အပိုင်း ၁၇၃
Viewers 40k

Chapter 173
ပန်းပင်စိုက်ခြင်း


ကျူးယွဲ့က နောက်ဆက်တွဲစကားများကို ဆက်မပြောရဲတော့ပေ။ ဖူလီ ထိုစကားများ ကြားသွားမည်ကိုလည်း သူမစိုးရိမ်နေသည်။ ဖူလီက မွေးဖွားစဉ်တည်းက သူတို့အနားတွင် နေခဲ့သောကလေးဖြစ်သည်။ ငယ်ရွယ်စဉ်တည်းက ဤလောကကြီးကို ချစ်မြတ်နိုးပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို ရိုသေလေးစားရန် သင်ကြားခံခဲ့ရသောကြောင့် သူ့ထက်ပို၍ ကြင်နာတတ်မည့်သူ မရှိတော့ပေ။ 

သူ၏ မွေးဖွားခြင်းက ကောင်းကင်ဘုံစည်းမျဥ်းနှင့် အညီဖြစ်ပြီး နောက်ဆုံးတွင် သူ၏သေဆုံးမှုက ဖရိုဖရဲကမ္ဘာကြီးကြားတွင် ဖြစ်ပျက်လိမ့်မည်ဟု မွေးရာပါကံကြမ္မာ ပါလာခဲ့သူဖြစ်သည်။ သို့ဖြစ်၍ သူက ဘဝတစ်လျှောက်လုံးတွင် အထီးကျန်ဆန်စွာ နေထိုင်ရမည့်သူမျိုးဖြစ်သည်။ 

ကောင်းကင်နှင့် ကမ္ဘာမြေ အရပ်မျက်နှာလေးခု၏ နတ်ဘုရားသားရဲဖြစ်သော ဟင်္သာပြဒါးငှက်ကျူးယွဲ့က ဤဟောကိန်းကို အလုံးစုံမှားယွင်းနေသည်ဟု မသတ်မှတ်နိုင်ပေ။ သို့ရာတွင် ၎င်းကို လက်ခံနိုင်ခြင်းလည်း မဟုတ်ပေ။ 

ဖူလီ့ကို သူတို့တွေ ကောင်းကောင်းမွန်မွန်စောင့်ရှောက်လာခဲ့ပြီးတော့ သူက ဒီလောက်နာခံတတ်တဲ့ကလေး ဖြစ်နေတာလေ... ဘာလို့လောကကြီးကို ဖရိုဖရဲဖြစ်အောင်လုပ်မယ့် မကောင်းဆိုးဝါးသားရဲတစ်ကောင် ဖြစ်လာ‌မှာလဲ... ကောင်းကင်ဘုံစည်းမျဉ်းက အံလောက်တောင် မျက်စိကန်းနေတာလား...

" အစ်မကျူးယွဲ့လား..."

စင်္ကြန်တွင်ရပ်နေသည့်ဖူလီက ခန်းကူကို‌ဓားဖြင့်ရွယ်ထားသောကျူးယွဲ့ကို ကြည့်နေသည်။
ဘုရင်ကန်းလေ့နဲ့ အစ်မကျူးယွဲ့က မတွေ့ရတာ နှစ်၂၀၀၀တောင် ရှိနေပြီလေ ဘာလို့ တွေ့လိုက်တာနဲ့ ရန်ဖြစ်တော့တာလဲ... 

ဖူလီ အောက်ထပ်သို့ ဆင်းလာသည်အား မြင်လိုက်ရသောအခါ ကျူးယွဲ့က သူမဓားကို ပြန်သိမ်းထားလိုက်သည်။ လက်မှဝတ်ရုံလက်ကို တစ်ချက်ခါလိုက်သည်နှင့် အိမ်ထဲမှ အရာအားလုံးက မူလအနေအထားအတိုင်း ပြန်ဖြစ်သွားသည်။

" ဘာမှမဟုတ်ပါဘူး... ‌ဒီနှစ်တွေထဲမှာ ဝက်အိုကြီးရဲ့ ကျင့်ကြံဆင့်တွေများ တက်လာသေးလားလို့ စမ်းကြည့်နေတာ..."

