အခန်း (၅၉) ကိုယ်တိုင်ရှာတဲ့အရှက်ကွဲမှု
Viewers 6k

"ဟင်..အစ်ကိုလား..သူ ဒီကို ဘာလာလုပ်တာလဲ.. သူက နန်းတွင်းစာမေးပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလား.. မြို့တော်က စာသင်ဝိုင်းမှာ စာသင်နေရတာဆိုတော့ ဒီကိုလာဖို့ အချိန်မရှိသင့်ဘူးလေ" 


ရှဲ့ရင်းသည် အစ်ကိုဖြစ်သူအကြောင်း ကြားလိုက်သည်နှင့် အံ့ဩတကြီး မေးလိုက်သည်။


"အမေလည်း ဒီကိစ္စကို သိပ်အသေအချာမသိဘူး ဘာပဲဖြစ်ဖြစ် သမီးအဘိုးနဲ့ အဖေကတော့ သဘောတူပြီးပြီဆိုတော့ ဒီကိုလာတာ တစ်ခုခုတော့ လုပ်စရာရှိလို့နေမှာပေါ့"


"ဪ... ကောင်းပါပြီ.. အဲဒါကို ထားလိုက်ပါတော့ ကျွန်မ ဝေချင်းရော့ဆီ အရင်သွားပြီး အမေက ကျွန်မတို့ ဆေးဘက်ဝင်အပင်စိုက်ခင်း တည်ထောင်ဖို့ သဘောတူလိုက်ပြီဆိုတဲ့အကြောင်း သွားပြောလိုက်ဦးမယ် ပြီးတော့ အခုချက်ချင်းပဲ စလုပ်ချင်တယ်"


ရှဲ့ရင်းသည် စာသင်ခန်းသို့ အပြေးအလွှားပြန်သွားကာ ဝေရော့ကိုရှာပြီး သတင်းကောင်းကို ပြောပြခဲ့သည်။


"ဝေချင်းရော့... ငါ့အမေက သဘောတူပြီဟေ့ ငါတို့ ဘယ်တော့ စမလဲ" 


ရှဲ့ရင်းမှာ စမ်းသပ်ကြည့်ချင်စိတ်များ ပြင်းပြနေသည်။


"အခုချက်ချင်း စလို့ရတယ်" 


ဝေရော့သည် အချိန်ဆွဲခြင်းမရှိသည့် အလုပ်လုပ်သော ပုံစံကို နှစ်သက်လေသည်။


"ဒါဆိုရင် ငါတို့ အခု ဘာလုပ်ရမလဲ.. အလုပ်တွေကို ဘယ်လိုစီစဉ်ရမလဲ ဘာတွေဝယ်ဖို့လိုလဲ လူအင်အား ဘယ်လောက်လိုမလဲဆိုတာ မြန်မြန်ပြောပြဦး" 


ရှဲ့ရင်းသည် ဝေရော့ဘေးတွင် ထိုင်လျက် သိချင်သည်များကို ဆက်တိုက်မေးလေသည်။


ဝေရော့သည် ကလောင်နှင့် စက္ကူကိုထုတ်ကာ ရှဲ့ရင်းအား ရှင်းပြရင်း စက္ကူပေါ်တွင် အဓိကအချက်များကို မှတ်သားပေးခဲ့သည်။ 


ရှဲ့ရင်းသည် သေချာဂရုတစိုက် နားထောင်ပြီး နားမလည်သည်များကို မေးမြန်းနေပုံမှာ တည်ကြည်ပြီး ပညာလိုလားသော ပုံစံမျိုးဖြစ်သည်။


အလုပ်ပြီးသောအခါတွင် ဝေရော့ ရေးပေးလိုက်သော စက္ကူကိုယူ၍ လူငှားရန် သခင်မကြီးရှဲ့ထံသို့ သွားခဲ့ပြီး အလွန်ထိရောက်သော အရှိန်အဟုန်ဖြင့် အလုပ်ကို တရားဝင် စတင်လိုက်လေသည်။


