မှောင်ပျပျ ညလမ်းမထက်ဝယ် ဟိုတစ်စ ဒီတစ်စ လင်းနေသည့် လမ်းမီးတိုင် နှစ်တိုင်တည်းကသာ အလင်းရောင် ပေးစွမ်းနိုင်ရှာသည်။
ယူဇီ က ရှေ့သို့ နှစ်လှမ်းမျှ တိုးလှမ်းလိုက်ပြီး ရှဲ့တုန်းချန် ၏ ဘေးနားသို့ ကပ်သွားလိုက်သည်။ အတွေးကမ္ဘာထဲ နစ်မျောနေသည့် ထို "သံဥ" အား ကြည့်ကာ ယူဇီက ပခုံးကို ခပ်ဖွဖွ ပုတ်ရင်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကိုယ် straight မဟုတ်ဘူးဆိုတာ အခုမှ သိလာတာတော့ မဟုတ်ပါဘူးနော်?"
ရှဲ့တုန်းချန်က သူ့မျက်ဝန်းများကို လှည့်ကြည့်လာသည်။ ရှေ့နားရှိ လမ်းမီးတိုင်မှ ဝါကျင်ကျင် အလင်းစက်များက သူ့မျက်သူငယ်အိမ်ထဲတွင် အလင်းပြန်နေပြီး မှောင်မိုက်သော ညဉ့်နက်သန်းခေါင်ဝယ် သူ့အား ကောက်ကျစ်ဖျတ်လတ်သော မြေခွေးတစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်။
ရှဲ့တုန်းချန်က စကားတစ်ခွန်းမှ မဆိုဘဲ စက္ကန့်အတော်ကြာ ငေးစိုက်ကြည့်နေမိရာမှ နောက်ဆုံးတွင်တော့ အလောတကြီးဖြင့် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"လေးလား? ကျွန်တော် ဝိုင်းသယ်ပေးရမလား?"
ယူဇီ နှာခေါင်းရှုံ့ကာ ရယ်လိုက်မိသည်။ စကားလမ်းကြောင်း လွှဲပုံက တကယ့်ကို အူတူတူ အတတနိုင်လွန်းလှသည်။
သို့သော်လည်း ဒီနေ့မှ ထူးထူးခြားခြား စိတ်သဘောထားကောင်းနေသဖြင့် သူက ဆက်လျှောက်ရင်း ရှဲ့တုန်းချန်ကို လက်ကာပြလိုက်၏။
"အဲလောက်လည်း မလေးပါဘူး။"
လွန်ခဲ့သည့် ရက်ပိုင်းက ရာသီဥတုက သိပ်မကောင်းလှဘဲ အုံ့မှိုင်းနေခဲ့သည်။ ဝရန်တာတွင် လှန်းထားသော ယူဇီ၏ အဝတ်အစားများကလည်း မခြောက်သေးပေ။ ရှဲ့တုန်းချန် ပေးထားသည့် အဝတ်အစားများထဲတွင် သူတစ်ခါမျှ မဝတ်ရသေးသည့် ဘတ်စကတ်ဘော လက်ပြတ်အင်္ကျီတစ်ထည်သာ ကျန်တော့သည်။
ရှဲ့တုန်းချန် အိမ်ပြန်ရောက်သောအခါ ငါးကန်ကိုသာ တစိုက်မတ်မတ် သန့်ရှင်းရေးလုပ်နေခဲ့သည်။ သူ ခါးဆန့်ပြီး မတ်တပ်ရပ်လိုက်ချိန်တွင်တော့ ယူဇီက ရေချိုးခန်းထဲမှ ရေနွေးငွေ့များနှင့်အတူ ရေချိုးပြီး၍ ထွက်လာခဲ့ပြီဖြစ်သည်။
ဧည့်ခန်းက ကျဉ်းကျဉ်းလေးမို့ ရှဲ့တုန်းချန် လှည့်အကြည့်တွင် ထိုမြင်ကွင်းနှင့် အချိန်ကိုက် တိုးတော့သည်။
ယူဇီက သူ့၏ အနီရောင် ဘတ်စကတ်ဘော လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး စိုစွတ်နေသည့် ဆံပင်များကို တဘက်ဖြင့် ခပ်ဖွဖွ သုတ်နေသည်။ ယခင်ကဆိုလျှင် ယူဇီသည် ဆံပင်ညှပ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် အဆင့်မြင့် အလှပြင်ဆိုင်များသို့သာ ပုံမှန်သွားလေ့ရှိသူ ဖြစ်သည်။
သို့သော် မိသားစု စီးပွားရေး ပျက်သုဉ်းသွားခဲ့သည့် အချိန်တွင်မူ မိမိကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်းဖို့ စိတ်ကူးပင် မရှိခဲ့ ။ အခုတော့ သူ့ဆံပင်များက အတော်လေး ရှည်လျားနေပြီဖြစ်ပြီး အဖျားနားတွင် အလိုအလျောက် ကောက်ကွေးကာ ဘေးဘက်မှ ဆံစများက နားသယ်စပ်အထိပင် ရောက်လုနီးပါး ဖြစ်နေပြီ။
အားလုံးထက် ပိုဆိုးသည်က ရှဲ့တုန်းချန်၏ လက်ပြတ်အင်္ကျီက ယူဇီနှင့်ဆိုလျှင် အနည်းငယ် ပွယောင်းနေပြီး အထူးသဖြင့် ဂျိုင်းလက်ပေါက် နေရာများက ကျယ်လွန်းနေသည်။ ဘေးတစောင်း ကြည့်မည်ဆိုလျှင် သူ့ခါးအလှကို အတိုင်းသား မြင်နေရမတတ်ပင်။
ရှဲ့တုန်းချန်သည် ငါးကန်ထဲမှ ရေစုပ်ထုတ်သည့် ပိုက်ကို ကိုင်ထားရင်း နဖူးပြင်ထက်တွင် ချွေးစေးများ ပျံတက်လာသည်ကို ခံစားလိုက်ရသည်။ သူက အကြည့်ကို ချက်ချင်း လွှဲဖယ်လိုက်ပြီး ပြောလိုက်၏။
"ဒီနေ့ နည်းနည်း အေးတယ်နော်။"
ယူဇီက ပြန်ပက်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
စက္ကန့်ပိုင်းမျှ ကြာပြီးမှ အခြေအနေကို ရိပ်မိသွားကာ ခပ်ဟဟ ရယ်ရင်း စနောက်လိုက်သည်။
"မင်းက ငါ့ကို အဝတ်အစား နည်းနေတယ်လို့ ထင်လို့လား?"
