အခန်း (၇) ကိုယ်အလေးချိန် လျှော့ချခြင်း
Viewers 27

နွေရာသီညချမ်းသည် လေပြည်အေးများ တိုက်ခတ်နေပြီး ကြယ်စင်ရှားပါးသော ကောင်းကင်ယံတွင် လမင်းသည် ထိန်ထိန်သာနေသည်။ 


သပ်ရပ်လှပစွာ ပြင်ဆင်မွမ်းမံထားသော ကော်ဖီဆိုင်လေးတစ်ခု၏ သီးသန့်အခန်းငယ်လေးထဲတွင် ဆံပင်ရှည်နှင့် ဟန်ကျန်းရွှယ်သည် ပျင်းရိငြီးငွေ့စွာဖြင့် သူမ၏ကော်ဖီခွက်ထဲမှ ကြွေဇွန်းလေးကို လှည့်ပတ်မွှေနှောက်နေမိ၏။


သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်မှာ ဆံပင်တိုနှင့် မိန်းကလေးတစ်ဦးဖြစ်ပြီး စိတ်အားထက်သန်စွာဖြင့် တတွတ်တွတ် စကားပြောမနားတမ်း ပြောဆိုနေသည်။ 


ထိုသူနှစ်ဦးမှာ နံနက်ပိုင်းမှသည် မွန်းတည့်ချိန်အထိ စကားပြောနေခဲ့ကြခြင်း။


တိတိကျကျပြောရလျှင် ဆံပင်တိုနှင့် မိန်းကလေးက ညနေစောင်းသည်အထိ စကားပြောနေခြင်းဖြစ်ပြီး ဟန်ကျန်းရွှယ်ကမူ စိတ်လေနေဟန်ဖြင့် တစ်ခါတစ်ရံမှသာ ပြန်လည်ထူးနေခြင်းဖြစ်သည်။ 


ဆံပင်တိုနှင့် မိန်းကလေးမှာမူ ထိုအချက်ကို ဂရုမစိုက်ပေ။ 


အကြောင်းမှာ သူမသည် ဟန်ကျန်းရွှယ်၏ စရိုက်ကို ကောင်းကောင်းနားလည်ထားသောကြောင့်ပင်။


သူတို့နှစ်ဦးမှာ အတူတူကြီးပြင်းလာခဲ့သည့် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ 


အမှန်တကယ်တော့ သူမ၏ ညည်းညူသံများကို အချိန်ပေးနားထောင်ပေးနေသည့်အတွက် ဟန်ကျန်းရွှယ်အပေါ် အလွန်ကျေနပ်အားရနေမိခြင်း ဖြစ်သည်။


“ကုကူး"


နာရီမှ ကုကူးငှက်မြည်သံ ထွက်ပေါ်လာချိန်တွင် ဟန်ကျန်းရွှယ်သည် သူမ၏မေးစေ့ကို ကိုင်လိုက်ပြီး ကော်ဖီမွှေနေခြင်းကို ရပ်တန့်လိုက်သည်။ 


ထို့နောက် ထူးဆန်းသော မျက်နှာပေးဖြင့် သူမ၏ လက်ကိုင်အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်၏။


“ဘာဖြစ်လို့လဲ၊ ဘာထူးခြားလို့လဲ"


"တစ်ယောက်ယောက်က နင့်ကို ချစ်ရေးဆိုလိုက်လို့လား"


ဆံပင်တိုနှင့် မိန်းကလေးသည် ချက်ချင်းပင် စိတ်ဝင်စားသွားကာ မျက်လုံးများ အရောင်တောက်လျက် ဟန်ကျန်းရွှယ်အနားသို့ တိုးကပ်လာသည်။


သူမထံ ရောက်ရှိလာသော စာတိုကို ကြည့်ပြီးနောက် ဟန်ကျန်းရွှယ်က ဖုန်းကို အမြန်ပြန်သိမ်းကာ “ရှယန်၊ ငါ အိမ်ပြန်ရတော့မယ်” ဟု ပြောလိုက်သည်။


“စောသေးတာကို ပြန်တော့မလို့လား...” 


ရှယန်က သူ့စကားမဆုံးသေးခင်မှာပင် နာရီကြည့်လိုက်ရာ ရှစ်နာရီထိုးခါနီးနေပြီဖြစ်၍ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။


“အေးပါလေ၊ ငါ လိုက်ပို့ပေးမယ်"


"ဒါပေမဲ့ နင့်ဆီ စာပို့တဲ့သူက ဘယ်သူလဲဆိုတာနဲ့ ဘာအကြောင်းလဲဆိုတာတော့ ပြောပြရမယ်နော်"


“လိုက်ပို့ချင်ပို့၊ မပို့ချင်နေ နင့်သဘောပဲ” ဟု ပြောကာ ဟန်ကျန်းရွှယ်သည် ထိုင်ရာမှထပြီး တံခါးဖွင့်ကာ ထွက်သွားသည်။


“ဟေး၊ နင်ကလည်း အရမ်းစိတ်ကြီးတာပဲ...” 


