အပိုင်း ( ၁၁ )
“ ငါတို့ နေ့လယ်စာ စားပြီးရင် ဈေးဝယ်ထွက်ရအောင်။ ” ဖူမင်ရှစ်က သူမကို ပျော်ရွှင်စေနိုင်မည့် ကိစ္စ တစ်ခုခုကို ကြိုးစားစဉ်းစားနေခဲ့သည်။ ကျန်းပေါင်က အရင်တစ်ခေါက်တုန်းက အဝတ်အစားတွေ အများကြီး ဝယ်ထား၍ နောက်ထပ် အင်္ကျီတွေ လိုအပ်သည်ဟု မခံစားရသော်လည်း ဒီတစ်ခေါက် ဖူမင်ရှစ်က သူမကို ဇိမ်ခံအမှတ်တံဆိပ် အင်္ကျီဆိုင်တွေသို့ ခေါ်သွားပေးခဲ့သည်။
ကျန်ပေါင်ကတော့ ထိုအမှတ်တံဆိပ်တွေရဲ့ နာမည်ကိုတောင် မသိပါ။ လက်ကိုင်အိတ် လှလှလေး တစ်လုံးကို တွေ့၍ ဈေးနှုန်းကို ခိုးကြည့်ပြီး ကိန်းဂဏန်း ( ၅ ) လုံးကို မြင်ချိန်မှာ ဆွံ့အသွားမိသည်။ အိတ်တစ်လုံးက ဘယ်လိုလုပ် ကွန်ပျူတာထက်တောင် ဈေးကြီးနေရတာလဲ … ။
“ မင်း ဒီအိတ်ကို သဘောကျလား။ ” ဖူမင်ရှစ်က ကောင်တာပေါ်က ပန်းရောင် လက်ကိုင်အိတ်လေးကို ယူလိုက်သည်။ နည်းနည်းလေး ကလေးဆန်သည်ဟု ခံစားရသော်လည်း သူမနှင့် လိုက်ဖက်သည်။
“ ဟင့်အင်း … မလိုချင်ဘူး။ ” ကျန်းပေါင်က ထိုအိတ်ကို ကိုင်ကာ ပြန်ချထားလိုက်ပြီး သူ့ကို ထွက်ပေါက်သို့ တွန်းထုတ်လာခဲ့လိုက်သည်။ ထိုအိတ်က အရမ်းကို ဈေးကြီးလွန်းသည်။ သူမ ထိုအိတ်ကို လုံးဝ လက်ခံလို့ မဖြစ်ပါ။
“ ငါ့မှာ ပိုက်ဆံရှိပါတယ်။ ” ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး ခပ်ပြုံးပြုံး ကြည့်နေသည်။
“ ရှင့်မှာ ပိုက်ဆံရှိတယ် ဆိုတိုင်း လက်လွတ်စပယ် ဖြုန်းတီးပစ်လို့ မရဘူးလေ။ ” ကျန်းပေါင်က သူ့ကို ဆိုင်အပြင်ဘက်သို့ ဆက်တွန်းထုတ်လာခဲ့သည်။
“ ငွေကြေးဖောင်းပွတယ် ဆိုတာ အဲ့ဒီ ငွေကြေးကို ဘာမှ မသုံးဘဲ သိမ်းထားရင်း တန်ဖိုးလျော့ကျသွားတာမျိုးကို ပြောတာပဲ။ ” ဖူမင်ရှစ်ရဲ့ ကြီးမားကျယ်ပြန့်သော လက်က သူမရဲ့ လက်သေးသေးလေးကို မြဲမြံစွာ ဆုပ်ကိုင်ကာ အရောင်းဝန်ထမ်းလေးကို လှမ်းခေါ်လိုက်သည်။
သူ့ကို အနိုင်မယူနိုင်သော ကျန်းပေါင်သည် ဖူမင်ရှစ် ထိုအိတ်ကို ပိုက်ဆံရှင်းကာ သူမဆီ ပေးတဲ့ အချိန်ထိ မယူသေးဘဲ အရှေ့ကနေ တစ်ယောက်တည်း ခပ်သွက်သွက် လျှောက်သွား၏။ ဖူမင်ရှစ်က ရုတ်တရက်ပဲ အိတ်သယ်သူ ဖြစ်သွားခဲ့ပြီး အနောက်တိုင်းဝတ်စုံ ကောင်းကောင်းကို ဝတ်ဆင်ကာ ပန်းနုရောင် လက်ကိုင်အိတ်ကို သယ်ထားတဲ့ ကိုယ်ဟန်မြင့်မတ်သော အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ်က မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ခဏအကြာမှာပဲ ကျန်းပေါင်က သူတို့နှစ်ယောက်ကို လူတွေ အများကြီး အာရုံစိုက်နေမှန်း သတိပြုမိသွားကာ သူ့လက်ထဲက အိတ်ကို အမြန် ယူလိုက်ရသည်။ ဖူမင်ရှစ်က သူမအတွက် တခြား ပစ္စည်းတွေ ဝယ်ပေးချင်နေသေးပေမဲ့ သူမကတော့ အိမ်ပြန်ဖို့ပဲ အတွင်တွင် ပြောကာ ဓာတ်လှေကားနှင့် အောက်ထပ်ကို ဆင်းလာခဲ့သည်။
ကျန်းပေါင်သည် ကားထဲကို ပြန်ရောက်သောအခါ သူမရဲ့ လက်ထဲက လက်ကိုင်အိတ်လေးကို အပြန်ပြန် အလှန်လှန် စစ်ဆေးရင်း “ ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။ ဒီအိတ်က ကျွန်မ အရင်တစ်ခေါက်တုန်းက ဝယ်ခဲ့တဲ့ တစ်ခုနဲ့ ဘာမှလည်း သိပ်မကွာသလိုပါပဲ။ ” ဟူသော စကားကို ထပ်တလဲလဲ ရေရွတ်နေမိသည်။
“ ဒါပေမဲ့ မင်း ဒီအိတ်ကို ပိုကြိုက်တယ် မဟုတ်ဘူးလား။ ” ဖူမင်ရှစ်က သူမကို ခါးပတ်ကြိုး ကူတပ်ပေးရင်း အပြုံးဖြင့် မေးသည်။
ကျန်းပေါင် သူ့စကားကို မငြင်းနိုင်။
ဖူမင်ရှစ်က သူမရဲ့ နှင်းဆီသွေးရောင် နှုတ်ခမ်းလေးတွေကို ကြည့်ကာ လေသံပျော့လေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ “ မင်း စာမေးပွဲ မဖြေနိုင်လို့ စိတ်ညစ်နေတာမလား။ မင်း လိုချင်တဲ့ အိတ်တစ်လုံးကို ဝယ်ပေးရင် မင်း ပျော်သွားမှာပဲလေ။ အခုက စပြီး အဲ့ကိစ္စကြောင့် ထပ်စိတ်မညစ်နဲ့တော့ … ဟုတ်ပြီလား။ ”
ကျန်းပေါင်ရဲ့ မျက်တောင်လေးတွေ တဖျတ်ဖျတ် လှုပ်ရှားသွားသည်။ ဒါဆို သူမကို ဒီလို ဈေးကြီးတဲ့ အိတ်မျိုး ဝယ်ပေးရတဲ့ အကြောင်းပြချက်က သူမကို နှစ်သိမ့်ပေးဖို့တဲ့လား … ။
“ ငါ မင်း ပြုံးနေတာ မြင်ရတာကို သဘောကျတယ်။ ” သူမ မော့ကြည့်လိုက်တော့ ဖူမင်ရှစ်က ကားစက်နှိုးနေပြီ ဖြစ်ပြီး သူ့မျက်လုံးတွေကတော့ လမ်းကို တည်ငြိမ်အေးဆေးစွာ ကြည့်နေခဲ့သည်။
ကျန်းပေါင် တိတ်ဆိတ်စွာ အကြည့်ပြန်လွှဲလိုက်ပါသည်။ အိတ်ကြောင့်လား ၊ သူ့စကားလုံးတွေကြောင့်လား မပြောတတ်ပေမဲ့ နားထောင်မှုစွမ်းရည်မှာ သူမ တလွဲတွေ ဖြေခဲ့မိတဲ့ အကြောင်း ဆက်မတွေးမိတော့ပါ။
အောင်စာရင်းထွက်ခြင်း ဆိုတဲ့ အဟန့်အတားကြီးက ရှိနေသေးတာမို့ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေပြီးသွားတာက လွတ်လပ်ရေးရတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။