ရှဲ့တုန်းချန်က နောက်သို့ လှည့်မကြည့်တော့ဘဲ ငါးကန်ကိုပဲ အာရုံစိုက်နေဟန် ဆက်လုပ်နေရင်း ပြောလိုက်သည်။
"ကျွန်တော် အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။"
ယူဇီက ခေါင်းညိတ်လိုက်သည်။ မင်းက အဲဒီလို သဘောနဲ့ ပြောတာမဟုတ်မှတော့ ငါလည်း အားနာမနေတော့ဘူးလေ။ သူက ဆိုဖာပေါ်သို့ ပစ်ထိုင်ချလိုက်ရာ ရှဲ့တုန်းချန် ညဘက်အိပ်သည့် အိပ်ယာလိပ် ဘေးနားသို့ ကွက်တိ ကျသွားသည်။ ထိုင်ကွက်ကို ပြင်လိုက်ရင်း ယူဇီက ခေါ်လိုက်၏။
"ရှဲ့တုန်းချန်။"
ရှဲ့တုန်းချန်မှာ ခေါင်းလှည့်ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ယူဇီက ဆိုဖာနောက်မှီပေါ်တွင် ဘေးတစောင်း လှဲလျောင်းလုနီးပါး ဖြစ်နေသည်။ သွယ်လျသော ကျောပြင်ကြောင့် လက်ပြတ်အင်္ကျီ၏ စက္ကူသားကဲ့သို့ ပါးလွှာသော အထည်စက ဘေးတစ်ဖက်သို့ လျှောကျသွားပြီး ခါးအလှနှင့် ရင်ညွန့်ပိုင်းကို ပိုမို ပေါ်လွင်စေသည်။ နူးညံ့ချောမွေ့လွန်းလှပြီး ရေချိုးပြီးခါစမို့ ဝင်းပသောအလင်းရောင်တစ်ခု ဖြာထွက်နေသယောင်ပင်။
သူက လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားပြီး ပွင့်လင်းလွတ်လပ်သော အမူအရာဖြင့် မေးလိုက်သည်။
"မင်းရဲ့ ဒီရက်ပိုင်း အပန်းဖြေမှုက ဒီငါးတွေကို ပြုစုရတာ တစ်ခုတည်းပဲလား?"
ရှဲ့တုန်းချန် စကားတစ်ခုခု ပြန်ပြောချင်သော်လည်း လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားရကာ အတော်ကြာမှ စကားတစ်ခွန်း ထွက်လာနိုင်သည်။ စက္ကန့် သုံးဆယ်ခန့် ကြာပြီးနောက်တွင်တော့ သူက ဗီဇအတိုင်းသာ တုံ့ပြန်နိုင်ရှာတော့သည်။
"ငါး... ငါးမွေးရတာလည်း ကောင်းတာပါပဲ။"
"တကယ်လား?"
