အခန်း (၅၅) ရော့အာက တကယ်ကို လိမ္မာရေးခြားရှိတာပဲ
Viewers 6k

"ဝေမိန်းကလေး ဒီကိစ္စအတွက် စိတ်ပူစရာမလိုပါဘူး အကယ်၍ ကျွန်တော် ဝေမိန်းကလေးကို ကူညီဖို့ လူလွှတ်မယ်ဆိုရင် ဝေမိန်းကလေးထံ လွှဲပြောင်းပေးဖို့ အထိန်းတော်တစ်ယောက်ကိုပဲ ပုံမှန်အတိုင်း စေလွှတ်မှာပါ သူမက ဝေမိန်းကလေးကို ကျွန်တော်နဲ့ဖြစ်စေ၊ တခြားအမျိုးသားတွေနဲ့ဖြစ်စေ ဆက်ဆံစရာမလိုအောင် လုပ်ပေးပါလိမ့်မယ်" 


ချူလန်သည် အကူလွှတ်ရသည့် အကြောင်းအရင်းအား ဝေရော့နားလည်စေရန် ရှင်းပြလေသည်။


အမျိုးသားနှင့် အမျိုးသမီး ကွာခြားသည်ဟူသော ဤအကြောင်းအရာမှာ ချူလန်ကို တားဆီးနိုင်ခြင်းမရှိသည်ကို မြင်သောအခါ၊ ဝေရော့သည် ဝေမင်ထင်မှ သူမအား ငြင်းပယ်ရန် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ဝေမင်ထင်ကို မော့ကြည့်လိုက်သည်။


ဝေမင်ထင်သည် ဝေရော့၏ အကူအညီတောင်းခံသော အချက်ပြမှုကို လက်ခံရရှိပုံရပြီး သူသည် ခေါင်းလှည့်ကာ ချူလန်ကို ကြည့်လိုက်သည်။


"ပြည်သူကို ချစ်မြတ်နိုးတာက ပြည်သူတွေအတွက် ကောင်းချီးတစ်ခုပါပဲ၊ ဒါပေမဲ့ ကျွန်တော့်သမီးမှာ လူအင်အား အမြောက်အမြားကို စေခိုင်းဖို့ အတွေ့အကြုံ မရှိသေးပါဘူး၊ သူ့ကို ဖြည်းဖြည်းချင်းပဲ လုပ်ပါစေဦး..."


ထိုအခါ ချူလန်သည်လည်း စကားကို ဖြတ်၍ ပြောလိုက်သည်။


"ဗိုလ်မှူးဝေ၊ အများကြီး ပြောနေဖို့ မလိုပါဘူး၊ ဝေမိန်းကလေးဟာ ရှင်းဆန်ခရိုင် တောင်ဘက်က မြေရိုင်းတွေကို ပြုပြင်ဖို့အတွက် အသင့်တော်ဆုံးသူပါ.. အကယ်၍ သူမက မလုပ်နိုင်ဘူးလို့ ပြောရင် တခြားဘယ်သူမှလည်း လုပ်နိုင်တယ်လို့ မပြောသင့်တော့ပါဘူး"


ဝေမင်ထင်မှာ ရွေးချယ်စရာမရှိတော့သဖြင့်သာ ပြောလိုက်ရသည်။


"ဒါဟာ သခင်လေးရဲ့ စေတနာဖြစ်နေမှတော့၊ ရော့အာ... မင်း လက်ခံလိုက်ပါ သခင်လေးမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိလို့ ရှင်းဆန်ခရိုင်က ပြည်သူတွေ ဝဝလင်လင် စားနိုင်ကြဖို့ သူ မျှော်လင့်နေတာပါ"


"ဒါဆိုရင်တော့ ငြင်းဆန်နေမယ့်အစား ရိုရိုသေသေပဲ လက်ခံပါ့မယ်" 


ဝေရော့မှာလည်း အခြားရွေးချယ်စရာ မရှိသဖြင့် လက်ခံလိုက်ရလေသည်။


ဝေမင်ထင်၊ ခရိုင်ဝန်မင်း ချန်၊ ချူလန်တို့နှင့် စကားပြောပြီးနောက် ဝေရော့သည် အာကွေနှင့် ရှောင်ပါးတို့ကို ပျိုးပင်များနှုတ်ရန်နှင့် ပြောင်းစိုက်ခြင်းကို ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။