ရှယန်သည် ကပျာကယာ ထွက်သွားသော ဟန်ကျန်းရွှယ်ကို ကြည့်ပြီး အမြန်ပင် နောက်မှ လိုက်သွားတော့သည်။


...


လွန်ခဲ့သော သုံးမိနစ်ခန့်က။


ကျန်းပင်မြို့၊ တုန်ချန်းရပ်ကွက်၊ ဟွားယွမ်အိမ်ရာ၊ အဆောက်အအုံ G7၊ ပထမထပ် အခန်း ၇၀၁။


ကျန်းရှောင်သည် ပြတင်းပေါက်မှတစ်ဆင့် ညကောင်းကင်ယံကို ကြည့်ရင်း စိုးရိမ်စိတ်ဝင်နေမိသည်။ 


သူ ပေါင်းစပ်ရရှိထားသော မှတ်ဉာဏ်များအရ ဟန်ကျန်းရွှယ်သည် ယခုကဲ့သို့ အချိန်နှောင်းသည်အထိ အိမ်ပြန်မလာဘဲ မနေဖူးချေ။ 


သူမ ဘယ်နေရာကို ရောက်နေပါလိမ့်ဟု သူ တွေးတောနေမိပြီရ


ဖုန်းနှစ်ကြိမ်ခေါ်ပြီးနောက် ဟန်ကျန်းရွှယ်က အေးစက်စက်ပြန်ထူးပြီး ဖုန်းချသွားသည်။ 


ကျန်းရှောင် တတိယအကြိမ် ထပ်ခေါ်သောအခါတွင်မူ ဟန်ကျန်းရွှယ်က အောက်ထပ်ဆင်းပြီး ခေါက်ဆွဲခြောက်ဝယ်စားလိုက်ရန်သာ ခပ်တိုတို ပြောလေသည်။ 


ကျန်းရှောင် ဆွံ့အသွားရ၏။


အကယ်၍သာ ကျန်းရှောင်ဖီ၏ မှတ်ဉာဏ်နှင့် ခံစားချက်များသာ သူ့ထဲမှာ ရှိမနေပါက သူသည် ဤအမျိုးသမီး... မဟုတ်သေးပါ၊ ဤမိန်းကလေးအပေါ် ဂရုစိုက်နေမည် မဟုတ်ပေ။ 


ဟန်ကျန်းရွှယ်သည် နိုးထသူတစ်ယောက် ဖြစ်သဖြင့် ဘာမှမဖြစ်နိုင်ပါဟု သူ တွေးမိသော်လည်း ဤကမ္ဘာကြီးမှာ အလွန်အန္တရာယ်များလှ၏။


အကယ်၍ ရာဇဝတ်သားကလည်း နိုးထသူတစ်ယောက် ဖြစ်နေလျှင်ရော။


အခြားအန္တရာယ်များကို ထားလိုက်ပါဦး၊ ဟန်ကျန်းရွှယ်တစ်ယောက် အပြင်မှာ သူငယ်ချင်းတွေနဲ့ သောက်စားကခုန်ရင်း အခွင့်အရေး အယူခံရလျှင် မည်သို့လုပ်မည်နည်း။


ကောင်းပါပြီ၊ သူမက ထိုကဲ့သို့ ကလပ်တက်မည့် အမျိုးအစားတော့ မဟုတ်ပါ။


“ဟင်း... ငါက သူမရဲ့ မောင်အဖြစ် မွေးဖွားလာတာလား၊ သူမရဲ့ အဖေအဖြစ် မွေးဖွားလာတာလား မသိတော့ပါဘူး” ဟု ကျန်းရှောင်က သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ 


နေ့လယ်ပိုင်းတစ်နေ့လုံး သူသည် ကမ္ဘာသစ်အကြောင်း သတင်းအချက်အလက်များကို ရှာဖွေပြီး ကြယ်တာရာစွမ်းအား အကြောင်းကို လေ့လာခဲ့သည်။ 


