အပိုင်း ( ၇ )
ချန်လီချီက မေးပေါ် လက်တင်လိုက်သည်။ “ တစ်ခါတလေတော့ ရှာတွေ့ချင်တယ် ၊ တစ်ခါတလေတော့လည်း ရှာမတွေ့ချင်ဘူး။ သမီးရဲ့ အဖေကို သမီး ရှာတွေ့သွားရင် သူက မေမေ့ကို အနိုင်ကျင့်မှာလား။ ” ချန်လီချီက သူမရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုကို ပြောပြလိုက်သည်။
ရှစ်ရမ်က ကိတ်မုန့်ကို ဇွန်းနှင့် ကော်ပြီး သူမလေးကို ကျွေးလိုက်၏။ “ သမီးရဲ့ အမေက ဘယ်သူမို့လို့လဲ။ ဒုတိယ သခင်မလေးချန်လေ။ ပြီးတော့ သမီးရဲ့ အဘိုး အဘွားတွေလည်း ရှိတယ် ၊ ဦးလေးကြီးလည်း ရှိတယ် ၊ ဦးလေးငယ်လည်း ရှိတယ် ၊ အဖေရှစ်လည်း ရှိတယ်။ သမီးအမေကို ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ပါဘူး။ ”
ချန်လီချီက တောက်ပစွာ ပြုံးလိုက်သည်။ “ အဖေရှစ် ပြောတာ မှန်တယ်။ ပြီးတော့ သမီးလည်း ရှိတယ်လေ။ သမီးလည်း သမီးရဲ့ အမေကို ကာကွယ်မှာပေါ့။ ရှန်းချူချီကိုတောင် သမီး အကူအညီတောင်းလို့ ရသေးတယ်။ ”
ရှန်းစီဝမ်က သူတို့နှင့် မလှမ်းမကမ်းမှာ ထိုင်နေတာပင်။ ကော်ဖီကို လက်စသတ်ပြီးနောက် သူမရဲ့ အိတ်ကို လွယ်ကာ ထွက်လာခဲ့လိုက်သည်။ မထွက်သွားခင်မှာ ထိုကလေးမလေးရဲ့ မျက်လုံးတွေကို သူမ နောက်တစ်ခေါက် ထပ်ကြည့်မိခဲ့သည်။ ကြည့်ရတာ ရှောက်ချန်းကျယ်နှင့် သခင်မလေးချန်ကြားမှ ဇာတ်လမ်းဟာ သူမ ထင်ထားတာထက် ပိုနက်ရှိုင်းပုံပေါ်သည်။
ညနေခင်း ဧည့်ခံပွဲတွင် ရှန်းစီဝမ်က ရှောက်ချန်းကျယ်ရဲ့ မိန်းကလေး ပွဲတက်ဖော် ဖြစ်နေသေးသည်။
ရှန်းစီဝမ်ရဲ့ စိတ်က မတည်ငြိမ်ဘဲ အတွေးပျံ့လွင့်နေ၏။
ရှောက်ချန်းကျယ်ရဲ့ စိတ်ကတော့ ပိုလို့တောင် ဆိုးသေးသည်။
ရှန်းစီဝမ်က ဘားကို မှီထိုင်နေသည်။ အင်အား အနည်းငယ်ကိုမျှ သူမ စုစည်းလို့ မရ။ “ ချန်ကျင်းလန်မှာ သမီး တစ်ယောက် ရှိတာကို ရှင် သိလား။ ”
ရှောက်ချန်းကျယ်ကတော့ လုံးဝ စိတ်ဝင်စားပုံမပြ။ “ သူ့မှာ သမီး တစ်ယောက် ရှိ,ရှိ ၊ မရှိ,ရှိ အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ”
ဒါဆို သူ သိနေတာပဲ။
နည်းနည်းလေး ထူးဆန်းနေတာကို ရှန်းစီဝမ် သတိပြုမိသွားသည်။ “ ရှင် အဲ့ကလေးမလေးကို အရင်တုန်းက မြင်ဖူးလား။ ”
ရှောက်ချန်းကျယ်က သရော်ပြုံး ပြုံးလိုက်သည်။ “ သူမက ကိုယ့်သမီးမှ မဟုတ်တာ။ ဘာလို့ မြင်ဖူးရမှာလဲ။ ”