" အိုး..."

ဖူလီ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

" ဘုရင်ကန်းလေ့ဆီက သတင်းကြားလို့ ကျွန်တော်နဲ့ကျွမ်းချင်ရဲ့ တာအိုပေါင်းစည်းအခမ်းအနားကို လာတက်တာလား..."

ဖူလီက အောက်ထပ်ကို အမြန်ပြေးဆင်းလာပြီး သူ့မျက်နှာထက်တွင်လည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေသည်။

ကျွမ်းချင်က သူ့နောက်မှလိုက်လာပြီး ကျူးယွဲ့ကို တိတ်တဆိတ် အကဲခတ်နေသည်။ ဖူလီက ဤအကြီးအကဲများနှင့် အလွန်ရင်းနှီးစွာ နေခဲ့သောကြောင့် သူတို့၏ အပြုအမူကို ထူးခြားသည်ဟု မမြင်သော်လည်း ကျူးယွဲ့နှင့် ခန်းကူတို့အကြားမှ အခြေအနေက ပုံမှန်မဟုတ်ကြောင်း ကျွမ်းချင် သတိထားမိသည်။ သို့ရာတွင် ကျွမ်းချင်က  နှစ်ပေါင်း ၁၉၀၀ခန့် တစ်ယောက်တည်း နေထိုင်ခဲ့ရသူဖြစ်၍ ဖူလီထက်ပိုပြီး စိတ်ခံစားချက်များကို ခံစားလွယ်သည်။  မဟာမိစ္ဆာကျူးယွဲ့က သူနှင့်ဖူလီ၏ တာအိုပေါင်းစည်းအခမ်းအနားသို့ မတက်ရောက်မည်ကို သူ စိုးရိမ်‌နေမိသည်။ 

" မဟုတ်ဘူး..."

သူမ အနားရောက်လာသည့်ဖူလီကို မြင်သည့်အခါ ကျူးယွဲ့ စကားပြောရပ်သွားသည်။

သူ့ကိုယ်ပေါ်က သူတော်ကောင်းတရားနဲ့ ခရမ်းရောင်ချီဓာတ်တွေက ဘယ်ကနေ ရောက်လာတာလဲ... 

သူမလက်ချောင်းများ ကွေးညွတ်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီးနောက် သူမ အမူအရာက ဝမ်းနည်းဝမ်းသာဖြစ်သွားသည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင် လှေကားထစ်ပေါ်၌ ရပ်ကြည့်နေသော ကျွမ်းချင်ကို သူမ လှမ်းကြည့်လိုက်သည်။ ကျွမ်းချင်ကို ရွှေနဂါးနန်းတော်တွင် နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်က သူ၏ ခရမ်းရောင်ချီဓာတ်နှင့် ရွှေရောင်သူတော်ကောင်းတရားက ဤမျှအထိ ထူထပ်မနေသေးပေ။ ယခုအခါ သူ့ကိုပြန်တွေ့ချိန်တွင် ယခင်တစ်ခေါက်ထက်ပိုပြီး သန်မာလာပေသည်။

" ဟုတ်တယ် ငါ ခန်းကူအကြောင်းကြားတာကိုကြားလို့ ပင်လယ်ကနေ အမြန်ပြန်လာတာ..."

ကျူးယွဲ့က စကားကို ပြန်ပြင်ပြောပြီး ပြုံးပြလိုက်သည်။

" မင်းက အနာဂတ်မှာ မိသားစုရှိတဲ့မိစ္ဆာ ဖြစ်လာတော့မှာလေ... အရင်တုန်းကလို အပျင်းထူမနေဘဲ ကောင်းကောင်းကျင့်ကြံ..."

