အပိုင်း ( ၅ )
အဖေရှစ် ပြန်လာမည် ဆိုတော့ လီချီကလည်း သဘာဝကျစွာပင် တက်ကြွပျော်ရွှင်သွားသည်။ သူမ သူ့ကို နောက်ဆုံး တွေ့ခဲ့ရတာ မနှစ်တုန်းက ကလေးများနေ့မှာ ဖြစ်သည်။ လေဆိပ်ကို သွားကြိုမယ့် နေ့ကျ ဘာဝတ်ရမလဲ ဆိုတာကို ကြိုတင်ရွေးချယ်ရင်း နောက်ဆုံးမိနစ် ရောက်တော့မှ စကတ် ဖောင်းဖောင်းကြွကြွလေးကို ရွေးချယ်လိုက်၏။
ရှန်းချူချီက သူမဟာ ထိုစကတ်လေးကို ဝတ်ထားလျှင် စနိုးဝှိုက်ထက်တောင် လှသည်ဟု ပြောသည်။ သူမရဲ့ ဖိနပ်ကတော့ အဖေရှစ် ဝယ်ပေးထားတဲ့ ၊ ခြေထောက် စွပ်သွင်းပြီး စီးရသည့် ငွေရောင်လယ်သာ ဖိနပ် လှလှကလေးပဲ ဖြစ်သည်။ သူမရဲ့ အမေက သူမကို ကျစ်ဆံမြီး လှလှလေးတွေ ကျစ်ပေးကာ သူမအကြိုက်ဆုံး လိပ်ပြာဆံညှပ်လေးကိုလည်း တပ်ပေးထားသေးသည်။
ချန်လီချီသည် မှန်ရှေ့မှာ ခန္ဓာကိုယ်ကို သုံး ၊ လေးခေါက်လောက် လှည့်နေရင်း ယနေ့ အသွင်အပြင်ကို အလွန် ကျေနပ်နေမိသည်။ သူမက တစ်ဖက်ခန်းက သူမအမေရဲ့ အဝတ်လဲခန်းထဲ ဝင်ကာ အမေဖြစ်သူအတွက် အဖြူရောင် ဂါဝန်ရှည် တစ်ထည်ကို ရွေးချယ်လိုက်၏။
ချန်ကျင်းလန်က သူမသမီး ရွေးပေးထားသော အဝတ်အစားကို မငြင်းဆန်ပေ။ သမီးဖြစ်သူနှင့် တူညီစေရန်အတွက် ဆံပင်ကိုလည်း ကျစ်ဆံမြီး တစ်ချောင်းတည်းပဲ ရိုးရိုးရှင်းရှင်း ကျစ်ထားသည်။
ချန်လီချီက သူမအမေရဲ့ လက်ဝတ်လက်စားတွေ ထည့်ထားသော အံဆွဲလေးဆီ သွားကာ မွှေနှောက် ရှာကြည့်လိုက်သော်လည်း ဆံညှပ်လေး တစ်ခုကိုတောင် ရှာမတွေ့ခဲ့။ သူမရဲ့ အမေဟာ ဘယ်တော့မှ ဆံညှပ် မတပ်ပုံရရဲ့။ ချန်လီချီက သူမအမေအတွက် ဆံညှပ် တစ်ခု ယူပေးဖို့ သူမရဲ့ ကိုယ်ပိုင် အံဆွဲလေးဆီ သွားတော့မည့်အချိန်မှာပဲ ဖျတ်ခနဲ မျက်လုံးတွေ တောက်ပသွားခဲ့သည်။ ဖန်သေတ္တာလေးထဲမှာ ရှိနေတဲ့ ခရမ်းရောင်ဖျော့ဖျော့ သလင်းကျောက် ဆံညှပ်လေးကို သူမ မြင်သွားလို့ပါ။ ခရမ်းရောင် ပန်း သေးသေးလေးတွေ အပြွတ်လိုက် အခိုင်လိုက်ဖြင့် အနားကွပ်ထားကာ တဖျတ်ဖျတ် လင်းလက်တောက်ပနေသည်။ လှလိုက်တာ။
ချန်လီချီက ထိုဆံညှပ်လေးကို ယူပြီး ချန်ကျင်းလန်ထံ ပြေးသွားလိုက်သည်။ “ ဒါလေးက သိပ်လှတာပဲ မေမေရေ။ မြန်မြန် တပ်လိုက်။ ”
ချန်ကျင်းလန်က ချန်လီချီရဲ့ လက်ထဲမှ ဆံညှပ်လေးကို မြင်တော့ ဆွံ့အငြိမ်သက်သွားသည်။ သူမ အဲ့ဒါကို လွှင့်ပစ်ခဲ့တယ် ဆိုတာကို ကောင်းကောင်း မှတ်မိနေပါသည်။
