"အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပြီး ဝေမိသားစုအတွက် ဂုဏ်ဆောင်ပေးနိုင်တယ် ပြီးတော့ ဝေမိသားစုကို အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ မျက်နှာသာပေးမှုရအောင် လုပ်ပေးနိုင်တဲ့ အစ်မနဲ့ယှဉ်ရင် ကျွန်မက မတော်ပါဘူး ကျွန်မက တကယ်ကို အသုံးမကျတဲ့သူပါ..."
ဝေချင်းဝမ်သည် မျက်ရည်များ ဝဲလျက် နှုတ်ခမ်းကို ကိုက်ကာဖြင့် ပြောနေလေသည်။
ဝေရီချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ညီမဖြစ်သူ ပြောနေသည်များကို နှစ်သိမ့်သည့်ဟန်ဖြင့် ပြန်လည်ကာ ပြောလိုက်သည်။
"ဝမ်ဝမ်.. ဘာလို့ ဒီလိုအတွေးမျိုး ဝင်နေတာလဲ"
"ကျွန်မ... ကျွန်မက အစစအရာရာ အစ်မလောက် မတော်ဘူးလို့ ခံစားရလို့ပါ အစ်ကိုတို့လည်း ကျွန်မကို ကြိုက်ကြတော့မှာ မဟုတ်ပါဘူး"
ဝေချင်းဝမ်သည် စကားပြောအပြီးတွင် ဝေရိချန်မှ သူမကို ချော့လိမ့်မည်ဟု ထင်ထားသော်လည်း မထင်မှတ်ထားသည့် အချိန်မှာပင် ဝေရိချန်သည် ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လျှက် သူမကို တည်တံ့စွာဖြင့် ကြည့်လိုက်သည်။
"အစ်ကို"
ဝေချင်းဝမ်သည် ဝေရိချန်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ဝမ်ဝမ် ရော့အာက ထူးချွန်နေရင် အစ်ကိုတို့က ဝမ်းသာရမှာလေ တခြားတစ်ယောက်ရဲ့ ထူးချွန်မှုက အစ်ကိုတို့အပေါ် အလေးပေးမှုကို လျော့နည်းစေမယ် ဒါမှမဟုတ် အမုန်းခံရမယ်လို့ မတွေးသင့်ဘူး အစ်ကိုတို့က မိသားစုဝင်တွေပဲ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် မိသားစုဝင်တွေပဲလေ အစ်ကိုတို့က မိသားစုဝင်တွေဖြစ်နေပြီးတော့ ဘာလို့ အရာရာကို နှိုင်းယှဉ်နေရမှာလဲ"
ဝေရိချန်သည် ညီမဖြစ်သူကို လေးနက်သောအသံဖြင့် ပြောလိုက်သည်။
ဝေချင်းဝမ်မှာ ခဏတာမျှ မှင်သက်သွားပြီး သူမအစောပိုင်းတွင် စကားမှားသွားသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
"အစ်ကို... ဝမ်ဝမ်က အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး အစ်မ ထူးချွန်တာကို ဝမ်ဝမ်ကလည်း ဝမ်းသာပါတယ် အစ်မ ဒီလောက်တော်နေတာကို မြင်တော့ ဝမ်ဝမ်လည်း ပိုပြီး ကြိုးစားရမယ်ဆိုတာကို သတိထားမိသွားလို့ပါ မဟုတ်ရင် မောင်နှမတွေအားလုံးက တော်နေကြပြီး ဝမ်ဝမ်တစ်ယောက်ပဲ နောက်ကောက်ကျကျန်ခဲ့မှာ စိုးလို့ပါ ဝမ်ဝမ်လည်း မိသားစုအတွက် တတ်နိုင်တဲ့ဘက်က ပါဝင်ချင်ပါတယ်"
ဝေချင်းဝမ်သည် သူမ စကားပြောမှားသွားသည်ကို ပြန်လည်ကာ ရှင်းပြလိုက်သည်။
"ညီမလေး အဲဒီလိုတွေးတာဆိုရင်တော့ ရပါတယ်"
ဝေရိချန်၏ အမူအရာ ပြေလျော့သွားပြီး စကားကို ဆက်ပြောသည်။
"ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အများကြီး မပေးပါနဲ့ ရော့အာ ထူးချွန်တာက ညီမလေးကို ထိခိုက်စေမယ်လို့ ပိုလို့တောင် မတွေးပါနဲ့ သူ ထူးချွန်ရင် အစ်ကိုတို့က သူ့အတွက် ဝမ်းသာပေးရုံပဲ အဲဒီထက် ပိုတွေးနေစရာ မလိုဘူး"
"ဟုတ်ကဲ့... ဝမ်ဝမ် သိပါပြီ"
ဝေချင်းဝမ်သည် အပြစ်ရှိသည့်ပုံစံအလား လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
ထိုအရာကို မြင်လိုက်သောအခါ ဝေရိချန်လည်း စကားအများကြီး ဆက်မပြောတော့ပေ။
ဝမ်ဝမ်သည် စကားအမှားပါသွားသည်ဟုပင် သူ ထင်လိုက်သည်။
သူမသည် အမြဲတမ်း ကြင်နာတတ်ပြီး နူးညံ့သူဖြစ်သဖြင့် ရော့အာအပေါ် တကယ့်ကို အမြင်စောင်းနေလိမ့်မည် မဟုတ်ဟု ယူဆလိုက်သည်။
စကားအနည်းငယ် ပြောပြီးနောက်တွင် နှစ်ဦးသား လမ်းခွဲခဲ့ကြသည်။
ဝမ်မေဥယျာဉ်သို့ ပြန်ရောက်သည်နှင့် ဝေချင်းဝမ်သည် ကုတင်ပေါ်သို့ ပစ်လှဲလိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
ပန်းပွင့်လေးများအပေါ် မိုးရွာသကဲ့သို့ မျက်ရည်များ ဖြိုင်ဖြိုင်ကျနေသဖြင့် ချွေဟယ်မှ ချော့ပါသော်ငြားလည်းပဲ အချည်းနှီးပင် ဖြစ်သည်။
"ရှဲ့အိမ်တော်ကို ပညာသင်သွားတုန်းကလည်း အစ်မကပဲ ဆရာမဝမ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့တယ် အခုလည်း အစ်မကပဲ မြေရိုင်းတွေကို ပြုပြင်ပြီး ပျိုးပင်တွေ စိုက်နိုင်ခဲ့တယ် အစ်မနဲ့ယှဉ်ရင် ငါက ဒါလည်း မတတ် ဟိုဟာလည်း မတော်ဘူး အဖေနဲ့အမေက ငါ့ကို အနှေးနဲ့အမြန် စွန့်ပစ်ကြတော့မှာပဲ"
"သခင်မလေး... အဲဒီလို မတွေးပါနဲ့ အခုလို ငိုနေလို့ နေမကောင်းဖြစ်သွားရင် အဲဒီအခါကျ ပျော်မယ့်သူက သခင်မလေး အစ်မကြီး မဟုတ်ဘူးလား.. ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးပါနဲ့"
အမှန်အားဖြင့်ဆိုလျှင် ချွေဟယ်သည်လည်း စိုးရိမ်နေမိခြင်း ဖြစ်သည်။
ထို့အပြင် ဝေချင်းဝမ် စိတ်ဓာတ်ကျသွားမည်ကိုလည်း သူမ စိုးရွံ့မိနေခြင်းလည်း ဖြစ်သည်။
အကယ်၍ ဝေချင်းဝမ်သာ မျက်နှာသာပေးမှု မခံရလျှင် ဝေချင်းဝမ်၏ အနီးကပ်အစေခံဖြစ်သော သူမ၏ ဘဝမှာလည်း ခက်ခဲသွားမည်ဖြစ်သည်။
"ကိုယ်ကိုယ်တိုင် အရှုံးမပေးလို့ရော ဘာတတ်နိုင်မှာလဲ တခြားသူကိုလည်း အပြစ်တင်လို့မရဘူး ငါက ငါ့မိဘတွေရဲ့ အသွေးအသားမှ မဟုတ်တာ ငါက သူတို့နဲ့ သွေးသားမတော်စပ်ဘူးလေ၊ အပယ်ခံရဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ..."
ဝေချင်းဝမ်မှာ တွေးလေ ဝမ်းနည်းလေဖြစ်နေပြီး တွေးလေလေ သူမ၏ အနာဂတ်မှာ မျှော်လင့်ချက် ကင်းမဲ့နေသလို ခံစားရလေလေဖြစ်နေသည်။
"သခင်မလေး..."
