အခန်း ၃၇ မကျေနပ်မှုများ ( အပိုင်း ၁)
အပန်းဖြေအိမ်ရှိ ရေပူစမ်းကန်က ထူးခြားသော ဗိသုကာလက်ရာ ရှိပြီး ရေကူးကန်က အလွန်ကျယ်သော်လည်း အလယ်တွင် ဖောက်ထွင်းမြင်ရသော ပိုးသားကန့်လန့်ကာဖြင့် ပိုင်းခြားထားသည်။ ထို့ကြောင့် ရေနွေးငွေ့များကြားမှ မြင်ကွင်းကို မှုန်ဝါးဝါးနှင့် စိတ်ကူးယဉ်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
လဲ့ကျစ်က သွေးစွန်းပြီး ရွှဲရွှဲစိုနေသော အဝတ်အစားများကို ချွတ်ပစ်ကာ ပူနွေးသည့် စမ်းရေကန်ထဲသို့ ဆင်းလိုက်သည်။ ရေနွေးနွေးထဲတွင် ခန္ဓာကိုယ်တစ်ဝက်ကို နစ်မြုပ်ထားရင်းမှ သူမ၏ အာရုံများ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာရန် အချိန်အတော်ယူခဲ့ရသည်။ ဟော်တူ ခုနက မေးခဲ့သည့် "ဖြတ်လမ်းကို သုံးချင်လား" ဆိုသည့် စကားကိုလည်း သူမ ပြန်တွေးနေမိသည်။ ထိုစဉ်က သူ၏ လေသံတွင် သူမကို တုန်လှုပ်ချောက်ချားစေခဲ့သည့် အရိပ်အယောင်များ ရှိနေပြီး ဘာမှ ပြန်မတုံ့ပြန်နိုင်လောက်အောင်ပင် ဆွဲဆောင်မှုလည်း ရှိနေခဲ့သည်။
သူမ “အင်း”ဟု ပြန်ဖြေပြီးနောက် ဟော်တူက သူမကို ဤနေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ထိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်မှုကြောင့် ဟော်တူ၏အဝတ်အစားများလည်း စိုစွတ်သွားခဲ့သည်။ သူ၏ ခြေထောက်ဒဏ်ရာကြောင့် အဝတ်လဲလျှင် အဆင်မပြေမည်အား စိုးရိမ်သဖြင့် သူမ ကူညီရန် ကြိုးစားခဲ့သော်လည်း သူမ၏ လက်ချောင်းများဖြင့် သူ့ခါးပတ်ကို ထိလိုက်သည်နှင့် သူက သူမ၏လက်ကို လှမ်းတားခဲ့သည်။ ထို့နောက် သူမ၏ ပုခုံးကို အသာတွန်းကာ ကန့်လန့်ကာ၏ အခြားတစ်ဖက်ဖြစ်သော ဤအတွင်းဘက်ခြမ်းထဲသို့ ပို့ဆောင်လိုက်ခြင်းပင်။
ကန့်လန့်ကာတစ်ဖက်မှ ဟော်တူ အဝတ်အစားချွတ်နေသည့်အသံကို လဲ့ကျစ် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူထံတွင် အခြားသူများကို အဝတ်အစားလဲပေးရန် ခွင့်ပြုလေ့မရှိသည့် အလေ့အထရှိကြောင်း သူမ သတိပြုမိသွားခဲ့သည်။
‘ဘာလို့လဲ...’
ခဏအကြာတွင် ရေလှိုင်းခပ်သံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက် ရေကန်ကြီးလည်း ပြန်လည်ငြိမ်သက်သွားသည်။ ပိုးကန့်လန့်ကာ တစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော သူတို့နှစ်ဦးလုံး ဘာစကားမျှ မပြောမိကြပေ။
သို့သော် အပြင်ဘက်တွင်တော့ မုန်တိုင်းက သည်းထန်နေဆဲပင်။ မိုးစက်များ ပြတင်းပေါက်ကို ရိုက်ခတ်နေသံက ကြောက်မက်ဖွယ်ကောင်းလှသည်။ ယခုန လူသတ်ရဲခဲ့သည့် သူမ၏ သတ္တိများကလည်း အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအလောင်းငါးလောင်းက ဤရေပူစမ်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည်ဟု တွေးမိတိုင်း လဲ့ကျစ်၏ နှလုံးခုန်သံများ ပြင်းထန်လာပြန်သည်။
ထိုစဉ် ပြတင်းပေါက်မှ ဖြတ်သွားသော အမှောင်ရိပ်တစ်ခုနှင့်အတူ အခန်းတွင်းရှိ ဖယောင်းတိုင်မီးများကလည်း ဝေ့ယမ်းလှုပ်ရှားသွားသည်။
‘သရဲတစ္ဆေတွေက သူတို့ရဲ့ အသက်ကို လာပြန်တောင်းနေတာ ဖြစ်နိုင်လား’
ပူနွေးသည့် ရေကန်ထဲမှာပင် အအေးဓာတ်က သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံလာပြီး အရိုးထိအောင်အေးစက်နေသည့် အအေးဓာတ်ကို သူမ မဖယ်ရှားနိုင်တော့ပေ။
လဲ့ကျစ်က မသိစိတ်ဖြင့် ပိုးကန့်လန့်ကာ အနားသို့ တိုးကပ်သွားမိသော်လည်း၊ ကန့်လန့်ကာကို တွန်းဖယ်ရန် လက်တွန့်နေမိသည်။
‘ဟော်တူက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ’
သို့သော် ကြောက်စိတ်က ပိုမိုကြီးစိုးလာသဖြင့် လဲ့ကျစ်က သူမ၏ လက်ကလေးကို မြှောက်လိုက် ချလိုက်နှင့် ချီတုံချတုံ ဖြစ်နေရှာသည်။
ကန့်လန့်ကာ၏ အခြားတစ်ဖက်တွင် ကျောက်နံရံကို မှီထားသော ဟော်တူက လဲ့ကျစ်၏ ရုန်းကန်နေရသော ပုံရိပ်ကို ပိုးသားစမှ တစ်ဆင့် အစအဆုံး ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူက အေးဆေးတည်ငြိမ်သော လေသံဖြင့် လှမ်းပြောလိုက်သည်။
“ဒီကိုလာ”
ထိုစကားကို ကြားသည်နှင့် လဲ့ကျစ်က ထိတ်လန့်တကြားဖြစ်နေသော မျက်နှာလေးဖြင့် ကန့်လန့်ကာကို အမြန်ဖွင့်လိုက်သည်။ သူမက ဟော်တူရှိရာသို့ တတ်နိုင်သမျှ မြန်မြန်လျှောက်သွားလိုက်ပြီး ရေထဲတွင် ရှိနေသော သူ့လက်ကို ရှာဖွေကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
ဟော်တူ၏လက်ကို ကိုင်လိုက်ရသည်နှင့် သူမ၏ ခန္ဓာကိုယ်အတွင်း အေးခဲနေသော သွေးများ ပြန်လည်နွေးထွေးလာသလို သူမ ခံစားလိုက်ရပြီး ကြောက်ရွံ့မှုများလည်း ငြိမ်သက်သွားသည်။ သူမက အနီးကပ်ရှိနေသော ဟော်တူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းများကို မော့ကြည့်လိုက်ပြန်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းအစုံထဲတွင် သူမ၏ ဖြူဖျော့သော မျက်နှာလေးအား အထင်အသား ရိုက်နှိပ်ထားသည်။
သူမ၏ အသွင်အပြင်ကို ပြန်မြင်ရပြီးနောက် လဲ့ကျစ်၏ နှလုံးသားက တဖြည်းဖြည်း တုန်လှုပ်သွားခဲ့သည်။ သူမအား ယခုကဲ့သို့ စိတ်သက်သာရာ ရစေသည့် အရင်းအမြစ်က ဤလူသား ဖြစ်နေသည်ကို သူမ သဘောပေါက်သွားပြီး သူမ ဆုပ်ကိုင်ထားသော ထိုလက်ကို ပြန်လွှတ်ချင်သော်လည်း အမှန်တကယ်တွင် လုံးဝ လက်မလွှတ်နိုင် ဖြစ်နေခဲ့သည်။
အမှန်တကယ်တွင် လဲ့ကျစ် အစွမ်းကုန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သောကြောင့် သူမ၏မျက်လုံးအစုံကို မှိတ်ထားလိုက်မိသည်။ ယနေ့ည၏ အစီအစဉ်အောင်မြင်ရန်အတွက် သူမ ရက်ပေါင်းများစွာတိုင်အောင် နာရီတိုင်း၊ မိနစ်တိုင်းအတွက် အသေးစိတ် တွက်ချက်ခဲ့ရသည်။ ယခုမူ လူရော စိတ်ပါ လောင်မြိုက်ကုန်ဆုံးသွားသလို ခံစားနေရပြီး ဘေးနားရှိ ဟော်တူ၏လက်ကိုသာ တစ်ခုတည်းသော အားကိုးရာ ရေမျောကမ်းတင်သစ်သားသဖွယ် တင်းတင်းဆုပ်ကိုင်ရင်း အသက်ရှူရန် ကြိုးစားနေမိသည်။
ရေပူစမ်းမှ ထွက်ပေါ်လာသော ရေခိုးရေငွေ့ဖြူဖြူများက လူနှစ်ဦး၏ အသက်ရှူသံများနှင့်အတူ ရောထွေးနေသည်။ ဟော်တူကလည်း ဘေးနားရှိ မိန်းကလေးကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေမိသည်။ ယနေ့ညတွင် မြင်တွေ့ခဲ့ရသော သူမ၏ အမူအရာတိုင်းက သူ၏စိတ်ထဲတွင် ထင်ဟပ်နေခဲ့သည်။
တည်ငြိမ်ခြင်း၊ ရဲရင့်ခြင်း၊ ရှက်ရွံ့ခြင်း၊ ထိခိုက်လွယ်ခြင်း၊ ကြောက်ရွံ့တတ်ခြင်း၊ အားကိုးတကြီးနှင့် ရုန်းကန်ခြင်းများပင်....
မူလက သူ သူမ၏ လူသတ်နေသည့်ပုံသဏ္ဍာန်ကို ကြည့်ချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏စာကြောင့် နောက်ကျခဲ့ရသည်။ သူ ရေပူစမ်းအပန်းဖြေအိမ်သို့ အပြေးအလွှား လာနေချိန်တွင် သူ မည်မျှ စိတ်မရှည်ဖြစ်နေသည်ကို တစ္ဆေများသာ သိပေလိမ့်မည်။ အန်းရွှယ်က လူလွှတ်၍ စောင့်ကြည့်ခိုင်းထားသော်လည်း သူမ၏စာထဲတွင် ရေးထားသကဲ့သို့ 'လောကကြီးတွင် ပြည့်စုံသော အစီအစဉ်မျိုး မရှိနိုင်' ဟူသော စကားက သူ့ကို စိုးရိမ်စေခဲ့သည်။
သို့သော်လည်း သူလျှိုက သတင်းပို့ရန် ရောက်လာခဲ့ပြီး တုန်တုန်ယင်ယင် ဖြစ်နေကာ ထိုက်ဇီဖေး၏အဆိပ်က အပန်းဖြေအိမ်တစ်ခုလုံးသို့ ပျံ့နှံနေပြီး ထိုအဆိပ်ကြောင့် သူလည်း အဆိပ်သင့်လုနီးပါးဖြစ်ခဲ့ရသည်ဟု သတင်းပြန်ပို့ခဲ့သည်။ ရာနှင့်ချီသော အဆိပ်များကို ကုသနိုင်သော သူ ပေးထားခဲ့သည့် ဆေးများကြောင့်သာ မဟုတ်လျှင် သူ့လူများလည်း ရန်ဟမ့်၏ လျှို့ဝှက်သက်တော်စောင့်များကဲ့သို့ အဆိပ်သင့်ပြီး သေဆုံးသွားကြပေလိမ့်မည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူ၏ရင်ထဲ၌ မဖော်ပြနိုင်သော ရွှင်လန်းမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
သူမက သူမ၏ ပထမဆုံးသော တိုက်ပွဲကို အလွန်လှပစွာ ဆင်နွှဲနိုင်ခဲ့သည်။ အကြောင်းရင်းကို သူကိုယ်တိုင် မသိနိုင်သော်လည်း သူမ၏အောင်မြင်မှုအတွက် သူက သူမထက် ပို၍ ဝမ်းသာနေမိပုံရသည်။ သို့သော် သူမ၏ ရဲရင့်သော အမူအရာကို ကိုယ်တိုင် မမြင်လိုက်ရခြင်းအား နောင်တရနေမိသောကြောင့် ဟော်တူက အမြန်ဆုံး ဝင်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သူ မျှော်လင့်ထားသကဲ့သို့ ပျော်ရွှင်နေသော လဲ့ကျစ်ကို မတွေ့ခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် မိုးသက်မုန်တိုင်းကြားတွင် အားနည်းသောအသွင်အပြင်လေးကိုသာ သူ မြင်လိုက်ရပြီး သူမ၏မျက်နှာက အပေါ်သို့ ကောင်းကင်သို့ မော့နေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။
ထိုအချိန်မှာသာ ဟော်တူလည်း လဲ့ကျစ်က အသက် ဆယ့်ခြောက်နှစ်သာရှိသေးပြီး ချင်ယုကဲ့သို့ အပူအပင်ကင်းစွာ နေသင့်သူဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော် သူမက အလွန် သည်းခံနိုင်စွမ်း ရှိခဲ့သည်။ သူမက ဤညအတွက် များစွာသော ဒဏ်ရာများနှင့် နာကျင်မှုများကို ရင်းနှီးကာ အချိန်အတော်ကြာအောင် စနစ်တကျ ပြင်ဆင်ထားခဲ့မှန်း သိသာနေသည်။
ဟော်တူက မျက်လုံးများကို မှိတ်ထားပြီး သူ တစ်စုံတစ်ဦးကို ပထမဆုံး သတ်ခဲ့စဉ်က ခံစားချက်ကို ပြန်လည်အမှတ်ရရန် ကြိုးစားကြည့်သည်။ သို့သော် အချိန်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် သူ မမှတ်မိတော့ပေ။ သူ ရှေ့သို့ ဆက်မတိုးဝံ့ဘဲ ခဏမျှ ရပ်နေခဲ့မိသည်။ အကြောင်းမှာ လဲ့ကျစ်ကို ဤကဲ့သို့သော အခြေအနေမျိုးသို့ တွန်းပို့ခဲ့သူမှာ မိမိတို့၏ ဟော်မျိုးနွယ်စုဝင်များ ဖြစ်ကြောင်း သူ ကောင်းစွာ သိနေသောကြောင့်ပင်။
‘ဟော်ချန်ယွင်၊ ဟော်ရှ... အဲ့ဒီအပြစ်တွေကို တာ့ချီရဲ့ ဟော်မျိုးနွယ်က ဖန်တီးခဲ့တာပါ’
ဟော်မျိုးနွယ်စုရဲ့ မကောင်းတဲ့ လုပ်ရပ်တွေက ဒီအရာတွေထက် အများကြီး သာလွန်နေခဲ့တာ မဟုတ်ဘူးလား’
