အခန်း ၂
Viewers 22




ယူဇီ တစ်ယောက် ခေါင်းခြောက်မတတ် စဉ်းစားပြီးမှသာ သူ့မှာ ‘ရှဲ့’ အမည်ရှိတဲ့ ဒရိုင်ဘာတစ်ယောက် တကယ်ရှိခဲ့ဖူးကြောင်း သတိရလိုက်မိသည်။


သို့သော် သူသည် များသောအားဖြင့် ကားနောက်ခန်း၌သာ ထိုင်လေ့ရှိသဖြင့် သူ့ထံတွင် ဒရိုင်ဘာ ဘယ်နှယောက် ပြောင်းလဲသွားသည်ကို အသေအချာ မသိခဲ့ပါ။ 


ထိုလူနှင့်ပတ်သက်၍ သူမှတ်မိသမျှမှာ လအနည်းငယ်ခန့် ကားမောင်းပေးဖူးပြီးနောက် အကြောင်းပြချက်အချို့ကြောင့် ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယူဇီ စိတ်ထဲ ကျန်ရစ်နေသည့် တစ်ခုတည်းသော အသေးစိတ်အချက်မှာ ထိုသူသည် ကတုံးတုံးနီးပါး ဆံပင်ကေတိုတိုလေးနှင့် ဖြစ်သည်ဟူ၍သာ။


သို့သော် ဤစာသည် အစစ်အမှန်ဖြစ်နေလျှင်ပင်... ထိုသူက ယူဇီ ရဲ့ လက်ရှိအခြေအနေကို ဘယ်လိုလုပ် သိနေရတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ဒီလိုတိကျတဲ့ အချိန်အခါမျိုးမှာမှ ဆက်သွယ်လာရတာလဲ။


ယူဇီ တစ်ယောက်တည်း အတွေးကမ္ဘာထဲ နစ်မျောနေစဉ်မှာပင် နောက်ထပ် စာတစ်စောင် ထပ်မံရောက်ရှိလာပြန်သည်။


ဖွင့်ကြည့်လိုက်တော့ အခြားအရာမပါဘဲ လိပ်စာတစ်ခုကို တိုက်ရိုက် ပို့ထားခြင်းပင်။


[ဖန်ကျားယွမ် ရပ်ကွက်၊ အဆောက်အအုံ ၇၊ အခန်းတွဲ ၅၀၆။ ]


‘ထူးဆန်းတဲ့လူပဲ။’ ယူဇီ စိတ်ထဲကတွေးရင်း လိပ်စာကို ကူးယူကာ ဖုန်းထဲက မှတ်စုထဲမှာ သိမ်းဆည်းလိုက်သည်။

သို့သော် သူ စာပြန်မပို့ဖြစ်ခဲ့ပါ။ 


လက်အောက်ငယ်သားဟောင်းတစ်ယောက်ရဲ့ အိမ်မှာ တစ်ယောက်တည်း သွားတည်းခိုဖို့ စဉ်းစားတာဟာ ဘယ်လိုကြည့်ကြည့် ဆင်ခြင်တုံတရားရှိတဲ့ ရွေးချယ်မှုမျိုး မဟုတ်သည်ကတော့ အမှန်ပင်။


နောက်တစ်နေ့ နံနက်ခင်းတွင်တော့ ယူဇီတစ်ယောက် အပေါ်ထပ်က အိမ်ပြင်ဆင်နေသည့် ဆူညံသံကြောင့် နိုးလာခဲ့ရသည်။ ပြင်းထန်လှသော ဂျိုးဂျိုးဂျတ်ဂျတ် စက်တူးသံကြီးက အပေါ်ထပ်ကနေ အဆက်မပြတ် မြည်ဟည်းနေပြီး ယူဇီဦးခေါင်းခွံကို လွှနှင့် တိုက်ရိုက် လာတိုက်နေသလိုပင် ခံစားရစေသည်။