"အင်း... ဒီငါးလေးတွေက တကယ့်ကို လှတာ" ဟု သူက ထစ်ထစ်အအဖြင့် ပြောရှာသည်။
အကယ်၍ ယူဇီသာ အခု မတ်တပ်ရပ်ကြည့်လိုက်မည်ဆိုလျှင် ရှဲ့တုန်းချန်တစ်ယောက် ငါးကန်တစ်ခုလုံးကို မွှေနှောက် ပရမ်းပတာ လုပ်မိတော့မည့်အခြေအနေကို မြင်တွေ့ရပေလိမ့်မည်။
ထို့နောက်တွင်တော့ အခန်းထဲ၌ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရှဲ့တုန်းချန်ဘက်က စကားဆက်ပြောမည့် အလားအလာ မရှိသည်ကို မြင်သောအခါ ယူဇီက ဆိုဖာပေါ်မှ ထလိုက်ပြီး သူ့အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။
"ရံဖန်ရံခါလည်း အပြင်ထွက်ပြီး ဒိတ်တာဘာညာ လုပ်ပါဦး။ ဒီလို ချောမောတဲ့ ရုပ်ရည်ကို အလဟဿ မဖြုန်းတီးပစ်နဲ့။"
သူ ပြောလိုက်စဉ် ရှဲ့တုန်းချန်နှင့် အလွန်နီးကပ်နေသဖြင့် ရှဲ့တုန်းချန်သည် ယူဇီ၏ လေငွေ့နွေးနွေးက သူ့လည်ပင်းဆီသို့ လာရောက် ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရကာ ပို၍ပင် တောင့်တင်းသွားမိသည်။
လွန်ခဲ့သည့်ညက ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်ဖြစ်ခဲ့ရသဖြင့် ယူဇီသည် ထိုနေ့က စောစောစီးစီး အိပ်ယာဝင်ခဲ့သည်။ သူသည် ရှဲ့တုန်းချန်၏ အိပ်ယာနှင့် ပို၍ ပို၍ အသားကျလာခဲ့ပြီး သူ့ခေါင်းအုံးကို ဖက်ထားရုံမျှဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
နောက်တစ်နေ့ မနက်တွင် ဧည့်ခန်းထဲမှ အသံအချို့ကြောင့် ယူဇီ နိုးလာခဲ့သည်။ ဒီနေ့တွင် သူ့၌ အလုပ်အင်တာဗျူး ချိန်းဆိုမှုတစ်ခု ရှိနေပြီး ၎င်းမှာ ကုမ္ပဏီတစ်ခုက သူ့ကိုယ်ရေးရာဇဝင်ကို စိစစ်ရွေးချယ်ပေးခဲ့သည့် ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်သည်။
ရှဲ့တုန်းချန် မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် မီးပူသေသေချာချာ တိုက်ထားသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ မနေ့ညက ပျင်းရိပျင်းတွဲ အမူအရာများ လုံးဝ ပျောက်ဆုံးနေသည့် ယူဇီကို တွေ့လိုက်ရသည်။ ဆံပင်ကိုလည်း သေသေချာချာ ဖြီးသင်ထားပြီး အရှည်အလတ် ဆံစများကို နားရွက်နောက်တွင် အမည်းရောင် ကလစ်လေးဖြင့် ညှပ်ထားရာ ကြည့်ရသည်မှာ ခန့်ညားပြီး တက်ကြွ လန်းဆန်းနေပုံရသည်။
"ဒီနေ့ ကိစ္စရှိလို့လား?" ရှဲ့တုန်းချန်က ယူဇီတစ်ယောက် ပြင်ပြင်ဆင်ဆင် ဖြစ်နေသည်ကို မြင်ပြီး အံ့သြတကြီး မေးလိုက်သည်။
"အင်း၊ အင်တာဗျူးတစ်ခု ရှိလို့" ဟု ယူဇီက ခေါင်းမော့ကာ ပြန်ဖြေသည်။ ရှဲ့တုန်းချန်ကို ကြည့်ရသည်မှာ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့သည့်အတိုင်း မျက်ကွင်းညို အနည်းငယ် ရှိနေသည်ကို သတိထားမိလိုက်သည်။
ရှဲ့တုန်းချန်က သမ်းဝေရင်း အနည်းငယ် အံ့သြသွားပုံဖြင့် မေးပြန်သည်။
"မင်းလည်း အလုပ်ရှာဖို့ လိုလို့လား?"
"မရှာလို့ အိမ်မှာပဲ ထိုင်ပြီး မင်းကျွေးတာကို အလကား ထိုင်စားနေရမှာလား?" ယူဇီက ပြန်ပက်လိုက်၏။
ရှဲ့တုန်းချန်က ခေါင်းကို ကုတ်ရင်း— "ကျွန်တော်ထင်တာတော့ မင်းတို့လို လူမျိုးတွေဆိုရင် သူဌေးတွေဆီကနေ ရင်းနှီးမြှုပ်နှံမှု သန်းရာချီ ရှာပြီး လုပ်ငန်းအသစ် ပြန်စကြလိမ့်မယ် ထင်နေတာ။"
ယူဇီက ကုတ်အင်္ကျီကို ဝတ်ဆင်ကာ သူ့အနားသို့ လျှောက်လာပြီး ပြောလိုက်သည်။
"ရှဲ့တုန်းချန်၊ 'အာဏာရှင် စီအီးအို' ဝတ္ထုတွေကို နည်းနည်းလျှော့ဖတ်စမ်းပါ။"
ပြောပြီးသည်နှင့် သူက တံခါးကိုဖွင့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ရှဲ့တုန်းချန်က အိုးထဲမှ ပူပူနွေးနွေး ကြက်ဥနှစ်လုံးကို အမြန်ဆယ်ယူလိုက်ရင်း— "ဟေး၊ မနက်စာတောင် မစားရသေးဘူးလေ!"
