အခန်း (၄၆) ရှဲ့မိသားစု သဘောတူညီချက်
Viewers 6k

"ညီမလေးက အရည်အချင်းမမှီတာ မဟုတ်ပါဘူး၊ ညီမလေးက ဒီနှစ်တွေမှာ စာမသင်ခဲ့ရတော့ အခြေခံက ဝမ်ဝမ်တို့ထက် အားနည်းနေလို့ပါ" 


ဝေရိချန်မှ ဝေရော့နားလည်စေရန် ရှင်းပြသည်။


"ဟုတ်ကဲ့ပါ" 


ဝေရော့သည်လည်း အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"ရော့အာ... အမေက ညီမလေးကို ခရိုင်ဝန်မင်းအိမ်မှာ စာတက်ဖို့ အကောင်းဆုံး စီစဉ်ပေးမှာပါ" 


ဝေရိချန်သည် ထပ်မံကာ နှစ်သိမ့်ပြန်သည်။ 


"အင်း" 


ဝေရော့မှာမူ အစ်ကိုဖြစ်သူ၏ နှစ်သိမ့်မှုကို အေးစက်စွာ တုံ့ပြန်လိုက်ပြီး အခန်းသို့ ပြန်လာလေသည်။


ဝေရိချန်သည်လည်း ဝေရော့၏ တည်ငြိမ်လွန်းသော ပုံစံကြောင့် စိတ်မသက်မသာ ဖြစ်နေမိသည်။ 


ထို့ကြောင့် သူသည် မိခင်ဖြစ်သူ ယွမ်ရှီးထံသို့ သွားရောက်ကာ ဝေရော့အတွက်ကို တောင်းဆိုကြည့်လေသည်။


"အမေ... ရှဲ့အိမ်တော်ကို သွားတဲ့အခါ ရော့အာအတွက်ပါ တစ်ခါတည်း ပြောပေးလို့ မရဘူးလား”


ထိုအခါ ယွမ်ရှီးသည် တွေဝေစွာဖြင့် ပြန်ဖြေလေသည်။ 


"ရိချန်ရယ်... ဖြစ်နိုင်ရင်တော့ သမီးနှစ်ယောက်လုံးကို မစ္စဝမ်ရဲ့ တပည့်ဖြစ်စေချင်တာပေါ့..ဒါပေမဲ့ ရော့အာရဲ့ အခြေအနေက... စောင်း၊ နယ်ရုပ်၊ ကဗျာ၊ ပန်းချီ ဘာတစ်ခုမှ မတတ်တာကို အမေက ရှဲ့အိမ်တော်ကို ဘယ်လိုမျက်နှာနဲ့ သွားပြောရမလဲ.. ဝမ်ဝမ်တစ်ယောက်တည်းအတွက် ပြောဖို့တောင် တော်တော်ခက်ခဲခဲ့တာ..နှစ်ယောက်လုံးအတွက် ပြောလိုက်ရင် ရှဲ့မိသားစုက စိတ်ပျက်ပြီး ဝမ်ဝမ်ပါ တက်ခွင့်မရဘဲ နေဦးမယ်"


ဝေရိချန်လည်း မိခင်ဖြစ်သူ၏ စိုးရိမ်မှုကို နားလည်သဖြင့် ဆက်မပြောတော့ပေ။


သုံးရက်ကြာ ပြင်ဆင်ပြီးနောက် ယွမ်ရှီးသည် ရှဲ့အိမ်တော်သို့ လက်ဆောင်ပစ္စည်းများဖြင့် သွားရောက်ခဲ့သည်။ 


ညဘက် ၁၀ နာရီခန့်တွင် ယွမ်ရှီး ပြန်ရောက်လာသောအခါ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။


တံခါးဝတွင် စောင့်နေသော ဝေချင်းဝမ်သည် မိခင်ဖြစ်သူကို မြင်သည်နှင့် ပြေးကြိုလိုက်သည်။


"အမေ"


"ဝမ်ဝမ်... သတင်းကောင်းပဲ.. ရှဲ့မိသားစုက သမီးကို မစ္စဝမ်ရဲ့ သင်တန်းမှာ တက်ဖို့ သဘောတူလိုက်ပြီ"


"တကယ်လားဟင်" 


ဝေချင်းဝမ်သည် ထိုသတင်းကြောင့် ဝမ်းသာလွန်းသဖြင့် မိခင်ကို ဖက်ကာ ပျော်ရွှင်နေလေသည်။ 


ညဘက်ရောက်သောအခါ ဝေမင်ထင် ပြန်ရောက်လာပြီး ဤသတင်းကို ကြားသိရ၍ ဝမ်းသာအားရ ဖြစ်သွားသည်။


ထို့နောက်ဝေမင်ထင်သည် ဝေရော့ပညာရေးကိုပါ စီစဉ်ပေးရန်အတွက် ဇနီးဖြစ်သူကို ပြောလိုက်လေသည်။


