Ch 9
Viewers 102

🍏 Chapter 9




ချန်စစ်ကျယ်သည် သူ့ တတိယမျက်လုံးကို ဖွင့်ထားသဖြင့် ဝမ်သိုက်ထံမှ ထွက်ပေါ်လာသော ခြောက်မြီးမြေခွေးနှင့် မြွေနဂါးတို့ကို မြင်လိုက်ရသည်။ သူသည် အံ့အားသင့်ကာ မှင်သက်သွားရသည်။ 


သူ့လက်အမူအရာတို့မှာ လေထဲတွင် ရပ်တန့်သွားခဲ့သည်။ သူ ဘာမှ မလုပ်ရသေးခင်မှာပင် ထိုခြောက်မြီးမြေခွေးနှင့် မြွေနဂါးတို့က ဝေလင်၏ ခန္ဓာကိုယ်အတွင်းမှ တစ္ဆေကို ဆွဲထုတ်လိုက်ကြလေသည်။


"ချန်စစ်ကျယ်၊ ရှင် လေ့လာထားတာက လောကီပညာလား... ဒါပေမဲ့ ဒီလိုမျိုး ကိုယ်တွင်း တံခါးပွင့်နေတဲ့ လူတစ်ယောက်ကို အကြမ်းပတမ်း လုပ်လို့မရဘူးဆိုတာ ရှင် မသိဘူးလား၊ ရှင်က သူမကို ပိုပြီး ထိခိုက်အောင် လုပ်နေတာပဲ၊ ကျွမ်းကျင်တဲ့ ကိစ္စကို ကျွမ်းကျင်တဲ့လူကိုပဲ ပေးလုပ်လိုက်ပါ၊ ရှင့်အနေနဲ့ကတော့..."


ဝမ်သိုက်သည် ဝေလင်၏လက်မောင်းကို ကိုင်ကာ အနားသို့ တိုးသွားလိုက်သည်။ သူမသည် ရေတစ္ဆေကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ချန်စစ်ကျယ်ကို စကားဆိုလိုက်သည်။


"ဒီမှာ.... ရှင့်ရဲ့ရှေ့နေရုံးကိုပဲ ပြန်ပြီးတော့ ရှင့်ရဲ့  အမှုတွဲတွေကိုပဲ သွားလုပ်နေပါတော့"


သူမသည် မန္တန်များကို ရွတ်ဆိုကာ ရေတစ္ဆေ၏ ခေါင်းကို လက်ဖြင့် ဖိနှိပ်လိုက်သည်။ နာကျင်မှုကြောင့် ရေတစ္ဆေမှာ အော်ဟစ်နေတော့သည်။ ဝေလင်သည်လည်း ထိုအသံကို ကြားနေရသဖြင့် ကြောက်လန့်ကာ မလှုပ်ဝံ့ဘဲ ရှိနေပေသည်။


ချန်စစ်ကျယ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေမိသည်။ 


"တကယ်ကို ရက်စက်တာပဲ" ဟု သူ စိတ်ထဲမှ ဆိုမိသည်။


ဝေလင်၏ ကိုယ်ပေါ်မှ ဝိညာဉ်များကို ဖယ်ရှားပြီးနောက် ဝမ်သိုက်သည် ချန်စစ်ကျယ်ကို ကြည့်ကာ ဆိုလိုက်သည်။


"ဘာရပ်ကြည့်နေတာလဲ..... တံခါး ပြန်ပိတ်ပေးလေ"


ချန်စစ်ကျယ်သည် သူမကို ပြန်မပြောဘဲ ဝေလင်၏ကျောကို ပွတ်သပ်ကာ ဂါထာများကို တိုးတိုးလေး ရွတ်ဆိုပေးလိုက်သည်။


ဝေလင်သည် သူမ ရင်ဘတ်ကို လက်ဖြင့် ဖိကာ ဝမ်းသာအားရ ဆိုသည်။


"ကျွန်မ အသက်ရှူလို့ ကောင်းသွားပြီ၊ ဆရာမဝမ်က တကယ်ကိုတော်တာပဲ၊ ဆရာချန်ကိုလည်း ကျေးဇူးတင်ပါတယ်၊ အစကတော့ လက်ဖက်ရည်တိုက်ပြီးမှ အခြေအနေကို ပြောပြမလို့ပဲ၊ အခုတော့ ဝင်လာတာနဲ့ အကုန် ရှင်းသွားပြီ"


