အခန်း (၄) နွားသိုးကြီးအား လက်သီးဖြင့် ထိုးနှက်ခြင်း
Viewers 12

လင်းရွှယ်သည် တိုက်ပွဲများကြားတွင် ကျင်လည်ခဲ့သည့်သတ်ဖြတ်သူတစ်ဦး မဟုတ်သလို၊ စကားအနည်းငယ်အဆင်မပြေရုံဖြင့် ဓားထုတ်သတ်ဖြတ်တတ်သည့်ဒေါသကြီးသူ ကျန်းရိတဲ ကဲ့သို့ အာဏာရှင်ဆန်သည့်ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ပေ။ 

 

(TN note - ကျန်းရိတဲ ဆိုတာ သုံးပြည်ထောင်ဇာတ်လမ်းထဲက စစ်သူကြီး ကျန်းဖေး ကို ပြောချင်တာပါ၊ စိတ်အရမ်းတိုတတ်ပြီး စကားပြောလို့ အဆင်မပြေတာနဲ့ချက်ချင်း ဓားဆွဲသတ်တတ်တဲ့သူမျိုးပါ။ လင်းရွှယ်က အဲ့လိုလူမျိုး မဟုတ်ကြောင်း နှိုင်းယှဉ် ပြောထားတာ ဖြစ်ပါတယ်)

 

သူမ၏ ယခင်ဘဝတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင်ကြိုးစားရုန်းကန်ခဲ့ရပြီး ရှေးဟောင်းစာပေကျမ်းဂန်များမှာသာ သူမ၏ အရင်းနှီးဆုံး အဖော်မွန်များ ဖြစ်ခဲ့သည်။ 

 

သူမသည် အသက်ရှင်သန်နိုင်ရေးအတွက် ရေခဲပါးပေါ်တွင်လျှောက်လှမ်းနေရသကဲ့သို့ ခက်ခက်ခဲခဲ ရုန်းကန်နေရသည့်သာမန်လူသားလေးတစ်ဦးသာ ဖြစ်သည်။ 

 

တိုက်ခိုက်ခြင်းနှင့် ပတ်သက်လာလျှင် သူမသည် ဖြစ်နိုင်သမျှ အမြဲရှောင်ရှားလေ့ရှိရာ၊ ခြေလှမ်းတစ်လှမ်း အမှားကထာဝရပျက်စီးခြင်းသို့ ရောက်သွားနိုင်သည့် ထိုမျှကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို သူမမည်သို့မြင်ဖူးပါမည်နည်း။ 

 

ထို့ကြောင့် နှစ်နှစ်ကြာ ကျင့်ကြံခဲ့ပြီး ထိုသခင်လေးနှင့်အတူတူ သေပါစေဟူ၍ အစကတည်းက ဆုံးဖြတ်ထားခဲ့သော်လည်း၊ တကယ့်လက်တွေ့ ရွေးချယ်မှုနှင့် ရင်ဆိုင်ရသောအခါ မှောင်မည်းနေသော လျှို့ဝှက်ဥမင်အတွင်း၌သူမ အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေခဲ့ရ၏။

 

သို့သော်လည်း သူမသည် သူမ၏နှလုံးသားထဲရှိ ကြောက်ရွံ့မှုများကို ပူနွေးသော သွေးသစ်လောင်းမှုဖြင့် ကျော်လွှားနိုင်ခဲ့သည်။ 

 

သူမသည် ကျေးဇူးကန်းသောသူ တစ်ဦး မဖြစ်လိုသကဲ့သို့၊ယခင်က ယောက်ျားတစ်ဦးအနေဖြင့် ရှိခဲ့ဖူးသောတာဝန်သိစိတ်နှင့် သစ္စာတရားကိုလည်း မေ့မပစ်နိုင်ခဲ့ပေ။ 

 

သူမ၏ သိုင်းဝိညာဉ်နိုးထလာမှုကြောင့် အာရုံခံစားမှုများ ပိုအားကောင်းလာရာ၊ တစ်ဖက်တွင် ရိုက်နှက်ခံနေရသည့် တုန်လှုပ်ဖွယ်ရာ အသံများကို ကြားလိုက်ရခြင်းသည် သူမ၏ ရင်ထဲတွင် အတောက်လောင်နေသော ဒေါသမီးကို ဆီလောင်းလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

 

ထိုအခါ သူမ၏ ဒေါသများမှာ ထိန်းချုပ်၍မရသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

 

အဆိုးဆုံးဖြစ်လျှင် ရှုံးနိမ့်ပြီး သေရုံသာ ရှိသည်၊ ထူးဆန်းသည်တော့ မဟုတ်ပေ။ 

 

