အခန်း (၂၈) ထိပ်တိုက်ရင်ဆိုင်ခြင်း
Viewers 99

ယွမ်ရှီးသည် သူမ၏ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။

"ကျွန်မ ပြဿနာရှာတာ မဟုတ်ပါဘူး..ဒုတိယမောင်လေးအတွက် ဆရာဝန်ခေါ်ပေးဖို့ အထိန်းတော်လီကို သွားပြောတာပါ..ပြီးတော့ ကျွန်မ ဘယ်သူ့ကိုမှလည်း ဒဏ်ရာမရစေခဲ့ပါဘူး" 

ဝေရော့သည် တည်ငြိမ်စွာဖြင့်ပင် ပြန်လည် ချေပကာ ပြောဆိုသည်။

ထိုအချိန်မှသာ အထိန်းတော်လီမှ ပျာပျာသလဲ ရှင်းပြသည်။

"သခင်မကြီးရှင်... ကျွန်မက ဆရာဝန်မခေါ်ပေးတာ မဟုတ်ပါဘူး..ဒုတိယသခင်လေးရဲ့ ရောဂါက သိပ်မပြင်းထန်ဘူး ထင်လို့ မနက်မှခေါ်ဖို့ ပြောတာပါ..ဒါကို ရှောင်ပေ့ကိုလည်း သေချာရှင်းပြပြီးသားပါ..ဒါကို သခင်မလေးရော့က ဘာလို့ ပြဿနာလာရှာပြီး သခင်မလေးဝမ်ကိုပါ တွန်းလှဲလိုက်ရတာလဲ မသိတော့ပါဘူး"

"မောင်လေးရဲ့ရောဂါက မပြင်းထန်ဘူး ဟုတ်လား..ပြီးတော့ ငါက ဝေချင်းဝမ်ကို တွန်းလှဲတယ် ဟုတ်လား" 

ဝေရော့သည် အထိန်းတော်လီအား စိုက်ကြည့်၍ မေးလိုက်သည်။

"နေခင်းတုန်းက ဒုတိယသခင်လေးကို အားလုံးမြင်ကြတာပဲ..အကောင်းကြီးပါ..အစေခံအားလုံး သက်သေခံနိုင်ပါတယ်" 

အထိန်းတော်လီသည် သူမကိုယ်သူမ ကာကွယ်ရမည်ဖြစ်သည့်အတွက် ဒူးထောက်လျက်ပင် ပြန်လည်ကာ ပြောဆိုသည်။

"အော်... ရယ်စရာပဲ..နေခင်းက အကောင်းဖြစ်နေတဲ့သူက ညဘက်ကျရင် ရောဂါပြင်းထန်မလာနိုင်ဘူးလို့ နင့်ကို ဘယ်သူပြောလဲ..ရောဂါဆိုတာ တောင်ပြိုသလို လာတတ်တယ် ဆိုတာ နင်မကြားဖူးဘူးလား..လူတစ်ယောက်ရဲ့ အခြေအနေကို နင်က ဒီလောက်အကဲဖြတ်နိုင်နေရင် ဆရာဝန်ပဲ သွားလုပ်ပါတော့လား"

"သခင်မလေးက ကျွန်မကို ဒုတိယသခင်လေးအပေါ် တမင်ပေါ့လျော့တယ်လို့ ထင်နေတာလား..ကျွန်မက ဘာလို့ အဲဒီလို လုပ်ရမှာလဲ" 

အထိန်းတော်လီမှလည်း ဝေရော့ပြောသမျှကို ပြန်လည်ကာ ချေပပြောဆိုသည်။

"နင်က ဒုတိယမောင်လေးကို အရေးမပါတဲ့သူလို့ သတ်မှတ်ပြီး သခင်ကို အနိုင်ကျင့်ချင်နေတာလေ" 

ဝေရော့သည် စကားကို ခပ်ပြတ်ပြတ် ပြောချလိုက်သည်။

အကယ်၍သာ ဖျားနေသူက ဝေရိချန် သို့မဟုတ် ဝေယီလင်း ဆိုလျှင် ဤအထိန်းတော်ကြီး ထိုသို့ပြုမူမည် မဟုတ်ပေ။

"သခင်မလေး... ဘာတွေ လျှောက်ပြောနေတာလဲ..ဒုတိယသခင်လေးက ဘယ်လိုလုပ် အရေးမပါရမှာလဲ သခင်မကြီးက သားသမီးအားလုံးကို တန်းတူချစ်တာပါ..အစေခံဖြစ်တဲ့ ကျွန်မတို့က ဘယ်လိုလုပ် ပေါ့လျော့ရဲမှာလဲ" 

အထိန်းတော်လီသည် ပါးနပ်စွာဖြင့် ယွမ်ရှီးကိုပါ မြှောက်ပင့်စကား ပြောဆိုလိုက်သည်။

ထိုစကားကြောင့် ယွမ်ရှီး၏ မျက်နှာမှာ ပို၍ပင် ပျက်သွားရသည်။ 

သူမသည် ဝေကျင်းယီကို မကြည့်ချင်သော်လည်းပဲ စားဝတ်နေရေးအတွက်ကိုပင် မပူပင်ရအောင် ထားပေးခဲ့ခြင်းဖြစ်သည်။

