အခန်း (၁) အသက်ကယ်တင်ခြင်း
Viewers 149

တောင်တန်းတွေ ထူထပ်နေတဲ့ကြားက တောင်ပတ်လမ်းလေးတစ်ခု...။


ဝေရော့တစ်ယောက် ကျောပိုးခြင်းတောင်းလေးကို လွယ်လျက် လမ်းလေးအတိုင်း လျှောက်လာနေလေသည်။ 


နွေဦးဦးပိုင်း၏ ရာသီဥတုမှာ သာယာနေပြီး ဝင်လုဆဲဆဲဖြစ်နေသည့် နေရောင်ခြည်မှာ သူမ၏ ဖြူစင်ဝင်းပသော မျက်နှာထက်တွင် ထင်ဟပ်၍ နေလေတော့သည်။ 


ယူပင်တောင်သည် သူမနှင့် အလှမ်းဝေးသော်လည်း ၎င်းတောင်ပေါ်တွင် ရှားပါးဆေးဖက်ဝင်အပင်များ များစွာရှိနေသောကြောင့် မနက်စောစော တောင်ပေါ်သို့ လာရခြင်းမှာ လာရကျိုးနပ်သည်ဟုပင် သူမတွေးနေမိသည်။


တောင်အောက်ခြေလမ်းလေးမှနေ၍ လမ်းမကြီးပေါ်သို့ အထွက်တွင်တော့ ဝေရော့တစ်ယောက် မလှမ်းမကမ်းမှ လာသော ဆူညံသံများကို ကြားလိုက်ရလေသည်။ 


အခြွေအရံများစွာ ဝန်းရံထားပြီး ဆင်ယင်မှုများဖြင့် အလွန်လှပနေသည့် ရထားလုံးတစ်စီးသည် လမ်းဘေးတစ်နေရာတွင် ရပ်ထားခြင်းဖြစ်သည်။


ဝေရော့လည်း ခဏတာမျှ ရပ်ကြည့်လိုက်သည်။ ထို့နောက်တွင် သူမသည် စိတ်ထဲမှနေ၍ စကားတစ်ခွန်းကို ဆိုလိုက်လေသည်။ 


"ပြဿနာတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ" 


ထို့နောက် သူမလည်း မမြင်ချင်ယောင်ဆောင်ကာ ခေါင်းငုံ့၍ ရှေ့သို့ ဆက်လျှောက်ဖို့သာ ပြင်လိုက်လေသည်။ 


သို့ပေမဲ့လည်း အဝေးတွင်ရှိနေသော လူများမှာ သူမကို လှမ်းမြင်သွားကြတော့သည်။ 


ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်သည် ဝေရော့ဆီသို့ အမြန်လျှောက်လာပြီး ရှေ့မှနေ၍ ပိတ်ရပ်လိုက်လေသည်။


"အနီးဆုံး ဆေးခန်းက ဘယ်မှာလဲ"



ထိုသူ၏ အသံမှာ အလွန်အလောတကြီး ဖြစ်နေပြီး မျက်နှာထားမှာလည်း ကြောက်စရာကောင်းလွန်းလှသည်။


"ဒီနားမှာ ဆေးခန်းမရှိဘူး…အနီးဆုံးဆိုရင် မြို့ထဲအထိသွားရမှာ…မိုင် ၇၀၊ ၈၀ လောက် ဝေးတယ်" ဟု ဝေရော့လည်း ခေါင်းငုံ့လျက်ပင် ပြန်ဖြေလိုက်လေသည်။


"ဒါဆို ဝမ်းဆွဲသည်ရော…ဒီအနီးအနားက ရွာမှာ ဝမ်းဆွဲသည်ရှိလား" ဟု ထိုလူမှ ထပ်မံကာ မေးလိုက်ပြန်သည်။


"မရှိဘူး"


ဝေရော့၏ အဖြေကြောင့် ထိုလူ့မျက်နှာမှာ ပိုမိုကာ ပျက်သွားလေသည်။


ထို့နောက်တွက် ထိုသူသည် ဘာမှထပ်မမေးတော့သည်နှင့် ဝေရော့လည်း သူများကိစ္စထဲ ဝင်မပါချင်သောကြောင့် လှည့်ထွက်ရန် ပြင်လိုက်သည်။ 




