CHAPTER 14
Viewers 672

အခန်း ၁၄ အဆိပ်ဖြေခြင်း

 

စံအိမ်ကြီးထဲတွင် ဤကဲ့သို့ အထူးဆေးကုသဆောင်ရှိသည်ကို လဲ့ကျစ် မသိခဲ့ပေ။

 

သူမက ဟော်တူ ညွှန်ကြားသည့်အတိုင်း ဤနေရာသို့ တွန်းပို့ပေးခဲ့ရသည်။ အတွင်းပိုင်းအပြင်အဆင်ကို မြင်ပြီးနောက် သူမ မျက်လုံးပြူးရုံမှတပါး ဘာမှ မတတ်နိုင်တော့ပေ။

 

၎င်းက သာမန်ဆေးခန်းနှင့် လုံးဝ မတူပေ။

 

ဆေးဖက်ဝင်အမွှေးအကြိုင် အမျိုးမျိုးပါရှိသော သစ်သားပုံးများ ရှိမနေဘဲ သစ်သားစင်ပေါ်တွင် အရောင်အမျိုးမျိုးရှိသော ကြွေပုလင်းများသာရှိသဖြင့် လူအများကို မှင်တက်သွားစေနိုင်သည်။

 

"ထိုက်ဇီဖေးက အဲ့ဒါတွေကိုပဲ ဆက်ပြီး ဂရုတစိုက်နဲ့ တန်ဖိုးထားနေမယ်ဆိုရင် ဒီမင်းသားအတွက် အလောင်းကောက်ပေးရတော့မှာနော်"

 

ဟော်တူက နောက်ပြောင်ပြောဆိုနေသော်လည်း သူ့အသံက အဆိပ်ကြောင့် အက်ရှနေသည်။

 

လဲ့ကျစ်က အသိပြန်ဝင်လာပြီး သူ့ကို စားပွဲနားသို့ အမြန်တွန်းပို့လိုက်သည်။ သူမကတော့  ကြွေပန်းကန်အလွတ်တစ်လုံးကို ကိုင်ထားရင်း လေးနက်သည့်အမူအရာဖြင့် စားပွဲရှေ့၌ ရပ်နေလိုက်သည်။

 

“တတိယတန်းရဲ့ ပဉ္စမပုလင်းက သုံးစက်”

 

"ပဉ္စမအတန်းရဲ့ သတ္တမပုလင်းက လေးစက်"

 

“…”

 

လဲ့ကျစ်က သူ လမ်းညွှန်ပေးနေသည့်အတိုင်း ဆေးပုလင်းများမှ ဆေးများကို ဂရုတစိုက် နည်းစနစ်တကျဖြင့် ပန်းကန်လုံးထဲသို့ အစက်ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဆေးပုလင်းကို ကိုင်ထားသည့် သူမလက်က တုန်ယင်နေသေးသည်။

 

"မလန့်ပါနဲ့..."

 

ဟော်တူက ဘီးတပ်ထိုင်ခုံ၏အနောက်ကို မှီထားပြီး အားနည်းနေဟန်ဖြင့် အနားယူနေသော်လည်း အသက်အန္တရာယ်နှင့် ကြုံနေသည့်အချိန်တွင်ပင် သူ့မျက်နှာက ပြုံးနေသေးသည်။

 

“တစ်စက်လောက်ပိုပြီး တစ်စက်လောက်လျော့သွားလဲ ကိစ္စမရှိပါဘူး၊ ထိုက်ဇီဖေးက ဒီမင်းသားအတွက် အလောင်းကောက်ပေးမယ်ဆိုရင် ဒီမင်းသားကို အရမ်း စိတ်သက်သာရာရစေမှာပါ”

 

လဲ့ကျစ်က သူ့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖွေးနေပြီး ပါးစပ်မှ အနက်ရောင် သွေးများ အဆက်မပြတ် စီးကျနေသည်။ သွေးများက သူ၏ဖြူစင်သွယ်လျသော လည်ပင်းကို ဖြတ်ကာ ကြက်သွေးရောင် အတွင်းအ၀တ်များဆီသို့ လျှောကျနေသည်။ ထို့အပြင် သူ့၏မက်မွန်ပွင့်မျက်လုံးများကလည်း နီရဲနေသည်။

 