"မဆာဘူး!" ယူဇီက နောက်လှည့်မကြည့်ဘဲ အပြင်သို့ တန်းထွက်သွားတော့သည်။
ဒီနေ့ သူသွားရမည့် အင်တာဗျူးက ဟိုတယ်လုပ်ငန်းစုတစ်ခု၏ မားကက်တင်းဌာနအတွက် ဖြစ်ပြီး ၎င်းမှာ သူ၏ ယခင် လုပ်ငန်းအတွေ့အကြုံများနှင့် ကွက်တိ ကိုက်ညီလှသည်။
သို့သော်လည်း တစ်ဖက်လူက ယူဇီကဲ့သို့ အင်တာဗျူးကို အလေးအနက်ထားပုံမရပေ။ သူသည် စောင့်ဆိုင်းခန်းတွင် တစ်မနက်လုံး ထိုင်စောင့်ခဲ့ရပြီး ဖုန်းဘက်ထရီပင် ထက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ အင်တာဗျူးမည့်သူ ရောက်လာချိန်တွင်တော့ သူ့စိတ်ရှည်နိုင်စွမ်းက အဆုံးစွန်ထိ ရောက်နေချေပြီ။
"စောင့်ခိုင်းမိတဲ့အတွက် စိတ်မကောင်းပါဘူး" ဟု နောက်ကွယ်မှ လူငယ်အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
နှစ်ယောက်သား မျက်လုံးချင်းဆုံမိချိန်တွင် ယူဇီ ဆွံ့အသွားရသည်။ ရှေ့တွင် ရပ်နေသည့် အမျိုးသားမှာ သူ၏ လက်အောက်ငယ်သားဟောင်း ဖြစ်ခဲ့ဖူးပြီး ထိုဒေသရှိ အဓိက ဖောက်သည်ကြီးများကို အရောင်းမြှင့်တင်ရန် တာဝန်ယူခဲ့ရဖူးသူ ဒေးဗစ် ဖြစ်နေသောကြောင့်ပင်။
ယူဇီတစ်ယောက် စိတ်ထဲမှနေ၍ အော်ဟစ်မိတော့သည်။ သူ့ဖခင်၏ အဆက်အသွယ်များ ရှိရာ အရပ်တိုင်းတွင် ဘာဖြစ်လို့ သူ့ရဲ့ လက်အောက်ငယ်သားဟောင်းတွေချည်းပဲ နေရာအနှံ့ ရှိနေရတာလဲ?!
သူက နှုတ်ပင်မဆက်ရသေးခင်မှာပင် ရှေ့က အမျိုးသားက ပြုံးလျက် အရင် စကားဆိုလာသည်။
"ဒါ တို့ရဲ့ နာမည်ကြီး သခင်လေး ယူ မဟုတ်လား။ ဘာဖြစ်လို့ ဒီနေ့ အင်တာဗျူးကို ကိုယ်တိုင်ကိုယ်ကျ လာရတာလဲ?"
ယူဇီက စိတ်ထဲတွင် မျက်လုံးကို အကြိမ်တစ်ရာမက စောင်းလိုက်မိပြီး စဉ်းစားလိုက်သည်။ ငါ့ကို ဘာတွေ ဟန်ဆောင်နေတာလဲ? ငါက ကိုယ်ရေးရာဇဝင်ကို စောစောစီးစီး တင်ထားတာလေ၊ အခုမှ တိုက်တိုက်ဆိုင်ဆိုင် ဆုံသလိုမျိုး ဘာလို့ လာဟန်ဆောင်နေတာလဲ။
သူက အစည်းအဝေးခန်း ထိုင်ခုံတွင် ထိုင်လိုက်စဉ်ကတည်းက ဒီအင်တာဗျူးသည် အောင်မြင်ဖို့ လမ်းစမရှိတော့မှန်း သိလိုက်ပြီးသား ဖြစ်သည်။ ရှေ့က လူက သူ့ကို လာရောက် လှောင်ပြောင်ဖို့ သက်သက် ရောက်နေခြင်း ဖြစ်သည်။ သို့သော်လည်း အခုချက်ချင်း ထွက်သွားမည်ဆိုလျှင် အတင်းအဖျင်း စကားများ ထွက်ပေါ်လာနိုင်ပေသည်။
ယူဇီက လက်နှစ်ဖက်ကို ဒူးပေါ်တွင် စုတင်ထားရင်း ထိုအမျိုးသားကို မော့ကြည့်လိုက်သည်။
ထိုအမျိုးသားက ရှေ့ရှိ ပါးလွှာသော ကိုယ်ရေးရာဇဝင်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ရင်း— "သခင်လေး ယူက ငါ့ကို မှတ်မိသေးရဲ့လား?"
ယူဇီကလည်း လုပ်ငန်းခွင်သုံး အပြုံးအတုကို ဆင်မြန်းလိုက်ပြီး— "မင်းကို ဘယ်လိုလုပ် မေ့လို့ရမှာလဲ ဒေးဗစ်? မားကက်တင်းဌာနတစ်ခုလုံးမှာ ဖောက်သည်တစ်ယောက်ရဲ့ စီးပွားရေး ညစာစားပွဲ ရက်စွဲကို တောင် မမှတ်မိတဲ့သူဆိုတာ ရှားမှရှားတာကိုး။"
ဒေးဗစ်၏ မျက်နှာက ချက်ချင်း ပျက်သွားသော်လည်း သူ၏ တည်ငြိမ်သော အမူအရာကို အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီး— "ဟားဟား၊ သခင်လေး ယူအနေနဲ့ ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို မှတ်မိဖို့ ခဲယဉ်းမှာပါ။ ဒါပေမဲ့ ငါ သတိထားမိတာက မင်းတောင်းဆိုထားတဲ့ လစာပမာဏက ငါတို့ရာထူးအတွက် သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထက် ကျော်လွန်နေတယ်။"
ယူဇီတစ်ယောက် ရွံရှာစိတ်ကို မအောင့်နိုင်တော့သော်လည်း ကျောကို မတ်လိုက်ရင်း— "အဲလိုလား? မင်းတို့ ကုမ္ပဏီက ဈေးကွက်ချဲ့ထွင်မှုကို သိပ်ပြီး ဦးစားမပေးဘူး ထင်တယ်နော်။"
ဒေးဗစ်က ဆက်ပြီး ဟန်ဆောင်မနေတော့ဘဲ— "မင်းရဲ့ အဆက်အသွယ်တွေက အဲဒီလောက်အထိ တန်ဖိုးရှိသေးတယ်လို့ ထင်နေတုန်းပဲလား? ငါ ကောင်းကောင်း မှတ်မိသလောက်ဆိုရင်တော့ ယူမိသားစုရဲ့ အဓိက ဖောက်သည်ကြီး အများစုက လွန်ခဲ့တဲ့ အချိန်ကတည်းက ပျောက်ကွယ်သွားကြပြီ မဟုတ်ဘူးလား?"