ကျောင်းသား အများစုဟာ စာမေးပွဲဖြေပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့ကြသည်။ ကျန်းပေါင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ ဖူမင်ရှစ်က သူမ ဒီရက်ပိုင်း တစ်ခါတလေ စိတ်နှင့်ကိုယ်မကပ်ဘဲ ငိုင်နေတတ်တာကို သတိထားမိသည်။ ဘာတွေ တွေးနေတာလဲလို့ သူ မေးတိုင်း သူမက အမြဲတမ်း ခေါင်းခါယမ်းကာ ‘ ဘာမှ မတွေးပါဘူး ’ ဟု ပြန်ပြောလေ့ရှိသည်။ အများပြည်သူပိုင် ကုမ္ပဏီတစ်ခုရဲ့ စီအီးအို ဖြစ်တဲ့ ဖူမင်ရှစ်မှာ ကျန်းပေါင်အနားမှာပဲ တစ်နေကုန် အဖော်ပြုပေးဖို့ အချိန်မရှိသောကြောင့် ကျန်းပေါင်အား သူ့အဘိုး ရှိတဲ့ အမေရိကားကို လွှတ်လိုက်သည်။
ဖူရဲ့ အဘိုးမှာ အသည်းကင်ဆာ ရှိနေသည် … ။
ရောပါက အစောပိုင်း အဆင့်မှာပဲ ရှိသေး၍ ကုသနိုင်ချေ အလွန် မြင့်မားသည်ဟု ဆရာဝန်က ပြောသလို ဖူရဲ့ အဘိုးကလည်း တစ်နေ့ တစ်နေ့ လူကောင်းပကတိအတိုင်း ရယ်မောပျော်ရွှင်နေတတ်သော်လည်း ကင်ဆာရောဂါသည်ကို အခုမှ ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးတဲ့ ကျန်းပေါင်ကတော့ ရုတ်တရက်ပဲ အတွေးသစ် တစ်ခု ဝင်လာခဲ့သည်။
ကျန်းမာရေးနဲ့ ယှဉ်လိုက်ရင် ကောလိပ်ဝင်ခွင့် စာမေးပွဲက ဘယ်လောက် အရေးကြီးလို့လဲ … ။
ကျန်းပေါင်သည် အမေရိကားမှာ တဖြည်းဖြည်းနှင့် စိတ်တည်လာခဲ့ပြီး နေ့စဉ်ဘဝမှာ သူမရဲ့ အင်္ဂလိပ်စာကို တိုးတက်အောင် လုပ်နိုင်မယ့် အခွင့်အရေးကိုလည် ရရှိခဲ့လေသည်။
ဖူမင်ရှစ်ကတော့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ မနက်တိုင်း ဖုန်းခေါ်လေ့ရှိသည်။ ဘာမှတော့ သိပ်မပြောဘဲ ပျမ်းမျှ ဖုန်းပြောချိန်က နှစ်မိနစ်ဝန်းကျင်သာ ဖြစ်ကာ ညနေတိုင်းလည်း ဂွတ်နိုက်ပါလို့ မက်ဆေ့ခ်ျပို့လေရှိပါသည်။
“ သဘက်ခါ အောင်စာရင်းထွက်မှာ မဟုတ်လား။ ” အဘိုးဖူက တုတ်ကောက်ကို အားပြ၍ ကျန်းပေါင်နှင့်အတူ အပန်းဖြေစံအိမ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာရင်း သူမနှင့် စကားစမြည် ပြောနေ၏။ သန့်ရှင်းသပ်ရပ်သော လမ်းဘေးတစ်ဖက်တစ်ချက်မှာ သဖန်းပင်တွေကို အနားသတ် စိုက်ပျိုးထားသည်။ လေထုက လတ်ဆတ်နေပြီး နေရောင်က သစ်ကိုင်းကြားတွေကနေ လမ်းပေါ်သို့ ပြောက်တိပြောက်ကြား ကျနေခဲ့သည်။
ဟွီသန်းကတော့ လည်ပင်းမှာ အဖြူရောင် လည်ပတ်လေး ပတ်ထားလျက် အရှေ့ကနေ ပျော်မြူးခုန်ပေါက် ပြေးလွှားနေပါသည်။
“ ဟုတ်ကဲ့ ၊ ဖူက ကျွန်မအတွက် ကြည့်ပေးမယ်လို့ ပြောပါတယ်။ ” မကြာခင် စာမေးပွဲရလဒ်တွေ ထွက်လာတော့မှာမို့ ကျန်းပေါင် အစိုးရိမ်ကြီးမနေတော့ပါ။ စာမေးပွဲ ဖြေပြီးခါစ နေ့ရက်တွေတုန်းကတော့ သူမ ယုံကြည်ချက်မရှိတဲ့ မေးခွန်းတွေ အကြောင်း တွေးရင်း အိပ်လို့ပင် မရ။
