Ch 2
Viewers 784

 

အပိုင်း ( )

 

“ တွေ့ပြီ မင်ရှစ်ရေ … ဝင်ခဲ့။ ” အခန်းထဲမှ ထွက်ပေါ်လာသော အဘိုးရဲ့ ခေါ်သံကျယ်ကျယ်ကြောင့် ဖူမင်ရှစ်သည် မျက်ခုံးကြားကို ပွတ်ပြီး ဝင်လာခဲ့လိုက်သည်။

 

ဖူမင်ရှစ်ရဲ့ အဘိုးက ပတ်စ်ပို့ဒ်ဓာတ်ပုံအရွယ် ဓာတ်ပုံလေး တစ်ပုံကို ချက်ချင်း လှမ်းပေးသည်။ သို့သော် ဓာတ်ပုံကို ပြောင်းပြန်လှန်ထားတာမို့ မျက်နှာပြင်ဘက်ကို မမြင်ရပါ။ ထိုဓာတ်ပုံမှာ ပဟေဋိဆန်သော အငွေ့အသက်တွေ ဖုံးလွှမ်းနေသလို ခံစားရသော်လည်း ဖူမင်ရှစ်ကတော့ ခံစားချက်မဲ့ မျက်နှာဖြင့် ဓာတ်ပုံကို တည်ငြိမ်စွာ လှန်ကြည့်လိုက်သည်။

 

ဓာတ်ပုံ၏ နောက်ခံမြင်ကွင်းက စမ်းချောင်းတစ်စင်း ဖြစ်ပြီး မိန်းကလေးငယ်တစ်ယောက်က ထိုစမ်းချောင်းဘေးမှာ အဝတ်လျှော်ဇလုံကို သယ်လျက်‌ နောက်ပြန်လမ်းလျှောက်နေသည်။ မိန်းကလေးငယ်လေးဟာ ခန္ဓာကိုယ်အောက်ပိုင်းမှာ မီးခိုး‌ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းမှာတော့ အနည်းငယ် တွန့်ကြေနေသည့် အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထား၏။

 

ခါးမှာလည်း ဟောင်းနွမ်းစုတ်ပြတ်နေသည့် သစ်သားအင်တုံ တစ်လုံးကို ချိတ်၍ သယ်ထားသေးရာ သူမပုံစံက ကျေးလက်တောင်တန်းဒေသရှိ အကူအညီလိုအပ်နေသော သူဆင်းရဲမလေးတစ်ယောက်သဖွယ်ပင်။ သူမရဲ့ ဘယ်ဘက်မှာ ခွေးမည်းလေး တစ်ကောင် ရှိပြီး ညာဘက်မှာတော့ … ဘဲငန်းတွေ ရှိသည်။

 

ဒီလို ပတ်ဝန်းကျင်မှာ ဒီလို ၀တ်စားထားတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လောက် ချောမောလှပပြီး ဆွဲဆောင်မှုရှိနိုင်မှာမို့လို့လဲ … ။

 

နောက်ဆုံးမှာတော့ ဖူမင်ရှစ်သည် သူ့အတွက် သူ့အဘိုး စီစဉ်ပေးထားသော သတို့သမီးလောင်းရဲ့ မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။

 

ဓာတ်ပုံထဲက ကောင်မလေးရဲ့ ညာဘက်ပခုံးထက်မှာ ကျစ်ဆံမြီးရှည် တစ်ချောင်းက တွဲလျားကျနေသည်။ သူမသည် ဘာကိုမှ ပြင်ဆင်ထားခြင်း မရှိဘဲ နဂို ပကတိအတိုင်း ကျေးတောသူဆန်သော အသွင်အပြင်ရှိသော်လည်း ပွင့်ဖတ်ပေါ်မှာ လိပ်ပြာလေးတွေ ရောက်နားခိုနေသည့် လမ်းဘေး တစ်နေရာရှိ တောရိုင်းပန်းလေး တစ်ပွင့်ကဲ့သို့ ဖြူစင်သော အပြုံးလေးဖြင့် ပြုံးနေခဲ့သည်။

 

