CHAPTER 20
Viewers 673

အခန်း ၂၀ ထောင်ချောက်တစ်ခုပဲ

 

ညဥ့်နက်ချိန်တွင် စုံတွဲကြားမှ အချစ်ရေးက ပူလောင်နေခဲ့သည်။

 

ဟော်ရှက သူ ဘာမှားနေမှန်း မသိဘဲ သူ မင်္ဂလာဆောင်ခါနီးနေတွင် သူ့အမေက သူ့ကို ပြတ်ပြတ်သားသား ပြောခဲ့သည်မှာ  မိန်းမအတွက်နှင့် သူ့ဆန္ဒကို အရမ်းအလိုမလိုက်ဖို့ဖြစ်နေခဲ့သည်။ သို့သော် သူ ဤအခန်းထဲသို့ဝင်သည့်အခါတိုင်း သူ့ကိုယ်သူ ထိန်းထားရန် ခက်ခဲနေပြန်သည်။

 

‘သူ့ရင်ခွင်ထဲက နူးညံ့တဲ့ရနံ့တွေက သူ့နှလုံးသားကို နာကျင်စေတယ်’

 

“ဒေါက်၊ ဒေါက်…”

 

တံခါးခေါက်သံက ဟော်ရှ၏ စိတ်ကူးယဉ်အတွေးများကို အနှောင့်အယှက်ပေးလိုက်သည်။ သူက ကုတင်ပေါ်မှ စိတ်ဆိုးမာန်ဆိုးဆင်းကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

 

"ဘာဖြစ်တာလဲ"

 

တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲ၌ ကြွင်းကျန်နေသော ချစ်ခြင်းမေတ္တာရနံ့များက အပြင်သို့ လွင့်ပျံ့လာသည်။ အစောင့်က မျက်မှောင်ကြုတ်လိုက်သော်လည်း ပြန်လျှောက်တင်လိုက်သည်။

 

“အရှင်၊ လီယောင်က ထိုက်ဇီဖေး အောင်မြင်ကြောင်း သတင်းပေးပို့ခဲ့ပါတယ်၊ အခု ထိုက်ဇီက အဆိပ်သင့်နေပါပြီ”

 

ဟော်ရှက ခဏလောက် ထိတ်လန့်သွားပြီးမှ ရယ်မောလိုက်သည်။

 

"ဟား ဟား! ကောင်းကင်ဘုံက တကယ်ပဲ ငါ့ကို ကူညီနေတာပဲ”

 

သူ ရယ်မောလိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်သွားပြန်သည်။

 

‘ဟော်တူဆီမှာ ထူးဆန်းတဲ့ စိတ်ထားရှိတယ်၊ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားတဲ့အတွက်... လဲ့ကျစ် အဲဒီအတွက် အများကြီး ကြိုးစားခဲ့ရမှာ သေချာတယ်။ ဖြစ်နိုင်တာက… ဟော်တူက သူမကို ရသွားပြီလား’

 

သူ့ရင်ဘတ်ထဲ၌ ဒေါသများ လောင်ကျွမ်းလာသည့်အတွက် ဟော်ရှက သူ့လက်သီးများကို ဆုပ်ထားလိုက်သည်။

 

‘သူ မစောင့်နိုင်တော့ဘူး’

 

‘ဟော်တူက အဆိပ်သင့်နေပြီဆိုမှတော့ အဆိပ်ပြန့်တဲ့အထိ ဘာလို့ စောင့်နေရမှာလဲ’

 

လဲ့ကျစ် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဟော်တူ၏ အိပ်ရာပေါ်တွင် ဟော်တူနှင့်အတူ အိပ်ခဲ့ရသည်ကို တွေးရင်း သူ သည်းမခံနိုင်တော့ပေ။

 

‘သူ အဲဒါကို ရအောင် ဟန့်တားမယ်’

"လီယောင်ကနေတဆင့် ကျစ်ကျစ်ကို ပြောလိုက်၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မနက်ဖြန်ည ဟန်ရှီ (ည ၉ နာရီကနေ ၁၁ နာရီ) မှာ  ဟော်တူကို နောက်ဖေးဥယျာဉ်အထိ ခေါ်ဆောင်လာရမယ်လို့ ပြောလိုက်"