သူ့မြေးက အောင်စာရင်းကြည့်ပေးမယ်တဲ့လား … ။
အဘိုးဖူရဲ့ မျက်နှာပေါ်မှာ ပဟေဋိဆန်သော အပြုံးလေးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး မြေးဖြစ်သူရဲ့ အလိမ်အညာကို မထုတ်ဖော်ဘဲ ကျန်းပေါင်အား “ သူ့ကို မင်ရှစ်လို့ပဲ ခေါ်ပါ။ ‘ ဖူ ’ လို့ ခေါ်တာက အရမ်း ပုံသေကားကျဖြစ်လွန်းတယ်။ ” ဟု အကြံပေးလိုက်သည်။ ကျန်းပေါင်ကတော့ လမ်းတစ်ဖက်ကို မျက်နှာလွှဲကာ ကြည့်နေခဲ့ပြီး သူ့နာမည်ကို အဲ့ဒီလို မခေါ်နိုင်ခဲ့ပေ။
သူတို့နှစ်ယောက် ခဏကြာအောင် ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီးနောက်မှာ ပန်းခြံတစ်ခုကို ရောက်လာခဲ့ကြသည်။ ပန်းခြံထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို လွှတ်ပေးထားတဲ့ လူတွေ အများကြီး ရှိပြီး ကျန်းပေါင် အမေရိကားကို ရောက်လာကတည်းက နေ့တိုင်း အဘိုးဖူနှင့်အတူ ခွေးကျောင်းရင်း ဒီပန်းခြံကို ရောက်လာတတ်သည်။
တရုတ်မှာတုန်းက ဟွီသန်းဟာ အတော်လေး သာမန်ဆန်တဲ့ ခွေးတစ်ကောင် ဖြစ်ခဲ့သော်လည်း ဒီပန်းခြံကို ပထမဆုံး ရောက်လာတဲ့ နေ့ကတည်းက သူ့ကို ချစ်စရာကောင်းသည် ၊ ဉာဏ်ကောင်းသည်ဟု ချီးကျူးတဲ့ ပရိသတ် အများအပြားကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သည်။
“ သွားကောက်ချေ။ ” ကျန်းပေါင်က နေရာကောင်းတစ်ခုကို ရွေးချယ်ပြီးနောက် လေဝဲပန်းကန်ပြားလေးကို ပစ်လွှင့်လိုက်သည်။
ဟွီသန်းက လေဝဲပန်းကန်ပြား ပျံဝဲရာနောက်ကို ပျော်ရွှင်စွာ ပြေးလိုက်သွားခဲ့ပြီး သူ့ရဲ့ အမည်းရောင် အမွေးလေးတွေက နေရောင်အောက်မှာ တလက်လက် တောက်ပနေခဲ့သည်။ အဲ့ဒီနောက် လေဝဲပန်းကန်ပြားကို သူ့ပါးစပ်နှင့် အောင်မြင်စွာ ကိုက်ဖမ်းလိုက်နိုင်သည်။ ကျန်းပေါင်က ဟွီသန်း ပြန်ပြေးလာတာကို ကြည့်ပြီး ပြုံးနေမိချိန်မှာ ခပ်ဝေးဝေးက ခုံတန်းရှည်မှာ ထိုင်နေတဲ့ အဘိုးဖူကတော့ ခွေးကျောင်းထွက်လာတဲ့ ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးကြီး တစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ အဘိုးဖူ ဘယ်အချိန်တုန်းက အသိမိတ်ဆွေတွေ ရသွားတာလဲ ဆိုတာကိုတော့ သူမ မသိပါ။