ယူဇီ၏ နှုတ်ခမ်းများက တင်းတင်းစေ့သွားပြီး မျက်နှာက အေးစက်သွားသည်။ သုံးစက္ကန့်ခန့် ကြာပြီးနောက်မှ သူက စကားဆိုလိုက်သည်။
"မစ္စတာ ဒေးဗစ်၊ ငါကတော့ ဘဝမှာ လှုပ်ရှားရုန်းကန်ဖို့အတွက် လမ်းစ ချန်ထားတာ ကောင်းတယ်လို့ အမြဲ ယုံကြည်ထားတယ်။ ဒီမြို့က သေးသေးလေးပါ၊ နောင်တစ်ချိန်မှာ ငါတို့ ပြန်ဆုံချင် ဆုံဦးမှာ။"
ဒေးဗစ်က ထိုစကားကို စိတ်ဝင်စားသွားဟန်ဖြင့် စိုက်ကြည့်ရင်း— "မင်းက နောင်တစ်ချိန်မှာ ပြန်လည် ဦးမော့လာနိုင်မယ့် အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတုန်းပဲလား? တစ်ခုခု ကောင်းမွန်တဲ့ မဟာဗျူဟာ ရှိလို့လား? ငါ့ကိုလည်း နည်းနည်းလောက် လမ်းညွှန်ပေးပါဦး၊ မင်းနဲ့အတူ တွဲခေါ်သွားပါဦး။"
ယူဇီ၏ အကြည့်က တည်ငြိမ် လေးနက်နေပြီး— "မဟာဗျူဟာတော့ မရှိပါဘူး။ ဒါပေမဲ့ အတိတ်က ကိစ္စတစ်ခု ရှိခဲ့တာကို မင်း မှတ်မိဦးမလား မသိဘူး။ မင်း အလုပ်က မထွက်ခင်တုန်းက စာရင်းတွေထဲမှာ ဒေါ်လာ သောင်းချီပြီး အရှင်းမပြတ်ဘဲ ကျန်နေခဲ့တဲ့ ကိစ္စလေ။ ယူမိသားစု အခက်အခဲ ကြုံနေရတယ် ဆိုပေမဲ့ အကြွေးအားလုံးကို အလကား ဖျက်ပစ်လို့ရတယ်လို့ မဆိုလိုဘူးလေ။"
ဒေးဗစ်သည် ယူဇီက ဒီကိစ္စကို ရုတ်တရက် ထုတ်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယူဇီက ဒေးဗစ်တစ်ယောက် သူ့နားရွက်ကို မသိမသာ ကိုင်လိုက်ပြီး လည်ချောင်းကို အကြိမ်ကြိမ် ရှင်းနေရင်း မျက်လုံးချင်း ဆုံဖို့ ရှောင်ရှားနေသည်ကို မြင်လိုက်ရသည်။
ဒေါသကို ဖွင့်ချလိုက်ပြီးနောက်တွင်တော့ သူ ဆက်ထိုင်မနေချင်တော့ပေ။
"မင်းတို့ ကုမ္ပဏီက ဒီရာထူးအတွက် တကယ် ခန့်ချင်တဲ့ စိတ်မရှိမှတော့ အချင်းချင်း အချိန်မဖြုန်းကြစို့နဲ့။ မင်းရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ နောက်နောင် ကိစ္စဝိစ္စတွေကို ပိုပြီး သန့်ရှင်းအောင် ကိုင်တွယ်ဖို့တော့ သတိရပါ။ သူဌေးတိုင်းက ငါ့လို သဘောကောင်းနေမှာ မဟုတ်ဘူး။"
ယူဇီ၏ မျက်ဝန်းများက တောက်ပနေပြီး မျက်တောင်များက ကော့ညွှတ်နေသည်။ ပထမဆုံး တစ်ချက်ကြည့်လိုက်လျှင် သူက အန္တရာယ်မရှိသည့်အတိုင်း ဖြစ်သော်လည်း အနီးကပ် သေချာ ကြည့်မည်ဆိုပါက သူ၏ အမူအရာက အနည်းငယ် ချောက်ချားဖွယ် ကောင်းလှသည်။
ဒေးဗစ်က အကြည့်ကို အမြန်လွှဲလိုက်ပြီး နှာခေါင်းကို ပွတ်လိုက်သည်။ ယူဇီသည် ဘဝတစ်လျှောက်လုံးတွင် မိမိ၏ ရုပ်ရည်ကို အသုံးအဝင်ဆုံး လက်နက်အဖြစ် အသုံးချလာခဲ့သူ ဖြစ်သည်။
ဒေးဗစ်က ထိုင်ခုံမှ ထလိုက်ရင်း— "ငါ လိုက်ပို့ပေးပါ့မယ်။"
ယူဇီက နောက်သို့ ဆုတ်လိုက်ပြီး သူ့ကုတ်အင်္ကျီ အနားသတ်ကို ခါလိုက်ရင်း— "မလိုပါဘူး၊ အားနာစရာကြီး။"