ဒီလို စုတ်ပြတ်သတ်နေတဲ့ မိုတယ်အိုကြီးက ဘာတွေကိုများ ပြင်ဆင်စရာလိုလို့လဲ ဆိုတာ သူ လုံးဝနားမလည်နိုင်တော့။ ဒီထက်စာရင် ဖြိုချပြီး အသစ်ပြန်ဆောက်တာကမှ ပိုမြန်ဦးမည်။


ယူဇီသည် ဟောင်းနွမ်းစုတ်ပြဲနေသော လိုက်ကာများကို ဆွဲဖွင့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မိုးကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလို့နေ၏။


မိုတယ်တွင် နံနက်စာ အလကားကျွေးသည့် စနစ်မရှိသဖြင့် ဗိုက်ဖြည့်ဖို့ အပြင်သို့ ထွက်ခဲ့ရသည်။


အပြင်မထွက်မီ လေကာအင်္ကျီအရှည်ကြီးကို ကောက်စွပ်လိုက်ရင်း မီးခိုးရောင်သန်းနေသော အုံ့မှိုင်းမှိုင်း ကောင်းကင်ကြီးအောက်သို့ ခြေလှမ်း လှမ်းအပြု...


 ဧည့်ကြိုကောင်တာမှ အသံက လှမ်း၍ ပျံ့လွင့်လာသည်။


“ဟေ့... လူငယ်လေး။”


ထိုသို့ ခေါ်ဝေါ်ခြင်းကို သဘောမကျသဖြင့် ယူဇီ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်ကာ “ဘာလဲဗျာ” ဟု မေးလိုက်သည်။


“ဒီနေ့ရော ဆက်တည်းဦးမှာလား။”


ယူဇီ နှစ်စက္ကန့်ခန့် တုန့်ဆိုင်းသွားပြီးမှ “ဟုတ်ကဲ့၊ တည်းမယ်” ဟု ပြန်ဖြေလိုက်သည်။


“ဒီနေ့ အခန်းခ တစ်ရာ တိုးသွားပြီနော်။ တည်းချင်ရင် မြန်မြန်လေးလုပ်။”


“ဘာဖြစ်လို့ တစ်ရာတောင် တိုးရတာလဲဗျ။” ယူဇီ ဒေါသတကြီးဖြင့် ပြန်အော်မိသည်။ “ဒါ လူကို ဓားပြတိုက်နေတာပဲ မဟုတ်လား။”


ဒီနေရာက မြို့ပြင် ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေရင်တောင်မှ အခြေခံ ဈေးနှုန်းထိန်းချုပ်မှု စည်းမျဉ်းတွေ မရှိဘူးလား။


“ဒီနေ့က ဝီကန့် (ရုံးပိတ်ရက်) လေဗျာ၊ ဒါကြောင့် ဈေးတက်တာ။ မယုံရင် အွန်လိုင်းမှာ ရှာကြည့်လိုက်။ မတည်းချင်ရင်လည်း ၁၂ နာရီ မတိုင်ခင် အခန်းအပ်ဖို့ မမေ့နဲ့ဦး။” ဧည့်ကြိုဝန်ထမ်းက သူ့ကို ဆက်ပြီး စကားမပြောတော့ဘဲ ရုံးခန်းထဲ ပြန်ဝင်ကာ နေကြာစေ့ကိုသာ တဖျောက်ဖျောက် ဝါးနေတော့သည်။


စတိုးဆိုင် လေးထဲတွင် လူများ ရုန်းရင်းဆန်ခတ်ဖြင့် အဝင်အထွက် ရှုပ်နေကြပြီး ကောင်းကင်ကြီးကတော့ အုံ့ဆိုင်းမြဲ အုံ့ဆိုင်းဆဲ။ လမ်းမထက်တွင် စိုစွတ်ထိုင်းမှိုင်းနေပြီး ဖြတ်သန်းသွားလာသူတိုင်း၏ ဖိနပ်များကြောင့် ရွှံ့ဗွက်ရာများ ထင်ကျန်ရစ်သည်။


‘အရသာကတော့ ဘာမှမရှိဘူး။’ စတိုးဆိုင်ကနေ အသင့်စား စက်မှုထုတ် နံနက်စာကို ဝါးမြိုရင်း ယူဇီ တွေးလိုက်မိသည်။ နယူးဇီလန်က မြက်စားသိုးတွေ စားတဲ့မြက်ကတောင် သူ အခုစားနေတဲ့ အစားအစာထက် ပိုပြီး အရသာရှိဦးမည်ဟု သူ ခံစားနေရသည်။


