Ch 3
Viewers 424

အပိုင်း ( ၃ )


ချန်ကျင်းရွှမ်က သူ့အစ်မရဲ့ လိုက်လိုက်လျောလျော မရှိသော မျက်နှာကို မြင်တော့ အမြန် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ မနက်ဖြန်ညကျ အစ်မရဲ့ အချိန်စာရင်းကို ရှင်းထားပြီး ကျွန်တော်နဲ့ ဧည့်ခံပွဲမှာ ဝိုင်သောက်ဖို့ လိုက်ခဲ့ပေး။ ” 


ချန်ကျင်းလန်က ချက်ချင်း ငြင်းသည်။ “ မင်းမှာ ရည်းစားတွေ ပေါသောနေတာပဲကို သူတို့ထဲက တစ်ယောက်ကို ခေါ်သွားလို့ မရဘူးလား။ မရရင်လည်း မင်းရဲ့ အတွင်းရေးမှုးဌာန ၊ ဒါမှမဟုတ် PR ဌာနက တစ်ယောက်ယောက်ကို ခေါ်သွားလို့ ရတာပဲ။ နောက် နှစ်ည ၊ သုံးညလောက်အထိ ငါ့အချိန်တွေ အကုန်လုံးကို ချန်လီချီကိုပဲ ပေးထားမှာ။ မင်းနဲ့ မဟုတ်မဟတ် ဝိုင်သောက်ဖို့ လိုက်ပေးရလောက်အောင်ထိ အားမနေဘူး။ ” 


ချန်ကျင်းရွှမ်သည် သူ့မှာသာ တခြား နည်းလမ်း ရှိသေးလျှင် ၊ ဒီည အရေးကြီးတဲ့ ဧည့်ခံပွဲမှာ သူနှင့် လိုက်ပေးမယ့် လူ တစ်ယောက်ရယ်လို့ ရှိသေးလျှင် ဒီအစ်မကို အကူအညီတောင်းမှာ မဟုတ်ပေ။ အခုတလော သူ အသားစားခြင်းကို ရှောင်ထားတာမို့ သူ့ရည်းစားတွေကိုလည်း ခေါ်လို့ မရချေ။ သူ့အတွင်းရေးမှူးဌာနမှာလည်း အကုန်လုံးက ယောက်ျားတွေချည်း။ PR ဌာနကိုတော့ ထည့်မပြောတာ အကောင်းဆုံး ဖြစ်မည် ထင်သည်။ သူ အခု ရင်ဆိုင်နေရတဲ့ အမှုတွေ အကုန်လုံးကို ထိုဌာနကပဲ စွဲချက်တင်ထားတာပင်။ 


“ အစ်မ ကျွန်တော့်ကို ဒီတစ်ခေါက် ကူညီပေးရင် ကျွန်တော့်ရုံးခန်းထဲက ပန်းချီကားကို အစ်မရဲ့ ဟိုတယ်မှာ သုံးဖို့ အပိုင်ပေးမယ်။ ” ချန်ကျင်းရွှမ်းက အပေးအယူ လုပ်လိုက်သည်။ 


ချန်ကျင်းလန်၏ စိတ်က လှုပ်ခတ်သွား၏။ သူမ ထိုပန်းချီကားကို လိုချင်နေတာ အတော်ကြာပြီ ဖြစ်သော်လည်း ချန်ကျင်းရွှမ်က အမြဲတမ်း ‌ပြန်ရောင်းဖို့ ငြင်းဆန်နေခဲ့တာ ဖြစ်သည်။ သူမ ဒီတစ်ခေါက် ဟိုကနေ ဝယ်လာခဲ့တဲ့ ပန်းချီကားတွေက လက်ရာမဆိုးပေမဲ့ သူမကို အရမ်းကြီး စိတ်ကျေနပ်စေတာတော့ မဟုတ်ပေ။ 


ချန်ကျင်းရွှမ်းက ငါးစာကို ထပ်ထည့်လိုက်သည်။ “ အရမ်းကြီး ကြာမှာ မဟုတ်ပါဘူး။ အစ်မ ကျွန်တော်နဲ့ မျက်နှာလိုက်ပြပြီး ခဏလောက်ပဲ ရောရောနှောနှော နေပေး။ တစ်နာရီကြာရင် အစ်မကို ပြန်ခိုင်းမယ်။ ကျွန်တော်နဲ့ တစ်နာရီလောက် လိုက်ပေးရုံနဲ့ ဒီည အစ်မတို့သားအမိရဲ့ အချိန်လေး ပျက်စီးသွားမှာ မဟုတ်ပါဘူးဗျာ။ ” 