ဝမ်သိုက်သည် သူမကို အေးစက်စွာ ကြည့်ကာဆိုလိုက်သည်။


"မလိုပါဘူး... မပြီးသေးဘူးနော်၊ ရှင် ကန်ဘောင်ကို သွားပြီးတော့ တစ္ဆေတစ်မိသားစုလုံးကို ခေါ်လာတာပဲ၊ နောက်ခါ အချစ်ရေး အဆင်မပြေဖြစ်လို့ဆိုပြီး ညကြီးမင်းကြီး ကန်ဘောင်ကို မသွားပါနဲ့တော့၊ အဲဒီမှာ ရှင်က လူ့ဘဝအကြောင်း စဉ်းစားနေချိန်မှာ ရှင့်ဘေးက တစ္ဆေတွေကလည်း တစ္ဆေဘဝအကြောင်း စဉ်းစားနေကြတာ၊ အဲဒီတော့ သူတို့က ပျင်းလို့ ရှင့်နောက်ကို လိုက်လာကြတာပေါ့.... ဝမ်းသာစရာပဲနော်၊ ရှင်က အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ တစ္ဆေတွေကို အိမ်တစ်လုံး ပေးလိုက်သလိုပဲ"


ဝေလင်မျက်နှာတွင် အပြုံးတို့ ပျောက်ကွယ်သွားပြီး ထိတ်လန့်သွားရတော့သည်။


ဝမ်သိုက်သည် အိမ်တွင်းသို့ ဆက်လက် စစ်ဆေးရန် ဝင်သွားခဲ့သည်။ ချန်စစ်ကျယ်ကလည်း သူမနောက်မှ လိုက်လာသည်။


"စောစောကကိစ္စ... တောင်းပန်ပါတယ်"


ချန်စစ်ကျယ်သည် ခက်ခဲစွာ စကားဆိုလိုက်သည်။ သို့သော် ဝမ်သိုက် မကြားချင်ယောင်ဆောင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။


ရေချိုးကန်ထဲတွင် ဝိညာဉ်များစွာ စုဝေးနေကြပြီး အေးစက်သော အငွေ့အသက်များက လူကိုတုန်ရင်စေပေသည်။ ဝမ်သိုက်သည် ချန်စစ်ကျယ်ကိုကြည့်ကာ ဆိုလိုက်သည်။


"ရှင့်ရဲ့ အလှည့်ပဲ.... ရှင့်ရဲ့ အကြမ်းပတမ်းပညာတွေကို အခု သုံးလို့ရပြီ၊ အကုန်လုံးကို ကျွန်မပဲ လုပ်နေရင် ရှင်က အလကားနေရင်း ဝေစု ရသလို ဖြစ်နေမှာပေါ့"


ဝမ်သိုက်သည် သူ မမြင်အောင် သူမ ရင်ဘတ်ကို ဖိထားလိုက်သည်။ သူမ၏ခန္ဓာကိုယ်မှာ လေးလံနေပြီး အားအင်ကုန်ခမ်းနေပေသည်။


တကယ်တော့ သူမခန္ဓာကိုယ်မှာ အလွန်အားနည်းလှသဖြင့် ယခုကဲ့သို့ အလုပ်မျိုးကို တစ်ယောက်တည်းလုပ်ရန် ခက်ခဲလှသည်။ သူမသည် ချန်စစ်ကျယ်၏ကျောပြင်ကို ကြည့်ကာ တွေးတောနေမိသည်။


သူ့ပညာမှာလည်း မဆိုးလှပေ။ သူမသည် အတ္တကို ဘေးချိတ်ကာ သူ့ကို အဖော်အဖြစ် ကမ်းလှမ်းသင့်သလားဟု စဉ်းစားနေမိတော့သည်။


ဝမ်သိုက်၏အမိန့်ပေးမှုအောက်တွင် ဝေလင်သည် ပြတင်း ပေါက်လိုက်ကာအားလုံးကို ဖွင့်လိုက်သည်။ 


ဆိုဖာပေါ်တွင် ထိုင်နေသော ဝေလင်မှာ ဝေဝါးစွာဖြင့် ကလေးဘဝသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ဘေးနားရှိ ဆိုဖာတစ်လုံးတွင် ဖခင်ဖြစ်သူက တိတ်ဆိတ်စွာ ထိုင်နေပြီး၊ ရှေ့ရှိ စားပွဲနားတွင် မိခင်ဖြစ်သူက ဟိုလျှောက်ဒီလျှောက်ဖြင့် ပွစိပွစိ ပြောဆိုဆုံးမနေသကဲ့သို့ပင်။


"စောစောက ဗီဒီယိုကောပြောတုန်းကတော့ ရှင့်ကို အကုန်မပြောရသေးဘူး... ရှင့်ရဲ့ခန္ဓာကိုယ်က တစ္ဆေကို အရမ်းဆွဲဆောင်တာမျိုး မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး အိမ်ထဲကို ဝိညာဉ်တွေ ဒီလောက်တောင်ဖိတ်ခေါ်လာနိုင်တာလဲ၊ ရေချိုးကန်ထဲမှာတောင် အုပ်စုလိုက် နေနေကြသေးတယ်....”


