Ch 6
Viewers 919

👶အခန်း ၆

 - ဆီမပါ ဆားမပါ ကြက်သားတစ်ဝက် 

  

 


ကျိုးကျင့်က ဤအကြောင်းများကို တွေးတောရင်း စိတ်ညစ်နေမည်ကို စိုးရိမ်သဖြင့် ရှန်မော့က မြန်မြန် တားမြစ်လိုက်သည်။ 


"တော်တော့ ရှောင်လင်း… ဆက်မပြောနဲ့တော့…"  

 

ရှန်လင်းကလည်း မည်သို့ပင်ဖြစ်စေ ကျိုးကျင့်၏ မိဘများက မိဘအရင်းများသာ ဖြစ်သဖြင့် ဤကဲ့သို့ ပြောဆိုခြင်းက မသင့်တော်ကြောင်း သတိရသွားပုံရသည်။ သူက နှုတ်ခမ်းကို စေ့ထားကာ တိတ်ဆိတ်သွားတော့သည်။ 

 

သို့သော် ကျိုးကျင့်က တည်ငြိမ်စွာပင် ပြောလာသည်။ 


"အတိတ်မှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ နောက်ဆိုရင် ဝမ်မိသားစုဆီကနေ ဘာမျှော်လင့်ချက်မှ ထားမှာမဟုတ်တော့ဘူး… သေဘေးနဲ့ နီးခဲ့ပြီးမှ အရာတော်တော်များများကို ငါ နားလည်သွားပြီ… အခုကစပြီး လမ်းမှာတွေ့ရင်တော့ ရိုသေမှု ပြနိုင်ပေမဲ့ အရင်လို သည်းခံနေစရာတော့ မလိုတော့ဘူး…" 

 

ကျိုးကျင့်သည် သူက "မူလ ကျိုးကျင့်" မဟုတ်ကြောင်းကိုမူ ထုတ်မပြောခဲ့ပေ။ 

 

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူက အထောက်အထားသစ် တစ်ခုကို အသည်းအသန် လိုအပ်နေသောကြောင့် ဖြစ်သည်။ ရှေးခေတ်ကာလတွင် မှတ်ပုံတင်နှင့် အထောက်အထား မရှိပါက ထွက်ပြေးလာသော ကျွန် သို့မဟုတ် ရာဇဝတ်သားအဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်သည်။ 

 

ဘဝဆိုသည်က ဝတ္ထုများကဲ့သို့ သနားစရာကောင်းသော ကိုယ်ရေးရာဇဝင်တစ်ခုကို စိတ်တိုင်းကျ ဖန်တီး၍ မရနိုင်ပေ။ ရွာသူကြီး တစ်ဦးပင်လျှင် အခြေအမြစ်မရှိသော သူစိမ်းတစ်ယောက်ကို အလွယ်တကူ လက်ခံရဲမည်မဟုတ်ပေ။ ရှေးခေတ်တွင် စုပေါင်းတာဝန်ယူရမှုစနစ် ရှိသဖြင့် ရွာသားများကလည်း သူစိမ်းတစ်ယောက်ကို လက်ခံရန် ခွင့်ပြုမည်မဟုတ်ပေ။ 

(တစ်မိသားစုလုံး၊ တစ်ရွာလုံး အပြစ်ပေးခံရတာကို ပြောချင်တာပါ) 

 

ကျိုးကျင့်က ကျွန် သို့မဟုတ် အစေခံ ဘဝသို့ မရောက်လိုပေ။ သူက မူလပိုင်ရှင်၏ အထောက်အထားကို ယာယီအားဖြင့် အသုံးချရန်သာ ရှိသည်။ မူလပိုင်ရှင် ပြန်လာမည်လား ဆိုသည်အပေါ် မူတည်၍ သူက မိမိ၏ အခြေအနေကို အမြန်ဆုံး ခိုင်မာအောင် တည်ဆောက်ရပေမည်။ သို့မှသာ မူလပိုင်ရှင် အမှန်တကယ် ပြန်လာခဲ့လျှင်ပင် သူနှင့် ရှန်မော့တို့၏ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ 