ချွေဟယ်မှာ ဝေချင်းဝမ်ကို မည်သို့ချော့ရမည်မှန်း ခဏတာမျှ မသိသကဲ့သို့ဖြစ်သွားပြီး အကြံတစ်ခုရသည့်ပုံဖြင့် ပြောလိုက်သည်။
"မေမေသာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ၊ သူဆိုရင် သခင်မလေးကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာ"
"ဒါပေမဲ့ အဲ့မေမေက အခု ပြန်လာလို့ မရသေးဘူးလေ"
ဝေချင်းဝမ်လည်း စိတ်ပျက်သည့်လေသံဖြင့် တိုးတိုးလေး ဆိုသည်။
အကယ်၍ အထိန်းတော်ကြီးသာ ရှိနေလျှင် သူမကို သေချာပေါက် ကူညီပေးလိမ့်မည် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ပြီးခဲ့သည့်အကြိမ် ဖြစ်သွားခဲ့သည့် ကိစ္စရပ်ကြောင့် အထိန်းတော်ကြီးမှာ ကျန်းဇီသို့ အပြစ်ပေးခံရသဖြင့် အပို့ခံထားရခြင်း ဖြစ်သည်။
"သခင်မလေး... အခွင့်အရေးရရင် သခင်မကြီးဆီမှာ ကူညီတောင်းပန်ပြီး ပြောကြည့်ပေးပါလား.. သခင်မလေး စကားပြောရင် သခင်မကြီးက နားထောင်မှာပါ" ဟု ချွေဟယ်မှ ထပ်မံကာ ပြောလိုက်သည်။
"အင်း... နောက်တစ်ခါကျရင် ပြောကြည့်ပါ့မယ်"
ဝေချင်းဝမ်သည်လည်း လေသံတိုးတိုးဖြင့် ပြန်ဖြေခဲ့သည်။
ခရိုင်ဝန်မင်း ချန်သည် အလုပ်လုပ်ရာတွင် အလွန်ထိရောက်မှု ရှိလှသည်။
အိမ်ပြန်ရောက်ပြီးနောက် သူသည် လူထုကြေညာချက်တစ်ခုကို ကပ်ထားပြီး လက်အောက်ငယ်သားများကို စေလွှတ်ကာ လူသိရှင်ကြား ကြေညာစေခဲ့သည်။
မြေယာမရှိသူ မည်သူမဆို၊ လယ်သမားဖြစ်စေ၊ တံငါသည်ဖြစ်စေ အစိုးရရုံးတွင် သွားရောက်စာရင်းပေးသွင်းနိုင်သည်။
အစိုးရသည် မြို့တောင်ဘက်ရှိ မြေရိုင်းများကို လူတိုင်းအား စနစ်တကျ ခွဲဝေပေးမည်ဖြစ်ပြီး မြေရိုင်းကို မည်သို့ပြုပြင်ကာ စိုက်ပျိုးရမည်ကိုလည်း သင်ကြားပေးမည်ဖြစ်သည်။
ထိုသတင်းထွက်လာသည်နှင့် ခရိုင်အစိုးရရုံးရှေ့တွင် လူတန်းရှည်ကြီး ဖြစ်ပေါ်လာလေသည်။
မကြာမီပင် တရားဝင် ခွင့်ပြုချက်များ ရရှိခဲ့ကြပြီး စိုက်ပျိုးခွင့်ရရှိသူ ပြည်သူများမှာ ပျော်ရွှင်စွာ ကြွေးကြော်ခဲ့ကြသည်။
တစ်ခဏအတွင်း ခရိုင်တစ်ခုလုံးမှာ ဆင်းရဲသား ပြည်သူတို့၏ ဝမ်းသာသံများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုသို့သော အခြေအနေကြီးကို မြင်ရသောအခါ အဝေးမှ လက်ဖက်ရည်ဆိုင်တွင် ရှိနေသော လုယွီဟုန်းသည် ခံစားချက်ကို မထိန်းနိုင်ကာဖြင့် ပြောလိုက်သည်။
"ဝေမိန်းကလေး ပေးတဲ့အကြံက တကယ်ကို ကောင်းတာပဲ.. စမ်းကြည့်ဦးပေါ့... အိုးမဲ့အိမ်မဲ့ဖြစ်ပြီး မြေလည်းမရှိ အစားအစာလည်းမရှိတဲ့ ဒီလူတွေ ဘယ်လောက်တောင် စိတ်အားထက်သန်နေကြလဲဆိုတာ သူတို့ကိုသာ လုပ်ခိုင်းလိုက်ရင် ခင်ဗျားငှားထားတဲ့ လူတွေထက်တောင် ပိုပြီး ဂရုတစိုက် လုပ်ကြမှာ သေချာတယ်"