သို့တိုင်အောင် အဖြူနှင့် အနီက ခြားနားမှုတစ်ခုကို ဖန်တီးပေးထားပြီး သူ၏အသွင်အပြင်ကို အလွန်စွဲမက်ဖွယ်ဖြစ်နေစေသည်။

 

ဤကဲ့သို့ အဆိပ်ခတ်ခံထားရသည့် အခြေအနေတွင်ပင် သူက သူမကို ကျီစားရန် အချိန်ရှိနေသေးသည်။ လဲ့ကျစ်ကတော့ ဒေါသထွက်နေပြီး သူ့ကို စိုက်ကြည့်ရုံအပြင်  စိတ်ထဲကလည်း  ဆူပူကြိမ်းမောင်းနေခဲ့သည်။

 

[ခြေမသန်တဲ့ အရူးကောင်]

 

သို့သော် သူမ စိတ်ထဲမှသာ သူ့ကို ဆူပူကြိမ်းမောင်းနိုင်ပြီး သူမ၏လေသံကတော့ အနည်းငယ် နာကြင်ရိပ်များ ရောယှက်နေသည်။

 

“အရှင့်သား၊ စကား နည်းနည်း လျော့ပြောရင် ပိုကောင်းပါ့မယ်၊ ဘာလို့ အနားယူဖို့ စွမ်းအင် နည်းနည်းလောက် မချွေတာရတာလဲ"

 

ဒေါသထွက်နေသော်လည်း ဘာမှမပြောဝံ့သော လဲ့ကျစ်၏မျက်နှာကို ကြည့်ရင်း ဟော်တူတစ်ယောက် သူမက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေပြန်သည်။

 

‘ဟေး၊ သူမမှာ ဒေါသအကြီးကြီး ရှိနေသေးတယ်ပေါ့လေ...’

 

‘ဟုတ်တော့ ဟုတ်တာပေါ့၊ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးလေးတစ်ပါးမှာ ဘယ်လိုလုပ်ပြီး ဒေါသမရှိဘဲ နေမှာလဲ၊ သူမ ဒေါသထွက်နေတာက နာခံချင်ယောင်ဆောင်နေတဲ့ အချိန်ထက် အများကြီး ပိုကြည့်ကောင်းတယ်’

 

ဟော်တူက သဘောတကျ ရယ်နေပြီး သူမကို စနောက်ခြင်းအား ရပ်တန့်လိုက်သည်။ သူက ဆေးထည့်ရမည့် နည်းလမ်းအား ဆက်ပြောပြနေသည်။

 

သွယ်လျသောရုပ်သွင်လေးကတော့ အလုပ်များနေပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် တင်းမာမှုနှင့် ကြောက်ရွံ့မှုများကို တည်ငြိမ်အောင် ကြိုးစားနေရှာသည်။

 

ထိုအရာက ဟော်တူကို မျက်ခုံးပင့်သွားစေသည်။

 

သူမ အရမ်းကြောက်နေတာလား’

 

ဤအဆိပ်က အန္တရာယ်ရှိပုံရသော်လည်း ၎င်းက သူ ယခင် မြည်းစမ်းခဲ့ဖူးသော အဆိပ်ရာပေါင်းများစွာနှင့်တော့  မယှဉ်နိုင်ပေ။ သူ့ထံတွင် ထူးဆန်းသည့် ကိုယ်ရည်ကိုယ်သွေးရှိကြောင်း လူတိုင်း သိကြပြီး သူက ရူးသွပ်စွာ ပြုမူတတ်သည်။ အထူးသဖြင့် သူ့ကို ကြောက်ရွံ့မုန်းတီးနေသည့် သူ၏ ညီတော်က သူ့အသက်ကို သတ်ရန် လူများစွာ စေလွှတ်ခဲ့သော်လည်း ထိုလူများက ပြန်မလာနိုင်တော့ဘဲ နောက်ဆုံးတွင် အလောင်းပင် ရှာမတွေ့ခဲ့ပေ။

 

ဤယုတ်မာသော ဟော်တူက အမှန်တကယ်တွင် ထူးချွန်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် ဆေးဆရာတစ်ယောက် ဖြစ်ကြောင်း ဤကမ္ဘာပေါ်ရှိ လူအနည်းငယ်သာ သိထားခဲ့သည်။

 

သို့သော် သူ ဆေးပညာသင်ရသည့် အကြောင်းရင်းကတော့ နည်းနည်းရယ်စရာကောင်းနေပြန်သည်။

 

