အခန်း ၈
Viewers 526


သူတို့နှစ်ဦး ညဈေးတန်းမှာ ကိုးနာရီကျော်တဲ့အထိ ရှိနေခဲ့ကြသည်။ အနီးအနားက ကျောင်းအများစုက ဆယ်နာရီဆို အဆောင်ပိတ်တတ်သဖြင့် မကြာခင်မှာပဲ ကျောင်းသားများ လူစုခွဲသွားကြတော့သည်။ ဘီယာသောက်ရင်း ကျန်ရစ်နေသည့် စားပွဲဝိုင်းအနည်းငယ်သာ ပတ်ဝန်းကျင်၌ တိတ်ဆိတ်စွာ ကျန်ရစ်တော့၏။


ယူဇီလည်း အနည်းငယ် ပင်ပန်းလာသည်နှင့် ပြန်ရန် ထရပ်လိုက်သည်။ ထိုအခါ ရှဲ့တုန်းချန်က ကားသော့ကို အမြန်ဆွဲယူကာ သူ့နောက်ကနေ ခပ်သွက်သွက် လိုက်လာခဲ့သည်။


မကြာမီ နှစ်ယောက်သား ကားပေါ်သို့ ရောက်လာကြသည်။ ရှဲ့တုန်းချန်က စက်နှိုးပြီးနောက် အိမ်အပြန် လမ်းမဆီသို့ ကားကို ဦးတည်မောင်းနှင်လိုက်၏။


ယူဇီကတော့ ကားပြတင်းပေါက်ကို ခေါင်းမှီရင်း ငိုက်မြည်းလာကာ မျက်ခွံများ တဖြည်းဖြန်း မှိတ်ကျလာတော့သည်။ တက္ကသိုလ်နယ်မြေကနေ ရှဲ့တုန်းချန်၏ အိမ်ကို သွားရသည့်လမ်းမှာ မတ်စောက်သည့် ကုန်းတက်လမ်းအရှည်ကြီး တစ်ခုကို ဖြတ်ကျော်ရသည်။


ရုတ်တရက် "ဝူး..." ခနဲ အသံတစ်ချက်နှင့်အတူ ကားကြီး ရပ်တန့်သွားခဲ့သည်။


"ဟင်..." တစ်ဝက်တစ်ပျက် နိုးလာသည့် ယူဇီက မျက်လုံးကို ဖွင့်ကြည့်ပြီး မောင်းသူနေရာက ရှဲ့တုန်းချန်ကို လှမ်းကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"


ရှဲ့တုန်းချန်က သော့ကို အကြိမ်ကြိမ် လှည့်နှိုးကြည့်သော်လည်း ကားက ဘာတုံ့ပြန်မှုမျှ မရှိပေ။ သူက မျက်နှာပျက်ပျက်ဖြင့် "ကားပျက်သွားပြီ ထင်တယ်" ဟု ဆိုသည်။


"အကြောင်းရင်းမရှိဘဲ ဘယ်လိုလုပ် ပျက်ရတာလဲ။" ယူဇီက မျက်လုံးကို ပွတ်သပ်ရင်း "ဒီနေ့မွန်းလွဲပိုင်းတင် မင်း ကားစစ်ဆေးရေး သွားထားတာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။


"ကျွန်တော်လည်း မသိဘူး။" ရှဲ့တုန်းချန်က အပြင်ဘက်ကို လှမ်းကြည့်လိုက်မိသည်။ ကားက ကုန်းတက်လမ်းပေါ် အတိအကျ ရပ်နေခြင်းပင်။


ဤစုတ်နေသည့် ကားအိုကြီးက တုန်ခါရုံမျှဖြင့် အပိုပစ္စည်းနှစ်စုံလောက် လွင့်ထွက်သွားနိုင်ပြီး ဘယ်အချိန်မှာ ပြဿနာရှာဦးမလဲဆိုတာ မည်သူမျှ ကြိုမသိနိုင်ပေ။


