အခန်း (၁၀) ပြဿနာရှာမိပြီလား
Viewers 26

ညစာစားချိန်တွင် ကျန်းရှောင်သည် ချက်ပြုတ်ပြီးသား အမဲသား နှစ်ပေါင်ကို ကိုင်ကာ တံခါးကို အသာအယာ ဖွင့်လိုက်သည်။


သူ အံ့သြသွားသည်မှာ၊ သူ သော့ဖြင့် တံခါးဖွင့်လိုက်သည့်အချိန်တွင် ဟန်ကျန်းရွှယ်သည် အခန်းထဲမှ ထွက်လာနှင့်ပြီး အပေါက်ဝတွင် ရပ်နေခြင်းပင်။ 


သူမသည် အိမ်ပေါ်က ဆင်းပြေးသွားသောကျန်းရှောင် အပြန်ကို စောင့်နေခြင်း။


မွန်းတည့်ချိန်က ဟန်ကျန်းရွှယ်၏ ဒေါသနှင့် မရင်ဆိုင်ရလေအောင် ကျန်းရှောင်သည် အိမ်ပြင်သို့ ခဏရှောင်ထွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


ကျန်းရှောင်သည် အိမ်ထဲသို့ ခြေဖျားထောက်ကာ အသာဝင်လာပြီး အေးစက်စက် မျက်ဝန်းတစ်စုံနှင့် ဆုံမိသွား၏။


“အဟမ်း...” 


ကျန်းရှောင်သည် ခိုးကြောင်ခိုးဝှက် လုပ်နေခြင်းကို ရပ်လိုက်ပြီး တံခါးပိတ်လိုက်သည်။ “ရော့၊ ဒါ မမ အတွက်"


“ဒီအမဲသားတွေ ဘယ်ကရတာလဲ"


ဟန်ကျန်းရွှယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


“ဝယ်လာတာပေါ့၊ ဒါမှမဟုတ်ရင် အဘွားအိုတစ်ယောက်ဆီက လုလာတယ်လို့ ထင်နေတာလား"


ကျန်းရှောင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။


ဟန်ကျန်းရွှယ်က ဆက်မေးသည်မှာ...


"ပိုက်ဆံကရော ဘယ်ကရတာလဲ"


“ရှာလာတာပေါ့၊ ဒါမှမဟုတ်ရင် အဘွားအိုတစ်ယောက်ဆီက လုလာတယ်လို့ ထင်နေတာလား" ကျန်းရှောင်က ထပ်ဖြေလိုက်ပြန်သည်။


ဒီနေရာမှာ အဘွားအိုက ဘယ်လိုလုပ် ပါလာရတာပါလိမ့်။


ဟန်ကျန်းရွှယ် ထပ်ပြီး တိုက်ခိုက်တော့မည်ကို ရိပ်မိလိုက်သဖြင့် ကျန်းရှောင်က အလျင်အမြန် ရှင်းပြလိုက်၏။


"ဒီနေ့ နေ့လယ်က အပြင်ထွက်ပြီး လေညင်းခံရင်း အနီးနားက ဆေးရုံကို ရောက်သွားတာ"


"အဲ့ဒီမှာ လူနာတချို့ကို အလကား ကုပေးခဲ့တယ်၊ နောက်ဆုံးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းက သဘောကောင်းပြီး ငါ့ကို ယွမ် ၅၀၀ ပေးလိုက်တာ"


ဟန်ကျန်းရွှယ် ခဏတာ ကြောင်သွားပြီး တွေးလိုက်သည်မှာ....