ရှန်းစီဝမ်က သူ့ကို စေတနာဖြင့် သတိပေးဖို့ လုပ်နေသော်လည်း သူ့ရဲ့ လက်ရှိ အခြေအနေကို မြင်တော့ သူမရဲ့ စကားတွေကို ပြန်လည် မျိုချလိုက်သည်။ ဒီလို ကိုယ့်ဒုက္ခကိုယ်ရှာနေတဲ့ ပေါပေါပဲပဲ ဟာသပြဇာတ် တစ်ပုဒ်ကို ကြည့်ရတာကို သူမ ပိုကြိုက်သည်။ နာကျင်စရာကောင်းလေ ၊ သူမ ပိုဝမ်းသာလေပဲ။
သူမရဲ့ လက်ကိုင်အိတ်ထဲမှ ဖုန်းက စတင် တုန်ခါလာ၍ ထုတ်ကြည့်လိုက်တော့ အမည်မသိ ဖုန်းနံပါတ် တစ်ခု ဖြစ်နေသည်။ သူမ ကိုင်ရမလား ၊ မကိုင်ရမလား ဆုံးဖြတ်နေစဉ်မှာပဲ တုန်ခါမှုက ရပ်တန့်သွားသည်။ သို့သော် မှောင်ကျသွားသော ဖုန်းမျက်နှာပြင်က ချက်ချင်း ဆိုသလို ဖျတ်ခနဲ ပြန်လင်းလာခဲ့သည်။ ဒီတစ်ခေါက်နော့ ရှန်းစီဝမ် တုံ့ဆိုင်းမနေဘဲ ကိုင်လိုက်ပါသည်။ “ ဟယ်လို ၊ ရှန်းစီဝမ် ပြောနေပါတယ်။ ”
ဖုန်းရဲ့ တစ်ဖက်ခြမ်းကနေ ဘာသံမှ ထွက်မလာခဲ့။ ဖုန်းကျသွားပြီ ဟူသော အထင်ဖြင့် ရှန်းစီဝမ် ဖုန်းကို နားရွက်ကနေ ခွာလိုက်ချိန်မှာပဲ ဖန်သားပြင်ပေါ်မှာ တရစပ် ပြောင်းလဲသွားသော ကိန်းဂဏန်းတွေကို မြင်လိုက်ရသောကြောင့် နားရွက်မှာ ပြန်ကပ်ထားလိုက်သည်။ “ တစ်ခုခု ပြောလေ လီဖေးဖုန့်ရဲ့။ ”
လီဖေးဖုန့်ရဲ့ အသံက အခုမှ ကြားဖူးသော သူစိမ်း တစ်ယောက်ရဲ့ အသံနှင့် သိပ်မကွာပါ။ “ ရှန်းချူချီရဲ့ မွေးနေ့က ရှေ့အပတ်ထဲမှာနော်။ မင်း ဘာဖြစ်လို့ အခုထိ လက်ဆောင်ပို့မပေးသေးတာလဲ။ ”
ရှန်းစီဝမ်က လူရှင်းသော ထောင့် တစ်နေရာဆီ သွားပြီးမှ ပြန်ပြောလိုက်သည်။ “ ကျွန်မ ဘာပေးရမလဲ ဆိုတာ မဆုံးဖြတ်ရသေးလို့ပါ။ ”
“ ငါ မင်းကို စာရင်း တစ်ခု ပေးမယ်။ အဲ့ထဲကအတိုင်း ဝယ်လိုက်။ ”
“ နှစ်တိုင်း ပေးတဲ့ ပစ္စည်းတွေ ထပ်နေပြီလေ။ ကျွန်မ ဒီနှစ် မတူတာ ပေးချင်တယ်။ ”
အချိန် အတော် ကြာသွားတော့မှ နောက်ဆုံးတွင် လီဖေးဖုန့်ထံမှ စကားသံ ထွက်လာသည်။ “ ကောင်းပြီ။ မင်းပဲ ဆုံးဖြတ်လိုက်ပါ။ ” ထို့နောက် သူ ဖုန်းချဖို့ ပြင်လိုက်သည်။
ရှန်းစီဝမ်က သူ့ကို တားလိုက်၏။ “ ဟေး ၊ နေဦး။ ”
လီဖေးဖုန့်ရဲ့ အသံက စိတ်မရှည်သလို အသံ ဖြစ်သွားသည်။ “ ဘာလဲ။ ”
“ ကျွန်မ .. ရှန်းချူချီနဲ့ တွေ့လို့ ရမလား။ ”
ရှန်းစီဝမ်ရဲ့ တွန့်ဆုတ်ဆုတ် လေသံနှင့် ယှဉ်လျှင် လီဖေးဖုန့်က လျင်မြန်စွာ သဘောတူခဲ့သည်။ “ ရတယ်လေ ၊ မင်း သူနဲ့ တွေ့လို့ ရပါတယ်။ ဒါပေမဲ့ ဘယ်သူ့အနေနဲ့ တွေ့မလဲ ဆိုတာကိုတော့ မင်း စဉ်းစားရလိမ့်မယ်။ သူက မင်းကို ဘယ်သူလဲလို့ သေချာပေါက် မေးမှာပဲ။ အဲ့ကျ မင်း ဘယ်လို ပြန်ဖြေမှာလဲ။ ”
