Chapter 8
Viewers 303

ထိုကဲ့သို့ တပ်မက်နေသည့် ခံစားချက်မျိုး ခဏတာ ဖြစ်ပေါ်သွားသော်လည်း သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါတွင်မူ ရှူကျစ်ယွီ၏ မျက်ဝန်းများမှာ သာမန်အတိုင်းပင် အေးချမ်းနေပြန်သည်။ အကယ်၍ မေတ္တာရိပ်တို့ လွှမ်းခြုံနေသည့် ထိုမျက်ဝန်းများကို 'သာမန်' ဟု ခေါ်ဆိုနိုင်မည်ဆိုလျှင်ပေါ့လေ။


စိတ်အနည်းငယ် ရှုပ်ထွေးသွားသဖြင့် ချီယွီရွှမ်းမှာ မျက်ခုံးနှစ်ခုကို အသာအယာ တွန့်ချိုးလိုက်မိသည်။ သူ့ရှေ့တွင် ရပ်နေသည့်လူမှာ အလွန်ယဉ်ကျေးသိမ်မွေ့ဟန်ရှိပြီး မေတ္တာရပ်ခံနေသည့် အကြည့်တို့မှာပင် အလွန်အရာဝင်လှသည်။ သို့သော် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ဤစစ်သမားတော်မှာ အလွန်ပင် ရန်လိုပြီး ထက်မြက်သူဖြစ်ကြောင်း သူ၏ အာရုံခံစားမှုက သတိပေးနေသည်။


"သောက်ပြီးပြီ"


ချီယွီရွှမ်းက ရှူကျစ်ယွီကို အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ ရှူကျစ်ယွီမှာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။


(ဒါက သူ ပြန်တော့လို့ မောင်းထုတ်လိုက်တာလား။ ဒါပေမဲ့ ရှူကျစ်ယွီဆိုတဲ့ ငါက ဒီလောက်နဲ့ လွယ်လွယ်နဲ့ ထွက်သွားပေးမယ့်လူမျိုး မဟုတ်ဘူး!!)


တစ်ဖက်လူက သူ့ကို မခွာတမ်း ငေးကြည့်နေသည်ကို မြင်သောအခါ ချီယွီရွှမ်းမှာ မျက်နှာကို အောက်သို့ ငုံ့လိုက်ရင်း ဆိုသည်။


"သမားတော်ရှူ..."


"ကျွန်တော့်ကို 'ကျစ်ယွီ' လို့ပဲ ခေါ်ပါ"


ရှူကျစ်ယွီက နူးညံ့စွာ ပြုံးလိုက်သည်။ "စစ်သူကြီး၊ အားမနာပါနဲ့။ ကျွန်တော့်အသက်ကို စစ်သူကြီးက ကယ်တင်ပေးခဲ့တာပါ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် စစ်သူကြီးအပေါ်ထားတဲ့ ကတိသစ္စာကို ပြသချင်ပါတယ်..."


"အဟွတ်၊ အဟွတ်..."


သူ့လက်ထဲတွင် ကိုင်ထားသည့် လက်ဖက်ရည်ခွက်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ တည်ငြိမ်လှသည့် ချီယွီရွှမ်းပင်လျှင် ရှူကျစ်ယွီ၏ ပွင့်လင်းလွန်းသော ဝန်ခံချက်ကြောင့် အံ့အားသင့်သွားရလေသည်။ သူသည် ရှူကျစ်ယွီ၏ မရှင်းမလင်းဖြစ်နေသော မေတ္တာကို ခုနလေးတင် ခံစားမိလိုက်သော်လည်း၊ တစ်ဖက်လူက ဤမျှ ရဲရဲဝံ့ဝံ့ ပြောဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 'ကတိသစ္စာ' ဟူသည်မှာ...


ချီယွီရွှမ်းမှာ ရုတ်တရက် ခေါင်းကိုက်လာရသည်။ သူ့အစီအစဉ်အရဆိုလျှင် သူ၏ဇနီးသည်မှာ နူးညံ့သိမ်မွေ့ပြီး နားလည်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်ရမည်။ အလွန်လှပနေဖို့ မလိုသော်လည်း နှစ်လိုဖွယ်ကောင်းရမည်။ သူ၏ရှေ့ရှိ သမားတော်ရှူမှာလည်း နူးညံ့သည်ဟု ဆိုနိုင်သော်လည်း သူသည် အမျိုးသားတစ်ဦးကို လက်ထပ်ရန် လုံးဝ မတွေးတောခဲ့ဖူးပေ။


လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် ချီယွီရွှမ်းက သူ၏နဖူးကို ပွတ်သပ်လိုက်သည်။ သူသည် အနောက်မြောက်ဘက်တွင် ရက်စက်ကြမ်းကြုတ်သူဟု နာမည်ကျော်ကြားခဲ့သူဖြစ်ရာ၊ ယခုကဲ့သို့ အချစ်ဝန်ခံစကားကို ကြားဖူးခြင်းမှာ ဘဝတွင် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။


"သမားတော်ရှူ..."