ရှဲ့တုန်းချန် ကားပြတင်းပေါက်ကို ဖွင့်လိုက်သည်။


 သန်းခေါင်ယံ လမ်းမထက်တွင် လူသူကင်းမဲ့နေပြီး ကားပြင်ဆိုင်ဆိုသည်မှာ ဝေးဝေးသာ ထားလိုက်ပါတော့။ သူက ကားဆွဲကူညီရေးအဖွဲ့ထံ ဖုန်းဆက်လိုက်သော်လည်း ဤနေရာက ခပ်လှမ်းလှမ်း ရောက်နေသဖြင့် ကားဆွဲယာဉ် ရောက်လာရန် တစ်နာရီခန့် စောင့်ရဦးမည် ဖြစ်သည်။


သို့သော်လည်း ကားကို ကုန်းတက်လမ်းပေါ်တွင် ဒီအတိုင်း ရပ်ထားရန်က အန္တရာယ်များလွန်းလှသည်။ အကယ်၍ နောက်ကနေ လမ်းလျှောက်လာသူ ရှိနေစဉ် ကားက နောက်ပြန်လိမ့်ကျသွားပါက အကျိုးဆက်ကို တွေးဝံ့စရာပင် မရှိချေ။


"ဒီမှာ ဒီအတိုင်း ထားလို့မဖြစ်ဘူး။ ကားကို ကုန်းအောက်ရောက်အောင် တွန်းချရမယ်။"


"တောက်..." ယူဇီက ကျိန်ဆဲလိုက်မိသည်။ ကောင်းကောင်းလည်း မအိပ်ရသေးသည့်အပြင် အခုလို သန်းခေါင်ယံအချိန်ကြီးတွင် ဤကားစုတ်ကြီးကို တွန်းနေရဦးမည်။


သို့သော်လည်း စက္ကန့်ပိုင်းအကြာတွင် သူ ကားတံခါးကို ဖွင့်ကာ အပြင်သို့ ဆင်းလာခဲ့သည်။ သူက ဂျာကင်အင်္ကျီကို ချွတ်ပြီး နောက်ခန်းထိုင်ခုံပေါ်သို့ ပစ်တင်လိုက်ရာ အတွင်းက အင်္ကျီလက်ရှည်သာ ကျန်တော့သဖြင့် လက်မောင်းကို လိပ်တင်လိုက်၏။


"ကဲ... စရအောင်။" ရှဲ့တုန်းချန်က ကားနောက်မြီးကို ပုတ်ရင်း သူ့ကို အချက်ပေးလိုက်သည်။


"တစ်... နှစ်..." ရှဲ့တုန်းချန်က အော်ဟစ်ကာ အချက်ပေးသည်။ ယူဇီကလည်း စည်းချက်အတိုင်း လိုက်ပါရင်း ကားကို အားကုန် တွန်းလိုက်တော့သည်။


ဤကုန်းတက်လမ်းက တကယ်ပင် မတ်စောက်လှ၏။ အားသွန်ခွန်စိုက် တွန်းသော်လည်း ကားက ရှေ့သို့ နှစ်မီတာခန့်ပင် မရွေ့ချေ။ ယူဇီ လက်မောင်းများမှာလည်း စတင် ကိုက်ခဲလာခဲ့ပြီဖြစ်သည်။


"ဆက်တွန်း... နည်းနည်းလောက် ထပ်အောင့်ထားဦး။ ကုန်းထိပ်ကို ရောက်တော့မယ်" ဟု ရှဲ့တုန်းချန်က အားပေးစကား ဆိုသည်။


ယူဇီမှာ အံကြိတ်ကာ ဆက်တွန်းရုံမှတစ်ပါး အခြားမရှိပေ။ သန်းခေါင်ယံ ဆောင်းဦးလေညင်းက ပို၍ အရိုးကွဲမတတ် အေးစက်လာပြီး ယူဇီတစ်ကိုယ်လုံး လေအေးများ ပြည့်နှက်နေသည့် မီးပုံးပျံကြီးတစ်ခုလို ခံစားနေရသည်။


သူ့နဖူးပြင်တွင် ချွေးစက်များ စို့တက်လာပြီး လက်မောင်းအထက်ပိုင်းမှာလည်း လက်တစ်အက်ဆစ် (Lactic acid) များ စုပုံလာမှုကြောင့် ထုံကျင်လာခဲ့ပြီ ဖြစ်သည်။