ထို့နောက် ခြေလှမ်းနှစ်လှမ်းလောက်သာ လှမ်းရသေးသည့်အချိန်တွင် ရထားလုံးထဲမှ အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံနှင့် အစေခံမလေးများ၏ စိုးရိမ်တကြီး ပြောသံတွေကို ကြားလိုက်ရသည်။


"သခင်မလေး...အောင့်ထားပါဦး…. အဆင်ပြေသွားမှာပါ…ကျွန်မတို့ဆရာဝန်အမြန်ရှာပေးပါ့မယ်…ခြေထောက်...ခြေထောက်လေးထွက်လာပြီ…ဘယ်လိုလုပ်ကြမလဲ. …ရေ... ရေနွေးနဲ့ ဂျင်ဆင်းလက်ဖက်ရည် အမြန်ယူခဲ့"


ဝေရော့လည်း မျက်မှောင်ကြုတ်သွားပြီး ရပ်တန့်နေလေတော့သည်။ ရထားလုံးထဲရှိလူများသည် ကလေးမွေးနေခြင်း ဖြစ်ရမည်။ 


အခြေအနေမှာလည်း တော်တော်စိုးရိမ်ရပုံ ရသည်ဟု ဝေရော့ တွေးလိုက်သည်။


“ဝင်ကူလိုက်ရမလား…မကူတာပ‌ေကောင်းပါတယ်…ကူလိုက်ရင်ပြဿနာတွေပါလာတတ်တယ်...ပြီးတော့ ဒီလူစုကလည်း သာမန်လူတွေ မဟုတ်ပုံပဲ”


သို့ပေမဲ့လည်း ဝေရော့ ဆက်လျှောက်ဖို့ ပြင်လိုက်တိုင်း အမျိုးသမီး၏ အော်သံမှာ ထပ်မံကာ ထွက်လာပြန်သည်။


ထို့နောက် သူမလည်း ပစ်မထားနိုင်တော့ကာ လူ့အသက်သည် အရေးကြီးဆုံးဖြစ်သည့်အတွက် ဝင်ကူရန် ဆုံးဖြတ်လိုက်သည်။ 


ဝေရော့သည် သူမ၏ ခြင်းတောင်းထဲသို့ တစ်ချက်ကြည့်လိုက်ပြီး နှစ်စက္ကန့်မျှ စဉ်းစားပြီးနောက်တွင် စိတ်မထိန်းနိုင်တော့ကာ လှည့်ပြန်လာခဲ့လေသည်။ 


ထို့နောက် သူမသည် ရထားလုံးနားသို့ ချဉ်းကပ်သွားလေသည်။ ထိုအခါ အခြွေအရံများမှာ ချက်ချင်းဆိုသလိုပင် တားဆီးလိုက်ကြသည်။


"ကျွန်မ ဆေးပညာ နည်းနည်းပါးပါး တတ်ပါတယ်…ခြင်းတောင်းထဲမှာလည်း အခုတင် ခူးလာတဲ့ ဆေးမြစ်တွေ ပါလာတယ်…ရှင်တို့ ကျွန်မကို ယုံတယ်ဆိုရင် အခုချက်ချင်း ရထားလုံးထဲ ပေးဝင်ပါ…မယုံရင်လည်း ကျွန်မ အခုပဲ ထွက်သွားမယ်"


ဝေရော့သည် အလျင်အမြန်ပင် ရွေးချယ်ခိုင်းလိုက်သည်။ 

မြန်မြန်ဖြေနိုင်ခြင်းမရှိပဲ မကုခိုင်းဘူးဆိုရင်လည်း ပြဿနာမတက်အောင် ချက်ချင်းပင် လှည့်ထွက်သွားမည်ဖြစ်သည်။


ထိုလူလည်း ဘာလုပ်ရမှန်း မသိဖြစ်နေတော့သည်။ 


"ကလေးခြေထောက်အရင်ထွက်နေပြီ" ဟု အစေခံမလေး၏ စကားသံကို ကြားလိုက်ရသည်။ 


ကလေးမွေးသည့်အခါ ခြေထောက်မှ အရင်ထွက်ခြင်းဆိုသည်မှာ ငရဲတံခါးသို့ တစ်ဝက်ရောက်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။ 


ထိုအချိန်တွင် ရထားလုံးထဲမှ အော်သံ ထပ်မံထွက်လာသဖြင့် ထိုလူ့နှလုံးသားကို ဆောင့်ကန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ့တွင် ထပ်မံစဉ်းစားရန်အလို့ဌာ အချိန်မရှိတော့ပေ။


