2
Viewers 106

အခန်း (၂) ပထမကမ္ဘာ


ဆုန်ကျူယောင်သည် နာကျင်လှသော အော်ဟစ်သံများကြားတွင် နိုးထလာခဲ့သည်။ စိတ်ပျက်အားငယ်မှု၊ ဒေါသနှင့် ကြေကွဲမှုစသည့် ပြင်းထန်ပြီး မှောင်မိုက်သော စိတ်ခံစားချက်များ သူမအား လွှမ်းခြုံထားကာ မျက်လုံးများ ပွင့်လာချိန်တွင် မျက်ရည်များ အဆက်မပြတ် စီးကျနေခဲ့သည်။ ဘာကိုမှ မစဉ်းစားနိုင်မီ သူမ အရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အသွားသည်။ သူမသည် ကျေးလက်တောရွာရှိ အိမ်ဟောင်းတစ်ခု၏ ကြမ်းပြင်ပေါ်တွင် ခေါင်းကိုက်ဝေဒနာနှင့်အတူ လဲလျောင်းနေခြင်း ဖြစ်သည်။ ခုတင်ပေါ်ရှိ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ အဝတ်အစားများကို ဆွဲခါနေပြီး ထိုအမျိုးသမီးသည်လည်း ငိုယိုအော်ဟစ်ရင်း အားအင်ချည့်နဲ့စွာ ရုန်းကန်နေရှာသည်။ အမျိုးသမီး၏ ငိုရှိုက်သံက ထိုအမျိုးသား၏ တိရစ္ဆာန်စိတ်ကို ပို၍ပင် လှုံ့ဆော်ပေးနေဟန်ရှိသည်။


အချိန်များ ခဏတာ ရပ်တန့်သွားသလို ခံစားရပြီး အသံအားလုံး တိတ်ဆိတ်သွားသည်။ သူမသည် သူမ၏ လက်ကလေးကို ဖြည်းညှင်းစွာ မြှောက်ကြည့်လိုက်ရာ ကြက်ခြေထောက်ကဲ့သို့ သေးသွယ်မည်းညစ်ပြီး ပိန်လှီနေသော လက်ကလေးတစ်ဖက်ကို မြင်လိုက်ရသည်။ သူမ ပြန်လည်မွေးဖွားလာခဲ့သည်၊ သူမ၏ ပထမဆုံးသော 'တရားစီရင်ရာနေ့ရက်များ' စမ်းသပ်မှုဆီသို့ ပြန်ရောက်လာခဲ့ခြင်းပင်။


'တရားစီရင်ရာနေ့ရက်များ' အစီအစဉ်သည် တစ်ရာသီလျှင် အနည်းဆုံး အပိုင်းရှစ်ပိုင်းရှိပြီး တိုက်ရိုက်ထုတ်လွှင့်မှု တစ်ပိုင်းစီသည် ရက်သတ္တပတ်ခန့် ကြာမြင့်တတ်ကာ အပိုင်းတိုင်းသည် စမ်းသပ်မှုအသစ်များ ဖြစ်သည်။ အပိုင်းတိုင်းသည် ဘဝတစ်ခုစီဖြစ်ပြီး တရားစီရင်ခံရသူများအတွက်မူ ဘဝတစ်ခုသည် ငရဲတစ်ခုနှင့် ဆင်တူပေသည်။ ပထမဆုံးအပိုင်း၏ ဘဝတွင် အစီအစဉ်အဖွဲ့သားများက သူမအတွက် ကျေးလက်နောက်ခံတစ်ခုကို စီစဉ်ပေးထားသည်။ သူမကို မြို့စွန်မြို့ဖျားရှိ တောရွာလေးတစ်ခုတွင် မွေးဖွားစေခဲ့သည်။ ဖခင်သည် လက်သမားတစ်ဦးဖြစ်ပြီး မိခင်မှာမူ လှပသော်လည်း အားနွဲ့ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ဘဲ သားသမီးကိုပင် မကာကွယ်နိုင်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ အသက်ဆယ်နှစ်အရွယ်တွင် ဖခင်ဖြစ်သူ မတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူ၌ အပြစ်ရှိခဲ့သဖြင့် မိသားစုပိုင်ငွေအားလုံး ဆုံးရှုံးကာ သားအမိနှစ်ယောက် အားကိုးရာမဲ့စွာ ဘဝပျက်ခဲ့ရသည်။