အဘိုးဖူက သူ့မိတ်ဆွေတွေနှင့် စကားလက်ဆုံကျနေသလို ကျန်းပေါင်ကလည်း ဟွီသန်းနှင့်အတူ ဆော့ရင်း အာရုံနစ်မျောနေခဲ့သည်။ သူမသည် လေဝဲပန်းကန်ပြားကို ပစ်လွှင့်လိုက်ချိန်မှာ အနက်ရောင် လည်ပတ်ကို ဆွဲထားတဲ့ Golden Retriever ခွေးကြီးတစ်ကောင်က သူမဆီကို ရုတ်တရက် ပြေးလာခဲ့သည်။ ကျန်းပေါင်ရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ချိန်မှာတော့ Golden Retriever ခွေးကြီးက သူ့ခေါင်းကြီးကို တက်ကြွစွာ ထိုးပေးပြီး သူမကို လျက်နေခဲ့ပြီ ဖြစ်သည်။
ကျန်းပေါင်က သူမရဲ့ မျက်လုံးတွေကို အပြုံးလေးဖြင့် မှေးစင်းလိုက်ပြီး သူ ပြေးလာခဲ့တဲ့ နေရာဘက်ကို လှမ်းကြည့်လိုက်သည်။ ဒီ Golden Retriever ခွေးကြီးရဲ့ နာမည်က ဘက်ကီ ဖြစ်ပြီး သူ့သခင်ကတော့ ကျန်းပေါင် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဆုံတွေ့ခဲ့တဲ့ အာရှဥရောပကပြား မိန်းမလှလေး တစ်ယောက် ဖြစ်သည်။
ကျန်းပေါင်က ဘက်ကီ့ကို ပွေ့ဖက်ပြီးနောက် သူ့နောက်ကို လှမ်းကြည့်လိုက်သောအခါ မိတိးမလှလေးအစား ( ၅ ) မီတာ အကွာအဝေးတွင် အိတ်ကပ်ထဲမှာ လက်ထည့်ထားလျက် ရပ်နေတဲ့ ဆံပင်အမည်းရောင်နှင့် အမျိုးသား တစ်ယောက်ကိုသာ သတိထားမိလိုက်သည်။
တစ်ယောက်ကို တစ်ယောက် စက္ကန့်ပိုင်းလောက် ကြည့်နေမိကြပြီး ကျန်းပေါင် အကြည့်လွှဲလိုက်တဲ့ အခိုက်အတန့်မှာပဲ အမည်းရောင်ဆံပင်နှင့် ထိုအမျိုးသားက သူမဆီ လျှောက်လာပြီး “ မင်း ဘက်ကီနဲ့ သိတာလား။ ” ဟု မေးသည်။
သူ့ရဲ့ တရုတ်အသံထွက်ဟာ ကျွမ်းကျင်ပိုင်နိုင်သလို ကောင်းကောင်းလည်း ပြောတတ်သည်။ ကျန်းပေါင်က ဇဝေဇဝါဖြင့် မတ်တပ်ရပ်ရင်း “ ရှင်က ဘယ်သူလဲ။ ” ဟု ပြန်မေးလိုက်သည်။
ချန်ယိက သူမကို လက်တစ်ဖက် ကမ်းပေးလိုက်သည်။ “ ကျွန်တော်က ရှောက်ယိရဲ့ အစ်ကိုပါ။ သူက ဒီနေ့ အလုပ်ရှုပ်နေလို့ သူ့ခွေးကို ကျောင်းပေးဖို့ အကူအညီတောင်းထားလို့ပါ။ ”
ဒါဆို သူတို့က မောင်နှမတွေပေါ့ … ။ ကျန်းပေါင်က သူ့ကို အသာလေး လက်ဆွဲနှုတ်ဆက်လိုက်သည်။ “ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မလည်း ဒီပန်းခြံကို ပုံမှန် ခွေးလာကျောင်းနေကျ ဆိုတော့ အဲ့လိုကနေ ရှောင်ယာနဲ့ သိကျွမ်းခဲ့တာပါ။ ”
ချန်ယိက ခေါင်းတစ်ချက် ညိတ်ပြပြီး ပြန်ပြေးလာတဲ့ ဟွီသန်းကို ကြည့်ကာ မျှော်လင့်မထားသော စကားကို ဆိုခဲ့သည်။ “ မင်း သူ့ကို သင်းကွပ်မထားဘူးလား။ ”
ကျန်းပေါင်ကတော့ သူ့စကားကို သေချာ မကြားလိုက်ပါ။ “ ဟမ် … ”
