Ch 16
Viewers 543

အပိုင်း(၁၆)

ကျန်းဖုနှင့် ရှောင်ကျင်တို့သည် မြို့ပြင်သို့ထွက်လာသည့် လှည်းတစ်စီးပေါ်တွင် ထိုင်နေကြသည်။

 “ဝေပေဟိုက ဘယ်တော့ပြန်မှာလဲ။ သူက ပျန့်ကျိုးမှာ နှစ်သစ်ကူးတဲ့ထိနေမှာတော့ မဟုတ်ပါဘူးနော်”

ချန်ချန်းယဲ့က မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

 “ငါ့မှာ သူ့ကို မုန်းနေတဲ့ကြားထဲက သူ့အတွက် ပြုံးပြနေရသေးတယ်။ ကျန်းဖု သူ့ကို မြန်မြန်ထွက်သွားအောင် နည်းလမ်းလေးတစ်ခုလောက် ရှာပေးပါအုံး”

ကျန်းဖုမှာ အနည်းငယ် အံ့သြသွားလေသည်။

 “အရှင် ကျွန်တော်မျိုးက ဒါကိုလုပ်နိုင်မယ်လို့ အရှင်က ထင်နေတာလား”

ချန်ချန်းယဲ့က အပြုံးတစ်ခုဖြင့် သူ့ပခုံးကို ပွတ်ပေးလိုက်ကာ

 “ငါ့ရဲ့ စိတ်ထဲမှာတော့ ကျန်းလူကြီးမင်းက အရာရာကို စွမ်းဆောင်နိုင်ပါတယ်”

ရှင်က ကိုယ့်ဟာကိုယ် ကြာပန်းဖြူတစ်ယောက်လို့ ထင်နေသေးတာလား။ ဒီလိုကိစ္စမျိုးက ရှင့်လို ဝမ်းတွင်းမဲ တစ်ယောက်နဲ့ပဲ သင့်တော်တာလေ။

ရှောင်ကျင်က စဥ်းစားလိုက်မိသည်။

တမြန်နေ့က ဝေပေဟိုက မော့ချောင်ရှန်းကို အနိုင်ကျင့်ခဲ့တာပဲ။ ဒါပေမဲ့ အရှင်ကတော့ ဒီကိစ္စအပေါ် စိတ်ထဲမှာ တေးမှတ်ထားပုံ ရတယ်။ အဲဒီ့ကျွန်က မင်းသမီးရဲ့ နှလုံးသားထဲမှာ တကယ်ပဲ အရေးပါနေပုံပဲ။ သူက မင်းသမီးရဲ့ သရုပ်မှန်ကိုများ သိသွားပြီလား မသိဘူး။

ရှောင်ကျင်က ခန်းဆီးကိုမ,ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေသည့် ချန်ချန်းယဲ့ကို ကြည့်လိုက်လေသည်။

သူမ၏ ဖြူဖွေးနေသော မျက်နှာလေးက နွေးထွေးလှသည့် ဆောင်းတွင်းနေရောင်အောက်တွင် လင်းလက်တောက်ပနေပြီး အလွန်မှ တောက်ပလေသည်။

မင်းသမီးက မိန်းမတစ်ယောက် ဆိုပေမဲ့လည်း သူက လွတ်လပ်ပြီးတော့ ပေါင်းသင်းဆက်ဆံရတာ လွယ်ကူတယ်။ သူ့ရဲ့ အပြုအမူတွေကလည်း သဘောထားကြီးတယ်။ သူက သာမန်မိန်းမတွေရဲ့ ချုပ်တည်းခြင်း သိမ်မွေ့မှုတွေ မပါပုံပဲ။ ဒီရက်ပိုင်းမှာ သူက သူ့ရဲ့ မြို့စားမင်းဆိုတဲ့အရိုက်အရာကို တဖြည်းဖြည်း အသားကျလာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ တည်ငြိမ်လာပြီး ပိုပြီးတော့ စိတ်ဓာတ်ခိုင်မာလာသလိုပဲ။

ဒီလောက်အချိန်ကြာလာတဲ့အထိ ဘယ်အပြင် လူတစ်ယောက်ကမှ တစ်ယောက်နဲ့ တစ်ယောက် အစားထိုးထားတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို မသိခဲ့ကြဘူးလေ။

ရှောင်ကျင်က ဒီလိုစဥ်းစားလိုက်သည်။ တကယ်လို့ မော့ချောင်ရှန်းကသာ မင်းသမီးရဲ့ အမှန်တကယ် မျက်နှာသာပေးခံခဲ့ရပြီး သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်‌ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းသမီးကိုကူညီပြီး သူ့ရဲ့ အကျင့်စာရိတ္တကိုတော့ သေချာပေါက် စောင့်ကြည့်ရအုံးမယ်။

ချန်ချန်းယဲ့က ပြတင်းပေါက်အပြင်ဘက်က မဆုံးနိုင်သည့် ကျက်တီးမြေယာများကို ကြည့်လိုက်ပြီး ကိုယ်ကို ပြန်လှည့်လာကာ သူမ၏ဘေးက စားပွဲကို ခေါက်လိုက်ပြီး ရှောင်ကျင်နှင့် ကျန်းဖုတို့၏အာရုံကို ဆွဲဆောင်လိုက်လေသည်။