ဟိုတယ်မှ ထွက်လာပြီးနောက် ယူဇီသည် ဧည့်ခန်းဆောင်ရှိ လှပသော ဖန်ဆိုင်းမီးဆလိုင်းကြီးကို နောက်လှည့်ကြည့်လိုက်မိသည်။ ဆောင်းဦးပေါက် လေပြေက အနည်းငယ် အေးစက်နေသဖြင့် သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း လမ်းလျှောက် တံတားဆီသို့ ဦးတည်လိုက်သည်။
မြောက်ပိုင်းမြို့ သည် ဆန်းကြယ်သော နေရာတစ်ခု ဖြစ်သည်။ ဗဟိုချက်မ အရပ်တွင် အလွန် ခမ်းနားထည်ဝါသော မှန်စီရွှေချ စီးပွားရေး အဆောက်အအုံကြီးများ ရှိနေသော်လည်း လမ်းတစ်ဖက်တွင်မူ နိမ့်ပါးသော လူနေအိမ်တန်းလျားများကို တွေ့နိုင်ပေသည်။ ယူဇီသည် ယခင်ကဆိုလျှင် ထိုကဲ့သို့သော ထောင့်စွန်းနေရာများကို ဘယ်သောအခါမှ သတိမမူမိခဲ့သော်လည်း အခုတော့ သူကိုယ်တိုင် ထိုနေရာများထဲသို့ စီးမျော ဝင်ရောက်နေရပြီ ဖြစ်သည်။
သူက တက္ကစီတစ်စီးကို တားရန် လက်လှမ်းလိုက်သော်လည်း ခေတ္တမျှ တွန့်ဆုတ်သွားပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လမ်းညွှန်မြေပုံအရ အနီးနားရှိ မြေအောက်ရထားဘူတာကို ရှာဖွေတွေ့ရှိပြီးနောက် မြေအောက်ရထားကတ်တစ်ခု ဝယ်ယူရန် ပြင်လိုက်သည်။
မြေအောက်ရထား ဘူတာအဝင်ရှိ စက်လှေကားက အလွန် ရှည်လျားလှပြီး ယူဇီသည် လှေကားထစ်တစ်ခုပေါ်တွင် ရပ်ရင်း ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ အောက်ခြေသို့ မရောက်ခင်မှာပင် သူ့ဖုန်း မြည်လာခဲ့သည်။
ရှဲ့တုန်းချန်က နေ့လည်ခင်း အချိန်ကြီး ဘာဖြစ်လို့ သူ့ဆီ ဖုန်းဆက်ရတာလဲ?
"ဟဲလို?"
"အင်တာဗျူး ပြီးပြီလား?"
"ပြီးပြီ။"
"ကျွန်တော် ကားပါကင် ထိုးထားတယ်။ မင်းဆီ လာကြိုပေးရမလား?"
"ဒီနေ့ ဘာလို့ ဒီလောက် စောနေတာလဲ?" ယူဇီက အချိန်ကို ကြည့်လိုက်ရာ မွန်းလွဲ သုံးနာရီပင် မရှိသေးချေ။
"ကားက မကြာခင် နှစ်ပတ်လည် စစ်ဆေးမှု လုပ်ရတော့မယ်။ ဒီနေ့ နေ့လည်တော့ လူမပြေးတော့ဘူး။"
"ကောင်းပြီ၊ ငါ့တည်နေရာ ပို့ပေးမယ်။"
သူ့ဆီကနေ ပိုက်ဆံချေးထားကတည်းက ယူဇီသည် ရှဲ့တုန်းချန်အပေါ် အလွန်အမင်း အားနာနာဖြင့် ယဉ်ကျေးပြမနေတော့ပေ။ သိက္ခာပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ငြင်းခုံနေခြင်းက သူ့စရိုက်မဟုတ်ပေ။
ဖုန်းကို ဖွင့်လိုက်ချိန်တွင်တော့ သူ့၌ ရှဲ့တုန်းချန်၏ ဝီချက် (WeChat) မရှိသေးသဖြင့် တည်နေရာ ပို့ပေး၍ မရမှန်း သတိရသွားသည်။ သူ ဖုန်းပြန်ခေါ်ရန် ပြင်လိုက်စဉ်မှာပင် သူ့ဖုန်းဆီသို့ စာတိုတစ်စောင် ရောက်လာခဲ့သည်။ ရှဲ့တုန်းချန်က သူ့၏ ဝီချက်အကောင့်အိုင်ဒီကို တိုက်ရိုက် ပို့ပေးလာခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ သူ့ဦးနှောက်က အလုပ်လုပ်ပုံရသည်။