ချန်ကျင်းလန်က “ ကောင်းပြီလေ။ ” ဟု ပြန်ပြောလိုက်သည်။ 


အမေနှင့် ဦးလေးရဲ့ စကားဝိုင်းကို ဧည့်ခန်းထဲကနေ နားထောင်နေသော ချန်လီချီသည် ချန်ကျင်းရွှမ်ကို လည်ဆန့်၍ ကြည့်လိုက်သည်။ “ အစ်မ လှလှလေးက ဦးလေးနဲ့ ဧည့်ခံပွဲကို လိုက်ဖို့ ငြင်းလိုက်တာ မဟုတ်ဘူးလား။ ” 


ထိုစကားကြောင့် ချန်ကျင်းရွှမ်ရဲ့ မျက်နှာပေါ် အကြည့် သုံးခု ကျရောက်လာသည်။ မိန်းက‌လေး တစ်ယောက်က သခင်လေးချန်ရဲ့ ဖိတ်ကြားချက်ကို တကယ် ငြင်းဆန်လိုက်တာလား။ ချန်ကျင်းရွှမ်းက အဟမ်း အဟမ်းဟု ချောင်းဟန့်လိုက်သည်။ “ နင်နဲ့ နင့်ကောင်လေးလည်း တစ်ယောက်‌ယောက်ကို သွားရှာဖို့ စီစဉ်နေတာ မဟုတ်ဘူးလား။ ” 


သူမနှင့် ရှောင်ချီတို့ တကယ့်ကို တိုးတိုးလေး ပြောနေတာကိုတောင် ကြားတဲ့အထိ ဦးလေးက သိပ်ကို နားပါးလွန်းသည်။ ချန်လီချီသည် နာလည်း နာခံ ၊ အခြေအနေကိုလည်း သိသော အပြုံးလေးဖြင့် ဦးလေးကို ပြုံးပြလိုက်၏။ “ သမီးက ဦးလေးကို အချစ်ဆုံးပါ ဦးလေးရယ်။ ”


ချန်ကျင်းရွှမ်သည် ဒီပွဲမှာ သူ နိုင်သွားပြီဟု ခံစားလိုက်ရသည်။ အမြင်ကတ်စရာကောင်းသော ပုံစံဖြင့် သူ့အစ်မကို သူ မျက်ခုံးပင့်ပြလိုက်၏။ ချန်ကျင်းလန်က သူ့ကို ကလေး တစ်ယောက်ကို အနိုင်ကျင့်သည့်အတွက် နှာခေါင်းရှုံ့လိုက်သည်။ 


ဖေးကျူးဟွေ့က ချန်ကျင်းရွှမ်အား သူနှင့် ဧည့်ခံပွဲကို အတူ လိုက်ရန် ငြင်းသွားသည့် မိန်းမလှလေးအကြောင်း မေးခတင်နေသော်လည်း ချန်ကျင်းရွှမ်ကတော့ သူ့အမေရဲ့ ရည်ရွယ်ချက်ကို အာရုံခံမိပုံပေါ်ကာ အမြန် ရှောင်ထွက်သွားသည်။ “ မနက်ဖြန်ကျ သပ်သပ်ရပ်ရပ် လှလှပပလေး ဝတ်လာနဲ့နော်။ ” ဟူ၍လည်း မသွားခင် ပြောသွားသေးသည်။ သပ်သပ်ရပ်ရပ် လှလှပပလေး ဝတ်ခဲ့ .. ဟုတ်လား။ ချန်ကျင်းလန်သည် သူမ မနက်ဖြန်ကျ နွမ်းနွမ်းဖတ်ဖတ် မသပ်မရပ် ဝတ်သွားရင် ကောင်းမလားဟု တွေးမိသွားသည်။ 


အဆုံးသတ်မှာဝော့ သူမ အဲ့ဒီလို ဝတ်ရန် အခွင့်အရေး မရခဲ့ပါ။ ချန်ကျင်းရွှမ်က အဝတ်အစားတွေနှင့် လက်ဝတ်ရတနာတွေကို အစောကြီးကတည်းက ပို့ပေးထားပြီးပြီ ဖြစ်သည်။ ချန်ကျင်းလန်က သူ ပို့ပေးထားသည့် သူမ ဝတ်နေကျ နောက်ဆုံးပေါ် အမှတ်တံဆိပ်တွေကို မထူးဆန်းသလို ကြည့်နေလိုက်သည်။ သူ အတော်လေး အမြင်ရှိတဲ့ အချက်ကို ထောက်ပြီး ချန်ကျင်းလန်ကလည်း သူ အရှက်မကွဲရအောင် လှလှပပလေး ဝတ်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ 