 

ဟော်ရှက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

 

“ဟုတ်ကဲ့”

 

သူ နွေးထွေးသောကုတင်သို့ ပြန်ရောက်သွားချိန်တွင် နူးညံ့သိမ်မွေ့သောလူက သူ့ရင်ခွင်ထဲသို့ တည့်တည့်တိုးဝင်လာသည်။ ဟော်ရှက မကြာမီ  သူ၏ကျစ်ကျစ်ကို ဤကဲ့သို့ ရင်ခွင်ထဲ၌ ပွေ့ဖက်နိုင်တော့မည်ဟု တွေးကာ ပြုံးနေခဲ့သည်။

 

‘ရှန်းချင်းယန်ကတော့.... သူ သူမကို လက်ထပ်ဦးမှာပါပဲ၊ ဝန်ကြီးချုပ်ရဲ့အာဏာကလည်း သူ့အပိုင်ပဲ ဖြစ်ရမယ်၊ ကျစ်ကျစ်အတွက်တော့ သူက သူမရဲ့ နှလုံးသား နာကျင်မှုကို ကုစားပေးဖို့ သူရဲ့ချစ်ခြင်း အားလုံးကို အသုံးချပြီး တာ့လီနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေအားလုံးကို သူမ မေ့သွားအောင် ပြုလုပ်ပေးမယ်’

 

‘ဒီလူအတုကိုလည်း သူ့လက်ထဲမှာ ကိုင်ထားရဦးမှာပဲ၊ ဒီမိန်းကလေးက ကိုယ်ရည်ကိုယ်သွေး မရှိပေမယ့် သူမက ရံဖန်ရံခါ သူ့စိတ်ကို ကစားတတ်တဲ့ ကျစ်ကျစ်နဲ့ လုံးဝ မတူဘဲ အရမ်းနာခံမှုရှိတယ်၊ အင်း... သူမကိုလည်း ဒီအတိုင်း ဆက်ထားလိုက်မယ်’

 

‘ဟော်တူ သေဆုံးသွားတာနဲ့ သူ့အတွက် အတားအဆီးဆိုတာ ဘာမှ မရှိနိုင်တော့ဘူး’

 

.........။........။.......

 

ထိုက်ဇီစံအိမ်.....

လဲ့ကျစ်က အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်နေပြီး သူမ အိပ်မက်မက်နေမှန်း  သိနေသော်လည်း မနိုးလာနိုင်ဖြစ်နေခဲ့ရသည်။

 

အိပ်မက်ထဲတွင် သူမ၏ ခမည်းတော်၊ မယ်တော်နှင့် အစ်ကိုတော်တို့ အားလုံးက သူမကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ သူတို့အားလုံးတွင် ယခင်ကဲ့သို့ ပြုံးနေသည့် အမူအရာမျိုး မရှိကြတော့ပေ။ သူမ၏ခမည်းတော်က သက်ပြင်းချနေပြီး သူ့မျက်နှာပေါ်တွင် စိတ်ပျက်မှုများနှင့် ပြည့်နေခဲ့သည်။

 

"ကျစ်ကျစ် မင်းရဲ့အစ်မက ဒုက္ခရောက်နေတယ်၊ မင်း ဘာလို့ သူ့ကို မကယ်သေးတာလဲ"

 

ထို့နောက် မြင်ကွင်းက ပြောင်းလဲသွားပြီး သူမ၏အစ်ကိုတော်က သူမ၏အနားသို့ ရောက်လာပြန်သည်။ သူက သွေးထွက်လာတော့မယောင် နီရဲနေသည့် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာ သူမ၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက တုန်ယင်နေသည့်အသံဖြင့် မေးလာခဲ့သည်။

 

“ညီမတော်၊ မင်းရဲ့ ယောင်းမနဲ့ ယွီအာကို ရှာတွေ့ပြီလား၊ သူတို့... အဆင်ပြေရဲ့လား"

 