“အချစ်ရေး အဆင်မပြေရုံလေးပဲ မဟုတ်ဘူးလား... အဲဒီလူက ဖောက်ပြန်တာကို ရှင်က မိသွားတယ်၊ ရှင်က ဝမ်းသာရမယ့်အစား '၃၊ ၂၊ ၁' ဆိုပြီး ကန်ထဲ ခုန်ချဖို့ ကြံနေတာလား၊ ကံကြမ္မာက ရှင့်ကို သူဖောက်ပြန်တာကို ပေးမြင်တာက အချိန်မီ နောက်ဆုတ်ဖို့လေ၊ ကန်ဘောင်မှာ ခုန်ချဖို့ အချိန် ကောင်းရှာဖို့ မဟုတ်ဘူး"


အသက် ၂၁ ပင် မပြည့်သေးသော ဝမ်သိုက်သည် အသက် ၃၀ နီးပါးရှိသော ဝေလင်ကို ဆူပူဆုံးမနေသည်။ သူမသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ လိုက်ကာကို ဆွဲခါလိုက်ပြီး ဝေလင်ကို မကျေမနပ်ကြည့်လိုက်သည်။


"နောက်ပြီး ဒီလိုက်ကာတွေကို ပိတ်ထားတာ တစ်လလောက် ရှိပြီလား.... အမှောင်ထဲမှာပဲ နေနေရင် နေရောင်လည်း မရတော့ စိတ်ဓာတ်တွေပိုကျတာပေါ့၊ နေပူစာလှုံတာက အများကြီး အထောက်အကူမပြုပေမဲ့ အမှောင်ထဲမှာ ပုန်းနေတာထက်စာရင်တော့ အများကြီး တော်ပါသေးတယ်"


ဝေလင်သည် ခေါင်းကို ကုတ်လိုက်ကာ သက်ပြင်းချရင်း ဆိုသည်။


"ဆရာမဝမ်... ဒါက ပြောသလောက် မလွယ်ဘူးလေ၊ ကျွန်မနဲ့ သူက အထက်တန်းကျောင်းကတည်းက တွဲလာတာ၊ အခု ကျွန်မ ၃၀ ပြည့်တော့မယ်


သူက ကျွန်မကို လက်ထပ်မယ်လို့ ကတိပေးခဲ့တာလေ၊ ကျွန်မရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ စိတ်အားထက်သန်မှုတွေ အကုန်လုံး သူ့ကို ပေးခဲ့တာ၊ သူ မရှိရင် ကျွန်မ ဘယ်သူနဲ့ ဆက်တွဲရတော့မှာလဲ"


မျက်ရည်များမှာ ဝေလင် မျက်ဝန်းတွင် ဝေ့ဝဲလာသည်။ သူမသည် ဖွင့်ပြောရခက်သော နာကျင်မှုများကို တိတ်ဆိတ်စွာ နားထောင်နေသည့် ချန်စစ်ကျယ်နှင့် ဝမ်သိုက်တို့အား ရင်ဖွင့်နေတော့သည်။


"ဆယ်နှစ်ကျော်ကြာတဲ့ အချစ်ခရီးလမ်းမှာ ကျွန်မ သူများတွေရဲ့ မင်္ဂလာသတင်းကိုတောင် နားမထောင်ရဲခဲ့ဘူး၊ 'ရှင်တို့က ဘာလို့ အခုထိ လက်မထပ်သေးတာလဲ' ဆိုတဲ့ မေးခွန်းကိုလည်း မဖြေနိုင်ခဲ့ဘူး


ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ ကျွန်မကို လက်ထပ်မှာပဲ၊ ဒါပေမဲ့ သူက တခြားမိန်းကလေးတစ်ယောက်ကို အိမ်ခေါ်လာပြီး 'ငါတို့ လမ်းခွဲရအောင်' လို့ အေးအေးဆေးဆေး ပြောထွက်ခဲ့တယ်"


"သူက အရမ်းကို အရှက်မရှိတာပဲ၊ သူက ပြောတယ်... ငါတို့ တွဲတာ ကြာပြီဆိုတော့ ရင်ခုန်ဖို့ မကောင်းတော့ဘူးတဲ့၊ ကျွန်မက သူ့အတွက် အမျိုးသားချင်းလိုပဲ ဖြစ်နေပြီတဲ့" 