အခုတစ်ခေါက် နှုတ်ဆိတ်သွားရသူက ရှန်းစီဝမ် ဖြစ်သည်။
လီဖေးဖုန့်က ချက်ချင်း ဖုန်းချသွား၏။
ရှန်းစီဝမ်သည် နံရံကို မှီထားရာမှ နဖူးဖြင့် နှစ်ကြိမ် တိုက်လိုက်ရင်း သူမရဲ့ လည်ချောင်းထဲမှ တိတ်ဆိတ်သော ငိုကြွေးသံကို မျိုသိပ်ပစ်လိုက်လေသည်။
***
ရှစ်ရမ်က ကားနောက်ခန်းထဲမှာ အိပ်ပျော်နေသော ကလေးမလေးကို ကြည့်ကာ စောင်ကို ဆွဲခြုံပေးလိုက်သည်။
ချန်ကျင်းလန်က မေးလိုက်၏။ “ သူ အိပ်ပျော်သွားပြီလား။ ”
ကုန်တိုက်ကို လေးကြိမ် ပတ်ခဲ့ပေမဲ့ ဘာလက်ဆောင် ဝယ်ရမလဲ ဆိုတာကို ချန်လီချီ တစ်ယောက် မဆုံးဖြတ်နိုင်သေးပေ။ ရှစ်ရမ်က DIY လက်ဆောင် တစ်ခု လုပ်ဖို့ အကြံပေးလိုက်တော့မှ ချန်လီချီလေးဟာ ကုန်တိုက်ကနေ ပြန်ပြီး အမေဖြစ်သူ ညစာစားချင်စိတ် ပေါက်သွားတာ ဖြစ်သည်။
ချန်ကျင်းလန်က အနည်းငယ် မနာလိုဖြစ်သွားမိသည်။ “ မိန်းကလေးတွေက အရွယ်ရောက်လာတာနဲ့ သူတို့မိသားစုတွေကို ပစ်သွားကြတယ်လို့ လူတွေ ပြောကြတာ ရှိတယ်။ သူက ဒီလောက် ငယ်ငယ်လေးပဲ ရှိသေးတာတောင် စိတ်ကတော့ တခြား လူတွေအပေါ် ရောက်နေပြီ။ ငါ့အတွက် လက်ဆောင်ရွေးတုန်းကတောင် ဒီလောက် အလုပ်ရှုပ်ခံခဲ့တာ မဟုတ်ဘူး။ ”
ရှစ်ရမ် ရယ်မောလိုက်သည်။ သူ ရယ်နေရင်း ခေါင်းထဲကို အတွေး တစ်ခု ဝင်လာသဖြင့် ကားမောင်းနေသူကို လှည့်ကြည့်လိုက်သည်။
“ သူ ဒီနေ့ ငါ့ကို ပြောတယ် … ”
ရှစ်ရမ်က သူ ထိုစကားကို ပြောလိုက်ပါက တွန်းထုတ်ခံရမှာလား ဆိုတာ မသေချာ၍ စကားကို တစ်ဝက်တစ်ပျက် ရပ်ထားလိုက်သည်။
ချန်ကျင်းလန်က မေးလိုက်သည်။ “ ဘာပြောလို့လဲ။ အခုခေတ် ကလေးတွေက အရမ်း ဗဟုသုတကြွယ်ကြတယ်။ သူက တစ်ခါတလေ ငါ ဘာပြန်ပြောရမှန်း မသိတဲ့ စကားတွေကိုတောင် ပြောတတ်တယ်။ ”
ရှစ်ရမ်က စကားလမ်းကြောင်းကို မတူညီသော ခေါင်းစဉ် တစ်ခုဆီ ဖြည်းဖြည်းချင်း ပြောင်းလိုက်သည်။ “ သူ့အခင်ဆုံး သူငယ်ချင်း ရှန်းချူချီက သူ့အမေကို ရှာမတွေ့လို့ ဝမ်းနည်းနေတတ်တယ်တဲ့။ ” သူက ကားရှေ့မှ မှုန်ရီမှိုင်းသော ညမြင်ကွင်းကို ကြည့်ကာ စကားလုံးတွေကို သတိထား ရွေးချယ်နေသည်။ “ ရှောက်ချန်းကျယ်ကို လီချီ့အကြောင်း ပေးသိဖို့ မင်း တွေးဖူးလား။ အထူးသဖြင့် သူ့အရွယ် ကလေးတွေရဲ့ သဘာဝက အရာရာကို စူးစမ်းချင်ကြတယ်။ ထုတ်မပြောလောက်ပေမဲ့ သူ့နှလုံးသားထဲမှာတော့ အဖေကို မျှော်လင့်နေလောက်တယ်။ ”