 “ငါက ရှိနှင့်နေပြီးသား ရေတွင်း လယ်ကွင်းစိုက်ပျိုးရေးစနစ်ကို ဖျက်သိမ်းပြီး လယ်ယာချီးမြှောက်တဲ့စနစ်နဲ့ အစားထိုးပြီး အကောင်အထည်ဖော်ချင်တယ်”

 “လယ်ယာချီးမြှင့်တဲ့စနစ်။ လယ်ယာချီးမြှင့်တဲ့စနစ်ဆိုတာ ဘာလဲ” ရှောင်ကျင်နှင့် ကျန်းဖုတို့က တစ်ပြိုင်တည်းမေးလိုက်ကြ၏။

တကယ်တမ်းကျတော့ ဒါကို လယ်ယာချီးမြှင့်တဲ့စနစ်လို့ ခေါ်တာ မဟုတ်ဘူး။ ဒီစနစ်ရဲ့နာမည်ကို ဘာလို့ ခေါ်တယ်ဆိုတာကို သမိုင်းဆရာမက ပြောထားသားပဲ။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ပတ်သက်ပြီး အကြမ်းဖျင်းလောက်ပဲ သိတာလေ။

ချန်ချန်းယဲ့သည် သူမ၏ စိတ်ထဲတွင် ရှက်ရွံ့သလို ခံစားလိုက်ရ၏။

သူမက လက်ဖက်ရည်ခွက်ထဲတွင် သူမ၏ လက်ချောင်းကို နှစ်လိုက်ကာ စက်ဝိုင်းအသေးတစ်ခုနှင့် စက်ဝိုင်းအကြီးတစ်ခုကို စားပွဲပေါ်တွင် ဆွဲလိုက်လေသည်။

 “ပျန့်ကျိုးက ဒီမှာ။ သကျင်းက ဟိုဘက်မှာ။ တကယ်လို့ ငါတို့ရဲ့နယ်မြေကို ပျန့်ကျိုးကနေ ဆက်ပြီးတော့ ချဲ့ထွင်ချင်တယ်ဆိုရင်” ချန်ချန်းယဲ့သည် သူမ၏ ကျန်ရှိနေသေးသည့် လက်ချောင်းဖြင့် မျဥ်းကြောင်းအနည်းငယ်ကို ဆွဲပြလိုက်ပြီး သူမ၏ လက်ချောင်းငါးချောင်းကို ဖြန့်ပြလိုက်လေသည်။

 “ငါတို့တွေက ကျင်းပြည်ကနေ ရဲမက်တွေကို ဆက်ပြီး စုဆောင်းဖို့လိုပြီ။ ပြည်နယ်အတွင်းက အစားအသောက်နဲ့ မြက်ခြောက်တွေကိုလည်း သယ်ယူပို့ဆောင်ဖို့လိုတယ်။ ဒီရှည်ကြာလှတဲ့ခရီးက ဆုံးရှုံးမှုလည်း ကြီးမားတယ်။ တကယ်လို့ လူတွေက လာရောက်တိုက်ခိုက်ခဲ့မယ်ဆိုရင် အစားအသောက်ကို စိုက်ပျိုးဖို့အတွက် လူအင်အားတွေ ပြတ်လတ်သွားလိမ့်မယ်။ ဟုတ်တယ်မလား”

ကျန်းဖုက ခဏလောက် သေသေချာချာ စဥ်းစားလိုက်ပြီး သူ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ စက်ဝိုင်းငယ်လေးပေါ်သို့ အသာအယာ ထလိုက်လေသည်။

 “ဟုတ်တယ်။ ကျွန်တော်လည်း အဲ့တာကိုပဲ စဥ်းစားနေတာ။ ကျွန်တော်တို့တွေ ဒီမြေရိုင်းတွေကို လူအရေအတွက်ပေါ် မူတည်ပြီးတော့ ကပ်ဘေးဒုက္ခသည်တွေဆီကို ခွဲဝေပေးပြီး ဒီမြေရိုင်းတွေပေါ်မှာ စိုက်ပျိုးဖို့ သူတို့ကို အားပေးလို့ရတယ်”

ချန်းချန်းယဲ့က ရှေ့သို့ အနည်းငယ် တိုးလာလိုက်ပြီး 

“ငါတို့က အသိပေးစာတစ်စောင် ထုတ်လိုက်လို့ရတယ်‌လေ။ သူတို့တွေက ကျင်းပြည်ရဲ့ ပြည်သူတစ်ယောက်အဖြစ် စာရင်းပေးသွင်းဖို့ ဆန္ဒရှိသ၍ အခြားပြည်နယ်ကို စိတ်တိုင်းကျ မပြောင်းရွှေ့သွားသ၍ သူတို့တွေက ဘယ်ပြည်နယ်ကပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့နေရာတစ်ခုကို အပ်နှင်းခံရလိမ့်မယ်။ ပထမနှစ်မှာ ငါက သူတို့ကို ကင်းလွတ်ခွင့်ပေးနိုင်သေးတယ်”