"ဝမ်ဝမ်အတွက် အဆင်ပြေသွားပြီဆိုတော့ ရော့အာအတွက်လည်း စာသင်ဝိုင်း အမြန်စီစဉ်ပေးလိုက်ပါဦး" 


ယွမ်ရှီးသည် ခရိုင်ဝန်မင်းအိမ်တွင် ဝေရော့အတွက် အဆင်ပြေစေရန် စီစဉ်မည်ဟု ကတိပေးလိုက်သည်။ 


သို့သော် ခရိုင်ဝန်မင်းသမီးလေး စီစဉ်သည့် စာသင်ဝိုင်းမှာ မစ္စဝမ်၏ သင်တန်းနှင့် ယှဉ်လျှင် များစွာ ကွာခြားလွန်းလှပေသည်။


နောက်နှစ်ရက်အကြာတွင် သတင်းတစ်ခု ထွက်ပေါ်လာသည်။ 


ရှဲ့မိသားစုသည် ခရိုင်ဝန်မင်းသမီးလေး ချန်ကျီလန်ကိုမူ စာသင်ဝိုင်းတွင် တက်ခွင့်မပြုခဲ့ပေ။ 


ခရိုင်ဝန်မင်းအိမ်တွင် ကိုယ်ပိုင်ဆရာမ ရှိနှင့်ပြီးသားဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်သည်။


ထိုညတွင် ယွမ်ရှီးသည် ဝေရော့ကို ခေါ်ယူကာ အမိန့်ပေးလိုက်သည်။ 


"ရော့အာ... မြေရိုင်းကိစ္စကို အထိန်းတော်ကျန်းတို့နဲ့ လွှဲထားခဲ့ပြီး မနက်ဖြန်ကစလို့ ခရိုင်ဝန်မင်းအိမ်မှာ စာသွားသင်တော့" 


ဝေရော့သည် မိခင်ဖြစ်သူပြောလိုက်သည်ကို ယခင်အခါများကဲ့သို့ ငြင်းဆိုခြင်းမရှိပဲ အေးဆေးစွာ သဘောတူလိုက်သဖြင့် ယွမ်ရှီး အနည်းငယ် အံ့သြသွားရသည်။ 


သို့သော် ယွမ်ရှီးသည် အာဏာရိပ်ပါသော အမူအရာဖြင့် ဆက်ပြောလေသည်။


"ဒါပေမဲ့ ပြဿနာတစ်ခု ရှိတာက အိမ်မှာ ရထားလုံးက တစ်စီးတည်းရှိတာ..."

ယခင်တစ်ချိန်က ဝေချင်းဝမ် တစ်ယောက်တည်းသာ စာသွားသင်ခြင်းဖြစ်သဖြင့် အဆင်ပြေခဲ့သော်လည်း၊ ယခုအခါ ဝေချင်းဝမ်သည် မြို့မြောက်ဘက်ရှိ ရှဲ့အိမ်တော်သို့ သွားရမည်ဖြစ်ပြီး ဝေရော့မှာမူ ခရိုင်ဝန်မင်းအိမ်သို့ သွားရမည်ဖြစ်သည်။ 


ထို့ကြောင့် လမ်းကြောင်းနှစ်ခုမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။


ဝေရော့သည် ခနဲ့တဲ့တဲ့ အပြုံးဖြင့် မိခင်ပြောမည့် စကားကို ကြိုပြောလိုက်လေသည်။ 


"အမေ ပြောချင်တာက... မြို့မြောက်ဘက်က ရှဲ့အိမ်တော်က ပိုဝေးလို့ ရထားလုံးကို ဝေချင်းဝမ်အတွက် ပေးလိုက်မယ်၊ ခရိုင်ဝန်မင်းအိမ်က ပိုနီးလို့ ကျွန်မကိုတော့ လမ်းလျှောက်သွားခိုင်းမလို့လား"


"လမ်းလျှောက်သွားခိုင်းတာ မဟုတ်ပါဘူး.. အမေ ရထားလုံး အသစ်တစ်စီး ထပ်ဝယ်ပေးမယ်.. ဒါပေမဲ့ လက်ရှိ ရထားလုံးလောက်တော့ မကြီးဘူးပေါ့.. အခုလောလောဆယ် အိမ်ရဲ့ ငွေကြေးအခြေအနေက သိပ်မကောင်းသေးလို့ပါ နောက်မှ ပိုကောင်းတာလေး လဲပေးမယ်နော်" 


ယွမ်ရှီးသည် သမီးဖြစ်သူ ဝေရော့နားလည်မှုလွဲမည်ကို စိုးရိမ်သဖြင့် ချက်ချင်းဆိုသလိုပင် ရှင်းပြလိုက်လေသည်။

-------------------------------------------------------

-----------------------------------------------------------------------------