ဟော်တူက ချီတိုင်းပြည်၏ ဟော်မျိုးနွယ်စုမှ ထိုက်ဇီဖြစ်နေရခြင်းမှာ မည်မျှမုန်းတီးစရာကောင်းသည်ကို ကောင်းစွာ သိထားပြီး ဖြစ်သည်။ သူက လိုရာမရောက်သော လမ်းတစ်ခုပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ လျှောက်လှမ်းနေခဲ့ရသူ ဖြစ်သည်။
သို့သော် သူက သူ လျှောက်ချင်သော လမ်းကို စောစီးစွာ ဆုံးဖြတ်ထားခဲ့ပြီး လောကရှိ အရာအားလုံးကို ဂရုမစိုက်ဘဲ နှလုံးသားမဲ့စွာ စောင့်ကြည့်နိုင်ခဲ့သည်။ မည်သူမဆို နာကျင်မှုကို ရင်ဆိုင်ရင်း အချို့အရာများကို စွန့်လွှတ်ရစမြဲ ဖြစ်ပြီး သူကိုယ်တိုင်လည်း မိမိကိုယ်မိမိ စစ်တုရင်အရုပ်တစ်ခုကဲ့သို့သာ သတ်မှတ်ထားခဲ့သည်။
သို့သော်လည်း ယခုအခိုက်အတန့်တွင် သူ့၏သေဆုံးနေသော နှလုံးသားက ပြန်လည်နိုးကြားလာသလို ခံစားလိုက်ရပြီး အပြင်းအထန် ပေါက်ကွဲထွက်လာခဲ့သည်။ ခြေထောက်ကျိုးသွားပြီးနောက် ဆယ်နှစ်ကျော်ကြာမှ ဘဝ၏ နာကျင်ကိုက်ခဲမှုကို သူ ထပ်မံခံစားလိုက်ရပြန်သည်။
သူ့လက်ချောင်းများကြားမှ အနည်းငယ် လှုပ်ရှားရုန်းကန်မှုက ဟော်တူကို အတွေးကမ္ဘာထဲမှ ပြန်ဆွဲထုတ်လိုက်သည်။ ရေပူစမ်းကန်ဘောင်တွင် တွဲလောင်းချထားသော သူ့လက်ကို လဲ့ကျစ်က အချိန်အတော်ကြာအောင် တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး ယခု သူ့လက်က ထုံကျင်စပြုနေပြီ ဖြစ်သည်။
ဟော်တူက သူ့နှုတ်ခမ်းကို အသာကော့ညွှတ်ကာ ပြုံးနေပြန်သည်။ သူက သူနှင့် လဲ့ကျစ်အကြား အကွာအဝေးလေးကို ငုံ့ကြည့်လိုက်သည်။ လဲ့ကျစ်က သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း သူမက သူနှင့် မနီးစပ်ကြောင်း သူ သိနေသည်။ သူမ၏ တင်းတင်းစေ့ထားသော မျက်လုံးများနှင့် သူမ၏ ရှည်လျားသော နက်မှောင်သော မျက်တောင်များက အနည်းငယ် တဖျပ်ဖျပ်လွင့်နေကာ အားလုံးက သူမ၏ နှလုံးသားထဲတွင် ဆန့်ကျင်ဘက်အရာများ ရှိနေကြောင်း ပြောနေကြသည်။
သိပ်မကြာခင်မှာပင် လဲ့ကျစ်၏ မျက်ဝန်းအိမ်များအတွင်း မျက်ရည်များ ရစ်ဝဲလာပြီး သူမ၏မျက်လုံးလေးများ နီရဲလာသည်။
ဟော်တူက သူမကို သူ့အနားသို့ ဆွဲယူလိုက်ပြီး သူ၏ အေးမြသော နှုတ်ခမ်းအစုံဖြင့် သူမ၏ ရောင်ရမ်းနေသော မျက်ခွံလေးများကို အသာအယာ ဖိကပ်နမ်းရှိုက်လိုက်သည်။ ထို့နောက် သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပေးထားလိုက်သည်။ သူတို့တစ်ကိုယ်လုံး ထိကပ်နေကြသဖြင့် သူ၏ အတွင်းစိတ်မှ တပ်မက်မှုများကိုလည်း အစွမ်းကုန် ထိန်းချုပ်နေရသည်။ သူက လဲ့ကျစ်၏ ကျောက်ပြင်ကို သူ့လက်ဖဝါးဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေပြီး သူ၏ လှုပ်ရှားမှုတိုင်းက မယုံနိုင်လောက်အောင် နူးညံ့သိမ်မွေ့နေသည်။
“ငိုချင်ရင် ငိုချလိုက်ပါ”
ဟော်တူက သူ့အသံကို တိုးနိုင်သမျှ လျော့ချလိုက်ပြီးမှ သူမကို ချော့မော့လိုက်သည်။
လဲ့ကျစ်က ဟော်တူ၏ လည်ပင်းကြားတွင် မျက်နှာအပ်ထားရင်း မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏ချော့မြူသော စကားသံကို ကြားလိုက်သည်နှင့် ဆက်တင်းမထားနိုင်တော့ပေ။ သူမ၏ပူနွေးသော မျက်ရည်များ စီးကျလာပြီး သူ၏ လည်ပင်းအရေပြားပေါ်သို့ ပျံ့နှံ့သွားသည်။ အစပိုင်းတွင် သူမ တိုးတိုးလေးသာ ရှိုက်ငိုနေခဲ့သော်လည်း ငိုလေလေ ရင်ထဲမှ မကျေနပ်မှုများနှင့် နာကျင်မှုများက တိုးထွက်လာလေဖြစ်လာပြီး နောက်ဆုံးတွင် သူမ အသံထွက်ကာ ကျယ်ကျယ်လောင်လောင် ငိုကြွေးနေလေသည်။ ထိုငိုသံထဲတွင် သူမ ခံစားခဲ့ရသော နစ်နာမှုများအပြင် မိမိကိုယ်ကို အပြစ်တင်နေသည့် စိတ်များလည်း ရောယှက်နေခဲ့သည်။
အချိန်အတော်ကြာ ငိုပြီးနောက် လဲ့ကျစ် အငိုရပ်သွားကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာခဲ့သည်။ သူမက ဟော်တူ၏ ကျောပေါ်တွင် တင်ထားသော သူမ၏လက်ကို ငေးကြည့်နေပြီး ထူးဆန်းသော အတွေးတစ်ခု တွေးနေပြန်သည်။
‘အခုန မိုးသည်းထန်နေလို့ ဆေးတွေက ရေနဲ့ရောပြီး ငါ့ကို ရူးစေတာလား... မဟုတ်ရင် ငါက ဘာလို့ ဟော်တူရဲ့ ပွေ့ဖက်မှုကို ဒီလောက်တောင် လောဘတကြီး တောင့်တနေရတာလဲ'
‘ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်ရမယ်’
သူမ၏ ရေစိုအဝတ်များကြောင့် ဟော်တူ၏ ဝတ်ရုံများ စိုစွတ်ကုန်သော်လည်း သူက စိတ်မဆိုးသည့်အပြင် ပြုံးပင်ပြနေသေးသည်။ သူ၏ နူးညံ့သော အပြုအမူများ၊ ချော့မော့သံများနှင့် နူးညံ့သော အနမ်းများက သူမ၏ စိတ်အာရုံကို လှုံ့ဆော်နေပြန်သည်။
'ငါတို့ နှစ်ယောက်လုံး ခဏတာ နေမကောင်းဖြစ်ပြီး ရူးသွပ်နေကြတာပဲ ဖြစ်မှာပါ'
‘ဒီလိုတွေ ဖြစ်နေတာက... ခဏတာ နေမကောင်းဖြစ်တာလေ ဟုတ်တယ်မလား’
လဲ့ကျစ်က ထိုသို့တွေးလိုက်ပြီး သူမ၏မျက်လုံးကို ပြန်မှိတ်ကာ သူ့ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
.......။......။......
ရေပူစမ်းကန်ဘေးရှိ အခန်းငယ်လေးထဲတွင် မွှေးရနံ့များ သင်းပျံ့နေသည်။
နှစ်ယောက်သား အဝတ်အစားလဲပြီးနောက် ကုတင်ပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြသည်။ သူတို့နှစ်ယောက် ယခုန ပူနွေးသည့် စမ်းရေကန်ထဲတွင် ရင်းနှီးလွန်းခဲ့သည့် အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း လဲ့ကျစ်တစ်ယောက် ရှက်ရွံ့လွန်းသဖြင့် ခေါင်းမဖော်ဝံ့ဘဲ ဖြစ်နေသည်။
သို့သော် လဲ့ကျစ်က ဤနေရာမှ အမြန်ထွက်ခွာရန် လိုအပ်ကြောင်း မမေ့လျော့သေးပေ။ အပြင်ဘက်မှ အလောင်းငါးလောင်းကို မနက်ဖြန်မနက်တွင် ရှာတွေ့သွားမည်ဖြစ်ပြီး အာဏာပိုင်များက ဤရေပူစမ်းအိမ်ကို မကြာမီ ပိတ်သိမ်းပေလိမ့်မည်။
"အရှင့်သား... ကျွန်မတို့ အိမ်တော်ကို ပြန်ကြမလားဟင်"
လဲ့ကျစ်က မေးလိုက်သည်။
“အလျင်မလိုဘူး”
ဟော်တူက ပန်းထိုးခေါင်းအုံးပေါ်သို့ ဖြည်းညှင်းစွာ မှီလိုက်ရင်း ကုတင်ဘေးရှိ သန့်ရှင်းသော ချည်ပဝါကို ပေါ့ပေါ့ပါးပါး လှမ်းယူကာ လဲ့ကျစ်ကို သူ၏ ပေါင်ပေါ်သို့ အသာအယာ ဆွဲလှဲလိုက်သည်။ ထို့နောက် သူမ၏ စိုစွတ်နေသော ဆံနွယ်များကို ညင်ညင်သာသာ သုတ်ပေးနေပြန်သည်။
လဲ့ကျစ်က ယခုအချိန်တွင် အနည်းငယ် နူးညံ့ညှာတာနေပုံရသော သူ့မျက်နှာကို အံ့သြစွာ မော့ကြည့်လိုက်သည်။
‘ဒါက မူမမှန်လွန်းနေတယ်လို့...’
လဲ့ကျစ်က သူမ၏ နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရပြီး စိုးရိမ်စိတ်ဖြင့် ပြန်ထရန် ကြိုးစားလိုက်သည်။ မထင်မှတ်ပဲ ဟော်တူက သူမထက် လက်ဦးနေပြီး သူမ၏ ပုခုံးနှစ်ဖက်ကို အသာအယာ ဖိထားကာ သူမကို ထခွင့်မပေးဘဲ သူ၏ ပေါင်ပေါ်တွင်သာ ဆက်လှဲခိုင်းထားသည်။
"ကောင်းကောင်း အနားယူ"
လဲ့ကျစ်က သံသယစိတ်ဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ပြန်မေးလိုက်သည်။
"အခု အနားယူနေတာ မဟုတ်ဘူးလား"
‘ကျွန်မ ရေပူစမ်းရေကန်ထဲမှာ အကြာကြီးစိမ်ပြီး လုံလုံလောက်လောက် အနားယူပြီးပါပြီနော်...’
သူမ ပြန်ပြောလိုက်သောကြောင့် ဟော်တူက သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့လက်ထဲမှ ချည်ပဝါကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး သူမ၏နဖူးလေးကို လက်ညှိုးဖြင့် ညင်သာစွာ ဖိနှိပ်လိုက်ရင်း ပြောလာပြန်သည်။
"ဒီနေရာမှာ အနားယူဖို့ ပြောတာ"
ထို့နောက် အဓိပ္ပာယ်ပါသော အသံတိုးတိုးဖြင့် ရယ်မောနေလေသည်။
လဲ့ကျစ်၏ ခန္ဓာကိုယ်လေး ချက်ချင်း တောင့်တင်းသွားရသည်။ သူမ သူမ၏ မျက်ဝန်းအိမ်မှ စိုစွတ်မှုကို ဖုံးကွယ်ရန် မျက်လုံးထောင့်များကို သဘာဝမကျစွာ ပွတ်သပ်လိုက်မိသည်။ အမှန်တကယ်တွင်လည်း သူမ ထပ်မငြင်းနိုင်တော့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမ၏နှလုံးသားက တစ်စက္ကန့်မျှပင် ငြိမ်သက်ခြင်းမရှိခဲ့ဘဲ အိပ်စက်နေချိန်၌ပင် အစီအစဉ်များအတွက် စိုးရိမ်ပူပန်နေခဲ့ရသည်။
‘ဒီလောက် သိသာနေတာလား’
သူမက သူမ၏ခံစားချက်များကို ကောင်းစွာဖုံးကွယ်နိုင်သော အရွယ်မရောက်သေးသောကြောင့် ဟော်တူက သူမကို အလွယ်တကူ မြင်တွေ့နိုင်ခဲ့သည်။
ခဏအကြာတွင် သူမ၏ မျက်လုံးများက မှေးမှိန်သွားသော်လည်း သူမ၏မျက်လုံးများတွင် မျက်ရည်များ စွန်းထင်းနေဆဲ ဖြစ်သည်။ ၎င်းက လဲ့ကျစ် တစ်ခုခုကို အလေးအနက် တွေးတောတိုင်း ဖြစ်ပေါ်လေ့ရှိသော အလေ့အကျင့်တစ်ခုဖြစ်ပြီး ဟော်တူက ထိုအပြုအမူလေးကို ကောင်းစွာ မှတ်သားထားပြီး ဖြစ်နေခဲ့သည်။
သူမ တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူက သူမကို အသာအယာ ပြန်ထူပေးလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းလိုက်သည်။ သူက သွယ်လျသော လက်ချောင်းများဖြင့် လဲ့ကျစ်၏ ဆံနွယ်များကို နားရွက်နောက်သို့ သပ်တင်ပေးနေရင်း ပြောလာပြန်သည်။
"အနားယူစရာ မလိုတော့ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့၊ ဘာပဲဖြစ်ဖြစ် အချိန်ကတော့ စောနေသေးတယ်၊ အခု စာရင်း အရင်ရှင်းရအောင်"
စက္ကန့်ပိုင်းအတွင်းမှာပင် ယခုနက ရှိနေခဲ့သော ကျက်သရေရှိမှုနှင့် နူးညံ့မှုအားလုံး လေထဲသို့ ပျောက်ကွယ်သွားတော့သည်။ လဲ့ကျစ်က သူမ၏မျက်လုံးများကို တင်းတင်းမှိတ်ထားရာမှ အဆောတလျင် ပြန်ဖွင့်ကြည့်လိုက်သည်။ သူမရှေ့မှ လူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။
‘ခုန နူးညံ့သိမ်မွေ့တဲ့အသွင်အပြင်က ငါ ထင်ယောင်ထင်မှားဖြစ်နေခဲ့တာလား၊ အဲ့ဒါတွေက အခု လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ၊ ဒီလူက ခန့်မှန်းရခက်တာကို ငါ သိသင့်တယ်’
လဲ့ကျစ်တစ်ယောက် နှုတ်ခမ်းကို ဖွဖွကိုက်ရင် ဆက်တွေးနေပြန်သည်။
‘စာရင်းရှင်းမှာလား.... ငါက သူနဲ့ ဘာစာရင်း ရှင်းရမှာလဲ၊ ငါ သူ့ကို ဘာမှ မနှောင့်ယှက်မိဘူးလေ'
သူမ၏ စိတ်ထဲတွင် သေချာနေသော်လည်း လဲ့ကျစ်က ဟော်တူ၏မျက်လုံးများကို ကြည့်မိသွားပြီး အကြောင်းပြချက်မရှိဘဲ အပြစ်ရှိသလို ခံစားလာရသည်။ သူမက ခေါင်းငုံ့လိုက်ပြီး ကုတင်ဘေးသို့ ရွှေ့လိုက်ကာ သူ့ကို မျက်နှာချင်းဆိုင် မကြည့်ရဲတော့ပေ။