ဒီမိုတယ်မှာ ဆက်နေဖို့ကတော့ မဖြစ်နိုင်တော့ပါ။


 မနက်ဖြန်ကျရင် ဈေးနှုန်းတွေ ဒီထက်မက ထပ်တက်လာဦးမလား ဘယ်သူမှ မခန့်မှန်းနိုင်။


နံနက်စာကို အလျင်အမြန် စားသောက်ပြီးနောက် မိုတယ်ခန်းသို့ ပြန်ကာ ပစ္စည်းများကို တစ်ဖန်ပြန်သိမ်းရပြန်သည်။ ထို့နောက် ဖုန်းကိုဖွင့်၍ အနီးနားရှိ ကာလတို ငှားရမ်းနိုင်မည့် အခန်းများကို ရှာဖွေလိုက်သည်။


သို့သော် ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေသည့်တိုင် အိမ်ငှားခက သက်သာလှသည်တော့ မဟုတ်။


သူသည် စိုစွတ်နေသော ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်ရင်း ခရီးဆောင်အိတ်၏ အတွင်းဘက် အိတ်ကပ်အနားသို့ လက်ချောင်းလေးများ လှုပ်ရှားနေမိသည်။ ခဏအကြာတွင်တော့ အထဲမှ မာကျောသော သေတ္တာဘူးလေးတစ်ခုကို ထုတ်ယူလိုက်သည်။


ကလစ် ဟူသော အသံနှင့်အတူ ဘူးပွင့်သွားပြီး အတွင်းရှိ ဆွစ်ဇာလန်ထုတ် နာရီ အကောင်းစားလေးတစ်လုံး ပေါ်ထွက်လာသည်။


ဒါဟာ သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ တန်ဖိုးအရှိဆုံး အရာပင် ဖြစ်သည်။


ယူဇီသည် နာရီမျက်နှာပြင်ကို လက်ဖျားလေးဖြင့် အသာအယာ ထိတွေ့ကိုင်တွယ်ပြီးနောက်၊ နောက်ဆုံးတွင်တော့ အိတ်ကပ်အပျော့စားလေးထဲသို့ ဂရုတစိုက် ပြန်လည်ထည့်သွင်းလိုက်သည်။


သူ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။


ကွက်တိ ရှစ်နာရီအချိန်တွင် ဖုန်းထဲက App မှ ယနေ့အတွက် မိုးလေဝသခန့်မှန်းချက်ကို အကြောင်းကြားစာ (Notification) ပို့လာသည်။


‘တိမ်အသင့်အတင့်မှ အုံ့မှိုင်းအုပ်ဆိုင်းနိုင်ပြီး၊ ညနေပိုင်းတွင် မိုးဖွဲဖွဲရွာနိုင်ပါသည်။’


ယူဇီ App ကို ပိတ်လိုက်ပြီး၊ လက်ချောင်းများက မသိစိတ်အလိုအလျောက်ပင် မနေ့ညက ရရှိထားသော စာတိုကို ပြန်ဖွင့်ကြည့်မိသည်။


[ဖန်ကျားယွမ်၊ အဆောက်အအုံ ၇၊ အခန်းတွဲ ၅၀၆] သူ ထိုနေရာကို အရင်က ဖြတ်သွားဖူးသည်။ မိသားစု စည်းစိမ်ချမ်းသာစဉ်တုန်းက ယူချင်း ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ အဲ့ဒီက မြေကွက်တစ်ကွက်ကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးခဲ့ဖူးသည်။ ဒါပေမဲ့ လေ့လာစုံစမ်းပြီးနောက်မှာတော့ စိတ်ကူးလက်လျှော့ခဲ့ကြသည်။ ထိုနေရာသည် အလွန်အမင်း လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေကာ စီးပွားရေးအရ စားသုံးသူ အလားအလာ လုံးဝမရှိသောကြောင့် ဖြစ်သည်။