မိနစ် နှစ်ဆယ်ပင် မပြည့်ခင်မှာပင် ရှဲ့တုန်းချန်၏ ကားက မြေအောက်ရထား အဝင်ဝသို့ ဆိုက်ရောက်လာခဲ့သည်။ ယူဇီက ကုတ်အင်္ကျီကို ချွတ်၍ လက်မောင်းတွင် ချိတ်ထားပြီးနောက် ရှေ့ခန်းခရီးသည်ထိုင်ခုံသို့ တက်ထိုင်လိုက်သည်။ ဒီရက်ပိုင်းအတွင်း ထိုကားကို အကြိမ်အနည်းငယ် မြင်ဖူးသော်လည်း ကိုယ်တိုင် စီးဖြစ်သည်က ဒီနေ့က ပထမဆုံးအကြိမ် ဖြစ်သည်။
ရှဲ့တုန်းချန်၏ မျက်နှာတွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲ ဖြစ်ပြီး နှာခေါင်းကို ပွတ်ရင်း— "ဒီထဲမှာ နည်းနည်း ကျဉ်းတယ်နော်။ အားနာပါတယ်။ ကားက သေးလို့။"
ထိုင်ခုံများက တကယ်ပင် ကျဉ်းကျပ်လှပြီး ယူဇီသည် သူ့ခြေထောက်များကို ဆန့်ထုတ်၍ မရသကဲ့သို့ ခံစားရသည်။ သူက ထိုင်ခုံထောင့်ကို ချိန်ညှိလိုက်ပြီးနောက်မှ အနည်းငယ် ပို၍ သက်တောင့်သက်သာ ရှိသွားသည်။
ယူဇီက မောင်းနှင်သူထိုင်ခုံရှိ ရှဲ့တုန်းချန်ကို လှည့်ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ပေ။ အင်တာဗျူး ကျရှုံးခဲ့ရသည့် စိတ်ပျက်မှု အများစုကလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရသည်။
ရှဲ့တုန်းချန်၏ နဖူးက ကားမျက်နှာကျက်နှင့် ထိလုနီးပါး ဖြစ်နေပြီး ခြေတံရှည်ကြီးများ ဆံ့ဝင်စေရန် ထိုင်ခုံကို နောက်ဆုံးအဆင့်အထိ ဆွဲဆုတ်ထားရရှာသည်။
"မင်း ဘာလို့ ကားအကြီးတစ်စီးလောက် မဝယ်တာလဲ?" ယူဇီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"မတတ်နိုင်လို့ပေါ့" ဟု ရှဲ့တုန်းချန်က ရိုးရိုးသားသား ပြန်ဖြေသည်။ "ဒါတောင် တစ်ပတ်ရစ်ကားကို ဝယ်ထားရတာ။"
ယူဇီသည် မိမိ၏ စကားများက သူတစ်ပါးကို ထိခိုက်စေမလားဆိုသည်ကို ဘယ်သောအခါမှ ဂရုမစိုက်တတ်သူ ဖြစ်သော်လည်း အခုတော့ ဘာကြောင့်မှန်းမသိ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားမိသည်။ ဆင်းရဲမွဲတေမှုက လူတစ်ယောက်ကို တကယ်ပဲ ပြောင်းလဲစေနိုင်တာပဲ။
မီတာ တစ်ရာကျော်မျှ မောင်းနှင်ပြီးနောက် ရှဲ့တုန်းချန်က နောက်ကြည့်မှန်ကို ရုတ်တရက် ကြည့်ကာ ခပ်ဟဟ ရယ်လိုက်သည်။
"ဟဲဟဲ၊ ဒါပေမဲ့ မင်းရဲ့ ဘန့်တလေ (Bentley) ကတော့ မောင်းရတာ တကယ့်ကို ဇိမ်ရှိတာပဲ။"
ယူဇီတစ်ယောက် သူ့ရဲ့ သနားဂရုဏာ သက်မိမှုက အလဟဿ ဖြစ်သွားရသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
သူက ခရီးသည်ထိုင်ခုံတွင် ပျင်းပျင်းရှိသည်နှင့် ရှဲ့တုန်းချန် သူ့ကို ဘယ်ခေါ်သွားသည်ကို ဂရုမစိုက်ဘဲ ဖုန်းကိုသာ ထုတ်ကြည့်နေလိုက်သည်။ ဖုန်းမျက်နှာပြင်က ရှဲ့တုန်းချန်နှင့် စကားပြောထားသည့် ဝီချက်စာမျက်နှာတွင် ရှိနေဆဲ ဖြစ်သည်။ ယူဇီသည် ရှဲ့တုန်းချန်၏ ဝီချက် ပရိုဖိုင်ပုံကို သတိထားမိသွားရာ ၎င်းမှာ လူကောင်သေးသေးလေးတစ်ဦး၏ ဓာတ်ပုံ ဖြစ်နေသည်။
သူက ခေါင်းမော့မကြည့်ဘဲ တိုက်ရိုက် မေးလိုက်သည်။
"ဒါ မင်းရဲ့ ပရိုဖိုင်ပုံအစစ်ပဲလား?"