လူများစွာက သူ့အသက်ကို လိုချင်ကြသော်လည်း သူနှင့် နီးစပ်ရန် ခက်ခဲပြီး အကောင်းဆုံးနည်းလမ်းက အဆိပ်ကို အသုံးပြုရန်ပင်။

 

အဆိပ်များ၊ အဆိပ်ရှိသောအငွေ့များ၊ အဆိပ်ရှိသောမြွေများနှင့် အဆိပ်ရှိသော အင်းဆက်များ... ဤကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သမျှ အဆိပ်အားလုံးက သူဆီရောက်လာခဲ့သည်။

 

တစ်ကြိမ်၊ နှစ်ကြိမ်လောက် သူ ရှောင်နိုင်ခဲ့သော်လည်း အချိန်တိုင်း ရှောင်နေရန် မဖြစ်နိုင်ပေ။ ဤနည်းဖြင့် ရန်သူဘက်မှ မစတင်မီ သူက ကမ္ဘာပေါ်ရှိ ထူးဆန်းသောအဆိပ် ထောင်ပေါင်းများစွာကို မြည်းစမ်းခဲ့ပြီး ထိုအဆိပ်အများစုကလည်း ကုသပျောက်ကင်းရန် မဖြစ်နိုင်ဟု သတ်မှတ်ခံထားရသော အဆိပ်များ ဖြစ်သည်။

 

သို့သော် ဟော်တူကတော့ ထိုအရာကို လုံးဝ မယုံကြည်ခဲ့ပေ။ သူ လက်ခံထားသည့် အယူအဆက အဆိပ်ရှိလျှင် ဖြေဆေးရှိရမည် ဖြစ်သည်။

 

ထို့ကြောင့် သူက သူ့အတွက် ဘယ်တော့မှ လွတ်လမ်း ချန်မထားခဲ့ပေ။ မည်သည့်အဆိပ်ပင်ဖြစ်စေ သူက လက်ဖက်ရည်သောက်သလို သောက်ခဲ့ပြီး အဆိပ်‌ကြောင့် မသေခင် အဆိပ်ဖြေဆေးကို သူ့ကိုယ်တိုင် ဖော်စပ်ခဲ့သည်။ ကောင်းကင်ဘုံက သူ့ကို မသေစေချင်ဘူးဟု ထင်ရပြီး အချိန်တိုင်း သူ အောင်မြင်ခဲ့သည်။

 

‘ဒါပေမယ့် သူ မအောင်မြင်ရင်ရော.....’

 

ဟော်တူက ယခင်တည်းက ဤမေးခွန်းကို သဘာဝကျကျ စဉ်းစားထားခဲ့သည်။

 

‘မအောင်မြင်ရင် သေရမှာပေါ့... အခြားသူတွေ အဆိပ်ခတ်လို့ အဆိပ်မိပြီး မကုသနိုင်လို့ သေရတာနဲ့ ကိုယ်လက်နဲ့ကိုယ်သေရတာ... ဘယ်ဟာက ပိုကောင်းလဲ...’

 

နောက်ဆုံးတွင် ဆေးရည်တစ်စက်က ကြွေပန်းကန်လုံးထဲသို့ ကျသွားခဲ့သည်။ ကြွေပန်းကန်ထဲမှ ဆေးရည်က အလျင်အမြန် ရောစပ်သွားပြီး အရောင်ပြောင်းသွားကာ တခဏချင်းမှာပင် အနက်ရောင် ဟင်းရည်ပျစ်ပျစ် ထည့်ထားသည့် ပန်းကန်တစ်ခုလို ဖြစ်လာခဲ့သည်။

 

လဲ့ကျစ်က ဆေးကို သူမ၏လက်ထဲတွင် ကိုင်ထားပြီး ဟော်တူဆီသို့ လျှောက်သွားလိုက်သည်။ ဆေး၏ ခါးသီးသောအနံ့က သူမကို မျက်မှောင်ကြုတ်နေစေသည်။

 

‘သူမ နေမကောင်းဖြစ်ရင် ဒီလိုခါးတဲ့ ဟင်းရည်တွေ သောက်ရမှာကို အကြောက်ဆုံးပဲ’

 

သို့သော် သူမက ပန်းကန်လုံးအား ဟော်တူ၏နှုတ်ခမ်းဆီသို့ ကပ်ပေးလိုက်ပြီး သူက မျက်မှောင်ပင် မကြုတ်ဘဲ ချက်ချင်းသောက်လိုက်သည်။