"အရေးမပါသောသူ" ဟူသော စကားမှာမူ သူမ၏မျက်နှာကို ရိုက်လိုက်သကဲ့သို့ ခံစားရစေသည်။

အထိန်းတော်လီသည် သူမစကား ထိရောက်သွားမှန်း သိသဖြင့် ဆက်လက်၍ ဟန်ဆောင်ငိုယိုကာဖြင့် ပြောလေသည်။

"ကျွန်မကတော့ အခြေအနေကို ကြည့်ပြီး မနက်မှ ဆရာဝန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ..အကယ်၍ သခင်မလေးက ကျွန်မကို မကျေနပ်ရင် ကျွန်မကိုပဲ ရိုက်နှက်ပါတော့..ဘာမှမလုပ်တဲ့ သခင်မလေးဝမ်ကို ဘာလို့ အားနဲ့တွန်းလှဲရတာလဲဟင်... သွေးတွေတောင် အများကြီး ထွက်သွားတယ်..."

အထိန်းတော်လီသည် မျက်ရည်သုတ်ရင်း ဝေချင်းဝမ်ကို သနားစဖွယ် ပုံဖော်ကာ ဝေရော့ကို ဗီလိန်ဖြစ်အောင် လုပ်တော့သည်။

ယွမ်ရှီးသည် ထိုသို့ကြားလိုက်ရသဖြင့် ဒေါသအထွဋ်အထိပ်သို့ ရောက်သွားပြီး စားပွဲကို ရိုက်လိုက်ကာ စကားဆိုသည်။ 

"ရော့အာ... သမီး အရမ်းလွန်လာပြီ..အခြေအနေကို သေချာမသိဘဲ ဝမ်မေယွမ်မှာ ပြဿနာလာရှာရုံတင်မကဘူး ဝမ်ဝမ်ကိုပါ တွန်းလှဲလိုက်ရတယ်လို့..ဝမ်ဝမ်က သမီးအပေါ် ဘာမှားခဲ့လို့လဲ..သမီး သူ့ကို ဘာလို့ဒီလိုဆက်ဆံရတာလဲ"

ဝေရော့သည် အထိန်းတော်လီ၏ ပါးနပ်မှုကို စိတ်ထဲကပင် ချီးကျူးမိသွားသည်။ 

ထို့နောက် ဝေရော့သည် မိခင်ဖြစ်သူယွမ်ရှီး မေးလိုက်သည်ကို ပြန်ဖြေသည်။

"ပထမအချက်၊ ကျွန်မ အထိန်းတော်လီကို လာရှာတာက မောင်လေးဖျားနေလို့ပါ..ဒုတိယအချက်၊ ကျွန်မ ဝေချင်းဝမ်ကို မတွန်းခဲ့ပါဘူး.. ဒါတွေက အမှန်တရားတွေပဲ..အမေ ယုံချင်ယုံ၊ မယုံချင်နေ... ကျွန်မမှာ တခြားရှင်းပြစရာ မရှိဘူး"

"ဝမ်ဝမ်ကို မတွန်းဘူးလို့ သမီးပြောတာလား" 

ယွမ်ရှီးက ထပ်မံကာ မေးလေသည်။

"ဟုတ်တယ်၊ ကျွန်မ မဟုတ်ဘူး" 

ဝေရော့မှလည်း ပြတ်သားစွာ ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် ဝမ်ဝမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့..အထိန်းတော်လီ လိမ်နေတာလား၊ သမီး လိမ်နေတာလားဆိုတာ သိရတာပေါ့" 

ယွမ်ရှီးသည် ဒေါသတကြီး ထလိုက်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။

အိပ်ခန်းထဲတွင် ဝေချင်းဝမ်သည် မျက်နှာဖြူလျော့ကာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ 

သူမ၏ ခြေထောက်ကို အဖြူရောင်ပတ်တီး စည်းထားသည်။

"အမေ..." 

ယွမ်ရှီးကို မြင်လိုက်သည်နှင့် ဝေချင်းဝမ်က ငိုပြန်သည်။ 

ယွမ်ရှီးသည် သူမကို ဖက်ကာ ချော့မော့ မေးလေသည်။

"ဝမ်ဝမ်... အမေ့ကို ပြောပါဦး..ဒီည သမီး ဘယ်လိုဖြစ်ပြီး လဲကျသွားတာလဲ"

ဝေချင်းဝမ်သည် မိခင်ဖြစ်သူမေးလိုက်သည့် စကားကြောင့် လန့်သွားကာ ဝေရော့ကို လှမ်းကြည့်သည်။ 