ဖူမင်ရှစ်သည် ထိုအပြုံးမျက်နှာလေးကို ကြည့်ပြီး အံ့ဩမှင်သက်ကာ ငြိမ်ကျသွား၏။ သူမဟာ သူမရဲ့ ထူးထွေဆန်းပြားမှု အလျဉ်းမရှိဘဲ ရိုးစင်းလွန်းသော အသွင်အပြင်ကို လျစ်လျူရှုထားစေနိုင်လောက်အောင် သဘာဝဆန်သော အလှတစ်မျိုး ရှိသည်။

 

ဒါပေမဲ့ သူ့အတွက် ရင်သပ်ရှုမောစရာအကောင်းဆုံးကတော့ …

 

ထိုအရာကို ဖူမင်ရှစ် မဖော်ပြတတ်ပါ။ ဥပမာ တစ်ခုခုနှင့် ခိုင်းနှိုင်းဖော်ပြရလျှင်တော့ သူမကို မြင်ရသည်မှာ သူ့မျက်စိရှေ့တွင် နွေဦးကို မြင်နေရသည့်ပမာ နွေးထွေးလင်းဖြာပြီး သက်ဝင်လှုပ်ရှားမှု အပြည့်ရှိသည်။

 

ငှားရမ်းထားတဲ့ အနက်ရောင် Volkswagen Sedan ကားထဲမှာ ဖူမင်ရှစ်သည် သူ့ရှေ့က လမ်းလေးကို နေကာမျက်မှန်လေးကတစ်ဆင့် ကြည့်လိုက်သည်။

 

တောင်တန်းပေါ်တွင် အဆုံးမရှိ ကွေ့ပတ်နေသော ဒီလမ်းလေးဟာ Sedan ကားတစ်ဝက်စာ မောင်းနှင်နိုင်ရုံလောက်သော ရှိသော ကွန်ကရစ်လမ်းလေး ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် တရုတ်နိုင်ငံရှိ မြို့အများစုအတွက် အံ့မခန်း အပြောင်းအလဲများကို ယူဆောင်လာခဲ့သော်လည်း ဒီတောင်တန်းဒေသတွေအတွက် အကြီးမားဆုံး တိုးတက်ပြောင်းလဲမှုကတော့ ဒီကွန်ကရစ်လမ်းကျဉ်းလေးသာ ဖြစ်နိုင်သည်။

 

ကျန်းမိသားစုသည် ဝေးလံသော တောင်ကြားတွင် နေထိုင်သည်ဟု သူ့အဘိုး ပြောတုန်းက ဖူမင်ရှစ်သည်  ရွာသူ ၊ ရွာသားများဟာ ထိုရွာကို ရောက်ဖို့ တောင်ကို တက်၍ မြစ်ကို ဖြတ်ရသည် ၊ သို့မဟုတ် ထိုရွာကို ရောက်ဖို့အတွက် လှေစီးရမည့် ဝေးလံခေါင်ဖျားသော တောင်ထူထပ်သည့် ခရီးကြမ်းတစ်ခုကို စိတ်ကူးမှန်းဆခဲ့မိသည်။

 

ဒါပေမဲ့ အခု သူတို့ ဒီနေရာကို ရောက်လာတော့ အခြေအနေက သူ မျှော်လင့်ထားသလောက် မဆိုးတာကို နားလည်သွားပါသည်။ ရံဖန်ရံခါ ဖြတ်သွားသော ပေါင်မုန့် ထရပ်ကား အရေအတွက်ကို ကြည့်ရသလောက် ဒီဒေသခံတွေမှာ အနည်းဆုံးတော့ စားဝတ်နေရေး ပြဿနာမရှိဘူးလို့ ခန့်မှန်းနိုင်သည်။

 

အခု သူတို့ကားက ရွာသေးသေးလေး တစ်ရွာထဲကို ဝင်ရောက်လာခဲ့သည်။ ဘဲတစ်အုပ်က သူတို့ရှေ့က လမ်းကို ယက်ကန်ယက်ကန် ဖြတ်လျှောက်နေသောကြောင့် စောင့်နေရသည်။

 

ဖူမင်ရှစ်သည် သူတို့ကားဘေးက ဖြတ်သွားတဲ့ ဒေသခံ အချို့ကို အကြည့်ဖြန့်ကျက်ပြီးနောက် မျက်လုံးတွေကို ပြန်မှိတ်ထားလိုက်သည်။