သူမ ကားပေါ်မှ ဆင်းလာသောအခါ ချန်ကျင်းရွှမ်းရယ် ၊ ဝင်ပေါက်မှာ ရပ်ကာ အမှိုက်ပုံးဘေးမှာ ဆေးလိပ်သောက်နေသော သူ့ရဲ့ လူရှုပ်လူပွေ သူငယ်ချင်း လီဖေးဖုန့်ကို မြင်လိုက်ရသည်။ လီဖေးဖုန့်က ချန်ကျင်းလန်ကို လေချွန်ပြသည်။ တော်တော်လေး လက်လွတ်စပယ်နိုင်တဲ့ အပြုအမူပါပဲ။ သူ့ကို အလွန် ချမ်းသာတဲ့ သူဌေး တစ်ယောက်မှန်း သိတဲ့ လူတွေက ဘယ်လိုမှ ထင်မှာ မဟုတ်ပေမဲ့ အကြောင်းမသိတဲ့ လူတွေကတော့ လမ်းပေါ်မှာ လေလွင့်နေတဲ့ လူရှုပ်လူပွေ တစ်ယောက်လို့ ထင်သွားကြလိမ့်မည်။ 


ချန်ကျင်းလန်က သူ့ကို မျက်စောင်း တစ်ချက် ထိုးပြီး အေးအေးဆေးဆေး နေဖို့ ပြောလိုက်၏။ ဦးလေးလီလို လေးနက်တည်ကြည်သော လူမျိုးမှာ  လီဖေးဖန်လို အလေးအနက်မရှိ ပေါ့ပျက်တဲ့ သား တစ်ယောက် ဘယ်လိုလုပ် ရှိနေတာလဲ ဆိုတာ သူမ နားမလည်နိုင်ပေ။ ဗီဇတွေ ပြောင်းလဲသွားတာလို့ပဲ ပြောရမလား။ 


လီဖေးဖုန့်က သူ့ဖုန်းကို ထုတ်လိုက်သည်။ “ ကျွန်တော် ဓာတ်ပုံရိုက်ပြီး ရှစ်ရမ်ကို ပို့ပေးရဦးမယ်။ သူ ဒီဓာတ်ပုံကို မြင်ပြီးရင်တောင် အဲ့ဒီ လူမရှိသူမရှိတဲ့ အစွန်အဖျား နေရာမှာ နေနိုင်ဦးမယ် ဆိုတာ ကျွန်တော် မယုံဘူး။ ” 


ချန်ကျင်းလန်က သူ့ဖုန်းကို လှမ်းဆွဲလိုက်တော့ သူက လက်ကို မြှောက်ထားလိုက်သည်။ ချန်ကျင်းလန်က ဂါဝန်ရှည်ကြီးကို ဝတ်ထားပြီး ဒေါက်မြင့်ဖိနပ်တွေကို စီးထားမို့ သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ လက်မမီပါ။ 


လီဖေးဖုန့် တစ်ယောက် သဘောကျစွာ စပ်ဖြဲဖြဲ လုပ်နေစဉ်မှာပဲ သူတို့နောက်မှာ ရပ်နေသော လူ တစ်ယောက်ဆီ အကြည့်ရောက်သွားမိသည်။ ချန်ကျင်းရွှမ်က စီးကရက် တစ်လိပ်ကို နှုတ်ခမ်းမှာ တပ်ထားကာ ရုတ်ရုတ်သဲသဲ အခြေအနေကို အေးအေးဆေးဆေး ကြည့်နေသည်။ ပြိုင်ဖက် တစ်ယောက်ကို ပေါ်လာတာ မြင်တော့ သူ တဖြည်းဖြည်း မျက်မှောင်ကြုတ်လိုက်မိသည်။ 


ချန်ကျင်းလန်က ဘယ်သူ ရောက်လာလို့ သူတို့ အဲ့လို ပုံစံ ဖြစ်သွားကြလဲ ဆိုတာ သိချင်၍ လှည့်ကြည့်ချင်သွားသည်။ 


“ တဆိတ်လောက် ကျွန်တော့်ကို လမ်းဖယ်ပေးလို့ ရမလား။ ” 


ကြည်လင်သော အသံ တစ်သံက အေပရယ် ညလေပြည်ကြားမှာ မျောလွင့်ထွက်‌ပေါ်လာကာ ဂါဝန်ကျော‌ဗြောင်လေးကို ဝတ်ထားသော ချန်ကျင်းလန်ရဲ့ ကျောပြင်လေးသည် သိမ့်ခနဲ တုန်သွားလေသည်။