နောက်ဆုံးတွင်တော့ ကားကြီး ကုန်းထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။


ကုန်းဆင်းလမ်းတွင် တွန်းရသည်မှာ အဆင်ပြေလှသဖြင့် ယူဇီလည်း လက်ကို လျှော့ချလိုက်နိုင်သည်။ နောက်ဆုံး ဆယ်မီတာခန့်တွင် သူတို့နှစ်ဦး တဝက်ပြေးတဝက်လျှောက်ဖြင့် ကားကို လမ်းအောက်ခြေအထိ တွန်းပို့လိုက်ကြသည်။ ယူဇီ သက်ပြင်းချနိုင်ကာ ခြေလှမ်းများလည်း ပေါ့ပါးသွားတော့၏။


သို့သော် ဤဆင်ခြေဖုံးရပ်ကွက်၏ လမ်းများက ချိုင့်ခွက်များဖြင့် လွန်စွာ မျက်နှာပြင်မညီညာပေ။ ကားက ကုန်းအောက်သို့ လျှောဆင်းသွားချိန်မှာပဲ သူတို့ရှေ့တွင် လက်တစ်ကမ်းစာခန့်ရှိသော ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာသည်။


ယူဇီက အရှိန်မသတ်နိုင်ဘဲ ထိုချိုင့်ခွက်နှင့် တိုက်မိကာ ခလုတ်တိုက်လဲသွားခဲ့တော့သည်။

ဖုန်း!

သူက ဘေးစောင်းလျက်သား လဲကျသွားပြီး ဒူးခေါင်းနှစ်ဖက်စလုံး ကတ္တရာလမ်းနှင့် ပွတ်တိုက်သွားကာ စူးစူးရှရှ နာကျင်သွားရသည်။ ရှဲ့တုန်းချန်က သူလဲကျသွားသည်ကို မြင်သော်လည်း အချိန်မီ လှမ်းမဆွဲနိုင်ခဲ့ပေ။


ယူဇီက ကွန်ကရစ်လမ်းပေါ်တွင် လိပ်ခွေလျက်သားဖြင့် ခြေထောက်ကို ဖက်ထားရင်း စိတ်ထဲတွင် တစ်ခုတည်းသာ တွေးမိတော့သည် — ငါ့ဘဝတော့ တကယ်ပဲ သွားပြီ ထင်တယ်။


ရှဲ့တုန်းချန်က အမြန်ပြေးလာပြီး သူ့ခန္ဓာကိုယ်ကို တွဲထူရန် ငုံ့လိုက်သည်။ ယူဇီက လက်ကိုထောက်ကာ ထရန် ကြိုးစားသော်လည်း ရှဲ့တုန်းချန်က ခပ်ပြတ်ပြတ်ပင် တားမြစ်လိုက်၏။

"မလှုပ်နဲ့ဦး။"


"အရိုးအက်သွားလား အရင်ကြည့်ရအောင်။ ဒီနားက နာလား။" ရှဲ့တုန်းချန်က သူ့ခြေသလုံးကို ဖွဖွလေး ပုတ်ကြည့်သည်။


"မနာဘူး" ဟု ယူဇီက ခေါင်းခါပြလိုက်၏။


ရှဲ့တုန်းချန်က သူ့ခြေထောက်ကို ညင်သာစွာ မပြီး ခေတ္တမျှ စစ်ဆေးပြီးမှ သက်ပြင်းချနိုင်တော့သည်။ ကံကောင်းစွာဖြင့် အရိုးကျိုးသည့် ပုံစံမျိုးတော့ မဟုတ်ပေ။ သူက ယူဇီ့ခြေထောက်ကို ပွတ်သပ်ပေးရင်း "ဘယ်နားက အတိအကျ နာနေတာလဲ" ဟု ဆက်မေးသည်။


ယူဇီက လက်လှမ်းပြီး သူ့ခြေကျင်းဝတ်ကို ထိပြလိုက်၏။ 

"ဒီနားက။"