 

သူ နည်းနည်းလေး ပင်ပန်းနေသလို ခံစားရသည်။ မနက်ကတည်းက စတင်ထွက်ခွာခဲ့ပြီး ( ၃ ) နယရီကြာ လေယာဉ်စီးခဲ့ရကာ လေယာဉ်ပေါ်က ဆင်းပြီးနောက် ( ၅ ) နာရီကြာ ကားစီးခဲ့ရသည်။ ဒရိုင်ဘာကတော့ သူ သွားချင်တဲ့ နေရာကို ရောက်ဖို့ နာရီဝက်လောက် ကားမောင်းရဦးမည်ဟု ပြောသည်။ အခုဆိုရင် နေ့လယ် ( ၃ ) နာရီကျော်နေပြီ။ တကယ်လို့ ကျန်းပေါင်ကို သူနှင့်အတူ မြို့တော်ကို ဒီနေ့ လိုက်ခဲ့ဖို့ မစည်းရုံးနိုင်လျှင် ဒီမှာပဲ တစ်ညအိပ်ပြီး မနက်ဖြန်အထိ ဆက်လက်စည်းရုံးရလိမ့်မည်။

 

သူ စိတ်ရော ၊ လူရော ပင်ပန်းနွမ်းနယ်နေပြီ။ 

 

ကျန်းပေါင်သည် အမှန်တကယ်ပင် အလွန် လှပသော်လည်း အလယ်တန်းအောင်ပြီးနောက် ကျောင်းထွက်ခဲ့သည်။ အလယ်တန်းပညာရေးသာ ရှိတဲ့ မိန်းကလေး တစ်ယောက်က သူနဲ့အတူ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးနိုင်မှာလဲ … ။ ဖူမင်ရှစ်အတွက် အိမ်ထောင်ဖက်ရွေးရာမှာ စံသတ်မှတ်ချက် အမြင့်ကြီးတွေ မရှိပေမဲ့ သူ့အိမ်ထောင်ဖက်က ကောလိပ်တော့ အနည်းဆုံး တက်ဖူးသင့်တယ် မဟုတ်လား … ။

 

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဖူမင်ရှစ်သည် Zhen Bao နှင့် လက်ထပ်ရန် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိပေ။ သို့သော် သူ့အဘိုးရဲ့ ရောဂါက အရေးတကြီး ဖြစ်နေတာမို့ အဘိုးစကားကို မငြင်းဆန်ရဲ။ အဘိုးရဲ့ ပြင်းပြသော ဆန္ဒကို ဖြည့်ဆည်းပေးဖို့ လိုအပ်သော်လည်း သူ့ကိုယ်ပိုင် အိမ်ထောင်ရေးနှင့် ပတ်သက်၍ အလျင်စလို ဆုံးဖြတ်ချက် မချချင်ပေ။

 

ဖူမင်ရှစ်သည် သူ့ပေါင်ပေါ် မှာ တင်ထားတဲ့ ၊ စာရွက်စာတမ်းတွေ ထည့်ထားသည့် သားရေအိတ်ပြားကို တစ်ချက် ပုတ်လိုက်ပြီး မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ နေကာမျက်မှန်နောက်ကွယ်မှ နက်မှောင်သော မျက်လုံးများဟာ နက်ရှိုင်းငြိမ်သက်နေသည်။

 

လမ်းပေါ်တွင် “ ဘဲများ ” ကြောင့် ဖြစ်ပွားခဲ့သော လမ်းပိတ်ဆို့မှုကြောင့် အနက်ရောင် Volkswagen ကားကြီးသည် ရွာငယ်လေးတစ်ရွာသို့ ရောက်သွားချိန်မှာ အချိန်က နေ့လယ် ( ၄ ) နာရီကျော်နေခဲ့ပါပြီ။ ရွာငယ်လေးကို မြင့်ချည်နိမ့်ချည် အလိပ်လိပ်ထနေသော တောင်တန်းများက ဝန်းရံထားသည်။ ဒါဇင်နှင့်ချီသော မိသားစုများက ဒီရွာငယ်လေးမှာ ကျိုးတိုးကျဲတဲ ပြန့်ကျဲနေထိုင်ကြသည်။ ခေါင်မိုးနှစ်ထပ်နှင့် အိမ်လေးတွေအပြင် နှစ်ထပ်တိုက်အိမ်လေးတွေလည်း ရှိသည်။ ဒေသတွင်း ရာသီဥတုက စိုစွတ်ပူနွေးတဲ့အတွက် အများစု ဒုတိယထပ်မှာ နေထိုင်ကြသည်။