ပျိုးထောင်စဉ်က မျိုးစေ့များကို ခပ်စိပ်စိပ် ကြဲခဲ့သော်လည်း ပျိုးပင်များ ပြောင်းစိုက်သည့်အခါတွင်မူ စပါးပင်တစ်ပင်ချင်းစီမှ နေရောင်ခြည်နှင့် မြေဆီလွှာရှိ အာဟာရဓာတ်များကို အပြည့်အဝ ရရှိနိုင်စေရန် ပျိုးပင်ကြားအကွာအဝေးကို ပိုကျယ်အောင် ထားရမည်ဖြစ်သည်။


ထို့ကြောင့် နှစ်ဧကရှိသော ပျိုးခင်းမှ ရရှိသော ပျိုးပင်များသည် နှစ်ဧကရှိသော လယ်ကွင်းကို စိုက်ပျိုးရန်အတွက် အများကြီး ပိုလျှံနေမည်ဖြစ်သည်။


"အဖေ... ဒီနှစ် မန်ထိုတောင်မှာ စိုက်တဲ့ လယ်ကွင်းတွေထဲမှာ သေကုန်တဲ့ ပျိုးပင်တွေ ရှိလား" 


ဝေရော့သည် မန်ထိုတောင်အခြေအနေအား ဝေမင်ထင်ကို မေးလိုက်သည်။


ဝေမိသားစုနှင့် ရှင်းဆန်ခရိုင်ရှိ အခြားမိသားစုများသည် စပါးဦးကို စိုက်ပျိုးကြရာ ပြောင်းစိုက်သည့်ကာလမှာ ပုံမှန်ထက် ကျော်လွန်ခဲ့ပြီဖြစ်သည်။ 


အပင်များမှာ ပုံမှန်ကြီးထွားနေပြီး ယခုအချိန်တွင် ကလေးတစ်ယောက်အရပ်ထက်ပင် ရှည်နေပြီဖြစ်သည်။


သို့သော် ရာသီဥတုကြောင့် ရှင်းဆန်ခရိုင်ရှိ မိသားစုများစွာ၏ စပါးပင်များမှာ ကောင်းကောင်းမကြီးထွားဘဲ အချို့မှာ သေကုန်သည်ဟု ဝေရော့ ကြားသိခဲ့ရသည်။


"မင်းအမေကတော့ ငါ့ကို အဲဒီအကြောင်း ပြောဖူးတယ်"


ဝေမင်ထင် အိမ်တွင် ခဏတာ နေထိုင်စဉ်အတွင်း ယွမ်ရှီးသည် အိမ်တွင်းရေး သာမန်ကိစ္စလေးများဖြင့် သူ့ကို အနှောင့်အယှက် မပေးသော်လည်း မိသားစုပိုင် စပါးပင်များစွာ သေကုန်သည့်ကိစ္စမှာ ဆောင်းဦးရိတ်သိမ်းချိန် အထွက်နှုန်းနှင့် သက်ဆိုင်နေသဖြင့် ယွမ်ရှီးသည် ဝေမင်ထင်အား ဖုံးကွယ်မထားရဲသောကြောင့် ကြိုတင်ပြင်ဆင်နိုင်ရန် ဦးစွာ အသိပေးထားခဲ့ခြင်းဖြစ်သည်။


"ခဏနေရင် ဒီကနေ ပိုထွက်လာမယ့် ပျိုးပင်တွေကို၊ အဖေက လူလွှတ်ပြီး မြို့မြောက်ဘက်က မန်ထိုတောင်ကို ပို့ပေးပါ သေသွားတဲ့ အပင်နေရာတွေမှာ အစားထိုး စိုက်လို့ရအောင်ပါ" 


ဝေရော့မှ ဖခင်ဖြစ်သူအား ကူညီပေးရန်အတွက် တောင်းဆိုလိုက်သည်။


ဝေမင်ထင်မှာ ခဏတာ မှင်သက်သွားပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။


"ရော့အာက တကယ်ကို စဉ်းစားဉာဏ်ရှိတာပဲ"


မိမိသမီးသည် သိမ်မွေ့ပြီး မိသားစုအပေါ် ငဲ့ညှာတတ်သည်ဟု သူ အသေအချာကိုပင် ခံစားရလေသည်။


ဝေရော့ စဉ်းစားနေသည်မှာမူ အကယ်၍ သူမသည် ပျိုးပင်များကို မြို့မြောက်ဘက်သို့ ပို့မည်ဆိုလျှင် လမ်းကြုံသဖြင့် ရှောင်ယန်တောင်သို့ ဝင်ကြည့်နိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။