သူမ၏ အမြင်အရ လူတစ်ယောက်သည် အသက်ရှင်ရုံသက်သက်အတွက် မရှင်သန်သင့်ပေ။ 

 

စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်ရခြင်းက သေခြင်းထက် ပိုဆိုးသည်ဟု မဆိုလိုသော်လည်း၊ လူသည်ပို၍လွတ်လပ်စွာ ရှင်သန်သင့်သည်ဟု သူမ ယူဆသည်။ 

 

ခက်ခဲမှုကို အောင့်အည်းသည်းခံပြီး အချိန်စောင့်ရခြင်းမှာအမှန်တကယ်ပင် ချီးကျူးစရာ ကောင်းသော်လည်း သူမထိုသို့မလုပ်နိုင်ပေ။ 

 

သူမသည် ကျန်မိသားစုခေါင်းဆောင်၏ ရောဂါကို ကုသရန်ဝိညာဉ်ဆေးလုံးကို မရှာရသေးသလို၊ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝူမိသားစု ညီအစ်ကိုများ၏ ကျေးဇူးကိုလည်း မဆပ်ရသေးပေ။ 

 

ဒုက္ခများများစားစား မခံနိုင်ရှာသော ကျန်မိသားစုခေါင်းဆောင်သာ ဤနေရာတွင် သေဆုံးသွားပြီး ဝူမိသားစုညီအစ်ကိုများလည်း ဒုက္ခိတဖြစ်သွားကြလျှင် သူမ မည်သို့ကျေးဇူးဆပ်နိုင်တော့မည်

နည်း။

 

'သစ်ပင်က ငြိမ်သက်ချင်သော်လည်း လေက မရပ်စဲ၊သားသမီးက မိဘကို ပြုစုချင်သော်လည်း မိဘက မရှိတော့' ဆိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။ 

 

ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။ 

 

တစ်ယောက်ယောက် သေရမည်ဆိုလျှင် သူမသာ အရင်သေပါစေတော့။ 

 

သူမ နောက်ပိုင်းတွင် ကြုံတွေ့ရမည့် ဆိုးကျိုးများကို မရင်ဆိုင်လိုတော့ပေ။

 

ထို့ကြောင့် သူမ ရှေ့သို့ လှမ်းတက်လိုက်သည်။

 

သွယ်လျနုနယ်သော သူမ၏လက်ကလေးမှာ နူးညံ့နေပုံရသော်လည်း နွားသိုးကြီး နျူအာ၏ အားပါသော တိုက်ခိုက်မှုကို တည်ငြိမ်စွာ တားဆီးလိုက်သည်။

 

သူမ၏ သွယ်လျသော ခါးတွင် အေးစက်သော ဓားတစ်လက် ချိတ်ဆွဲထား၏။

 

ထူးဆန်းသည်မှာ၊ သူမသည် ဤလှုပ်ခတ်နေသော မုန်တိုင်းကို အမှန်တကယ် ရင်ဆိုင်လိုက်ရသောအခါ၊ ယခင်ကစိုးရိမ်ပူပန်နေသော စိတ်များသည် ရေခဲကန်တစ်ခုကဲ့သို့ရုတ်တရက် အေးချမ်းသွားတော့သည်။

 

၎င်းသည် သူမ၏ မိသားစုသွေးဝိညာဉ် နိုးထလာခြင်းကြောင့်လော သို့မဟုတ် ပြင်းထန်သော ဒေါသ၏နောက်ဆက်တွဲ ပြောင်းလဲမှုလော မသိနိုင်ပေ။ 

 

သူမသည် ယခုအခါ သွယ်လျနုနယ်သော သူမ၏ ကိုယ်လုံးလေးနှင့် ယှဉ်လျှင် သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ ရှိနေသော လူမိုက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေမိသည်။ 

 

သူ၏နောက်ကွယ်မှ အတိုင်းအဆမရှိသော သိုင်းဂိုဏ်းမှဓားကျင့်ကြံသူကို တွေးမိသည့်တိုင် သူမ၏ အေးချမ်းနေသော နှလုံးသားမှာ လှိုင်းတစ်ချက်မျှပင် မလှုပ်ခတ်တော့ပေ။ 

 

သူမ၏ လက်ရှိအတွေးမှာ ရိုးရှင်းပါသည်။

 

ဝူသာ့ကျူအတွက် မားမားမတ်မတ် ရပ်တည်ပေးရန်နှင့်သူမ၏ စိတ်ထဲတွင် အဘိုးရင်းကဲ့သို့ သတ်မှတ်ထားသောကျန်ရှင်းယွမ်ကို ကာကွယ်ပေးရန်သာ ဖြစ်သည်။