‘အပိုတွေ တွေးမနေတော့ဘူး။’ အခုအချိန်မှာ သိက္ခာတွေပါ အကုန်ကျဆုံးနေရပြီဖြစ်ရာ... နေစရာနေရာတစ်ခု ကမ်းလှမ်းလာတာဟာ လမ်းဘေးရောက်နေတာထက်စာရင် အများကြီး ပိုကောင်းပါသည်။


သူ့မှာ အခု ဘာမှမရှိတော့တာမို့ တစ်ဖက်လူက တကယ်ပဲ လူလိမ်ဖြစ်နေဦးတော့၊ သူ့ဆီကနေ တစ်ပြားတစ်ချပ်မှ လိမ်ယူသွားနိုင်စရာ မရှိပါ။


ယူဇီ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ၊ ဖုန်းခေါ်မည့်အစား စာတိုတစ်စောင်ကိုသာ ပို့လိုက်သည်။


[ ကျွန်တော် ဒီနေ့ လာခဲ့ရင် အဆင်ပြေမလား။ ]


တစ်ဖက်လူက ချက်ချင်းဆိုသလို ဖုန်းပြန်ခေါ်လာလိမ့်မည်ဟု ယူဇီ လုံးဝမထင်ထားခဲ့မိ။


သုံးစက္ကန့်မျှ စိတ်ကို ငြိမ်အောင်ထားပြီးနောက် သူ ဖုန်းကို ကိုင်လိုက်သည်။ “ဟယ်လို။”


တစ်ဖက်လူက ခဏမျှ တုံ့ဆိုင်းသွားပြီး တော်တော်ကြာအောင် စကားမဆို။


ထို့ကြောင့် ယူဇီကပင် စတင်၍ “ဒါ ရှဲ့တုန်းချန် လားခင်ဗျာ” ဟု မေးလိုက်ရသည်။


ခဏအကြာတွင်တော့ တစ်ဖက်မှ နက်ရှိုင်းပြီး ခန့်ညားသော အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။

 “ဟုတ်ကဲ့။ ဒါ... ဘော့စ်ယူ လားခင်ဗျာ။”


ယူဇီ ဤအခေါ်အဝေါ်ကို မကြားရသည်မှာ ကြာပြီဖြစ်သည်။ သူ့မိသားစုက သူ့ကို ‘ရှောင်ဇီ’ (ဇီလေး) သို့မဟုတ် ‘သခင်လေး’ ဟုသာ ခေါ်လေ့ရှိကြသည်။ ဤအခေါ်အဝေါ်ကြောင့် ထိုလူနှင့်ပတ်သက်သော မှတ်ဉာဏ်အချို့ ချက်ချင်းပင် ရုတ်ချည်း နိုးထလာခဲ့သည်။


သူ့ရဲ့ ဒရိုင်ဘာဟောင်းတွေထဲမှာ သူ့ကို ‘သူဌေး’ လို့ပဲ ဇွတ်အတင်း ခေါ်လေ့ရှိတဲ့လူတစ်ယောက် တကယ်ပဲ ရှိခဲ့ဖူးသည်။ ယူဇီက ထိုစဉ်က အကြိမ်ကြိမ် ပြင်ဆင်ခေါ်ခိုင်းခဲ့သော်လည်း ထိုသူကတော့ အမြဲတမ်း ပြောင်းလဲခြင်းမရှိဘဲ ထိုအတိုင်းသာ ခေါ်ခဲ့သည်။ တကယ့် ခေါင်းမာတဲ့ လူအကြီးစားပင်။


ဒီတစ်ကြိမ်တွင်တော့ ယူဇီလည်း လိုက်ပြင်မနေတော့ဘဲ “ဟုတ်တယ်” ဟုသာ ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။


“ဟို... ကျွန်တော် လိပ်စာကို ဖုန်းထဲ ပို့ထားတယ်နော်။ ရရဲ့လားခင်ဗျာ။ ကျွန်တော် လာကြိုပေးရမလား။”