ပျိုးပင်များကို ဝေမိသားစု၏ လယ်ကွင်းများသို့ မပေးလျှင်လည်း တခြားသူများကိုသာ ပေးရမည်ဖြစ်သည်။ 


ထို့အပြင် တခြားမြေရိုင်းများမှာ မဖော်ထုတ်ရသေးသဖြင့် စိုက်ရန် အချိန်မရှိသေးသည့်အတွက် တခြားသူများ၏ အိမ်အခြေအနေကိုလည်း သူမ မသိရှိခြင်းကြောင့်လည်း ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ထိုအရာများသည် ပင်ပင်ပန်းပန်း စိုက်ပျိုးထားသော ပျိုးပင်များဖြစ်ရာ လွှင့်ပစ်လိုက်ရမည်ဆိုလျှင် နှမြောစရာကောင်းလှသည်။


ပျိုးပင်အားလုံး နှုတ်ပြီးသောအခါ ဝေရော့သည် အာကွေ့နှင့် ရှောင်ပါးကို မြေပြန်ထွန်ရန်နှင့် ပြောင်းစိုက်ရန် ပြင်ဆင်ရန်တို့ကို အမိန့်ပေးခဲ့သည်။


ဝေရော့သည်လည်း အရင်ပြန်ခဲ့ပြီး မြို့မြောက်ဘက်ရှိ ဝေမိသားစု၏ မန်ထိုတောင်သို့ ပို့မည့် ပျိုးပင်အချို့မှာလည်း ဝေရော့နှင့်အတူ ပြန်ပါလာခဲ့သည်။


အပြန်လမ်းတွင် ဝေရော့သည် ရထားလုံး ပြတင်းပေါက်တွင် မှီလျက် လမ်းဘေးရှုခင်းများကို ကြည့်နေသည်။ 


ရှို့မေသည်လည်း ဝေရော့၏ ပုခုံးနှင့် ခြေသလုံးများကို နှိပ်နယ်ပေးနေသည်။


"သခင်မလေး... ကျွန်မတို့ ယုံကြည်စိတ်ချရတဲ့ လူအချို့ကို ရွေးပြီး သူတို့ကိုပဲ မြေပြုပြင်နည်း သင်ပေးသင့်လား တခြားသူတွေ မသိအောင်လေ" ဟု ရှို့မေမှ မေးသည်။


"မလိုပါဘူး ငါ ဒီနည်းလမ်းကို တခါတည်း ထုတ်ဖော်ပြသလိုက်မယ် အဲဒါမှ ပိုပြီး ထိရောက်မှာ" ဟု ဝေရော့မှ ပြန်ပြောလေသည်။


"ဒါဆိုရင် 'တပည့်ကို ပညာသင်ပေးပြီးမှ ဆရာ ငတ်သေသွားတာမျိုး' ဖြစ်ရင် ဘယ်လိုလုပ်မလဲ" 


ရှို့မေသည်လည်း သူမ သိချင်သည်များကို ရှင်းလင်းစွာ မေးလေသည်။


ဤနေရာမှာ မိုကျားကျမဟုတ်ပေ။ 


မိုကျားကျရှိ ရွာသားများသည် သူမတို့နှင့် ရင်းနှီးကြသည်။ 


သခင်မလေးသည် သူတို့ကို သင်ပေးလျှင် မည်သည့်အရာမှစိုးရိမ်စရာ မလိုသော်လည်း ဤနေရာမှာမူ လူများနှင့် မရင်းနှီးသဖြင့် ကြွက်ချေးလို လူတချို့ ရောပါလာမည်ကို သူမ စိုးရိမ်နေမိခြင်း ဖြစ်သည်။


"စိတ်မပူပါနဲ့၊ သူတို့က သင်ယူလိုက်ရပေမဲ့ အပေါ်ယံကိုပဲ သင်ယူရတာပါ အခြေခံကျတဲ့ အဓိကအရာကို မတတ်ကြသေးဘူး အဲဒါကြောင့် တပည့်က ဆရာ့ကို ငတ်သေအောင် တကယ် သင်ပေးနိုင်မှာ မဟုတ်ပါဘူး ဒါ့အပြင် ငါနဲ့ မိန်းကလေးရဲ့ အတတ်ပညာတွေက ဒီတစ်ခုတည်းနဲ့တင် မပြီးသေးပါဘူး"


အချို့သော အတတ်ပညာများကို ဝေရော့သည် အသက်မွေးဝမ်းကျောင်းအတွက် ငွေရှာရန် မိမိအတွက်သာ သိမ်းထားချင်သော်လည်း အချို့သော အတတ်ပညာများကိုမူ ဒုက္ခရောက်နေသော အပြစ်မဲ့ပြည်သူများကို ကူညီရန် မျှဝေပေးနိုင်ပါသည်။