ဖူလီက ပြုံးပြပြီး ခေါင်းကုတ်လိုက်သည်။ ကျူးယွဲ့က သူမ ချမ့်ခွန်းအိတ်ထဲမှ လက်ဆောင်များကိုထုတ်ပြီး ဂျူနီယာနှစ်ယောက်၏ လက်ထဲအပြည့်ထည့်လိုက်ကာ ရှင်းရှင်းနှင့် ပိုင်ဇယ်ကိုရှာရန် အခြားအခန်းများဘက် ထွက်သွားသည်။ ရှင်းရှင်းနှင့် ပိုင်ဇယ်က တည်ကြည်သည့်အကျင့်စရိုက်ရှိသူများဖြစ်၍ ကျူးယွဲ့ကိုမြင်သည့်အခါ အလွန်အမင်း မအံ့ဩသွားကြပေ။ အခန်းထဲတွင် အသံလုံသည့် အစီအစဉ်တစ်ခု ချထားလိုက်ပြီးသည့်နောက်တွင် ပိုင်ဇယ်က ပြောလာသည်။

" ‌ပင်လယ်မှာ အချိန်ဖြုန်းနေပြီး နောက်‌ဆုံးတော့ အိမ်ပြန်ရောက်လာပြီပေါ့လေ..."

" ရှောင်လီနဲ့ ကျွမ်းချင်ကို တာအိုလက်တွဲဖော်ဖြစ်လာအောင်လုပ်ခိုင်းတာ နင်တို့နှစ်ယောက်ရဲ့ အကြံလား..."

ကျူးယွဲ့က ပြတင်းပေါက်ဘောင်ပေါ် ထိုင်နေပြီး ကျွမ်းချင်နှင့်ဖူလီတို့က ခြံဝင်းထဲမှ ပန်းပွင့်လေးများကို ကြည့်နေကြသည်ကို စောင့်ကြည့်နေမိသည်။

" ရှောင်လီရဲ့ အသက်ရှင်ဖို့ အခွင့်အရေးက ငါတို့မျက်စိအောက်မှာတင် ရှိနေခဲ့တာ မယုံနိုင်ဘူး..."

" သူတို့နှစ်ယောက်က အစတည်းက တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိနေပြီးသားပါ... ငါတို့ ဘာအကြံမှ မထုတ်လိုက်ရဘူး..."

ပိုင်ဇယ်ကလည်း ကျူးယွဲ့ကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။ ဖူလီက ပန်းပွင့်လေးတစ်ပွင့်ကို ခူးလိုက်ပြီးနောက် ကျွမ်းချင်၏ခေါင်းပေါ်တင်ပေးလိုက်သည့်အခါ ကျွမ်းချင်က ကူကယ်ရာမဲ့သော်လည်း အလိုလိုက်သည့် အကြည့်တစ်မျိုးဖြင့် ပြန်ကြည့်နေသည်။ သူတို့ကြားမှ ဆက်ဆံရေးက ကောင်းလွန်းလှသည်။

" ဒီလိုလေးဆိုလည်း ကောင်းပါတယ်... သူ ချစ်တဲ့လူက သူ့ကံကြမ္မာအတွက် လက်တွဲဖော်ကောင်းပေါ့... သူ အသက်ရှင်ဖို့အတွက် သူ့ကံကြမ္မာကို အပေးအယူလုပ်ပြီး ရွေးချယ်စရာ မလိုတော့ဘူး..."

ကျူးယွဲ့ပြုံးလိုက်သည်။ သူမ လက်တစ်ဖက်ကို ဒူးပေါ်တင်ပြီး နံရံကိုမှီကာ အကြည့်ပြန်လွှဲလိုက်သည်။ 

" ငါ အရင်တစ်ခေါက် ကျွမ်းချင်ကို တွေ့ခဲ့တုန်းကဆို သူ့ရဲ့ဇာတာခွင်က အခုလောက်ထိ မကောင်းဘူး..."

" သူကအခု ရေနေသတ္တဝါမျိုးနွယ်တွေရဲ့ နဂါးဧကရာဇ် ဖြစ်နေပြီလေ... အတိတ်ကနဲ့ မ‌တူတော့တာ သဘာဝပါပဲ..."

ပိုင်ဇယ်က သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။ 
" ရေက သက်ရှိသတ္တဝါအားလုံးအတွက် အရေးကြီးဆုံးအရာပဲ... အခု သူက ရေနေသတ္တဝါမျိုးနွယ်တွေကို ထိန်းချုပ်နေပြီဆိုတော့ သူ့ကံကြမ္မာက အတိတ်နဲ့မတူတော့ဘူးလေ..."