 

ရှန်လင်းနှင့် ရှန်မော့တို့က ခေါင်းငုံ့ထားကြပြီး ဘာမှ ပြန်မပြောကြပေ။ ကျိုးကျင့် သိပေသည်။ ယခုအချိန်တွင် သူ မည်မျှပင် သန္နိဋ္ဌာန်ချထားကြောင်း ပြောဆိုပါစေ၊ ၎င်းက အနှစ်သာရ မရှိသေးပေ။ အရာအားလုံးက အနာဂတ်၏ လုပ်ရပ်များအပေါ်တွင်သာ မူတည်လိမ့်မည်။


“ကဲ... တော်ပြီ… ဒါတွေအကြောင်း ဆက်မပြောကြနဲ့တော့… ဒီနေ့က ငါတို့ အသားမစားရတာ ကြာပြီဆိုတော့ အသားဟင်းနဲ့ ထမင်းကို စားပွဲပေါ် ပြင်လိုက်ကြစို့…” 

ကျိုးကျင့်က ပြောလိုက်လေသည်။ 

 

ရှန်လင်း၏ ကလေးဆန်သော စိတ်နေစိတ်ထားက ဝမ်းနည်းလွယ်သလို အပျော်လည်း လွယ်လှ၏။ သူက အားပါးတရ အော်ဟစ်ကာ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေတော့သည်။ 

 

သူတို့အိမ်တွင် ဆီနှင့်ဆား မရှိသောကြောင့် ရရှိထားသော တောကြက်တစ်ဝက်ကို ပေါင်းချက်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်၏။ မြေအိုးငယ်ထဲတွင် တောကြက်သားတစ်ဝက်ကို နူးအိနေအောင် တည်ထားရာ အပေါ်ယံတွင် ကြက်ဆီများ ဝင်းလက်နေပြီး တစ်အိမ်လုံးလည်း ကြက်သားနံ့များ မွှေးပျံ့နေတော့သည်။ ထိုအနံ့ကို ရသည်နှင့် ရှန်လင်းက အရိုးမြင်သည့် ခွေးတစ်ကောင်ကဲ့သို့ သွားရည်များပင် မထိန်းနိုင်အောင် ကျလာရရှာသည်။ 

 

ရှန်လင်းက အစားမက်လွန်း၍တော့ မဟုတ်ပေ။ သာမန်လယ်သမား မိသားစုများတွင် တစ်လလျှင် အသားအနည်းငယ်မျှ စားရရုံနှင့်ပင် အတော်လေး တင်းတိမ်ရောင့်ရဲနိုင်လှပြီ ဖြစ်သည်။ ရှန်မိသားစုက စားနိုင်သောက်နိုင် ရှိသော်လည်း မိထွေးဖြစ်သူ ရှိနေသောကြောင့် ညီအစ်ကိုနှစ်ဦး၏ ပါးစပ်ထဲသို့ အစားကောင်း အသောက်ကောင်း ရောက်ခဲလှသည်။ 

 

ရှန်မော့ အိမ်ထောင်မကျမီက ရှန်ညီအစ်ကိုနှစ်ဦး အသားစားရရန်ဆိုသည်က ကံတရားပေါ်တွင်သာ မူတည်ခဲ့သည်။ 

 

သူတို့ တောင်ပေါ်တက်သည့်အခါ ကံကောင်းလျှင် ငှက်ဥများ တွေ့တတ်သည်။ သို့မဟုတ် တောကြက်နှင့် ယုန်များကို ဖမ်းမိတတ်ပြီး ထိုအခါမှသာ တိတ်တဆိတ် ကင်စားကြရသည်။ 

 