ထို့နောက်တွင်မှ သူလုပ်ရမည့် နောက်ထပ်အလုပ်တစ်ခုကို သတိရသွားသည်။


၎င်းမှာ သူ၏ အရှက်ရဖွယ် အတိတ်များကို ဖျက်ဆီးပစ်ရန်။


ထိုအရာမှာ ကျန်းရှောင်ဖီ၏ Weibo အကောင့်ပင်။


မှတ်ဉာဏ်ထဲရှိ စကားဝှက်ကို အသုံးပြုကာ အကောင့်ထဲသို့ ဝင်လိုက်ရာ အမည်မှာ ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား ဟု ဖြစ်နေသည်။ 


ကံကောင်းသည်မှာ ကျန်းရှောင်ဖီသည် ထိုအကောင့်ကို ယနေ့မှ ဖွင့်ထားခြင်းဖြစ်ပြီး လှုပ်ရှားမှု သိပ်မရှိသေးပေ။ 


နေ့လယ်က ရိုက်ကူးထားသည့် မိတ်ဆက်ဗီဒီယိုကိုလည်း မတင်ရသေးပေ။ 


သို့သော် အစောပိုင်းက တင်ထားသော ပို့စ်တစ်ခု ရှိနေ၏။


“ငါ အဖေဖြစ်ချင်တယ်"


ကျန်းရှောင် ထိုပို့စ်ကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။


"တကယ်ကို ပြတ်သားပြီး ပွင့်လင်းတဲ့ ကောင်လေးပဲ” ဟု သူ တွေးလိုက်သည်။


အဲ... အောက်မှာ ဝင်ရေးထားတာတစ်ခု ရှိနေပါလား။


ကျန်းရှောင် ချက်ချင်းဝင်ကြည့်လိုက်ရာ 'ဆုန်လီဝမ်' အမည်ရှိသူတစ်ဦးဆီမှ ဖြစ်နေသည်။ 


ပို့စ်တင်ပြီး မိနစ် ၂၀ အကြာတွင် ရောက်လာသော ထိုမန့်မှာ “အခုချက်ချင်း Weiboကို ဖျက်လိုက်စမ်း” ဟူ၍ ဖြစ်သည်။


"ဆုန်လီဝမ်"


ကျန်းရှောင် မျက်တောင်ခတ်လိုက်မိသည်။ 


ထိုအမည်မှာ ကဗျာတစ်ပုဒ်ထဲမှ အမည်တစ်ခု ဖြစ်၏။


"ဟန်ကျန်းရွှယ်...ဟန်ကျန်းရွှယ်လား"


"ဟမ်၊ သူမရဲ့ အမည်ပြောင်က တော်တော်လေး ကဗျာဆန်တာပဲ"


ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ဖီ အွန်လိုင်းပေါ်တွင် အရူးထနေမည်ကို အတော်လေး စိုးရိမ်နေပုံရ၏။


ယနေ့မှ ဖွင့်ထားသော အကောင့်ဖြစ်သော်လည်း ဖန် ၃၄ ယောက် တောင်ရှိနေသည်။ 


ကျန်းရှောင် တစ်ယောက်ချင်းစီ လိုက်ကြည့်လိုက်ရာ ပစ္စည်းရောင်းသည့် အကောင့်တုများသာ ဖြစ်နေ၏။


ထို ၃၄ ယောက်ထဲတွင် အမှန်တကယ် လူအစစ်ဖြစ်နေသူမှာ ဟန်ကျန်းရွှယ် တစ်ဦးတည်းသာ ဖြစ်သည်။


“ဒါကို ပြန်ပြီး ပြုပြင်ပြောင်းလဲလို့ ရနိုင်မလား"


ကျန်းရှောင် ခဏစဉ်းစားပြီးနောက် တစ်ခုတည်းသော တင်ထားသည့်စာကို ဖျက်လိုက်ကာ ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်သည်။ 


မိနစ်အနည်းငယ် ကြာပြီးနောက် သူရေးထားသော စာကို ပြန်ဖတ်ကြည့်ပြီးမှ တင်လိုက်သည်။ 


ထိုအချိန်မှာပင် ဟန်ကျန်းရွှယ်၏ ဖုန်းမှ ကုကူးငှက်မြည်သံ ထွက်ပေါ်လာသည်။ 


သူမသည် ကျန်းရှောင်ဖီ၏ ဝေပုကို ဖောလိုးလုပ်ထားသဖြင့် ဖုန်းကိုပင် ဖွင့်ကြည့်စရာမလိုဘဲ ပို့စ်အသစ်ကို မြင်နေရခြင်း။


...

'ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား' မှ 


သတင်းအသစ် - Weibo မှ အသိပေးချက်


"ဒီလိုပျင်းစရာကောင်းတဲ့ ညမှာ အရမ်းကို အထီးကျန်နေမိတယ်၊ ခဏလောက် အပြင်ထွက်ချင်လိုက်တာ"


"နောက်ထပ် ၁၀ မိနစ်လောက်တော့ အောင့်အည်းသည်းခံကြည့်ဦးမယ်၊ အကယ်၍ မခံစားနိုင်တော့ရင်တော့..."


စာကြွင်း : ကျန်းရွှယ်လေးကို စပြီး စိတ်ဝင်စားမိတဲ့ ပထမဆုံးနေ့။


...


ကော်ဖီဆိုင်ထဲတွင် ဟန်ကျန်းရွှယ်က ဖုန်းကို ပြန်သိမ်းလိုက်ပြီး သူမအနားသို့ တိုးကပ်လာသော ရှယန်ကို တွန်းထုတ်ကာ “ငါ အိမ်ပြန်ရတော့မယ်” ဟု ပြောလိုက်သည်။


...


လက်ရှိအချိန်သို့ ပြန်အသွား။


...


အနက်ရောင် ဂျစ်ကားတစ်စီးသည် ဟွားယွမ်အိမ်ရာ၏ အဝင်ဝတွင် ဟိန်းဟောက်သံနှင့်အတူ ရပ်တန့်သွား၏။


ရှယန်က ဘရိတ်ကို ရုတ်တရက် အပြင်းနင်းလိုက်သဖြင့် လုံခြုံရေးဝန်ထမ်းပင် လန့်သွားရသည်။ 


ဟန်ကျန်းရွှယ်က ကားတံခါးကို အမြန်ဖွင့်ကာ အိမ်ရာထဲသို့ ပြေးဝင်သွားသည်။


“ဟေး...ရှောင်ရွှယ်၊ ငါတို့ ကတိကို မမေ့နဲ့ဦး"


"နောက် ၃ ရက်နေရင် ငါ နင့်ကို လာခေါ်မယ်၊ ငါတို့ အတူတူ စွန့်စားခန်းသွားကြမယ်"


ရှယန်က ကားမှန်ချပြီး ထွက်ခွာသွားသော ဟန်ကျန်းရွှယ်ကို လှမ်းအော်ပြောသည်။


ဟန်ကျန်းရွှယ်က လှည့်ပင်မကြည့်ဘဲ လက်ကိုသာ ဝေ့ယမ်းပြလိုက်သည်။


“ဟေး...ငါ့ကို တစ်ချက်လောက် လှည့်ကြည့်ရင် သေသွားမှာကျနေတာပဲ” ဟု ရှယန်က စိတ်တိုတိုဖြင့် ရေရွတ်ရင်း လီဗာကို အရှိန်ပြင်းပြင်း နင်းထွက်သွားတော့သည်။


ဟန်ကျန်းရွှယ်မှာမူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ 


သူမ၏ မောင်လေးသည် ယခုမှပင် လိမ္မာလာသယောင်ရှိသော်လည်း တစ်ဖန်ပြန်၍ ကလေးဆန်သော လက္ခဏာများ ပြသနေပြီ။


'မဟုတ်ဘူး၊ ငါ သူ့ကို အချိန်မီ တားရမယ်၊ အကယ်၍ တားလို့မရရင်လည်း ငါ သူ့ကို ထပ်ပြီး ပါးရိုက်ရုံပဲ ရှိတာပေါ့'


ဟန်ကျန်းရွှယ် အိမ်ထဲသို့ ပြေးဝင်လာပြီး ဧည့်ခန်းနံရံရှိ နာရီကို ကြည့်လိုက်သည်။ 


ကံကောင်းထောက်မစွာဖြင့် ၁၀ မိနစ်ပင် မပြည့်သေးချေ။


အိမ်ကြီးက... သန့်ရှင်းသပ်ရပ်နေပါလား။ 


ဒီကောင်လေး အိမ်သန့်ရှင်းရေး လုပ်ထားတာလား။


ဧည့်ခန်းကို လှည့်ပတ်ကြည့်ရင်း ကျန်းရှောင်၏ အခန်းတံခါးဝသို့ ရောက်သွားကာ အရှိန်ဖြင့် တွန်းဖွင့်လိုက်သည်။ 


ပြတင်းပေါက်တွင် မှီရပ်နေသော ပိန်ပါးပါး ကျန်းရှောင်ကို သူမ တွေ့လိုက်ရ၏။


မှိန်ပျပျ အလင်းရောင်အောက်တွင် ကျန်းရှောင်၏ ကိုယ်ထည်မှ မှိန်ဖျဖျ အလင်းတန်းလေးများ ထွက်ပေါ်နေပြီး ကြယ်တာရာစွမ်းအားများ တဖျတ်ဖျတ် တုန်ခါနေသည်။