လဲ့ကျစ်၏ မျက်လုံးများက နီရဲလာပြီး သူမ ရှက်လွန်းသောကြောင့် စကားပင် မပြောနိုင်တော့ပေ။

 

‘ကျွန်မ လုံးဝကို အသုံးမကျခဲ့ဘူး’

 

ဟော်တူက မူလကတည်းက အအိပ်ဆတ်သူ ဖြစ်ပြီး သူ့ဘေးနားရှိလူ၏ လှုပ်ရှားမှုများကြောင့် နိုးလာခဲ့သည်။ သူ ထထိုင်လိုက်ပြီး လဲ့ကျစ်ကို ကြည့်လိုက်ရာ သူမ၏ ရှည်လျားသော အနက်ရောင် မျက်တောင်များက တုန်တုန်ယင်ယင် ဖြစ်နေပြီး သူမ၏ ပုခုံးပေါ်ရှိ ဆံပင်များက ချွေးများ စိုရွှဲနေကာ ချွေးပုတီးလေးများက သူမ၏ပါးပြင်မှ သူမ၏ နှင်းဖြူရောင် လည်ပင်းဆီသို့ စီးကျနေသည်ကို သူ မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏လက်များက ဘရိုကိတ်စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပါးစပ်ကလည်း အသံတိုးတိုးဖြင့်  တတွတ်တွတ် ရေရွတ်နေသည်။

 

ဟော်တူက ပြတ်ပြတ်သားသား ကြားရအောင် သူမ၏အနားသို့ တိုးသွားလိုက်သည်။ သူမက “တောင်းပန်ပါတယ်” ဟုပြောနေပြီး တယောက်ပြီး တယောက်ကို  မရပ်မနား တောင်းပန်နေသည်။

 

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် လဲ့ကျစ်လည်း အိပ်မက်မှ လွတ်မြောက်လာခဲ့သည်။ သူမ မျက်လုံး ဖွင့်လိုက်ပြီး ထထိုင်လိုက်ချိန်တွင် မျက်လုံးများကြောင့် နှာခေါင်းများပင် ချဉ်နေခဲ့သည်။ သူမ၏နှလုံးကလည်း နာကျင်နေပြီး သူမ မောဟိုက်နေကာ အသက်ပင် မရှူနိုင်တော့ပေ။

 

"မင်း အိပ်မက်ဆိုး မက်လို့လား"

 

သူမ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူက ခေါင်းအုံးပေါ်တွင် မှီလျက် ရီဝေဝေမျက်လုံးများဖြင့် သူမကို ကြည့်နေသည်အား တွေ့လိုက်ရသည်။ လဲ့ကျစ်က မျက်လွှာချရင်း တိုးတိုးလေး ပြောလိုက်သည်။

 

"အရှင့်သားကို နှိုးမိလို့ တောင်းပန်ပါတယ်"

 

ဟော်တူက သူမကို လျစ်လျူရှုလိုက်ပြီး ထူထဲသော ကုတင်ကန့်လန့်ကာကို မတင်လိုက်သည်။ ထို့နောက် သူက ခေါင်းအုံးပေါ်မှ သန့်ရှင်းသော နှင်းဖြူရောင်လက်ကိုင်ပုဝါကို လှမ်းယူလိုက်သည်။ သူက ထိုလက်ကိုင်ပုဝါကို အသုံးပြုပြီး လဲ့ကျစ်၏နဖူးနှင့် လည်ပင်းမှ ချွေးများကို ဂရုတစိုက် သုတ်ပေးနေသည်။ လဲ့ကျစ်က အိပ်မက်ထဲမှ သူမ၏ မိဘများနှင့် အစ်ကိုကြီးအကြောင်း တွေးနေဆဲဖြစ်ပြီး ဟော်တူ၏ နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများကို သတိမထားမိလိုက်ပေ။

 

အပြင်ဘက်မှ ကောင်းကင်ကြီး၏မှိန်ဖျော့ဖျော့အလင်းရောင်က ပြတင်းပေါက်မှတဆင့် တိုးဝင်လာသည်။

 