ယူဇီ အလျင်အမြန်ပင် ငြင်းပယ်လိုက်သည်။ “မလိုဘူး၊ ဘယ်နားမှာလဲဆိုတာ ကျွန်တော် သိပါတယ်။ ကိုယ့်ဘာသာကိုယ်ပဲ လာခဲ့မယ်။”


“အာ... ဟုတ်ကဲ့ ဒါဆိုလည်း။ ကျွန်တော် အိမ်ကနေပဲ စောင့်နေပါ့မယ်။”


တစ်ဖက်လူ၏ ယဉ်ကျေးပျူငှာလှသော လေသံကြောင့် ယူဇီတစ်ယောက် ‘ဘယ်သူက ဘယ်သူ့ကို ကူညီနေတာလဲ’ ဆိုတာတောင် ဝေခွဲမရ ဖြစ်သွားရသည်။


နာရီဝက်ခန့်အကြာတွင်တော့ ယူဇီသည် သူ၏ တတိယမြောက် ရွှေ့ပြောင်းခြင်း ခရီးစဉ်ကို စတင်ခဲ့လေပြီ။ သူသည် ခရီးဆောင်အိတ်ကို ဆွဲကာ ကောင်တာတွင် အခန်းအပ်လိုက်သည်။


မည်းမှောင်နေသော တိမ်တိုက်ကြီးများက ပိုမိုထူထပ်လာပြီး မိုးကလည်း ရွာတော့မည့်ပုံပင်။ ယူဇီ ဖုန်း App မှတစ်ဆင့် တက္ကစီတစ်စီးကို အမြန်ခေါ်ယူကာ ဖန်ကျားယွမ် သို့ ဦးတည်ထွက်ခွာခဲ့သည်။


တက္ကစီလေးသည် မြို့မြောက်ပိုင်း တစ်ခွင်လုံးကို ဖြတ်သန်းကာ လှုပ်ခါမောင်းနှင်လာခဲ့ပြီး မိနစ်လေးဆယ်ကျော်အကြာတွင်တော့ ဖန်ကျားယွမ် ရပ်ကွက်၏ အဝင်ဝသို့ ဆိုက်ရောက်လာခဲ့သည်။


ယာဉ်စီးခ ရှင်းပြီးနောက် ကားနောက်တံခါးကို ဖွင့်လိုက်သည်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်ကို ယူဇီ လှမ်းမြင်လိုက်ရသည်။


ထိုလူကလည်း မော့ကြည့်လိုက်ရာက ယူဇီ့ကို မြင်သွားပြီး သူ့ထံသို့ တိုက်ရိုက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။


မျက်နှာက သိပ်ပြီး မရင်းနှီးလှသော်လည်း  ထောင်ထောင်တိုတို ကတုံးဆံပင်ကေကိုတော့ ယူဇီ မှတ်မိနေဆဲပင်။


ထိုနေ့၏ အပူချိန်က ၁၀ ဒီဂရီဆဲလ်စီးယပ်စ် ခန့်သာ ရှိသော်လည်း ဤလူကတော့ တီရှပ်အမည်းရောင် တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး တောင့်တင်းသန်မာလှသော လက်မောင်းအိုးကြီးများကို အထင်းသား ဖော်ပြထားသည်။


‘ရှဲ့တုန်းချန်’ ... ယူဇီ စိတ်ထဲကနေ ထိုအမည်ကို တိုးတိုးလေး ရွတ်ဆိုလိုက်မိရင်း၊ သူ့မိသားစုက မြို့ရဲ့ အရှေ့ဘက်ကို အစွဲပြုပြီး ဒီနာမည်ကို ကမန်းကတန်း ပေးခဲ့ကြတာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။


မကြာမီ ရှဲ့တုန်းချန် က ယူဇီ့အနားသို့ ရောက်ရှိလာပြီး ကားနောက်ဖုံးထဲက ပစ္စည်းများကို လက်ညှိုးထိုးကာ မေးလိုက်သည်။


" ဘော့စ် ယူ၊ ဒါတွေက သူဌေးရဲ့ ခရီးဆောင်အိတ်တွေလား ခင်ဗျာ။”