'ဒါက ဘယ်လိုဖြစ်တာလဲ'


ဆိုးသွမ်းပြီး ပြဿနာရှာတတ်သည့် ကျန်းရှောင်က အပြင်ထွက်ပြီး ပိုက်ဆံရှာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။


“မမ မသိပါဘူး၊ အဲ့ဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးက တန်းစီရင်း ခုံတန်းလျားပေါ်မှာ ထိုင်နေတာ"


"သူက ခေါင်းမူးပြီး အော့အန်ချင်နေတာလေ၊ စားသမျှ အကုန်ပြန်အန်နေတယ်လို့ ကြားတာနဲ့ သနားလို့ ‘ကောင်းချီးပေးခြင်း' စွမ်းအင် သုံးပေးလိုက်တာ"


ကျန်းရှောင်က ခေါင်းကုပ်ရင်း ဆက်ပြောသည်။ 


“သူ့ယောက်ျားက ကျွန်တော့်ကို ထိုးတော့မလို့၊ ဒါပေမဲ့ သူ့မိန်းမ အခြေအနေ ကောင်းလာပြီး အစားပြန်ဝင်တာ မြင်တော့မှ သဘောထား ပြောင်းသွားတာ"


"ကျွန်တော့်ကို အရမ်းကျေးဇူးတင်ပြီး ယွမ် ၅၀၀ မရရအောင် ပေးတာပဲ၊ နောက်ပြီး သူက ပြောသေးတယ်...”


ဟန်ကျန်းရွှယ်က မျက်ခုံးပင့်ကာ မေးလိုက်၏။


"ဘာပြောလို့လဲ"


ကျန်းရှောင်က ခေါင်းကုပ်ကာ...


"သူ့အိမ်မှာ သူ့မိန်းမအတွက် ကလေးမွေးဖွားပြီး နားနေချိန် ပြုစုပေးဖို့ အထိန်းတော် လာလုပ်ပေးပါဦးတဲ့...”


ဟန်ကျန်းရွှယ်သည် မှင်တက်စွာဖြင့် ကျန်းရှောင်ကို စိုက်ကြည့်ကာ အမဲသားထုတ်ကို လှမ်းယူလိုက်သည်။


"နောက်ခါ အပြင်ထွက်ပြီး လျှောက်မဆော့နဲ့တော့၊ တခြားလူတွေကို ပိုနေမကောင်းဖြစ်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ"


“ဟုတ်ကဲ့"


ကျန်းရှောင်က သူမပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။


နောင်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ကုသပေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် သူ ဆုံးဖြတ်လိုက်၏။


သို့သော်လည်း ကျန်းရှောင်သည် ထိုနေ့လယ်က အရောင်းအဝယ် အနည်းငယ် တည့်ခဲ့သေးသည်။ 


အောင်မြင်ခဲ့သည့် ကုသမှုတစ်ခုမှာ စက်ဘီးပေါ်က ပြုတ်ကျပြီး တံတောင်ဆစ် ပွန်းပဲ့သွားသည့် ကလေးငယ်တစ်ဦးကို ကုပေးခဲ့ခြင်း ဖြစ်သည်။


ထိုအချိန်က ကျန်းရှောင် အနည်းငယ် လန့်သွားခဲ့သည်။ 


ကလေးငယ်မှာ သွေးအိုင်ထဲတွင် လဲနေပြီး ငိုယိုအော်ဟစ်ကာ ဆေးရုံထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရခြင်းကြောင့်ပင်။


အမှန်စင်စစ် အခြေအနေမှာ ထင်သလောက် မဆိုးလှဘဲ ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်သည်။


ကလေးကို ‘ကောင်းချီးပေးခြင်း’ စွမ်းအင် သုံးလိုက်ပြီးနောက် သွေးထွက်ခြင်း ရပ်တန့်သွားသည်။


သို့သော်လည်း ပိုးမဝင်စေရန်အတွက် ကျွမ်းကျင်ဆရာဝန်နှင့် ပြသပြီး ဒဏ်ရာကို ဆေးထည့်ရန် ကျန်းရှောင်က ထိုကလေးကို အကြံပေးလိုက်သေး၏။