လဲ့ကျစ်တစ်ယောက် အိပ်မပျော်နိုင်သော်လည်း ဆက်အိပ်နေပြန်သည်။ သူမ၏ စိတ်အခြေအနေက မငြိမ်မသက် ဖြစ်နေပြီး သူမ၏မျက်လုံးများလည်း နီရဲနေသည်။ သို့သော် ဟော်တူ သူမ၏ဘေးတွင် ရှိနေသောကြောင့် သူမ သူမ၏နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။

 

‘ငါ ငိုလို့ မဖြစ်ဘူး၊ သူ့ရှေ့မှာ ငိုပြီး သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လို့ မဖြစ်ဘူး’

 

ထိုအခိုက်အတန့်တွင် ဟော်တူက ကုတင်ကန့်လန့်ကာကို ပြန်ချရန် သူ့လက်ကို မြှောက်လိုက်ပြီး သေးငယ်သော ကွက်လပ်တစ်ခုသာ ချန်ထားခဲ့သည်။ ထိုနေရာလေးမှ အလင်းတန်းသေးသးလေးတစ်ခုသာ ဝင်နိုင်တော့သည်။

 

လဲ့ကျစ်က သူ့လုပ်ရပ်ကို နားမလည်နိုင်ဘဲ သူ့ကို ကြည့်ရန် ခေါင်းမော့လိုက်ပြန်သည်။ ကံမကောင်းစွာဖြင့်  အတွင်း၌ မှောင်လွန်းနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

 

"ငိုချင်ရင် ငိုလိုက်ပါ"

 

ထိုစကားကို ကြားပြီးနောက် လဲ့ကျစ်၏ နှာသီးဖျားက ချဉ်တက်လာသည်။ အိပ်ရာပေါ်တွင် အလင်းရောင်မ‌ရှိတော့ခြင်းက သူမ၏အရှက်ကို ဖုံးကွယ်ပေးနိုင်ပြီး နောက်ဆုံးတွင် သူမ မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာခဲ့သည်။ အစပိုင်းတွင် သူမ တိုးတိုးလေး ငိုနေမိသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် သူမ၏အသံကို လွှတ်ပေးလိုက်ပြီး ကျယ်လောင်စွာ ရှိုက်လာခဲ့သည်။ သူမ၏မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာပြီး သူမ ထိုမျက်ရည်များကို သုတ်ရန် လက်မြှောက်လိုက်မိသည်။

 

ဟော်တူက ဘေးသို့ စောင်းငဲ့ကာ ငိုနေသော လဲ့ကျစ်ကို စိုက်ကြည့်နေသည်။ သူမကိုယ်သူမ ဖုံးကွယ်ထားသည့် လဲ့ကျစ်က မူရင်းပုံစံက ဤကဲ့သို့ဖြစ်နေမှန်း  ရုတ်တရက် သူ သိလိုက်ရသည်။

 

‘သူမလို ချောမောလှပတဲ့ ဆယ့်ခြောက်နှစ်အရွယ်ကောင်မလေးက ဝမ်းနည်းတတ်သလို ငိုလည်းငိုတက်မှာပေါ့၊ တာ့လီသာ မကျရှုံးခဲ့ရင် သူမလည်း လူထောင်ပေါင်းများစွာရဲ့ အချစ်ခံ မင်းသမီးလေး ဖြစ်နေဦးမှာလေ။ သူမ ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ စိုးရိမ်ပူပန်မှုကင်းကင်းနဲ့ နေနေနိုင်လိမ့်မယ်’

 

ဟော်တူက သက်ပြင်းတစ်ချက်ချကာ လဲ့ကျစ်ကိုယ်ပေါ်ရှိ ဘရိုကိတ်စောင်ကို ဆွဲယူလိုက်ပြီး သူမကိုယ်ပေါ်သို့ သေသေချာချာ ပြန်လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် သူက သူမမျက်နှာပေါ်မှ မျက်ရည်စများကို သူ့အင်္ကျီလက်အနားစဖြင့် သုတ်ပေးလိုက်သည်။ ထိုအရာများ အားလုံးပြီးသွားချိန်တွင်တော့ ဟော်တူတစ်ယောက် သူ့၏အပြုအမူအတွက် အနည်းငယ် အံ့သြသွားရသည်။ ခဏအကြာတွင် သူက သူ့ကိုယ်သူ လှောင်ပြောင် ရယ်မောလိုက်သည်။

 

‘ဟက်.... တကယ်တော့ ကာမတဏှာက စိတ်ကို ရှုပ်ထွေးစေတယ်....’