ဥပမာအားဖြင့် ဤမြေပြုပြင်နည်းကို သူမ သိမ်းထားရုံဖြင့် အသုံးမဝင်လှပေ။


နေရာတိုင်းတွင် သူမ ပြုပြင်ရန် လိုအပ်သော မြေရိုင်းများ ရှိနေခြင်း မဟုတ်သော်လည်း ဤနည်းလမ်းကို အားကိုးပြီး ငွေအများကြီး ရှာနိုင်ခြင်းမျိုးလည်း မရှိပေ။


ထို့အပြင် သူမသည် အခြားသူများကို မြေရိုင်းဖော်ထုတ်နည်းများကို သင်ပေးနေခြင်းလည်း မဟုတ်ပေ။


အကြောင်းမှာ မြေရိုင်းတစ်ခုနှင့်တစ်ခု ပြုပြင်နည်း မတူညီကြသဖြင့် မြေညံ့တစ်ခုစီတွင် ထိုမြေ၏ ညံ့ဖျင်းရခြင်း အကြောင်းရင်း အသီးသီးရှိသောကြောင့် မတူညီသော ပြုပြင်နည်းများလည်း ရှိကြသည်။


ဆားငန်မြေချင်း တူပေမဲ့လည်း ဓာတ်ပြယ်အောင် ပြုပြင်နည်းမှာမူ ပုံသေမရှိပေ။ 


မည်မျှသုံးရမည် မည်သို့ စီမံရမည် ဆိုသည်ကို အသေးစိတ် အချက်အလက်များမှာ သီးခြားရှိလေသည်။ 


သူမသည် ဤဧရိယာရှိ မြေရိုင်းပြုပြင်နည်းကိုသာ မျှဝေလိုက်ခြင်းဖြစ်သည်။ 


အကယ်၍ တစ်စုံတစ်ယောက်သည် ဤနည်းကို တခြားနေရာတွင် သွားသုံးလျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။


မကြာမီအချိန်တွင် မြို့တောင်ဘက်ကိစ္စသည် ယွမ်ရှီး၏ နားထဲသို့ ရောက်သွားပြီး ယွမ်ရှီးမှာ ကြားရသည်နှင့် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။


မြေကို ပြုပြင်ပြီး ကောက်ပဲသီးနှံများကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်း နောက်မှ စိုက်နိုင်သော စပါးမျိုးစေ့များ ရှိခြင်းတို့ကြောင့် လူကြီးများ၏ ချီးကျူးမှုကို ရရှိရုံသာမက အိမ်ရှိ လှေကားထစ်လယ်ကွင်းများ၏ အထွက်နှုန်းကိုပါ သူမ စဉ်းစားပေးနေသည်။


ဝေရော့ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးမှာ ယွမ်ရှီး၏ စိတ်ထဲသို့ ရောက်ရှိသွားလေသည်။ 


သူမသည် ဝေရော့ကို အကြိမ်ကြိမ် ချီးကျူးခဲ့ပြီး သူမမှ ဝေရော့ကို ချီးကျူးလိုက်တိုင်း ဝေချင်းဝမ်၏ စိတ်အခြေအနေမှာ အနည်းငယ် နစ်မွန်းသွားရသည်။


ဝေချင်းဝမ်၏ စိတ်အပြောင်းအလဲကို ယွမ်ရှီး သတိထားမိခြင်းမရှိကာ သတင်းရသည်နှင့် ဝေရော့ ယူလာသော ပျိုးပင်များကို မန်ထိုတောင်တွင် ပြန်စိုက်ရန် လူများကို အမြန်စီစဉ်လိုက်သည်။


ဝေရော့သည် ဝေအိမ်တော်သို့ ရောက်သောအခါ ယွမ်ရှီးသည် ဝေရော့ကို တံခါးဝတွင် ပထမဆုံးအကြိမ် လာရောက် ကြိုဆိုခဲ့သည်။


"ရော့အာ... ဒီရက်ပိုင်း မင်း တကယ်ကို ပင်ပန်းသွားပြီ" 


ယွမ်ရှီး၏ မျက်နှာမှာ အပျော်များဖြင့် ပြည့်နှက်နေသည်။


"ကျွန်မ အခုလောလောဆယ် အိမ်ထဲ မဝင်သေးဘူး ဒီပျိုးပင်တွေကို ယူပြီး မန်ထိုတောင်ကို အခုပဲ သွားလိုက်မယ် ဒီမှာ ပြောင်းစိုက်ဖို့ လူအင်အား စီစဉ်ထားပြီသားလား" 