ချန်လီချီသည် သူမအမေ တိတ်ဆိတ်သွားတာကို မြင်ဝောာ့ ချက်ချင်းပဲ ချန်ကျင်းလန်ရဲ့ ပေါင်ပေါ် တက်ကာ အမေဖြစ်သူရဲ့ ဆံနွယ်တွေထဲမှာ ဆံညှပ်လေးကို ထိုးစိုက်ပေးလိုက်သည်။ ထို့နောက် သူမအမေကို တစ်လှည့် ၊ သူမကိုယ်သူမ တစ်လှည့် ကြည့်လိုက်၏။ အဝတ်အစားတွေလည်း အတူတူ ၊ ဆံပင်စတိုင်လည်း အတူတူ ၊ ဆံညှပ်တွေကလည်း အတူတူ လှနေတာပင်။ ဘယ်သူမဆို တစ်ချက်လောက် ကြည့်ရုံဖြင့် သူမဟာ သူမအမေရဲ့ သမီး ဆိုတာ ပြောနိုင်သည်။
သူမရဲ့ မျက်လုံးလေးတွေက လခြမ်းကွေးလေးတွေအဖြစ် ကွေးညွှတ်သွားသည်။ “ မေမေက အရမ်း လှတာပဲ။ ”
ချန်ကျင်းလန်ရဲ့ မျက်လုံးထောင့်စွန်းတွေက ဆတ်ခနဲ လှုပ်သွားသည်။ သူမရဲ့ အပြုံးက သိပ်ပြီး အသက်မဝင်ပေ။ “ အမေတို့ရဲ့ လီချီလေးက ပိုလှတာပါနော်။ ”
ကြားချင်တဲ့ စကားကို ကြားလိုက်ရ၍ ချန်လီချီသည် ဝံ့ဝံ့ကြွားကြွား ခေါင်းလေး မော့လိုက်၏။ “ လှမှာပေါ့။ သမီးက မေမေ့ရဲ့ သမီးလေ။ ”
နောက်ဆုံးတော့ ချန်ကျင်းလန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွားကာ စိတ်ပါလက်ပါ ပြုံးလိုက်ပြီး ချန်လီချီရဲ့ မေးစေ့လေးကို ဖျတခနဲ ငုံ့နမ်းလိုက်ပါသည်။ “ သွားကြမယ်။ သမီးရဲ့ အဖေရှစ်လည်း အဲ့ကို ရောက်ခါနီးလောက်ပြီ။ ”
သူမက ချန်လီချီ သတိမထားမိတုန်း ထိုဆံညှပ်ကို ချွတ်ပစ်ချင်သော်လည်း ချန်လီချီရဲ့ မျက်လုံးတွေက အလွန် လျင်သည်။ သူမအမေရဲ့ လှုပ်ရှားမှုကို မြင်တော့ သူမလေးက ဘာမှ မပြောဘဲ ချွဲနွဲ့သည့် အမူအရာဖြင့် ချန်ကျင်းလန်ရဲ့ လက်မောင်းကို ခါယမ်းလိုက်၏။ “ မေမေ အဲ့ဆံညှပ်လေးကို တပ်ထားတာကို သမီး တကယ် သဘောကျတယ်။ ”
အဆုံးသတ်မှာဝောာ့ ချန်ကျင်းလန်သည် ထိုဆံညှပ်ကို မချွတ်နိုင်ခဲ့။ ချန်လီချီက သူမ လိုချင်တာကို ရသွားပါပြီ။ သူမလေးရဲ့ ခြေသလုံးလေးတွေက ထိုင်ခုံပေါ်မှာ ရှေ့နောက် ယိမ်းနွဲ့နေသည်။ အဲ့ဒီဆံညှပ်ကို တပ်ထားတဲ့ အမေ ဘယ်လောက်တောင် လှနေတယ် ဆိုတာ အဖေရှစ်ကို မြင်စေချင်သည်။ တကယ့်ကို နတ်မိမယ်လေးအလား လှရက်နိုင်လွန်းတဲ့ အမေ့ကို အဖေရှစ် သေချာပေါက် တွေ့ရပါလိမ့်မည်။