"ကျစ်ယွီ ပါ"


ရှူကျစ်ယွီမှာ ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်ပြီး စစ်သူကြီး၏ လက်ကို ဆုပ်ကိုင်လျက် နူးညံ့စွာ ပြောလိုက်သည်။ သို့သော် သူ၏ လေသံတွင် လျစ်လျူရှု၍ မရနိုင်သော ခိုင်မာမှုတို့ ပါဝင်နေသည်။ ရှူကျစ်ယွီ၏ ရဲရင့်သော လုပ်ဆောင်ချက်ကြောင့် ချီယွီရွှမ်းမှာ အနည်းငယ် တုန်လှုပ်သွားပြီး တစ်ဖက်လူ မသိမသာ ပြသနေသည့် အတင်းအကျပ် ဆက်ဆံလိုသော အရိပ်အယောင်ကို လျစ်လျူရှုလိုက်မိသည်။


သူသည် လက်ကို တိတ်တဆိတ် ရုပ်သိမ်းရန် ကြိုးစားသော်လည်း၊ တစ်ဖက်လူ၏ မျက်ရည်ဝဲတက်လာဟန်နှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုတို့ကြောင့် ချီယွီရွှမ်းမှာ ထိုနေရာတွင်ပင် တောင့်ခဲသွားရသည်။ သူသည် စစ်မြေပြင်တွင် မြင်းစီးတိုက်ခိုက်ရာ၌ အခက်အခဲ မရှိခဲ့သလို၊ ပြင်းထန်စွာ ဒဏ်ရာရရှိထားလျှင်ပင် မျက်မှောင်ပင် မတွန့်ခဲ့ဖူးသူဖြစ်သည်။ သို့သော် လှပသောသူတစ်ဦး၏ အချစ်ဝန်ခံမှုကို ငြင်းပယ်ခြင်းမှာမူ သူ့အတွက် အမှန်ပင် ခက်ခဲလှသော တာဝန်တစ်ခု ဖြစ်နေသည်။


ရှူကျစ်ယွီ၏ အချစ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်ကာ ချီယွီရွှမ်းမှာ အငိုက်မိလျက် မျက်လွှာချလိုက်သည်။ သူသည် လူတိုင်း သူ့ကို ကြောက်ရွံ့နေကျဖြစ်သည်ကို ကြာမြင့်စွာကတည်းက ကျင့်သားရနေသော်လည်း၊ ဤကဲ့သို့ နူးညံ့ယုယသော အကြည့်များကိုမူ သူ မငြင်းဆန်နိုင်ခဲ့ပေ။


"စစ်သူကြီး... ကျွန်တော် ခင်ဗျားကို 'ယွီရွှမ်း' လို့ ခေါ်လို့ရမလား"


ရှူကျစ်ယွီမှာ ငုံ့ကိုင်းလိုက်ပြီး သူ၏ နားနားသို့ ကပ်၍ ပြောလိုက်သည်။ သူ၏ လက်များမှာ ချီယွီရွှမ်း၏ လက်များကို တန်ဖိုးကြီးရတနာတစ်ပါးကဲ့သို့ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။


နွေးထွေးသော အသက်ရှူသံများက မျက်နှာပေါ်သို့ ကျရောက်လာသဖြင့် ချီယွီရွှမ်းမှာ အသက်ရှူပင် ရပ်တန့်သွားရသည်။ ရှူကျစ်ယွီမှာ သူ့နှင့် အလွန်နီးကပ်နေပြီး လုံခြုံသည့် အကွာအဝေးထက်ပင် ပိုမိုကျော်လွန်နေသည်။ ရှူကျစ်ယွီ၏ လမ်းလျှောက်ပုံကို ကြည့်ခြင်းအားဖြင့် သူသည် ကိုယ်ခံပညာတွင် အားနည်းပြီး သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ကြောင်း ချီယွီရွှမ်း သိရှိသော်လည်း၊ ဤမျှ နီးကပ်လွန်းခြင်းမှာမူ မဖြစ်သင့်သည့် ကိစ္စဖြစ်သည်။


ရှူကျစ်ယွီ၏ ထူထဲသော နှုတ်ခမ်းများမှ ထွက်ပေါ်လာသည့် နွေးထွေးမှုကိုပင် ချီယွီရွှမ်း ခံစားနေရသည်။


(ဤမျှ နီးကပ်လွန်းသော အကွာအဝေး...)


ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်ပြီး ချီယွီရွှမ်း၏ မျက်ဝန်းတို့မှာ အနည်းငယ် စုစည်းသွားသည်။ သူသည် ရှူကျစ်ယွီကို အနည်းငယ် ဒေါသဖြင့် ကြည့်၍ ပြောလိုက်သည်။


"သမားတော်ရှူ!"