ချန်ကျင်းလန်က အချိန် အတော်ကြာအောင် ဘာမှ ပြန်မဖြေဘဲ စတီယာရင်ဘီးကို ကိုင်ထားမိသည်။
ထိုအချိန်တွင် နောက်ခန်းထဲမှာ ထိုင်နေတဲ့ ချန်လီချီရဲ့ မျက်ခွံလေးတွေ လှုပ်ရှားသွားပါသည်။
“ မင်းရဲ့ စိတ်ထဲကနေ သူ့ကို ထုတ်ပစ်လို့ မရသေးဘူးလား။ ” ရှစ်ရမ်က သူ့နှလုံးသားထဲမှာ အကြာကြီး မျိုသိပ်ထားရသော မေးခွန်းကို မေးလိုက်သည်။
“ အဲ့လို မဟုတ်ပါဘူး။ ”
သူမရဲ့ တုံ့ပြန်စကားက အလွန် မြန်ဆန်ပြတ်သားကာ စိတ်အတွင်းထဲက အတွေးတွေကို မရည်ရွယ်ဘဲ ထုတ်ဖော်မိသလို ဖြစ်သွားသည်။
“ ရှောက်ချန်းကျယ် ၊ သူ … ”
ချန်ကျင်းလန်က ရှစ်ရမ်ကို စကားဖြတ်ပြောလိုက်သည်။ “ ငါတို့ နှစ်ယောက်က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အဲ့အကြောင်း ဆက်မပြေဘဲ နေရအောင်။ ကျန်းကျန်း ကွာရှင်းလိုက်ပြီ ဆိုတာ နင်သိလား။ ” သူမက ပိုဆိုးသော အကြောင်းအရာဆီ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
ရှစ်ရမ်ရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက် တွန့်ချိုးသွားသည်။ “ ဘာလဲ ၊ သူက အခု ကွာရှင်းသွားပြီ ဆိုတာနဲ့ပဲ ငါက သူ့နောက်ကို အရူးလို ပြေးလိုက်သွားမယ်လို့ နင် ထင်နေတာလား။ ”
ချန်ကျင်းလန်က သူ့ကို ဖျတ်ခနဲ လှည့်ကြည့်သည်။ “ ငါ အဲ့လို သဘောနဲ့ ပြောတာ မဟုတ်မှန်း နင် သိပါတယ်။ ”
ရှစ်ရမ် ပြောလိုက်သည်။ “ ငါ့အတွက် သူက အတိတ်မှာပဲ ကျန်ခဲ့တာ အခု တော်တော် ကြာပြီ။ ”
ချန်ကျင်းလန် အလွန် အံ့ဩသွားသည်။ ဒီနှစ်တွေ တစ်လျှောက်လုံး သူ နိုင်ငံ အနှံ့ ခရီးထွက်ပြီး ပြန်မလာချင်ခဲ့တာက ကျန်းကျန်းကြောင့်လို့ သူမ ထင်ထားတာ ဖြစ်သည်။
ရှစ်ရမ်က ခါးသီးစွာ ပြုံးလိုက်သည်။ “ လူတိုင်းက အတိတ်မှာ ပိတ်မိပြီး ရုန်းမထွက်နိုင် ရှေ့မဆက်နိုင် ဖြစ်နေတာ မဟုတ်ဘူး ကျင်းလန်။ နင်လည်း ခြေ တစ်လှမ်း ရှေ့တိုးဖို့ ကြိုးစားသင့်တယ်။ ”
အဲ့ဒီညမှာ ချန်ကျင်းလန် ကောင်းကောင်း အိပ်မပျော်ပေ။
ချန်လီချီကလည်း အစီအစဉ်တွေ အများကြီး ဆွဲနေသည်။
နောက်တစ်နေ့မနက် ရောက်တော့ သားအမိ နှစ်ယောက်လုံး ပင်ပန်းတဲ့ ပုံစံတွေ ပေါက်နေကြသည်။ ချန်ကျင်းလန်က ကော်ဖီနှင့် မိတ်ကပ် အကူအညီဖြင့် သူမရဲ့ ခါတိုင်း အသွင်အပြင်ကို ထိန်းထားနိုင်သော်လည်း ချန်လီချီကတော့ တကယ့်ကို နွမ်းလျနေသည်။