ရမ်ရှစ်က ပုံမှန် ထွက်ပေါက်ကို ရောက်လာခဲ့သည်။ လေယာဉ်ဆိုက်ချိန်က နောက်ကျတာမို့ လူတွေကလည်း လေယာဉ်ဆိုက်သည့် ဂိတ်ပေါက်မှာ ကျပ်ညှပ်ရှုပ်ထွေးနေသည်။ ချန်လီချီသည် သူမကို သူမရဲ့ အမေ ထိန်းကိုင်ထားရတာ ပင်ပန်းမည် စိုး၍ သူမအမေရဲ့ ရင်ခွင်ထဲမှ ဆင်းကာ ကြမ်းပြင်ပေါ် ခြေချလိုက်၏။ လက် တစ်ဖက်က အမေဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ကျန်လက် တစ်ဖက်ကတော့ သူမ တခြား တစ်ယောက်နှင့် ကိုယ်တိုင် ပြုလုပ်ထားတဲ့ “ ကြိုဆိုပါတယ် ” ဟူသော အမှတ်အသား ဆိုင်းဘုတ်လေးကို မြင့်မြင့် ကိုင်မြှောက်ကာ အဖေရှစ် ပေါ်လာမှာကို စောင့်နေမိသည်။
လှပကာ ချစ်စရာကောင်းသော မိန်းကလေးငယ်လေး တစ်ယောက်ကို မြင်တော့ လူတိုင်းက သူမတို့ သားအမိအတွက် ချက်ချင်း လမ်းဖယ်ပေးကြသည်။ ချန်ကျင်းလန်သည် ယဉ်ကျေးစွာ ငြင်းဆန်ရင်း အနည်းငယ် ခေါင်းညွှတ်၍ ကျေးဇူးတင်စကားပြောနေရသည်။ အမေဖြစ်သူရဲ့ နောက်မှာတော့ ချန်လီချီက သူမကို လမ်းဖယ်ပေးကြသူတိုင်းကို ချစ်စရာကောင်းစွာ ပြုံးပြရင်း ကျေးဇူးတင်စကား ပြောနေသည်။
ချစ်ခင်သူတွေ ၊ သူငယ်ချင်းတွေကို စိုးရိမ်ပူပန်စွာ စောင့်မျှော်နေကြသူတိုင်းဟာ ချစ်စရာကောင်းသော ထိုအပြုံးလေးကြောင့် စိတ်ထဲ အေးချမ်းသွားကြလေသည်။
“ လီချီလေး။ ”
ထွက်ပေါက်ကနေ ဘွားခနဲ ထွက်ပေါ်လာသူသည် တောင်တက်ရာတွင် သုံးသည့် ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားခဲ့သည်။ သူ့ဆံပင်တွေက ကျောကုန်းနားကို ရောက်လုပြီ ဖြစ်ကာ မုတ်ဆိတ်မွှေးတွေကလည်း သူ့မျက်နှာ တစ်ဝက်ကို ဖုံးလွှမ်းထားသည်။ အကြောင်းမသိသူတွေ ဆိုလျှင် သူ့ကို တစ်နေရာရာက ထွက်ပြေးလာတဲ့ လူရိုင်း တစ်ယောက်လို့ ထင်သွားမှာ မြေကြီးလက်ခတ်မလွဲ။ သူ့ရဲ့ နက်ရှိုင်းသော မျကိလုံးတွေကသာ ကြယ်ပွင့်လေးတွေလို တောက်ပကြည်လင်ကာ အလင်းရောင်အောက်မှာ ဝင်းပနေသည်။
ချန်လီချီက သူအမေရဲ့ လက်ကို လွတ်ချကာ “ အဖေရှစ် ” ဟု ခေါ်ရင်း ပြေးသွားလိုက်၏။
ချန်ကျင်းလန်က သူမလေး ချော်လဲမှာကို စိုးရိမ်၍ နောက်ကနေ အမြန် လိုက်လာခဲ့ရသည်။
ရမ်ရှစ်က ချန်လီချီကို အရင်ဆုံး ပွေ့ချီပြီး ချန်ကျင်းလန်ကိုလည်း ဆွဲဖက်လိုက်သည်။
ချန်ကျင်းလန်က သူ့ရဲ့ ပွေ့ဖက်မှုကို မငြင်းဆန်သလို ရုန်းလည်း မရုန်းကန်ပါ။ သူမက သူ့ရဲ့ မြက်ပင်တွေလို ဖြစ်နေသော ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။ “ နင် သုတေသန သွားလုပ်တာလား ၊ တောတွင်း စွန့်စားခန်း သွားထွက်တာလား။ ”