ချူလန်သည်လည်း အလုပ်လုပ်ရာတွင် ထိရောက်မှုရှိလှသည်။ 


နှစ်ရက်အကြာတွင် သူမသည် မြို့တောင်ဘက်ကိစ္စနှင့် ပတ်သက်၍ ဝေရော့နှင့် ဆွေးနွေးရန် အထိန်းတော်ကြီး

တစ်ဦးကို ဗိုလ်မှူးအိမ်တော်သို့ စေလွှတ်ခဲ့သည်။


ထိုအကြောင်းများကြောင့် ဝေရော့သည် ဆရာမဝမ်ထံတွင် အထူးခွင့်တိုင်ကြားခဲ့ပြီး အမျိုးမျိုးသော ကိစ္စရပ်များကို စီစဉ်ရန် အိမ်၌ နေခဲ့သည်။ 


ဆရာမဝမ်သည်လည်း ထိုအရာသည် အကြောင်းမဲ့ မဟုတ်သည့်အတွက် ကန့်ကွတ်ခြင်းမရှိကာ ဝေရော့ ယခုလုပ်နေသောအရာသည်လည်း သင်ယူမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။


 ချူလန်မှ စေလွှတ်လိုက်သော အထိန်းတော်ကြီးကို မြင်လိုက်သောအခါ ယွမ်ရှီး၏ စိတ်ထဲတွင် လန့်သွားခဲ့သည်။ 


တစ်ဖက်လူ၏ နောက်ခံမှာ မိမိ၏ အထိန်းတော်နှင့်ပင် ကွာခြားချက် အနည်းငယ်မျှ ရှိနိုင်သည်ကို သူမ အလိုလို သိလိုက်ရသည်။


ထို့ပြင် သူမ၏ ခင်ပွန်းသည်လည်း ထိုအဆင့်မြင့်ပုဂ္ဂိုလ်၏ ဂုဏ်ဒြပ်မှာ သာမန်မဟုတ်သဖြင့် သတိထားရန် မနေ့ည၌ပင် သတိပေးထားခဲ့သည်။ 


တစ်ဖက်လူ၏ မျိုးရိုးအမည်မှာ "ချူ" ဖြစ်ကြောင်း ကြားရပြီးနောက် ယွမ်ရှီးမှာ အနည်းအကျဉ်း သိရှိသွားခဲ့ပြီဖြစ်သည်။ 


တော်ဝင်မိသားစုမှ လူများမှာ မျက်နှာသာမရသော မင်းသားမိသားစုမှ ဖြစ်မည်ဆိုလျှင်တောင်မှပင် ထိုအရာတို့မှာ ပြစ်မှားစော်ကား၍ မရသောသူများ ဖြစ်ကြသည်။


ယွမ်ရှီးသည် ချူလန် စေလွှတ်လိုက်သော အထိန်းတော်ကြီးကို ထင်စုန်းယွမ်ဥယျာဉ်သို့ ရိုရိုသေသေ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ 


ထို့နောက် ဝေရော့နှင့် အထိန်းတော်ကြီးတို့ အလုပ်ကိစ္စ ဆွေးနွေးရာတွင် အချိန်မနှောင့်နှေးစေရန် ဝေရော့ကို စကားအနည်းငယ်မှာကြားပြီး အချိန်မီ ပြန်ထွက်သွားခဲ့သည်။


"ကျွန်တော်မျိုးမ ဝေမိန်းကလေးကို နှုတ်ခွန်းဆက်သပါတယ်" 


အထိန်းတော်ကြီး ချင်သည် ဝေရော့ကို ရိုသေစွာ ဂါရဝပြုသော်လည်း သူမ၏ အရှိန်အဝါမှာ လျော့သွားခြင်းမရှိကာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။


ချူလန် စေလွှတ်လိုက်သော အထိန်းတော်အများစုမှာ နန်းတွင်းမှ လာသူများဖြစ်သဖြင့် သာမန်အထိန်းတော်များနှင့် ကွဲပြားသည်ကို ဝေရော့ သိထားသည်။ 