 

“ ဒါက ကျန်းမိသားစုရဲ့ အိမ်ပါ ဥက္ကဌဖူ။ ”

 

ဒရိုင်ဘာသည် ကားကို ရပ်လိုက်ပြီး အနောက်မြောက်ဘက်ရှိ ဟောင်းနွမ်းနေ သော နှစ်ထပ်တိုက်အိမ်အား လက်ညိုးထိုးပြရင်း “ ဒါက မိန်းကလေးကျန်းရဲ့ အိမ်ပါ။ ” ဟု ပြောသည်။ သူက အဘိုးရဲ့ သက်တော်စောင့်တွေထဲမှ တစ်ယောက် ဖြစ်သည်။ ဒီနေရာကို အဝေးကြီးကနေ လေယာဉ်နှင့် အရောက်လာပြီး မနေ့တုန်းက ဖူမင်ရှစ် မြင်ခဲ့တဲ့ ဓာတ်ပုံတွေကို လျှို့ဝှက် ရိုက်ယူပေးခဲ့တာ သူပင်။ သဘာဝကျစွာပင် ဒီတစ်ခေါက် ဖူမင်ရှစ်ရဲ့ လမ်းပြက သူ ဖြစ်သည်။

 

ဖူမင်ရှစ် : ဟမ် … ။

 

ဒရိုင်ဘာက အိုးတိုးအမ်းအမ်း ချောင်းဟန့်ပြီး “ အဲ့ဒီက ညစ်ပတ်နေတဲ့ လမ်းက လမ်းလျှောက်ရခက်တယ် ဥက္ကဌဖူ။ ဒါပေမဲ့ ခြေလျင်ပဲ သွားလို့ ရတယ်။ ” ဟု ရှင်းပြသည်။

 

ဖူမင်ရှစ်က သူ့ကို လှည့်ကြည့်လိုက်သော်လည်း ဘာမှ မပြောဖြစ်ဘဲ လက်ဆွဲအိတ်ကိုသာ ကောက်ကိုင်လိုက်ပြီး တံခါးကို တွန်းဖွင့်၍ ကားပေါ်မှ ဆင်းလာခဲ့သည်။ သူ့သားရေဖိနပ်တွေက ပြောင်လက်တောက်ပနေသည်။ ဒီရွာရဲ့ တစ်ခုတည်းသော  မီးခိုးရောင် ကွန်ကရစ်လမ်းပေါ်သို့ သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်မှုန့် အလွှာပါးလေးသည် သူ့ဖိနပ်တွေပေါ် ချက်ချင်း ရောက်လာခဲ့သည်။ 

 

ဖူမင်ရှစ်ကတော့ အဲ့ဒါကို ဂရုမစိုက်ဘဲ ဒရိုင်ဘာနောက်သို့ လိုက်ကာ ကွန်ကရစ်လမ်းပေါ်ကနေ ဦးတည်ရာသို့ လျှောက်လာခဲ့လိုက်ခဲ့သည်။

 

ကျန်းမိသားစုအိမ်တော်မှာ ကြိမ်ပင်တွေဖြင့် ပြုလုပ်ထားတဲ့ ခြံစည်းရိုးတစ်ခု ရှိသည်။ ကြိမ်ပင်တွေက ဖူမင်ရှစ်ရဲ့ ခြေထောက်တွေလောက်တောင် မရှည်ပါ။ ဖူမင်ရှစ်သည် ခြံဝတွင် ရပ်ပြီး ခြံဝင်းငယ်ကို လျင်မြန်စွာ စူးစမ်းလေ့လာခဲ့သည်။ တစ်ဖက်တစ်ချက်တွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို စိုက်ပျိုးထားပြီး ခြံဝင်းအတွင်း ဒေသမျိုးရင်း ကြက်အနည်းငယ် မွေးမြူထားသည်။ သူတို့ကိုမြင်တော့ ကြက်တွေက မထိတ်လန့်ဘဲ လည်ပြန်လှည့်ကြည့်သည်။