ချန်ကျင်းချွမ်က သူ့လက်ထဲမှ စီးကရက်ကို အနီးရှိ အမှိုက်ပုံးထဲ လွှင့်ပစ်ကာ အပေါ်အင်္ကျီကို ချွတ်၍ သူ့အစ်မရဲ့ ပခုံးပေါ် လွှားခြုံပေးလိုက်သည်။ သူ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။ “ ဒီမှာ ဘာစကားတွေကို လာပြီး စောင်းပါးရိပ်ခြည် ပြောနေတာလဲ ဥက္ကဌရှောက်။ ဒီနေရာက ဒီလောက် ကျယ်နေတာ ၊ ကျွန်တော်တို့ လမ်းပိတ်မိတယ် ဆိုရင်တောင် အဲ့ဒါက ခြင်တွေရဲ့ လမ်းကို ပိတ်မိတာပဲ ဖြစ်မှာ။ ဥက္ကဌရှောက်ရဲ့ လမ်းကို ပိတ်မိတာတော့ ဖြစ်မယ် မထင်ဘူး။ ” 


ရှောက်ချန်းကျယ်ကလည်း ချန်ကျင်းချွမ်ကို တူညီစွာပင် တည်တည်ငြိမ်ငြိမ် ပြန်ပြောခဲ့သည်။ “ ကျွန်တော်က အမှိုက်ပစ်ဖို့ ဖြတ်သွားမလို့ပါ ၊ မင်းတို့ လမ်းဖယ်ပေးဖို့ အဆင်မပြေရင်လည်း … ” ရှောက်ချန်းကျယ်က စကား ခဏ ရပ်ပြီး သူ့လက်ထဲမှာ ကိုင်ထားတဲ့ နှုတ်ခမ်းနီ စွန်းထင်းနေသော တစ်သျှူးကို သူတို့ မြင်အောင် မြှောက်ပြလိုက်သည်။ “ ဥက္ကဌချန်က ဒီအမှိုက်ကို ကျွန်တော့်ကိုယ်စား ပစ်ပေးနိုင်တယ် ဆိုလည်း အဆင်ပြေပါတယ်။ ”


ချန်ကျင်းချွမ် အေးစက်စွာ ရယ်မောလိုက်သည်။ “ ဥက္ကဌရှောက်ကို ဒီပါတီပွဲကို ဘယ်သူ ဖိတ်လိုက်တာလဲ ဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဒီပွဲက အဖြူရောင် မိသားစုရဲ့ ပါတီပွဲ ဖြစ်နေတယ် ဆိုကတည်းက ဒီပွဲကို ကျွန်တော်တို့ ချန်မိသားစုအတွက်ပဲ ဆိုတာ မျက်လုံးရှိတဲ့လူတိုင်း သိတယ်။ ဥက္ကဌရှောက်က ဘယ်သူမှလည်း မဖိတ်ဘဲ ရောက်လာတာ ဆိုတော့ ရည်ရွယ်ချက်က ဘာများလဲ။ ”


ရှောက်ချန်းကျယ်က လုပ်နေကျ အရာ တစ်ခုကဲ့သို့ ရှန်းစီဝမ်၏ ခါးလေးကို လက် တစ်ဖက်ဖြင့် ပေါ့ပေါ့ပါးပါး ဖက်လိုက်သည်။ “ ကျွန်တော့်သူငယ်ချင်း မိန်းကလေးရှန်းကို အဖော်ပြုပေးဖို့ ဒီကို လာခဲ့တာပါ။ မိန်းကလေးရှန်းကို ဒါရိုက်တာလီ ကိုယ်တိုင် ဖိတ်ကြားထားတာလေ။ ဒါရိုက်တာလီ မေ့သွားမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် သေချာပါတယ်။ ”


ရှန်းစီဝမ်က ဒီနေ့ ရှောက်ချန်းကျယ် ပေးသော အခွင့်အရေးကို လက်ခံယူထားတာမို့ သဘာဝကျစွာပင် သူ့ရဲ့ ရုပ်သေးရုပ်လေး တစ်ရုပ်လို ပြုမူပေးနေခဲ့သည်။ သူမက လူ တစ်ယောက်ရဲ့ ရင်ခွင်ထဲကို တိုးဝှေ့နေသော မပျံနိုင်သေးတဲ့ ငှက်ပေါက်စလေး တစ်ကောင်ကဲ့သို့ ရှောက်ချန်းကျယ်ရဲ့ ရင်ခွင်ထဲ တိုးဝင်မှီနွဲ့လိုက်၏။ 