" သူက ကောင်းတဲ့အရာတွေကိုပဲ ကြုံတွေ့ရမှာ..."
ကျူးယွဲ့၏လေသံက အနည်းငယ်ရှုပ်ထွေးနေသည်။ 

" လူသားလောကမှာ စကားတစ်မျိုးရှိတယ် 'မျိုးဆက်တစ်ခုစီတိုင်းက အရင်မျိုးဆက်ကို ကျော်လွန်ပြီး အစားထိုးသွားနိုင်တယ်တဲ့' ...အရင်မျိုးဆက်ဖြစ်နေတဲ့ ငါတို့က ဂျူနီယာတွေနဲ့တော့ မယှဉ်နိုင်တော့ဘူး..."

" သူာအရင်ဘဝက ဘယ်သူလဲဆိုတာသိရင် နင်ပိုပြီးတောင် စိတ်ရှုပ်သွားဦးမယ်..."

ရှင်းရှင်းက ခုံပေါ်တွင် ပျင်းရိပျင်းတွဲထိုင်နေသည်။
" နင် ပင်လယ်ထဲမှာ အကြာကြီးနေနေခဲ့တာက  ဖူလီ့အတွက် အခွင့်အရေးရှာပေးချင်လို့မလား...ပြီးတော့ ကမ္ဘာမြေကြီးကို ရင်မဆိုင်ချင်လို့လေ... အရပ်လေးမျက်နှာက နတ်ဘုရားသားရဲလေးကောင်ထဲက တစ်ကောင်ဖြစ်တဲ့ ဟင်္သာပြဒါးငှက်ကို လောကကြီးက မမေ့သွားစေချင်လို့လည်း ဟုတ်တယ်မလား..."

ကျူးယွဲ့က ဒူးပေါ်တင်ထားသည့်လက်ကို စိုက်ကြည့်နေပြီး ပြောစရာစကားမဲ့သွားသည်။ 

" အသစ်တွေက အဟောင်းတွေကိုအစားထိုးလာပြီး လောကကြီးလည်း အသွင်ပြောင်းလာတယ်... ဒါကို အနှေးနဲ့အမြန်တော့ လက်ခံရမှာပဲ..."
ရှင်းရှးက ကျယ်လောင်ရှင်းလင်းစွာ အော်ရယ်လိုက်သည်။ 

" လူသားဖြစ်ဖြစ် မိစ္ဆာဖြစ်ဖြစ် သက်ရှိတိုင်းက ဘဝရဲ့အနိမ့်အမြင့် အတက်အကျကိုတော့ ခံစားရမှာပဲ... နင် ဒီအသက်အရွယ်ထိ နေလာခဲ့ပြီးတာတောင်မှ ဒါကို နားမလည်သေးဘူးဆိုရင် နှစ်ပေါင်းများစွာကျင့်ကြံခဲ့တာတွေ အလဟဿပဲ..."

ကျူးယွဲ့က သရော်လိုက်သည်။

" ငါ နားလည်တော့ရော ဘာဖြစ်လဲ... နားမလည်တော့ရော... ဒါက ဧကန်မုချဖြစ်လာမယ့် အဆုံးသတ်တစ်မျိုးပဲဆိုရင် ငါက ဒေါသထွက်ခွင့်တောင် မရှိတော့ဘူးလား..."

" အရာအားလုံးက ဒီတိုင်းပဲ ဧကန်မုချဖြစ်လိမ့်မယ်လို့ ဘယ်သူပြောလဲ..."

ရှင်းရှင်းက ပေါင်းပင်များကို နှုတ်နေသည့်ဖူလီကို လက်ညှိုးထိုးပြလိုက်သည်။
" အပြောင်းအလဲနဲ့ အဆုံးသတ်အသစ်တွေဆိုတာတော့ အမြဲရှိနေတာပဲ..."