သူမက သူမ၏လက်ကို ပြန်လည်ရုပ်သိမ်းထားပြီး ပြောလိုက်သည်။

 “ဒီလိုဆို ငါတို့ သကျင်းရဲ့ ရဲမက်တွေလည်း ရှေ့တန်းမှာ ငါတို့နယ်မြေကို ချဲ့ထွင်နိုင်ပြီး နောက်ပိုင်းမှာတော့ ထောက်ပံ့ပို့ဆောင်ရေးအတွက် တည်ငြိမ်တဲ့ ရိက္ခာတစ်ခုကို ပြုလုပ်ပေးနိုင်လိမ့်မယ်”

ကျန်းဖု၏ မျက်ဝန်းများက မသိမသာ လင်းလက်သွား၏။

 “ဒါက တကယ်ကို အဆင်ပြေတာပဲ။ ဒါပေမဲ့ တချို့ အသေးစိတ်ကိစ္စတွေကိုတော့ သေသေချာချာလေး စဥ်းစားဖို့လိုသေးတယ်။ ဥပမာ ယောက်ျားတွေက ဘယ်အသက်အရွယ်မှာ ဘယ်နေရာကို အပ်နှင်းပေးသင့်သလဲ။ လူတစ်ယောက်ကို မြေ ဘယ်လောက်များများ အပ်နှင်းပေးနိုင်သလဲ။ ကောင်းမွန်တဲ့နေရာရဲ့ ဘယ်အစိတ်အပိုင်းကို ပြည်နယ်အတွက် ထိန်းသိမ်းထားမလဲ။ ဘယ်အစိတ်အပိုင်းကိုတော့ သီးခြားအရောင်းအဝယ်လုပ်လို့ ရမလဲဆိုတာပေါ့”

ချန်းချန်းယဲ့က သူမနှင့် ကျန်းဖုတို့သည် ချက်ချင်းဆိုသလို သဘောထားတစ်ခုတည်း ဖြစ်သွားသည်ကို မြင်လိုက်ရဖြင့် အလွန်မှ ဝမ်းသာသွားတော့သည်။

ရှောင်ကျင်ကတော့ မျက်မှောင်ကြုတ်ကာ ငြင်းပယ်ချက်တစ်ခုကို ထုတ်လိုက်၏။

 “မြေယာတွေက အစကတည်းက တော်ဝင်မျိုးနွယ်တွေနဲ့ တိုင်းပြည်ကနေ ပိုင်ဆိုင်တာလေ။ သာမန်ပြည်သူတွေက ဘယ်တုန်းကမှ ကိုယ်ပိုင် ပိုင်ဆိုင်ထားတဲ့နေရာဆိုတာ မရှိခဲ့ဘူး။ ဒီလှုပ်ရှားမှုက တော်ဝင်မိသားစုတွေရဲ့ အကျိုးအမြတ်ကို ထိခိုက်သွားလိမ့်မယ်။ နောက်ပြီး ဒါက ပြည်နယ်ထဲက ကျောင်းသားကျောင်းသူတွေနဲ့ အရာရှိတွေဆီကနေ တော်လှန်တာကို ဦးတည်သွားမှာ စိုးရိမ်ရတယ်။ အရှင်သခင်ကလည်း အသစ်။ သူ့ရဲ့အုတ်မြစ်ကလည်း တည်ငြိမ်သေးတာ မဟုတ်ဘူး။ အရှင်က အပြောင်းအလဲကိစ္စနဲ့ ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလို့မရဘူး။ ကျွန်တော့်အထင်တော့ အရှင်က ဒီကိစ္စကို နောက်ထပ်တစ်ခါလောက် ပြန်ပြီး စဥ်းစားသင့်ပါသေးတယ်”

ဒီလူ၂ယောက်၏ လုံးဝမတူညီသည့် သဘောထားများက သူတို့ကိုယ်တိုင်အတွက် မတူညီသည့် သဘောထား အမြင်များကြောင့် ဖြစ်မှန်း ချန်းချန်ယဲ့က သိသည်။

ရှောင်ကျင်က သူမအပေါ် ပိုပြီးတော့ သစ္စာရှိသည်။ ထို့ကြောင့် သူ၏ ဦးစားပေးသည့်ကိစ္စမှာ ချန်ချန်းယဲ့၏ ကိုယ်ပိုင် အဆင့်အတန်းကို ပိုပြီး တည်ငြိမ်အောင်လုပ်ပြီး လှုံ့ဆော်ဖို့ရန်သာ ဖြစ်သည်။ ကျန်းဖုကတော့ ကျင်းပြည်နယ်၏ ကြီးပွားတိုးတက်ရေးကို တန်ဖိုးထားသည်။ ထို့ကြောင့် သူက ချန်ချန်းယဲ့၏ ဒီလိုစွန့်စားလာသည့် ပြန်လည်ထူထောင်ခြင်းကို ထောက်ခံခြင်းဖြစ်သည်။