အကြောင်းမသိသူတွေအတွက်တော့ ဒီမြင်ကွင်းက ခရီးဝေးကြီးကနေ ပြန်လာတြဲ ခင်ပွန်းကို လာကြိုတဲ့ ဇနီးနဲ့ သမီးရဲ့ စိတ်နှလုံး နွေးထွေးစရာ မိသားစုမြင်ကွင်းလေး တစ်ခုပေါ့။
ပတ်ပတ်လည်မှာ လူတွေ ဝန်းရံလျက် ဖြတ်လျှောက်သွားသော ရှောက်ချန်းကျယ်က မလှမ်းမကမ်းမှာ ပွေ့ဖက်နေကြသော ထိုသုံးယောက်ကို လှမ်းအမြင်မှာ ခြေလှမ်းရပ်သွားသည်။
ယွမ်ကျုံးကျိုးရဲ့ စကားအတိုင်း ပြောရလျှင်တော့ သူ့မျက်လုံးတွေ မှုန်မိုင်းသွားလိုက်ပုံက မသိရင် နှစ်တစ်ထောင် သက်တမ်းရှိတဲ့ အသူရာ ရေကန်ကြီးထဲကနေ ထွက်ပေါ်လာတဲ့ အစိမ်းရောင် ရှေးခေတ် လိပ်ဘုရင်ကြီးလိုပါပဲ။
ယွမ်ကျုံးကျိုးက ရှောက်ချန်းကျယ်အနီးသို့ တိုးကပ်သွားကာ ပြောလိုက်သည်။ “ အရင်တစ်ခေါက် မင်း သူမကို ကလေးအမေမှန်း သိနေကတည်းက ထူးဆန်းတယ်လို့ ငါ ထင်နေတာ။ ကြည့်ရတာ မင်းတို့ နှစ်ယောက်ကြားမှာ ဇာတ်လမ်းတွေ ရှိတဲ့ပုံပဲ။ သူမက မင်းရဲ့ ရည်းစားဟောင်းလား။ ”
ရှောက်ချန်းကျယ်ကဝောာ့ သူ့ကို တစ်ချက်လေးတောင် မကြည့်ဘဲ သူ့ခေါင်းကို တွန်းထုတ်ပစ်လိုက်သည်။
ယွမ်ကျုံးကျိုးသည် တွန်းထုတ်ခံလိုက်ရသော်လည်း နောက်တစ်ခေါက် ထပ်မံ တိုးကပ်လာပြန်၏။ “ ဒါမှမဟုတ် သူမက မင်းရဲ့ အချစ်ဦးလား။ ”
ရှောက်ချန်းကျယ်က သူ့ကို လှမ်းကန်ပြီး ဝေးဝေး သွားနေဖို့ ပြောလိုက်၏။
ယွမ်ကျုံးကျိုးသည် အကန်ခံလိုက်ခံရပေမဲ့ ဒေါသထွက်မသွား။ ကန်ချက်က ပြင်းလေ ၊ သူ ခန့်မှန်းတာတွေ မှန်ကန်သည်လို့ ခံစားလာရလေပင်။ သူမက ရှောက်ချန်းကျယ်ရဲ့ ရည်းစားဟောင်းလား ၊ အချစ်ဦးလား မသေချာသည့်တိုင် နှစ်ခုထဲက တစ်ခု ဆိုတာတော့ သေချာလေသည်။
သူ မေးစေ့ကို ပွတ်သပ်ရင်း ခပ်တိုးတိုး ရယ်လိုက်မိသည်။ ကြည့်ရတာ သူ့သူငယ်ချင်းကြီးက မိန်းမတွေကို စိတ်မဝင်စားတာ မဟုတ်ဘဲ နှလုံးသားထဲမှာ ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားတဲ့ မိန်းမလှလေး တစ်ယောက် ရှိနေတာ ဖြစ်လိမ့်မည်။ အဓိက ပြဿနာက အဲ့ဒီမိန်းမလှလေးဟာ ကလေးရှိတဲ့ အိမ်ထောင်သည် အမျိုးသမီး တစ်ယောက် ဖြစ်နေတာပါ။ ဒီလို အခြေအနေမျိုးမှာ အနည်းဆုံးတော့ သူက သူ့သူငယ်ချင်းကြီးအတွက် ကြေကွဲဝမ်းနည်းကာ မျက်ရည်ကျပေးသင့်သည်။ ဒါပေမဲ့ သူ ဘာလို့ အရမ်း ပျော်နေတာပါလိမ့်။