ကျူးယွဲ့၏နှုတ်ခမ်းထောင့်များ လှုပ်ရှားသွားသော်လည်း ရှင်းရှင်း၏စကားများကို သူမ ခွန်းတုံ့မပြန်မိပေ။ 

" ရှောင်လီနဲ့ ကျွမ်းချင်တို့ရဲ့ တာအိုပေါင်းစည်းအခမ်းအနားကို နောက်လ ၁၈ရက်နေ့မှာလုပ်ဖို့ စီစဉ်ထားတယ်... အဲ့နေ့မှ ဒြပ်စင်ငါးခုလုံး သန့်စင်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကလည်း စည်းချက်ကျနေတယ်..."

ကျူးယွဲ့ စကားဆက်ပြောလိုစိတ် မရှိသည်ကို မြင်သောအခါ ပိုင်ဇယ်က ဖူလီ၏ တာအိုပေါင်းစည်းအခမ်းအနားအကြောင်း ပြောလိုက်သည်။

" ငါတို့ အားလုံးကို တွက်ချက်ထားပြီးပြီ နင်ရောဘယ်လိုထင်လဲ..."

" အားလုံးက အဆင်ပြေတယ်ပြောမှတော့ ဘာကိစ္စမှ မရှိလောက်ပါဘူး..."

ကျူးယွဲ့၏အမူအရာက စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း သူမမျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။

" တကယ်လို့ ခွန်းလွန်တောင် ရှိသေးတယ်ဆိုရင် ရှောင်လီတို့ရဲ့ တာအိုပေါင်းစည်းအခမ်းအနားကို အဲ့မှာပဲ လုပ်သင့်တယ် ဒါဆိုရင် အခမ်းနားဆုံး ဖြစ်သွားမှာပဲ..."

" ဒီခေတ်တောင်ရောက်နေပြီ အရာအားလုံးကို တခမ်းတနားကြီး လုပ်နေစရာ မလိုတော့ပါဘူး..."
ရှင်းရှင်းက သူ့ချမ့်ခွန်းအိတ်ထဲမှ သစ်သီးများထုတ်ပြီး ဝါးစားနေသည်။

" ကလေးနှစ်ယောက်ကြားက ဆက်ဆံရေးက ကောင်းနေတာပဲ... ဒီတစ်ခုတည်းနဲ့တင် အရာအားလုံးထက် အသန်မာဆုံးဖြစ်နေပြီ..."

" နင်တို့အားလုံးက အရာရာကို ပွင့်ပွင့်လင်းလင်းပဲ တွေးကြတာပဲ..."
ကျူးယွဲ့က ပြတင်းပေါက်ဘောင်မှ ခုန်ချလိုက်သည်။

" ဖိတ်စာတွေကိုရော ပြင်ပြီးပြီလား... လောင်ခန်း တာအိုပေါင်းစည်းအခန်းအနားမှာ ဝတ်မယ့် ဝတ်စုံတွေကို နင်ကိုယ်တိုင်ချုပ်ရမယ်... ငါတို့က အတိတ်တုန်းကလောက် မကြွယ်ဝတော့ပေမယ့် ပစ္စည်းတွေက အကျည်းတန်နေလို့ မဖြစ်ဘူး..."

" စိတ်ချစမ်းပါ... ငါကိုယ်တိုင်ဝတ်စုံတွေချုပ်ပေးမယ် နင်နဲ့ပိုင်ဇယ်က အပေါ်မှာ အဆောင်တွေလိုက်ထည့်... အဝတ်တွေကိုသန့်စင်ဖို့ မီးကိုတော့ လောင်ဖုန်းဟွမ်ရဲ့ စစ်မှန်မီးတောက် သုံးရင်ရတယ်... ဝတ်စုံတွေက ကျိန်းသေပေါက်လှပြီး အသုံးဝင်မှာပဲ ငါတို့ တစ်ခုခုနဲ့ ကြုံရင်..."

ပါးစပ်ပေါက်ပိတ်ထားစမ်း... စကားမပြောတတ်ဘူးဆိုရင် စကားမပြောနဲ့..."
ကျူးယွဲ့က ပြောလိုက်သည်။

ခန်းကူ : ...

.....