“အရှင့်သားက လူကို ကြောက်အောင်လုပ်နေပြန်ပြီ၊ ဘာအတွက် စာရင်းရှင်းရမှာလဲ…”
ဟော်တူက သူမ၏လက်ကို လှမ်းကိုင်လိုက်ပြီး သူမ၏လက်ခုံနောက်ကျောကို သူ့လက်ချောင်းထိပ်များဖြင့် ပွတ်သပ်နေပြီးမှ အနည်းငယ်အေးစက်သောလေသံဖြင့် မေးလာပြန်သည်။
"မင်း မမှတ်မိတော့ဘူးလား"
အချိန်အတော်ကြာ အတူနေခဲ့ပြီးနောက် လဲ့ကျစ်က သူ့ထံမှ အလွယ်တကူ ခြိမ်းခြောက်ခံတော့မည် မဟုတ်ပေ။ သူမက စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ မတ်မတ်ထိုင်ပြီး အခိုင်အမာ ပြန်ပြောလိုက်သည်။
"အဲလိုတွေ မရှိပါဘူး"
"အိုး.... ဟုတ်လား"
ဟော်တူက သူမ၏ လက်ချောင်းလေးကို ဆွဲယူကာ နူးညံ့စွာ ပြုံးလိုက်သော်လည်း စကားလုံးတစ်ချို့ကို ရေရွတ်လိုက်သေးသည်။
"ကံဆိုးတဲ့သူ"
လဲ့ကျစ်တစ်ယောက် အံ့သြပြီးရင်း အံ့အားသင့်သွားရသည်။
‘အဲဒီစာရဲ့ အကြောင်းအရာတွေကို သူ ဘယ်လို သိနိုင်တာလဲ’
သူမ၏အစီအစဉ်အရ သူမ ယင်ရှီ (မနက် ၃ နာရီမှ ၅ နာရီအတွင်း) အချိန် ပြန်မရောက်မှသာ ဟော်တူထံသို့ ထိုစာကို ပေးအပ်ရမည် ဖြစ်သည်။ သို့သော် သူက စာထဲက အကြောင်းအရာကို သိနေပြီး ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုပဲ ကျန်ရှိတော့ပြီး လီယောင်က ထိုစာကို သူ့ဆီသို့ ကြိုတင်ပေးအပ်လိုက်ခြင်းပင်။
"လီယောင်က မနာခံပြန်ဘူး"
လဲ့ကျစ်က ထိတ်လန့်သွားဟန်ဖြင့် သူမ၏နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်ထားလိုက်သည်။ ထို့နောက် သူမက ဟော်တူ၏လက်ကို ဆုပ်ကိုင်ထားပြီး ခပ်ဖြည်းဖြည်း ခါယမ်းကာ တောင်းဆိုလိုက်သည်။
"အရှင့်သား ...အရှင့်သားက အဲ့စာကို မမြင်ခဲ့ဖူးလို့ မှတ်လိုက်ပါနော်"
ဟော်တူက သူမကို လျစ်လျူရှုထားသည်။
လဲ့ကျစ်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ သူမ၏နှုတ်ခမ်းလေးများက ကွေးညွတ်လာပြီး လိမ္မာပါးနပ်သော မျက်လုံးများဖြင့် ဟော်တူကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဒါဆို အရှင့်သားက အဲ့စာကို ဖတ်ပြီး ကျွန်မကို စိတ်ပူလို့ လိုက်လာတာလား"
ဟော်တူက ခပ်တိုးတိုး ရယ်မောနေသည်။ သူက သူ၏ မျက်ဝန်းအိမ်မှ တိုးထွက်လာသော ခံစားချက်အရိပ်အယောင်များကို လဲ့ကျစ် အနီးကပ် မမြင်စေရန်အတွက် သူ့လက်ကို ဆန့်ထုတ်ကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူ့ရှေ့မှ မြေခွေးမလေးက အခြေအနေ အရပ်ရပ်ကို အမြန်ဆုံး တွက်ချက်နိုင်စွမ်းရှိသူဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သူမက ရရှိနိုင်သမျှ အခွင့်အရေးကို အသုံးချကာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသူ ဖြစ်သည်။ သူမက အလွန်အမင်း တိုင်းတာတက်ပြီး မည်သည့်အခါမျှ စည်းမကျော်သလို အခြားသူများ၏ အကျိုးစီးပွားကို မထိခိုက်စေပေ။
သူ့အတွက် သူမ နောက်ဆုံးချန်ခဲ့သော စကားများကပင် မျှော်လင့်ချက်များ ပြည့်နေခဲ့သည်။ ဟော်တူက ငယ်စဉ်ကလေးဘဝကတည်းက မှတ်ဥာဏ်အလွန်ကောင်းခဲ့ပြီး ထိုစာကို နောက်ကြောင်းပြန်ရွတ်နိုင်သေးသည်။
“အရှင့်သား... ဒီစာကို ဖတ်နေပြီဆိုရင် ကျွန်မ အသက်မရှင်တော့ပါဘူး။ တကယ်တော့ ဒီည ရန်ဟမ့်ကို သတ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်။ မတော်တဆမှုတစ်ခု ဖြစ်သွားရင်တော့ တော်တော်ကံဆိုးပုံပါပဲ။ အဲ့ဒါက ကျွန်မ ကံမကောင်းလို့ပဲ ဖြစ်မှာပါ၊
ကံကောင်းထောက်မစွာနဲ့ အဲ့ဒါကို သန့်ရှင်းတဲ့သေခြင်းလို့ မှတ်ယူနိုင်ပြီး အရှင့်သားရဲ့မြင့်မြတ်မှုကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်မ သေရတာက လုံးဝ အသုံးမဝင်တာမျိုးတော့ မဖြစ်စေရဘူး၊ ယင်ရှီကျော်သွားတာနဲ့ ရန်ဟမ့်ရဲ့အလောင်းကို ဖျက်ဆီးဖို့နဲ့ ကျွန်မရဲ့အလောင်းကို ရှာဖွေဖို့ ရေပူစမ်းအိမ်တော်ကို လူလွှတ်ပေးပါ၊ ပြီးရင် နန်းတော်ကို တတ်နိုင်သမျှ မြန်မြန် ဝင်ရောက်ပြီး အသာစီးရယူတဲ့အနေနဲ့ ဟော်ရှကို အပြစ်ပေးခိုင်းပါ။ ရန်ဟမ့်က ဟော်ရှရဲ့လူဆိုတော့ သူ့အတွက်သူ မရှင်းလင်းနိုင်လောက်တော့ဘူး။
ဒါက အရှင့်သားအတွက် ကျွန်မလုပ်နိုင်တဲ့ နောက်ဆုံးအရာပါပဲ၊ ကျွန်မရဲ့ဆန္ဒအရ အရှင့်သားက ဒီကိစ္စတွေနဲ့ ရှင်းရှင်းလင်းလင်း နေသင့်တယ်။
ကျွန်မတို့ သိတာမကြာသေးပါဘူး၊ ဒါပေမယ့် နှုတ်ဆက်ဖို့ အချိန်တန်ပြီ။ စကားမစပ်၊ နောက်အိမ်ထောင်ထပ်ပြုရင် သတို့သမီးရဲ့လက်ကို မလိမ်ချိုးပါနဲ့နော်။ အဲ့ဒါက တကယ်နာတယ်...
မရဏပြည်ကနေ အရှင့်သား အစစအရာရာ အဆင်ပြေ ချောမွေ့ပြီး လိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါ့မယ်...
လဲ့ကျစ်"
ထိုစာက လဲ့ကျစ်ကိုယ်တိုင်ကဲ့သို့ ရိုးရှင်းလှပြီး ကောက်ကျစ်ခြင်း မရှိပေ။ သို့သော် သေအံ့ဆဲဆဲမှာပင် သူမက သူ့ကို သူမ၏ ရည်ရွယ်ချက်အတွက် အသုံးချရန် ကြိုးစားနေခဲ့သေးသည်။
‘တကယ်တော့ သူက သူမရဲ့ဆန္ဒကို ကောင်းကောင်းသိနေတာလည်း မှန်ပါတယ်၊ ဒီကမ္ဘာမှာ သူမ စိတ်ချလက်ချ မထားခဲ့နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အကျဥ်းကျနေတဲ့ သူမရဲ့အစ်မပါပဲ’
ဟော်တူက လဲ့ကျစ် သူ့ကို အပြည့်အဝ မယုံကြည်သေးမှန်း သိထားသော်လည်း သူမကတော့ နောက်ဆုံး လောင်းကြေးကို သူ့အပေါ်တွင်သာ ပုံအောခဲ့သည်။ သူမက သူမ၏ အစီအစဉ်အား သူ့ကို ကြိုတင်မပြောဘဲ သူ့ကို အန္တရာယ်ထဲမှ တွန်းဖယ်ထားကာ သူမတစ်ဦးတည်း ရင်ဆိုင်ခဲ့သည်။ သူမ လူသတ်ရန် ပျက်ကွက်ခဲ့လျှင်ပင် ဟော်ရှကို အနိုင်ယူရန် ပြီးပြည့်စုံသော အကွက်ကို စဉ်းစားထားခဲ့သည်။ တာ့ချီက တာ့လီကို ဖျက်ဆီးခဲ့သည့် လုပ်ရပ်ကြောင့် အိမ်နီးချင်းတိုင်းပြည်များ၏ ဒေါသကို နှိုးဆွထားပြီးဖြစ်သည်။ ယခု လဲ့ကျစ်သာ တာ့ချီတော်ဝင်မိသားစု၏ လက်ချက်ဖြင့် သေဆုံးသွားပါက ဟော်ရှလည်း အခြားတိုင်းပြည်များအားလုံး၏ ဝေဖန်မှုပစ်မှတ်ဖြစ်လာပြီး ထီးနန်းဆက်ခံခွင့် ဆုံးရှုံးသွားပေလိမ့်မည်။
ယင်းက ဟော်တူကို ထီးနန်းဆက်ခံသူ ရာထူးတွင် ခိုင်ခိုင်လုံလုံ ထိုင်နိုင်စေပြီး ထီးနန်းဆက်ခံနိုင်စေမည် ဖြစ်သည်။ လဲ့ကျစ်က လဲ့ကျင်းကို ကယ်တင်ရန် ထိုအလျှော့အတင်း ကစားကွက်ကို ထုတ်သုံးခဲ့သည်။
ဟော်တူက ဤအချက်ကို ကောင်းကောင်း နားလည်နိုင်ခဲ့သည်။ ယနေ့ညတွင် သူမ အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ လဲ့ကျစ်ကသာ အနိုင်ရသူ ဖြစ်နေပေလိမ့်မည်။ မူလက သူ သူမ၏ လုပ်ရပ်များကို စွက်ဖက်ခြင်း မပြုဘဲ အပျော်သဘောဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း စာကို ဖတ်လိုက်ရသည့် ခဏတာအတွင်း၌ သူ့သွေးများ အေးခဲသွားခဲ့ရသည်။ သူ့ရင်ဘတ်အတွင်းမှ အသက်ရှူကျပ်မှုနှင့်အတူ တစ်ခါမျှ မကြုံဖူးသော "အဆုံးရှုံးခံရမှာကို ကြောက်သည့်စိတ်" က သူ့နှလုံးသားအောက်ခြေမှ တိုးထွက်လာခဲ့သည်။
ရှည်လျားသော တိတ်ဆိတ်မှုက လဲ့ကျစ်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။ ဟော်တူက သူမကို လျစ်လျူရှုကာ သူမ၏ရှည်လျားသော ဆံပင်မှ ကျစ်ဆံမြီးတစ်ချောင်းကို လှမ်းယူပြီး သူ၏လက်ချောင်းများအား ရစ်ပတ်ဆော့ကစားနေသည်။ လဲ့ကျစ်က သူမ၏မျက်လုံးလေးများကို အသာမော့ထားပြီး မှောင်ရိပ်ကြားမှ သူ၏ မျက်နှာကို ခိုးကြည့်နေကာ သူ့အတွေးကို ခန့်မှန်းရန် ကြိုးစားနေသည်။
“နောင်အနာဂတ်မှာ အဲဒီလို မိုက်မဲတဲ့စာမျိုးတွေ ရေးခွင့်မပေးဘူး”
လဲ့ကျစ်က အနည်းငယ် တွေဝေနေပြီး ဟော်တူ၏ အသံက မကျေနပ်သယောင် ရှိသော်လည်း ထိုလေသံထဲတွင် သူမကို ဆုံးရှုံးရမည်အား စိုးရိမ်နေသည့် အဓိပ္ပာယ်များ ကိန်းအောင်းနေသည်ဟု သူမ ခံစားနေရသည်။
‘ဒီည သူ တကယ်ကို ထူးဆန်းနေတယ်’
‘ငါရဲ့ မူမမှန်မှုက လူသတ်ပြီးနောက် ကယောင်ကတမ်းဖြစ်နေတာလို့ ယူဆနိုင်တယ်၊ ဟော်တူရဲ့ မူမမှန်မှုကရော ဘာကြောင့်လဲ၊ ငါ နောက်တစ်ခါ ဒီရေပူစမ်းကို လုံးဝ ထပ်မလာတော့ဘူး’
"ဘာတွေ မိုက်မဲတာပါလို့လဲ၊ ကျွန်မ အဲဒါကို အကြာကြီး တွေးခဲ့ရတာ…”
လဲ့ကျစ်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“မင်းကို နောက်တစ်ခါ စာရေးခွင့် မပေးတော့ဘူး”
ဟော်တူက သူမ၏ဆံပင်ကို ပြန်လွှတ်ပေးလိုက်ပြီး သူ့လက်ကို သူမ၏ကျောပေါ်သို့ တင်ကာ လေသံမာမာဖြင့် ပြောလာခဲ့သည်။
“ကောင်းပါပြီ”
လဲ့ကျစ်က အခြေအနေကို ကြည့်ကာ သတိဖြင့် ပြုမူတတ်သူ ဖြစ်သည်။ သူမက ဟော်တူ၏လက်များထဲမှ ရုန်းထွက်လိုက်ပြီး သူမ၏လက်လေးကို ဆန့်ကာ သူ့မျက်နှာကို ဆုပ်ကိုင်လိုက်သည်။
“စိတ်မပူပါနဲ့၊ ဒီည ဘယ်လောက် ချောချောမွေ့မွေ့ ဖြစ်ခဲ့တယ်ဆိုတာ အရှင့်သားလည်း မြင်နိုင်တာပဲ၊ ကျွန်မက ကံဆိုးတဲ့သူ မဟုတ်ပါဘူး၊ ကျွန်မက ကံကောင်းတဲ့ကြယ်လေးတစ်ပွင့်ပဲ ဖြစ်လိမ့်မယ်"
ဟော်တူက သူ့မျက်လုံးများထဲမှ ခံစားချက်အားလုံးကို ပြန်ထိန်းထားပြီး သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမက ကြောက်ရွံ့မှုမှ ပြန်ရုန်းထလာနိုင်ပြီကို သူ သိလိုက်ပြီး သူ ပြန်ပျော်ရွှင်အောင်လုပ်ဖို့ လေးလေးနက်နက် ဟန်ဆောင်နေမှန်းလည်း နားလည်နေသည်။ သူမက မည်သည့်အချိန်တွင် ရှေ့သို့ တိုးရမည် မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို သိနိုင်လောက်အောင် ထက်မြက်ပြီး သူ့ကို တမင်တကာ ချဉ်းကပ်သော်လည်း လုံးဝအပြည့်အစုံတော့ မဟုတ်ပေ။ သူမက သူတို့အကြားရှိ အကွာအဝေးကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည်။ မနီးလွန်း၊ မဝေးလွန်း၊ မကွဲကွာလွန်းသော်လည်း အလွန်ရင်းနှီးမှုလည်း မရှိပြန်ပေ။
ခံစားချက်များစွာကို သယ်ဆောင်ရန်က အပေါက်များရှိနေသော နှလုံးသားအတွက် ခက်ခဲနေကြောင်း သူ နားလည်ပေးနိုင်သည်။
‘ထားပါတော့လေ.... အဲ့ဒါက အရေးတော့မကြီးပါဘူး၊ ဘာပဲဖြစ်ဖြစ် သူမကို ကုသပေးဖို့က သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်။ သူက ဆေးပညာမှာ အထူးကျွမ်းကျင်တာ မဟုတ်ဘူးလား....’