သို့သော် ကျွမ်းကျင်သော မုဆိုးများပင်လျှင် အောင်မြင်မှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိရာ၊ ‘ကောအာ’ များဖြစ်ကြပြီး အမျိုးသားများကဲ့သို့ ခွန်အားမရှိသလို လမ်းပြပေးမည့်သူလည်း မရှိသော ရှန်ညီအစ်ကိုတို့အတွက်မူ ကံကောင်းရန်က အလွန်ခဲယဉ်းလှသည်။ ဆယ်ကြိမ်သွား၍ တစ်ကြိမ်မျှ ဖမ်းမိခြင်းကပင် ကံထူးလှပြီဟု ဆိုရပေမည်။ 

 

ရှန်မော့က ကျိုးမိသားစုထံသို့ လက်ထပ်ရောက်ရှိသွားချိန်တွင် ရှန်လင်းသည် အစပိုင်း၌ တိတ်တဆိတ် လိုက်ကြည့်ခဲ့ရာ မိမိအစ်ကိုဖြစ်သူက အလုပ်အကိုင်များစွာဖြင့် ရုန်းကန်နေရသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ရှန်လင်းက ကျိုးကျင့် မသိအောင် တိတ်တဆိတ် လာရောက်ကူညီပေးခဲ့သည်။ 

 

ကျိုးကျင့်က ၎င်းကို အမှတ်မထင် သိရှိသွားသောအခါ ရှန်လင်းက ကျိုးကျင့် မည်သို့တွေးမည်ကို မသိသဖြင့် ထိတ်လန့်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးကျင့်က ဘာမှမပြောခဲ့သောကြောင့် ရှန်လင်းက ဗြောင်ကျကျပင် ဆက်လက်ကူညီခွင့် ရခဲ့ခြင်းဖြစ်သည်။ 

 

သို့သော်ငြားလည်း ကျိုးမိသားစု၏ ဘဝက ခက်ခဲဆင်းရဲလှ၏။ ရှန်လင်းက ထိုနေရာ၌ပင် စားသောက်သော်လည်း အစားအသောက်က အထူးအထွေ ကောင်းမွန်လှသည် မဟုတ်ပေ။ ရှန်မိသားစုအိမ်ထက်စာလျှင် ပို၍တော်သေးသည်ဟု ဆိုနိုင်သော်လည်း၊ သူလုပ်ရသော အလုပ်ပမာဏနှင့် ရရှိသော အစားအသောက်က မမျှတသဖြင့် မည်သည့်အခါမျှ ဝဝလင်လင် မစားခဲ့ရပေ။ 

 

ပိုဆိုးသည်က ကျိုးကျင့်က ရှန်လင်းကို အလကားစားနေသူဟု မကြာခဏ ဆဲဆိုတတ်ခြင်းပင် ဖြစ်၏။


 á€›á€žá€”á€şá€œá€„á€şá€¸á€žá€Šá€ş ကျိုးကျင့်က သူ့ကို အစ်ကိုဖြစ်သူနှင့် ပေးမတွေ့တော့မည်ကို သော်လည်းကောင်း၊ သို့မဟုတ် သူ့ကြောင့် ရှန်မော့အပေါ် အငြိုးအတေးထား ဒေါသပုံချမည်ကို သော်လည်းကောင်း စိုးရိမ်သဖြင့် ပြန်မပြောဝံ့ခဲ့ပေ။ 

 

ထို့ကြောင့် ရှန်လင်းအတွက် အသားအရသာ ပြန်တွေ့ရရန်က အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဖွံ့ဖြိုးဆဲအရွယ် ဖြစ်သည့်အားလျော်စွာ သူ၏ အသားတောင့်တမှုက မခံမရပ်နိုင်အောင်ပင် ပြင်းပြနေလေတော့သည်။ 

 

ရှန်မော့ကလည်း အခြေအနေ သိပ်မထူးလှသော်လည်း ရှန်လင်းထက် အသက်အနည်းငယ် ကြီးသူဖြစ်သလို၊ မိခင်ဖြစ်သူ စောစောစီးစီး ဆုံးပါးသွားခဲ့သဖြင့် သူတစ်ပါးလက်အောက်တွင် ကြီးပြင်းလာရသူဖြစ်ရာ ရှန်လင်းထက် ပိုမိုရင့်ကျက် တည်ငြိမ်လှသည်။ 