ကျွမ်းချင်၏ ပန်းခြံထဲမှ ပန်းပွင့်များကို ရေနေသတ္တဝါမျိုးနွယ်မှ မိစ္ဆာငယ်လေးများ လာရောက်ချိန်တွင် ရေလောင်းပေါင်းသင်ပေးကြသောကြောင့် သာမန်အချိန်များတွင် ကျွမ်းချင်က ၎င်းတို့ကို အရေးမစိုက်မိပေ။ ဖူလီက ပန်းပွင့်များကိုခူးပြီး ရောင်ပြန်မြူတောင်မှ ယူလာသည့် ပျိုးပင်အစေ့ဟုခေါ်သည့်အရာများကို နေရာအနှံ့လျှောက်ကြဲနေသော်လည်း ကျွမ်းချင်က မည်သို့ဟန့်တားခြင်းမှ မပြုလုပ်ဘဲ ဖူလီ့ကိုကူပြီး ပေါင်းပင်များ နှုတ်ပေးနေသည်။ 

" ဒီပန်းပွင့်လေးတွေက အရမ်းလှခဲ့တယ်ဆိုတာ ငါမှတ်မိသေးတယ်... သူက အရောင်တွေမတူအောင်ပွင့်တာလေ... ပန်းပွင့်တဲ့အချိန်တိုင်း ခုနစ်ရောင်ခြယ်သမင်ကြီးက အရမ်းကျေနပ်ပြီး တောင်ထိပ်ကနေ တောင်ခြေအထိ ပွင့်သမျှပန်းအားလုံးကို စားပစ်တာ..."

ဖူလီက အစေ့များကို ကြဲနေလျက် ပန်းပွင့်များ ပွင့်လာချိန်တွင် မည်သို့သောပုံစံဖြစ်လာမည်ကို ကျွမ်းချင်အား ပြောပြနေသည်။

" ဒီပန်းလေးတွေက ပွင့်လာရင် တော်တော်သေးတာ... ဒါပေမဲ့ ညဘက် လရောင်ထွက်လာတဲ့အချိန်ဆိုရင် အလင်းရောင်တွေဖြာထွက်ပြီး အရမ်းလှတာပဲ... ဒါပေမဲ့ သူက စားမယ်ဆိုရင်တော့ သိပ်မကောင်းဘူး အရသာက နည်းနည်းချဉ်တဲ့ဘက်သွားတယ်.. အားလုံးက အသားစားနေကျသူတွေဆိုတော့ ဒါကိုစွပ်ပြုတ်ချက်ဖို့ပဲသုံးတာ..."

ကျွမ်းချင် : ...

အဲတော့ အားလုံးရှင်းပြပြီးတဲ့အချိန်မှာ ဒီပန်းပွင့်လှလှလေးတွေကို ရောင်ပြန်မြူတောင်က ယောင်ကျင့်ကြံသူတွေက စားစရာအဖြစ် သဘောထားပြီးစားတယ်လို့ ပြောချင်နေတာလား...

" လူသားလောကရဲ့ ဝိညာဉ်ချီဓာတ်က တော်တော်လေးနည်းတာ နှမျောစရာကောင်းတယ်... ဒီမှာစိုက်ထားတယ် ပန်းလေးတွေ ဘယ်တော့မှ ပွင့်လာမလဲ မသိဘူး..."

ဖူလီက ပျိုးပင်စေ့လေးများကို တူးထားသည့် မြေကျင်းလေးများထဲထည့်ပြီး အပေါ်မှ မြေကြီးဖြင့်ပြန်ဖို့ကာ ခြေထောက်ဖြင့် နှစ်ချက်တိတိဆောင့်နင်းလိုက်သည်။

ကျွမ်းချင် : သူ အဲလိုအားကြီးနဲ့ ဆောင့်နင်းနေရင်တော့ ပန်းတွေ ဘယ်တော့မှ ပွင့်မလာတော့လောက်ဘူးထင်တယ်...

ပန်းပင်စိုက်ပြီးသည့်အခါ ဖူလီက ကျွမ်းချင်ကို စာကြည့်ခန်းထဲမှ ဒိုင်မေးရှင်းထဲကို ခေါ်သွားသည်။ သူ ရွံ့ကရားတစ်လုံးထုတ်ပြီး ကျွမ်းချင်ကို လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်သည်။

" ဒီထဲမှာ သလင်းကျောက်ပန်းပွင့်ရှိတယ်... သူ ပွင့်လာပြီဆို ပွင့်ဖတ်လေးတွေက ကြည်လင်နေတာပဲ... ကောင်းကင်ပေါ်က ကြယ်တွေအားလုံး မြေကြီးပေါ်ကျလာသလိုပဲ တော်တော်လှတယ်..."