ဝေရော့သည်လည်း ဝေချင်းဝမ်၏ မျက်နှာအမူအရာတိုင်းကို အကဲခတ်နေသည်။ 

သူမသည် ဝေချင်းဝမ်နှင့် ရန်ငြိုးမရှိပေ။ မူရင်းဝတ္ထုထဲရှိ ကြင်နာတတ်သည့် မင်းသမီးလေးသည် ယခုလိုဖြစ်နေသော အချိန်တွင် မည်သို့တုံ့ပြန်မည်ကို ဝေရော့ သိချင်နေသည်။

ဝေချင်းဝမ်သည် ဝေရော့၏ အကြည့်ကြောင့် စိတ်မလုံသလို ဖြစ်နေပြီး အထိန်းတော်လီ ခိုင်းထားသည့်အတိုင်း ပြောရမည်ကို ဝေခွဲမရ ဖြစ်နေသည်။ 

သူမသည် အထိန်းတော်လီဘက်ကို ကြည့်လိုက်သောအခါတွင်လည်း အထိန်းတော်လီမှာ သူမကို စိုက်ကြည့်နေသည်။

"ဝမ်ဝမ်... မကြောက်နဲ့..သမီးကို ဘယ်သူတွန်းတာလဲဆိုတာ မှန်မှန်သာပြောပါ၊ အမေ တရားမျှတအောင် ဆုံးဖြတ်ပေးမယ်" ဟု ယွမ်ရှီးက တိုက်တွန်းသည်။

"ဟုတ်... အစ်မပါ..." ဝေချင်းဝမ်သည် တုန်တုန်ရီရီဖြင့် "အစ်မ" ဆိုသည့် စကားလုံးကို ပြောချလိုက်သည်။

အခန်းထဲရှိ မျက်လုံးအားလုံး ဝေရော့ထံသို့ ပြန်ရောက်လာကြသည်။ ထိုမျက်လုံးများထဲတွင် အပြစ်တင်ခြင်း၊ ဒေါသထွက်ခြင်း အကြည့်များ ရောပါနေလေသည်။

ဝေရော့ ရုတ်တရက် ရယ်ချင်စိတ် ပေါက်သွားသည်။ မူရင်းဝတ္ထုထဲရှိ ကြင်နာသနားတတ်သည့် မင်းသမီးလေးမှာ သူမကို ယခုကဲ့သို့ လိမ်ညာပြီး စွပ်စွဲလိမ့်မည်ဟု ထင်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

ယွမ်ရှီးသည် ဝေရော့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကဲ... အခု သမီး ဘာပြောဦးမလဲ"

ဝေရော့က တည်ငြိမ်စွာပင် ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

"ကျွန်မ ပြောချင်တာကတော့ ဝေချင်းဝမ် ကျွန်မကို မတရားစွပ်စွဲနေတာပါ..ကျွန်မ မတွန်းခဲ့ပါဘူး..ဒါပေမဲ့ သူက ကျွန်မပါလို့ ပြောနေပြီပဲ"

ယွမ်ရှီးက ဒေါသတကြီး ရယ်လိုက်ကာ ဆူပူလိုက်သည်။

"သမီးကတော့ တကယ့်ကို အတောမသတ်နိုင်အောင် ဆိုးလာပြီပဲ..သမီးက တောမှာ ကြီးပြင်းလာပေမယ့် အကျင့်စာရိတ္တ မပျက်စီးသေးဘူးလို့ ငါထင်ခဲ့တာ၊ အခုတော့ ငါ မှားသွားပြီ"

"ကျွန်မမှာ ဘယ်လို အကျင့်ဆိုးမှ ကပ်မပါလာပါဘူး..လယ်စိုက်တာဟာ အကျင့်ဆိုး မဟုတ်သလို တောက ရိုးသားတဲ့သူတွေဆီမှာလည်း အကျင့်ဆိုးတွေ မရှိပါဘူး..အကျင့်ဆိုးရှိတာကတော့ မျက်နှာပြောင်တိုက်ပြီး လိမ်ညာပြောဆိုပြီး တခြားသူကို စွပ်စွဲတဲ့သူတွေသာ ဖြစ်ပါတယ်"

ထိုသို့ ပြောနေစဉ်မှာပင် ဝေရော့သည် ကုတင်ပေါ်တွင်ရှိနေသော ဝေချင်းဝမ်ကို စိုက်ကြည့်လိုက်သည်။ 

ဝေချင်းဝမ်မှာ ဝေရော့၏ အပေါ်စိတ်မလုံသကဲ့သို့ ခံစားရသည့်အလား ခေါင်းငုံ့ကာ ငိုနေလေသည်။

ယွမ်ရှီးသည် ဒေါသကို ထိန်းချုပ်နိုင်စွမ်းမရှိကာဖြင့် ဝေရော့ကို ထပ်မံပြောလိုက်သည်။

"သမီးက အခုထိ အမှားကို မဝန်ခံသေးဘူးလား..ဝမ်ဝမ်ကို ဘာထပ်လုပ်ချင်သေးတာလဲ"

---------------------------------------------------------------------------------------

------------------------------------------------------------