မည်သို့ဆိုစေ ဒီလူ၂ယောက်သည် စူးရှသည့် နိုင်ငံရေး အရည်အချင်းများ ပိုင်ဆိုင်ထားသည်။ သူတို့သည် ချန်ချန်းယဲ့၏ စကားလုံးများထံမှ စကားလုံး တစ်လုံးနှစ်လုံးဖြင့် ပြောလိုက်ရုံနှင့် ပြဿနာများ၏ အဓိကအချက်များကို ထောက်ပြပေးနိုင်သည်။

နှစ်ပေါင်းထောင်ချီကြာအောင် အသိပညာနှင့် စိုက်ပျိုးရေးကိစ္စများကို နားလည်အောင်လုပ်နေရသည့် ချန်ချန်းယဲ့ကတော့ ဒီလူ၂ယောက်၏ ကြီးမားသည့် အရည်အချင်းကို သာလွန်ဖို့ရာအတွက် အခွင့်အရေး အများကြီး မရှိသယောင်ပင်။

ချန်ချန်းယဲ့က စိတ်ရှည်ရှည်ဖြင့် ရှင်းပြကာ ရှောင်ကျင်နှင့် ဆွေးနွေးလိုက်၏။

 “ ရှောင်စစ်ခို့ ပြောတာ မှန်ပါတယ်။ အစပိုင်းမှာတော့ ငါတို့တွေက ကျင်းပြည်နယ်ရဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ လက်ဝေခံပြည်နယ်တွေကို ဒီအတိုင်းပဲ ထားသင့်ပါတယ်။ ယန့်ကျိုးက ကျွန်တော်တို့တွေ အခုမှ သိမ်းပိုက်ထားတဲ့ မြို့တစ်မြို့ဖြစ်တယ်။ နေရာတိုင်းမှာလည်း ပိုင်ရှင်မဲ့တွေနေတဲ့ နေရာတွေကြီးပဲ။ ငါကတော့ ပျန့်ကျိုးမှာ စမ်းသပ်စီမံကိန်းတစ်ခု လုပ်ချင်တယ်”

 “တကယ်လို့ ဒါက အဆင်ပြေတယ်ဆိုရင် နောက်ပိုင်းကျရင် ငါတို့ရဲ့ သာ့ကျင်းက သူ့ရဲ့နယ်မြေကို ချဲ့ထွင်တဲ့အချိန်တိုင်း ဒီစနစ်ကို အကောင်အထည်ဖော်ရလိမ့်မယ်။ အခုချိန်ကစပြီး သာ့ကျင်းအတွက် အကျိုးဆောင်ပေးတဲ့လူတွေကို မြေယာချီးမြှောက်တာမျိုး မလုပ်တော့ဘဲနဲ့ ရွှေ၊ ငွေ၊ ဘွဲ့ရာထူးတွေပဲ ချီးမြှင့်တော့မယ်။ ရှိနှင့်နေပြီးသား ကံကျွေးချ နယ်မြေတွေကိုတော့ ခင်ဗျား ပြောတဲ့အတိုင်းပါပဲ။ အခုလောလောဆယ်တော့ ငါတို့တွေက သူတို့တွေကို မပြောင်းလဲဘဲ ဆက်ထားပြီး ဖြည်းဖြည်းချင်းမှ စီစဥ်လို့ရပါတယ်”

ရှောင်ကျင်သည် ခဏလောက် ချီတုံချတုံဖြစ်သွား၏။

 “ပျန့်ကျိုးမှာလည်း လုပ်စရာအလုပ်တွေက အများကြီးပဲ။ အရှင်က ဒီနေရာမှာလည်း ကြီးမားတဲ့ ဂုဏ်သတင်းတစ်ခုလည်း ပိုင်ဆိုင်ထားတယ်။ ဒီတော့... စမ်းကြည့်ဖို့ အမှန် ထိုက်တန်ပါတယ်”

ကျန်းဖုက နှုတ်ဆိတ်နေသော်ငြားလည်း တစ်ယောက်တည်းသာ စဥ်းစားနေလေသည်။

 “ငါလည်း တစ်ခါတစ်ရံကျရင်တော့ မှားယွင်းဆုံးဖြတ်တတ်သေးတာပဲ။ ပြီးတော့ အရှင်ကလည်း ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ပဲ။ သူ့ရဲ့ရည်မှန်းချက်က... မသေးနေဘူး”

လှည်းက ပျန့်ရွှေမြစ်နားသို့ ရောက်လာသည့်အချိန်တွင် ချန်ချန်းယဲ့က လှည်းပေါ်က ခုန်ချလိုက်ကာ လမ်းဘေးမှ ဝယ်ယူခဲ့သည့် ပိယွင်အစေခံက သူ့ကို မြန်မြန်ဆန်ဆန် ခစားပေးသည်။

သူမ၏ ညီမငယ်ဖြစ်သူ ရှောင်ချိုးကလည်း သူမနောက်မှ လိုက်ပါလာ၏။

ပိယွင်သည် တော်တော်လေးကို တည်ငြိမ်သူဖြစ်သည်။ သူမ၏ရုပ်ရည်က သာမန်ဖြစ်သော်ငြားလည်း သူမသည် စဥ်းစားချင့်ချိန်တတ်ကာ တွေးတောပေးတတ်လေသည်။