 

အောက်ထပ်ရှိ ပင်မအိမ်တံခါးသည် ပွင့်နေသောကြောင့် ပိုင်ရှင်သည် အိမ်ထဲတွင် ရှိသည်ဟု ယူဆရသည်။ ဖူမင်ရှစ် ဘာမှ ပြောစရာ မလိုဘဲ ဒရိုင်ဘာက “ မိန်းကလေးကျန်း ” ဟု အသံကျယ်ကျယ်နှင့် အော်ခေါ်လိုက်သည်။ 

 

တုံ့ပြန်မှုမရှိဘဲ သုံးကြိမ်တိုင်တိုင် အော်ခေါ်ပြီးနောက် ဆံပင်ဖြူနှင့် အဘွားအို တစ်ဦး တစ်ဖက်ခြံထဲမှ ထွက်လာခဲ့သည်။ ဒရိုင်ဘာကို မှတ်မိနေတဲ့ အဘွားအိုက “ ကျန်းပေါင်ကို နောက်တစ်ခေါက် ထပ်လာရှာပြန်ပြီလား။ ” ဟု ဒေသိယ စကားသံဖြင့် မေးသည်။

 

ဒရိုင်ဘာကလည်း ဒေသခံပဲမို့ ပြုံးပြီး ခေါင်းညိတ်သည်။ “ မိန်းကလေးကျန်း ရှိလား။ ”

 

အဘွားအိုက အနောက်ဘက် တောင်တန်းတွေဘက်ကို လှည့်၍ လက်ညိုးထိုးကာ “ ဖန့်ပေါင်က အခုလေးတင်ပဲ ဘဲကျောင်းထွက်သွားတယ်။ ” ဟု ပြန်ပြောသည်။

 

ဒရိုင်ဘာသည် ဖူမင်ရှစ်အတွက် ဘာသာပြန်ပေးသည်။ “ အိမ်ထဲမှာ သွားစောင့်နေပါလား ဥက္ကဌဖူ။ မိန်းကလေးကျန်းကို ကျွန်တော် သွားရှာလိုက်ပါ့မယ်။ ”

 

ဖူမင်ရှစ်သည် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို စူးစမ်းလေ့လာပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ မိုးချုပ်လုနီးနေပြီ ဖြစ်သော်လည်း မိန်းမပျိုလေးသည် တောင်ပေါ်သို့ တစ်ယောက်တည်း သွားဝံ့သည်။ ဒေသ ဓလေ့ထုံးစံတွေကပဲ ရိုးရှင်းလွန်းတာလား ၊ ဒါမှမဟုတ် သူမကပဲ အကြောက်အလန့်မရှိတာလား။ 

 

အလင်းရောင် မှုန်မှုန်ဝါးဝါးနှင့် အိမ်ကြီးကို ပြန်ကြည့်ပြီး‌နောက် “ အတူတူ သွားရအောင်။ ” ဟု ဖူမင်ရှစ် ပြောလိုက်သည်။ သူ အဲ့ဒီ အိမ်ထဲ ဝင်ထိုင်နေချင်စိတ် လုံးဝ မရှိပါ။ ဒရိုင်ဘာသည် အဘွားအိုအား လက်ပြနှုတ်ဆက်ကာ ‌ဖူမင်ရှစ်ကို အနောက်တောင်ကုန်းဆီသို့ ခေါ်လာခဲ့သည်။

 

သူတို့ ခပ်လှမ်းလှမ်းကို ရောက်တော့မှ ဖူမင်ရှစ်က “ အဲ့ဒီအဘွားကြီးက သူ့ကို ဖန့်ပေါင်လို့ပဲ ခေါ်တာလား။ ” လို့ မေးလိုက်သည်။ ထိုစကားလုံး နှစ်လုံးကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။

 