ချန်ယိက ဟွီသန်းရဲ့ နောက်ခြေနှစ်ချောင်းကြားကို ကြည့်ပြီး သင်းကွပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို တည်ငြိမ်အေးဆေးသော လေသံဖြင့် ရှင်းပြသည်။ ကျန်းပေါင်သည် မျှော်လင့်မထားစွာဖြင့် ဒီလူဟာ ဟွီသန်းရဲ့ ကျားအင်္ဂါ အစိတ်အပိုင်းအကြောင်း သူမနှင့် ဆွေးနွေးနေတယ် ဆိုတာ သိလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာကြီး ရဲတက်လာခဲ့သည်။
ချန်ယိကလည်း စကားတစ်ဝက် ရောက်တော့မှ သူမ မျက်နှာရဲနေတာကို သတိပြုမိသွားကာ အဟမ်းအဟမ်းဟု ချောင်းဟန့်လိုက်သည်။ “ ကျွန်တော်က တိရစ္ဆာန်ဆရာဝန်တစ်ယောက် ဖြစ်ဖို့ လေ့လာနေတာလေ။ အဲ့ဒီတော့ လက်ချာရိုက်ရတာနဲ့ အသားကျနေလို့ပါ။ တောင်းပန်ပါတယ် … စိတ်မရှိပါနဲ့။ ”
နိုင်ငံခြားမှာ မပြောနှင့် ၊ တရုတ်ပြည်က မိန်းကလေးတွေတောင် ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါ အရွယ်အစားအကြောင်းကို မျက်စိတစ်မှိတ်အတွင်း ဆွေးနွေးနိုင်လောက်တဲ့ထိ ပွင့်လင်းမြင်သာမှု ရှိလာခဲ့ပြီမို့ ချန်ယိလည်း အမေရိကားမှာ တိရစ္ဆာန်သင်းကွပ်တဲ့ အကြောင်းကို ပြောမိရုံနှင့် မျက်နှာကြီး ရဲတက်လာတဲ့ မိန်းကလေးမျိုးနှင့် အမှတ်မထင် ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။
“ အဲ့လို မဟုတ်ပါဘူး … ကျွန်မ … ကျွန်မ သွားတော့မယ်နော်။ ” ကျန်းပေါင်သည် ရှင်းပြဖို့ ကြိုးစားလေ ပိုအနေရခက်လာလေ ဖြစ်ကာ ဟွီသန်းရဲ့ ပါးစပ်ထဲက လေဝဲပန်းကန်ပြားကို ယူကာ မျက်နှာရဲရဲနှင့် ထွက်လာခဲ့လိုက်သည်။
Golden Retriever ခွေးကြီးက သူမနောက်ကို ပြေးလိုက်သွားပေမဲ့ ချန်ယိက လေချွန်၍ ခေါ်လိုက်သောကြောင့် သူ့ဘက်ကို ခဏလောက် လှည့်ကြည့်နေပြီးမှ ပြန်ပြေးလာခဲ့သည်။
ချန်ယိသည် ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်ရင်း ဘက်ကီရဲ့ အမွေးတွေကို ပွတ်သပ်ပေးလိုက်၏။ ပုံမှန်ဆို လူစိမ်းတွေနား မကပ်ချင်တဲ့ ဘက်ကီက ဒီမိန်းကလေးနှင့်ကျမှ ထူးဆန်းနေသည်။ သူက ထွက်ခွာသွားတဲ့ ထိုမိန်းကလေးရဲ့ ကျောပြင်လေးကို လှမ်းကြည့်နေရင်းမှ သုတ်သီးသုတ်ပြာ ထွက်ပြေးသွားတဲ့ သူမကြောင့် နာမည်မေးဖို့တောင် အချိန်မမီလိုက်တာကို နောင်တရသွားမိသည်။
~
“ သူငယ်ချင်းအသစ် ထပ်ရခဲ့တာလား။ ” ဖြစ်စဉ် တစ်ခုလုံးကို အစအဆုံး မျက်မြင်တွေ့ခဲ့သော အဘိုးဖူက ဖုန်းကို ဘေးချကာ ကျန်းပေါင်ကို ခပ်ပြုံးပြုံး အမူအရာဖြင့် မေးလိုက်သည်။