ကလေးငယ် ပြုံးရွှင်စွာဖြင့် ပြန်ထွက်လာသောအခါ ကျန်းရှောင်က သူ့ကို ဘေးသို့ ခေါ်သွားလိုက်သည်။


ကျန်းရှောင်သည် ကြယ်တာရာ စွမ်းအားကို အဆက်မပြတ် စုပ်ယူပြီး ကလေးကို ၁၀ မိနစ်တစ်ကြိမ် ‘ကောင်းချီးပေးခြင်း’ သုံးပေးလိုက်သည်။ 


တစ်နာရီမပြည့်မီမှာပင် ကလေး၏ ဒဏ်ရာများ လုံးဝပျောက်ကင်းသွားပြီး ရေဖြင့် ဆေးကြောကြည့်သောအခါ အမာရွတ်ပင် မကျန်တော့သည်ကို ကျန်းရှောင် တွေ့လိုက်ရ၏။


ထိုအချက်က ကျန်းရှောင်ကို အတွေးအသစ်တစ်ခု ရစေခဲ့သည်။


'ကောင်းချီးပေးခြင်း’ အတတ်ပညာက အမာရွတ်တွေကိုပါ ပျောက်ကင်းစေနိုင်တာလား။


'အမျိုးသမီးတွေအတွက် အမာရွတ်ဖျောက်ပေးတဲ့ ဝန်ဆောင်မှုဆိုရင် ပိုက်ဆံ တော်တော်ရမှာပဲ'


'သူတို့က အလှအပအတွက်ဆိုရင် နှမြောမှာ မဟုတ်ဘူး'


သာမန် ဆေးကုသမှုတွေနဲ့ နှိုင်းယှဉ်ရင် ကျန်းရှောင်ရဲ့ ကြယ်တာရာ အတတ်ပညာက ပိုမြန်တယ်၊ ပိုစိတ်ချရတယ်၊ နာကျင်မှုလည်း မရှိဘူး။

ဒါ့အပြင် နေလို့လည်း အရမ်းကောင်းတာပဲ။


ဟင်း...


ဒါပေမဲ့ ဒီခရီးကနေ ကျန်းရှောင် ရလိုက်တဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက ‘ကောင်းချီးပေးခြင်း’ အတတ်ပညာကို ပိုပြီး နားလည်လာတာပဲ ဖြစ်သည်။


ကောင်းချီးပေးခြင်း၏ ဖော်ပြချက်မှာ 'ပစ်မှတ်၏ ရှင်သန်မှု သက်စောင့်စွမ်းအင်ကို ဖြည်းဖြည်းချင်း ပြန်လည် ဖြည့်တင်းပေးသည်' ဟုသာ သူသိထား၏။


'သက်စောင့် စွမ်းအင် ဆိုတာ ဘာကို ဆိုလိုတာလဲ'


ယခုအချိန်တွင် ကျန်းရှောင် သိလိုက်သည်မှာ ‘ကောင်းချီးပေးခြင်း’ သည် ပစ်မှတ်၏ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ကောင်းမွန်စေခြင်း (ဥပမာ- ကျန်းရှောင် လေ့ကျင့်ခန်းလုပ်ပြီး ပြေးလွှားနေချိန်)၊ ခန္ဓာကိုယ် အခြေအနေကို မြှင့်တင်ပေးခြင်း (မူးဝေနေသော ကိုယ်ဝန်ဆောင် အမျိုးသမီး) နှင့် ထိခိုက်ဒဏ်ရာများကို ကုသပေးခြင်း (ဒဏ်ရာရနေသော ကလေး) တို့ကို လုပ်ဆောင်နိုင်ကြောင်းပင်။


သက်စောင့်အားဟု ခေါ်သော ရှင်သန်မှုစွမ်းအင်သည် အလွန်ကျယ်ပြန့်လှ၏။


၎င်းမှာ ကြေးဝါအဆင့်သာ ရှိသော်လည်း အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှပေသည်။