“ဟုတ်တယ်။” ယူဇီ ကိုယ်တိုင် မယူရန် လက်လှမ်းလိုက်သည်။


သို့သော် ရှဲ့တုန်းချန် က သူ့ထက် အလျင်ဦးစွာ ခရီးဆောင်အိတ်ကို သက်သောင့်သက်သာဖြင့် ပေါ့ပေါ့ပါးပါး မ လိုက်ပြီးနောက် ရပ်ကွက်ထဲသို့ ဦးဆောင်ဆွဲယူသွားတော့သည်။


ဖန်ကျားယွမ် ရပ်ကွက်သည် ဟောင်းနွမ်းနေသော်လည်း အတော်အတန် သန့်ရှင်းသပ်ရပ်မှု ရှိပါသည်။ ရပ်ကွက်အဝင်ဝမှနေ၍ အဆောက်အအုံတံခါးဝအထိ ကျောက်ပြားခင်းလမ်းလေး ရှိနေ၏။ 


ယူဇီလည်း ထိုသူ့နောက်မှ ခြေလှမ်းသွက်သွက်ဖြင့် လိုက်ပါလာခဲ့သည်။


လမ်းဘေးတွင် လေလွင့်ကြောင်နှစ်ကောင် ဝပ်နေကြသည်။ ယူဇီ ကို မြင်သောအခါ ၎င်းတို့က သတိကြီးစွာဖြင့် တစ်ချက် စိုက်ကြည့်ပြီးနောက်၊ ကျောက်ပြားပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် လှဲလျောင်းမြဲ လှဲလျောင်းနေကြပြန်သည်။


ဤအဆောက်အအုံအဟောင်းတွင် ဓာတ်လှေကား မရှိချေ။ ရှဲ့တုန်းချန် ၏ အိမ်က ငါးထပ်မြောက်မှာ ဖြစ်သဖြင့် သူတို့ လှေကားအတိုင်း လမ်းလျှောက်တက်ကြရသည်။


ယူဇီ ရဲ့ ခရီးဆောင်အိတ်က ၂၈ လက်မအရွယ် အကြီးစားဖြစ်ပြီး အတော်လေး လေးလံသော်လည်း၊ ရှဲ့တုန်းချန် ကတော့ လက်တစ်ဖက်တည်းဖြင့် သက်တောင့်သက်သာ မ ကာ မနားတမ်း လှေကားထစ်များကို တက်သွားခဲ့သည်။


ယူဇီ သူ့နောက်မှ လိုက်ပါရင်း၊ ထိုလူက အိတ်ကြီးကို ပေါ့ပေါ့ပါးပါး မ ပြီး တက်သွားသည်ကို ကြည့်ကာ... မိမိကိုယ်ကိုယ် ထိုသူလောက် ကြံ့ခိုင်သန်မာမှု မရှိကြောင်း ပထမဆုံးအကြိမ်အဖြစ် သတိပြုမိလိုက်သည်။


ရှဲ့တုန်းချန် အားစိုက်လိုက်သည့်အခါတိုင်း လှေကားခွင်၏ မှိန်ပျပျ သဘာဝအလင်းရောင်အောက်တွင် သူ၏ လက်မောင်းနှစ်ဖက်ရှိ ကြွက်သားအဖုအထစ်များက လှပစွာ ယှက်နွှယ်လှုပ်ရှားသွားကြသည်။ ယူဇီ တစ်ချက်မျှ မကြည့်ဘဲ မနေနိုင်ခဲ့ပါ။


‘ဒီဒရိုင်ဘာမှာ ဒီလောက် အချိုးအစားကျတဲ့ ခန္ဓာကိုယ်မျိုး ရှိနေတာကို ငါ အရင်က ဘာလို့ သတိမထားမိခဲ့ပါလိမ့်။’


နှစ်မိနစ်ခန့်အကြာတွင်တော့ သူတို့နှစ်ဦး အခန်းအမှတ် ၅၀၆ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။