 

‘ဒါပေမယ့်လည်း... ဒီမင်းသားလည်း ဘာမှမတတ်နိုင်ဘူးလေ’

 

.......။.........။........

 

လီယောင် အိပ်ရာမှ လာနိုးချိန်တွင် လဲ့ကျစ်၏ ခေါင်းက လေးလံနေသေးသည်။ သူမ မနက်အစောကြီး ထငိုခဲ့ပြီး ကြောင်တက်တက်ဖြင့် ပြန်အိပ်ပျော်သွားခဲ့သည်။ အရေးကြီးကိစ္စ တစ်ခုခု မဟုတ်လျှင် လီယောင်က သူမကို လာနိုးမည် မဟုတ်မှန်း သိနေသောကြောင့် လဲ့ကျစ်က သူမ၏ နာကျင်နေသော မျက်လုံးများကို လက်ချောင်းများဖြင့် ဖိကာ အိပ်ရာထလိုက်သည်။

 

“ဘာကိစ္စရှိလို့လဲ”

 

လီယောင်က လေးနက်သည့်အမူအရာ၊ လေသံခပ်တောင့်တောင့်ဖြင့် ပြန်ဖြေလာသည်။

 

"သခင်မ၊ ဒီအစေခံက သခင်မ ညွှန်ကြားတဲ့အတိုင်း ထိုက်ဇီကို အဆိပ်ခတ်ပြီးတဲ့အကြောင်း တတိယမင်းသားဆီကို သတင်းပို့လိုက်ပါတယ်၊ တတိယမင်းသားက တစ်စုံတစ်ယောက်နဲ့ သတင်းပြန်ပို့ခိုင်းလိုက်တယ်၊ အဲဒါက.... ဒီည ဟန်ရှီမှာ ထိုက်ဇီကို နောက်ဖေးဥယျာဉ်ဆီ ခေါ်လာပေးဖို့ တောင်းဆိုတာပါ”

 

သူမက ခေတ္တစကားရပ်ထားပြီးနောက် ထပ်ပြောလာပြန်သည်။

 

“တတိယမင်းသားက ထိုက်ဇီကို တိုက်ခိုက်မယ် ထင်တယ်”

 

ဤစကားကို ကြားပြီးနောက် လဲ့ကျစ်က ပြုံးလိုက်သည်။ ဟော်ရှအပေါ် သူမ၏ နားလည်မှုကို အခြေခံ၍ ကောက်ချက်ချရလျှင် သူမ မျှော်လင့်ထားသည့်အတိုင်း သူ စိတ်မရှည်တော့မှန်း သိသာနေသည်။

 

“သခင်မ…”

 

လီယောင်က မျက်မှောင်ကြုတ်ရင်း မေးလာခဲ့သည်။

 

“သခင်မက ထိုက်ဇီကို ဖယ်ရှားဖို့ တတိယမင်းသားကို တကယ် ကူညီပေးချင်နေတာလား”

 

ထိုအရာက လီယောင်ကို နားမလည်ဖြစ်နေစေသည်။

 

‘သခင်မက ဟော်ရှကို မုန်းတီးနေတာ အရမ်း သိသာတယ်လေ၊ ဘာကြောင့် သူ့ကို ကူညီပေးနေတာလဲ’

 

"အရှင့်သားထိုက်ဇီက အဆိပ်မမိထားဘူး"

 

"အိုး"

 

လီယောင်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

 

“သခင်မက…”

 

"ဒါက ဟော်ရှအတွက် ငါ ပေးတဲ့ ထောင်ချောက်ပဲ"

 

လဲ့ကျစ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

 

အမှန်တကယ်တွင် ဤထောင်ချောက်က ဟော်ရှအတွက်သာမကပေ....