လီဖေးဖုန့်ရဲ့ မျက်နှာ အမူအရာက ခုနတုန်းကလို ခပ်အေးအေး မဟုတ်ဝောာ့ဘဲ ချက်ချင်း တင်းမာသွားသည်။ “ နိုင်ငံခြားမှာ နှစ်တွေ အကြာကြီး စာလေ့လာခဲ့လို့ပဲလား ၊ ဥက္ကဌရှောက်က လူကြီးမိဘတွေ ချမှတ်ခဲ့တဲ့ ကိုယ့်မိသားစုရဲ့ စည်းမျဉ်းတွေကို မေ့သွားပြီ ထင်တယ်။ ချန်မိသားစု ပါတီကို ခင်ဗျား လာတယ် ဆိုတဲ့ သတင်းသာ လူကြီးတွေရဲ့ နားထဲကို ရောက်သွားရင် ရှောက်မိသားစုရဲ့ ခေါင်းဆောင်အဖြစ် လတ်လတ်ဆတ်ဆတ် ခန့်အပ်ခံထားရတဲ့ ဘဝကနေ ကန်ထုတ်ခံလိုက်ရမှာကို ကျွန်တော် စိုးရိမ်မိတယ်။ အရမ်းလည်း ရှက်စရာကောင်းမှာ။ ” 


ရှောက်ချန်းကျယ်က သူ့ပြေစကားကို ဂရုမစိုက်တဲ့ ပုံစံဖြင့် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ “ အဲ့ကိစ္စတွေကို ကျွန်တော့်ဘာသာ ဖြေရှင်းလိုက်ပါ့မယ်။ ကျွန်တော့်အတွက်တော့ မိန်းမလှလေး တစ်ယောက်ကို အဖော်ပြုပေးရတာထက် ဘယ်ဟာကမှ ပိုအရေးမကြီးဘူး။ ” 


သူ့စကား ဆုံးသောအခါ ချန်ကျင်းရွှမ်က သူမရဲ့ ပခုံးပေါ်က အပေါ်အင်္ကျီကို ဖျတ်ခနဲ ဖယ်ရှားပြီး ချန်ကျင်းချွမ်ဆီ ပြန်ပစ်ပေးလိုက်၏။ “ ငါ အရင် ဝင်နှင့်တော့မယ်။ နင်တို့တွေ စကားပြောရင်း ကျန်ခဲ့ကြ။ ”


သူမက အနောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့။ ညနေခင်း ဆည်းဆာနေရောင်က သူမရဲ့ နှင်းကဲ့သို့ ဖြူကြည်သော အသားအရေပေါ် လင်းဖြာကျနေလျက် သူမရဲ့ အစိမ်းရောင်ရင့်ရင့် ဂါဝန်ရှည်နှင့် ပိုလို့ ယှဉ်တွဲပေါ်လွင်နေစေသည်။ ရှောက်ချန်းကျယ်ရဲ့ မျက်ဝန်းနက်တွေထဲမှာ ‌တငွေ့ငွေ့ တောက်လောက်နေသော ‌မီးစလေးက မီးတောက် တစ်ခုအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ 


ပါတီပွဲမှာ လူတိုင်းရဲ့ မျက်လုံးတွေက အလုပ်ရှုပ်နေသည်။ 


ဒီလို ပွဲအခမ်းအနားတွေကနေ ရှောက်ချန်းကျယ် ပျောက်ကွယ်သွားတာ အချိန် အတော် ကြာခဲ့ပြီမို့ အစပိုင်းတော့ သူ့ကို ဘယ်သူမှ မမှတ်မိကြ။ သို့သော်လည်း ရှန်းစီဝမ်က အခုတလော နာမည်ကြီးနေတာကြောင့် သူမရဲ့ ပွဲတက်ဖော်ကလည်း သဘာဝကျစွာပင် အာရုံစိုက်မှုတွေကို သိမ်းကျုံး ယူသွားခဲ့သည်။ ထိုအမျိုးသားရဲ့ မျက်လုံး ၊ မျက်ခုံးက စလို့ ကိုယ်လုံးကိုယ်ထည် ၊ အရှိန်အဝါတွေ အားလုံးက လူကြားထဲမှာ ထင်းထွက်နေတာကိုတော့ ထည့်ပြောစရာပင် မလိုပေ။ 


ရှန်းစီဝမ်ကို လာစကားပြောသော တစ်ယောက်က ပေါ့ပေါ့ပါးပါး မေးခွန်းထုတ်သည်။ “ သူက ဘယ်သူလဲ။ ” 


