက ကြည်လင်သာယာနေသော်လည်း ကောင်းကျွင်းဝိန်အတွက်မူ ထိုအသံသည် နားမခံသာစရာ ဖြစ်နေသည်။


ကျန်းရှောင်၏ လက်ထဲမှ ဆေးကုသရေး အလင်းတန်း နောက်တစ်ခု ထပ်ထွက်လာပြန်သည်။ 


သို့သော် ဤတစ်ကြိမ်တွင် ကျူဝမ် ခန္ဓာကိုယ်ကို အရင်ထိပြီးမှ ဘောလုံးကွင်းကို ဖြတ်သန်းကာ ကျူဝူဆီသို့ ဆက်သွယ်သွားသည်။


ယခုတစ်ခါတွင်မူ အလင်းတန်းက ကျန်းရှောင် သို့မဟုတ် ရီလျန်နာဆီသို့ မလာတော့ပေ။ 


အမှန်တကယ်တော့ ထိုအလင်းတန်းသည် ကွင်းထဲက လူတိုင်းကို လျစ်လျူရှုထားခြင်းဖြစ်သည်။


ကောင်ကျွင်းဝိန်၊ လီဝေယီ၊ ရှယန်၊ ဟန်ကျန်းရွှယ်နှင့် စင်မြင့်ပေါ်က ကျောင်းသားများ အကုန်လုံး ပါဝင်သော်လည်း ဆေးကုသရေး အလင်းတန်းက လူတိုင်းကို ကျော်သွားပြီး ကျူဝမ်နှင့် ကျူဝူကြားတွင်သာ အပြန်အလှန် လျင်မြန်စွာ ကူးခတ်နေသည်။


ညာဘက်ခြမ်းတွင် ကျူဝူ မျက်နှာပေါ်က ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာလာသည်။ 


သူသည် မြေပြင်ကို လက်ဖြင့်ထောက်ပြီး သူ၏ သွေးထွက်နေသော ခေါင်းကို ပွတ်ကြည့်လိုက်သည့်အခါမှ ဒဏ်ရာများ ပျောက်ကင်းသွားသည်ကို သတိထားမိသွားလေ၏။


"ဘန်း"


စင်မြင့်ပေါ်တွင် စစ်ယူနီဖောင်း ဝတ်ထားသော အမျိုးသားသည် ရုတ်တရက် ဝုန်းကနဲ ထရပ်လိုက်ပြီး စားပွဲကို လက်ဖြင့်ထုကာ ရှေ့က မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။


"မင်းတို့ သေချာလား၊ ဒါက တကယ်ပဲ ကြယ်တာရာ နေရာ ခုပဲရှိတဲ့ အရည်အချင်းနိမ့် ကလေးလား"


"ပထမနှစ် ကျောင်းသားလား"


"နိုးထသူဖြစ်တာ လပဲ ရှိသေးတယ်ဆို"


"ဒါပေမဲ့ သူက ဆေးကုသရေး ကြယ်တာရာ အတတ်ပညာ ခေါင်းလောင်းကို ရနေပြီလား"


ထိုအချက်က အကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ 


ကြောက်စရာကောင်းသည်မှာ...


၎င်းမှာ မည်ကဲ့သို့သော ခေါင်းလောင်း အတတ်ပညာအမျိုးအစား ဖြစ်နေသနည်းဟူသည်ပင်။


"သူက တခြားလူတွေကို ကျော်ပြီး ပစ်မှတ်ကိုပဲ ရွေးကုပေးနိုင်တာလား"


"ဒီကလေးမှာ ကြယ်တာရာ အတတ်ပညာ ခုပဲ ရှိတာ မဟုတ်ဘူး၊ ခု ရှိတာ သေချာတယ်"


"ကောင်းချီးပေးခြင်း၊ အစိမ်းရောင်အလင်းတန်းနဲ့ ခေါင်းလောင်း အပြင် သူ အမှတ်အသား အတတ်ပညာပါ ရှိနေတာပဲ"


တကယ်တော့ ကျောင်းအုပ်ကြီးယန်သည် အတွေ့အကြုံရှိသူပီပီ ခေါင်းလောင်း အတတ်ပညာကို အရင်က မြင်ဖူးသည်။ 


အမှတ်အသား၏ လမ်းညွှန်မှုဖြင့် ခေါင်းလောင်းသည် မည်မျှအစွမ်းထက်လာသနည်း ဆိုသည်ကိုလည်း သူ မြင်ဖူးသည်။ 


အဆိုးရွားဆုံးအချက်မှာ ခေါင်းလောင်းသည် ရန်သူကိုပါ သွားရောက်ကုသပေးမိတတ်ခြင်းပင်။


ကျောင်းအုပ်ကြီးယန်သည် ဆရာကြီးကောင်း အကြည့်မှားသွားခြင်းလောဟု သံသယဝင်လာမိသည်။ 


ဤကလေးတွင် ကြယ်ပညာ ခု မဟုတ်ဘဲ ခု ရှိနေသလား။


မဟုတ်တန်ရာ။ 


မစ္စတာကောင်းသည်လည်း အတွေ့အကြုံရှိသော နိုးထသူတစ်ဦး ဖြစ်သည်။ 


သူက အမြဲတမ်း တာဝန်ကျေပြီး စေ့စပ်သေချာသူမို့ ဤသို့သော အခြေခံအမှားမျိုး လုပ်လိမ့်မည်မဟုတ်။