 

"အရှင့်သား၊ ဒီနေရာမှာ သကြားလုံး ဒါမှမဟုတ် ချိုတဲ့အသီးတွေ ရှိလား၊ ခါးတဲ့အရသာ ပျောက်သွားအောင်အရှင့်သားအတွက် တစ်ခုလောက် ယူပေးမယ်လေ”

 

ဟော်တူက မျက်လုံးများကို အနည်းငယ်မှိတ်ထားလိုက်သည်။ သူ အဆိပ်ဖြေဆေး သောက်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်များက အလျင်အမြန် သန့်စင်သွားမည် မဟုတ်ပေ။ သူက ခေါင်းခါပြလိုက်သည်။

 

‘သကြားလုံးလား? ဒီလိုချိုမြိန်ပြီး အဆီများတဲ့အရာမျိုးကို သူ အမုန်းဆုံးပဲ’

 

လဲ့ကျစ်က စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆေးကုသခန်းကို အလေးအနက်ထား ဝေ့ကြည့်လိုက်ရာ ထောင့်စွန်းတွင် နူးညံသောကုတင်တစ်လုံးကို တွေ့လိုက်ရသည်။ ထိုအချိန်မှသာ သူမ သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။

 

‘အခု ဟော်တူရဲ့ ခန္ဓာကိုယ်က အားနည်းနေတော့ အိပ်ခန်းထဲကို ပြန်တွန်းပို့ရင် လမ်းမှာ လေအေးတွေ တိုက်နေပြီး သူ အအေးမိသွားပြီး ပိုဆိုးသွားလိမ့်မယ်’

 

‘ဟုတ်တယ်၊ ဒါပဲ ကောင်းလိမ့်မယ်’

 

လဲ့ကျစ်က လူကို နူးညံသောကုတင်အနားသို့ တွန်းပို့လိုက်ပြီး သူ့လက်ကို သူမ၏ပခုံးပေါ်သို့ တင်နိုင်ရန် ခေါင်းငုံ့ပေးလိုက်သည်။  ဟော်တူ၏ညာဘက်ခြေထောက်က ချိနဲ့နေပြီး ခွန်အားမရှိသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်ကို လဲ့ကျစ်၏ခန္ဓာကိုယ်ပေါ်သို့ တင်ထားရသည်။

 

လဲ့ကျစ်၏မျက်နှာက နီရဲသွားပြီး နောက်ဆုံးတွင် သူ ကုတင်ပေါ်၌ လှဲလျောင်းနေရန် ကူညီပေးနိုင်ခဲ့သည်။ အမှန်တကယ်တွင် သူမ ​ဆေး ရော​ပေး​နေကတည်းက မော​ပန်း​နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာများအားလုံးကို လုပ်ပြီးနောက် သူမက ဟော်တူ၏ ဘီးတပ်ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သက်ကို ဝအောင် ရှူရှိုက်နေရသည်။

 

လဲလျောင်းနေသောလူ၏ အသိစိတ်ကလည်း ဖရိုဖရဲဖြစ်နေသော်လည်း  တစ်စုံတစ်ခုကို ပြောရန် အားရှိနေသေးသည်။

 

"ထိုက်ဇီဖေးက ကိုယ်နဲ့ကုတင်ပေါ်မှာ မအိပ်ဖူးဘူးလား"

 

ဟော်တူ၏နဖူးမှ ချွေးများ စထွက်လာပြီး အဆိပ်စတင်ပြယ်စပြုနေပြီဟု ယူဆရသည်။ လဲ့ကျစ်က ခဏ အနားယူရန် ပြင်ပြီးမှ ခေါင်းကို ခါယမ်းလိုက်ပြီး တစ်စုံတစ်ဦးကို ရေနွေးပြင်ဆင်ခိုင်းကာ သူ့ကို ရေပတ်တိုက်ပေးလိုက်သည်။

 

"ကြောက်လို့လား"

 

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ပြီး မေးနေပြန်သည်။

 

"မင်းဘေးမှာ အလောင်းတစ်လောင်းနဲ့ နိုးလာရမှာကို ကြောက်လို့လား"

 

‘သူ့ရဲ့ပါးစပ်က ဘာလို့ ပိတ်မထားနိုင်ရတာလဲ....’