ဝေလင်သည် မျက်နှာကို လက်ဖြင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။


သူမသည် လက်ဖဝါးများကို ဖြည်းဖြည်းချင်း ဖယ်လိုက်ပြီး ပုတီးစိပ်နေသော ချန်စစ်ကျယ်ကိုကြည့်ကာ မေးလိုက်သည်။


"ဆရာချန်... ယောက်ျားတွေအားလုံးက ဒီလိုပဲလား၊ ကြာလာလို့ ရိုးသွားရင် ပစ်လိုက်ကြတာလား"


ချန်စစ်ကျယ် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။


"ကြက်ဥပုပ်တစ်လုံး စားမိရုံနဲ့ ကမ္ဘာပေါ်က ကြက်ဥတွေ အကုန်လုံး ပုပ်တယ်လို့ ပြောလို့မရဘူးလေ... တစ်ခါ ချော်လဲရုံနဲ့ လမ်းမလျှောက်တော့ဘူးလို့ ဆုံးဖြတ်တာက မှားတာပေါ့၊ 


တစ်ခါအဆင်မပြေ ဖြစ်ရုံနဲ့ မင်းရဲ့ အနာဂတ် အချစ်ရေးကို အယုံအကြည် မရှိဖြစ်စရာ မလိုပါဘူး၊ မင်းကံကြမ္မာက ပျော်ရွှင်မှုမရခင်မှာ လူယုတ်မာတစ်ယောက်နဲ့ အရင်ဆုံအောင် ဖန်တီးထားတာလည်း ဖြစ်နိုင်တာပဲ"


"ဒီလူက တခြားသူကို အားပေးတတ်သားပဲ" ဟု ဝမ်သိုက်က တွေးတောရင်း ဝေလင်ဘေးတွင် ဝင်ထိုင်လိုက်ကာ သူမ ပခုံးကို ပုတ်ပေးလိုက်သည်။


"လူ့ဘဝက အရှည်ကြီးပါ၊ ရှင် ၃၀ ကျော်နေပြီဆိုရင်တောင် ငယ်သေးတယ်လို့ ပြောလို့ရပါတယ်၊ မိန်းမတစ်ယောက်က လက်မထပ်ဘဲလည်း နေနိုင်တာပဲ၊ ရှင့်ရည်းစားဟောင်းက သူ့အလုပ်ကို အကြောင်းပြပြီး ရှင့်ကို ပစ်ခဲ့တယ်ဆိုရင် ရှင်ကလည်း ရှင့်အလုပ်မှာ ဘာလို့ အောင်မြင်အောင် မလုပ်နိုင်ရမှာလဲ၊ ရှင့်ရဲ့ တန်ဖိုးက အိမ်ထောင်ပြုဖို့ တစ်ခုတည်းမှာရှိနေတာ မဟုတ်ဘူး"


ဝေလင်က "ဒါပေမဲ့ ကျွန်မ..." ဟု ပြောရင်း တွန့်ဆုတ်နေစဉ် ဝမ်သိုက်က သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ စူးစိုက်ကြည့်လိုက်သည်။


"ရှင်က အရမ်းတော်တဲ့သူပါ.... ကျွန်မ ယုံကြည်တယ်၊ ရှင် ခုနက ပြောတဲ့အထဲမှာ ရှင့်အလုပ်အကြောင်းတစ်ခွန်းမှ မပါဘူး၊ ရှင့်ကိုယ်ရှင် အချစ်ရေးတစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်နေတာလား၊ ဒီလိုအဆင့်မြင့်တဲ့ အိမ်ရာမှာ နေနိုင်တာ၊ ဒီအိမ်ကို ဝယ်နိုင်တာက ရှင့်ရဲ့ စွမ်းဆောင်ရည် မဟုတ်ဘူးလား"


"ဒီအိမ်ရဲ့ ကနဦး ပေးချေမှုကိုတော့ မိဘတွေက ကူညီပေးခဲ့တာပါ" ဟု ဝေလင်က ဆိုသည်။


"ဒါပေမဲ့ ကျန်တဲ့ အရစ်ကျငွေတွေနဲ့ အိမ်အပြင်အဆင်အတွက် ပိုက်ဆံတွေကိုတော့ ကျွန်မကိုယ်တိုင်ရှာခဲ့တာပါ၊ ကျွန်မက ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုမှာ ခွဲခြမ်းစိတ်ဖြာသူ အဖြစ် အလုပ်လုပ်ကိုင်နေတာပါ"