ယခုအချိန်သည် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးစဖြစ်ပြီး ရွာထဲမှ လူလေလူလွင့်တစ်ဦးက သူမ၏မိခင်အပေါ် ယုတ်မာရန် အိမ်ထဲသို့ အတင်းဝင်ရောက်လာချိန်ဖြစ်သည်။ လွန်ခဲ့သော ဘဝ၌ ဤအခြေအနေတွင် သူမ ဘာလုပ်ခဲ့သနည်း။ ထိုစဉ်က သူမသည် တွန်းထုတ်ခံရသဖြင့် သတိလစ်သွားရာမှ ပြန်နိုးလာပြီး ဤမြင်ကွင်းကို မြင်လျှင်မြင်ချင်း မိခင်ဖြစ်သူကို ကယ်တင်ရန် ပြေးဝင်သွားခဲ့သည်။ သို့သော် ပိန်လှီသော ဆယ်နှစ်သမီးအရွယ်သည် သန်မာသော အမျိုးသားတစ်ဦးကို မည်သို့ ခုခံနိုင်မည်နည်း။ ထို့ကြောင့် သူမသည် အပြင်းအထန် အတွန်းခံရပြီး ထောင့်ရှိ ကုလားထိုင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကုလားထိုင်ရှိ သံမှိုကြောင့် သူမ၏မျက်နှာပေါ်တွင် ရှည်လျားသော ဒဏ်ရာတစ်ခု ဖြစ်စေခဲ့ပြီး သွေးသံရဲရဲနှင့် မျက်နှာကို မြင်သောအခါမှ ထိုလူယုတ်မာ ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့သည်။ ထိုအမာရွတ်ကြီးသည် သူမနှင့်အတူ တစ်သက်လုံး ပါသွားခဲ့ပြီး သူတစ်ပါး၏ လှောင်ပြောင်မှုကို ခံရကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ လူတကာကို ခေါင်းမော့မကြည့်ရဲသည့် ဘဝသို့ ရောက်ရှိခဲ့ရသည်။


ဆုန်ကျူယောင်သည် ရှေ့မှ မြင်ကွင်းကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ ကြမ်းပြင်ပေါ်မှ ရုန်းထကာ အခန်းထဲမှ ထွက်လာခဲ့သည်။ သူမသည် မီးဖိုချောင်ထဲသို့ ဝင်ကာ နံရံရှိ စင်ပေါ်မှ အစူးရှဆုံး မီးဖိုချောင်ဓားတစ်လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် တံခါးဝတွင် ရပ်ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။

"ကယ်ကြပါဦး။ လူယုတ်မာတစ်ယောက်က သမီးအမေကို ဖျက်ဆီးဖို့ ကြိုးစားနေလို့ပါ။ ဘယ်သူရှိလဲ ကယ်ကြပါဦး!!!"


ထိုကလေးမလေး၏ စူးရှသောအသံကို ကြားလိုက်ရသည်နှင့် လူယုတ်မာသည် ခုတင်ပေါ်မှ ဝုန်းခနဲ ဆင်းလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒီကောင်မစုတ်ကတော့... ငါ့ကို လာစိန်ခေါ်နေတာလား..." 