ထိုအတွေးကြောင့် ဟော်တူက သူမကို သူ့ရင်ခွင်ထဲသို့ ထပ်မံဆွဲသွင်းလိုက်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
“တကယ်ကို ကံကောင်းတာပဲ”
သူက သူ့ကိုယ်သူ ပြောနေခြင်းလား၊ သူမကို ပြောနေခြင်းလား မသိရပေ။ အနုတ်နှစ်ခု ပေါင်းလျှင် အပေါင်းဖြစ်သကဲ့သို့ ကံဆိုးသူ နှစ်ယောက် ပေါင်းလိုက်လျှင် အမှန်တကယ် ကံကောင်းသွားလိမ့်မည်ဟု ဟော်တူ တွေးနေခဲ့သည်။
အပြင်ဘက်တွင် မုန်တိုင်းက တဖြည်းဖြည်း လျော့ပါးလာပြီး တံစက်မြိတ်မှ မိုးသံများသာ ကျန်တော့သည်။
လဲ့ကျစ်က လက်ရှိအခြေအနေကို သတိရသွားကာ ဟော်တူ၏လည်ပင်းကို ပွတ်သပ်ရင်း သတိပေးလိုက်သည်။
"ကျွန်မတို့ တကယ်ထွက်သွားရမှာ မဟုတ်ဘူးလား၊ မနက်မိုးလင်းရင် အားလုံးကို ရှာတွေ့သွားနိုင်တယ်”
‘သူက အိမ်ရှေ့စံဆိုရင်တောင် သူ ဒီလောက်အထိတော့ အတင့်မရဲသင့်ဘူးလေ’
“ဘာတွေ အလျင်လိုနေတာလဲ၊ ဖြတ်လမ်းကို မလိုချင်တော့ဘူးလား"
"ဟင်"
လဲ့ကျစ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြသော အကြည့်ဖြင့် ထထိုင်လိုက်သည်။ ဟော်တူက ပေါ့ပေါ့ပါးပါး စကားမပြောတတ်မှန်း သူမ သိသော်လည်း ယခုကိစ္စက မြန်လွန်းနေသည်။
‘ရုတ်တရက် သူက ဘယ်လိုသဘောကောင်းလာပြန်တာလဲ’
ဟော်တူက ခပ်ဟဟ ရယ်မောရင်း ပြောလာပြန်သည်။
“ဖြတ်လမ်းကို လျှောက်ဖို့က အခြေအနေအမျိုးမျိုး ရှိတယ်၊ ဘာမှ မလုပ်ဘဲ ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"
‘သေချာတာပေါ့... ငါ သိသားပဲ’
‘ဒီလူက အရမ်းလိမ္မာပါးနပ်လွန်းတယ်၊ သူ့ဆီက ပိုက်ဆံချေးတာတောင် အတိုး သုံးဆ ပြန်ဆပ်ရတာလေ။ အခုလည်း သူက ဘယ်လိုလုပ်ပြီး ငါ့ကို အလကားကူညီမှာတုန်း’
သို့သော် ဤကဲ့သို့ အပေးအယူလုပ်ရခြင်းက လဲ့ကျစ်ကို ပို၍ သက်တောင့်သက်သာ ခံစားရစေသည်။
"ဘယ်လို အခြေအနေတွေလဲ"
လဲ့ကျစ်က သူ့အင်္ကျီလက်စများကို ဆွဲရင်း သိမ်သိမ်မွေ့မွေ့ ပြန်မေးလိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းအတွက်တော့ အရမ်းလွယ်တယ်"
ဟော်တူက ရှင်းရှင်းလင်းလင်း မပြောဘဲ သူမကို အတူတူအိပ်ရန် ဆွဲခေါ်သွားပြီး သူတို့နှစ်ဦးအပေါ်မှ ဘရိုကိတ်စောင်ကို လွှမ်းခြုံလိုက်သည်။
"ခဏလောက် အိပ်လိုက်၊ မင်း နိုးလာတဲ့အခါ ဖြတ်လမ်းကို ရောက်ပြီးသားဖြစ်နေမှာ"
သူ့စကားကြောင့် လဲ့ကျစ်လည်း ယုံကြည်မှုအပြည့်ဖြင့် သက်ပြင်းချကာ မျက်လုံးများကို မှိတ်ချလိုက်သည်။ သို့သော် အပြင်မှ မိုးရေစက်သံကြောင့် သူမ အေးချမ်းစွာ အိပ်မပျော်နိုင်ဘဲ မျက်မှောင်ကြုတ်ကာ လူးလှိမ့်နေမိသည်။ ရုတ်တရက် အေးစက်သော လက်တစ်စုံက သူမ၏နားရွက်ကို အုပ်ဖုံးလိုက်သောကြောင့် ဆူညံသံများ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ရင်းနှီးသော မျက်ဝန်းအစုံကို တွေ့လိုက်ရပြီး သူက အသံတိတ် နှုတ်ခမ်းလှုပ်ကာ "အိပ်တော့" ဟု ပြောလာခဲ့သည်။
သူမ ခေါင်းငုံ့ကာ မျက်လုံးကို ပြန်မှိတ်လိုက်သည်။ သူမ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေခဲ့ပြီး မကြာမီ အိပ်ပျော်သွားခဲ့သည်။
လဲ့ကျစ်က သူမ၏ မယ်တော်ကို အိပ်မက်မက်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ထို့ထက်ပင် သူမကို အမြဲချစ်ခဲ့သော သူမ၏မယ်တော်က သူမကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ၏မယ်တော်က အေးစက်သောမျက်နှာဖြင့် ပြောနေလေသည်။
"ကျစ်ကျစ်၊ တာ့လီရဲ့ယုံကြည်မှုတွေကို မှတ်မိသေးရဲ့လား"
"ဟုတ်ကဲ့၊ ကျစ်ကျစ် မှတ်မိပါတယ်"
လဲ့ကျစ်က ပြန်ဖြေလိုက်သည်။
တာ့လီတိုင်းပြည်၏ ပြည်သူပြည်သားများက ကောင်းမြတ်ခြင်း၏ နတ်ဘုရားကို ကိုးကွယ်ကြပြီး နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှုနှင့် နာခံမှုတို့ကို အခြေခံတရားအဖြစ် လက်ကိုင်ထားကြသည်။
"ဒါဆို မင်း လက်ထဲမှာ ဘာရှိနေလဲ ပြန်ကြည့်စမ်း"
လဲ့ကျစ်က ရုတ်တရက် ခေါင်းငုံ့ကြည့်လိုက်သည်။ သူမ၏ လက်ချောင်းများတွင် သွေးနီနီများ စွန်းထင်နေသည်။ ထိုအရာက သူမ၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေပြီး သူမ ဘာလုပ်ရမှန်း မသိတော့ပေ။
"ကျစ်ကျစ်၊ သွေးနဲ့ဖုံးလွှမ်းနေတဲ့လူတွေကို ကောင်းမြတ်ခြင်း နတ်ဘုရားက ကောင်းချီးမပေးနိုင်ဘူး"
သူမ မယ်တော်၏ အမူအရာက ဝမ်းနည်းပုံရပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
"မင်းနဲ့ ငါတို့ နောင်ဘ၀မှာ မဆုံနိုင်တော့ဘူး"
"မဟုတ်ဘူး၊ အဲ့လို မပြောပါနဲ့"
လဲ့ကျစ်တစ်ယောက် အော်ဟစ်ရင်း ခေါင်းယမ်းနေမိသည်။
သို့သော် မြင်ကွင်းက ပြောင်းလဲသွားပြီး သူမ မယ်တော်၏ ပုံရိပ် ပျောက်ကွယ်သွားကာ ပတ်ဝန်းကျင်က ရုတ်တရက် မှောင်မိုက်လာသည်။
ထို့နောက် သူမနောက်မှ ကြောက်မက်ဖွယ် ရယ်မောသံများ ထွက်ပေါ်လာသည်။ လဲ့ကျစ် အံ့ဩတကြီး လှည့်ကြည့်လိုက်ချိန်တွင် ယန်ဟမ့်နှင့် သူ့၏သက်တော်စောင့်လေးယောက်ကို တွေ့လိုက်ရသည်။ သူတို့က သူမကို စူးစူးစိုက်စိုက် ကြည့်နေရင်း အော်ဟစ်နေကြသည်။
"မင်းလဲ ငါတို့လို ဖြစ်သွားပြီ၊ လူကောင်း မဟုတ်တော့ဘူး၊ ဟား ဟား၊ ငါတို့ မင်းကို ငရဲပြည်မှာ စောင့်နေမယ်"
သူတို့ စကားပြောနေချိန်တွင် သူတို့၏ပါးစပ်ထောင့်စွန်းမှ အနက်ရောင်သွေးများ စီးကျနေသည်။
‘ကြောက်စရာကောင်းလိုက်တာ’
လဲ့ကျစ် နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ခြေထောက်အောက်တွင် စေးကပ်နေသည့် ခံစားချက်တစ်ခု ရှိနေပြန်သည်။ သူမ ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ခြေကျင်းဝတ်များပေါ်တွင် သွေးများ စွန်းထင်းနေပြီး သွေးများ အပေါ်သို့ လျှံတက်လာသည်ကို တွေ့လိုက်ရသည်။ သူမ ရုန်းကန်နေသော်လည်း သူမ၏ခြေထောက်ကို မလှုပ်နိုင်တော့ဘဲ သွေးများ တရိပ်ရိပ်တက်လာသည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေရသည်။
သူမ၏နှလုံးသားထဲတွင် စိတ်ပျက်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းများသာ ကျန်နေတော့သည်။
"လဲ့ကျစ်၊ လဲ့ကျစ်... ထတော့"
‘ငါ့ကို ဘယ်သူခေါ်တာလဲ’
‘တခြား ဘယ်သူဖြစ်နိုင်မှာလဲ၊ ဒီကမ္ဘာပေါ်မှာ ငါကို အဲ့လို ခေါ်မယ့်သူက တစ်ယောက်တည်းပဲ ရှိတော့တယ်’
လဲ့ကျစ် မျက်လုံးဖွင့်လိုက်သည်။ သူမ၏ မျက်လုံးများရှေ့တွင် မြူခိုးများ ရှိနေသော်လည်း ရီဝေဝါးနေသည့် ရင်းနှီးသော အသွင်သဏ္ဌန်ကို မြင်လိုက်ရသည်။ သူမက အိပ်မက်နှင့် လက်တွေ့ကိုပင် မခွဲခြားနိုင်တော့ပေ။ သို့မဟုတ် သူမ ၎င်းတို့ကို တမင် မခွဲခြားချင်တော့ခြင်းလည်း ဖြစ်နိုင်သည်။
"ရေ သောက်ချင်လား"
လဲ့ကျစ်က သူမ၏လည်ချောင်းများ နာကျင်နေသည်ကို သိလိုက်သော်လည်း ခေါင်းယမ်းလိုက်သည်။ ဟော်တူ၏နှုတ်ခမ်းတွင် ကျန်ခဲ့သောရေစက်အချို့ကို သူမ တွေ့လိုက်ရပြီး သူလည်း ရေအနည်းငယ်သောက်ခဲ့မှန်း သိလိုက်ရသည်။ သူမ မထိန်းချုပ်နိုင်တော့ဘဲ သူ့အနားသို့ တိုးကပ်သွားပြီး သူ့နှုတ်ခမ်းများကို အငမ်းမရ နမ်းရှိုက်လိုက်မိသည်။ ထို့နောက် သူမ သူ့ကို ထပ်မကြည့်ရဲတော့ပေ။ သူမ အပြစ်ရှိသော စိတ်ဖြင့် မျက်လုံးများကို မှိတ်ထားပြီး မျက်ရည်များကို ကြွေကျစေလိုက်သည်။
‘ငါ ရူးသွားပြီဆိုတာ သံသယ ဖြစ်နေဖို့ မလိုတော့ဘူး’
သူမက နတ်ဆိုးများ၏ ဆွဲငင်ခြင်းအား ခံရမည်ကို စိုးရိမ်သောကြောင့် ဝံပုလွေတစ်ကောင်ကို ဆုပ်ကိုင်ထားရန် ရွေးချယ်ခဲ့သည်။ သူမ သူ့ကို ဆုပ်ကိုင်ထားသရွေ့ ထိုနတ်ဆိုးများက သူမ၏အနားကို ကပ်နိုင်တော့မည် မဟုတ်ဟု သူမ ယုံကြည်နေခဲ့သည်။
ဤသည်မှာ ရေငတ်ပြေရန် အဆိပ်ကို သောက်မိခြင်းမျိုး ဖြစ်သော်လည်း သူမ ဂရုမစိုက်တော့ပေ။
အချိန်အတော်ကြာပြီးနောက် သူမက သူ့လည်ပင်းကို လွှတ်ပေးလိုက်ပြီး မမျှော်လင့်ထားသည့် အနမ်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် လဲ့ကျစ်က သတိထားပြီး မျက်လုံးဖွင့်ကာ ဟော်တူ၏ မျက်နှာကို ခိုးကြည့်လိုက်ပြန်သည်။ သူက သူမ နမ်းရှိုက်ခဲ့သော သူ့နှုတ်ခမ်းကို လက်ဖြင့် အသာအယာ ဖိကာ သူမကို စိုက်ကြည့်နေသည်။
သူမကိုယ်တိုင်ကတော့ သူမ၏ “လက်ရာ” ကို ဆက်မကြည့်ဝံ့တော့ဘဲ မျက်လွှာချလိုက်မိသည်။
"မဆိုးပါဘူး၊ ပြီးခဲ့တဲ့ အကြိမ်နဲ့ ယှဉ်ရင် မင်း အများကြီး တိုးတက်လာပြီ"
ဟော်တူကတော့ အေးအေးဆေးဆေး မှတ်ချက်ပေးနေသေးသည်။
“ကျေးဇူးတင်ပါတယ်…”
လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်ထားပြီး ရှက်ဖို့ကောင်းသည်ဟုသာ တွေးနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မထူးတော့ဘူးဟု ယူဆာကာ မျက်နှာပြောင်ပြောင်ဖြင့် ထပ်ပြောလိုက်သေးသည်။
