အခန်း (၄၄) ငါနဲ့အတူလိုက်ခဲ့ရင် အသားစားရမယ်
Viewers 3k

သူတို့၏ လှုပ်ရှားမှုများမှာ တစ်ပြိုင်နက်တည်း ဖြစ်နေပြီး ထမင်းဘူးကို ဖွင့်သည်နှင့် အငမ်းမရ မြည်းစမ်းကြည့်ကြလေသည်။


အထိန်းတော်ကျန်းသည် အိမ်တော်၏ ဂုဏ်သရေရှိ အထိန်းတော်တစ်ဦးဖြစ်သည့်အားလျော်စွာ အသားကို မကြာခဏ စားရလေ့ရှိသော်လည်း၊ အလုပ်သမားနှစ်ဦးဖြစ်သော အာကွေ့ နှင့် ရှောင်ပါး တို့မှာမူ ထိုကဲ့သို့ စားရခြင်းမျိုး မရှိပေ။


လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် သူတို့ အသားစားခဲ့ရသည်မှာ တရုတ်နှစ်သစ်ကူးသည့်အချိန် တစ်ကြိမ်သာ ရှိသည်။


အသားစားရသည်မှာ ပျော်စရာကောင်းသည်ဟု သူတို့ ထင်ထားသော်လည်း၊ အရသာကို မြည်းစမ်းကြည့် လိုက်သည့်အခါ သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။ 


ဤအသားမှာ အခြားနေရာတွင် စားဖူးသည့် အရသာနှင့် တူနေခြင်းမရှိကာ ထူးကဲသော အရသာရှိနေသည်။ 


အသားကို စားပြီးနောက်တွင် ဆော့စ်ရည်များနှင့် နယ်ထားသော ထမင်းမှာလည်း ဖော်ပြ၍ မတတ်အောင်ပင် ကောင်းမွန်လွန်းလှပေသည်။


သူတို့သည် အလွန်အရသာရှိလွန်းသောကြောင့် အစပိုင်းတွင် အလျှင်အမြန် စားမိကြသော်လည်း၊ နောက်ပိုင်းတွင်မူ အရသာကို အကြာကြီး ခံစားလိုသောကြောင့် ဖြည်းဖြည်းချင်းသာ စားနေကြတော့သည်။ 


စားသောက်ပြီးသည့်နောက်တွင် အထိန်းတော်ကျန်းမှာ ဟင်းများထူးကဲနေမှုကို သိချင်သောကြောင့် ထိန်းချုပ်မနေတော့ကာ မေးလိုက်လေသည်။


"သခင်မလေး... ဒါ မီးဖိုချောင်က လုပ်တာလားဟင်.. ဘယ်လိုလုပ်လို့ ဒီလောက် အရသာရှိရတာလဲ"

"ရှို့မေ လုပ်တာပါ" ဟု ဝေရော့မှ ပြန်ဖြေသည်။


"ရှို့မေလေးရဲ့ လက်ရာက တကယ်ကို တော်တာပဲ" 


အထိန်းတော်ကျန်းသည် ပွင့်လင်းစွာပင် ချီးကျူးလိုက်သည်။ 


ယခင်က ရှို့မေကို ကျေးလက်ကလာသည့် ပညာမတတ်သော မိန်းကလေးဟု အထင်သေးခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ အမြင်များ ပြောင်းလဲစပြုလာပြီ ဖြစ်သည်။


ဝေရော့သည် သူတို့ကို ကြည့်ကာ အလုပ်တွင် တက်ကြွမှုရှိစေရန်လည်း ကတိတစ်ခုကို ပေးလိုက်သေးသည်။ 


“နေ့လယ်စာက အစပဲရှိသေးတယ်.. ငါ့နောက်ကို လိုက်ပြီး ငါပေးတဲ့ အလုပ်တွေကို သေချာလုပ်မယ်ဆိုရင် ငါ မင်းတို့ကို မကန့်သတ်ပါဘူး.. ကောင်းကောင်း ပြုစုစောင့်ရှောက်သွားမှာပါ" 


"သခင်မလေး... ဒါဆို နောက်လည်း ဒီလို အရသာရှိတဲ့ ထမင်းတွေ ကျွေးမှာလားဟင်" 


အာကွေ့သည် မျှော်လင့်ချက်ကြီးစွာဖြင့် မေးလေသည်။


"ထမင်းတင်မကဘူး၊ တခြား ခံစားခွင့်တွေလည်း ရှိဦးမှာပါ"


အလုပ်သမားနှစ်ဦးမှာ ဝေရော့ပြောသည့် စကားကိုကြားလိုက်သည်နှင့် အလွန်ပင်ဝမ်းသာသွားပြီး ဝေရော့အပေါ် သစ္စာရှိရှိ အလုပ်လုပ်ရန် ချက်ချင်းပင် ကတိပေးကြတော့သည်။ 