"မင်းကို အခွင့်အရေး ပေးမယ်…ငါ့ဇနီးနဲ့ ကလေးကိုသာ ကယ်နိုင်ရင် မင်းကို စည်းစိမ်ဥစ္စာတွေ အကုန်ပေးမယ်"


ဝေရော့လည်း ခွင့်ပြုချက်ရသည်နှင့် ရထားလုံးထဲသို့ ဝင်လိုက်လေသည်။ 


ရထားလုံးထဲတွင်မူ လှပသည့် ဝတ်စုံဝတ်ထားသော အမျိုးသမီးမှာ နာကျင်လွန်းသဖြင့် ညည်းညူနေပြီး နဖူးမှပင်လျှင် ချွေးများ ရွဲလျက် ဘေးတွင်ရှိနေသော အစေခံမလေး၏ လက်ကို တင်းတင်းဆုပ်ထားလေသည်။


ဝေရော့ ငုံ့ကြည့်လိုက်သောအခါတွင် ရေမြွာအရည်မှာ ပေါက်နေပြီ ဖြစ်သည်။


သို့ပေမဲ့လည်း သန္ဓေသားသည် အနေအထား မမှန်သောကြောင့် မွေးရခက်နေခြင်းဖြစ်သည်။ 

တော်သေးသည်မှာ ရေမြွာအရည်များမှာ အကုန်ထွက်သွားခြင်း မရှိသည့်အပြင် ကလေး၏ခြေထောက်မှာလည်း မွေးလမ်းကြောင်းထဲသို့ အကုန်ဝင်နေခြင်းလည်း မရှိပေ။


ဝေရော့သည် ခြင်းတောင်းထဲမှ အပ်စိုက်ကိရိယာနှင့် ဆေးအိတ်လေးကို ထုတ်လိုက်သည်။ 


ဒါ့အပြင် ဂျင်ဆင်းပြား နှစ်ပြားအား အမျိုးသမီးကို ငုံခိုင်းလိုက်ပြီး အစေခံမလေးကိုတော့ ရေနွေး ဒါမှမဟုတ် အားရှိမည့် ဟင်းရည်တစ်ခွက်ကို အမြန်ပြင်ခိုင်းလိုက်လေသည်။


"မငိုပါနဲ့…အားမကုန်စေနဲ့ဦး…နာကျင်တာသက်သာအောင်အပ်စိုက်ပေးမယ်...ပြီးရင်ကလေးအနေအထားပြန်ပြင်ပေးမယ်နော်...စိတ်မလှုပ်ရှားပါနဲ့နော်တတ်နိုင်သလောက်စိတ်လျှော့ထားပါ"ဟုဝေရော့မှအားပေးလိုက်လေသည်။


“ဘာ…ကလေးအနေအထားကို ပြန်ပြင်ပေးမယ်ဟုတ်လား…အပ်စိုက်မယ်...ဟုတ်လား” 

ဘေးတွင်ရှိနေသော အစေခံမလေးများမှာမူ မျက်နှာများ ပျက်ကုန်ကြသည်။ 


ထိုအရာသည် မြို့တော်တွင် အတွေ့အကြုံ အရှိဆုံး ဝမ်းဆွဲသည်များပင် မလုပ်ရဲသည့်အရာပင် ဖြစ်ချေသည်။


ဝေရော့အနေဖြင့် စကားအပိုမပြောတော့ကာ ရေနွေးနှင့် လက်ကို မြန်မြန်ဆေးလိုက်ပြီး အပ်စိုက်အိတ်ကို ဖွင့်ကာ ငွေရောင်အပ်ရှည်လေးများကို အမျိုးသမီး၏ ခန္ဓာကိုယ်အချက်အချာ နေရာများတွင် တိတိကျကျ စိုက်လိုက်သည်။ 


ခဏအကြာတွင် ထိုအမျိုးသမီးလည်း နာကျင်မှုများ လျော့ပါးသွားတော့သည်။


ထို့နောက် အစေခံမလေးနှစ်ယောက်၏ မျက်လုံးများရှေ့တွင်ပင် ထွက်နေသည့် ကလေးခြေထောက်ကို ဗိုက်ထဲသို့ ပြန်သွင်းလိုက်လေသည်။ 