 

သူက သွားရည်ကို တိတ်တဆိတ် မျိုချနေသော်လည်း ဆာလောင်မှုကို အထင်အရှား မပြပေ။ သို့သော် ကျိုးကျင့်၏ စူးစိုက်သော မျက်လုံးများမှမူ လွတ်အောင် မရှောင်နိုင်ခဲ့ပေ။ 

 

ကျိုးကျင့်က စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဤမိသားစုက တကယ်ပင် ဆင်းရဲလွန်းလှသည်။ သူက သူ့ကိုယ်သူ အမြန်ဆုံး ကျန်းမာလာအောင် လုပ်ရမည်။ အခြားကိစ္စများထက် မိမိ၏ဇနီးသည်ကို ဝဝလင်လင် ကျွေးမွေးပြီး နွေးနွေးထွေးထွေး ထားနိုင်ခြင်းက ယောက်ျားတစ်ယောက်၏ အနိမ့်ဆုံး စံနှုန်းပင်ဖြစ်သည်။ 

 

ရှေးခေတ်အယူအဆအရ အိမ်ထောင်ဦးစီးက အရင်ဆုံး စတင်စားသောက်မှသာ ကျန်သူများက စားသောက်ခွင့်ရှိသည်။ ကျိုးကျင့်က သူ့တူကိုကောက်ကိုင်ကာ တောကြက်တစ်ဝက်ကို ထိုးလိုက်ပြီး ကြက်ပေါင်ကြီးတစ်ဖက်ကို ဖဲ့ထုတ်လိုက်သည်။ 

 

ရှန်လင်း၏ မျက်လုံးများက ထိုကြက်ပေါင်နောက်သို့ စူးစိုက်ပါသွားပြီး သူ့ဆာလောင်မှုက အထင်အရှားပင် ဖြစ်နေသည်။ ရှန်မော့က ပို၍ ဟန်ဆောင်နိုင်သော်လည်း သူ့အကြည့်ကလည်း ကြက်ပေါင်ထံသို့ မသိမသာ ဝေ့ဝဲသွားမိ၏။ ဤသည်ကို မြင်ရသောအခါ ကျိုးကျင့်က သူတို့အပေါ် ပို၍ပင် သနားမိသွားတော့သည်။


ရှန်ညီအစ်ကို နှစ်ဦးလုံးက ထိုကြက်ပေါင်သည် ကျိုးကျင့်၏ ပါးစပ်ထဲသို့ ရောက်သွားတော့မည်ဟု ထင်နေစဉ်မှာပင် ကျိုးကျင့်၏ တူက လမ်းကြောင်းပြောင်းသွားပြီး ရှန်မော့၏ ပန်းကန်ထဲသို့ ကျရောက်သွားလေသည်။ 

 

“စား…” 

ကျိုးကျင့်က ပြောလိုက်သည်။ 

 

“တကယ်ပဲ ကြက်ပေါင်ကို ကျွန်တော့်အစ်ကို့ကို ပေးလိုက်တာလား…” 


ရှန်လင်းက မယုံကြည်နိုင်စွာ အော်လိုက်မိသည်။ 

 

ယခင်ကဆိုလျှင် အစားကောင်းရှိသမျှ ကျိုးကျင့်က မိမိအတွက်သာ သိမ်းထားတတ်ပြီး ရှန်ညီအစ်ကိုအပေါ် တစ်ခါမျှ မပေးကမ်းခဲ့ဖူးပေ။ 

 

“ရပါတယ်… ကြက်တစ်ဝက်ကို ဆန်ကြမ်းနဲ့ လဲထားတာပဲ… ကျွန်တော် ထမင်းချက်ထားတယ်… ထမင်းပဲ စားလို့ရပါတယ်… ကြက်ပေါင်ကို ခင်ဗျားပဲ စားလိုက်ပါ…” 