 

ထန်ကူသည် သူ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိပြီး၊သူ၏ အကြည့်များတွင် အံ့အားသင့်မှု ခုနစ်ပုံနှင့် တုန်လှုပ်မှုသုံးပုံ ခိုဝင်နေသည်။

 

ဤလင်းမိန်းကလေးမှာ မျှော်လင့်ထားသည့်အတိုင်းပေါ်လာခဲ့ပြီဖြစ်ရာ သူမသည် သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ရုံသာမက မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။ 

 

ဆွဲဆောင်မှုရှိသော သူမ၏ ကိုယ်ဟန်နှင့် နျူအာ၏တားဆီး၍မရသော လက်သီးကို အားစိုက်စရာမလိုဘဲတားဆီးနိုင်စွမ်းတို့မှာ လှပသော အမျိုးသမီးတစ်ဦးတွင်ခွန်အားနှင့် နူးညံ့မှုတို့ ဒွန်တွဲနေခြင်းဖြစ်ပြီး၊ သူ့အားချီးကျူးဂုဏ်ပြုချင်စိတ် ပေါက်လာစေသည်အထိ ဆွဲဆောင်မှု ရှိနေသည်။

 

စောစောက သူသည် ထိုသစ်သားတိုင်များကို ချိုးဖျက်ရန်အင်အား ၂၀ သို့မဟုတ် ၃၀ ခန့်သာ လိုအပ်မည်ဟု ထင်ခဲ့လေ၏။

 

ယခုမှသာ ထင်ရှားသော မိသားစုမှဖြစ်သည်ဟုကောလာဟလထွက်နေသော ဤမိန်းကလေးကို သူအထင်သေးခဲ့မိကြောင်း သိလိုက်ရသည်။ 

 

ထိုသစ်သားတိုင်များကို အင်အား ၁၀၀ မရှိဘဲနှင့် ချိုးဖျက်နိုင်မည် မဟုတ်ပေ။

 

မယုံနိုင်စရာပင်။

 

သွေးကြောစုစည်းခြင်း ပထမအဆင့်၏ မူလချီစွမ်းအင်များသည် ထိုမိန်းကလေး၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မီးတောက်တစ်ခုကဲ့သို့ တောက်လောင်နေသည်။ 

 

ထန်ကူ မယုံနိုင်အောင် ဖြစ်နေရပြီ။

 

ပထမအဆင့်၏ အင်အားသည် ပေါင် ၁၀၀ ဖြစ်သော်လည်း၊ နျူအာ၏ တိုက်ခိုက်မှုကို ဤမျှ တည်ငြိမ်စွာခုခံနိုင်ရန်မှာ ချီအင်အား ပေါင် ၂၀၀ မရှိဘဲ မဖြစ်နိုင်ပေ။

 

ဤနုနယ်သော မိန်းကလေး၏ သွယ်လျသော လက်မောင်းများက အင်အား ပေါင် ၂၀၀ ခန့်ကို ထုတ်လွှတ်နိုင်သည်မှာဖြစ်နိုင်ပါ့မလား။

 

နျူအာလည်း ထိတ်လန့်သွားသည်။ 

 

တူညီသော အဆင့်တွင်ရှိသည့် ဤမိန်းကလေး၏လက်တွင်းမှ ရုန်းမထွက်နိုင်သည်ကို သိလိုက်ရသောအခါ၊သူသည် ဒေါသတကြီးဖြင့် ခြေထောက်ကို မြှောက်ကာဝှေ့ယမ်းကန်လိုက်သည်။ 

 

လေကို ခွဲထွက်သွားသော စူးရှသည့်အသံကြောင့် လင်းရွှယ်နောက်ကွယ်ရှိ ဝူမိသားစု ညီအစ်ကိုများ၏ နှလုံးသားများခုန်သွားကြသည်။ 

 

ခြေထောက်၏ အားသည် လက်မောင်းအားထက် အဆပေါင်းများစွာ သာလွန်သည်ကို လူတိုင်းသိကြပြီး၊ မူလချီစွမ်းအင်များ ပါဝင်နေသောကြောင့် ဤတိုက်ခိုက်မှုမှာပေါင် ၃၀၀ ကျော် အင်အားရှိပေလိမ့်မည်။ 

 

လင်းရွှယ်အနေဖြင့် နျူအာ၏ လက်သီးကို တားဆီးနိုင်သော်လည်း၊ ဤကန်ချက်မှာ လုံးဝကွဲပြားခြားနားသည်။ 

 