"အင်း၊ ကျွန်တော် ငါးနှစ်သားတုန်းက ရိုက်ထားတဲ့ပုံလေ" ဟု ရှဲ့တုန်းချန်က ခေါင်းညိတ်ရင်း ညာဘက် ကွေ့မည့် မီးအချက်ပြကို ဖွင့်လိုက်သည်။
ယူဇီက ဓာတ်ပုံကို ချဲ့ကြည့်လိုက်သည်။ ကောင်လေးက သိသိသာသာပွယောင်းနေသည့် အဖြူရောင် ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားသည်။ နောက်ခံက ကစားကွင်း သို့မဟုတ် ကျောင်းနှင့် မတူဘဲ ဟောင်းနွမ်းနေသော အိမ်ဝန်းဟောင်းတစ်ခုနှင့် ပိုတူနေသည်။
သူ့အတွေးများကို ရှဲ့တုန်းချန်၏ မေးခွန်းက ဖြတ်တောက်လိုက်သည်။
"ဒီနေ့ အင်တာဗျူးက ဘယ်လိုလဲ?"
"သိပ်မကောင်းဘူး။"
"အဆင်မပြေကြဘူးလား?"
"ခေါင်းမာတဲ့လူတစ်ယောက်နဲ့ တိုးလို့" ဟု ယူဇီက အများကြီး ရှင်းမပြချင်သဖြင့် ပြောလိုက်သည်။
"ရပါတယ်၊ သူတို့ မင်းရဲ့ တန်ဖိုးကို မသိတာ သူတို့ရဲ့ ဆုံးရှုံးမှုပဲပေါ့" ဟု ရှဲ့တုန်းချန်က လီဗာကို နင်းလိုက်ရာ ကားက ပြန်လည် အရှိန်မြင့်တက်သွားသည်။
ယူဇီတစ်ယောက် သူတစ်ပါး၏ ကလေးတစ်ယောက်ကဲ့သို့ ချော့မြှူ နှစ်သိမ့်ခြင်းကို ခံရဖူးသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ သူက ဘေးနားရှိ လူကို လှည့်ကြည့်လိုက်မိသည်။ ဒေးဗစ်နှင့် နှိုင်းယှဉ်လျှင်တော့ ဒီဆံပင်ကတုံးတိုနှင့် လူက ပိုပြီး ချစ်ဖို့ကောင်းလှသည်။
ကားက စိမ်းသက်သော လမ်းမတစ်ခုပေါ်သို့ ကွေ့ဝင်သွားခဲ့သည်။
"မင်း ကားမောင်းရင် တစ်ရက်ကို ဘယ်လောက်ရလဲ?" ယူဇီက ရုတ်တရက် မေးလိုက်သည်။
"အဆင်ပြေတဲ့ရက်ဆို ငါးရာ ခြောက်ရာပေါ့၊ အဆင်မပြေရင်တော့ တစ်ရာ နှစ်ရာပဲ" ရှဲ့တုန်းချန်က တုံ့ဆိုင်းမနေဘဲ ဖြေသည်။ "ဘာဖြစ်လို့ မေးတာလဲ?"
"မင်းလိုပဲ ငါလည်း ကားတစ်စီးလောက်ဝယ်ပြီး လိုက်မောင်းရင် ကောင်းမလားလို့" ယူဇီက ရှေ့ကွန်ဆိုးလ်ပေါ်ရှိ အလှဆင်ပစ္စည်းလေးကို ကစားရင်း ပြောလိုက်ရာ ဝက်ရုပ်ပုံစံ အရုပ်ကလေးက သူ့လက်ချောင်း လှုပ်ရှားမှုနှင့်အတူ ဘယ်ပြန်ညာပြန် လှုပ်ခါသွားသည်။
"ကျွန်တော့်ကို မနောက်ပါနဲ့ သူဌေးရာ။ မင်းက ပညာတတ်ပြီး ထက်မြက်တဲ့သူပဲ။ နောင်တစ်ချိန်မှာ ပိုက်ဆံအများကြီး ရှာနိုင်မှာပါ။ ဒီလို ပင်ပန်းတဲ့ ကားမောင်းတဲ့ အလုပ်မျိုးကိုတော့ ငါ့လိုလူကိုပဲ ပေးလုပ်လိုက်ပါ။"
ယူဇီက သူ့စကားများကို အတော်လေး သဘောကျသွားပြီး ပြန်လည် စနောက်လိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုရင် ငါ နောက်မှ အဲဒီ ဘန့်တလေ ကို ပြန်ဝယ်လိုက်မယ်။"
ရှဲ့တုန်းချန်က ခပ်ဟဟ ရယ်ရင်း— "သူဌေး၊ ကျွန်တော်ကြားတာတော့ ရောလ်ရွိုက်စ် ဖန်တွမ် (Rolls-Royce Phantom) က မောင်းရတာ ပိုကောင်းတယ်တဲ့။ မင်း ပိုက်ဆံရှိလာရင် အဲဒါတစ်စီး ဝယ်လိုက်ပါ။ ပြီးရင် စူးစူးရှရှ ဝတ်စုံအမည်းနဲ့ နေကာမျက်မှန် တပ်ထားလိုက်။ ကျွန်တော်က မင်းကို အခု
လေးတင် အင်တာဗျူးခဲ့တဲ့ ကုမ္ပဏီ အဆောက်အအုံရှေ့အထိ မောင်းပို့ပေးပြီး သွားကြွားပေးမယ်။"
ယူဇီတစ်ယောက် ဆွံ့အသွားရပြီး ခေါင်းခါရင်း ပြောလိုက်တော့သည်။
"ရှဲ့တုန်းချန်၊ မင်းကို ငါပြောသားပဲ၊ 'စီအီးအို' ဝတ္ထုတွေကို နည်းနည်းလျှော့ဖတ်ပါဆို။"