ရှန်မော့က အတင်းငြင်းသည်။  


“ခင်ဗျား အားပြန်ပြည့်ဖို့ လိုတယ်လေ… အားရှိအောင် ကြက်ပေါင်ကို စားလိုက်ပါဦး…” 

 

ဆန်ကြမ်းက လယ်သမားတို့၏ အဓိက အစားအစာဖြစ်ပြီး ကျိုးမိသားစု စားပွဲပေါ်တွင် ၎င်းကို မြင်ရခြင်းကပင် ဇိမ်ခံနိုင်လှပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ရှန်မော့က ထမင်းချည်းပဲ စားရလျှင်ပင် ဗိုက်ဝနိုင်သည်။ သို့သော် ကြက်သားဟင်းက ရှေ့တည့်တည့်တွင် ရှိနေသောအခါ ထမင်းကလည်း အရသာမဲ့သလို ခံစားရသည်။ 

 

“ငါက အိမ်ထောင်ဦးစီးပဲ… မင်း မဟုတ်ဘူး… ငါ စားခိုင်းရင် စားလိုက်… မဟုတ်ရင် ငါ စိတ်ဆိုးမယ်…” 

ကျိုးကျင့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ 

 

စကားက ပြတ်သားသော်လည်း စေတနာနှင့် ပြောမှန်း ရှန်မော့က သိသဖြင့် သူ စိတ်မဆိုးပေ။ အမှန်တွင် သူ့ရင်ထဲ၌ နွေးထွေးမှုကိုပင် ခံစားလိုက်ရသည်။ 

 

ရှန်လင်းကလည်း ကမန်းကတန်း ဝင်ပြောသည်။  

“ကျွန်တော် ထမင်းရည်ပဲ သောက်လို့ရပါတယ်… ကြက်ပေါင်ကို ကောကိုပဲ ပေးလိုက်ပါ… ကျွန်တော် မစားဘူး…” 

 

လယ်သမား မိသားစုများတွင် အလုပ်မရှိသောအခါ တစ်နေ့လျှင် နှစ်နပ်သာ စားလေ့ရှိပြီး တစ်နပ်က အမာ (ထမင်း) ဖြစ်ကာ တစ်နပ်မှာ အပျော့ (ဆန်ပြုတ်) ဖြစ်သည်။ ကျိုးမိသားစုတွင်မူ နှစ်နပ်စလုံးက အနည်းငယ်မျှသာ ရှိပြီး ဆန်ကြမ်းကို ဝဝလင်လင် စားရရန်က ရှားပါးလှ၏။ ရရှိလာသည့်တိုင်အောင် တစ်နပ်စာ အနည်းငယ်သာ ရှိသည်။ 

 

“အားလုံး ခွဲစားကြမယ်… ကြက်တစ်ဝက်လုံး ရှိတာပဲ… တစ်ယောက် နည်းနည်းစီ စားရမှာပေါ့… အားလုံး အားရှိဖို့ လိုတယ်လေ…” 

ကျိုးကျင့်က ဆိုသည်။ 

 

“တကယ်ပဲ ဒါကို ကျွန်တော့်ကို ပေးမှာလား…” 

ရှန်လင်းက မယုံကြည်နိုင်သေးဘဲ ထပ်မေးလေသည်။ 

 

သူနှင့် အစ်ကိုဖြစ်သူတို့ တောကြက်ကို အတူတူ ဖမ်းလာခဲ့ကြသော်လည်း ကျိုးကျင့်က ရှန်လင်း၏ ကြိုးစားမှုကို မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့သလို သူ့ကို အလကားစားနေသူဟုသာ ခဏခဏ ဆဲဆိုလေ့ရှိသည်။ အစားကောင်း ရှိသမျှလည်း ကျိုးကျင့်က တစ်ယောက်တည်း စားတတ်ပြီး မည်သူ့ကိုမျှ မဝေမျှခဲ့ပေ။ 

 

ကျိုးကျင့်က ရယ်မောလျက် သူ့ကို ဆူငေါက်လိုက်သည်။ 

“မင်း အဲဒီလို တွေဝေနေရင် ငါ ပြန်ယူလိုက်မှာနော်…” 

 

“မတွေဝေပါဘူး...” 