ချန်ကျင်းလန်က သူမလေး နေမကောင်းဖြစ်မှာကို စိုးရိမ်၍ နဖူးလေးကို စမ်းပြီး နေလို့ မကောင်းတဲ့ တစ်နေရာရာများ ရှိသလားဟု မေးလိုက်၏။
“ သမီး နေမကောင်းဖြစ်နေတာ မဟုတ်ဘူး မေမေရဲ့။ မနေ့ညတုန်းက ကောင်းကောင်း အိပ်မပျော်လို့ပါ။ ”
“ အိပ်မက်ဆိုး မက်လို့လား။ ”
ချန်လီချီက ခေါင်းခါပြသည်။ “ သမီး ရှန်းချူချီအတွက် ဘာလက်ဆောင် လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်လို့ မရသေးလို့ပါ။ ”
ချန်ကျင်းလန် တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူမလေးရဲ့ နှလုံးသားထဲမှာ အမေဖြစ်သူထက် ရှန်းချူချီက ပိုနေရာယူထားတာ ဖြစ်နိုင်သည်။ သူမ ခဏလောက် စဉ်းစားလိုက်၏။ “ သမီး သူ့အတွက် မွေးနေ့ကိတ် လုပ်ပေးချင်လား။ မေမေ သမီးကို ကူပေးမယ်လေ။ ”
ချန်လီချီရဲ့ မျက်လုံးလေးတွေ တောက်ပသွားသည်။ “ အဲ့အကြံ ကောင်းတယ် မေမေ ၊ သမီးတို့တွေ စပိုက်ဒါမန်း ကိတ်မုန့် လုပ်လို့ ရလားဟင်။ သူက စပိုက်ဒါမန်း ကြိုက်တယ်။ ”
ချန်ကျင်းလန်က သူမရဲ့ နှာခေါင်လေးကို ဖျစ်ညှစ်လိုက်သည်။ * အဲ့ဒါက နည်းနည်းလေးတော့ လုပ်ရခက်လိမ့်မယ်။ မေမေတို့ကို ကူညီဖို့ အဘွားနဲ့ အန်တီချွီကိုပါ လိုရင် လိုနိုင်တယ်။ ”
ကူညီမည့် လူတွေ ရှိနေသောကြောင့် သူမရဲ့ စိတ်ထဲမှာ ကိစ္စ တစ်ခုကို တွက်ဆရ လွယ်ကူသွားသည်။ ချန်လီချီရဲ့ ခြေလှမ်းတွေက အများကြီး ပိုပေါ့ပါးသွား၏။ သူမ အတန်းထဲ ဝင်တော့ ရှန်းချူချီကို မြင်လိုက်ရသည်။
“ ငါ့မှာ နင့်ကို လျှို့ဝှက်ချက် တစ်ခု ပြောပြစရာ ရှိတယ် ရှန်းချူချီ။ ”
ရှန်းချူချီက သူမဆီ ပြေးလာပြီး မေးသည်။ “ ဘာလျှို့ဝှက်ချက်လဲ။ ”
ချန်လီချီက လေသံလေးဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ “ ငါ့အဖေ ဘယ်သူလဲ ဆိုတာကို ငါ သိပြီ ထင်တယ်။ ”
ရှန်းချူချီ မျက်လုံးပြူးသွားသည်။ “ ဘယ်သူလဲ။ ”
“ ငါ နာမည် တစ်ခုပဲ သိတာ။ အဲ့နာမည်က ရှောက်ချန်းကျယ် ဖြစ်မယ် ထင်တယ်။ ငါ အရင်တုန်းက အဲ့လို နာမည်မျိုး တစ်ခါမှ မကြားဖူးဘူး။ ”
ရှန်းချူချီက ချန်လီချီရဲ့ ကျောပိုးအိတ်လေးကို ဆွဲလိုက်သည်။ “ ငါ့အဖေကို ငါ မေးပေးလို့ ရတယ်။ ငါ့အဘွား ပြောတာတော့ ဒီကမ္ဘာပေါ်မှာ ငါ့အဖေ မသိတဲ့ လူရယ်လို့ မရှိဘူးတဲ့ ၊ လူမနေတဲ့ ကျွန်းပေါ်က ပုရွက်ဆိတ်တွေကိုတောင် သိတယ် ဆိုပဲ။ ”