ဒရိုင်ဘာက ပြုံးသည်။ “ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ ကျွန်တော်လည်း အံ့သြသွားခဲ့တာ။ သေချာ မေးကြည့်တော့မှ မိန်းကလေးကျန်း မွေးတဲ့ နေ့မှာ ပတ်ဝန်းကျင်တောအုပ်ထဲက ငှက်တွေ အများကြီး ပျံတက်လာပြီး ကျန်းအိမ်တော်ရဲ့ အိမ်ခေါင်မိုးပေါ်နဲ့ ခြံဝင်းထဲမှာ လာနားကြတယ်တဲ့။ အယူသီးတဲ့ ရွာသူ ၊ ရွာသားတွေက  ငှက်တွေ ရာနဲ့ချီပြီး ဖီးနစ်ငှက်ကို လာဖူးတယ်လို့ ပြောကြတယ်။ အဲ့ဒါကြောင့် ကျန်းမိသားစုက သူ့ကို ဖန့်ပေါင် ဆိုပြီး အိမ်နာမည်ပေးလိုက်တာတဲ့။ ”

 

ဖူမင်ရှစ်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ သူကတော့ မယုံပါ။ ငှက်တချို့‌ ရောက်လာတာက တိုက်ဆိုင်မှု ဖြစ်နိုင်သလို တစ်ဆင့်စကား တစ်ဆင့်နားနှင့် ချဲ့ကားထားတာလည်း ဖြစ်နိုင်သည်။

 

တောင်ကုန်းငယ်တစ်ခုပေါ်သို့ တက်လာပြီးနောက် စိမ်းလန်းစိုပြည်သော ဝါးတောကြီးကို တွေ့မြင်လိုက်ရသည်။ ဖူမင်ရှစ်သည် မြက်ပင်တွေကြထဲမှာ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရသည်။ သူမက စားကျက်လွှတ်ထားတဲ့ ဘဲငန်းဖြူကြီးတွေကို ခေါင်းစောင်းငဲ့၍ ကြည့်နေခဲ့သည်။ သူမရဲ့ နက်မှောင်တောက်ပသော ဆံနွယ်ရှည်တွေကို ဓာတ်ပုံထဲကအတိုင်း ကျစ်ဆံမြီးရှည် ကျစ်ထားသော်လည်း ဒီတစ်ခေါက်တော့ နောက်ကျောမှာ တွဲလျားချထားလေသည်။

 

“ ဝုတ် ဝုတ် ဝုတ် … ”

 

ထိုအချိန်မှာ ခွေးနက်တစ်ကောင်က ချုံပုတ်ထဲမှ ရုတ်တရက် ထွက်လာပြီး သူတို့ကို ဟောင်သည်။

 

ကျန်းပေါင် လှည့်ကြည့်လိုက်တော့ အနက်ရောင် အနောက်တိုင်းဝတ်စုံ ဆင်ထားသော ယောက်ျားနှစ်ဦးအနက် တစ်ဦးမှာ အရင်လတုန်းက ရှုခင်းကြည့်ဖို့ ရောက်လာခဲ့သော ဓာတ်ပုံဆရာ ဖြစ်ကြောင်း မှတ်မိသွားသည်။ သူမသည် အံသြဝမ်းသာ ဖြစ်သွားကာ လက်ခုပ်တီးလျက် မြက်ပင်တွေကြားမှ ထ၍ ဝါးတောထဲမှ ပြေးထွက်လာခဲ့လိုက်၏။ ဝါးတောအစပ်မှာ ရပ်ကာ ဒရိုင်ဘာကို ပြုံးပြပြီး “ ရှင် ရှုခင်းကြည့်ဖို့ ထပ်လာခဲ့တာလား။ ” ဟု မေးလိုက်သည်။

 

မေလ ရောက်နေပြီမို့ ရာသီဥတုက ပူလှသည်။ သူမသည် အဖြူရောင်တီရှပ်နှင့် ဒူးဖုံး ဂျင်းဘောင်းဘီတိုကို ၀တ်ဆင်ထားသည်။ စိမ်းလန်းစိုပြည်သော ဝါးတောကြီးရှေ့တွင် ရပ်နေတဲ့ သူမရဲ့ အင်္ကျီကင်းလွတ်နေသည့် လက်မောင်းသားလေးတွေ ၊ ‌ခြေသလုံးသားလေးတွေက ဖြူမွတ်ကြည်စင်နေသည်။ သူမရဲ့ ခြေထောက်လေးတွေက အချိုးအစားကျပြီး ဖြောင့်စင်းသွယ်လျနေပေမဲ့ ကျန်းမာရေးနှင့် မညီညွတ်တဲ့ ပိန်ပိန်ညှောင်ညှောင်တော့ မဟုတ်ပါ။