သို့သော် ဓားကို တင်းတင်းဆုပ်ကိုင်ထားသော ကလေးမလေးကို မြင်လိုက်ရသောအခါ သူ၏အသံများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ဆုန်ကျူယောင်သည် အလွန်ပိန်လှီပြီး မျက်နှာတွင် အသားမရှိသလောက်ပင်။ ထိုပိန်လှီသော မျက်နှာပေါ်ရှိ ကြီးမားလှသော မျက်လုံးများသည် ကြောက်စရာကောင်းလှသည်။ အလင်းရောင်ကင်းမဲ့ပြီး မှင်ရည်ကဲ့သို့ နက်မှောင်နေသော ထိုမျက်လုံးများက သူ့ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ ထူးဆန်းသည်မှာ သူမ၏ မျက်နှာတွင် ထိုအရွယ်ကလေးများ၌ ရှိသင့်သော ကြောက်ရွံ့မှု အစအနမျှ မရှိခြင်းပင်။ လူယုတ်မာသည် သွေးများ အေးခဲသွားသလို ခံစားရပြီး သရဲတစ္ဆေနှင့် တိုးမိသကဲ့သို့ အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ တိတ်ဆိတ်သော ညအချိန်တွင် ထိုကလေးငယ်၏ ဤပုံစံသည် လူကြီးများထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။ သူ မည်မျှပင် ရမ္မက်ဇော ကြွနေပါစေ၊ ယခုအချိန်တွင် ကြောက်စိတ်များ လွှမ်းမိုးသွားသဖြင့် ပျာပျာသလဲ ထွက်ပြေးသွားတော့သည်။


"ယောင်... ယောင်ယောင်" တုန်ရီနေသော အသံလေးဖြင့် လျို့ယန်က ခေါ်လိုက်သည်။ လျို့ယန်သည် မျက်ရည်များကြားမှ သူမ၏ ကော်လာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆုန်ကျူယောင်ကို အနေခက်စွာ ကြည့်နေသည်။ ဆုန်ကျူယောင်က သူမကို ခံစားချက်ကင်းမဲ့စွာ လှည့်ကြည့်လိုက်သည်။


လျို့ယန်သည် တောက်ပသော ပင်ကိုအလှတရားဖြင့် မွေးဖွားလာသူဖြစ်ပြီး ကျေးလက်တောရွာက အမျိုးသမီးတစ်ဦးနှင့်ပင် မတူပေ။ သူမသည် မြို့ကြီးပြကြီးမှ အလိုလိုက်ခံထားရသည့် နုနယ်သော အမျိုးသမီးတစ်ဦးနှင့် ပို၍ ဆင်တူသည်။ ဖြူဖျော့သော အသားအရေရှိပြီး လက်ဖဝါးများသည်လည်း အပူအပင် မရှိခဲ့သဖြင့် နူးညံ့နေသည်။ သူမ၏ လက်ကောက်ဝတ်တွင် ကျောက်စိမ်းလက်ကောက်တစ်စုံ ဝတ်ဆင်ထားသည်။ ထိုလက်ကောက်များသည် အလွန်တန်ဖိုးမကြီးလှသော်လည်း ရွာရှိ အမျိုးသမီးများ ငြူစူအားကျစေရန် လုံလောက်ပေသည်။ သူမ၏ လည်တိုင်သွယ်သွယ်တွင်လည်း ကျောက်စိမ်းလုံးလေးများပါသော ဆွဲကြိုးတစ်ကုံး ဆင်မြန်းထားသေးသည်။ သူမတွင် ကလေးတစ်ယောက်အမေနှင့် မတူဘဲ ပျိုမြစ်နုနယ်သော အရှိန်အဝါများ တည်ရှိနေဆဲပင်။


ဆုန်ကျူယောင်၏ အကြည့်အောက်တွင် လျို့ယန်က တွန့်ဆုတ်သွားပြီး ထပ်အော်ခေါ်လိုက်သည်။

"ယောင်ယောင်... အမေ့ကို အဲဒီလိုကြီး ကြည့်ပြီး မခြောက်ပါနဲ့..."