အထူးသဖြင့် လင်းရွှယ် ရှောင်တိမ်းခြင်း မရှိသည်ကို မြင်ရသောအခါ သူတို့၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ထွက်မတတ် ဖြစ်သွားရ၏။

 

အဝေးမှ ကြည့်နေသော ထန်ကူမှာမူ လှောင်ပြုံးပြုံးရန် ပြင်လိုက်သော်လည်း၊ နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် အေးခဲသွားတော့သည်။

 

ဝူမိသားစု ညီအစ်ကိုများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

 

"ဒုန်း"

 

အသံတစ်ခု ထွက်ပေါ်လာသည်။

 

ထိုမိန်းကလေး တားဆီးလိုက်နိုင်ခဲ့သည်။ 

 

သူမ၏ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်သော မျက်ဝန်းများမှ အလင်းတန်းများ ပိုမိုတောက်ပလာသည်။ 

 

နျူအာ၏ ကြောက်မက်ဖွယ်ကောင်းအောင် တုတ်ခိုင်သောခြေထောက်ကို တားဆီးထားသည်မှာ လုံးဝအချိုးအစားမကျသော သူမ၏ သွယ်လျနုနယ်သည့် လက်မောင်းလေးပင်ဖြစ်သည်။

 

လွယ်ကူလှသည်တော့ မဟုတ်သဖြင့် သူမ၏ချောမောသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီးအသက်ရှူသံများ မြန်နေသော်လည်း၊ ဤအရာကပင် ရှိနေသူအားလုံးကို ထိတ်လန့်စေရန် လုံလောက်နေပြီပင်။

 

နျူအာသည် ကြောက်ရွံ့ပြီး ဆွံ့အသွားခြင်း မရှိသော်လည်းအကြီးအကျယ် ဒေါသထွက်သွားသည်။ 

 

သူသည် နှစ်ပေါင်းများစွာ လူမိုက်လုပ်လာခဲ့ရာတွင် မည်သည့်အချိန်က အမျိုးသမီးတစ်ဦး၏ လက်အောက်တွင်ရှုံးနိမ့်ဖူးပါသနည်း။

 

"လက်မလွှတ်ဘူးလား"

 

"လွှတ်တဲ့အထိ ထိုးမယ်"

 

သူ၏ ညာလက်မှာ အချုပ်ခံထားရသော်လည်း သူ၏ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေခြင်းကို မတားဆီးနိုင်ပေ။ 

 

မျှော်လင့်ထားသည့်အတိုင်း လင်းရွှယ် နောက်ဆုံးတွင်လက်လွှတ်လိုက်သည်။ 

 

သို့သော် သူ ဝမ်းမသာရသေးမီမှာပင် သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး နောက်ဆုံးတွင် အမှန်တကယ်ပင် ကြောက်လန့်သွားတော့သည်။

 

သူ့တစ်သက် ဤမျှအစွမ်းကုန် ကြိုးစားအားထုတ်၍ မတိုက်ခိုက်ဖူးသော်လည်း၊ မြင်မြင်ချင်း စိတ်ရိုင်းဝင်ကာ စော်ကားဖျက်ဆီးချင်စိတ် ပေါက်ခဲ့ရသည့် ဤနုနယ်သော မိန်းကလေးမှာ သူ၏ထိုးနှက်ချက်တိုင်းကို အလွယ်တကူပင် ကာကွယ်တားဆီးနေနိုင်သည်ကို တွေ့လိုက်ရသောအခါ သူအံ့အားသင့်သွားရတော့၏။

 

သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသော နျူအာကို လင်းရွှယ်က အသက်အနည်းငယ်ရှူကာ အေးအေးဆေးဆေးပြောလိုက်၏။

 

"အခု ကျွန်မအလှည့်ပဲ"

 

ထိုစကားအဆုံးတွင် ဝူသာ့ကျူ အရိုက်ခံရစဉ်က ထွက်ပေါ်ခဲ့သည့် အသားထဲ လက်သီး နစ်ဝင်သံများနှင့် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းများမှာ သူမ၏ အာရုံထဲ၌ မဖိတ်ခေါ်ပဲ ပြန်လည်ပဲ့တင်ထပ်လာခဲ့သည်။

 

သူမ၏ အကြည့်များမှာ ရုတ်တရက် အေးစက်သွားသည်။

 

သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ၏မျက်နှာတည့်တည့်သို့ ထိုးနှက်လိုက်သည်။

 

နျူအာ၏ မျက်နှာမှာ ရုတ်တရက် လိမ်ရှုံ့သွားတော့သည်။

 