ရှောက်ချန်းကျယ်က ယွမ်ကျုံးကျိုးရဲ့ အရုပ်ဆိုးဆိုး မျက်နှာကို မမြင်ချင်သလို ပျော်ရွှင်စရာ မိသားစု ပြန်လည်ပေါင်းစည်းခန်းလေးကိုလည်း မမြင်ချင်ပေ။
“ ဟိုလူတွေကို ကြိုဖို့ ဒီမှာ စောင့်နေလိုက်။ ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်။ ” သူ ပြောပြီး လှည့်ထွက်လာခဲ့လိုက်သည်။
ပြီးခဲ့တဲ့ တစ်နေ့က သူ့အဘွား ဆုံးပါးကွယ်လွန်သွားခဲ့တဲ့ နေ့ရက် ဖြစ်သည်။ သူ့အဘိုးက ဇနီးဖြစ်သူကို အဖော်ပြုပေးချင်သည်ဟု ပြောကာ ဇာတိမြို့လေးကို ရက် အနည်းငယ်ကြာ ပြန်သွားခဲ့သည်။ သူ့အဘိုးရဲ့ ဒီကို ပြန်လာသော လေယာဉ်က ဒီနေ့ ဆိုက်မှာ ဖြစ်ပြီး ဟိုးအရင်တုန်းက မြောက်ပိုင်းကို သူ့ဇနီးနှင့် ရွေ့ပြောင်းလာခဲ့သော ခရီးစဉ် အမှတ်တရတွေကို ပြန်လည် အောက်မေ့သတိရချင်သည်ဟု ဆိုကာ “ အဲ့တုန်းက အခက်အခဲတွေ ၊ ချိုမြိန်မှုတွေကို ပြန်ခံစားချင်တယ် ” ဟု ပြောလျက် အထူးတန်းမှာ မစီးဘဲ ရိုးရိုးတန်းမှာပဲ ဇွတ်အတင်း စီးခဲ့လေသည်။
အစတုန်းကဝောာ့ အဘိုးဖြစ်သူကို အရမ်း ချစ်သလို သူတော်ကောင်းမယောင်ဆောင်ချင်သော်လည်း သူက အခုမှ ကုမ္ပဏီမှာ အလုပ်ဝင်ခါစဖို့ အနည်းဆုံးတော့ ဒါရိုက်တာ ဘုတ်အဖွဲ့ရှေ့မှာ မြေးလိမ္မာလေး တစ်ယောက်အဖြစ် ၊ ထက်မြတ်သော သား တစ်ယောက်အဖြစ် ဟန်ဆောင်ပေးရပါမည်။ သရုပ်ဆောင်တယ် ဆိုကတည်းက တကယ့်အစစ်နှင့် တူအောင်လည်း သရုပ်ဆောင်ရဦးမည်။ သူ သူ့ဝန်ထမ်းနှင့် နာရီဝက် ကြိုစောလာကာ ထိုအဘိုးကြီးရဲ့ လေယာဉ်ဆိုက်မှာကို စောင့်နေခဲ့သည်။ ထိုမှသာ နောက်ပိုင်းမှာ ထိုအဘိုးကြီးက သူ့ကို ထပ်အပြစ်ရှာဖို့ ကြိုးစားလျှင် ဘာအကြောင်းပြချက်ကိုမှ မတွေ့မှာ ဖြစ်သည်။
ရှောက်ချန်းကျယ်က ကြမ်းပြင်ကနေ မျက်နှာကျက်အထိ အပြည့် တပ်ဆင်ထားသော မှန်ပြတင်းရှေ့မှာ ရပ်ကာ စီးကရက် တစ်လိပ်ကို ထုတ်၍ မီးမညှိဘဲ ပါးစပ်မှာ တပ်လိုက်သည်။ သူ ဒီနေရာမှ ဆေးလိပ်သောက်လို့ပါ။ ဂဏှာမငြိမ် ဖြစ်နေတဲ့ သူ့နှလုံးသားကို နည်းနည်းလေးလောက် တည်ငြိမ်သွားအောင် ဆေးရွက်ကြီးအနံ့ကို သုံးချင်သော်လည်း သူ့နှလုံးသားက စီးကရက် တစ်ဘူးလုံး သောက်လိုက်ရင်တောင် တည်ငြိမ်သွားမှာ မဟုတ်လောက်။