ရှောက်ချန်းကျယ်က ခေါင်း တစ်ချက် ဆတ်လိုက်၏။ “ ရှောက်ချန်းကျယ်။ ” 


ကောင်းကင်မှာ ရုတ်တရက် ဝင်းလက်သွားတဲ့ လျှပ်စီးရောင်လိုပါပဲ။ သူ့ရဲ့ တစ်ခွန်းတည်းသော ထိုစကားက ပါတီပွဲ တစ်ပွဲလုံးကို လှုပ်ခါသွားစေခဲ့သည်။ 


ချန်မိသားစုပိုင် နယ်မြေထဲမှာ ရှောက်မိသားစုဝင် တစ်ယောက် ရှိနေတယ် ဆိုတာ ဒါက ပထမဆုံးအကြိမ်ပင်။ ပြီးတော့ အဲ့ဒီ လူကလည်း ရှောက်မိသားစုကို တစ်ဖန် ဦးမော့စေကာ အကြီးအကဲ နေရာကို လ အနည်းငယ်အတွင်း ရယူခဲ့တဲ့ ရှောက်ချန်းကျယ် ဖြစ်နေသည်။ သူ ဘယ်လို လုပ်လိုက်တာလဲ ၊ ဘယ်လောက်ကြာအောင် ပြင်ဆင်ထားခဲ့တာလဲ ဆိုတာကို ဘယ်သူမှ မသိကြသော်လည်း သခင်ကြီးရှောက်ကိုယ်တိုင် သူ့ကို ပြန်ခေါ်လာခဲ့တာမို့ သူက အကြီးအကဲနေရာကို တရားသဖြင့် အမွေဆက်ခံထားတာ ဖြစ်သည်။ 


ရှောက်အုပ်စုရဲ့ အသစ်စက်စက် ဥက္ကဌက ချန်မျိုးနွယ်ကို ရန်စဖို့ ဒီပါတီပွဲကို လာခဲ့တာလား ၊ သခင်ကြီးရှောက်ကို ရန်စဖို့ လာခဲ့တာလား ၊ ဒါမှမဟုတ် နှစ်ခုလုံးပဲလား ဟူ၍ လူတိုင်းက ထင်ကြေးပေးနေခဲ့ကြသည်။ 


ရှောက်မျိုးနွယ်နှင့် ချန်မျိုးနွယ်ကြားမှ ပဋိပက္ခကို တိုင်းသိပြည်သိ လူတိုင်း သိပေမဲ့ အတွင်းလူတွေကဝောာ့ ရှောက်ချန်းကျယ်နှင့် သခင်ကြီးရှောက်ကြားမှာလည်း ပြဿနာလေးတွေ ရှိတယ် ဆိုတာကို သိသည်။ မဟုတ်ရင် သခင်ကြီးကို သူ့ကို အရင်တုန်းက ပင်လယ် တစ်ဖက်ခြမ်းဆီ ပြည်နှင်ဒဏ်ပေးခဲ့မှာ မဟုတ်ပေ။ ထို့ကြောင့် လူတွေက သူဟာ ရှောက်အုပ်စုထံ ပြန်ရောက်လာစေရန် သခင်ကြီးရှောက်နှင့် သေချာပေါက် အပေးအယူ တစ်ခုခု လုပ်ခဲ့လိမ့်မည်ဟု ပြောကြသည်။ မဟုတ်ရင် သခင်ကြီးက သူ့ကို စော်ကားခဲ့တဲ့ လူအား ရှောက်မျိုးနွယ်ကို အုပ်ချုပ်ခွင့်ပေးမှာ မဟုတ်။ ဒီဇာတ်လမ်းမှာ သူတို့ မသိတာတွေ အများကြီး ရှိလိမ့်ဦးမည်။ 


တခြား လူတွေက ထင်ကြေးပေးနေကြစဉ်မှာ သူတို့ မေးခွန်းထုတ်နေသော အမျိုးသားကတော့ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ထိုင်ခုံကို မှီကာ ခြေချိတ်ထိုင်ရင်း ဝိုင်ဖန်ခွက်ကို ခပ်သာသာလေး လှုပ်ရမ်းနေခဲ့သည်။ ထိုင်ခုံမှာ ထိုင်ပြီးတဲ့ အချိန်က စလို့ အခုချိန်ထိ သူ ဘာစကားမှ မပြောသေး။ 