ကျန်းပေါင်သည် အဘိုးဖူရဲ့ အကြည့်ကြောင့် သူ ချန်ယိအကြောင်း ပြောနေတာ ဖြစ်ကြေင်း နားလည်သွားသည်။ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကို ပြန်တွေးမိတော့ အနည်းငယ် ရယ်ချင်သွားကာ အဘိုးဖူရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ “ သူက ရှောင်ယာရဲ့ အစ်ကိုတဲ့ ၊ တိရစ္ဆာန်ဆရာဝန် ထင်တယ်။ ကျွန်မကို ဟွီသန်းကို သင်းကွပ်ပေးဖို့ အကြံပေးနေတာ။ ”
တချို့ ခေါင်းစဉ်တွေက သူစိမ်းတွေနှင့် ဆွေးနွေးဖို့ ကိုးရိုးကားရားနိုင်သော်လည်း ရင်းနှီးကျွမ်းဝင်သော လူကြီးတွေနှင့်ကျ သက်သောင့်သက်သာရှိသည်။ ထိုကိစ္စအပေါ် ရှေးရိုးစွဲ အမြင်ရှိတဲ့ အဘိုးဖူက လိမ္မာရေးခြားရှိသော ဟွီသန်းကို ပွတ်သပ်ပေးရင်း ကလေးဆန်ဆန် ပြောသည်။ “ ဘာမှ သင်းကွပ်ဖို့ မလိုဘူး။ ငါတို့ရဲ့ ဟွီသန်းက အဖေ ဖြစ်လာဦးမှာ ၊ ငါတို့အိမ်က သူ့ရဲ့ သားသမီးတွေအတွက် လုံလုံလောက်လောက် ကျယ်ဝန်းပါတယ်။ ”
ကျန်းပေါင်က အဘိုးဖူရဲ့ စကားကို နားထောင်ရင်း ပြုံးနေခဲ့သော်လည်း အိမ်ပြန်ရောက်တော့ လက်ပ်တော့ဖွင့်ကာ တိရစ္ဆာန်သင်းကွပ်ခြင်းနှင့် ပတ်သက်သော အချက်အလက်တွေကို ရှာကြည့်ပြီးနောက် ဟွီသန်းကို သင်းကွပ်ထားတာ နည်းနည်းလေး ပိုကောင်းသည်ဟု တွေးမိသွားသည်။ ကျန်းပေါင်တစ်ယောက် ကွန်ပျူတာ ဖန်သားပြင်ကို စိုက်ကြည့်ကာ သုတေသနပြုလုပ်ခြင်းမှာ အာရုံစူးစိုက်နေသလို ရှန်းရှစ်အုပ်စု ကုမ္ပဏီဌာနချုပ်ရဲ့ အပေါ်ဆုံးထပ်တွင် ဖူမင်ရှစ်သည် စာရွက်စာတမ်း တစ်စောင်ကို လက်မှတ်ထိုးပြီးချိန်မှာပဲ သူ့ဖုန်းက ရုတ်တရက် တုန်ခါသွားခဲ့လေသည်။
ဖူမင်ရှစ်က သူ့ဖုန်းကို ယူလိုက်တော့ လော့ခ်ခံမထားသော ဖုန်းမျက်နှာပြင်ပေါ်မှာ သူ့အဘိုး ပို့လိုက်တဲ့ ဓာတ်ပုံကို တွေ့ရသည်။
ကျန်းပေါင် အဲ့ဒီကို ရောက်နေတဲ့ နှစ်ပတ်နီးပါး အချိန်အတွင်း သူ့အဘိုးက ကျန်းပေါင်ရဲ့ ဓာတ်ပုံတွေကို ရံဖန်ရံခါ ခိုးရိုက်ပေးတတ်သည်။ လေးလေးနက်နက် အမူအရာဖြင့် ဆန်းဒ်ဝစ်ခ်ျလုပ်နေတဲ့ ကျန်းပေါင်ရဲ့ ဘေးတစောင်း မျက်နှာလေး ၊ ဖြူစင်ရိုးသားတဲ့ ကျေးတောသူမလေးတစ်ယောက်လို မြက်ရိတ်စက်နှင့် မြက်ရိတ်နေတဲ့ ကျန်းပေါင်ရဲ့ တောက်ပသော အပြုံးလေး ၊ သစ်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်ကာ ရှဉ့်စာကျွေးနေတဲ့ ကျန်းပေါင်ရဲ့ ချစ်စရာ အသွင်အပြင်လေး … ။