သူ ပြန်လည် မဖြည့်တင်းနိုင်သည့် တစ်ခုတည်းသော အရာမှာ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေပင်။


ဤအတတ်ပညာကို အလွန်အကျွံ သုံးစွဲခြင်းက ကြယ်စွမ်းအင်ကို ကုန်ခမ်းစေရုံသာမက သူ့ကို အလွန်အမင်း မောပန်းနွမ်းနယ်စေ၏။


“စားတော့"


ဟန်ကျန်းရွှယ်က မီးဖိုချောင်တွင် ရပ်နေရင်း ပြောလိုက်သည်။ 


နေ့လယ်က ကိစ္စများ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကျန်းရှောင် သိလိုက်၏။


ဟန်ကျန်းရွှယ်သည် အမဲသားများကို ပန်းကန်ထဲ ထည့်လိုက်ပြီး ဝင်လာသော ကျန်းရှောင်ကို ကြည့်ကာ ပြောသည်။


"နောက်တစ်ခါ တစ်ခုခု စားချင်တာ ရှိရင် ငါ့ကို ပြော၊ ငါ ဝယ်ပေးမယ်"


ကျန်းရှောင် စကားမပြောနိုင်တော့ပေ။


သူ့ကိုယ်သူ မိန်းမတစ်ယောက်ရဲ့ ကျွေးမွေးပြုစုမှုကို ခံနေရတဲ့သူတစ်ယောက်လို ခံစားလိုက်ရ၏။


ထိုခံစားချက်က... တကယ်ကို ပျော်စရာ ကောင်းလှသည်။


ကျန်းရှောင်က မေးလိုက်သည်။


"ဒါနဲ့၊ မမ ဆီမှာ ပိုက်ဆံ အလုံအလောက် ရှိသေးရဲ့လား"


ဟန်ကျန်းရွှယ်က “ဒါ မင်း စိတ်ပူရမယ့် အကြောင်းအရာ မဟုတ်ဘူး" ဟု ဆိုသည်။


ကျန်းရှောင်က ဆက်ပြောသည်မှာ...


"မမက တတိယနှစ် ရောက်နေပြီ၊ မကြာခင် တက္ကသိုလ် တက်ရတော့မယ်"


"ကျွန်တော်တို့မှာ မမ တက္ကသိုလ် တက်ဖို့ ပိုက်ဆံ အလုံအလောက် ရှိရဲ့လား"


ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို အံ့သြစွာ ကြည့်လိုက်ပြီး အတော်ကြာအောင် တိတ်ဆိတ်နေသည်။


"ဒါ မင်း စိတ်ပူရမယ့် အကြောင်းအရာ မဟုတ်ဘူး"


ကျန်းရှောင်က “ကျွန်တော်တို့...."


ဟန်ကျန်းရွှယ်က ချက်ချင်း ကြားဖြတ် ပြောလိုက်၏။


"မြန်မြန်စား...ခဏနေရင် တိုက်ခိုက်ရေး သင်ခန်းစာတွေ ဆက်လုပ်ရမယ်"


ကျန်းရှောင်က “ကောင်းပါပြီ" ဟု ပြန်ဖြေသည်။


“ဆေးကုသရေး စွမ်းရည်ရှိတဲ့ နိုးထသူတွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ငါ မင်းကို ပြောပြီးသား"


"နောင်ဆိုရင် မင်းရဲ့ အရည်အချင်းကို တတ်နိုင်သမျှ လျှို့ဝှက်ထားရမယ်"


ဟန်ကျန်းရွှယ်က ခေတ္တစဉ်းစားပြီး ဆက်ပြောသည်။


"ဒါပေမဲ့ အကြာကြီးတော့ ဖုံးထားလို့ ရမှာ မဟုတ်ဘူး၊ အထက်တန်းကျောင်း တက်တဲ့အခါ ပေါ်သွားမှာပဲ"