ဝေရော့မှ အစီအစဉ်အား မေးလိုက်သည်။ 


သူမ၏ မျက်နှာတွင် မည်သည့်အရာမှ ထူးခြားခြင်းမရှိသကဲ့သို့ ပုံမှန်ကိစ္စတစ်ခုပုံစံဖြင့်သာ ပြုလုပ်နေလေသည်။


"စီစဉ်ထားပြီးပါပြီ လွန်ခဲ့တဲ့ ၁၅ မိနစ်ကပဲ မန်ထိုတောင်ကို ထွက်သွားကြပြီ ပျိုးပင်တွေ ရောက်တာနဲ့ စတင်စိုက်ပျိုးနိုင်မှာပါ" 


ယွမ်ရှီးလည်း သမီးဖြစ်သူ မေးသည်ကို ပြန်ဖြေသည်။


"ကောင်းပါပြီ ကျွန်မလည်း လိုက်သွားပြီး မန်ထိုတောင်က ကောက်ပဲသီးနှံတွေရဲ့ ကြီးထွားမှုကို ကြည့်လိုက်ပါ့မယ်" ဟု ဝေရော့မှ ဆိုသည်။


"ကောင်းတာပေါ့.. ဒါပေမဲ့ ရော့အာလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး အရမ်းကြီး မပင်ပန်းစေနဲ့ဦး" 


ယွမ်ရှီးလည်း ဝေရော့ပင်ပန်းမည်ကို စိုးရိမ်သဖြင့် စိတ်ပူပန်စွာ ပြောလေသည်။


"ဟုတ်ကဲ့" 


ဝေရော့သည် ယွမ်ရှီးနှင့် ဆက်ပြီး စကားအများကြီး ပြောနေခြင်းမရှိတော့ကာ သူမ၏ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းပင် ရထားမောင်းသူ ဦးလေးလျူ ကို မြို့မြောက်ဘက်ရှိ မန်ထိုတောင်သို့ မောင်းခိုင်းလိုက်သည်။


ယွမ်ရှီး၏ ရှေ့တွင်မူ မန်ထိုတောင်တွင် အပင်များ ကြည့်ရန်သွားသည်ဟု ဝေရော့မှ ပြောခဲ့သော်လည်း အမှန်စင်စစ်မှာ သူမ၏ ရှောင်ယန်တောင်ကို တပါတည်း သွားကြည့်ရန်အတွက်သာ ဖြစ်သည်။


ထိုသို့သော ဝေရော့၏ တကယ့်အတွေးကို ယွမ်ရှီး မသိပေ။ 


သူမမှာမူ သူမ၏သမီးသည် အလွန်လိမ်မာရေးခြားရှိပြီး မိသားစုအပေါ် ငဲ့ညှာတတ်သည်ဟုသာ ထင်နေသည်။ 

ပိုလျှံနေသော ပျိုးပင်များကို အိမ်ရှိ သေသွားသော လယ်ကွင်းများတွင် အစားထိုးရန် သုံးစွဲခဲ့ပြီး မိသားစုပိုင် လှေကားထစ်လယ်ကွင်းများဆီသို့လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးပေးသည်ဟုသာ မြင်သည်။


ထို့ကြောင့် ယွမ်ရှီးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားခြင်း ဖြစ်သည်။ 


မိသားစုအတွင်း ပဋိပက္ခလေးအချို့ ရှိနေသော်လည်း သူမ၏ သမီးမှာ မိသားစုအလုပ်အပေါ် အလွန်ပင် သိတတ်နားလည်လှသည်မှာ အမှန်ပင်ဖြစ်သည်ဟု သူမတွေးနေမိလေသည်။


ဝေရော့၏အတွေး - လွှင့်ပစ်ရမှာ နှမြောလို့ လွတ်တဲ့နေရာမှာ လိုက်စိုက်တာပါ.. ပြီးတော့ အဲဒါကို အကြောင်းပြပြီး ငါ့ပိုင်ဆိုင်မှုတွေကို သွားကြည့်တာပဲ….


ဝေမင်ထင်၊ ယွမ်ရှီးတို့၏ အတွေး - ငါတို့သမီးလေးက တကယ်ကို လိမ်မာတာပဲ

သူက မိသားစုအပေါ် တကယ်ကို ဂရုစိုက်တာပဲ!

--------------------------------------------------------------------------------------------------------------