“ ဟုတ်ပြီ ဟုတ်ပြီ။ ” ချန်လီချီက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်မိသည်။ “ ဒါပေမဲ့ လူမနေတဲ့ ကျွန်းပေါ်က ပုရွက်ဆိတ်တွေကို သူက ဘယ်လိုလုပ် သိတာလဲ။ ”
ရှန်းချူချီက ခေါင်းလေးကို စောင်းငဲ့လိုက်သည်။ “ ငါ မသိဘူး။ ငါလည်း ငါ့အဖေကို မေးကြည့်လိုက်ပါ့မယ်။ ”
သူငယ်ချင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခပ်တိုးတိုး ရယ်မိကြသည်။
ညစာ စားချိန် ရောက်တော့ ရှန်းချူချီက ဖြည်းဖြည်းချင်း ထမင်းစားနေရင်း လီဖေးဖုန့်ကို မေးလိုက်သည်။ “ ရှောက်ချန်းကျယ်လို့ ခေါ်တဲ့ လူကို အဖေ သိလားဟင်။ ”
လီဖေးဖုန့်ရဲ့ လက်ထဲက တူတွေက ရပ်တန့်သွားကာ ရှန်းချူချီကို စိုက်ကြည့်လာခဲ့သည်။ “ သား ဘယ်လိုလုပ် သူ့အကြောင်း သိနေတာလဲ။ ”
ချန်လီချီရဲ့ အဖေကို သူ့အဖေ သိနေတာ မြင်တော့ ရှန်းချူချီ အလွန် ပျော်ရွှင်သွားလေသည်။ “ အဲ့လူက တကယ့်ကို လူကောင်း တစ်ယောက်ပဲလို့ သားရဲ့ အခန်းဖော်က ပြောတယ်။ အဲ့ဒါကြောင့် အဖေ့ကို သူ့အကြောင်း မေးကြည့်ချင်လို့ပါ။ ”
“ ကျွတ် ၊ သူက တစ်စက်ကလေးတောင် လူကောင်း မဟုတ်ဘူး။ ” လီဖေးဖုန့်က နှုတ်ကနေ ကျိန်ဆဲမိတော့မလို ဖြစ်သွားပြီးမှ အချိန်မီ ပြန်ထိန်းလိုက်ရသည်။
…
ရှန်းချူချီက မျက်မှောင်ကြုတ်လျက် သူ့ပန်းကန်လုံးထဲက ထမင်းတွေကို တူနှင့် ဟိုထိုးဒီမွှေ လုပ်နေသည်။ ချန်လီချီရဲ့ အဖေက လူကောင်း မဟုတ်ဘူးတဲ့လား။ ဒါဆို မနက်ဖြန်ကျ ချန်လီချီကို သူ ဘယ်လို ပြန်ပြောရမှာလဲ။
လီဖေးဖုန့်က သူ့တူကို ချလိုက်သည်။ သူ ရှောက်ချန်းကျယ်ကို ဂရုမစိုက်ပါ။ သူ့စိတ်ထဲမှာ တခြား တစ်စုံတစ်ရာက နေရာယူထားတာပင်။ “ တီဗီ အစီအစဉ်တွေ ဘယ်လို ရိုက်ကူးလဲ ဆိုတာကို သား သိချင်တယ် မဟုတ်လား။ ဒီတစ်ပတ် ပိတ်ရက်ကျ သား စူးစမ်းလို့ ရအောင်လို့ သားကို ရိုက်ကွင်း တစ်ခုဆီ အဖေ ခေါ်သွားပေးမယ်။ ”
ရှန်းချူချီက ချက်ချင်း ခေါင်းမော့လာခဲ့သည်။ “ တကယ်လား။ ”
ရုပ်ရှင် သရုပ်ဆောင်တွေ အကုန်လုံးက ရိုက်ကွင်းမှာ ရှိနေမှာမို့လား။ သူတို့အားလုံး အဲ့ဒီမှာ ရှိနေလျှင် ထိုအမျိုးသမီးက တကယ်ပဲ သူ့အမေလား ဆိုတာကို တွေ့ဆုံ အဖြေရှာနိုင်မှာပဲ ဖြစ်သည်။
“ အဖေက သားကို ဘယ်တုန်းက လိမ်ပြောဖူးလို့လဲ။ ”
လက်ရှိအချိန်တွင်တော့ ရှန်းချူချီသည် ထိုင်ခုံမှာ ထိုင်ပြီး သူ့အဖေ သူ့ကို လိမ်ပြောခဲ့ဖူးသည့် အချိန်တွေကို လက်ချိုး ရေတွက်မနေချင်တော့ပေ။