"ဒါ့အပြင် အရင်းအမြစ်တွေ ပိုရဖို့အတွက်ဆိုရင် မင်းရဲ့ ဆေးကုသရေး ကြယ်တာရာ စွမ်းအားကို ဖုံးကွယ်မထားဘဲ အစွမ်းကုန် ပြသဖို့ လိုလိမ့်မယ်"


ကျန်းရှောင်သည် သူမ၏ စကားများကို သေချာစဉ်းစားကာ မှတ်သားထားလိုက်သည်။


ညစာစားပွဲမှာ အေးအေးဆေးဆေးပင် ကုန်ဆုံးသွားသဖြင့် ဟန်ကျန်းရွှယ် ဒေါသများ ပြေပျောက်သွားပြီဟု ကျန်းရှောင် ထင်ခဲ့၏။


သို့သော် အမှန်မှာ ထိုသို့ မဟုတ်ပေ။ 


သူမက မကျေနပ်သည့် အရိပ်အယောင် မပြသော်လည်း၊ တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွင်မူ မနေ့ကထက်ပင် ပို၍ ပြင်းထန်စွာ ကျန်းရှောင်ကို ထိုးနှက် တိုက်ခိုက်ခဲ့သည်။


တိုက်ခိုက်သည့် ပုံစံ၊ ရပ်တည်ချက်နှင့် အားစိုက်ထုတ်ပုံများ အပြင်၊ ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို ခြေလှမ်းနည်းစနစ်များပါ သင်ကြားပေးခဲ့သည်။


ထို့ကြောင့် လေ့ကျင့်ခန်း ဒုတိယပိုင်းတွင် ကျန်းရှောင်သည် သူမ၏ လက်ဝှေ့အိတ် ဖြစ်သွားရ၏။


ဟန်ကျန်းရွှယ်၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ကျန်းရှောင်၏ ခုခံခြင်းနှင့် ရှောင်တိမ်းခြင်းစွမ်းရည်များမှာ ဆက်တိုက် တိုးတက်လာခဲ့သည်။ 


သို့သော် ကျန်းရှောင်သည် ခံနိုင်ရည်ကိုလည်း အထင်အရှား ခံစားခဲ့ရ၏။


ကံမကောင်းစွာဖြင့် သူ၏ လက်ဗလာ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြေးဝါအဆင့် ၂ မှာပင် ရပ်တန့်နေပြီး တိုးတက်မလာခဲ့ပေ။


မနက်မှ ညအထိ လေ့ကျင့်သင်ယူခြင်းသည် ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့အတွက် နောက်နှစ်ရက်တာ ပုံမှန် အစီအစဉ်တစ်ခု ဖြစ်လာခဲ့၏။


ကျန်းရှောင်သည် သူ့ကိုယ်သူ အကြိမ်ကြိမ် မေးမိသည်မှာ....


"ဘာလို့ တတိယမြောက် တစ်ခုရဲ့ အခြေခံ တိုက်ခိုက်ခြင်း အတတ်ပညာထဲမှာ 'ခန္ဓာကိုယ် ကြံ့ခိုင်မှု' အတတ်ပညာ မပါတာလဲ"


"အရည်အသွေးပွိုင့်တွေ သုံးပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်လို့ရရင် ကောင်းမှာပဲ"


ကံမကောင်းစွာဖြင့် သူသည် နေ့ရောညပါ လေ့ကျင့်ရန်သာ ရှိတော့သည်။


လွန်ခဲ့သည့် ရက်အနည်းငယ်က ခက်ခဲစွာ ဖြတ်သန်းခဲ့ရသော်လည်း ကျန်းရှောင်၏ ခန္ဓာကိုယ်မှာ အားနည်းနေဆဲပင်။