လက်ပေါ် မေးထောက်ထားသော ရှန်းစီဝမ်က ခပ်တိုးတိုး ပြောလိုက်သည်။ “ ရှင် တကယ်ကြီး ကျွန်မရဲ့ သက်တော်စောင့် လုပ်ဖို့ တစ်ခုတည်းအတွက်နဲ့ ဒီကို လိုက်လာတာလား။ ”


“ တခြား ဘာရှိရဦးမှာလဲ။ ” ရှောက်ချန်းကျယ်က သူမကို စောင်းငဲ့ ကြည့်လိုက်သည်။ ထို့နောက် ပါတီပွဲထဲက တစ်နေရာဆီ သူ အကြည့်ရောက်သွား၏။ 


ရှန်းစီဝမ်က “ ဒါဆိုရင်တော့ ကျွန်မ ရှင့်အပေါ် အများကြီး အကြွေးတင်သွားပြီ။ ဒါက ရှင် ကျွန်မအတွက် သားရဲတွင်းထဲကို စွန့်စွန့်စားစား လိုက်လာပေးတာနဲ့ အတူတူပဲလေ။ ”


ရှောက်ချန်းကျယ်ရဲ့ မျက်နှာကလည်း နူးညံ့ပြုံးရီသွားသည်။ “ မင်း အခုတော့ သိသွားပြီပဲ။ နောက်ပိုင်းကျ ကြော်ငြာခတွေ ပိုတောင်းဖို့ မမေ့နဲ့။ အဲ့ဒါကလည်း ကိုယ့်ကို ကူညီတာနဲ့ အတူတူပဲ။ ” 


ရှောက်အုပ်စုရဲ့ လက်ဝတ်ရတနာ အမှတ်တံဆိပ် တစ်ခုက ရှန်းစီဝမ်ကို သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပြီး လောလောဆယ် ဆွေးနွေးဆဲ အခြေအနေမှာပဲ ရှိသေးသည်။ 


ရှန်းစီဝမ်ရဲ့ မျက်နှာက ချိုမြသွားသည်။ “ စိတ်ချပါ ၊ ကျွန်မ မိုးလောက်ထိ မြင့်တဲ့ ဈေးနှုန်းကို တောင်းလိုက်ပါ့မယ်။ ” 


အသစ်စက်စက် ဥက္ကဌလေးသည် တက်သစ်စ ငွေကြယ်ပွင့် ရုပ်ရှင်မင်းသမီးလေးနှင့် နီးနီးကပ်ကပ် စကားပြောနေခဲ့သည်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိသလို နှစ်ယောက်တစ်ကမ္ဘာ ဖြစ်နေကြတဲ့ တည်ကြည်ခန့်ညားသော အမျိုးသားနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတို့သည် မျက်လုံးပေါင်းများစွာကို ဆွဲဆောင်ထားခဲ့သည်။ 


လီဖေးဖုန့်သည် တကျွိကျွိ အသံမြည်သွားလောက်အောင် အံကြိတ်လိုက်၏။ သူ့မျက်နှာက ပြိုတော့မည့်မိုးနှယ် မည်းမှောင်နေသည်။ သူ ချန်ကျင်းချွမ်ကို မေးလိုက်၏။ “ သူမ ဘာနဲ့ ကစားနေတယ်လို့ မင်း ထင်လဲ။ ” 


ချန်ကျင်းချွမ်က စိတ်မရှည်သလို ပြန်ပြောလိုက်သည်။ “ အဲ့ဒါ မင်းကလေးရဲ့ အမေလေ။ မင်းက ငါ့ကို ဘာလို့ လာမေးနေရတာလဲ။ ငါက ဘယ်သူ့ကို သွားမေးရမှာတုံး။ ”


သူ ကိုယ်တိုင်လည်း ဒေါသတွေကို မျိုသိပ်ထားရင်း ခဏနေရင် အဲ့ဒီကောင်ကို သတိမေ့သွားတဲ့အထိ ဆွဲထိုးပြီး တောင်ကြားထဲမှာ သွားပစ်ထားရင် ကောင်းမလားဟု တွေးနေမိသည်။ သူတို့ရှေ့မှာ လာရန်စရင် အသားနာတာထက် ပိုတဲ့ နာကျင်မှုကို ခံစားရမယ် ဆိုတာကို သိစေချင်သည်။ 


ချန်ကျင်းချွမ်က လီဖေးဖုန့်ရဲ့ ဖုန်းကို မျက်ရိပ်မျက်ကဲပြလိုက်သည်။ “ မင်း ရှစ်ရမ်ဆီ ဓာတ်ပုံပို့ပြီးပြီလား။ ” 


လီဖေးဖုန့်သည် စိတ်ပျက်လက်ပျက် မျက်မှောင်ကြုတ်လိုက်မိ၏။ “ ပို့ပြီးပြီ။ ” 