ဒီကလေးက ကြယ်တာရာ နေရာ ခုပဲ လင်းနေတာ သေချာပါသည်။


သို့သော် ပြဿနာမှာ ဤကလေးသည် အမှတ်အသား ကို အသုံးပြုလိုက်ခြင်းပင်။ 


အမှတ်အသား လမ်းညွှန်မှု မပါဘဲ ကျန်းရှောင်သည် ဆေးကုသရေး အလင်းတန်း၏ လမ်းကြောင်းကို မိမိစိတ်ကြိုက် မထိန်းချုပ်

နိုင်ပေ။


"ဒါဆိုရင်... သူက ကြယ်တာရာ နေရာ တစ်ခုတည်းမှာ ကြယ်တာရာ အတတ်ပညာ၂ ခု ရှိနေတာလား"


ဤသည်မှာ မဖြစ်ဖူးသော ဖြစ်ရပ်မျိုး မဟုတ်သော်လည်း ဤမျှ ကံကောင်းသည့် နိုးထသူမျိုးမှာမူ အလွန်တရာ ရှားပါးလှသည်။


ဒါက တကယ်ပဲ ကြယ်တာရာ နေရာ ခုပဲရှိတဲ့ နိုးထသူလား။


အစကတည်းက ကျောင်းအုပ်ကြီးယန်သည် ကျန်းရှောင်၏ ကြယ်တာရာ နေရာများအကြောင်းကို မစ္စတာကောင်း ပြောပြသည်ကိုသာ ကြားဖူးခြင်းဖြစ်ပြီး ကျန်းရှောင်၏ ကြယ်တာရာ မြေပုံကိုမူ သူ တစ်ခါမျှ မမြင်ဖူးပေ။


တကယ်တော့ ကျန်းရှောင်သည် သူ၏ ကြယ်တာရာမြေပုံကို တစ်ခါမျှ ထုတ်မပြခဲ့ခြင်းလည်း ဖြစ်သည်။


ဤအချိန်တွင် ဘယ်ဘက်မှ ကျူဝမ်နှင့် ညာဘက်မှ ကျူဝူတို့သည် ဖြည်းဖြည်းချင်း ပြန်ထလာကြသည်။


သူတို့နှစ်ယောက်လုံးမှာ အင်အားအပြည့်နှင့် တက်ကြွနေပုံရပြီး ကောင်းကျွင်းဝိန်ကို စိုက်

ကြည့်ကာ အသက်ပြင်းပြင်း ရှူနေကြသည်။


ကျန်းရှောင်က ကြယ်တာရာ ပုတီးစေ့တစ်ခုကို ချေဖျက်ရန် သူ၏ ဘယ်ဘက်လက်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ 


နောက်တစ်စက္ကန့်တွင် ဖြူစင်သော သန့်စင်အလင်းတန်းက သူတို့ လေးယောက်လုံးကို လွှမ်းခြုံသွားလေသည်။


ကျန်းရှောင်က ရီလျန်နာကို တွန်းထုတ်လိုက်ပြီး ကောင်းကျွင်းဝိန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။


ဘယ်ဘက်မှ ကျူဝမ်နှင့် ညာဘက်မှ ကျူဝူတို့ကလည်း ပခုံးတွန့်လိုက်ပြီး ကောင်းကျွင်းဝိန်ဆီသို့ ပြေးဝင်သွားကြ၏။


ဆူညံနေသော ကျောင်းသားများသည် ချက်ချင်း တိတ်ဆိတ်သွားပြီး ခုနက ခေါင်းလောင်းသံ၏ သာယာမှုကိုသာ စွဲလန်းကျန်ရစ်နေကြပုံရသည်။


စုရို့၏ မျက်နှာမှာ တောင့်တင်းသွားပြီး Live လွှင့်နေသော အခန်းထဲ၌ မှတ်ချက်များ အမျိုးမျိုး တက်လာလေသည်။


"ငါ ဘာကို မြင်လိုက်ရတာလဲ"


"ခေါင်းလောင်း"


"အဲ့ဒါ ပေကျန်းမီးတောင်ဒေသက ထွက်တဲ့ အထူးဆေးကုသရေး ကြယ်တာရာ အတတ်ပညာ ခေါင်းလောင်း ပဲ"


"ဟား... အဲ့ဒီလောက် အပြင်းအထန် ပေါက်ကွဲသွားတာတောင် သူတို့ ပြန်ထလာနိုင်တာလား"


"အထင်ကြီးစရာပဲ၊ အံ့မခန်းပဲ"


"အင်တာနက်ပေါ်မှာ မင်းက တစ်ခါ ပြန်ပေါ်လာပြန်ပြီ"


"ယောကျ်ားရေ... အိမ်ကို မြန်မြန်ပြန်လာခဲ့တော့၊ မဆော့နဲ့တော့"


"ဒါကြောင့်မို့လို့ ဆေးကုသရေး နိုးထသူတွေကို တန်ဖိုးထားကြတာပေါ့"


"ဒါက ဆေးကုသရေး နိုးထသူရဲ့ တန်ဖိုးပဲ"


"သူတို့က အသင်းကို ပိုပြီး ခံနိုင်ရည်ရှိအောင် လုပ်ပေးနိုင်တယ်"


"အသက်ကို အဆက်မပြတ် ဆွဲဆန့်ပေးနေတာပဲ"


"ဆရာဝန်ကြီး ကျန်းရှောင်ဖီ"


"စစ်သည်တော်ကြီး...ငါ့ရဲ့ ဆေးကုသရေး တပ်သားလေး"