လူ နှစ်ယောက်ကတော့ ရေပက်မဝင်အောင် စကားတွေ ပြောနေကြသည်။ ချန်ကျင်းလန်က ခပ်လောလောလေး ပြောလိုက်သည်။ “ ငါတို့ အိမ်ပြန်ရောက်ရင် ပြောဖို့ စကားတွေ ချန်ထားဦး။ ဒီမှာပဲ ရပ်မနေနဲ့။ အန်တီချွီက တစ်နေ့ခင်းလုံး နင် ကြိုက်တဲ့ ဟင်းတွေကို ချက်ရင်း အလုပ်ရှုပ်နေတာ။ သူမက နင့်ကို စောင့်နေတာလေ။ ”
ရှစ်ရမ်ရဲ့ ပခုံးတွေ တောင့်တင်းသွားသည်။
ချန်ကျင်းလန်က ထပ်ပြောလိုက်သည်။ “ ချန်ကျင်းချွမ်က ဒီည ချန်ဥယျာဉ်မှာ မရှိဘူး။ သူ လောလောဆယ် အလုပ်ကိစ္စနဲ့ ခရီးထွက်သွားလို့ တနင်္လာနေ့ မတိုင်ခင်ထိ ပြန်ရောက်လောက်မှာ မဟုတ်ဘူး။ ”
ရှစ်ရမ်က ပေါ့ပါးသော အပြုံး တစ်ခုကို အားယူ ပြုံးပြလိုက်သည်။ “ သူက ကျားမှ မဟုတ်တာ။ ချန်ဥယျာဉ်မှာ သူ ရှိရှိ .. မရှိရှိ ၊ ကိုယ်ကတော့ အန်တီချွီ ချက်ထားတဲ့ ဟင်းတွေကို စားမှာပဲ။ ”
ချန်လီချီက ရှစ်ရမ်ရဲ့ နားထဲသို့ တီးတိုး ပြောလိုက်သည်။ “ ဦးလေးက ကျား မဟုတ်ဘူး အဖေရှစ်ရဲ့ ၊ သူက အပြောင်းအလဲမြန်တဲ့ မုန်လာဥဖြူကြီး။ အဘွားကတော့ သူ့တစ်သက်လုံး မိန်းမရနိုင်မှာ မဟုတ်ဘဲနဲ့ လူပျိုကြီးအဖြစ် အရိုးထုတ်သွားရလိမ့်မယ်လို့ ပြောတယ်။ ” သူမက ဖေးကျူးဟွေ့ရဲ့ စကားပြောပုံအတိုင်း အတုခိုးကာ ပြောပြီးနောက် လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး သူမဦးလေးရဲ့ အနာဂတ်ကို အလွန် စိုးရိမ်သွားမိသည်။
ရမ်ရှစ်ရဲ့ မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်တွေ ယှက်သန်းနေသည်။ သူလည်း ချန်လီချီရဲ့ နားထဲကို တီးတိုး ပြောလိုက်ပါသည်။
“ တခြား အကြောင်းတွေ မပြောဘဲ နေရအောင်ပါ။ သမီးရဲ့ ဦးလေးကို သမီး စိုးရိပ်ပေးစရာ မလိုဘူး။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ တခြား လူတွေက မိန်းမ မရရင် မရလောက်ပေမဲ့ သမီးရဲ့ ဦးလေးကတော့ သေချာပေါက် မိန်းမရမှာ။ အနာဂတ်မှာ သမီးအတွက် အဒေါ် လှလှလေး တစ်ယောက် ရလာလိမ့်မယ်။ ”
ချန်လီချီက ခေါင်းလေး စောင်းငဲ့ကာ ခဏလောက် တွေးတောလိုက်သည်။ အဖေရှစ် ပြောတာ အများကြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရ၏။
“ အဖေရှစ် ပြောတာ မှန်တယ်။ ဦးလေးက မိန်းကလေးတွေကြားမှာ အရမ်း နာမည်ကြီးတာ။ ”
“ ကဲပါ ၊ အခု သွားဖို့ အချိန်တန်ပြီ။ အဘွားလည်း ခဏနေ ဖုန်းဆက်တော့မယ်။ ”