“နောက်တစ်ခါဆိုရင် ပိုတောင်ကောင်းလာဦးမယ်”
ဟော်တူက သူမကို သဘောကျနေပုံရသည်။ သူက လဲ့ကျစ်၏ မေးစေ့ကို လှမ်းကိုင်ကာ သူမ၏ပါးပြင်ပေါ်ရှိ မျက်ရည်များကို စိုက်ကြည့်နေပြီးမှ သူ့၏လက်ချောင်းထိပ်များဖြင့် ညင်ညင်သာသာ သုတ်ပေးလိုက်သည်။
"မင်း အိပ်မက်ဆိုးတွေ မက်နေတာလား"
လဲ့ကျစ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ ညင်ညင်သာသာ ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီအကြောင်းကို ပြောပြလို့ရမလား"
မေးခွန်းထုတ်သည့်လေသံဖြစ်သော်လည်း နှူးညံသော အဓိပ္ပါယ်များ ပါရှိနေသေးသည်။
လဲ့ကျစ်က ခေါင်းငုံ့ကာ သူမ၏ခန္ဓာကိုယ်ကိုလေး ခေါင်းအုံးပေါ်သို့ ဖြည်းညှင်းစွာ မှီပြီးမှ ပြန်မေးလိုက်သည်။
"တာ့လီရဲ့ ကောင်းမြတ်ခြင်းနတ်ဘုရား ဒဏ္ဍာရီကို အရှင့်သား ကြားဖူးလား"
ဟော်တူက သူမ၏ ပခုံးပေါ်သို့ ခေါင်းတင်ကာ သက်တောင့်သက်သာမှီရင်း ပြန်ဖြေလိုက်သည်။
“ကိုယ် ကြားဖူးတယ်”
‘တကယ်က သူ လိမ်ပြောတာပါ၊ သူက တာ့ချီက လွဲပြီး အခြားလေးပြည်လေးခုနဲ့ မျိုးနွယ်သုံးခုရဲ့ ယုံကြည်ချက်တွေကို ဘာမှ မသိခဲ့ဘူး’
‘သူတို့ တာ့ချီကတော့ ယုံကြည်မှုရှိဖို့ နေနေသာသာ နတ်ဘုရားတွေတောင် မရှိဘူး၊ တော်ဝင်မိသားစုရဲ့ နှစ်စဉ် ဝတ်ပြုဆုတောင်းမှုဆိုတာကလည်း ဟန်ဆောင်မှုသက်သက်ပဲ။ အဲ့ဒါကြောင့်လည်း ယုံကြည်မှု မရှိတဲ့ ဧကရာဇ်တစ်ပါးက သူရဲ့အပြုအမူကို ထိန်းထားနိုင်ခြင်း မရှိခဲ့တာပေါ့’
လဲ့ကျစ်က ဆက်ပြောပြနေသည်။
“ကျွန်မတို့ရဲ့ တာ့လီကို တည်ထောင်ချိန်ကတည်းကစပြီး လဲ့မျိုးနွယ်စုက ကောင်းမြတ်ခြင်းနတ်ဘုရားကို ယုံကြည်တယ်လို့ ကျွန်မတို့ ငယ်ငယ်ကတည်းက လူကြီးတွေက ပြောပြခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ လဲ့မျိုးနွယ်ရဲ့ ဘိုးဘေးတွေက အမြဲတမ်း အခြားသူတွေကို ကြင်နာသနားတတ်လို့လေ၊ ကွယ်လွန်ပြီးရင် ကောင်းကင်ဘုံရှိတယ်၊ ကုသိုလ်ကောင်းမှုပြုရင် နတ်ဘုရားအဖြစ် ကူးပြောင်းနိုင်ကြပြီး လဲ့မျိုးနွယ်နဲ့ တာ့လီရဲ့ပြည်သူတွေ အကုန်လုံးကို ကောင်းချီးပေးနိုင်တယ်၊ အဲ့လိုတွေ ယုံကြည်ကြတာ၊ အရှင့်သား... သိလား... တာ့လီမှာ အိမ်တိုင်းက ညဘက်မှာတောင် တံခါးတွေကို သော့ခတ်မထားဘူး၊ အိမ်နီးနားချင်းတွေကလဲ ဆွေမျိုးရင်းချာတွေလိုပဲ၊ လူတွေက ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်ကြပြီး ခိုးယူ လိမ်လည်လှည့်ဖြားမှုဆိုတာ ရှားရှားပါးပါးပဲ၊ လူသတ်တဲ့ အကျင့်ဆိုးကတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး”
လဲ့ကျစ်က သူမ၏ရင်ဘတ်ကို လက်ဖြင့် ပြန်ဖိထားပြီး ဝမ်းနည်းဟန်လေးဖြင့် ပြုံးနေပြန်သည်။
“တာ့လီရဲ့တိုင်းသူပြည်သားတွေက သူတို့လက်တွေမှာ သွေးစွန်းနေတယ်ဆိုရင် ကောင်းမြတ်ခြင်းရဲ့ နတ်ဘုရားဆီကနေ အကာအကွယ်ရဖို့ ခက်ခဲလိမ့်မယ်လို့ ယုံကြည်ကြတယ်၊ အဲ့အတွက်ကြောင့် ဘယ်သူကမှ လူမသတ်ရဲကြဘူး”
ထိုစကားကို ပြောနေရင်း သူမ၏ ခံစားချက်များ ပိုများလာပုံဖြင့် ဆို့နင့်နေပြန်သည်။
“တာ့လီရဲ့ စစ်တပ်က စစ်သည်တွေက အရည်အချင်း မနိမ့်ပါဘူး။ တာ့ချီက တပ်သားတွေ မြို့ကို ဝိုင်းထားတဲ့နေ့အထိ တာ့လီစစ်သည်တွေက သူတို့ကို ရက်ရက်စက်စက် သတ်ဖို့ မရည်ရွယ်ခဲ့ပေမယ့် တာ့ချီရဲ့စစ်သည်တွေကတော့ သူတိုကို သေစေခဲ့တယ်။ ကျွန်မရဲ့အစ်ကိုတော်က သိုင်းပညာ အရမ်းကျွမ်းကျင်တယ်၊ ဒါပေမယ့် သူက လူတွေရဲ့အသက်ကို မထိခိုက်စေချင်ဘူး၊ သူ မျက်လုံးကို မှိတ်ပေးလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်မှာ အပေါက်ဘယ်လောက်ရှိလဲ သိလား၊ အများကြီး... အများကြီးဆိုတာ မရေမတွက်နိုင်လောက်အောင် များနေတာ"
ဟော်တူ၏နှလုံးက တုန်လှုပ်သွားပြီး သူမ၏ကျောကို ပွေ့ဖက်ကာ တောင့်တင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဆက်မပြောနဲ့တော့"
‘သူမကို အသက်မရှင်ချင်တော့အောင် ဖြစ်စေတဲ့ ဒဏ်ရာတွေကို သူ နောက်တစ်ကြိမ် ထပ်မံ ဆုတ်ဖြဲလိုက်မိပြီပဲ။’
"အရှင့်သားက အဲ့ဒါကို ရယ်စရာလို့ ထင်နေတာလား၊ တကယ်လည်း အဲ့ဒါက ရယ်စရာ ကောင်းတယ်၊ အရမ်းရယ်စရာကောင်းတယ်လို့ ကျွန်မ ထင်တယ်”
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးထားပြီး တောက်ပစွာ ပြုံးပြနေသော်လည်း သူမ၏ မျက်လုံးများထဲတွင် နာကျင်ခြင်းများ ပြည့်နှက်နေသည်။
"ကောင်းမြတ်ခြင်းနတ်ဘုရားသာ တကယ် ရှိခဲ့တယ်ဆိုရင် အဲ့အချိန်တုန်းက သူ ဘာလို့ ကျွန်မတို့ကို မကယ်တင်ခဲ့တာလဲ"
"ဒါက အတု၊ အားလုံးက အတုတွေ... ကျွန်မ မယုံတော့ဘူး"
ဟော်တူက သူမကို ပွေ့ဖက်ထားပြီး သူမ၏ ခန္ဓာကိုယ်လေး တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသောကြောင့် သူ့မျက်ခုံးများ ပိုတင်းလာသည်။
“ဒါပေမယ့် အခုလေးတင်ပဲ... ကျွန်မ မယ်တော်ကို အိပ်မက်မက်ခဲ့တယ်၊ မယ်တော်က… ကျွန်မရဲ့လက်တွေက သွေးတွေ ပြည့်နေပြီလို့ ပြောခဲ့တယ်။ ကျွန်မ သေပြီးရင် သူတို့ကို မတွေနိုင်တော့ဘူးတဲ့”
နောက်ဆုံးတွင် လဲ့ကျစ်တစ်ယောက် ထပ်ငိုနေပြန်သည်။
သူမက လူ သတ်ရမည်ကို မကြောက်သလို ကောင်းမြတ်ခြင်းနတ်ဘုရားထံမှ အကာအကွယ် ဆုံးရှုံးရမည်ကိုလည်း မကြောက်ပေ။ သို့သော် သူမ သေပြီးနောက်တွင် သူမ၏ မိဘနှင့် ဆွေမျိုးများအား ပြန်မတွေ့နိုင်တော့မည်ကိုတော့ သူမ ကြောက်ရွံ့နေခဲ့သည်။
‘အခုတော့ နတ်ဆိုးတွေနဲ့ ပေါင်းသင်းရင်း သူမ တစ်ယောက်တည်း ငရဲပြည်မှာ ထာဝရ နေသွားရတော့မယ်’
ထိုအတွေးကြောင့် သူမ၏ရင်ဘတ်က တဆတ်ဆတ် တုန်ယင်လာပြန်သည်။
‘ပြီးတော့ ဟော်တူကို ဒီလိုတွေ မပြောသင့်ဘူးဆိုတာ သူမ သိပါတယ်၊ သူက သူမကို လှောင်ရယ်နေတော့မှာ’
သို့သော် သူမ၏ နှလုံးသားကို အရာများစွာ လွှမ်းခြုံနေပြီး သူမထံတွင် ဟော်တူမှလွဲ၍ တိုင်တန်းစရာ မည်သူမျှ မရှိနေခဲ့ပေ။
‘အရမ်း သနားစရာကောင်းတယ်လေ၊ ဟုတ်တယ်မလား... ယခုတော့ သူမ ရန်သူတိုင်းပြည်ရဲ့ထိုက်ဇီကို အမှန်တကယ် ရင်ဖွင့်ချင်နေခဲ့တယ်’
‘ကိစ္စမရှိပါဘူးလေ... ဒီနေ့ အဖြစ်အပျက်တွေ အရမ်းများနေပြီပဲ’
လဲ့ကျစ်က သူမ၏ စိတ်ထဲမှ တိတ်တဆိတ် တွေးနေပြန်သည်။
‘ဒီတစ်ကြိမ်တော့ ငါကိုယ့်ငါ လွှတ်ပေးထားဖို့ ရွေးချယ်လိုက်မယ်၊ မနက်ဖန် နေထွက်လာရင်တော့ ဒီလို အားနည်းချက်တွေကို အကုန်ဖယ်ထုတ်ပြီး နောက်တစ်ခါ ဘယ်တော့မှ ထပ်မပြောတောဘူး’
“မင်း သူတို့ကို တွေ့နိုင်မှာပါ"
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟
အခန်း ၃၇ မကျေနပ်မှုများ ( အပိုင်း ၂)
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ် မှင်သက်သွားပြီး မျက်နှာကို မော့ကြည့်လိုက်မိသည်။ သူမ၏ မျက်တောင်ဖျားများတွင် မျက်ရည်စများက ခိုတွဲနေဆဲပင်။
ဟော်တူက သူမအနားသို့ တိုးကပ်လာပြီး သူ၏နဖူးကို သူမ၏နဖူးနှင့် ထိကပ်လိုက်ရင်း တိုးတိုးလေး ထပ်ပြောလိုက်သည်။
"ကိုယ်လည်း တာ့ချီက ဟော်မျိုးနွယ်တွေရဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်"
"ဟော်မျိုးနွယ်ရဲ့သားမြေးတွေအတွက် ဇနီးသည် ဒါမှမဟုတ် ခင်ပွန်း တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီးရင် သူတို့ရဲ့ ကံကြမ္မာက တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်သွားလိမ့်မယ်၊ ကိုယ်တို့က တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေကို လွှဲပြောင်းပေးနိုင်သလို ကိုယ်တို့ရဲ့ ကောင်းချီးတွေကိုလည်း အချင်းချင်း လွှဲပြောင်းပေးနိုင်တယ်"
မျက်ဝန်းချင်း ဆုံမိသွားကြစဉ် နှစ်ယောက်သား၏ ကမ္ဘာထဲတွင် တစ်ဦးကို တစ်ဦးသာ မြင်နေရတော့သည်။ ဟော်တူက ဆက်ပြောလိုက်ပြန်သည်။
"ဒါကြောင့်... မင်း ဒီနေ့ သတ်ခဲ့တဲ့ လူငါးယောက်လုံးရဲ့ အပြစ်ကို ကိုယ့်ဆီ လွှဲပေးလိုက်လို့ရတယ်"
‘ဘာပဲဖြစ်ဖြစ် မင်း ကြောက်တဲ့အရာတွေကို ကိုယ် လက်ခံပေးမယ်’
ထိုစကားဆုံးသည်နှင့် သူက ကိုယ်ကိုပြန်မတ်ကာ သူမနှင့် ခပ်ခွာခွာ ပြန်ထိုင်လိုက်သည်။ လဲ့ကျစ်က မယုံသင်္ကာဖြစ်နေဟန်လေးဖြင့် သူမ၏နဖူးကို လက်ဖြင့် ပြန်စမ်းကြည့်ကာ မေးလိုက်ပြန်သည်။
"အဲ့ဒါ တကယ်လား"
ဟော်တူက မျက်ခုံးပင့်လိုက်သည်။
‘သေချာတာပေါ့... အဲဒါက အတုလေ...’
"မယုံဘူးလား"
သူက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ပြီး သူမ၏နဖူးကို ထပ်ထိဖို့ ပြန်ငုံလိုက်သည်။
"ကောင်းပြီလေ၊ မင်း မယုံဘူးဆိုရင် ပြန်ယူလိုက်လေ"
ထိုအခါမှ လဲ့ကျစ်က အပြည့်အဝ ယုံကြည်သွားပုံရပြီး သူမ၏ကိုယ်လေးကို ရှောင်ကာ အမြန် ပြန်ပြောလိုက်သည်။
"မယူဘူး..."