ရှောင်ချိုးကတော့ ငယ်ရွယ်သေးသည်။ အစားကောင်း အသောက်ကောင်းနှင့် ချန်ချန်းယဲ့နှင့်အတူ ရက်အနည်းငယ်လောက် နေပြီးသည့်နောက်တွင် သူမသည် တဖြည်းဖြည်းနှင့် နှစ်လိုဖွယ်ကောင်းပြီး တက်ကြွတဲ့ သဘာဝလေးကို ပိုင်ဆိုင်လာကာ သူမ၏ ဝါကြန့်ကြန့် မျက်နှာလေးကလည်း အနည်းငယ် ပိုဖြူပြီး ဝိုင်းစက်လာတော့သည်။

ချန်ချန်းယဲ့သည် ဒီကလေးမလေးများကို အလွန်မှသဘောကျပြီး မကြာခဏဆိုသလို အပြင်ထွက်သည့်အချိန်တိုင်း သူတို့ကို အတူခေါ်သွားတတ်သည်။ သို့မှသာ ဒီညီအစ်မများကလည်း အပြင်ထွက်နိုင်ပြီး လတ်လတ်ဆတ်ဆတ်လေကို ရှူရှိုက်နိုင်ကာ ပတ်ဝန်းကျင်အသစ်တွင် အလွန်အကျွံ ချုပ်တည်းစရာ မလိုမှာဖြစ်သည်။

သူမက ရှောင်ချိုး၏လက်ကို လှမ်းတွဲလိုက်ပြီး မေးလိုက်၏။

 “ရှောင်ချိုး ငါ့ကို ပြောပြ။ မင်းရဲ့မိဘတွေက သူတို့ရဲ့ ဇာတိမြို့မှာ စိုက်ပျိုးရေး မလုပ်ဘဲနဲ့။ ဘာဖြစ်လို့ ပျန့်ကျိုးကို ထွက်ပြေးဖို့ ရွေးချယ်ခဲ့တာလဲ”

ရှောင်ချိုးက ပြန်ဖြေသည်။

 “သမီးရဲ့မိဘတွေမှာ စိုက်ပျိုးဖို့ မြေမှမရှိတာ။ မြေယာကောင်းတွေ အားလုံးကိုလည်း တော်ဝင်မျိုးနွယ်တွေကပဲ ယူသွားကြတာလေ။ နှစ်တိုင်း သမီးတို့တွေက သမီးတို့မိသားစုအတွက် ခွဲဝေ‌ပေးထားတဲ့ တောင်စောင်းက မြေကွက်သေးသေးလေးကို မစိုက်ပျိုးခင်မှာ တော်ဝင်မျိုးနွယ်တွေအတွက် ပြည်သူပိုင် မြေယာ အကွက်ကြီးတစ်ခုကို စိုက်ပျိုးပေးရတယ်လေ။ သမီးရဲ့အဖေက အလုပ်ကြမ်းတွေ အများကြီး လုပ်ရတော့ မိသားစုတစ်ခုလုံးကို မထောက်ပံ့ပေးနိုင်ဘူးပေါ့။ သမီး အငယ်ဆုံးမောင်လေးကလည်း ငတ်မွတ်ပြီးတော့ သေဆုံးသွားတယ်လေ”

ပိယွင်က ဆက်ပြောပြသည်။

 “အရှင် ကျွန်မဇာတိမြို့ကသခင်က စစ်တိုက်ဖို့အတွက် လူတွေကို အချိန်မရွေး ဖမ်းဆီးတတ်တယ်။ လူငယ်၁၀ယောက်မှာ ၁ယောက်လောက်ပဲ အသက်ရှင်ခဲ့တယ်။ ကျွန်မရဲ့အဖေက ကျွန်မတို့မိသားစုမှာ တစ်ဦးတည်းသော လူကြီးလေ။ သူ့ကို ရဲမက်တစ်ယောက်အဖြစ် ဖမ်းဆီးခံရမှာ စိုးရိမ်တဲ့အတွက်၊ အိမ်မှာလည်း မိသားစုတစ်ခုလုံးကို ငတ်သေပြီး ချန်ထားခဲ့ရမှာ စိုးရိမ်ရသေးတာမလို့ ကျွန်မတို့ကို ထွက်ပြေးဖို့ ခေါ်လာခဲ့တာပါ”

ပိယွင်က သူမ၏ခေါင်းကို ငုံ့ထားကာ ပြောလိုက်သည်။

 “ဒါပေမဲ့ ဒီနေရာကို ထွက်ပြေးလွတ်မြောက်လာပြီးတဲ့ နောက်မှာလည်း ကျွန်မတို့တွေက စစ်ပွဲနဲ့ ထပ်ပြီးတော့ ကြုံတွေ့ရပြန်တယ်လေ။ မတတ်သာတော့ဘဲ ကျွန်မအဖေနဲ့ အမေက ကျွန်မတို့ ညီအစ်မကို ရောင်းချရတော့တာပေါ့”