ဆုန်ကျူယောင်သည် သူမ၏ အတွေးများထဲမှ ရုန်းထွက်ပြီး လျို့ယန်ကို ကြည့်ကာ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

'သူ့ကို ကြည့်ရတာ ကျပ်မပြည့်တဲ့လူလိုပဲ"


"ထပြီး အိမ်ကို သန့်ရှင်းရေးလုပ်ဦး" ဆုန်ကျူယောင်က အမိန့်ပေးသလို ပြောလိုက်သည်။


လျို့ယန်သည် အိမ်ထောင်ကျပြီးကတည်းက မည်သည့်အိမ်မှုကိစ္စကိုမျှ မလုပ်ခဲ့ဖူးချေ။ ယခုအခါ သမီးဖြစ်သူ၏ ခိုင်းစေမှုကို ခံရသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း မငြင်းရဲဘဲ အထိတ်တလန့် ခေါင်းညိတ်ပြရှာသည်။ ဆုန်ကျူယောင်သည် ဓားကိုကိုင်ကာ အပြင်သို့ ထွက်လာပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ရေချိုးခန်းရှိ မှန်ထဲတွင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ သူမသည် အာဟာရချို့တဲ့နေပြီး ဝါကျင်ကျင် ဆံပင်ရှည်များကိုလည်း ရှုပ်ပွစွာ စည်းနှောင်ထားသဖြင့် ဆင်းရဲမွဲတေသော ဒေသမှ ကလေးတစ်ဦးနှင့် ဆင်တူလှသည်။


'တရားစီရင်ရာနေ့ရက်များ' အစီအစဉ်အဖွဲ့သားများသည် သူမကို သာယာသောဘဝမျိုး ပေးကြမည်မဟုတ်ပေ။ သူမ၏ မိသားစုဝင်များသည်လည်း သူမကို ညှဉ်းပန်းနှိပ်စက်ရန်အတွက်သာ တည်ရှိနေသော လူယုတ်မာများ ဖြစ်ကြသည်။ သူမ၏ ဖခင်သည် လျို့ယန်ကို အစွဲအလမ်းကြီးစွာ ချစ်မြတ်နိုးပြီး ရတနာတစ်ခုလို ထားခဲ့သော်လည်း ကိုယ့်သမီးအရင်းကိုမူ ကျွန်တစ်ယောက်လို ဆက်ဆံခဲ့သည်။ သူမ မှတ်မိသည့် အချိန်ကတည်းက အိမ်မှုကိစ္စမှန်သမျှ သူမသာ လုပ်ခဲ့ရသည်။ မိသားစု၏ ငွေကြေးအခြေအနေသည် ရွာတွင် အသင့်အတင့် ကောင်းမွန်သော်လည်း သူမသည် အဆင်းရဲဆုံးအိမ်မှ ကလေးတစ်ဦးကဲ့သို့ ပိန်ချုံးမည်းညစ်ပြီး အာဟာရချို့တဲ့နေခဲ့သည်။ ဖခင်ကွယ်လွန်ပြီးနောက် သူမသည် မိသားစုကို တာဝန်ယူကာ မိခင်ကို စောင့်ရှောက်ခဲ့ရပြီး ယခုကဲ့သို့သော အခြေအနေမျိုးတွင် မိခင်အတွက်နှင့် သူမ၏မျက်နှာကိုပင် အပျက်စီးခံခဲ့ရသည်။ သို့သော် သူမတွင် ရွေးချယ်စရာ မရှိခဲ့ပေ။ ဖခင်ဖြစ်သူ၏ ဆယ်နှစ်ကြာ ဦးနှောက်ဆေးမှုကြောင့်လည်းကောင်း၊ မိခင်အပေါ်ထားသည့် သဘာဝအလျောက် ချစ်စိတ်ကြောင့်လည်းကောင်း မိခင်ကို ပစ်မထားနိုင်ခဲ့ပေ။