 

လဲ့ကျစ်က သူ့ကို စိုက်ကြည့်ရင်း မက်မွန်ပွင့်မျက်လုံးကို ဖိရန် လက်ကို မြှောက်ကာ သူမ၏ လက်ချောင်းထိပ်များဖြင့် သူ့မျက်ဝန်းတဝိုက် ညင်ညင်သာသာ နှိပ်နယ်ပေးနေခဲ့သည်။

 

"အရှင့်သား မျက်လုံးမှိတ်ပြီး အနားယူပါ"

 

ခဏအကြာတွင် သူမက သူမလက်ကို ပြန်ဖယ်လိုက်သည်။ အဆိပ်ကြောင့်လား သို့မဟုတ် သူ အမှန်တကယ် ပင်ပန်းနေခြင်းကြောင့်လား မသိနိုင်သော်လည်း ဟော်တူ၏ အသက်ရှူသံက တိမ်ဝင်သွားပြီး သူ တကယ် အိပ်ပျော်သွားပုံရသည်။

 

သူမ ထရပ်ပြီး ရေနွေးထပ်ပြင်ရန် တစ်စုံတစ်ဦးကို ခေါ်ဖို့ အပြင်ထွက်လာခဲ့သည်။

 

ထိုက်ဇီ အဆိပ်ခတ်ခံရခြင်းက ကြီးကြီးမားမား ဖြစ်ပြီး လဲ့ကျစ်လည်း ဘယ်သူကိုမှ ဘာမှ မပြောရဲပေ။ ထိုက်ဇီအိမ်တော်၏ကျေးကျွန်များကလည်း စည်းကမ်းများကို ကောင်းစွာ သိကြပြီး ဘာမှ မမေးရဲဘဲ သူမ၏အမိန့်အတိုင်းသာ လုပ်ဆောင်ပေးကြသည်။

 

ဟော်တူ၏နဖူးမှ ချွေးများနှင့် နှုတ်ခမ်းနှင့်လည်ပင်းကြားရှိ စွန်းထင်းနေသောသွေးများကို နွေးထွေးသောလက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီးနောက် လဲ့ကျစ်က သူမ၏မေးစေ့ကို လက်ထောက်ရင်း အိပ်ပျော်နေသောသူ၏မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ သူ အဆိပ်မကုန်သေးပဲ အိပ်နေရင်း အသက်ရှူရပ်သွားမည်ကို သူမ အမှန်တကယ် စိုးရိမ်နေခဲ့သည်။

 

ယနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေရင်း သူမ စိတ်ဓာတ်ကျနေမိသည်။

 

‘ငါ ဘယ်လို မဟာမိတ်မျိုးကို ရွေးချယ်ခဲ့မိတာလဲ...’

 

ယခုအချိန်တွင် သူ ကောင်းကောင်းအိပ်ပျော်သွားနေသောကြောင့် လဲ့ကျစ်က သူမ၏ပါးစပ်ကို ပေါ့ပေါ့တန်တန် ဖွင့်ကာ မာန်မဲလိုက်သည်။

 

"လူမိုက်ကြီး"

 

ထိုအချိန်တွင် လဲလျောင်းနေသောလူ၏ မျက်တောင်များက လှုပ်လာပြီး လဲ့ကျစ်ကို ထိတ်လန့်သွားစေသည်။ သူမက သူ့ကို ကြည့်ရန် အလျင်အမြန် ခေါင်းငုံ့လိုက်သော်လည်း သူ၏ သွယ်လျသော မျက်တောင်များက အကြိမ်အနည်းငယ် တုန်ခတ်သွားပြီး ထပ်မလှုပ်တော့ပေ။

 

သူမ သက်ပြင်းတစ်ချက်ချကာ ခြောက်သွေ့နေသော မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်လုံးမှိတ်ပြီး အနားယူရန် မဝံ့မရဲ ဖြစ်နေရသေးသည်။

 

ကောင်းကင်က တောက်ပနေပြီး ဆောင်းနေရောင်က ပြတင်းပေါက်မှ ဝင်ရောက်နေကာ ဟော်တူ၏မျက်နှာကို လင်းလက်နေစေသည်။ သူ မူလက အအိပ်ဆတ်သူ ဖြစ်သော်လည်း အဆိပ်ကြောင့် အချိန်အတော်ကြာ အိပ်နေခဲ့သည်။