(ဒုက္ခပဲ၊ အခွင့်အရေးရတုန်းလေး နမ်းလိုက်ရဖို့ နှမြောလိုက်တာ) ဟု တွေးတောရင်း ရှူကျစ်ယွီမှာ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် အကွာအဝေးကို ပြန်လည် တိုးချဲ့လိုက်သည်။


"ယွီရွှမ်းက ကျွန်တော့်ကို ဘာလို့ ခေါ်လိုက်တာလဲ"


တစ်ဖက်လူ၏ စကားကို အသာအယာ ပြန်လှည့်ပြောနိုင်သည့် စွမ်းရည်အပေါ် ဘာမှပြန်ပြောစရာ မရှိတော့ဘဲ ချီယွီရွှမ်းက အေးစက်စက် လေသံဖြင့်သာ ဆိုလိုက်သည်။


"မင်း ထွက်သွားဖို့ အချိန်တန်ပြီ"


ချီယွီရွှမ်း ဒေါသထွက်နေပြီဖြစ်ကြောင်း ရှူကျစ်ယွီ ခံစားမိသဖြင့် ဆက်လက်နေထိုင်ရန် မသင့်တော်တော့ပေ။ သူသည် ရှက်ရွံ့ဟန်ဆောင်ကာ နူးညံ့စွာ ပြောလိုက်သည်။


"ယွီရွှမ်း၊ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ပြန်ပြီး စဉ်းစားပေးပါဦးနော်"


တစ်ဖက်လူ၏ အရိပ်အယောင် ပျောက်ကွယ်သွားသည့်အခါ ချီယွီရွှမ်း၏ အေးစက်နေသော မျက်နှာမှာ ရုတ်တရက် အနည်းငယ် ပူနွေးသွားသည်။ ယခင်ကဲ့သို့ တင်းမာနေသော အမူအရာနှင့် ကွဲပြားစွာပင် ချီယွီရွှမ်း၏ မျက်ဝန်းတို့တွင် ရှုပ်ထွေးနေသော အကြည့်များ ပေါ်ပေါက်လာသည်။


ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း မိသားစုပတ်ဝန်းကျင်၏ သြဇာလွှမ်းမိုးမှုကြောင့် ချီယွီရွှမ်းသည် ငယ်စဉ်ကတည်းက အေးစက်ပြီး လေးနက်သော စရိုက်ကို ပိုင်ဆိုင်ခဲ့ရသည်။ သူသည် ပင်းရှီးစစ်သူကြီးဖြစ်လာပြီးနောက် ရန်သူများနှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရပြီး သွေးစွန်းလျက် ပြန်လာခဲ့ရသည်။ သွေးများဖြင့် ဖုံးလွှမ်းနေသော သူ၏ ကြောက်မက်ဖွယ်ကောင်းသည့် အသွင်အပြင်ကြောင့် သူ၏ ရက်စက်ကြမ်းကြုတ်သည့် နာမည်မှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။


ရန်သူများကို ခြိမ်းခြောက်ရန် ရည်ရွယ်ချက်ဖြင့် ချီယွီရွှမ်းမှာ မည်သည့်အချက်ကိုမျှ ရှင်းပြခြင်းမပြုဘဲ ထိုကဲ့သို့ ကောလာဟလများကို ပျံ့နှံ့ခွင့်ပေးခဲ့သည်။ ထိုအချက်မှာ သူ့ကို မရင်းနှီးသူများက ကြောက်ရွံ့ပြီး မသိစိတ်ကပင် ဝေးဝေးရှောင်ချင်လာအောင် ဖြစ်စေခဲ့သည်။


တစ်ချိန်က ဘုရင်မင်းမြတ်သည် မင်းသမီးတစ်ပါးကို သူ့အား လက်ထပ်ပေးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူ၏ သတင်းကို စုံစမ်းပြီးနောက် မင်းသမီးမှာ အလွန်ပင် ကြောက်ရွံ့သွားပြီး သူနှင့် လက်ထပ်ရမည်ထက် သေဆုံးခြင်းကိုသာ ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် သူက မင်းသမီးကို လက်မထပ်လိုကြောင်းနှင့် အမျိုးသားများကိုသာ နှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည့်အတွက် ဘုရင်မင်းမြတ်မှာ မင်းသမီးကို ကယ်တင်လိုက်သလို ဖြစ်သွားခဲ့သည်။


ထိုဖြစ်ရပ်မှစ၍ သူသည် အမျိုးသားများကို နှစ်သက်သည်ဟူသော သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းတွင် မည်သူမျှ သူ့ကို သမီးကမ်းလှမ်းရန် မကြိုးစားကြတော့ပေ။ တိတ်ဆိတ်စွာ သက်ပြင်းချရင်း ချီယွီရွှမ်းမှာ နူးညံ့သော ဇနီးသည်တစ်ဦးကို လိုချင်မိသော်လည်း၊ သူ့ကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသမီးများ၏ ကြောက်ရွံ့ရှောင်ဖယ်သွားသည့် အကြည့်များကိုမူ သူ ထပ်မံမမြင်ချင်တော့ပေ။




...