 

ရှန်လင်းက အသားအကြီးကြီးကို မယူရဲသဖြင့် ကြက်တောင်ပံ တစ်ဖက်ကိုသာ ရွေးလိုက်သည်။ ကြက်တောင်ပံပေါ်မှ အသားအနည်းငယ်က သူ့ဆာလောင်မှုကို မဖြေဖျောက်နိုင်မှန်း သူသိသော်လည်း အသေးဆုံးအပိုင်းကိုသာ သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

 

ရှန်မော့က ကြက်ပေါင်တစ်ဖက်ကို စားပြီးနောက် ရပ်လိုက်သည်။ ရှန်လင်းကမူ တောင်ပံတစ်ဖက်၊ ကြက်ခေါင်း အနည်းငယ်နှင့် ကြက်လည်ပင်း တစ်ဝက်ကို ယူသည်။ ကျန်ရှိသော အကောင်းဆုံးအပိုင်း ဖြစ်သည့် ကြက်ရင်ပုံသား အကြီးကြီးကိုမူ ကျိုးကျင့်အတွက် ချန်ထားကြသည်။ ကျိုးကျင့်က သက်ပြင်းချလိုက်ကာ ကျန်ရှိနေသော ကြက်သားများကို ထပ်မံခွဲဝေပြီး အကောင်းဆုံး အပိုင်းများကို ရှန်မော့အား ပေးကာ ကျန်သည်များကို ရှန်လင်းနှင့် မိမိအကြား အညီအမျှ ခွဲလိုက်တော့သည်။ 

 

“မြန်မြန်စား… မဟုတ်ရင် ထပ်မရတော့ဘူးနော်…” 

ကျိုးကျင့်က ခြိမ်းခြောက်လိုက်သည်။ 

 

ရှန်မော့က ကျိုးကျင့်၏ စေတနာကို နားလည်သွားသဖြင့် ထိုအခိုက်အတန့်တွင် လက်ခံစားသောက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်ပါက သူက ကျေးဇူးမသိတတ်သူ ဖြစ်သွားပေလိမ့်မည်။ 

 

ပါးစပ်ထဲမှ နွေးထွေးနေသော ကြက်သားအရသာက အချိန်အတော်ကြာ လွဲချော်နေခဲ့သော နှစ်သိမ့်မှုတစ်ခုပင် ဖြစ်တော့သည်။ 

 

အိမ်ထောင်ဦးစီး ဖြစ်သော်လည်း ကျိုးကျင့်က အသားကို အနည်းဆုံးသာ စားခဲ့ပြီး သူ၏ ဆာလောင်မှုကို ဖြေဖျောက်ရန် အသားပြုတ်ရည် နှစ်ပန်းကန်နှင့် ထမင်းရည်ကိုသာ သောက်ခဲ့သည်။ 

 

ကျိုးကျင့်က အစားကြီးသူဖြစ်ပြီး ပုံမှန်ဆိုလျှင် ဟင်းရွက်များကို ဂရုမစိုက်ဘဲ ထမင်းနှစ်ပန်းကန်ခန့် စားတတ်သူ ဖြစ်သည်။ ယခုမူ အစားအသောက် နည်းနေသဖြင့် သူ ဝဝလင်လင် မစားရပေ။ မိသားစု၏ စားနပ်ရိက္ခာက အလွန်နည်းပါးလှသဖြင့် အားလုံးကို အနည်းငယ်စီသာ ချက်ပြုတ်ထားရာ သူ စိတ်တိုင်းကျ မစားနိုင်သည်က အမှန်ပင် ဖြစ်သည်။ မဟုတ်ပါက ရှန်ညီအစ်ကို နှစ်ဦးက စားစရာ ရှိတော့မည် မဟုတ်ပေ။ 

 

ငွေရှာရမယ်... ငွေရှာရမယ်... အခုအချိန်မှာ ဒါက အရေးအကြီးဆုံး ကိစ္စပဲ…




👶👶👶