 

လီယောင်က ရုတ်​တရက် ​မေးလိုက်ပြန်​သည်။​

 

"ဒီအစေခံ​... တခုခုလုပ်ပေး​ဖို့ လိုအပ်သေး​လား"

 

"ဟင့်အင်း၊ မင်းက ဟော်ရှရဲ့လူတွေကို သူ့အကြံအတိုင်း ငါ ဆောင်ရွက်ပေးမယ်လို့ အကြောင်းပြန်လိုက်"

 

လီယောင် ထွက်ခွာသွားသည့်အနောက်ကို လိုက်ကြည့်ရင်း လဲ့ကျစ်၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။

 

ဤထောင်ချောက်က လီယောင်အတွက် သူမ၏ စမ်းသပ်မှုလည်းဖြစ်သည်။ အကယ်၍ သူမ ယခင်က ဟန်ဆောင်နေခဲ့လျှင် ဟော်ရှအား လဲ့ကျစ်၏ အစီအစဉ်ကို သေချာပေါက် ပြောပြပေလိမ့်မည်။ ဤကိစ္စဖြင့် ဟော်ရှ၏လက်ကို အသုံးပြုကာ သူမကို ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။

 

‘ကဲ... အခု ထောင်ချောက်ကို စီစဥ်ပြီးပြီဆိုတော့ ပြီးပြည့်စုံတဲ့ ရလဒ်ဖြစ်ဖို့ ပြင်ဆင်ရတော့မယ်’

 

‘လီယောင်က သစ္စာစောင့်သိမှာလား... ဒါမှမဟုတ် သစ္စာဖောက်မှာလား၊ သူမရဲ့ အသက်နဲ့ သေဆုံးမှုကတော့ သူမရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်တော့တယ်’

 

ဟော်တူကို တွေးမိချိန်တွင်တော့ လဲ့ကျစ် အံ့ဩသွားရပြန်သည်။

 

‘ဒီမနက်စောစော သူ့ရဲ့ ညှာတာမှုက ဟန်ဆောင်နေပုံ မပေါ်ဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားက ထူးဆန်းပြီး အတက်အကျ များလွန်းတာကြောင့် ခန့်မှန်းရခက်နေပြန်တယ်’

 

‘ဟော်တူက ဘာကိုမှ သိပ်ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် သူမ သူ့အချစ်ကို အရယူနိုင်ရင်ရော..... သူမ သူ့နှလုံးသားထဲအထိ တိုးဝင်နိုင်ရင် ရှေ့ဆက်ရမယ့်လမ်းက ပိုလွယ်မှာလား’

 

‘အဲ့လိုဆိုရင် သူ သူမကို လက်မလွှတ်နိုင်အောင် အချစ်ကြိုးနဲ့ ချည်ထားနိုင်မလား’

 

‘အဲ့နည်းနဲ့ဆိုရင် သူမ အသက်ရှင်နိုင်မလား’

 

ယနေ့ညအတွက် သူမ၏အစီအစဉ်က ဟော်ရှအတွက် ထောင်ချောက်အတု ဖြစ်သလို လီယောင်ဘက်မှ စိတ်ရင်းမှန် မမှန် စမ်းသပ်ရန်ဖြစ်သည်။

 

‘ဒါပေမယ့် အဲဒါတွေတင်မကဘဲ သူမရဲ့ ပန်းတိုင်က...

 

တကယ်တော့ .....အဲဒါက... ဟော်တူပါ’

 

လဲ့ကျစ်က မျက်လုံးများကို မှိတ်ထားရင်း တစုံတရာကို မျှော်လင့်နေမိသည်။

 

‘ဟော်တူရဲ့နှလုံးသားထဲက ငါ့ရဲ့အရေးပါမှုကို ငါ သိချင်နေမိပြီ’

 

########

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်ရှ : ငါ... စိတ်ကူးနဲ့ ရူးနေပြီ... ငါ့ကိုယ်ငါတောင် မထိန်းနိုင်တော့ဘူး...

 

ဟော်တူနဲ့ ကျစ်ကျစ်: အဲ့ခွေးက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတယ်...

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