လျို့ယန်သည် ငိုယိုရုံမှလွဲ၍ ဘာမှမတတ်စွမ်းနိုင်သူဖြစ်သဖြင့် ဆုန်ကျူယောင်ကသာ အရာအားလုံးကို တာဝန်ယူကာ အကာအကွယ်ပေးခဲ့ရသည့်အပြင် မိခင်ဖြစ်သူ၏ မျက်ရည်များကြားတွင် နေ့စဉ်နေ့တိုင်း ရှင်သန်ခဲ့ရသည်။ သူမသည် ထိုဘဝကို စဉ်းစားမိတိုင်း အလွန်ပင်ပန်းပြီး ဒေါသထွက်မိသည်။ နောက်နှစ်အနည်းငယ်အကြာတွင် မိခင်ဖြစ်သူသည် သူဌေးကြီးတစ်ဦး၏ အငယ်အနှောင်းဖြစ်လာခဲ့သည်။ ဆုန်ကျူယောင်သည် အငယ်အနှောင်း၏ သမီးဖြစ်ရခြင်းကို ဂရုမစိုက်ခဲ့ပေ။ သူမ ကျောင်းမနေခဲ့ရသည်မှာ ကြာပြီဖြစ်သလို ကိုယ်ကျင့်တရားကိုလည်း မည်သူကမှ မသင်ပေးခဲ့ကြချေ။ သူမသည် စိတ်မသက်သာစရာကောင်းသော ထိုမြို့လေးမှ ထွက်ခွာခွင့်ရပြီး အစားအသောက်ကောင်းကောင်း၊ အဝတ်အစားလှလှနှင့် သန့်ရှင်းသော အိမ်တွင် နေထိုင်ခွင့်ရမည့်အပြင် ကျောင်းပြန်တက်ခွင့်ရမည့်အရေးကိုသာ သူမ ဂရုစိုက်ခဲ့သည်။


သို့သော်လည်း အစီအစဉ်အဖွဲ့သားများက သူမကို ပျော်ရွှင်ခွင့် မပေးခဲ့ပေ။ ထိုခဏတာ ပျော်ရွှင်မှုသည် ပိုမိုနက်ရှိုင်းသော ဆင်းရဲဒုက္ခတွင်းထဲသို့ သူမကို တွန်းချရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ ဆုန်ကျူယောင် ကျောင်းတက်သောအခါ ထိုသူဌေးကြီး၏ ဇနီးကြီးသည် ၎င်းတို့သားအမိ​၏ ဖြစ်တည်မှုကို သိသွားခဲ့ပြီး သူမ၏ ကလေးနှစ်ယောက်သည်လည်း ထိုကျောင်းတွင် တက်နေသည်။ ထိုအချိန်မှစ၍ သူမသည် ကျောင်းတွင်း အနိုင်ကျင့်မှုများကို နေ့စဉ်နှင့်အမျှ ခံစားခဲ့ရပြီး ငရဲခန်းသို့ ရောက်ခဲ့ရသည်။ သူမသည် အနိုင်ကျင့်ခံရခြင်းမှ လွတ်မြောက်ရန် လူပြက်တစ်ယောက်ကဲ့သို့ ဖားယားနေခဲ့သော်လည်း ကံကြမ္မာဆိုးမှ မလွတ်မြောက်ခဲ့ပေ။ နောက်ဆုံးတွင် သူမ နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့သော မိခင်ဖြစ်သူကပင် သူဌေးကြီး၏ ငြိုငြင်မှုကို ကြောက်ရွံ့သဖြင့် သူမကို စွန့်ပစ်သွားခဲ့သည်။ 