ရှဲ့တုန်းချန် က ရှေ့ကနေ သော့ထုတ်ကာ သံပန်းတံခါးကို ဖွင့်ပေးလိုက်သည်။


“ဝင်ခဲ့ပါ ခင်ဗျာ။” ရှဲ့တုန်းချန် ဘေးသို့ ဖယ်ပေးရင်း လမ်းဖွင့်ပေးလိုက်၏။


ယူဇီ ချောင်းတစ်ချက် ဟန့်လိုက်ပြီး အခန်းထဲသို့ ခြေတစ်ဝက် လှမ်းဝင်လိုက်သည်။ ရှဲ့တုန်းချန် ၏ အိမ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် သေသေချာချာ သန့်ရှင်းသပ်ရပ်အောင် လုပ်ထားကြောင်း သိသာလှသည်။


 ပစ္စည်းမှန်သမျှကို အံဆွဲထဲ စနစ်တကျ ထည့်သွင်းထားပြီး ကြမ်းပြင်ကလည်း ပြောင်လက်နေသည်။ သို့သော် သူ စိတ်ကူးယဉ်ထားသည်ထက်တော့ အနည်းငယ် သေးငယ်လွန်းလှ၏။ ဧည့်ခန်းတစ်ခုလုံး၏ တည်ဆောက်ပုံကို တစ်ချက်ကြည့်ရုံဖြင့် အကုန်မြင်နိုင်လေသည်။


အဝင်ဝ၏ ညာဘက်တွင် ဖိနပ်ဗီရို ရှိပြီး အောက်ခြေတွင် အသစ်စက်စက် အိမ်စီးဖိနပ်တစ်စုံ ရှိနေသည်။ ဖိနပ်လဲပြီးနောက် ယူဇီ အိတ်ကိုဆွဲကာ ဧည့်ခန်းထဲသို့ ဝင်ခဲ့သည်။


ဧည့်ခန်းသည် စတုရန်းမီတာ ဆယ်ဂဏန်းခန့်သာ ကျယ်ဝန်းပြီး ဆိုဖာအသေးလေးတစ်ခုသာ ရှိကာ ကော်ဖီစားပွဲတောင် မရှိချေ။ မျက်နှာချင်းဆိုင်ရှိ ဗီရိုနိမ့်လေးပေါ်တွင် တီဗီအသေးစားလေးတစ်လုံး ရှိပြီး တီဗီဘေးတွင်တော့ ငါးကန်လေးတစ်ခု ရှိနေသည်။


သို့သော်လည်း သူ အထဲသို့ ပို၍ တိုးဝင်လာသည့်အခါ ဤအိမ်၏ ကြီးမားလှသော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။


ဧည့်ခန်း၏ မြောက်ဘက်ခြမ်းတွင် မီးဖိုချောင်အသေးလေးတစ်ခု ရှိသော်လည်း တောင်ဘက်ခြမ်းတွင်တော့ အိပ်ခန်း ‘တစ်ခန်းတည်း’ သာ ရှိနေခြင်းပင်။ အခန်းတံခါးက ဟစိလေး ပွင့်နေသဖြင့် ယူဇီ အထဲသို့ လှမ်းမြော်ကြည့်လိုက်မိသည်။


ထို့နောက် ယူဇီ လှည့်ကြည့်လိုက်ရာ ရှဲ့တုန်းချန် က ခရီးဆောင်အိတ်ကို အခန်းထဲသို့ သယ်ဆောင်သွားသည်ကို မြင်လိုက်ရသည်။ ထိုသူ့ထံတွင် ချွေးစက်လေးများ စို့နေပြီး သူ၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထည်ကြီးက တံခါးဝကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။


ယူဇီ ချောင်းဆိုးချင်ယောင်ဆောင်ကာ ထိုသူ့အမည်ကို လှမ်းခေါ်လိုက်သည်။

 “ရှဲ့တုန်းချန်။”


ရှဲ့တုန်းချန် သူ့ကို မော့ကြည့်လိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းအစုံက “ဘာဖြစ်လို့လဲ ဘော့စ်ယူ” ဟု မေးနေသယောင် ရှိသည်။


“ဟိုလေ... ဒီအထဲမှာ ကုတင်က တစ်လုံးတည်း ရှိတာပဲ။ ငါတို့ ဒီည ဘယ်လိုအိပ်ကြမှာလဲ။”