ကျန့်ယီစားသောက်ဆိုင် မှာ မြို့စားမင်းအိမ်တော်မှ ဖြစ်သော်လည်း ၎င်း၏ အထွန်းတောက်ဆုံး အချိန်တွင်ပင် နန်းတွင်း၏ စည်းမျဉ်းစည်းကမ်းများနှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။


ယခုကဲ့သို့ ကျဆုံးနေချိန်တွင်မူ ပို၍ပင် ဆိုဖွယ်မရှိချေ။


"အားနာစရာတွေ မလိုပါဘူး" 


ဝေရော့မှ အားနာကြောင်း ပြောလိုက်လေသည်။


"သခင်လေးက ကျွန်မကို ကူညီဖို့ အထိန်းတော်ကို လွှတ်လိုက်တာဆိုတော့.. တခြားစည်းကမ်းတွေကို အရမ်းကြီး ဂရုမစိုက်ပါနဲ့..ကျွန်မရဲ့ ဆိုလိုရင်းကိုပဲ လက်အောက်ကလူတွေကို လက်ဆင့်ကမ်းပြီး အလုပ်တွေကို ကောင်းကောင်း ပြီးမြောက်အောင် လုပ်ပေးရင် ရပါပြီ"


"ဝေမိန်းကလေး စိတ်မပူပါနဲ့.. သခင်လေးက ကျွန်တော်မျိုးမကို အကုန်ရှင်းပြထားပြီးသားပါ.. ကျွန်တော်မျိုးမအနေနဲ့ ဝေမိန်းကလေးကို အစွမ်းကုန် ကူညီရပါမယ်.. ဝေမိန်းကလေး ခိုင်းစေချင်တာရှိရင် မြို့တောင်ဘက်က မြေရိုင်းဖော်ထုတ်မှုနဲ့ ပတ်သက်သရွေ့ ကျွန်တော်မျိုးမကို အမိန့်ပေးနိုင်ပါတယ်.. ကျွန်တော်မျိုးမက လူတွေကို စီစဉ်ပြီး အကုန်ပြီးစီးအောင် လုပ်ပေးပါ့မယ်"


အထိန်းတော်ကြီး ချင်မှာ အလွန်တင်းကျပ်သော စည်းကမ်းများ ရှိသော်လည်း ဝေရော့အပေါ်တွင်မူ မာန်မာနထောင်လွှားခြင်း မရှိသည့်အပြင် ဝေရော့၏ အမှားများကိုလည်း ဝေဖန်ခြင်းမပြုပေ။ 


သူမသည် ဤနေရာသို့ မည်သည်အတွက် လာသည်ကို ရှင်းရှင်းလင်းလင်း သိထားသူဖြစ်သည်။ 


သူမသည် ဝေရော့၏ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များကို လိုက်လံ အပြစ်ရှာနေမည် မဟုတ်ပေ။


အထိန်းတော်ကြီး ချင်မှ ဝေရော့နှင့် ဆွေးနွေးနေစဉ် ဝေချင်းဝမ်သည် ထင်စုန်းယွမ် ဥယျာဉ်သို့ ရုတ်တရက် ဝင်လာခဲ့သည်။


"အစ်မ" 


ဝေချင်းဝမ်သည် ဝေရော့ထံသို့လာကာ ချိုချိုသာသာ ခေါ်လိုက်သည်။


ဝေရော့၏ အကြည့်များမှာ တင်းမာသွားပြီး ဝေချင်းဝမ်ကို အကဲခတ်လိုက်သည်။ 


"ရတနာသုံးပါး နန်းတော်သို့ အကြောင်းမဲ့မလာ" ဆိုသည့်အတိုင်းပင် ရှဲ့အိမ်တော်တွင် စာဖတ်သည့် ကိစ္စဖြစ်ပြီးစဉ် ဝေချင်းဝမ်သည် ထင်စုန်းယွမ်ဥယျာဉ်သို့ တစ်ခါမျှ မလာခဲ့ပေ။ 