" အဲဒါ စားလို့ရလား..."
ဖူလီ၏အကြောင်း နောကြေနေပြီဖြစ်သောကျွမ်းချင်က လက်ဦးမှုယူပြီး မေးလိုက်သည်။

" နဂါးလေးကျွမ်း မင်းဘာလို့ အဲလိုကြီးပြောတာလဲ... အားလုံးကို စားဖို့ပဲ တွေးမနေနဲ့လေ..."

ဖူလီက ချမ့်ခွန်းအိတ်ထဲမှ ရွှေရောင်ပေါက်ပြားတစ်ချောင်းကိုထုတ်ပြီး မြေကျင်းလေးတူးကာ အစေ့တစ်စေ့ ထည့်လိုက်သည်။

" ဒီပန်းက စားလို့မရပေမယ့်... ခြောက်သွားပြီဆိုရင် သလင်းကျောက်ဖြစ်လာတာ... အဲဒီသလင်းကျောက်က အဆင်တန်ဆာအဖြစ်သုံးလို့ အရမ်းကောင်းတယ်... ရေနဲ့ထိရင် အရည်မပျော်ဘူး မီးနဲ့ထိရင်လည်း မအက်သွားဘူးလေ... မင်း ဒီလို အရောင်လက်လက်လေးတွေ သဘောကျတယ်မလား... ဒီပန်းပွင့်တွေ အသီးသီးလာပြီးရင် ငါမင်းအတွက် ဘွန်ဆိုင်းတစ်ပင်လုပ်ပေးမယ်..."

" ဒီလိုပစ္စည်းတွေက ကိုယ့်အတွက် တန်ဖိုးမကြီးပါဘူး..."
ကျွမ်းချင်က ရုပ်တည်ကြီးဖြင့်ပြောလိုက်ပြီး ဖူလီ့လက်ထဲမှ ပေါက်ပြားကိုယူ၍ ကူတူးပေးလိုက်သည်။

" မင်း ဒီလိုကိစ္စတွေနဲ့ ကိုယ့်ဘာသာ အခက်တွေ့အောင် လုပ်စရာမလိုပါဘူး..."

" မင်းက ငါ့ရဲ့နဂါးလေးဖြစ်နေပြီလေ ဘယ်လိုလုပ် မင်းအကြိုက်ကို မသိချင်ယောင်ဆောင်နေနိုင်မှာလဲ..."

ဖူလီက သူ့နားကပ်လာပြီး နှုတ်ခမ်းထောင့်ကို ဖျတ်ခနဲနမ်းလိုက်သည်။

" မင်းက နဂါးပဲလေ အရောင်တောက်တဲ့ပစ္စည်းတွေကိုကြိုက်တာ ရှက်စရာမဟုတ်ပါဘူး... လိမ်လိမ်မာမာနေပါ ဖူကောက မင်းကို အလိုလိုက်မှာပေါ့..."

ထိုစကားများကို ကြားသည့်အခါ ကျွမ်းချင်ပျော်သွားသော်လည်း ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ ဖူလီ့ကို ခါးမှဆွဲ၍ မျက်နှာပေါ်ကို နှစ်ကြိမ်တိတိ ခပ်ကြမ်းကြမ်းနမ်းလိုက်ပြီး စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်သည်။

" ဒါဆိုရင်တော့ ညကျရင် ကောင်းကောင်းအလိုလိုက်ပေးလေ..."

" နဂါးလေးကျွမ်း မင်းက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာပဲ အဲအကြောင်းကလွဲရင် တခြားဟာ မတွေးတတ်တော့ဘူးလား..."

ဖူလီ၏ အသံက မကျေမနပ်ပုံစံဖြစ်နေသော်လည်း သူ့မျက်လုံးများက လက်ထဲရှိ သလင်းကျောက်ပန်းပွင့်ထက်ပို၍ အရောင်တောက်ပနေသည်။

" အင်း ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ဆိုးတာလေ..."