ချူလန်သည် မည်သည့်မှတ်ချက်မှ ပေးခြင်းမရှိကာ လမ်းမပေါ်သို့ စိုက်ကြည့်နေသော်လည်း သူ၏ အမူအရာကိုကြည့်ရုံဖြင့် သူသည် ဤကိစ္စကို သဘောတူလက်ခံထားကြောင်း လုယွီဟုန်း သိနိုင်ပါသည်။
"ချူအစ်ကို... ကျွန်တော့်ကို ပြောပါဦး ဒီရှင်းဆန်ခရိုင်မှာ စစ်ပေါင်ကျဲ ရဲ့ သူဌေးကို ပိုစိတ်ဝင်စားတာလား ဒါမှမဟုတ် ဝေမိန်းကလေးကိုလား"
လုယွီဟုန်း၏ အကြောင်းပြချက်မရှိသော စပ်စုချင်စိတ်မှာ တစ်ဖန် ပေါ်ပေါက်လာပြန်သည်။
"ယွီအစ်ကို... ခင်ဗျားက စပ်စုလွန်းတယ်"
"ကျွန်တော်က ငယ်ငယ်ကတည်းက ဒီလိုပဲလေ ချူအစ်ကို ကျွန်တော့်အကြောင်း သိနေတာ ဒီနေ့မှမှ မဟုတ်တာ"
လုယွီဟုန်းသည် ပြန်လည်ချေပကာ ပြောလိုက်သည်။
"စစ်ပေါင်ကျဲက ရောင်းတဲ့ပစ္စည်းတွေက ကောင်းပြီး နည်းလမ်းတွေက ပါးနပ်ပေမဲ့ အဲဒါတွေက ငွေအတွက်ပဲလေ ဝေမိန်းကလေးရဲ့ မြေရိုင်းပြုပြင်တာနဲ့ စိုက်ပျိုးတာတွေကတော့ ပြည်သူတွေအတွက်ပါ.. ဒီနှစ်ခုကို နှိုင်းယှဉ်ရင် ကွာခြားပါတယ်.. ဒါပေမဲ့ ကျွန်တော် သူတို့နှစ်ယောက်လုံးအပေါ် စိတ်ဝင်စားတာက သိပ်ပြီးတော့ အလေးအနက်ကြီး မဟုတ်ပါဘူး ကျွန်တော့်ရဲ့ ဒီခရီးစဉ် ရည်ရွယ်ချက်က ဂျပန်တွေကို တိုက်ဖို့ပဲ"
ချူလန်သည် သူ၏ဦးတည်ချက်ကို ပြန်ပြောလေသည်။
လုယွီဟုန်းသည်လည်း ဆက်လက်ကာ ပြောလေသည်။
"ရှင်းဆန်ခရိုင်က ပြည်သူတွေက တကယ်ကို သနားစရာကောင်းပါတယ် အပြင်ကနေ ဂျပန်ဓားပြတွေ လာနေသလို၊ အတွင်းမှာလည်း ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဝေမိန်းကလေးရဲ့ နည်းလမ်းက အသုံးဝင်ပြီး အစားအစာတွေ တကယ်ထွက်လာပါစေလို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် နန်းတော်က စစ်ကူတွေလည်း မကြာခင် ရောက်လာပါစေလို့ ဆုတောင်းပါတယ်"
"စစ်ကူတွေ ရောက်လာတဲ့အခါ၊ ဦးစီးမယ့် ဗိုလ်ချုပ်တွေက အရည်အချင်းရှိရမယ်.. အကယ်၍ ဝေမင်ထင်က ဒီတစ်ခါမှာသာ ရလဒ်ကောင်းတွေ မပြနိုင်ရင် သူ့ရဲ့ ဆဋ္ဌမအဆင့် ဗိုလ်မှူးရာထူးက ပြုတ်သွားလိမ့်မယ် သူ့မှာ ပြည်သူတွေကို ကူညီနိုင်တဲ့ သမီးရှိနေရင်တောင်မှပေါ့"
"ဟုတ်ပါတယ် ဗိုလ်ချုပ်ဖြစ်ဖို့ဆိုတာ တိုက်ပွဲတွေမှာ နိုင်ဖို့ လိုအပ်တာပေါ့.. ဒါပေမဲ့ ဝေမင်ထင်မှာ အရည်အချင်းရှိပုံရတယ်လို့ ကျွန်တော် ထင်တယ်.. မဟုတ်ရင် ဒီလောက်နည်းတဲ့ စစ်သည်အင်အားနဲ့ ဒီလောက်ကြာအောင် ခုခံနိုင်မှာ မဟုတ်ဘူး.. ကျွန်တော်လည်း ရှင်းဆန်ခရိုင်ကို ရောက်လာပြီး သေချာလေ့လာကြည့်တော့ ဒီက စစ်အင်အားက တကယ်ကို သနားစရာကောင်းလောက်အောင် နည်းလွန်းတယ်"
လုယွီဟုန်းသည်လည်း ခံစားချက်ဖြင့် ပြောလိုက်သည်။