“ဒီနေ့ ဘယ်လို လေတွေတိုက်လို့ သူမ ဒီကို ရောက်လာရတာလဲ” ဟု ဝေရော့ တွေးလေသည်။


"အစ်မ... ဝမ်ဝမ် အစ်မအတွက် ကံ့ကော်မုန့် အချို့ ယူလာပေးတယ်" 


ဝေချင်းဝမ်သည် သူမ၏ လက်ထဲတွင် လက်ရာမြောက်သော အစားအစာသေတ္တာလေးကို ကိုင်ထားပြီး ထိုအရာကို ဖွင့်လိုက်သောအခါ သူမ၏ အထူးပြုလုပ်ထားသည့် မုန့်ဖြစ်သော ကံ့ကော်မုန့်များ ဖြစ်နေသည်။


"ခဏစောင့်ဦး၊ ငါ အထိန်းတော်ကြီး ချင်နဲ့ စကားပြောလို့ ပြီးမှ နင်နဲ့ စကားပြောမယ်"


ဝေရော့သည် ဝေချင်းဝမ်မှ မည်သည့်ဇာတ်ကွက်မျိုး ကပြနေသည်ကို မသိသည့်အပြင် သူမနှင့် စကားအများကြီးလည်း မပြောချင်ပေ။ 


စကားအနည်းငယ် ပြောပြီးနောက်တွင် ဝေချင်းဝမ်သည် သူမ မကြိုက်သည့်အရာတစ်ခုကို ပြောလာကာ တခြားလူရှေ့တွင် စိတ်မထိန်းနိုင် ဖြစ်သွားမည်ကို သူမ စိုးရိမ်မိသည်။


ဝေချင်းဝမ်သည် အသာအယာ ခေါင်းငြိမ့်ပြသော်လည်း ပြန်ထွက်သွားခြင်းမရှိကာ ဘေးနားတွင်သာ စောင့်နေသည်။ 


ထိုအချိန်တွင် အထိန်းတော်ကြီး ချင်မှ စကားပြောလာပြီး ဝေချင်းဝမ်ကို ကြည့်ကာဖြင့် မေးလေသည်။


"ဒါက အိမ်တော်ရဲ့ ဒုတိယသခင်မလေး မဟုတ်လား" 


အထိန်းတော်ကြီး ချင်မှ ကြည့်နေသည်ကို မြင်သောအခါ ဝေချင်းဝမ်မှာ ရှက်သွေးဖြာသွားပုံဖြင့် ခေါင်းကို အနည်းငယ်ငုံ့ကာ နူးညံ့စွာဖြင့် ပြန်ဖြေသည်။ 


"ဟုတ်ကဲ့ပါ" 


အထိန်းတော်ကြီး ချင်သည် ချက်ချင်းပင် ထိုကဲ့သို့စကားမျိုး ပြောလိမ့်မည်ကို မည်သူမျှထင်ထားခဲ့ခြင်း မရှိပေ။


"ဒုတိယသခင်မလေး... ကျေးဇူးပြုပြီး ခပ်ဝေးဝေးမှာ နေပေးပါ..ကျွန်မက သခင်မလေး အစ်မကြီး နဲ့ ဆွေးနွေးစရာ အလုပ်ကိစ္စတွေ ရှိလို့ပါ ပြင်ပလူတွေ နားထောင်နေဖို့ မသင့်တော်ပါဘူး"


ဝေချင်းဝမ်မှာ ခဏတာမျှ မှင်သက်သွားပြီးနောက် သူမ၏ စကားကို အမြန်ပြောင်းလိုက်သည်။


"ဪ... ဒါဆိုရင် ဝမ်ဝမ် လာတဲ့အချိန်က တကယ်ကို မသင့်တော်တာပဲ.. ဒါဆိုရင် ဝမ်ဝမ် အရင်သွားပြီး အစ်မကို စောင့်နေပါ့မယ်"