အနည်းဆုံးတော့ သူ၏ ကြယ်တာရာ စွမ်းအားမှာ ကြယ်မှုန် အဆင့် ၂ တွင်သာ ရှိနေသေး၏။


ကျန်းရှောင်၏ အားနည်းသော ခန္ဓာကိုယ်သည် ကြယ်တာရာ စွမ်းအားအနည်းငယ်ကိုသာ သိုလှောင်နိုင်သဖြင့် အကြိမ်ရေ အများကြီး ဆက်တိုက် မသုံးရဲပေ။ 


သုံးမိပါက ခေါင်းမူးလာတတ်သည်။ 


ထို့ကြောင့် သူသည် ကြယ်တာရာ စွမ်းအားကို စိတ်ရှည်စွာ ပြန်လည် စုစည်းပြီးမှ အတတ်ပညာကို ထပ်သုံးရသည်။ 


၎င်းမှာ အတော်လေး စိတ်ရှုပ်စရာ ကောင်းလှ၏။


ပင်ပန်းသော လေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး၊ နောက်တစ်နေ့ ညနေပိုင်းတွင် ဟန်ကျန်းရွှယ်က အမိန့်သစ် တစ်ခု ထုတ်ပြန်လိုက်သည်။


“ဘာ...မနက်ဖြန် မနက် လေ့ကျင့်ခန်း မလုပ်ရတော့ဘူး ဟုတ်လား"


“ဟုတ်တယ်"


ဟန်ကျန်းရွှယ်က သူမ၏ လက်အိတ်များကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး လေ့ကျင့်ရေး အခန်းထဲမှ လှည့်ထွက်သွားသည်။


“မမက တကယ်ကို စကားနည်းတာပဲနော်"


ဟန်ကျန်းရွှယ်၏ ကျောပြင်ကို ကြည့်ကာ ကျန်းရှောင် တိုးတိုးလေး ရေရွတ်လိုက်သည်။


သူမ၏ စရိုက်အရဖြစ်စေ၊ သူတို့၏ တော်စပ်မှုအရဖြစ်စေ သူမသည် သူ့ကို လက်လျှော့လိုက်မည်ဟု ကျန်းရှောင် ဘယ်သောအခါမှ မတွေးမိပေ။ 


'ဒါဆို... ဘာဖြစ်လို့လဲ'


အလုပ်နဲ့ အနားယူမှုကို မျှတအောင် လုပ်ပေးတာလား။


ကျန်းရှောင် တွေးနိုင်သမျှ အဖြစ်နိုင်ဆုံး အကြောင်းပြချက်မှာ ထိုအချက်ပင်။ 


သို့သော် သူကတော့ သူ့ဒဏ်ရာကို သူ ပြန်ကုနိုင်သည်လေ။


သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသည့်အတွက် အလုပ်နှင့် အနားယူမှု မျှတရန် မလိုပေ။ 


သူလိုအပ်သည်မှာ ဦးနှောက် အပြည့်အဝ အနားရရန်အတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းသာ။


ဤအတွေးက ကျန်းရှောင်ကို စိတ်ပိုင်းဖြတ်မှု ပေးလိုက်သည်။


ကျန်းရှောင်သည် မူလ ကျန်းရှောင်ဖီ မဟုတ်တော့ပေ။ 


ယခု ကျန်းရှောင်သည် ပို၍ စည်းကမ်းရှိပြီး ရှင်းလင်းသော ရည်မှန်းချက်များ ရှိနေခြင်း။


သူသည် ဇွဲနှင့် လုံ့လ၏ အရေ

းကြီးပုံကို သိသည်။ 


သူ ပို၍ သန်မာလာချင်သောကြောင့် နောက်တစ်နေ့ မနက်တွင် အချိန်မှန် ထကာ အပြင်သို့ ထွက်ပြီး လေ့ကျင့်ခန်း လုပ်ခဲ့သည်။


အံ့သြစရာ ကောင်းသည်မှာ၊ ထိုသို့ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့်ပင် သူသည် ပြဿနာကြီးနှင့် ရင်ဆိုင်လိုက်ရလေတော့သည်။