အစေခံမလေးများဆိုသည်မှာ ထအော်တော့မည့်အလား လန့်သွားကြသည်။ 


ဝေရော့သည် သူမလက်ကို အမျိုးသမီး၏ ဗိုက်ပေါ်တင်ပြီး ထိုက်ချိကစားသကဲ့သို့ အနေအထားဖြင့် ဗိုက်ထဲမှ ကလေးကို ဖြည်းဖြည်းချင်း လှည့်ပေးလိုက်သည်။


ဗိုက်ထဲမှ ကလေးမှာတကယ်ကြီးပင် ရွေ့သွားသည်ကို မြင်လိုက်ရသည့် အစေခံမလေးများလည်း ဆွံ့အကုန် ကြသည်။ 


အချိန်များကုန်လွန်သွားကာ အပြင်တွင် စောင့်နေသည့် သူများမှာလည်း မီးဖိုပေါ် တင်ခံထားရသကဲ့သို့ အရမ်းကို စိုးရိမ်နေကြပြီဖြစ်သည်။


“အဲဒီမိန်းကလေး တကယ်ရော တတ်ပါ့မလား… အဆင်မပြေရင် ဘယ်လိုလုပ်မလဲ”

တစ်နာရီခန့်ကြာသောအခါတွင် ကလေးငိုသံလေးထွက်ပေါ်လာပြီး လူတိုင်း၏ စိုးရိမ်မှုများကို ရိုက်ချိုးလိုက် လေသည်။ 


အားလုံးလည်း ဝမ်းသာအားရဖြင့် ဟေးခနဲပင် အော်လိုက်ကြသည်။ 

ထိုအခါ ဝေရော့သည် ကလေးချက်ကြိုးကို ဖြတ်ပေးပြီး မိခင်ဖြစ်သူကိုလည်း သွေးတိတ်အောင် လုပ်ပေးလိုက်လေသည်။


ဝေရော့တွင်လည်း နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ 


ပင်ပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်အနေအထားဖြင့် ရထားလုံးကို ဆွဲကိုင်ကာ ထွက်လာခဲ့သည်။


ထို့နောက် သူမမှ အထဲသို့ ဝင်ကြည့်လို့ရပြီလို့ ဟုပြောလိုက်သည်နှင့် အဝတ်အစားကောင်းများ ဝတ်ဆင်ထားသည့် လူကြီးမှာမူ ဇနီးဖြစ်သူဆီသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ 


ခဏအကြာတွင် ဇနီးဖြစ်သူ၏ သတိပေးစကားကြောင့် ထိုလူမှာ ဝေရော့ကို ကျေးဇူးတင်ရန်နှင့် ဆုလာဘ်တွေပေးရန် အပြင်သို့ ပြန်ထွက်လာခဲ့တော့သည်။ 


သို့ပေမဲ့လည်း အစောပိုင်းက ကယ်တင်ပေးလိုက်သည့် မိန်းကလေးသည် ပျောက်ခြင်းမလှ ပျောက်သွားပြီဖြစ်သည်။


“စည်းစိမ်ဥစ္စာတွေ ပေးမယ်လို့ ကတိပေးထားပါလျက်နဲ့ ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲ”


အိမ်အပြန်လမ်းပေါ် ရောက်မှ ဝေရော့တစ်ယောက် နောင်တရနေမိသည်။ 


အစောပိုင်းက ပေးလိုက်သည့် ဂျင်ဆင်းပြားများနဲ့ သွေးတိတ်ဆေးမှာ အတော့်ကို တန်ဖိုးရှိနေခြင်းဖြစ်သည်။ 


နောက်တစ်ကြိမ် ယခုကဲ့သို့ ကြုံတွေ့ရသောအခါတွင် ဆုလာဘ်ကို ကြိုတောင်းရမည်ဟု ဝေရော့ တွေးထားလိုက်လေသည်။


ဝေရော့သည် ခြင်းတောင်းလေးကို လွယ်ကာ အိမ်သို့ လျှောက်လာခဲ့သည်။ 


ပုံမှန်ဆိုလျှင် တစ်နာရီကျော်သာလျှင် လမ်းလျှောက်ရမှာ ဖြစ်ပေမဲ့ လူနာကယ်ရင်း အားကုန်သွားသောကြောင့် သုံးနာရီလောက် ကြာသွားခြင်း ဖြစ်သည်။ 


နောက်ဆုံးတွင် သူမသည် ဆယ်နှစ်လုံးလုံး နေထိုင်ခဲ့သည့် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်လေးရှေ့ကို ရောက်လာပါတော့သည်။


-----------------------------------------------------------------------------------------------------------------------------------------