"ဒုတိယသခင်မလေး လာတာက တိုက်ဆိုင်မှုကြောင့် မဟုတ်ပါဘူး.. ကျွန်မ ဒီနေ့ ဗိုလ်မှူးအိမ်တော်ကို လာမယ့်အကြောင်း သိထားသင့်တာပါ.. ဒုတိယသခင်မလေးက ဘာလို့ စောစောလည်းမလာ နောက်ကျမှလည်းမလာဘဲ ဒီအချိန်ကိုမှ ရွေးပြီး လာရတာလဲဆိုတာ ကျွန်မ မသိပါဘူး" 


အထိန်းတော်ကြီး ချင်သည် လေသံကို မထိန်းတော့တာ ခပ်ပြတ်ပြတ်ပင် ပြောဆိုလိုက်သည်။ 


ထိုအရာသည် မသိ၍ဟူသည်မှာ မဖြစ်နိုင်ဟု သွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။


အထိန်းတော်ကြီး ချင် ပြောလိုက်သည့် စကားမှာ ဝေရော့၏ စိတ်ထဲတွင် တွေးနေသည့်အတိုင်းပင် ဖြစ်သည်။ 


ဝေချင်းဝမ်၏ ယနေ့ အပြုအမူမှာ တကယ်ကို ထူးဆန်းလှပေသည်။ 


ချူလန်၏ အထူးဂုဏ်ဒြပ်ကြောင့် သူသည် သူ၏အနားမှ အထိန်းတော်တစ်ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ 


မိသားစုထဲမှ လူများဟာ သတိထားသင့်ကြပြီး ရင်ကျူးယွမ် ဥယျာဉ်မှ သတင်းရရှိထားပြီးဖြစ်ရာ ဝေချင်းဝမ် မသိခြင်းမှာ မဖြစ်နိုင်ပေ။


ဝေချင်းဝမ်သည် သေချာသိနေပါလျက်နှင့် ဤအချိန်ကိုမှ ဝေရော့နှင့် တွေ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 


သူမတွင် အခြားရည်ရွယ်ချက် မရှိဘူးဟု ပြောလျှင် ဝေရော့ ယုံမည်မဟုတ်ပေ။ 


သို့သော် သူမတွင် အခြားအတွေးရှိသည်ဆိုလျှင်လည်း ထိုအတွေးများမှာ အလွန်ပင် မိုက်မဲရာ ရောက်လှသည်။


အထိန်းတော်ကြီး ချင်သည် ချူလန်နှင့် နီးစပ်သူဖြစ်သော်လည်း မည်သို့ပင်ဖြစ်နေပါစေ သူမသည် အထိန်းတော် တစ်ယောက်သာ ဖြစ်သည်။ 


“သူမ၏ရှေ့တွင် အမူအရာကောင်းပြလိုက်လျှင် သူမ ပြန်သွားသည့်အခါ ချူလန်ထံတွင် စကားကောင်း ပြောပေးလိမ့်မည်ဟု ဝေချင်းဝမ် ထင်နေသလား.. သူမက အထိန်းတော်လား ဒါမှမဟုတ် အောင်သွယ်တော်လား” 


ဝေချင်းဝမ်မှ ထိုကဲ့သို့တွေးနေမည်ဟု ဝေရော့ ထင်မိနေခြင်း ဖြစ်သည်။


ရွာထဲမှ အဒေါ်ကြီးများ မိန်းမကြီးများသာဆိုလျှင် ထိုသို့ပြုမူခြင်းသည် အဓိပ္ပာယ်ရှိနိုင်သော်လည်း အထိန်းတော်ကြီး ချင်မှာ နန်းတွင်းမှ အထိန်းတော်ဖြစ်သည်။ 


နန်းတွင်းအထိန်းတော်များမှာ အမူအကျင့် အလွန်မှန်ကန်ကြရာ ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် ကိစ္စမျိုးကို လုပ်ခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။