နျူအာကို ထိမှန်သွားသော မူလချီစွမ်းအင်မှာ ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ဘေးနားရှိ ကြွေကျနေသော သစ်ရွက်အချို့ကိုပင် ကြေမွသွားစေသည်။ 

 

ထန်ကူ ကြည့်နေရင်း ထပ်မံ ထိတ်လန့်သွားရပြန်၏။

 

ဤသည်မှာ သိုင်းပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင် အဆင့်ထိ နားလည်မှသာ ဖြစ်နိုင်သော အရာဖြစ်၏။

 

ဤမိန်းကလေးမှာ မည်သို့ ကျင့်ကြံခဲ့သနည်း။

 

ထိုမောက်မာသော သခင်လေး စဉ်းစား၍ မဆုံးသေးမီမှာပင် လင်းရွှယ်က နောက်ထပ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြန်သည်။

 

ဝမ်းဗိုက်ဆီသို့ ဖြစ်သည်။

 

သမုဒ္ဒရာ လှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်သော မူလချီစွမ်းအင်များ၏ ဒုန်းခနဲ မြည်သံကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ 

 

ထိုမျှကြီးမားသော အင်အားကြောင့် နျူအာမှာ မျက်လုံးများ ပြူးကျယ်လျက် ရုတ်တရက် ခွေကျသွားတော့သည်။

 

လင်းရွှယ်သည် သူ၏ဘေးတွင် အနည်းငယ် ကိုင်းညွတ်ကာတုန်ရီနေသော သူ့ကို ကြည့်ပြီး မေးလိုက်၏။

 

"ရှင်က လူကောင်းတွေကို နှိပ်စက်ပြီး အားကြီးသူကိုကြောက်တယ်၊ အားနည်းသူကို နိုင်ထက်စီးနင်း လုပ်တယ်"

 

"ဒါပေမဲ့ အခု မုဆိုးနဲ့ သားကောင် နေရာချင်း လဲသွားပြီဆိုတော့..."

 

"ရှင် ဘယ်လို ခံစားရလဲ"

 

နျူအာ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီးသူသည် ချက်ချင်းပင် အသနားခံရန် ပြင်လိုက်သည်။

 

သို့သော်လည်း ဤလှပသော မိန်းကလေးမှာ သူ့ကို မည်သည့် အခွင့်အရေးမျှ မပေးခဲ့ပေ။ 

 

သူမသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူမ၏သွယ်လျသော ခြေတံကို ကျာပွတ်တစ်‌ချောင်းကဲ့သို့ရုတ်တရက် ဆန့်ထုတ်ကာ ကန်လိုက်သည်။ 

 

လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ဖြစ်ပေါ်သွားသကဲ့သို့ စူးရှသော အသံတစ်ခုလည်း ထွက်ပေါ်လာသည်။

 

နျူအာသည် အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားတော့သည်။

 

လူတိုင်းမှာ ဆွံ့အသွားကြပြီး စကားပင် မပြောနိုင်ကြတော့ပေ။

 

ထိုမိန်းကလေး ကိုယ်တိုင်လည်း အလွန်ပင် တိတ်ဆိတ်နေသည်။

 

သူမ၏ ယခင်ဘဝ နှစ်ပေါင်းနှစ်ဆယ်အတွင်း သူမသည်နိုင်ငံသားကောင်းတစ်ဦးသာ ဖြစ်ခဲ့ပြီး၊ ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် ရန်ဖြစ်

ခြင်း ဖြစ်သည်။ 

 

သူမ၏ ယခင်က ညီအစ်ကိုများပင်လျှင် သူမ၏ ပထမဆုံးတိုက်ခိုက်မှုမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသောအင်အား ရှိလိမ့်မည်ဟု ထင်မိကြမည် မဟုတ်ပေ။

 

ထို့ပြင် ပညာရှိကျမ်းဂန်များကိုသာ ဖတ်ရှုလေ့ရှိပြီးရည်းစားရလိမ့်မည်မဟုတ်ဟု သူတို့ နောက်ပြောင်ခြင်း ခံခဲ့ရသော သူမသည် ယခုအခါ တစ်ချက်ကြည့်မိရုံဖြင့် ညပေါင်းများစွာ အိပ်မက်မက်ရလောက်အောင် လှပသောအမျိုးသမီးတစ်ဦး ဖြစ်လာလိမ့်မည်ဟုလည်း သူတို့ ထင်မိကြမည် မဟုတ်ပေ။

 

ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားလေ၏။

 

လောကကြီးတွင် သည်းထန်စွာ ရွာသွန်းနေသော မိုးစက်သံများ၏အသံသာ ကျန်ရှိတော့သည်။