 “တကယ်လို့ ငါက မင်းတို့မိသားစုကို မင်းတို့ရဲ့ ကိုယ်ပိုင် မြေကွက်တစ်ခု ပေးပြီး‌တော့ နှစ်တိုင်း အခွန်ကိုလည်း ၃၀%ပဲ ယူမယ်ဆိုရင် မင်းမိဘတွေက ဒီနေရာမှာ ပြောင်းရွှေ့လာမယ်လို့ ထင်လား”

 “သေချာတာပေါ့ ကျွန်မရဲ့ မိဘတွေတင်မကဘူး။ ကျွန်မတို့ တစ်ရွာလုံးကလည်း ဒီနေရာကို ပြောင်းလာချင်လိမ့်မယ်။ ဒါက ကျွန်မတို့ရဲ့ ကိုယ်ပိုင်မြေလေ။ ဒါက ကျွန်မတို့တွေ အိပ်မက်မက်နေတဲ့အရာပေါ့။ ကျွန်မ အဖေက ဒါကို သေချာပေါက် ဂရုစိုက်ပေးပြီး မြေတစ်လက်မတိုင်းကို ကောင်းကောင်းအသုံးချမှာပါ”

ချန်ချန်းယဲ့က သူမ၏ လက်ကလေးကို ပုတ်ကာ ပြောလိုက်၏။

 “မကြာခင် ရလာတော့မှာပါ”

ကျန်းဖုနှင့် ရှောင်ကျင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချင်းချင်း၏ မျက်လုံးထဲတွင် စိတ်အေးသွားသည့် ခံစားချက်တစ်ခုကို မြင်လိုက်ရသည်။

အသစ်ခန့်အပ်ထားသည့် ပျန့်ကျိုးမှ အရာရှိများအားလုံးသည် ပျန့်ရွှေမြစ်နားတွင် စောင့်ဆိုင်းနေကြလေသည်။

ပျန့်ကျိုး၏ အုပ်ချုပ်ရေးမှူး ဝမ်စီးလီ ဦးဆောင်သည့် အသစ်ခန့်အပ်ထားသည့် ဒေသတွင်းအရာရှိများအပါအဝင် ပြည်နယ်တရားသူကြီး၊ တရားသူကြီးလက်ထောက်၊ ပြည်နယ်တပ်မှူးတို့ အပါအဝင် သူတို့အားလုံးသည် ချန်ချန်းယဲ့တို့ကို အလောတကြီး လာရောက်နှုတ်ဆက်ကြလေသည်။

မြေကြီးပေါ်တွင် ဝပ်တွားခယပြီး သခင့်ကို ဦးချနှုတ်ဆက်လိုက်၏။

ဝမ်စီးလီသည် အသားမည်းမည်း အရပ်ပုပု သက်လတ်ပိုင်းအရွယ် ယောင်္ကျားတစ်ယောက် ဖြစ်သည်။ သူသည် ပြုံးလိုက်သည့်အခါ တော်တော်လေး ရိုးသားသည့်ရုပ် ထွက်သည်။ 

သူသည် လျှော်ချည်ဖြင့် ပြုလုပ်ထားသည့် ဖိနပ်ကို စီးထားပြီး သူ့ဘောင်းဘီကို လိပ်တင်ထားကာ ရွှံ့နွံထဲတွင် လျှောက်သွားနေပြီး သူ့ခြေထောက်များကလည်း ရွှံ့များဖြင့် ပေကျံနေလေသည်။ သူသည် အလုပ်ကြိုးစားပြီး ပြည်သူများကို ဂရုစိုက်ပေးတတ်သည့် လုပ်တတ်ကိုင်တတ် အရာရှိတစ်ယောက်နှင့် တူသည်။

သို့သော်ြငားလည်း ချန်ချန်းယဲ့ကတော့ လုံးဝ သဘောမကျချေ။ အကြောင်းမှာ သူမကို မသက်မသာ ဖြစ်အောင်လုပ်နေသည့် အရောင်ကို မြင်နေရခြင်းကြောင့်ပင်။

သိပ်မကြာခင်တုန်းကတော့ မတုန်မလှုပ် ပျင်းရိငြီးငွေ့နေတတ်ပေမဲ့ ဒီလိုလူတစ်ယောက်က ပျန့်ကျိုးအုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်သွားခဲ့တယ်တဲ့။ အခုချိန်မှာတော့ ဒါကြီးက ရွံစရာကောင်းနေလား၊ မကောင်းဘူးလားဆိုတာကို မေးစရာလိုသေးလို့လား။

ချန်ချန်ယဲ့သည် သူတို့နှင့် ခဏလောက် စကားပြောပြီးနောက် ပျန့်ရွှေမြစ် အခြေအနေကို မေးမြန်းလိုက်သည်။

ဒီမြစ်သည် မြစ်ဝါမြစ်၏ မြစ်လက်တတ်တစ်ခုဖြစ်ပြီး ရေစီးက ကြမ်းလှသည်။ ထို့ကြောင့် ရှောင်ကျင်က မြစ်ကမ်းပါးကို ကာကွယ်ပေးဖို့ရာအတွက် အမြဲလိုလို အရေးကြီးဆုံး ကဏ္ဍတွင်ထည့်ထားကာ မကြာခဏဆိုသလို လာရောက်စစ်ဆေးတတ်သည်။