ရှဲ့တုန်းချန်က သူ့ဘောင်းဘီစကို လိပ်တင်ပေးလိုက်ရာ ခြေကျင်းဝတ်က အေးစက်စက် လေထုထဲ ပေါ်ထွက်လာပြီး မျက်မြင်ထင်ရှားပင် ဖူးရောင်နေခဲ့ပြီဖြစ်သည်။


သူ့ကို မော့ကြည့်ရင်း ရှဲ့တုန်းချန်က "ခြေကျင်းဝတ် လည်သွားတာပဲ။ သိပ်တော့ အဆိုးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း တစ်ပတ်လောက်တော့ နားရလိမ့်မယ်" ဟု ပြောသည်။


ယူဇီက မျက်မှောင်ကြုတ်ထားရာမှ ပြင်းထန်သော နာကျင်မှု လျော့ပါးသွားချိန်တွင် "အရိုးမကျိုးရင် ပြီးတာပါပဲ၊ သွားကြစို့" ဟု ဆိုသည်။


"ဘယ်ကို သွားမှာလဲ။" ယူဇီက နောက်လှည့်ကြည့်လိုက်ရာ ကားအိုကြီးက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေဆဲဖြစ်သည်။


"ကားဆွဲတဲ့အဖွဲ့က နာရီဝက်လောက်နေရင် ရောက်လာလိမ့်မယ်" ဟု ရှဲ့တုန်းချန်က ဖုန်းထုတ်ပြီး အချိန်ကြည့်ရင်း ပြောလိုက်သည်။


ထို့နောက် အပေါ်သို့ မော့ကြည့်လိုက်ရာ မိုးရွာတော့မည့် အရိပ်အယောင်အဖြစ် မည်းမှောင်နေသော မိုးတိမ်များ စုဖွဲ့နေသည်ကို မြင်လိုက်ရသည်။


သူက ယူဇီ့ပေါင်ကို လက်ဖြင့် ပွေ့ချီကာ မြေပြင်ကနေ ပင့်မြှောက်လိုက်တော့သည်။


ယူဇီ လန့်သွားပြီး "မင်း ဘာလုပ်တာလဲ" ဟု မေးလိုက်၏။


"ကားထဲသွားပြီး စောင့်မလို့လေ။"


ကားအနားသို့ ရောက်သောအခါ ရှဲ့တုန်းချန်က လက်တစ်ဖက်ဖြင့် ယူဇီ့ခြေထောက်ကို ထိန်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကားနောက်တံခါးကို ဖွင့်လိုက်သည်။ ယူဇီ့ခန္ဓာကိုယ်တစ်ခုလုံးက သူ့အပေါ် မှီတွဲနေပြီး တီရှပ်ပါးပါးလေးသာ ဝတ်ထားသော ရှဲ့တုန်းချန်၏ ခန္ဓာကိုယ်က ယူဇီ့လက်မောင်းများနှင့် တင်းတင်းကြပ်ကြပ် ထိကပ်နေခဲ့သည်။


ဒုတ်... ဒုတ်... ဒုတ်...

ယူဇီ့နားထဲတွင် သူ့၏ ပြင်းထန်လှသော ရင်ခုန်သံများကို ကြားနေရသလိုပင်။


သူက ယူဇီ့ကို နောက်ခန်းထိုင်ခုံပေါ်သို့ ဂရုတစိုက် သွင်းပေးပြီး တံခါးမပိတ်မီ "မလှုပ်နဲ့နော်" ဟု သတိပေးလိုက်သေးသည်။


ယူဇီက မိမိလက်မောင်းကို ပြန်ကိုင်ကြည့်မိစဉ် စောစောက ထိတွေ့မှုမှ နွေးထွေးမှုကို ခံစားနေရဆဲ ဖြစ်သည်။


ဟင်း... လူငယ်တွေကတော့ လောကကြီးရဲ့ အန္တရာယ်တွေကို တကယ်ပဲ နားမလည်ကြသေးဘူးပဲ။


လွန်ခဲ့သည့် နှစ်နာရီကတင် သူက ရှဲ့တုန်းချန်ကို ဖွင့်ပြောခဲ့စဉ်က ထိုကောင်က သရဲ မြင်လိုက်ရသလို မျက်နှာပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုကျတော့ ဘာမှ ဝေခွဲမနေဘဲ သူ့ကို ကားထဲအထိ ပွေ့ချီလာခဲ့ပြန်သည်။