စုယန်ယန်က သူတို့ နှစ်ယောက်ရဲ့ စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။ “ ချန်လီချီ ၊ သမီးကို မေမေပဲ အရင် ချီထားမယ်နော်။ အဖေရှစ်က အကြာကြီး လေယာဉ်စီးလာခဲ့ရတော့ ပင်ပန်းနေပြီ။ ”
ချန်လီချီက ထိုစကားကို ကြားသည်နှင့် အဖေရှီအား သူမကို အမြန် အောက်ချခိုင်းလိုက်၏။
ရှစ်ရမ်က သူမလေးကို အောက်ချပေးရမည့်အစား ခပ်မြင့်မြင့် မြှောက်ချီကာ ပြောလိုက်သည်။ “ သမီးက အဖေရှစ်ကို တကယ် အထင်သေးတာပဲ။ သမီးလို ခန္ဓာကိုယ်မျိုး နောက်ထပ် သုံး ၊ လေးယောက်လောက်ကိုတောင် အဖေ ချီနိုင်သေးတယ်။ သွားကြမယ်။ မေမေက ရှေ့ကနေ ဦးဆောင် သွားလိမ့်မယ်။ အဖေတို့ အိမ်ပြန်ရောက်ရင် အရသာရှိတဲ့ ဟင်းတွေကို စားရတော့မယ်။ ”
ချန်လီချီက ရှစ်ရမ်ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း ရယ်မောနေခြင်းကြောင့် သူမရဲ့ လိပ်ပြာဆံညှပ်လေးက နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသည်။ “ အဖေရှစ်က အကောင်းဆုံးပဲ ဆိုတာ သမီး သိသားပဲ။ ”
ချန်ကျင်းလန်သည် ထိုနှစ်ယောက်ကို ဘာမှ မလုပ်နိုင်သောကြောင့် ဒီတိုင်းလေး လွှတ်ပေးထားလိုက်၏။ သူတို့ကို ဆက်ပြောမနေတော့ဘဲ ရှေ့ကနေ သူမ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။ ထိုအချိန်မှာ ဘေးနားမှာ ရပ်နေသော မိန်းကလေး တစ်ယောက်က လေယာဉ်ပေါ်က ဆင်းလာသော သူမချစ်သူကို မြင်ချိန်တွင် အလောတကြီး ပြေးလာရင်း လက်ထဲမှာ ကိုင်ထားတဲ့ Milk Tea ကို ငြိမ်အောင် ကိုင်မထားနိုင်ဘဲ ချန်ကျင်းလန်ရဲ့ အင်္ကျီပေါ် မှောက်ကျသွားလေသည်။ ထိုမိန်းကလေးက စက္ကန့်ပိုင်းလောက် ကြောင်အသွားပြီးမှ လက်သုတ်ပဝါကို ထုတ်လျက် တောင်းပန်စကားကို တတွတ်တွတ် ပြောရင်း အဝတ်အခြောက်လျှော်ပေးပါ့မယ်ဟု ပြောနေခဲ့သည်။
ချန်ကျင်းလန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမရဲ့ အဝတ်အစားတွေ ညစ်ပတ်သွားတာကြောင့် မဟုတ်ဘဲ ထိုကောင်မလေးရဲ့ Milk Tea ထဲမှာ ရေခဲတွေ ပါတာကြောင့် ဖြစ်သည်။
ဓမ္မတာလာခါနီးနေပြီမို့ ရေခဲတမျှ အေးစက်စိုစွတ်သော အဝတ်အစားတွေက အသားနှင့် ထိကပ်နေကာ သူမကို မသက်မသာ ခံစားရစေသည်။ သို့သော်လည်း သူမ ဘာမှ ပြောမနေဘဲ ထိုကောင်မလေးအား ချစ်သူကောင်လေးကို အမြန် သွားရှာဖို့သာ ပြောလိုက်၏။ လူငယ်တွေရဲ့ အချစ်က အရှိန်ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ မီးတောက်လိုပါပဲ။ အဲ့ဒါကို သူမ နားလည်သည်။