 

သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ့ရှေ့၌ ပြုံးနေသော ခေါင်ရမ်းပန်းပုံမျက်နှာတစ်ခု ရှိနေသည်။ သူနိုးလာသည်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်ခုံးကြားမှ အပြုံးတစ်ခု ထွက်ပေါ်လာပြီး အသံတိုးတိုးလေးလည်း ထွက်ပေါ်လာသည်။

 

"အရှင့်သား နိုးပြီလား"

 

ဟော်တူ၏ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ သူ့ရှေ့မှ လူကို ပြန်ကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးများက သွေးထွက်နေသလို နီရဲနေပြီး မျက်ခွံအောက်ပိုင်းကတော့ မည်းနက်နေသည်။

 

သူမ တစ်ညလုံး အိပ်မပျော်ခဲ့သည်မှာ ထင်ရှားနေသည်။

 

သူ ရုတ်တရက် လေးနက်လာပြီး လှမ်းမေးလိုက်သည်။

 

“လဲ့ကျစ် မင်း နေမကောင်းဘူးလား"

 

လဲ့ကျစ်၏ အပြုံးက ရုတ်တရက် အေးခဲသွားသည်။ သူမ ဘယ်ညာ လှည့်ကြည့်ပြီး ဘယ်အရာက သူ့ကို ထိုကဲ့သို့ ထင်သွားစေသည်ကို သူမ မသိတော့ပေ။ သူမ အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင်မှ သူမ သူ့၏ဘီးတပ်ထိုင်ခုံ၌ ထိုင်နေမိသည်ကို သတိရမိသွားသည်။

 

‘သူက တခြားသူတွေကို သူ့ရဲ့ဘီးတပ်ထိုင်ခုံပေါ်မှာ ထိုင်ခွင့်မပြုတာ ဖြစ်နိုင်လား’

 

သူမ အမြန်ထပြီး သူ ဘီးတပ်ထိုင်ခုံပေါ်၌ ထိုင်ရန် ကူညီပေးလိုက်သည်။ သို့သော် သူမ၏ နှလုံးသားထဲမှ မကျေနပ်မှုများက ပိုပိုတိုးလာခဲ့သည်။

 

‘ဒီယောကျာ်းက တကယ်ကို အသိတရား မရှိတာပဲ။ သူမ တစ်ညလုံး သူ့ကို ပြုစုစောင့်ရှောက်ခဲ့တယ်၊ ဒါပေမယ့် သူက သူမ ဘီးတပ်ထိုင်ခုံပေါ် ခဏလောက်ထိုင်နေမိတာလေးနဲ့ သူမကို ဆန့်ကျင်နေတယ်’

 

"ကိုယ့်နောက်ကို လိုက်ခဲ့"

 

သူ့လေသံတွင် နွေးထွေးမှု မရှိချေ။

 

လဲ့ကျစ်က ရူးသွပ်သော သူများနှင့် ငြင်းခုံရန် မသင့်ဟု တွေးကာ နာခံစွာဖြင့် သူ့နောက်မှ လိုက်သွားခဲ့သည်။

 

ဟော်တူက အခြားနေရာသို့ မသွားဘဲ အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။

 

လဲ့ကျစ်လည်း အံ့သြသွားရပြန်သည်။

 

‘သူ ဆက်အိပ်ဦးမှာလား’

 

"အိပ်တော့"

 

ဟော်တူက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လူကို ကုတင်ပေါ်ဆွဲတင်ကာ သူမကို သူနှင့် မျက်နှာချင်းဆိုင်ထိုင်စေလိုက်သည်။ ထို့နောက် သူမ လဲလျောင်းသွားစေရန် သူမ၏ခြေထောက်ကို ဆွဲမြှောက်လိုက်သည်။

 

########

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်တူ: “မင်း နေမကောင်းဘူးလား”

 

ကျစ်ကျစ် : “ရှင်သာ နေမကောင်းတာ၊ ရှင့်တစ်မိသားစုလုံးသာ နေမကောင်းတာ....”

 

ဟော်တူ : “ကိုယ်က ဇနီးလေးနဲ့ အိပ်ချင်တယ်...” (မှားတယ်လို့ ခံစားရနေရတယ်)

 

သေအောင်ရယ်နေပါပြီလို့... လူမိုက်ကြီးရေ ....ဆုတောင်းပေါ့.......

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