နှစ်ရက်ခန့် အလုပ်ရှုပ်ပြီးနောက်တွင် ဝေရော့သည် ရှဲ့ရင်းနှင့်အတူ ပညာသင်ရန် ရှဲ့အိမ်တော်သို့ သွားခဲ့သည်။
ရှဲ့အိမ်တော် စာသင်ခန်းသို့ ရောက်သောအခါ ဝေရော့သည် သူမ၏နေရာတွင် ထိုင်လိုက်သည်။
ဆရာမဝမ် မရောက်သေးသဖြင့် ရှဲ့ရင်းသည် သူမ၏ စစ်မြင်းပုံကို သိမ်းဆည်းနေသည်။
ဝေရော့ကို မြင်လိုက်သောအခါ ဝေရော့အပေါ် တစ်ခါမျှ စပ်စုခြင်း မရှိခဲ့သော ရှဲ့ရင်းသည် ရုတ်တရက် စပ်စုသော မျက်လုံးများဖြင့် ကြည့်လာသည်။
"နင် တကယ်ပဲ မြို့တောင်ဘက်က မြေရိုင်းတွေမှာ ကောက်ပဲသီးနှံတွေ စိုက်နိုင်ခဲ့တာလား"
မြို့တောင်ဘက်ရှိ မြေရိုင်းတွေကို ပြုပြင်ပြီး စိုက်ပျိုးသည့်ကိစ္စမှာ နှစ်ရက်အတွင်း ရှင်းဆန်ခရိုင်တွင် အပြောအများဆုံးနှင့် အာရုံစိုက်မှုအခံရဆုံး ကိစ္စဖြစ်ရာ ရှဲ့ရင်း မသိနိုင်ခြင်းဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
"ဟုတ်တယ်"
ထို့ကြောင့် ဝေရော့သည်လည်း မှန်ကန်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုရင် နင်က တကယ်ကို တော်တာပဲ"
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ငါက လူတွေကို ချီးကျူးခဲတယ် ငါ့အသက်တူထဲမှာ နင်က ငါပထမဆုံး ချီးကျူးဖူးတဲ့သူပဲ"
ရှဲ့ရင်းသည်လည်း ဝေရော့ကို ချီးကျူးစကား အလေးအနက် ပြောသည်။
"ဒါဆိုရင် ကျွန်မအတွက် ဂုဏ်ယူစရာပေါ့"
"ဂုဏ်ယူစရာဖြစ်နေလို့ မဟုတ်ဘူး နင်က တကယ်တော်လို့ပါ.. ငါတွေ့ဖူးသမျှမှာတော့ မနာလိုဝန်တိုတတ်ပြီး အလှအပအတွက်ပဲ ပြိုင်ဆိုင်နေကြတဲ့ မိန်းမတွေထက် နင်က အများကြီး သာပါတယ်.. အဲဒီလူတွေနဲ့ တွေ့ရင် အမြဲတမ်း စကားတွေ အရမ်းများလွန်းလို့ ငါဆို နားကြားပြင်းတောင် ကပ်တယ်.. ငါက အဲဒီလိုလူတွေကို မကြိုက်ဘူး သူတို့က အရမ်းပျင်းဖို့ကောင်းတယ်လို့ ထင်တာ ဒါပေမဲ့ အခုတော့ နင်က အဲဒီလူတွေနဲ့ လုံးဝကွာခြားတယ်ဆိုတာ ငါ သိလိုက်ရပြီ"
ဝေရော့သည် ထိုစကားကို ကြားလိုက်သောအခါ မရယ်၍ပင် မနေနိုင်တော့ပေ။
ရှဲ့ရင်းသည် အတူတူ စာသင်လာသည့် သက်တမ်းတစ်လျှောက်လုံး သူမအပေါ် အေးတိအေးစက် နေခဲ့ပြီး စကားလည်း သိပ်မပြောခဲ့ချေ။
မြို့တောင်ဘက်ရှိ မြေရိုင်းဖော်ထုတ်မှု အောင်မြင်မှုကြောင့် သူမအပေါ် ယခုလို အထင်ကြီးလေးစားမှု ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ခြင်းလည်း ဖြစ်သည်။
“ဒါကို မမျှော်လင့်ဘဲ ရရှိ
တဲ့ လာဘ်လာဘလို့ ခေါ်ရမလား” ဟု ဝေရော့ တွေးနေမိသည်။
--------------------------------------------------------------------------------------------------------------