မူရင်းစာအုပ်ထဲမှ ဝေချင်းဝမ်သည် လှပပြီး အားနွဲ့သော်လည်း မိုက်မဲသူမဟုတ်ကြောင်း ဝေရော့ မှတ်မိနေသည်။ 


သူမသည် ဇာတ်ပို့နေရာမှ ဖြစ်နေခြင်းကြောင့်လား သို့မဟုတ် မူရင်းဇယားအတိုင်း ချူလန်နှင့် ချစ်ကျွမ်းမဝင်နိုင်သေးသဖြင့် စိတ်ကယောင်ကတမ်း ဖြစ်နေခြင်းကြောင့်လား ဟု တွေးကာ အချစ်သည် လူကို အမြင်အာရုံပျောက်ကွယ် စေသည်ဟုသာ ကြားဖူးသော်ငြားလည်းပဲ ချစ်ခွင့်မရခြင်းမှာလည်း လူကို အမြင်အာရုံပျောက်စေနိုင်သည်ဟု တစ်ခါမျှ ကြားဖူးခြင်း မရှိခဲ့ပေ။


အထိန်းတော်ကြီး ချင်၏ စကားကို ကြားပြီးနောက်တွင် ဝေချင်းဝမ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး အမြန်ပင် ရှင်းပြခဲ့သည်။


"အထိန်းတော်ကြီး စိတ်မဆိုးပါနဲ့၊ ဝမ်ဝမ်က အစ်မပြောတာတွေကို ခိုးနားထောင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး..အထိန်းတော်ကြီးနဲ့ အစ်မတို့ ပြောတဲ့စကားတွေက ပြင်ပလူတွေ မသိသင့်ဘူးဆိုတာ ဝမ်ဝမ် မသိခဲ့လို့ပါ.. ဝမ်ဝမ်က အစ်မ ဧည့်ဝတ်ပြုတာ လိုအပ်ချက်ရှိမှာကို စိုးရိမ်လို့ ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေးတွေ ယူလာပြီး လာပေးတာပါ"


"ကျွန်တော်မျိုးမရဲ့ ခပ်ပြတ်ပြတ် စကားအတွက် ခွင့်လွှတ်ပါ သခင်မလေး အစ်မကြီး က ဒုတိယသခင်မလေးရဲ့ အစ်မအရင်း ဖြစ်ပါတယ် ဒါကို ဒုတိယသခင်မလေးက ပြင်ပလူဖြစ်တဲ့ ကျွန်မကို အစ်မဖြစ်သူက ဧည့်ဝတ်မကျေမှာ စိုးရိမ်တယ်လို့ ပြောနေတာက တခြားသူတွေကို ဘာများ သိစေချင်လို့လဲ"


အထိန်းတော်ကြီး ချင်သည် တကယ့်ကိုပင် နန်းတွင်းမှ လူဖြစ်သဖြင့် အတွေးအခေါ် သိမ်မွေ့လှပြီး ဝေချင်းဝမ်၏ စကားများထဲတွင် ဖုံးကွယ်ထားသော ဆိုလိုရင်းများကို ကြားရသည်နှင့် ချက်ချင်း သိရှိနိုင်လေသည်။


ဝေချင်းဝမ်မှာ ချက်ချင်းပင် အရှက်ရပြီး ဒေါသထွက်သွားကာဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။


"အထိန်း... အထိန်းတော်ကြီး နားလည်မှု လွဲသွားပါပြီ..ဝမ်ဝမ်မှာ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး..ဝမ်ဝမ်ရဲ့ မသင့်တော်တဲ့ စကားတွေကြောင့် နားလည်မှု လွဲသွားတာပါ"


ထောင့်တစ်ခုတွင် ကြည့်နေသော ရှို့မေမှ အထိန်းတော်ကြီး ပြောလိုက်သည်ကို အားရသည့်အလား မှတ်ချက်ပေးလို

က်လေသည်။ 


“ဒီအထိန်းတော်ကြီးက တကယ်ကို မိုက်တာပဲ”

----------------------------------------------------------------------------------------------------------------