သို့သော် ခဏအကြာတွင် သူမ စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။
"ဒါပေမဲ့... အဲဒီအပြစ်တွေ အရှင့်သားဆီ ရောက်သွားရင် အရှင့်သား အဲ့နေရာကို သွားရမှာ မဟုတ်ဘူးလား"
"ငရဲကိုလား"
ဟော်တူက နည်းနည်းလေးမှ ကြောက်ရွံခြင်း မရှိဘဲ အေးအေးဆေးဆေး တုံ့ပြန်လိုက်သည်။
"ကိုယ်က လူတွေ မရေမတွက်နိုင်အောင် သတ်ခဲ့ပြီးပြီ၊ ခုက နောက်ထပ် ငါးယောက်ပဲလေ၊ ငါးယောက်လောက်ထပ်ပေါင်းရုံနဲ့တော့ ဘာမှ မထူတော့ပါဘူး"
ချီတိုင်းပြည်၏ ဟော်မျိုးနွယ်တွင် ယုံကြည်မှု မရှိသလို ရှိရင်လည်း ဟော်တူက ဂရုစိုက်မည့်သူ မဟုတ်ပေ။ သူမ ကြောက်နေသောကြောင့် သူ သူမကို ချော့မော့နေခြင်းသာဖြစ်သည်။ သူမ ပြောသည့်အတိုင်း အမှန်ဖြစ်နေပြီး တစ်စုံတစ်ဦးကို သတ်၍ ငရဲသို့ ကျရောက်မည်ဆိုလျှင်လည်း ထိုအချိန်၌ သူ သူမကို ကာကွယ်ပေးဦးမည် ဖြစ်သည်။
‘သူ့လို နတ်ဆိုးတစ်ကောင်အနားမှာ ရှိနေတဲ့ သူမကို ဘယ်လိုအရာက ချဉ်းကပ်ဝံ့ပါ့မလဲ’
သူ ပြောနေသည့်စကားများက အဓိပ္ပါယ်ရှိသလို ခံစားရသောကြောင့် လဲ့ကျစ်က အလွယ်တကူ ခေါင်းညိတ် လက်ခံလိုက်သည်။
"ဒါဆိုတော့.... ကျေးဇူးတင်ပါတယ်"
ဟော်တူ၏ အသက်ရှူသံက အနည်းငယ် ရပ်တန့်သွားပြီး သူမကို ငေးကြည့်နေသော်လည်း စကားမပြောတော့ပေ။
‘ငါ့ရဲ့ မြေခွေးမလေးက တကယ်ကို နှလုံးသားမဲ့တာပဲ... အပြစ်တွေကို ငါ့ဆီ လွှဲပေးပြီး ကျေးဇူးတင်ပါတယ်လို့ပဲ ပြောထွက်တယ်ပေါ့'
‘ဒါပေမယ့် ဘာဖြစ်လဲ.... သူမအတွက် လုပ်ပေးရတာ အရမ်းပျော်ဖို့ကောင်းတယ်လေ’
"ဒေါက်....ဒေါက်"
တံခါးခေါက်သံ ထွက်ပေါ်လာပြီး အန်းရွှယ်၏အသံကို ကြားလိုက်ရသည်။
"အရှင့်သား၊ အားလုံး အဆင်သင့်ဖြစ်ပါြပီ"
ထိုစကားကြောင့် ဟော်တူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး လဲ့ကျစ်ကို လှမ်းပြောလိုက်သည်။
"သွားကြမယ်၊ မင်း လျှောက်ရမယ့် ဖြတ်လမ်းကို ခင်းပြီးပြီ"
လဲ့ကျစ်က သူ့စကားတိုင်း လိုက်နာပြီး ကုတင်ပေါ်တွင် လှဲနေရာမှ ထကာ သူမ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ဟော်တူကို သပ်ရပ်အောင်ပြင်ပေးရန် သဘာဝအတိုင်း လှည့်ကြည့်လိုက်သည်။ ဟော်တူက သူမကို စိုက်ကြည့်ရင်း ဤအခိုက်အတန့်၏ ငြိမ်သက်အေးချမ်းမှုကို ခံစားနေမိသည်။
"ကောင်းပြီ"
လဲ့ကျစ်က ပြုံးနေပြီး သူ့လက်မောင်းကို လှမ်းကိုင်လိုက်သည်။ မည်သည့်အချိန်မှစ၍ ဤကဲ့သို့ တွဲလျှောက်ရန် ကျင့်သားရနေမှန်း မသိသော်လည်း သူမ၏ မသိစိတ်က သူ့ကို အမြဲ ဆုပ်ကိုင်ထားချင်နေမိသည်။
"ခဏနေဦး"
ဟော်တူက လဲ့ကျစ်ကို တားဆီးပြီး ထပ်ပြောလာပြန်သည်။
"အင်္ကျီထူထူတစ်ထပ် ထပ်ဝတ်လိုက်ဦး"
လဲ့ကျစ်က "အိုး" ဟု တုံ့ပြန်လိုက်ပြီး ကြိုးတန်းပေါ်ရှိ အပေါ်ရုံအင်္ကျီကို ယူရန် ပြန်လှည့်လိုက်သည်။ သူမက ပထမဆုံး ဟော်တူ၏ပခုံးပေါ်သို့ အပြာရင့်ရောင်အပေါ်ရုံကို တင်ပေးပြီးနောက် ကြိုးများကို သေချာချည်နှောင်ပေးလိုက်သည်။
ဟော်တူက အမြဲတမ်းအဝတ်အစားကို ပေါ့ပေါ့ပါးပါး ဝတ်လေ့ရှိပြီး အပေါ်ရုံအင်္ကျီကို ဘယ်တုန်းကမှ မကြိုက်ပေ။ သို့သော် သူမ၏အာရုံစူးစိုက်ထားသော မျက်ခုံးနှင့် မျက်လုံးများတွင် နှစ်မြုပ်နေသောကြောင့် သူမကို တားရန် အသံမထွက်နိုင်တော့ပေ။
‘အပူပေးမီးဖိုတွေ၊ အပေါ်ရုံအင်္ကျီတွေ... သူမက အမြဲတမ်း သူ့ကို ခြွင်းချက်ဖြစ်အောင် လုပ်နိုင်ပုံရတယ်’
ဟော်တူက ရယ်မောလိုက်ပြီး သူမအတွက် သူ ဘာတွေ ထပ်လုပ်ပေးနိုင်ဦးမလဲဆိုသည်ကို ရုတ်တရက် သိချင်စိတ် ပြင်းပြလာမိလေတော့သည်။
'အိုး... ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ'
ဘေးဘက်အခန်းထဲမှ ထွက်လာပြီး စင်္ကြံလမ်းတစ်လျှောက် ဖြတ်လျှောက်လာစဉ်အထိ လဲ့ကျစ်၏ ရင်ခုန်သံများ မြန်ဆန်နေဆဲပင်။ သွေးစွန်းခဲ့သော အဆောင်ငယ်လေးဆီသို့ ချဉ်းကပ်မိလာသည်နှင့်အမျှ သူမ ကျန်ရစ်ခဲ့သော အလောင်းများကို ကြည့်ရန် ကြောက်ရွံ့နေမိသည်။ သို့သော်လည်း မသိစိတ်၏ စေ့ဆော်မှုကြောင့် မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်မိလိုက်ရာ သူမ အံ့အားသင့်သွားရသည်။
မြေပြင်ပေါ်တွင်ရော၊ တံစက်မြိတ်အောက်တွင်ပါ အလောင်းများ၏ သဲလွန်စများ လုံးဝမရှိတော့ချေ။ သွေးကွက်များပင် ပျောက်ကွယ်သွားသောကြောင့် သူမကိုယ်တိုင် လူသတ်ခဲ့ခြင်းမဟုတ်ပါက ရန်ဟမ့်တို့အုပ်စု ဤနေရာသို့ လုံးဝရောက်မလာခဲ့ဖူးဟုပင် ထင်မှတ်မှားစရာ ဖြစ်နေလေသည်။
"မကြည့်နဲ့တော့၊ အားလုံး အဆင်ပြေသွားပြီ"
ဟော်တူက သူမ၏ အတွေးများကို မြင်နိုင်သလို သူမကို သတိပေးလိုက်သည်။
လဲ့ကျစ်က မနာလိုစွာ သက်ပြင်းချလိုက်သည်။
‘ကောင်းတယ်၊ လက်အောက်ငယ်သား ကောင်းကောင်း တစ်ယောက်ယောက် ရှိနေတာက တကယ်ကို ကောင်းလွန်းတယ်၊ မင်းရဲ့ပန်းတိုင်ကို ရောက်ဖို့ မင်း ကိုယ်တိုင် လုပ်စရာ မလိုဘူး’
လဲ့ကျစ်က သူမ ကျွန်စျေးမှ ဝယ်လာခဲ့သော လူငယ်ငါးယောက်ကိုလည်း ဤကဲ့သို့ အစွမ်းထက်လာအောင် လေ့ကျင့်ပေးရန် စိတ်ကူးယဉ်နေမိလေသည်။ တစ်နေ့တွင် သူမလည်း ဟော်တူကဲ့သို့ အင်အားကြီးမားလာရမည်ဟု သန္နိဋ္ဌာန်ချလိုက်မိသည်။
‘မဟုတ်ဘူး၊ သူမ သူ့ထက် သန်မာလာစေရမယ်’
.......။......။......
ရေပူစမ်းအပန်းဖြေအိမ်၏ အနောက်ဘက်ခြံဝင်းအတွင်းရှိ ခြောက်သွေ့နေသော ရေတိမ်ပိုင်းရေကန်ငယ်တစ်ခုအနားသို့ ရောက်လာသည်အထိ လဲ့ကျစ်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေရသည်။
‘ဒါက ဟော်တူပြောခဲ့တဲ့ ဖြတ်လမ်းဖြစ်မလား... ဘာမှလည်း မထူးခြားဘူးလေ’
‘ဒါပဲလား......’
ထိုအချိန်တွင် ဘေးတွင် ရပ်နေသော အန်းရွှယ်က ရှေ့သို့ တက်ကာ ရေကန်အလယ်ရှိ ခြောက်သွေ့နေသော စမ်းရေတွင်းဝသို့ ဓားရှည်ဖြင့် အားစိုက်ဖိသွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရေကန်၏နံရံက အောက်သို့ နိမ့်ဆင်းသွားပြီး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားကာ လျှို့ဝှက်ခြေနင်းလှေကားတစ်ခု ထွက်ပေါ်လာသည်။
လဲ့ကျစ်တစ်ယောက် အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကလေး အနည်းငယ် ပွင့်ဟသွားရသည်။
"ဒါက..."
"ဖြတ်လမ်းလေ"
ဟော်တူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
လဲ့ကျစ်က ဟော်တူ၏နောက်မှ တုန်လှုပ်စွာ လိုက်ပါလာခဲ့သည်။ သူမ ဤအိမ်ကြီးအကြောင်း အရာအားလုံး သိထားသည်ဟု ထင်ခဲ့သော်လည်း ဤကဲ့သို့သော လျှို့ဝှက်လမ်းကြောင်း ရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
လွန်ခဲ့သောအခိုက်အတန့်ကမှ မွေးဖွားလာခဲ့သည့် သူမ၏ယုံကြည်မှု အနည်းငယ်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
‘ဟော်တူက ဘယ်လောက်တောင် အင်အားကြီးနေတာလဲ၊ အနာဂတ်မှာ သူမတို့ ပြိုင်ဘက်တွေ ဖြစ်လာရင် သူမ သူ့ကို အမှန်တကယ် အနိုင်ရဖို့ အခွင့်အရေးရှိနိုင်သေးရဲ့လား...’
သို့သော် ယခုအချိန်တွင်တော့ သူမ အများကြီး ဆက်မတွေးနိုင်တော့ပေ။
သူမတို့ လျှို့ဝှက်ခန်းမကျယ်ကြီးအတွင်းသို့ ဝင်လာခဲ့ပြီး သူမတို့ လမ်းလျှောက်လာလေလေ မီးရောင်များက ပိုမိုတောက်ပလာလေ ဖြစ်သည်။ အထဲတွင် ပုန်းလျှိုးကွယ်လျှိုး စောင့်ကြပ်နေသော အစောင့်များက သူမတို့နှစ်ဦးကို မြင်လိုက်သည်နှင့် အရိုအသေပေးလိုက်ကြသည်။
"အရှင့်သားထိုက်ဇီ၊ ထိုက်ဇီဖေး"
သို့သော် လဲ့ကျစ်၏ အကြည့်များက မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူသုံးယောက်အပေါ်သို့သာ ကျရောက်နေသည်။ ထိုလူများ၏ အမည်ကို သူမ မသိသော်လည်း လွန်ခဲ့သော တစ်လခန့်က ရန်ဟမ့်နှင့်အတူ သူမ၏အစ်မ လဲ့ကျင်းကို စော်ကားမော်ကား ပြုမူခဲ့ကြသော ရုပ်ဆိုးလှသည့် ပုံစံများကိုတော့ သူမ မေ့နိုင်မည် မဟုတ်ပေ။
‘သူတို့က လွန်ခဲ့တဲ့တစ်လက ရန်ဟမ့်နဲ့အတူ ညစ်ပတ်တဲ့လက်တွေနဲ့ အစ်မရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို ထိတွေ့ခဲ့ကြတယ်’
လဲ့ကျစ်၏ရင်ဘတ်များက နိမ့်လိုက်မြင့်လိုက် ဖြစ်လာပြီး သူမ၏ အင်္ကျီလက်ဝကြားထဲတွင် ဝှက်ထားသည့် လက်များကို လက်သီးဆုပ်ထားမိသည်။
ထိုစဉ် အေးစက်သော လက်တစ်ဖက်က သူမ၏ လက်သီးဆုပ်လေးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သဖြင့် သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ဟော်တူ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများကို တွေ့လိုက်ရသည်။
"စိတ်အေးအေးထားပါ"
ဟော်တူ၏ မက်မွန်ပွင့်ပုံမျက်လုံးများက ပြုံးနေကာ တိုးတိုးလေး ထပ်ပြောလာပြန်သည်။
"ဒါက ဖြတ်လမ်းဆိုပေမယ့် ကိုယ်က ထိုက်ဇီဖေးကို ဒုက္ခမခံခိုင်းပါဘူး"
သူက ပြောပြီးသည်နှင့် သူမကို လက်တင်ထိုင်ခုံဆီသို့ ခေါ်သွားကာ ထိုင်ချလိုက်ရန် သူမ၏ပခုံးကို ဖိချလိုက်သည်။ ထို့နောက် သူက မဟော်ဂနီစားပွဲ၏တစ်ဖက်သို့ သွားကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ အစမှ အဆုံးအထိ ဟော်တူ၏ ကိုယ်ဟန်အနေအထားက အလျင်လိုခြင်း မရှိပေ။ သူက လက်ဖက်ရည်ပူပူတစ်ခွက်ကို ဖြည်းညှင်းစွာ လောင်းထည့်ပြီး သူမဘက်ကို တွန်းပို့လိုက်သည်။
လဲ့ကျစ်က ဤမြင်ကွင်းကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
‘ဟုတ်တာပေါ့... သိပ်မကြာသေးမီကမှ အိမ်တော်ရဲ့ ထပ်ခိုးမှာ လူတွေကို အတူတူ သတ်ဖို့ သူက သူမကို ဖိတ်ခေါ်ခဲ့တယ်လေ...’
အချိန်အားဖြင့် သိပ်မကြာလှသေးသော်လည်း သူမ၏ စိတ်အခြေအနေကတော့ များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က ခံစားခဲ့ရသော ထိတ်လန့်တုန်လှုပ်မှုများကို ပြန်တွေးကြည့်လျှင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုပင် ထင်မှတ်မှားစရာ ဖြစ်နေခဲ့သည်။ ယခုတွင် သူမ မကြောက်ရွံ့တော့ရုံသာမက မျှော်လင့်ချက်ဟူသည်ကိုပင် ရိုက်ချိုးထားပြီးသား ဖြစ်သည်။ သူမက တည်ငြိမ်စွာဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပူနွေးသောအရသာကို အေးအေးဆေးဆေး ခံစားနေလိုက်သည်။
ဟော်တူက သူမထံမှ အကြည့်ကို ပြန်လွှဲလိုက်ပြီး ပါးစပ်ထဲတွင် အဝတ်စများ အဆို့ခံထားရသော လူသုံးယောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကဲ... ဒါဆို တယောက်ပြီး တယောက်ပေါ့"
သူက လဲ့ကျစ်၏ တင်းတင်းဆုပ်ထားသော ညာဘက်လက်သီးဆုပ်ကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။
"ညာဘက်အစွန်ဆုံးက တစ်ယောက်နဲ့ စလိုက်"
“ဟုတ်ကဲ့”
လျှို့ဝှက်သက်တော်စောင့်က အမိန့်ကို နာခံကြောင်း တုံ့ပြန်လိုက်ပြီး ညာဘက်အစွန်းဆုံးလူဆီကို ခြေလှမ်းအနည်းငယ် လှမ်းသွားကာ သူ့ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်လိုက်သည်။ ထိုလူ၏မျက်နှာက အဆီပြန်နေပြီး သူ့အဝတ်အစားများက ညစ်ပတ်ပေရေနေသည်။ သူက ကြမ်းတမ်းသော အသက်ရှူသံဖြင့် အသက်ကို အနည်းငယ်ပြင်းပြင်း ရှူလိုက်ပြီးမှ ဟော်တူကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် အလေးအနက် လှမ်းကြည့်နေသည်။
သူက အများကြီး တွေးတောခဲ့ပြီး ဖြစ်သော်လည်း နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေဆဲပင်။ ထိုက်ဇီနှင့် ကျင့်ရှင်းဝမ် အကြားတွင် သဘောထားကွဲလွဲမှုနှင့် ဆန့်ကျင်မှုများ ရှိခဲ့ကြသည်။ ရှန်းယိစစ်တပ်က ကျင့်ရှင်းဝမ်၏ကွပ်ကဲမှုအောက်တွင် ရှိနေသော်လည်း အိမ်ရှေ့စံမင်းသားနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
သူ ခေါင်းကို လှည့်ပတ်ကြည့်လိုက်ပြီး သူ့မျက်လုံးထောင့်မှ လဲ့ကျစ်၏ အမူအရာကို မြင်လိုက်ရချိန်တွင်တော့ သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။
‘အဲဒီနေ့အတွက်လား.....
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး....