ချန်ကျင်းချွမ်က ရှစ်ရမ်ကို သူ့ဖုန်းထဲကနေ နောက်ထပ် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်သည်။ [ ရှောက်ချန်းကျယ် ပြန်ရောက်နေပြီ။ မြန်မြန် ပြန်လာတော့။ ]


ချန်ကျင်ရွှမ်းကတော့ အချိန်နှင့်အမျှ ထိုင်စကားပြောနေသော တခြား နှစ်ယောက်နှင့် မတူဘဲ လှပဖော်ရွေကာ လူမှုရေးသိတတ်သည်။ ပါတီမှာ သူမရဲ့ ဟော်တယ်မှ ဗီအိုင်ပီ ကာစတန်မာတွေ အများကြီး ရှိနေသောကြောင့် ထိုလူတွေကို တစ်ချက် ဂရုစိုက်ပြီး အပြန်အလှန် စကားပြောပေးဖို့က လွဲလို့ သူမမှာ ရွေးစရာ မရှိပါ။


ရှန်းစီဝမ်က ကျက်သရေရှိစွာ ယိမ်းနွဲ့လှုပ်ရှားနေသော ပိန်ပိန်သွယ်သွယ် ပုံရိပ်လေးကို ဒူးနန့်ရင်း ငေးမော ကြည့်နေမိသည်။ သူမ တိုးဖျော့စွာ အံ့ဩတကြီး ပြောလိုက်သည်။ “ ချန်မိသားစုရဲ့ ဒုတိယ သခင်မလေးက တကယ့်ကို မိန်းမလှလေး တစ်ယောက်ပဲ။ ” 


သူမရှေ့မှာ ထိုင်နေသော လူကတော့ ဘာမှ မပြော။ ရှန်စီဝမ်က ထိုလူ့နားသို့ တိုးကပ်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ သူမက လက်ထပ်ပြီးသားလို့ ကျွန်မ ကြားတယ်။ အဲ့ဒါ တကယ်ပဲလား။ သူမရဲ့ ခင်ပွန်းနဲ့ ရှင် ဆုံဖူးလား။ ” 


ရှောက်ချန်းကျယ်ရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားသည်။ “ မင်း မေးတာ လူမှားနေပြီ။ မင်းရဲ့ အေးဂျင့်ကိုပဲ ဒီအကြောင်း မေးကြည့်သင့်တယ်။ သူမက ကိစ္စတိုင်းကို သိတယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ သူမ မသိတာရယ်လို့ ရှိမယ် မထင်ဘူး။ ”


ရှန်းစီဝမ်သည် သူ့အပြုံးမှ တစ်ဆင့် မကြည်လင်သော မုန်တိုင်း အရိပ်အယောင်တွေကို အာရုံခံမိလိုက်သည်။ သူမ မျက်လုံးလှိမ့်လိုက်ပြီး နောက်ဆုံးမှာတော့ ကျား တစ်ကောင်ကို ရန်သွားမစဖို့ပဲ ဆုံးဖြတ်လိုက်ပါသည်။ ဒီပါတီပွဲမှာ သူမကို ကာကွယ်ပေးစေရန်အတွက် သူ့ကို စွမ်းဆောင်ရည်ပြည့်ဝသော အမှောင်သူရဲကောင်း တစ်ယောက်လို ဆက်ဆံရမည်။ ‘ သိတဲ့ အကြောင်းတွေ များလာလေ ၊ မြန်မြန် သေလေ ’ ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ သူမ အရမ်းကြီး အတင်းအဖျင်းမပြောတာ ပိုကောင်းလိမ့်ည်။ 


လေယာဉ် အကြာကြီး စီးလာခဲ့ရတဲ့ ပင်ပန်းမှုက မသက်သာသေးသောကြောင့် ချန်ကျင်းရွှမ် တစ်ယောက် ‌အတော်လေး နုံးချိနေပြီ ဖြစ်သည်။ ( ၈ ) စင်တီမီတာနီးပါး မြင့်သော ဒေါက်ဖိနပ်ပေါ်မှာ အကြာကြီး ရပ်ပြီးချိန်တွင် သူမရဲ့ ခြေသလုံးကြွက်သားတွေ ကိုက်ခဲလာခဲ့သည်။ လက်မှာ ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်ရင်း သန့်စင်ခန်းသွားဦးမည် ဟူ၍ အကြောင်းပြကာ လူရှုပ်သော ပါတီပွဲထဲမှ ခွဲထွက်လာလိုက်သည်။

***