သူမက ရှစ်ရမ်နှင့် ချန်လီချီကို ကားထဲ အရင် ဝင်ဖို့နှင့် သူမကတော့ သန့်စင်ခန်းမှာ နည်းနည်းပါးပါး သန့်ရှင်းရေး သွားလုပ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ရှစ်ရမ်က တီရှပ် တစ်ထည်တည်းကိုသာ ဝတ်ထားလို့ပါ။ မဟုတ်ရင် အပေါ်အင်္ကျီကို ချွတ်ပြီး သူမကို ပေးလို့ ရဦးမည်။ ကျောပိုးအိတ်ထဲကနေ အဝတ်တွေ ထုတ်ပေးမယ် ၊ လဲချင်လား ဟူ၍ မေးလိုက်သော်လည်း ချန်ကျင်းလန်ကတော့ လက်ကာပြရင်း ရပါတယ်ဟု ပြန်ပြောခဲ့သည်။
သူမ သူ့အဝတ်အစားတွေကို လက်မခံနိုင်ပါ။ ချန်ကျင်းလန်သည် တစ်သျှူးများဖြင့် အမြန် သုတ်ပစ်လိုက်သည်။ ကံကောင်းစွာဖြင့် အအေး မှောက်ကျသွားတဲ့ နေရာ အများစုက သူမရဲ့ လက်မောင်းပေါ်မှာမို့ အင်္ကျီလက်ကို ပင့်တင်လျှင် အစွန်းအထင်း အတော်များများ ဖုံးကွယ်နိုင်လိမ့်မည်။
ချန်ကျင်းလန်သည် အင်္ကျီလက်တွေကို ပင့်တင်ရင်း သန့်စင်ခန်းထဲမှ ထွက်လာခဲ့ချိန်တွင် အနက်ရောင် သားရေ ရှူးဖိနပ် တစ်စုံက သူမမြင်ကွင်းထဲ ရောက်လာသည်။ ဆက်သွားလို့ ရရန်အတွက် ဘယ်ဘက်ကို ရွေ့လိုက်ဝောာ့ ရှုးဖိနပ်တွေကပါ ဘယ်ဘက်ကို လိုက်ရွေ့သည်။ သူမ ညာဘက်ကို ရွေ့တော့လည်း ရှူးဖိနပ်တွေကပါ လိုက်ရွေ့သည်။ ဒါ တမင် လုပ်နေတာ အသိအသာပင်။
ဘယ်သူလဲ ဆိုတာ ချန်ကျင်းလန် မော့ကြည့်လိုက်တော့ သူမရဲ့ ခြေထောက်တွေက ကြမ်းပြင်မှာ အမြစ်တွယ်နေတဲ့ သစ်ပင်လို အတောင့်သား ရပ်တန့်သွားသည်။ သူ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ဆိုတာ သူမ ဂရုမစိုက်ပါ။ ပထမဆုံး တွေးမိတာက ဆံညှပ်ပဲ။
အဲ့ဒါက သူ ပေးခဲ့သော ပထမဆုံး လက်ဆောင် ဖြစ်သည်။ အဲ့ဒါက လက်ရှိအချိန်မှာ ဘယ်လို ကိစ္စကြောင့်မဆို သူမရဲ့ ဆံပင်ပေါ်မှာ ရှိမနေသင့်တော့။ သူကတော့ ထိုဆံညှပ်ကို မှတ်မိချင်မှ မှတ်မိတော့မှာ ဆိုသော်လည်း သူမကတော့ သူ့ကို မမြင်စေချင်ပါ။
ချန်ကျင်းလန်သည် သူ့ဘေးကနေ ဖြတ်သွားဖို့ ခန္ဓာကိုယ်ကို ယိမ်းလိုက်တော့ ရှောက်ချန်းကျယ်ကလည်း ခြေလှမ်းကျဲကြီးဖြင့် သူမရှေ့ ဖျတ်ခနဲ ရောက်လာကာ လမ်းပိတ်ထားပြန်လေသည်။
***