ထိုက်ဇီက ဒီလောက်နှစ်တွေ အကြာကြီး အမျိုးသမီးတွေနဲ့ လုံးဝ ရင်းနှီးမှု မရှိခဲ့ဘူး။ တာ့လီရဲ့ မင်းသမီးက အရှင့်သားထိုက်ဇီကို ဘယ်လို မြှူဆွယ်လိုက်တာလဲ’
သူက ထိတ်လန့်မှုကို ဖုံးကွယ်ကာ တည်ငြိမ်ဟန်ဆောင်လျက် လှမ်းမေးလိုက်သည်။
"တာ့ချီရဲ့ ဥပဒေတွေက တင်းကျပ်ပြီး သမာသမတ်ကျတယ်၊ အရှင့်သားထိုက်ဇီက ဓားစာခံမင်းသမီးအတွက် ကိုယ့်လူအချင်းချင်းကို သတ်ချင်တာလား"
မည်သို့ပင်ဆိုစေကာမူ သူက ရှန်းယိစစ်တပ်၏ လက်ထောက်ဖြစ်ပြီး သူရဲကောင်းလည်း ဖြစ်သည်။ ဓားစာခံမင်းသမီးတစ်ယောက်အတွက်နှင့် သူ့ကို တစ်ခုခုလုပ်ဝံ့လိမ့်မည်ဟု သူ မယုံနိုင်ဖြစ်နေသေးသည်။
ဟော်တူက သေခါနီးအထိ နောင်တမရနိုင်သေးသော ထိုလူကို ကြည့်ကာ စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေမိသည်။ သူက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ပို၍ သဘာဝကျသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
"မင်း"
ထိုလူက အံကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့က တာ့ချီရဲ့ လူတွေဆိုတာကို မမေ့ပါနဲ့၊ ဒီမိန်းမက တိုင်းတပါးသူ၊ မင်းက သူ့ကို စွဲလန်းပြီး မင်းရဲ့ဆွေမျိုးသားချင်းကို သတ်ပစ်တော့မှာလား’
"အင်း...."
ဟော်တူ၏မက်မွန်ပွင့်ပုံ မျက်လုံးများတွင် လေးလံအုံ့မှိုင်းသော အကြည့်တစ်ခု ရှိနေသည်။ အစောင့်က အလွန် အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူက ထိုလူ၏ ပါးစပ်ကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်ကာ ဆေးပြားတစ်ပြား ပစ်ထည့်လိုက်ပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။
သိပ်မကြာခင်မှာပင် ထိုလူက ပြင်းထန်စွာ ရုန်းကန်ရင်း ညည်းညူသံနှင့်အတူ အသက်ပျောက်သွားတော့သည်။ အစောင့်က သူ့လက်ကို လွှတ်လိုက်ပြီး ထိုလူ၏ပါးစပ်အတွင်းမှ လျှာအပါအဝင် တစ်သျှူးများမှာ အဆိပ်ကြောင့် ကြေမွပျက်စီးပြီး သွေးများ ရွှဲနစ်နေလေသည်။ ထိုလူက အသံပင် မထွက်နိုင်ဘဲ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။
လေလုံနေသော အမှောင်ခန်းထဲတွင် သွေးညှီနံ့များ ပျံ့နှံ့နေသည်။
ဟော်တူက ထိုမြင်ကွင်းကို ကျေနပ်အားရစွာ ကြည့်နေခဲ့ပြီး သွေးစီးဆင်းနေသော မြင်ကွင်းကို သူ အလွန်သဘောကျနေပုံရသည်။ သူက လဲ့ကျစ်၏ အေးစက်နေသော အဖြူရောင်ပုံရိပ်ကိုလည်း ဘေးတိုက်ကြည့်လိုက်သေးသည်။
‘သူမရော သဘောကျရဲ့လား...’
"သူ့ကို ဆွဲထုတ်ပြီး သွေးတွေကို ဆေးချလိုက်"
‘ခွေးမသား....
ဘယ်သူက မင်းရဲ့ဆွေမျိုးလဲ...’
ပထမလူ၏ အသံတိတ်သေဆုံးမှုကို မြင်လိုက်ရပြီးနောက် ကျန်လူနှစ်ယောက်၏ တုံ့ပြန်ပုံက သိသိသာသာ ကွဲပြားသွားသည်။ အလယ်မှလူက ကြောက်စိတ်လွန်ကဲကာ ရူးသွပ်သွားပုံရသည်။ သူက ချည်နှောင်ထားသော လက်များဖြင့် ရှေ့သို့ အတင်းတိုးဝှေ့ရင်း ပါးစပ်မှ အဝတ်စ ပြုတ်ကျသွားသည်နှင့် လဲ့ကျစ်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေလေသည်။
"စုန်းမ... မင်းက ဒီအရူးကို မြှူဆွယ်ပြီး ကလဲ့စားချေခိုင်းနေတာလား၊ မင်းလည်း တစ်နေ့ လက်တုံ့ပြန်ခံရမှာပဲ"
ဟော်တူ၏ မျက်ဝန်းများ ဝင်းခနဲဖြစ်သွားပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်အဖုံးကို ကောက်ယူကာ ထိုလူ၏ နဖူးတည့်တည့်သို့ ပစ်ပေါက်ရန် ပြင်လိုက်သည်။ သို့သော် လဲ့ကျစ်က သူ့လက်ကို အသာအယာ ဖမ်းကိုင်ကာ တားလိုက်ပြီး ခပ်အေးအေး ပြောလာခဲ့သည်။
"သူ ဘာတွေပြောဦးမလဲဆိုတာ နားထောင်လိုက်ပါဦး"
မည်သို့ပင်ဆိုစေကာမူ ထိုယောက်ျားကလည်း သူ အသက်မရှင်နိုင်တော့မှန်း နားလည်နေပြီး အကုန်ပြောရန် ဆုံးဖြတ်လိုက်သည်။ သူက ဟော်တူကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ဆက်အော်ဟစ်နေလေသည်။
"မင်း မိန်းမ မမြင်ဖူးဘူးလား၊ ဒုက္ခိတကောင်... သူ ဘယ်လောက်ပဲ လှလှ အဲဒါက ကစားစရာတစ်ခုသာသာပဲ၊ ဒါပေမယ့် မင်းကတော့ မင်းနှာခေါင်းကြောင့် ကစားစရာက သူ ထိန်းချုပ်တာကို ခံနေရပြီ၊ သူ့နှလုံးသားထဲမှာ မင်း ရှိမယ်လို့ မင်း ထင်နေတာလား၊ အိပ်မက် မက်မနေနဲ့တော့၊ ဘယ်သူက မင်းလို ဒုက္ခိတကို ကြိုက်မှာလဲ၊ သူ နှစ်သက်တာက တတိယမင်းသားပဲ"
သူက ဟားတိုက် ရောမောရင်း ဆက်ပြောနေသေးသည်။
"နိုးထလိုက်တော့၊ ဒီမိန်းမနဲ့ ရာဇပလ္လင်က တတိယမင်းသားအတွက်ပဲ ဖြစ်လာမှာ၊ ဟား ဟား"
ထိုစကားက လဲ့ကျစ်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသော်လည်း ထိုကဲ့သို့ညစ်ညမ်းသည့် ဆဲဆိုမှုမျိုးက သူမကို မထိခိုက်စေနိုင်တော့ဘဲ ဆူညံသည်ဟုသာ ခံစားလိုက်ရသည်။
‘စောစောကသိရင် သူ့ကို ပြောခွင့်မပေးဘူး။’
သို့သော် သူမဘေးမှ ဟော်တူကို ကြည့်လိုက်ချိန်တွင်တော့ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်ကို သူမ တွေ့ရသည်။ သူ၏ မျက်ဝန်းများက နတ်ဘုရားတစ်ပါး၏ အပြုံးကဲ့သို့ ကြည်လင်နေသော်လည်း လဲ့ကျစ်ကတော့ သူမ၏တစ်ကိုယ်လုံးကို စိမ့်တက်သွားစေသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
"လာ... ငါ့ကို ဆေးတိုက်စမ်း"
ထိုလူက အသေခံမည့်ပုံစံဖြင့် ပါးစပ်ဖြဲကာ အော်ဟစ်နေသည်။
ထိုအချိန်တွင် ရယ်သံနှင့်အတူ မေးသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက... ဟောင်ရတာကို ဒီလောက်တောင် ကြိုက်နေတာလား"
ထိုလူ ဟော်တူဆီသို့ တိုးသွားကာ သူ၏ အေးစက်သော အသံက အလွန်အေးစက်သွားပြီး ပါးစပ်ပိတ်ရန်ပင် မေ့သွားခဲ့သည်။
"ဘာကို ဟောင်တာလဲ၊ ဘယ်သူက ပိုဟောင်နေတာလဲ၊ မင်းလား ခွေးရူးကောင်"
ထိုလူ သတိပြန်မဝင်လာမီတွင် အစောင့်များက သူ့ကို ညာဘက်ရှိ သံတံခါးငယ်ထဲသို့ ပစ်ချလိုက်သည်။
ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သံတံခါးမှ ထွက်လာသော ဆူညံသံများကို လဲ့ကျစ်က ကြားလိုက်ရသည်။
နိုးကြားလာသော ခွေးကြီးများ၏ ဟောင်သံ.... ထို့နောက် လူတစ်ယောက်၏ စူးရှသော အော်ဟစ်သံနှင့် အသားများ ပြတ်ထွက်သွားသံများ....
တံခါးတစ်ချပ်သာ ခြားထားသဖြင့် ထိုမြင်ကွင်းကို အတိုင်းသား မြင်ယောင်နိုင်သည်။ သို့သော် ထိုလူက ချက်ချင်းမသေပေ။ ခွေးများက သူ့ကို တိုက်ရိုက်မသတ်ဘဲ အပိုင်းပိုင်းကိုက်ဖြတ်ကာ ကျီစားနေသဖြင့် နာကျင်မှုက အဆုံးမရှိသကဲ့သို့ ဖြစ်နေလေသည်။
နောက်ဆုံးကျန်နေသူကတော့ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့နဖူးမှ ချွေးများက မိုးရေကဲ့သို့ စီးကျနေသည်။ အစောင့်က အဝတ်စကို ဖယ်ပေးလိုက်ချိန်တွင် သူ၏ သွားများ တဂတ်ဂတ် မြည်နေတော့သည်။
"အရှင့်သား၊ ကျွန်တော်မျိုး မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
သူက မြေပြင်ပေါ်တွင် ဝပ်တွားရင်း ဟော်တူ၏ ခြေရင်းသို့ ရောက်ရန် ကြိုးစားနေသော်လည်း အစောင့်များက သူ့ကို ထိန်းချုပ်ထားကြသည်။
"ကျွစ်... ကျွစ် "
ဟော်တူက ကျေနပ်သွားသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အမှားကို သိရင် ပြင်လိုက်တာ ကောင်းတယ်"
ထိုလူက မျှော်လင့်ချက်အလင်းရောင်ကို မြင်လိုက်ရသလို မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
'ဒါဆို ငါ မသေရတော့ဘူး မဟုတ်လား....’
"ဒါပေမယ့် ငါ့ကို တောင်းပန်တာက အသုံးမဝင်ဘူး"
ဟော်တူက သစ်သားစားပွဲပေါ် အသာအယာ ပုတ်ကာ ကြင်နာဟန်ဖြင့် သတိပေးလိုက်သည်။
"မင်း သူ့ကို တောင်းပန်သင့်တာ"
"ထိုက်ဇီဖေး၊ ကျွန်တော်ကို ခွင့်လွတ်ပေးပါ၊ ကျွန်တော် မှားခဲ့ပါတယ်၊ ကျွန်တော် မှားခဲ့ပါတယ်၊ ကျွန်တော် တကယ်ကို မှားခဲ့ပါတယ်"
လဲ့ကျစ်က ထိုလူ၏ထိတ်လန့်နေသော မျက်နှာကို အေးစက်စွာ ကြည့်နေသော်လည်း သူမ နှလုံးသားတွင် ပျော့ပျောင်းသွားရန် ရည်ရွယ်ချက် မရှိပေ။
ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များ၊ အသေးစိတ်အကြောင်းအရာများနှင့် သူတို့၏မျက်နှာပေါ်ရှိ အမူအရာတိုင်းကို သူမ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။ အကယ်၍ သူတို့က ဟော်ရှ၏ အမိန့်ကို ကူကယ်ရာမဲ့ နာခံခဲ့ရသည်ဆိုလျှင် သူတို့ မျက်နှာပေါ်၌ ထိုကဲ့သို့ ရွံရှာဖွယ် အမူအရာမျိုး ရှိခဲ့လိမ့်မည် မဟုတ်ပေ။
‘သူတို့က ပျော်ပျော်ပါးပါးနဲ့ အစ်မတော်ကို အရုပ်လို ကစားချင်နေခဲ့ကြတာပါ...’
‘ဟော်ရှက တားဖို့ ခေါ်တာတောင် သူတို့က ရပ်တန့်ဖို့ တွန့်ဆုတ်နေကြတုန်းပဲ’
“ဒီလူက အခု အသနားခံတဲ့ မျက်နှာနဲ့ တောင်းပန်နေပေမယ့် အဲ့အချိန်က အစ်မရဲ့ခုခံမှုကို လျစ်လျူရှုပြီး အားမာန်အပြည့်နဲ့ အစ်မရဲ့ဝတ်စုံကို ဆုတ်ဖြဲပစ်ခဲ့တာ မဟုတ်ဘူးလား’
ဟော်တူက လဲ့ကျစ်၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းလွှာများကို စိုက်ကြည့်ရင်း သူမ၏ စိတ်ထဲမှ နာကျင်မှုကို နားလည်လိုက်သည်။ သူက လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး လက်ချောင်းကြားတွင် ညှပ်ထားသော ငွေအပ်ကလေးကို ပစ်လွှတ်လိုက်သည်။ ငွေအပ်က ထိုလူ၏ နဖူးအလယ်တည့်တည့်သို့ တိကျစွာ စိုက်ဝင်သွားပြီး ထိုလူလည်း ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။
ဟော်တူက သူ့ကို စက်ဆုပ်ရွံရှာစွာဖြင့် တစ်ချက်ကြည့်လိုက်ပြန်သည်။
‘မင်းက မှားမှန်းသိနေလို့ ဒီမင်းသားက မင်းကို ကျေကျေနပ်နပ်နဲ့ စောစောပေးသေလိုက်မယ်’
ထိုအချိန်တွင် သံတံခါးအတွင်းမှ အသံများကလည်း တဖြည်းဖြည်း အားနည်းသွားကာ လူအော်သံ ပျောက်ကွယ်သွားပြီး ဗိုက်ဝသွားသော ခွေးကြီးများ၏ ဟစ်အော်သံများသာ ကျန်ရစ်နေခဲ့သည်။ တစ်ခဏအတွင်းမှာပင် လျှို့ဝှက်ခန်းမတစ်ခုလုံး သွေးညှီနံ့များ ပြင်းထန်လာသည်။
လဲ့ကျစ်က သူမ၏နှာခေါင်းပေါက်၊ ပါးစပ်နှင့် လည်ချောင်းများတွင် သွေးများဖြင့် ပြည့်နေသလို ခံစားနေရပြီး ၎င်းကို ဖိနှိပ်ရန် ပိုကြိုးစားနေရသည်။ သို့သော် ဟော်တူ သူမအနားသို့ တိုးလာပြီး သူမပုခုံးကို ထိရန် လက်လှမ်းလိုက်ချိန်တွင် သူမ မအောင့်နိုင်တော့ပေ။ သူမက ရုတ်တရက် ခေါင်းကို လွှဲကာ ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ပြီး ရှောင်ထွက်လိုက်မိသည်။
လဲ့ကျစ်က ဟော်တူ ချဉ်းကပ်လာသည်ကို သတိမထားမိဘဲ အော်ဂလီဆန်လာသောကြောင့် သူမ၏ လက်ကို အားတင်းကာ ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သော်လည်း ဟော်တူ၏ လက်ကို တွန်းဖယ်လိုက်သို ဖြစ်သွားခဲ့သည်။
ဟော်တူက လဲ့ကျစ် တွန်းဖယ်လိုက်သော သူ့လက်ဖဝါးကို စိုက်ကြည့်ရင်း သူ့မျက်လုံးများနှင့် မျက်နှာတွင် မပျက်မယွင်းရှိနေခဲ့သော အပြုံးက ချက်ခြင်း ပျောက်ကွယ်သွားသည်။
‘သူမက ခေါင်းကို လှည့်ပြီး မျက်နှာကို အုပ်ထားတဲ့အပြင် သူ့ကိုတောင် မကြည့်ရဲတော့ဘူးပေါ့....