ဝမ်စီးလီက ကိုယ်ကို ကုန်းလိုက်ကာ တ‌လေးတစားဖြင့် ပြောလိုက်သည်။ 

“အရှင် အရှင့်ရဲ့ဉာဏ်ပညာနဲ့ ရှောင်စစ်ခို့ရဲ့ကျေးဇူးကြောင့် မြစ်ကမ်းပါးကို ပြန်ဖို့ဖို့အတွက် ပြည်သူတွေကို အချိန်မှီ ပို့ထားပါတယ်။ ဆောင်းဦး ရေလွှမ်းတာကလည်း ပြီးဆုံးသွားပြီဆိုတော့ ပျန့်ကျိုးက ဒီတစ်နှစ်ဆောင်းတွင်းမှာ ရေလွှမ်းမဲ့ကိစ္စကို စိုးရိမ်စရာ မလိုတော့ဘူးဆိုတာ‌ သေချာပါတယ်”

ချန်ချန်းယဲ့က သိရှိကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို အကြိမ်အနည်းငယ် ခေါင်းညိမ့်ပြလိုက်၏။

သူမသည် ဒီကိစ္စကို ဖြေရှင်းဖို့ရန် သိပ်ပြီးတော့ စိတ်မရှည်နေချေ။

သူမက လူအုပ်ကြီးကို လှည့်ကြည့်လိုက်ပြီး လူအုပ်၏ အစွန်အနားတွင် ရပ်နေသည့် အရာရှိတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

 “ခင်ဗျားရဲ့အဝတ်အစားကိုကြည့်ရတာ ခင်ဗျားရဲ့ ဆောက်လုပ်ရေးကို တာဝန်ယူထားတဲ့ စစ်ခုံးပါ ဖြစ်မယ် ထင်တယ်။ ရေထိန်းသိမ်းရေးမှာ အခြားပြဿနာ ရှိသေးလားဆိုတာ ငါ့ကို ပြောပြပါအုံး”

ထိုလူက ဒူးထောက်ချလိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။

 “အရှင် ကျွန်တော်မျိုးက ချွေးရိုးယွီက ပြည်နယ် လက်ထောက်အရာရှိပါ။ ဆောင်းဦးရေ လွှမ်းတာကတော့ အန္တရာယ်ကင်းကင်းနဲ့ ကျော်လွှားခဲ့ပါပြီ။ ဒါပေမဲ့ ဒီတစ်နှစ်ဆောင်းတွင်းက စောစောဝင်လာတာဆိုတော့ ရေမျက်နှာပြင်က မြန်မြန် အေးခဲသွားခဲ့တယ်။ ကျွန်တော်မျိုးရဲ့ တစ်ကိုယ်တည်း သဘောအရ ပြောရမယ်ဆိုရင်တော့...”

ဝမ်စီးလီက ဘေးမှနေ၍ ချောင်းဟန့်လိုက်သည်။

ချွေးရိုးယွီက သူ့တပည့် အကြီးအကဲကို မော့ကြည့်လိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

 “ကျွန်တော့်အထင်တော့ ရေလွှမ်းတာ ဖြစ်နိုင်ခြေ အရမ်းများတယ်။ အရှင် ကျေးဇူးပြုပြီးတော့ မြစ်ကို ‌‌သောင်တူးပြီးတော့ ရေလွှမ်းတာ ကာကွယ်ဖို့အတွက် မြစ်ကမ်းနှဖူးကို ပြန်ဖို့ထားသင့်ပါတယ်။ ကျွန်တော် စစ်ဆေးထားတဲ့ ရလဒ်အရ‌တော့ ပျန့်ကျိုးရဲ့ နောက်ပိုင်း မြစ်အစိတ်အပိုင်းတွေကလည်း အပြင်းအထန် ပျက်စီးနေပြီး မြေပြန်ဖို့ပေးဖို့ အလောတကြီး လိုအပ်နေပါတယ်။

သူသည် သူ့ရင်ဘတ်ထဲက စာရွက်လိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆက်သလိုက်လေသည်။

ချန်ချန်းယဲ့က စာလိပ်ကို ဖြည်လိုက်သည့်အခါ သိပ်သည်းနေသည့် စာကြောင်းများနှင့် လယ်ကွင်းအတွင်း ရေထိန်းသိမ်းသည့် မြေမျက်နှာသွင်ပြင်ပြ ဒေါင်လိုက်ဖြတ်ပိုင်းပုံများကိုလည်း တွေ့ရသည်။

ပတ်ဝန်းကျင်တွင်ရှိသည့် အရာရှိများအားလုံးက မပျော်မရွှင် ဖြစ်သွားကြတော့သည်။ ချန်ချန်းယဲ့က သူမရှေ့တွင် ဒူးထောက်နေသည့် ချွေးရိုးယွီကို ကြည့်လိုက်ပြီး သူမစိတ်ထဲတွင် ရယ်မောမိတော့သည်။