ကျောင်းပြီးသောအခါ ဆုန်ကျူယောင်သည် စိတ်မနှံ့သော အရူးတစ်ယောက်ဖြစ်လာပြီး သူမကို အနိုင်ကျင့်ခဲ့သူများကို ပြန်လည်ကလဲ့စားချေခဲ့သည်။ ထိုအခါ ပရိသတ်များက သူမသည် မွေးရာပါ ယုတ်မာသူ၊ မျိုးရိုးမကောင်းသူဟု ဝိုင်းဝန်းအော်ဟစ်ခဲ့ကြသည်။ နောက်ဆုံးတွင် စိတ်မနှံ့သော လူသတ်သမားတစ်ဦး၏ လက်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရကာ သေဆုံးခြင်းဖြင့် ပထမဆုံး စမ်းသပ်မှု ပြီးဆုံးသွားခဲ့ကာ ပရိသတ်များ၏ အောင်ပွဲခံသံများ ထွက်ပေါ်လာခဲ့သည်။


ဒါတွေက ငါ့ အပြစ်တဲ့လား။ 


မဆုတ်မနစ်သော မကောင်းမှုများကြားတွင် သူမသည် ကြင်နာမှုကို မထိန်းသိမ်းနိုင်ခဲ့ဘဲ ကျရှုံးခဲ့ရသည်၊ နာကျင်မှုများကြားတွင် သူမက အပြုံးမပျက် နေထိုင်ခဲ့သင့်သလော။ စော်ကားခံရချိန်တွင် ပြန်လည်မုန်းတီးမိခြင်း၊ မစင်များကို အတင်းအဓမ္မ ကျွေးခံရချိန်တွင် ပြုံးပြီး ကျေးဇူးမတင်မိခြင်းတို့ကြောင့် သူမသည် ထိုသို့ သေဆုံးရန် ထိုက်တန်ခဲ့လေသလော။ ဆုန်ကျူယောင်သည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မျက်ရည်များ စီးကျလာသည်။ သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ တောက်လောင်နေသည်။ သူမသည် မျက်ရည်များကို သုတ်၊ မျက်နှာနှင့် လက်ကို ဆေးကြောပြီးနောက် မီးဖိုချောင်သို့ ဝင်ကာ ကြက်ဥနှင့် အသားအချို့ ထုတ်ယူ၍ ခေါက်ဆွဲတစ်ပွဲ ချက်ပြုတ်ကာ အငန်းမရ စားသောက်လိုက်သည်။


ယခုအချိန်တွင် မိသားစုသည် အလွန်ဆင်းရဲနေပြီး စုဆောင်းထားသော ငွေများ ကုန်လုနီးပါးဖြစ်နေသည်။ သူမ၏ မိခင်သည် ဖခင်၏ အလိုလိုက်မှုကြောင့် ငွေကို လက်ဖွာစွာ သုံးစွဲတတ်သည်။ ယခင် ဘဝတုန်းကမူ ဆုန်ကျူယောင်သည် သူမကိုယ်တိုင် မစားသောက်ဘဲ မိခင်ဖြစ်သူအတွက်သာ ချန်ထားပေးခဲ့သည်။ သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်သည်။


"ဂရုစိုက်မနေတော့ဘူး၊ အမေ့ကိုလည်း မေ့လိုက်တော့မယ်" သူမ တွေးလိုက်သည်။

"သူ့ကို ထပ်ပြီး အလိုမလိုက်နိုင်တော့ဘူး!"


အစားအသောက်ကြောင့် ဗိုက်ထဲတွင် နွေးထွေးတင်းတိမ်သွားသော ခံစားချက်သည် အလွန်ကောင်းလှသည်။ သူမ စားသောက်ပြီးသောအခါ လျို့ယန် ရောက်လာပြီး ခေါက်ဆွဲပန်းကန်ကို တပ်မက်စွာ ကြည့်နေသည်။

"ယောင်ယောင်... အမေ အိမ်သန့်ရှင်းရေး လုပ်ပြီးပြီ" 


ဆုန်ကျူယောင်က "အင်း" ဟုသာ တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။