'သူ ကြယ်တာရာစွမ်းအားတွေကို စုပ်ယူနေတာလား'


သူက အပြင်ထွက်မည့် ပုံစံမျိုးလည်း မပေါက်ပေ။


ကျန်းရှောင်က ရုတ်တရက် မေးလိုက်သည်။ 


“အိမ်ပြန်လာရမယ်ဆိုတာကို မမ သိသေးသားပဲ"


ဟန်ကျန်းရွှယ် ကြောင်သွားရသည်။


ကျန်းရှောင်က ထပ်မေးသည်။


"ကျွန်တော်က အသားမျှင်ကြော်တွေ၊ ငါးချဉ်စပ်တွေ၊ အာလူးအမဲသားချက်တွေကို ချက်ပြနိုင်တယ်ဆိုတာ မမ ယုံလား"


ဟန်ကျန်းရွှယ်က မျက်ခုံးပင့်ကာ လှောင်ပြုံးဖြင့် “မင်းကလား" ဟု မေးသည်။


ကျန်းရှောင်က ခပ်ဖွဖွရယ်ရင်း သူမဘက်သို့ လှည့်ကြည့်ကာ “မယုံဘူးလား၊ မယုံဘူးဆိုရင်လည်း မမ ဘာလို့ အခုထိ ထမင်းမချက်သေးတာလဲ"


ဟန်ကျန်းရွှယ် စကားမဆိုနိုင်တော့ပေ။


ကျန်းရှောင်က ရှေ့သို့ ပြန်လှည့်သွားပြီး “နောင်ကို မမက ထမင်းချက်ဖို့ တာဝန်ယူ၊ ကျွန်တော်က အိမ်သန့်ရှင်းရေးနဲ့ ပန်းကန်ဆေးတာကို တာဝန်ယူမယ်"


"ဒါပဲ ဆုံးဖြတ်လိုက်ပြီ၊ မနက်ဖြန်ကစပြီး အိမ်ကို အချိန်မှန်ပြန်လာခဲ့” ဟု ပြောသည်။


ဟန်ကျန်းရွှယ် အသက်ပြင်းပြင်းရှူလိုက်မိပြီး စိတ်တိုလာသဖြင့် နားထင်ကြောများပင် ထောင်တက်လာသည်။


"မင်းရဲ့ ကြယ်တာရာစွမ်းအားတွေ ပြည့်သွားပြီလား"


“ဟမ်"


ဟန်ကျန်းရွှယ်သည် ဗီရိုဆီသို့ လျှောက်သွားကာ အားကစားဝတ်စုံတစ်စုံ ထုတ်ပေးလိုက်သည်။ 


“ဒါကို လဲလိုက်စမ်"


ကျန်းရှောင်က သံသယဖြင့် ကြည့်ကာ “မမ ဘာလုပ်မလို့လဲ" ဟု မေးသည်။


ဟန်ကျန်းရွှယ်က အေးစက်စက်ဖြင့် “မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်၊ ဒါကြောင့် ကြယ်တာရာစွမ်းအား နည်းနည်းပဲ လက်ခံနိုင်တာ"


"ခန္ဓာကိုယ် သန်စွမ်းလာအောင်နဲ့ ကြံ့ခိုင်မှု တိုးတက်လာအောင် မင်း လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။


“အခုလား"


“ဟုတ်တယ်...အခုပဲ သွားမယ်၊ ငါနဲ့အတူ ညဘက် ပြေးရမယ်"


ဟန်ကျန်းရွှယ်သည် ပြောပြီးနောက် အခန်းထဲမှ ထွက်သွားသည်။


"မင်းကို ၅ မိနစ် အချိန်ပေးမယ်၊ ငါ သွားလဲလိုက်ဦးမယ်"


ကျန်းရှောင်က စိတ်ပျက်လက်ပျက်ဖြင့် “ဒါပေမဲ့ ငါ ဗိုက်ဆာနေတုန်

းပဲလေ” ဟု အော်ပြောလိုက်သည်။


“ညစာ မစားဘဲ နေလိုက်ပေါ့၊ အဲဒါမှ ကိုယ်အလေးချိန် ကျမှာ” ဟု ဟန်ကျန်းရွှယ်၏ အသံက ဝေးရာမှ ထွက်ပေါ်လာသည်။


'ကိုယ်အလေးချိန် လျှော့ရမယ်'


'ငါက ဒီလောက်တောင် ပိန်နေတာကို ထပ်ပြီး လျှော့ခိုင်းနေတာလား'


'မင်းက မိစ္ဆာမလား'