ဒီကောင်က အတွေးအခေါ် ထူအူရုံတင်မကဘဲ တကယ်ကို ခေါင်းမာပြီး ခန့်မှန်းရခက်သည့် လူစားမျိုးပင်။


နာရီဝက်အကြာတွင် ကားဆွဲယာဉ်က အချိန်တိကျစွာ ရောက်လာပြီး မိုးကလည်း တကယ်ပင် စရွာတော့သည်။ မိုးစက်များက ကားပြတင်းပေါက်ကို ရိုက်ခတ်ကာ ရေစီးကြောင်းလေးများအဖြစ် အလျင်အမြန် စီးဆင်းသွားကြ၏။ အေးစက်သော လေပြင်းက မိုးရေများကို တစ်စောင်း တိုက်ခတ်လာသဖြင့် သန်းခေါင်ယံညကို ပို၍ ချမ်းအေးစေသည်။


"ဒီနှစ် ဆောင်းဦးက မိုးခဏခဏ ရွာလှချည်လား" ဟု ယူဇီက ညည်းတွားလိုက်သည်။


"ကျွန်တော် ထီးပါပါတယ်" ဟု ဆိုကာ ရှဲ့တုန်းချန်က ကားနောက်ဖုံးထဲကနေ အမည်းရောင် ထီးအကြီးကြီး တစ်ချောင်းကို ထုတ်လိုက်သည်။


ထီးကို ဖွင့်ပြီးနောက် ယူဇီကို ထပ်မံ ပွေ့ချီရန် လက်လှမ်းလိုက်ပြန်သည်။


သို့သော် ယူဇီက ငြင်းပယ်လိုက်၏။ "မလိုပါဘူး၊ ငါက ခြေကျင်းဝတ်ပဲ လည်သွားတာ၊ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး။"


ရှဲ့တုန်းချန်က ခေါင်းကို ကုတ်ရင်း "အားနာလိုက်တာ... ကျွန်တော်..."


သူ့မျက်နှာအမူအရာကို ကြည့်ပြီး ယူဇီ ရယ်ချင်သွားကာ "မင်း အားကို ချွေတာထားစမ်းပါ" ဟု ဆိုလိုက်သည်။


မကြာမီမှာပဲ ရှဲ့တုန်းချန်က တက္ကစီတစ်စီးကို တားလိုက်ပြီး ဘယ်လက်ဖြင့် ထီးကိုကိုင်ကာ ညာလက်ဖြင့် ယူဇီကို တွဲပေးလိုက်သည်။ အစောပိုင်းက ကားဆွဲယာဉ်က ကိုရိုလာကားလေးကို ကားပြင်ဆိုင်သို့ ဆွဲယူကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။


ညဉ့်နက်သန်းခေါင် လမ်းမများက လူသူကင်းမဲ့နေသော်လည်း တက္ကစီဒရိုင်ဘာက အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့သဖြင့် နာရီဝက်မပြည့်မီမှာပင် အိမ်ရာဝန်းအဝသို့ ရောက်ရှိလာခဲ့သည်။ ရှဲ့တုန်းချန်က ခေတ္တစဉ်းစားပြီး တိုက်အောက်အထိ မောင်းပေးရန် ဒရိုင်ဘာကို တောင်းဆိုလိုက်၏။


ကားပေါ်က ဆင်းပြီးနောက်မှ ရှဲ့တုန်းချန်၏ အိမ်က ပဉ္စမထပ် (၅ ထပ်မြောက်) တွင် ရှိပြီး ဓာတ်လှေကား မရှိကြောင်း ယူဇီ ရုတ်တရက် သတိရလိုက်သည်။ ထိုအိမ်ရာဟောင်း တိုက်တန်း၏ လှေကားထစ် မီးလုံးများကလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် မှိန်ပျပျသာ ရှိတော့သည်။


ယူဇီက ရှဲ့တုန်းချန်၏ ပုခုံးကို လှမ်းဖက်ကာ ခြေတစ်ဖက်ကို ကြွပြီး လှေကားထစ် အနည်းငယ်ကို ခုန်တက်ကြည့်သည်။ သို့သော် မိနစ်ဝက်မျှပင် မကြာလိုက်ဘဲ သူ အမောဆို့သွားရ၏။