"ယောင်ယောင်... အမေလည်း ဗိုက်ဆာတယ်" လျို့ယန်က ဆိုသည်။


"ဗိုက်ဆာရင် သွားချက်စားလေ။ သမီး အိပ်တော့မယ် အမေ" သူမက လျို့ယန်ကို ဂရုမစိုက်ဘဲ အခန်းထဲမှ ထွက်လာခဲ့သည်။ ဟင်းမချက်တတ်ရုံနှင့် ငတ်သေသွားမည့်သူ ရှိသည်ဟု သူမ မယုံကြည်ပေ။ အရေးကြုံလာလျှင် လူသားများသည် မြက်ကိုပင် စားသောက်ပြီး ရှင်သန်တတ်ကြသည် မဟုတ်လေသလော။


ဆုန်ကျူယောင်သည် အခန်းထဲသို့ ပြန်ဝင်လာသည်။ လျို့ယန်သည် သန့်ရှင်းရေးကို သေချာမလုပ်ဆောင်ခဲ့ပေ၊ ကနဦး အမျိုးသား၏ ဆီးများသည်လည်း ကြမ်းပြင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး ပစ္စည်းများမှာလည်း ဟိုတစ်ပုံ ဒီတစ်ပုံနှင့် ဖြစ်နေသည်။ ဤအခန်းမှာ သူမအခန်း မဟုတ်သဖြင့် သူမ ဂရုမစိုက်တော့ပေ။ ဆုန်ကျူယောင်သည် မျက်နှာသစ်ပြီး လျို့ယန်၏ မှန်တင်ခုံပေါ်မှ မျက်နှာလိမ်းခရင်မ်ဘူးကို ယူလိုက်သည်။ သူမ၏ ကြမ်းတမ်းသော လက်ချောင်းလေးများဖြင့် ခရင်မ်ကို မျက်နှာပေါ်တွင် အသာအယာ နှံ့စပ်အောင် လိမ်းကျံလိုက်သည်။ ဤလောကသည် အတုအယောင် ကမ္ဘာတစ်ခုသာ ဖြစ်သဖြင့် ကလေးနှင့် သင့်တော်မတော်ကို သူမ ဂရုမစိုက်ပေ။ ဈေးကြီးလျှင် ထိရောက်မည်ဟုသာ သူမ ယူဆထားသည်။ လျို့ယန်၏ အလှကုန်များသည် ဈေးကြီးသော တံဆိပ်များဖြစ်သည်။


ပထမဆုံး စမ်းသပ်မှုသည် သူမ အသက် ၁၈ နှစ် ပြည့်မှ စတင်မည်ဖြစ်ကြောင်း သူမ မှတ်မိနေသည်။ သူမသည် သရုပ်ဆောင်များထက် တစ်နာရီစောပြီး ဝင်လာခဲ့ခြင်းဖြစ်သော်လည်း ဤကမ္ဘာ၏ အချိန်စီးဆင်းမှုသည် အလွန်မြန်ဆန်သဖြင့် အပြင်လောကမှ လူများ မမြင်နိုင်မီမှာပင် သူမသည် အသက် ၁၈ နှစ်သို့ ရောက်ရှိနေမည်ဖြစ်သည်။ သူမကို ဒုက္ခပေးရန် ရွေးချယ်ခံထားရသော သရုပ်ဆောင်များသည်လည်း ထိုအချိန်ကျမှသာ ဝင်လာကြပေလိမ့်မည်။ အပြင်လောက၏ တစ်နာရီသည် ဤကမ္ဘာ၏ ၁၈ နှစ်နှင့် ညီမျှသည်။ ထိုမျှ မြန်ဆန်သော အချိန်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှကို အပြင်လောကရှိ လူများ မသိနိုင်သကဲ့သို့ သူမအတွက်လည်း ၁၈ နှစ်မတိုင်မီအထိ ဘေးကင်းနေမည်ဖြစ်သည်။ ယခု သူမတွင် တိုက်ပွဲအတွက် ပြင်ဆင်ရန် ၈ နှစ် အချိန်ရှိနေသေးသည်။