“ အဖေ ၊ သား ချန်လီချီကိုလည်း ခေါ်ခဲ့လို့ ရမလား။ ”
“ ခေါ်ခဲ့လို့တော့ ရတယ် ၊ ဒါပေမဲ့ အရင်ဆုံး အန်တီကျင်းလန်ဆီကနေ ခွင့်ပြုချက်တောင်းရမယ်။ ”
ရှန်းချူချီ ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်နေ့ ရောက်တော့ ရှန်းချူချီက ချန်လီချီအား ရှောက်ချန်းကျယ် ဆိုတဲ့ လူကို သူ့အဖေလည်း မသိဘူးဟု ပြောလိုက်သည်။ ချန်လီချီကို သူမရဲ့ အဖေဟာ လူကောင်း မဟုတ်ဘူးလို့ သူ အသိမပေးနိုင်ပါ။
ချန်လီချီက အရမ်းကြီးတော့ စိတ်ပျက်မသွားပါ။ ရှန်းချူချီရဲ့ အဖေတောင် ထိုနာမည်ကို မကြားဖူးလျှင် သူမရဲ့ အဖေက ကမ္ဘာပေါ်က လူ မဟုတ်ဘူးလောက်ဘူး ဟူ၍ တွေးပြီးသား ဖြစ်သည်။ သူမအဖေက ဂြိုလ်သား တစ်ယောက် ဆိုရင် တော်တော် မိုက်မှာပဲ … ။ စူပါမန်းလို သူမကို ခေါ်ပြီး ဘယ်နေရာကိုမဆို ပျံသန်းသွားလို့ ရသည်။
စိတ်ကူးထဲမှာ တစ်ယောက်တည်း နစ်မြုပ်နေသော ချန်လီချီသည် ထိုအကြောင်းကို တွေးရင်း တွေးရင်း ပိုမို ပျော်ရွှင်လာမိသည်။
ရှန်းချူချီက သူမရှေ့မှာ အကြိမ်ပေါင်းများစွာ လက်ဝှေ့ရမ်းပြပြီး သူမကို အတွေးထဲမှ လှုပ်နှိုးလိုက်သည်။ တီဗီရိုက်ကွင်း တစ်ခုဆီ သွားကြမည် ဟူသော စကားကို ကြားသည်နှင့် ချန်လီချီ ချက်ချင်း သဘောတူလိုက်သည်။ ရှန်းချူချီရဲ့ အမေကို ရှာခြင်းကလည်း သူမအတွက် အရေးအကြီးဆုံး အရာ ဖြစ်နေဆဲပါ။ သူ့မွေးနေ့ မတိုင်ခင် သူ့အမေကို ရှာတွေ့လျှင် ကောင်းမည်။ အဲ့လို ဆိုလျှင် သူက မိဘ နှစ်ပါး စုံလင်စွာဖြင့် မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်လိမ့်မည်။
ချန်ကျင်းလန်သည် ချန်လီချီက ရိုက်ကွင်းကို သွားချင်သည်ဟု ပြောတာကို ကြားချိန်မှာ အတော်လေး တုံ့ဆိုင်းသွားမိသည်။ ရိုက်ကွင်း ဆိုတာ ရိုက်ကူးရေးပစ္စည်းတွေ ၊ လူတွေနှင့် အမြဲ ရှုပ်ထွေးနေတတ်တာမျိုး။ သူတို့ သေချာ ဂရုမစိုက်လျှင် ချန်လီချီ ပစ္စည်းတွေနှင့် ဝင်တိုက်မိဖို့ လွယ်သည်။
“ ဒီတစ်ပတ် ပိတ်ရက်မှာ အမေ မအားဘူးကွယ်။ သမီး သွားချင်ရင် နောက်တစ်ခေါက်ကျမှ အမေ လိုက်ပို့ပေးမယ်လေ ၊ ဟုတ်ပြီလား။ ” ချန်ကျင်းလန်က ချန်လီချီနှင့် ဆွေးနွေးလိုက်သည်။
“ အဖေရှစ်က သမီးနဲ့ လိုက်လို့ ရတာပဲ။ ”
“ သမီးရဲ့ အဖေရှစ်မှာလည်း သူ့အလုပ်နဲ့သူ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလည်း ရှိသေးတယ်။ သမီးကို နေ့တိုင်း အဖော်မပြုပေးနိုင်ဘူးရယ်။ ”