ထို့အပြင် နှစ်ယောက်သား ခြေလှမ်းချင်း မညီသဖြင့် မတော်တဆ လဲကျသွားရန် လွန်စွာ လွယ်ကူနေသည်။


ရှဲ့တုန်းချန်လည်း ဤအချက်ကို သတိပြုမိသွားသည်။ သူက ခြေလှမ်းကို ရပ်လိုက်ပြီး လှည့်ကာ ကုန်းပေးရင်း သူ့ကျောကို ပုတ်ပြလိုက်၏။ "ကျွန်တော် မင်းကို ပိုးသွားမယ်။ ဒီအတိုင်း လမ်းလျှောက်နေရင် သိပ်နှေးလွန်းလို့။"


ယူဇီက နှစ်စက္ကန့်မျှ စဉ်းစားလိုက်ပြီး ဤနည်းက ပို၍ မြန်ဆန်မည်ကို သိသဖြင့် သဘာဝကျကျပင် လက်ခံလိုက်ကာ ခြေတစ်ဖက်ကို ကြွပြီး ရှေ့ကလူ၏ ကျောပေါ်သို့ မှီတက်လိုက်တော့သည်။


ယူဇီ့ မေးစေ့က သူ့ဆံပင်များနှင့် ထိမိသွားသည်။ ရှဲ့တုန်းချန်၏ တိုတုတ်ပြီး ကြမ်းတမ်းသော ဆံပင်များက အနည်းငယ် စူးရှသဖြင့် ယူဇီက ခေါင်းကို စောင်းကာ ရှဲ့တုန်းချန်၏ လည်ပင်းဆီသို့ ပါးပြင်ကို ကပ်ထားလိုက်မိသည်။


သို့သော်လည်း ထိုခဏချင်းမှာပင် ရှဲ့တုန်းချန်၏ နားရွက်များ ရဲတက်လာပြီး လည်ပင်းတစ်ဝိုက်က အပူချိန်ပါ မြင့်တက်လာသည်ကို သူ မြင်လိုက်ရသည်။


စိတ်ဝင်စားဖို့ ကောင်းသားပဲ။ စောစောကကျတော့ တရားသဖြင့်နဲ့ ငါ့ကို ရဲရဲဝံ့ဝံ့ကြီး ပွေ့ချီခဲ့ပြီးတော့၊ အခု ကျောပိုးထားတဲ့ အခါကျမှ ရှက်နေတာလား။


"ဘာဖြစ်လို့လဲ" ဟု ယူဇီက သူ့လည်ပင်းနား တိုးကပ်ကာ တမင်သက်သက် ကလိထိုးမေးလိုက်သည်။ "ဒီမှာ တော်တော် အေးတယ်နော်။"


သူ့ကို ပွေ့ပိုးထားသည့် ရှဲ့တုန်းချန်၏ လက်မောင်းများက အနည်းငယ် တောင့်တင်းသွားပြီး "ဘာမှမဖြစ်ပါဘူး" ဟု ပြန်ဖြေသည်။


"အော်..." သူ ခေါင်းမာနေဆဲ ဖြစ်သည်ကို မြင်ရသဖြင့် ယူဇီက သူ့လည်ပင်းကို လက်မောင်းများဖြင့် ပို၍ တင်းကြပ်စွာ ဖက်တွဲလိုက်ပြီး တစ်ကိုယ်လုံးကို သူ့ကျောပြင်ထက် တင်းတင်းပါးပါး ဖိကပ်ထားလိုက်တော့သည်။


အင်္ကျီအဝတ်အစား ပါးပါးလေးသာ ခြားနေသော သူတို့နှစ်ဦး၏ အရေပြားများမှာ တစ်သားတည်း စည်းချက်ညီညီ အသက်ရှူလှုပ်ရှားနေသကဲ့သို့ ခံစားရစေသည်။


"သွားကြစို့" ဟု ဆိုကာ သူက ရှဲ့တုန်းချန်၏ ပုခုံးကို ပုတ်လိုက်လေသည်။