အထိန်းတော်ကျန်းမှာမူ ထမင်းတစ်နပ်တည်းနှင့် စိတ်မလှုပ်ရှားသော်လည်း၊ ရှို့မေမှ သူမကို ကန်စွန်းဥခြောက် အိတ်လေး ပေးလိုက်သောအခါတွင် စိတ်ထဲမှ ဝေဝါးသွားရသည်။ 


ထိုကန်စွန်းဥခြောက်မှာ အိမ်တော်ထဲတွင် နာမည်ကြီးနေသော်လည်း သူမ တစ်ခါမျှ စားဖူးခြင်း မရှိပေ။


သူမသည် ရှို့မေပေးသည့် ကန်စွန်းဥခြောက်ကြော်ကို မြည်းစမ်းကြည့်လိုက်သောအခါ ချိုမြိန်ပြီး ဝမ်းဗိုက်ကို ပြည့်တင်းစေသည့်အတွက် သူမ အလွန်နှစ်သက်သွားသည်။


ထို့နောက် အထိန်းတော်ကျန်းသည် ဝေရော့၏ စိတ်ဓာတ်ကောင်းမှုကို စိတ်ထဲမှ ချီးကျူးမိနေသည်။


“ဒီသခင်မလေးက သူနဲ့အတူ အလုပ်လုပ်တဲ့သူတွေအပေါ် တကယ်ကို ရက်ရောတာပဲ...” 


ထို့အပြင် သူမသည် ဝေရော့အပေါ်ထားရှိခဲ့သည့် သဘောထားမှာလည်း သိသိသာသာ ပြောင်းလဲလာလေသည်။



ထိုအချိန်တွင် မြို့တောင်ဘက်တံခါးမှ လူတစ်စု ထွက်လာကြသည်။ 


ထိုသူမှာ မင်းသားချူလန်တို့ အဖွဲ့ပင် ဖြစ်သည်။ 


သူသည် ခြောက်ကပ်နေသော မြေရိုင်းပြင်ကြီးကို ကြည့်နေစဉ် လူတစ်စုကို လှမ်းမြင်လိုက်ရသည်။


ထိုအခါ ချူလန်မှ သိချင်သောကြောင့် နောက်လိုက်များကို မေးလေသည်။


"အဲဒါ ဘာတွေလဲ" 


"ဒါက ဝေဗိုလ်မှူးရဲ့ မိသားစုဝင်တွေပါ အရှင်.. သူတို့က မြေရိုင်းတွေကို စမ်းသပ်စိုက်ပျိုးနေတာလို့ သိရပါတယ်" 


နောက်တွင်လိုက်ပါလာသောသူမှ ချူလန်မေးသည်ကို ပြန်လည်ဖြေကြားလိုက်သည်။


"ဝေမိသားစုကလား" 


ထိုစကားကိုကြားလိုက်သည်နှင့် ချူလန် အံ့သြသွားသည်။


"ဝေမိသားစုက ဘယ်တုန်းက စိုက်ပျိုးရေး လုပ်တတ်သွားတာလဲ.. အဲဒီမှာ ဘယ်သူ ဦးဆောင်နေတာလဲ.."


"ဝေအိမ်တော်ကို ခုမှ ပြန်ရောက်လာတဲ့ သခင်မလေး အစ်မကြီး ဖြစ်ဖို့ များပါတယ်"


"ကျေးလက်မှာ ကြီးပြင်းလာတဲ့ သခင်မလေးလား" 


ချူလန်က စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာဖြင့် မေးလိုက်သည်။


လုယွီဟုန်းသည် စူးစမ်းချင်စိတ်များနေသော မင်းသားကို ဘေးမှ ရယ်မောရင်းဖြင့် ပြောလိုက်သည်။


"အိမ်တော်က သခင်မလေးက ကျေးလက်မှာ ကြီးပြင်းပြီး စိုက်ပျိုးရေး ကျွမ်းကျင်တယ်ဆိုတာ တော်တော်လေး ထူးဆန်းတာပဲ"


"ကျွမ်းကျင်သလား၊ မကျွမ်းကျင်ဘူးလား ဆိုတာကတော့ သူ ဘာတွေ ထွက်အောင် လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်..မြေကြီးထဲ ဆင်းနိုင်ရုံနဲ့တော့ ကျွမ်းကျင်တယ်လို့ မခေါ်နိုင်ဘူး" 


လုယွီဟုန်း ပြောလိုက်သည့်စကားကို ချူလန်မှ မှတ်ချက်ပေးလိုက်လေသည်။


ချူလန်သည် ထိုနေရာတွင် ခေတ္တရပ်ကြည့်ပြီးနောက် သူ၏ လူအုပ်ကို ဦးဆောင်ကာ လဝန်းတောင် ဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။

--------------------------------------------------

-------------------------------------------------------------------------------------