ဒီအရာရှိငယ်လေးကတော့လေ။ သူ ဘယ်ရောက်နေတယ်ဆိုတာ မသိဘဲနဲ့ သူ့ရဲ့ အထက်လူကြီးတွေ အမုန်းခံရတော့မှာပဲ။ ဒါပေမဲ့ သူကတော့ သူ့အလုပ်အပေါ် အလေးအနက်ထားတတ်ပြီး သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကလည်း အရမ်းကို ခိုင်မာတောင့်တင်းတဲ့ပုံပဲ။ ဟုတ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့အရောင်က အရမ်းကိုလှတယ်လေ။ တစ်ချက်ကြည့်မိရုံနဲ့ သတိထားမိသွားတယ်။

 “ဟုတ်ပြီလေ” ချန်ချန်းယဲ့က စာလိပ်ကိုပြန်သိမ်းလိုက်ပြီး

 “ပျန့်ရွှေမြစ်ရဲ့ အစီအစဥ်တစ်ခုလုံးကို သေသေချာချာ ပြန်ရေးပြီးတော့ ငါကိုယ်တော်ဆီကို တိုက်ရိုက်တင်ပြပါ...“

သူမသည် သူမကိုယ်တိုင်ကလည်း ဒီအကြောင်းအရာကို နားမလည်နိုင်သေးတာကို သတိရသွားသဖြင့် သူမ၏စကားလုံးများကို ပြောင်းလဲလိုက်တော့သည်။

 “ဒါကို ရှောင်စစ်ခို့ဆီပဲ တိုက်ရိုက်ပေးပို့လိုက်ပါ”

သူတို့အဖွဲ့သည် မြစ်ကမ်းပါးကို စစ်ဆေးစုံစမ်းခြင်းကို ပြီးဆုံးသွား၏။

မြို့သို့ ပြန်လာသည့်လမ်းတွင် ချန်ချန်းယဲ့က ရှောင်ကျင်ကို ပြောလိုက်လေသည်။

 “အဲဒီ့ ဝမ်စီးလီက တော်တော်ဆိုးရွားတာပဲ။ သူ့နေရာမှာ အစားထိုးဖို့ ဆင်ခြေတစ်ခုရှာလိုက်”

ရှောင်ကျင်မှာ အံ့သြသွားကာ ပြောလိုက်လေသည်။

 “လူကြီးမင်းဝမ်းက သာ့ကျင်းမှာ နှစ်ပေါင်းများစွာ ပြည်နယ်အုပ်ချုပ်‌‌ရေးမှူး ဖြစ်လာခဲ့တာပဲ။ သူက အတွေ့အကြုံရှိပြီး နာမည်ကောင်းလည်း ရှိတယ်လေ။ အရှင်က ဘာဖြစ်လို့ သူ့အပေါ် ဒီလောက်မကောင်းတဲ့သဘောထားမျိုး ရှိနေတာလဲ ကျွန်တော် မသိဘူးနော်”

 “အာ.. “

ချန်ချန်းယဲ့သည် နေရာမှာတင် ဆင်ခြေတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

 “ငါ သူနဲ့ပတ်သက်တဲ့ မကောင်းသတင်းတချို့ ကြားထားလို့ပါ။ အဲ့လိုမဟုတ်ဘူးဆိုရင်လည်း ကျန်းဖု ဒါက အမှန်လား၊ အမှားလား သေသေချာချာသိရအောင် ဒီလူကို ပြန်လာပြီးတော့ စစ်ဆေးပေးလိုက်လေ”

သူက ဘယ်မှာ မှားနေလဲဆိုတောတော့ ငါက ဘယ်လိုလုပ်သိမှာလဲ။ ဒါပေမဲ့ သေချာပေါက် မကောင်းတာတော့ သေချာတယ်။

ကျန်းဖု ရှင်ကတော့ သေချာပေါက် ဒါကို ရှာဖွေနိုင်တယ်လေ။

ချန်ချန်းယဲ့က မျှော်လင့်တကြီး အကြည့်တစ်ခုဖြင့် ကျန်းဖုကို လှမ်းကြည့်လိုက်လေသည်။ ကျန်းဖုမှာလည်း မတတ်သာတော့ဘဲ အမိန့်ကို လက်ခံလိုက်ရသည်။

...

မော့ချောင်ရှန်းသည် စခန်းမှ ပြန်လာသည့်အချိန်တွင် တံခါးက ရဲမက်က သူ့ကိုလှမ်းခေါ်ပြီး တံခါးနားတွင် ရပ်နေသည့် လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

 “အဲဒီလူကို မင်းကို လာရှာနေတာ။ သူ ဒီမှာစောင့်နေတာ တော်တော်‌လေးကို ကြာပါပြီ”

မော့ချောင်ရှန်းက တစ်ချက်လောက် လှမ်းကြည့်ပြီးသည့်နောက်တွင် အားဖုန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ပါးလွှာသည့် အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက ဖြူဆုတ်နေကာ သူသည် အေးစက်လှသည့်လေထဲတွင် မလှုပ်မယှက် ရပ်နေလေသည်။

...