“ ကျောင်းဆင်းတုန်းက အဘွားကို ဖုန်းဆက်ပြီး အဖေရှစ်ကို မေးကြည့်ခိုင်းထားပါပြီ။ သူက သမီးနဲ့ လိုက်မယ်တဲ့။ မေမေ့ရဲ့ အလုပ်တွေကိုသာ မေမေ အာရုံစိုက်ထားပါလို့။ ”
ချန်ကျင်းလန်သည် မနေ့တုန်းက ပြောခဲ့တဲ့ ရှစ်ရမ်ရဲ့ စကားတွေကို ပြန်သတိရသွားသည်။ သူမ ထိုင်ချပြီး ချန်လီချီရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်၏။ “ သမီး ရှာချင် … ”
သူမ ဘယ်လို မေးရမှန်း မသိပါ။ အခုမှ ပထမဆုံးအကြိမ် အမေ ဖြစ်ဖူးတာမို့ ကိစ္စ တော်တော်များများကို ဒီလိုပဲ လုပ်ရင်း ကိုင်ရင်း သင်ယူသွားခဲ့ရတာ ဖြစ်သည်။ ချန်လီချီကို ကျန်တဲ့ ကဏ္ဍတွေမှာ အကောင်းဆုံး ဆိုတာတွေကိုချည်း ပေးရန် ယုံကြည်ချက်ရှိသော်လည်း ဖခင်နေရာမှု လစ်ဟာနေခြင်းကိုတော့ သူမ ဘယ်တော့မှ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်။
ချန်ကျင်းလန်က သူမရဲ့ ဆံပင်ပျော့ပျော့လေးတွေကို ပွတ်သပ်လိုက်သည်။ “ အဖေရှစ်က သမီးကို တကယ့်ကို ကောင်းကောင်း ဆက်ဆံပေးတာ။ သမီး ကိတ်မုန့်လုပ်နည်းကို လေ့လာတဲ့အခါ သူ့မွေးနေ့အတွက်လည်း မွေးနေ့ကိတ် တစ်လုံး လုပ်ပေးသင့်တယ်။ ဟုတ်ပြီလား။ ”
ချန်လီချီက ခေါင်းညိတ်လက်ခံပြီး နူးညံ့စွာ ပြောလိုက်သည်။ “ မေမေရယ် ၊ အဘိုးရယ် ၊ အဘွားရယ် ၊ ဦးလေးရယ် ၊ ဒေါ်လေးရယ် ၊ ပြီးတော့ အန်တီချွီရယ် … မေမေတို့ အကုန်လုံးရဲ့ မွေးနေ့တွေအတွက် သမီး ကိတ်မုန့်လုပ်ပေးမယ်။ ”
ချန်ကျင်းလန်က သူမရဲ့ သမီးလေးကို ပွေ့ဖက်လိုက်သည်။ ‘ သမီးလေး တစ်ယောက် ရှိရင် အရာအားလုံး ပြည့်စုံတယ် ’ ဆိုတဲ့ ခံစားချက်က ဒါမျိုးပဲ ဖြစ်ရမည်။ သူမလည်း လိုက်လျောလိုက်သည်။ “ အစ်မဝုကိုလည်း ရိုက်ကွင်းကို သမီးနဲ့ လိုက်သွားခိုင်းလိုက်မယ်။ မဟုတ်ရင် မေမေ စိတ်ချနိုင်မှာ မဟုတ်ဘူး။ ”
ချန်လီချီက သူမအမေရဲ့ လည်ပင်းကို ဖက်ကာ ပါးလေးကို နမ်းလိုက်၏။ “ ဟုတ် ဟုတ် ၊ ကျေးဇူးတင်ပါတယ် မေမေ။ သမီး မေမေ့ရဲ့ မွေးနေ့ကိတ်ကို အလှဆုံး ဖြစ်အောင် လုပ်ပေးပါ့မယ်။ ”
ချန်ကျင်းလန်က ရယ်မောမိရင်း သူမရင်ခွင်ထဲက ကလေးမလေးကို ပိုလို့တောင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ အတိတ်မှာ မတရားမှုတွေကို ဘယ်လောက်ပဲ ကြုံခဲ့ရပါစေ ၊ ချန်လီချီလေးရဲ့ ဖြစ်တည်မှုက ဖြစ်ခဲ့သမျှ ကိစ္စတွေအပေါ် သူမ ဘယ်တော့မှ နောင်တမရဘူးဟု ညွှန်ပြနေသည်။
***