ဖူမင်ရှစ်သည် ဓာတ်ပုံတွေအားလုံးကို သူ့အယ်လ်ဘမ်ထဲ ထည့်သိမ်းထားခဲ့သည်။
သူ့အဘိုး ပို့လိုက်တဲ့ မက်ဆေ့ခ်ျကို ဖွင့်ကြည့်ချိန်မှာ ဖူမင်ရှစ်ရဲ့ မျက်နှာက အလိုလို နူးညံ့သွားပြီး ဒီတစ်ခေါက်ရော သူ့အဘိုး ဘာဓာတ်ပုံတွေကို ခိုးရိုက်ပို့လိုက်တာလဲ ဆိုတာ သိချင်နေခဲ့သည်။
သို့သော် သူ ထိုဓာတ်ပုံကို ချဲ့ကြည့်လိုက်သောအခါ ကျန်းပေါင်က အတော်လေး ရုပ်ချောသော အမျိုးသားတစ်ယောက်နှင့် ဘေးချင်းယှဉ် ရပ်နေတာကို တွေ့လိုက်ရသည်။ ထိုအမျိုးသားက ကျန်းပေါင်ကို စကားပြောနေပြီး ကျန်းပေါင်ကတော့ သူ အရင်းနှီးဆုံး ပုံစံ ဖြစ်တဲ့ ရှက်ကိုးရှက်ကန်းနှင့် အနည်းငယ် ခေါင်းငုံ့ထားသည်။ ကျန်းပေါင်ရဲ့ ဘေးမှာ ခွေးမည်းလေး တစ်ကောင် ( ဟွီသန်း ) ထိုအမျိုးသားရဲ့ ဘေးမှာတော့ ရွှေရောင် Golden Retriever ခွေးကြီးတစ်ကောင် ရှိသည်။
“ တိရစ္ဆာန်ဆရာဝန်လို့ ပြောတယ်။ ”
သူ့အဘိုးက ထိုအမျိုးသားရဲ့ အလုပ်အကိုင်ကို ဖော်ပြသော နောက်ထပ် မက်ဆေ့ခ်ျတစ်စောင်ကို ထပ်ပို့လာခဲ့သည်။ ဖူမင်ရှစ်လည်း အဲ့ဒီတော့မှ သူ့ကို ကလိကလိဖြစ်အောင် စနောက်ချင်နေသော သု့အဘိုးရဲ့ အပြုအမူကို နားလည်သွားတော့သည်။
“ အဘိုး ကျန်းမာရေးဂရုစိုက်ပါ။ ”
ဖူမင်ရှစ်သည် ထိုသို့ မက်ဆေ့ခ်ျပို့ပြီးသည်နှင့် ဖုန်းကို ဘေးချကာ တစ်ပြိုင်နက် အိမ်ခြံမြေ ပရောဂျက်အသစ် တစ်ခုကို ဆက်လက် အကဲဖြတ်နေလိုက်သည်။ သို့သော် စာနှစ်ကြောင်းသာ ဖတ်နိုင်ပြီး သူ့လက်ထောက် ကောချွမ်ဆီ မျက်မှောင်ကြုတ်၍ ဖုန်းဆက်ကာ “ လေယာဉ်က အဆင့်သင့်လား။ ” ဟု မေးလိုက်၏။
ဖူမင်ရှစ်က သူ စိတ်ကျေနပ်လောက်စရာ အတည်ပြုချက်ကို ရပြီးသောအခါ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ ရှည်လျားသည့် ပြတင်းပေါက်ဘေးမှာ မိနစ်ပိုင်းလောက် သွားရပ်နေပြီးမှ အလုပ်ဆက်လုပ်နေလိုက်သည်။
~
ကျန်းပေါင် အိပ်ပျော်နေရာမှ နိုးလာချိန်မှာ သူမရဲ့ ညအိပ်ဝတ်စုံနှင့် အိပ်ရာခင်းတွေ ညစ်ပတ်နေတာ တွေ့လိုက်ရသလို သူမရဲ့ ဗိုက်ထဲမှာလည်း နည်းနည်းလေး မသက်မသာ ခံစားနေရသည်။
အရေးကြီးဆုံးကတော့ သူမမှာ လစဉ်သုံးပစ္စည်းတွေ အဆင်သင့် မရှိပါ။
ကျန်းပေါင်သည် သူမကိုသူမ စည်းနှောင်ကာ အိပ်ရာထဲမှ ထွက်လိုက်ပြီးနောက် အဘိုးဖူကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးသူနာပြုဆီ ဖုန်းဆက်ကာ အရေးပေါ် အကူအညီလှမ်းတောင်းလိုက်သည်။
***