သူလုပ်ခဲ့တာတွေက ရွံရှာဖို့ ကောင်းလွန်းတယ်လို့ သူမက ထင်နေတာလား....’
သူက မျက်မှောင်ကြုတ်ကာ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူကပ နှုတ်ခမ်းကို တွန့်ကွေးကာ ခါးသက်သက်ဟန်ဖြင့် ပြုံးနေပြန်သည်။
‘ကလဲ့စားချေတာတောင်မှ လဲ့ကျစ်က တစ်ချက်တည်းနဲ့ သတ်ဖို့ ရွေးချယ်ခဲ့တယ်၊ အဲ့ဒါက သူနဲ့ လုံးဝ မတူဘူး၊ သူက ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ရတာကို နှစ်သက်တဲ့သူ’
‘သူမက ကောင်းမြတ်ခြင်းနတ်ဘုရားကို ယုံကြည်ပြီး သနားကြင်နာတတ်တဲ့ စိတ်ရှိတယ်။ သူနဲ့ မတူတာက သူက သူ့နှလုံးသားကိုတောင် ဆုံးရှုံးခဲ့ရတာ တော်တော်ကြာနေပြီ’
‘သူမ ဒီလို တုံ့ပြန်တာက ပုံမှန်ပါပဲ၊ သူတို့က တစ်ကမ္ဘာထဲက တူညီတဲ့လူတွေ မဟုတ်ကြဘူး’
ထိုအရာများကို တွေးလိုက်မိချိန်တွင် ဟော်တူက သူ့အင်္ကျီလက်ဝထဲမှ လက်ကိုင်ပဝါကို ဆွဲထုတ်ကာ စားပွဲပေါ်တင်ပေးလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို အောက်ငုံ့ကာ ဖြည်းဖြည်းချင်း လှည့်ထွက်လာခဲ့သည်။
လဲ့ကျစ်က အချိန်အတော်ကြာ ဆို့နင့်နေပြီး မျက်ရည်များထွက်သည်အထိ အန်နေခဲ့သည်။ သို့သော် သူမ တစ်ရက်နီးပါး အစာမစားထားသဖြင့် အစာအိမ်ထဲတွင် ဗလာဖြစ်နေကာ တခြားဘာမှ ထွက်မလာနိုင်ပေ။
နောက်ဆုံးတွင် သူမ ပြန်လှည့်လာပြီး စားပွဲပေါ်မှ လက်ကိုင်ပုဝါကို ကောက်ယူကာ မျက်ရည်များကို သုတ်လိုက်သည်။ ထိုအခါမှ ဟော်တူနှင့် အန်းရွှယ်တို့ မရှိတော့သည်ကို သူမ သတိပြုမိသွားသည်။
"အရှင့်သား ဘယ်မှာလဲ"
သူမက ဘေးမှ အစောင့်ကို လှမ်းမေးလိုက်သည်။
"ထိုက်ဇီဖေး... အရှင့်သားက အပြင်ကို ထွက်သွားပါပြီ"
‘ဘာလဲ... သူက သူမကို မခေါ်ဘဲ တစ်ယောက်တည်း ထွက်သွားတာလား... ဘာလို့လဲ...’
လဲ့ကျစ်က ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး လျှို့ဝှက်လမ်းအတိုင်း အမြန်ပြေးထွက်လာခဲ့သည်။ အပေါ်သို့ ရောက်သောအခါ လေကောင်းလေသန့်များ ရလိုက်ပြီး အနည်းငယ် သက်သာသွားခဲ့သည်။
‘ဒါဆို ဟော်တူက သွေးနံ့ကို မခံနိုင်တော့လို့ အသက်ရှူဖို့ အရင်ထွက်သွားခဲ့တာလား’
သို့သော် သူ သူမကို မစောင့်ဘဲ ထွက်သွားသည့်အတွက် စိတ်တိုနေမိသေးသည်။
‘သူ ဘယ်လောက်ပဲ စိတ်ရှုပ်နေပါစေ သူမကို ခေါ်ဖို့တောင် အချိန်မရှိဘူးလား’
ထိုအချိန်တွင် ရေတိမ်ကန်ဘေးတွင်ရပ်နေသော အန်းရွှယ်က ပြောလာပြန်သည်။
"ထိုက်ဇီဖေး၊ အိမ်တော်ကို မပြန်ခင် မနက်စာစားလို့ ရပါသေးတယ်"
လဲ့ကျစ် လှည့်ပတ်ကြည့်လိုက်သော်လည်း ဟော်တူကို မတွေ့ရသေးသဖြင့် မေးလိုက်မိပြန်သည်။
"အရှင့်သားက ဘယ်မှာလဲ"
"အရှင့်သားက လုပ်စရာတွေ ရှိပါသေးတယ်၊ ကျေးဇူးပြုပြီး မနက်စာ စားသွားပါ"
.....။.....။.....
ရေပူစမ်းအပန်းဖြေအိမ်ဖြစ်နေသောကြောင့် မနက်စာက မွှေးရနံ့များ ပြည့်လျှံနေပြီး ဟင်းပွဲများကလည်း အလွန် လက်ရာကောင်းနေသည်။
လဲ့ကျစ်က အနည်းငယ် ဂနာမငြိမ် ဖြစ်နေပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။
‘ဟော်တူက ဘာလို့ မလာသေးတာလဲ’
အနားတွင် အစေခံများ မရှိသောကြောင့် အန်းရွှယ်က သူမအတွက် ကူညီပေးနေခဲ့သည်။ သူက ကြာစေ့ဟင်းရည်ကို ပန်းကန်လုံးတစ်လုံးထဲသို့ ဖြည့်လိုက်ပြီး လဲ့ကျစ်၏ရှေ့သို့ ချပေးလိုက်သည်။
"ထိုက်ဇီဖေး၊ ကျေးဇူးပြုပြီး သုံးဆောင်ပါ"
မူလက ဗိုက်ဆာနေခဲ့သည့် လဲ့ကျစ်က ယခုအချိန်တွင် အစာစားချင်စိတ် လုံးဝ ပျောက်ကွယ်သွားရသည်။
‘တစ်ခုခုမှားနေပြီ၊ တွေးလေလေ၊ တစ်ခုခုက မူမမှန်လေပဲ၊ သေသင့်တဲ့သူတွေ အကုန် အသတ်ခံရပြီးပြီ၊ ဟော်တူကိုယ်တိုင်လုပ်ဖို့ ဘာတွေ ရှိနေသေးတာလဲ’
‘လုံးဝ မဟုတ်တော့ဘူး...’
သူမက အန်းရွှယ်၏ မျက်လုံးများကို မော့ကြည့်လိုက်ပြီး အလေးအနက် ထပ်မေးလိုက်သည်။
"အရှင့်သားက ဘယ်ကိုသွားတာလဲ"
"အရှင့်သားက..."
"အမှန်အတိုင်း ကြားချင်တယ်"
လဲ့ကျစ်၏ ပြတ်သားသော အကျပ်ကိုင်မှုအောက်တွင် အန်းရွှယ်တစ်ယောက် သက်ပြင်းချကာ ဝန်ခံလိုက်ရသည်။
"အရှင့်သားက... အိမ်တော်ကို အရင်ပြန်သွားပါပြီ"
"ဘာလဲ"
ထိုစကားက လဲ့ကျစ်ကို အံ့အားသင့်သွားစေသည်။
"ဘာလို့ ငါ့ကို ထားခဲ့တာလဲ"
လဲ့ကျစ်၏ ဗလာကျင်းနေသော အမူအရာကို ကြည့်ရင်း အန်းရွှယ်က သက်ပြင်းချလိုက်ပြန်သည်။ အရှင့်သားက ဘာမှ မပြောခဲ့သော်လည်း သူကတော့ အရာရာကို မြင်နေရသည်။ ထို့ကြောင့် မနေနိုင်မထိုင်နိုင် တိုးတိုးလေး ပြောမိပြန်သည်။
"အရှင့်သားက ထိုက်ဇီဖေး... သူနဲ့အတူ မလိုက်ချင်ဘူးလို့ ထင်နေတာပါ"
"အဲ့ဒါက ဘာအဓိပ္ပါယ်လဲ"
လဲ့ကျစ်တစ်ယောက် ပို၍ပင် စိတ်ရှုပ်သွားရသည်။
‘ဘာတွေ ဖြစ်နေတာလဲ....’
"အခုနပဲ လျှို့ဝှက်ခန်းထဲမှာ ထိုက်ဇီဖေးက အရှင့်သားရဲ့လက်ကို တွန်းဖယ်လိုက်တာလေ၊ အဓိပ္ပါယ်က ထင်ရှားနေတာ မဟုတ်ဘူးလား..."
အန်းရွှယ်ကလည်း တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။
‘အရှင့်သားရဲ့အမူအရာ ဘယ်လောက် အထိနာနေတာကို သူ မြင်ခဲ့ရတယ်လေ’
‘ဘာတွေ ဘယ်လို ဖြစ်နေတာလဲ.... အား... စိတ်ရှုပ်လိုက်တာ....’
လဲ့ကျစ်က မှင်သက်နေပြီးမှ အဖြစ်အပျက်များကို ပြန်လည်စီစစ်နေခဲ့သည်။
'ရှုပ်လိုက်တာ... ငါ သွေးညှီနံ့ကြောင့် ပျို့အန်ချင်သလို ဖြစ်လို့ ရှောင်လိုက်တာကို သူက နားလည်မှုလွဲသွားတာလား'
သို့သော် သူမ၏စိတ်ထဲတွင် ဒေါသလည်း ထွက်လာပြန်သည်။
‘ဒါပေမယ့် သူက ဘယ်လိုလူလဲ... ပါးစပ်ရှိနေတာကို စကားမပြောနိုင်ဘူးလား... သူ ငါ့ကို မေးလို့မရဘူးလား....’
‘ခြေထောက်တစ်ဖက် မကောင်းတာတောင် လမ်းလျှောက်တာက ဒီလောက်မြန်တယ်၊ အဲ့ခြေထောက်တွေက နှစ်ချောင်းစလုံး ကျိုးနေသင့်တာ...’
လဲ့ကျစ်က အန်းရွှယ်ကို ရှင်းပြရန် အချိန်ဆွဲမနေတော့ဘဲ အပန်းဖြေအိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ သို့သော် သူမ အိမ်၏တံခါးဝသို့ ရောက်လာချိန်တွင် အန်းရွှယ်က သူမကို အမှီလိုက်လာနိုင်ခဲ့သည်။
"ထိုက်ဇီဖေး၊ ကျေးဇူးပြုပြီး လှည်းပေါ်တက်ပါ၊ ဒီလက်အောက်ငယ်သားက ထိုက်ဇီဖေးကို ပြန်ခေါ်သွားပေးပါ့မယ်"
"သူ ဘယ်လို ပြန်သွားတာလဲ"
"အရှင့်သား..."
အန်းရွှယ်၏ အမူအရာက တမျိုးဖြစ်သွားသော်လည်း သူ ပြန်ဖြေလိုက်သေးသည်။
"အရှင့်သားက... လမ်းလျောက်ပြီး ပြန်သွားတာပါ"
လဲ့ကျစ်က တုံ့ဆိုင်းမနေတော့ဘဲ လှည်း၏တစ်ဖက်ဆီသို့ ပြေးသွားလိုက်သည်။ ထိုနေရာတွင် အမြန်ပြေးနိုင်သည့် မြင်းတစ်ကောင် ရှိနေလေသည်။
သူမက မြင်းပေါ်တက်လိုက်ပြီး မြင်း၏ဦးခေါင်းကို ပြန်လှည့်ကာ မြေမှုန့်များကိုသာ ချန်ထားခဲ့တော့သည်။
အိမ်တော်သို့ ပြန်နိုင်သော လမ်းက တစ်လမ်းတည်းသာ ရှိပြီး ဟော်တူက လမ်းလျှောက်ပြန်သွားလျှင် သူမနှင့်အတူ မြင်းစီးနိုင်မည် ဖြစ်သည်။
လေတိုးသံများက သူမ၏ပါးနှင့်နားတို့ကို ထိခတ်သွားချိန်တွင် လဲ့ကျစ်က ခေါင်းကို အနည်းငယ်မော့ ကြည့်လိုက်ရာ ကောင်းကင်က မှိန်ဖျော့ဖျော့ ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမဘေးနားတွင် သစ်ပင်များနှင့် မြက်ပင်များ တရိပ်ရိပ် ကျန်နေခဲ့သည်။
မကြာမီပင် သူမနှင့် ရင်းနှီးနေသောရုပ်သွင်ကို တွေ့လိုက်ရသည်။
လဲ့ကျစ်က ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆွဲလိုက်ပြီး ပြေးနေသောမြင်း၏ အရှိန်ကို ရုတ်တရက် ရပ်တန့်စေလိုက်သည်။
သူမက မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြေကျင်းဝတ်မှ နာကျင်မှုတစ်ခု စူးခနဲ တက်လာသော်လည်း သူမ မရပ်တန့်ဘဲ ရှေ့သို့ ပြေးသွားလိုက်သည်။ ဟော်တူက မြင်းခွာသံကို ကြားသွားပုံဖြင့် တစ်ခဏမျှ ခေတ္တရပ်သွားပြီး ခဏအကြာတွင် လမ်းဆက်လျောက်နေသည်ကို သူမ တွေ့လိုက်ရသည်။
‘သူမ သူ့နောက်က လိုက်လာတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနေတာတောင်မှ သူက မရပ်ဘူးပေါ့’
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး သူ့ကို အနောက်မှ စိုက်ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူမ သူ့အတွက် ဝတ်ပေးထားသော အပေါ်ဝတ်ရုံကို ဆုတ်ဖြဲပစ်ချင်လာပြန်သည်။
‘အေးခဲပြီး သေသွားလဲပြီးတာပဲ...’
နောက်ဆုံးတွင် သူမ နက်ပြာရောင်ပုံရိပ်ကို အလွယ်တကူ မှီလာခဲ့သည်။ လဲ့ကျစ်က သူမ၏လက်နှစ်ဖက်လုံးဖြင့် သူ့ကို အနောက်မှ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး ဟော်တူ့ကို တားဆီးလိုက်သည်။
"အရှင့်သားက ဘာလို့ ကျွန်မကို မစောင့်တာလဲ"
သူမက ဒေါသတကြီး အော်မေးလိုက်သေးသည်။
လဲ့ကျစ်က ဟော်တူ၏ ခန္ဓာကိုယ်က တန့်သွားသည်ကို ခံစားလိုက်ရသော်လည်း သူက စကားမပြောသေးပေ။
နားလည်မှုလွဲခံရသည့် နစ်နာမှုများကြောင့် မကျေလည်မှုများက ပိုမိုများပြားလာသည်။ လဲ့ကျစ်က သူမလက်နှစ်ဖက်ဖြင့် သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ကျောပြင်ကို မျက်နှာအပ်ကာ တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။
“ဟော်တူ”
.....။......။.....
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....
ဟော်တူ : ငါ့မိန်းမက ငါ့ကို ရွံနေပြီ (မျက်ရည်စက်လက်ဖြင့်)
ကျစ်ကျစ် : ငတုံးကြီး... သေသင့်တဲ့ ခြေကျိုးကောင်၊ ထိလွယ်ရှလွယ်နဲ့ ချော့ရခက်တဲ့ လူယုတ်မာကြီး.....
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