ကျွမ်းချင်က ဖူလီ့နားနားကပ်၍ ရယ်လိုက်သောကြောင့် သူ့ရယ်သံက ဖူလီ့တစ်ကိုယ်လုံးကို ယားကျိကျိဖြစ်သွားစေသည်။ သူ ကျွမ်းချင်ကို တွန်းထုတ်လိုက်သည်။

" အလုပ်ကောင်းကောင်းလုပ်လေ အချောင်မခိုနဲ့..."

သလင်းကျောက်ပျိုးပင်စေ့များကို မြေကျင်းလေးထဲ ထည့်ပြီးနောက် မြေကြီးဖြင့် ပြန်ဖုံးထားလိုက်ပြီး ဝိညာဉ်စမ်းချောင်းရေဖြင့် လောင်းလိုက်သည်။ သလင်းကျောက်ပန်းပွင့်များ ပွင့်လာမည့်နှစ်တွင် ဤဒိုင်မေးရှင်းတစ်ခုလုံး ပန်းပွင့်များဖြင့် အပြည့်ဖြစ်လာနိုင်သည်။

သစ်စေ့များကို ရေတွက်နေပြီး ရှင်သန်နိုင်မည့်အရေအတွက်နှင့် မည်သည့်ဘွန်ဆိုင်းက သင့်တော်မည်ဟုတွေးတောနေသည့်ဖူလီ့ကို ကျွမ်းချင် တစ်ချက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပေသည်။ ဤဒိုင်မေးရှင်းနေရာက အလွန်နွေးထွေးလွန်းလှ၍ သူ့နှလုံးသားသည်ပင် နွေးထွေးလာရသည်။

" ဒီက မြေကြီးက တရုတ်နှင်းဆီ၊ ပျိုနီပန်းပင်နဲ့ တခြားအပင်တွေစိုက်ဖို့ အတော်ပဲ..."

သလင်းကျောက်စေ့များအားလုံးကို စိုက်ပြီးသည့်အခါ ကျွမ်းချင်က အဝေးတစ်နေရာမှ မြေကွက်လပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

" ဒီလိုဆို အရောင်တွေက ခြောက်ကပ်ကပ်ကြီး မဖြစ်တော့ဘူး..."

" ပျိုနီပန်းတဲ့လား..."
ဖူလီ မျက်ခုံးပင့်လိုက်ပြီး ကျွမ်းချင်ကို မကျေမနပ်ဖြင့် မျက်စောင်းထိုးလိုက်သည်။

ဖူလီ့အကြည့်ကြောင့် ကျွမ်းချင် တအံ့တဩဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

" တကယ်လို့ မင်း ပျိုနီပန်းတွေမကြိုက်ရင် မင်း အရင်ကပြောဖူးတဲ့ ခုနစ်ရောင်ခြယ်ပန်းလည်း မဆိုးပါဘူး..."

" ‌ဒါဆိုရင်တော့ ခုနစ်ရောင်ခြယ်ပန်းပဲ စိုက်တာပေါ့..."
ဖူလီက ခုနစ်ရောင်ခြယ် ပျိုးပင်စေ့များကို ကြဲလိုက်သည်။

" မင်း ပျိုနီပန်းတွေ မစိုက်ဘူးလား..."

" ငါမှ သဘောမကျတာ..."
ဖူလီက မြေကြီးကို အားဖြင့် ဆောင့်နင်းလိုက်သည်။

" သူတို့က ကြည့်ရဆိုးတယ်..."

ကျွမ်းချင်က နှစ်စက္ကန့်ခန့် ငြိမ်ကျသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ပျိုနီပန်းတွေက အရောင်တောက်လွန်းတော့ မင်းသဘောမကျတာ ဖြစ်သင့်ပါတယ်..."

ဖူလီက နှာမှုတ်လိုက်ပြီး  မြေတွင်းထဲကို ပျိုးပင်အစေ့များ မတော်တဆ ထပ်ထည့်လိုက်သည်။ 

ကျွမ်းချင် : ...

ဘာတွေဖြစ်နေတာလဲ...