 

ပြီးတော့ သူမရဲ့ မျက်နှာက ဓာတ်ပုံထဲကထက်တောင် ပိုလှသည်။ ဘဲဥပုံသဏ္ဍာန် မျက်နှာကျ ၊ သေသပ်လှပတဲ့ မျက်ခုံး မျက်လုံး ၊ နှုတ်ခမ်းနီဆိုးထားခြင်း မဟုတ်ဘဲ ပင်ကို သဘာဝအတိုင်း ဆွဲဆောင်မှုရှိနေသည့် နီထွေးထွေး နှုတ်ခမ်းလေး။

 

ကမ္ဘာပေါ်မှာ မရေတွက်နိုင်သော မိန်းမလှလေးများ ရှိသော်လည်း ကျန်းပေါင်သည် ဖူမင်ရှစ် မြင်ဖူးသမျှထဲတွင် သစ်လွင်နုယဉ်ဆုံး ၊ ကြော့ရှင်းလှပဆုံး မိန်းကလေး ဖြစ်သည်။ သူမရဲ့  အပြုံးသည် နွေဦးလေပြည်ကဲ့သို့ပင်။ ဒါပေမဲ့ ဖူမင်ရှစ်က သူမကို စက္ကန့်ပိုင်းလောက်သာ ကြည့်ကာ အကြည့်လွှဲပြီး ဒရိုင်ဘာကို “ ရှုခင်းကြည့်တယ် ဆိုတာ ဘာကို ပြောတာလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။ ပြီးတော့ ကျန်းပေါင်က ဘာလို့ သူနဲ့ အရမ်း ရင်းနှီးနေရတာလဲ … ။

 

ကားသမားက ကျန်းပေါင်ဆီသို့ လျှောက်သွားစဉ် ပြုံးစိစိဖြင့် တိုးတိုးလေး ရှင်းပြသည်။ “ အရင်တစ်ခေါက်တုန်းက ကျွန်တော်က သူ့ကို သူ မသိအောင် တိတ်တိတ်လေး ဓာတ်ပုံရိုက်ချင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဓာတ်ပုံတွေကို သေချာ ဝှက်မထားမိဘဲ ဟွီသန်းက တွေ့သွားခဲ့တယ်။ အဲ့ဒါကြောင့် ရှုခင်းလာကြည့်သလို ဟန်ဆောင်ခဲ့တာပါ။ ”

 

ဖူမင်ရှစ်သည် ထိုရှင်းပြချက်ကို နားလည်လက်ခံလိုက်သည်။ ဟွီသန်းက ဘယ်သူလဲ ဆိုတာကိုတော့ ခန့်မှန်းနေစရာတောင် မလိုပေ။

 

ဒရိုင်ဘာက ကျန်းပေါင်ဆီ ရောက်တဲ့အခါ “ ဒါ ငါ့ရဲ့ ဘော့စ်ပါ မိန်းကလေးကျန်း။ မင်း သူ့ကို ဥက္ကဌဖူလို့ ခေါ်လို့ ရတယ်။ ” ဟု မိတ်ဆက်ပေးသည်။

 

သူတို့နှစ်ယောက်က ဖူမင်ရှစ်အနီးသို့ လျှောက်လာခဲ့သည်။  ထို့နောက် ကျန်းပေါင်က သူ့ကို ခပ်ယဲ့ယဲ့ ပြုံးပြပြီး “ ဥက္ကဌဖူ ” ဟု ခေါ်လိုက်သည်။ ဒီလူက အရမ်း အရပ်ရှည်ပြီး မျက်နှာအချိုးအစားကလည်း တော်တော် ချောပေမဲ့ ကျန်းပေါင်ကတော့ သူ ဝတ်ဆက်ထားတဲ့ နေကာမျက်မှန်ကို မကြိုက်ပါ။ တခြားသူတွေကို နှုတ်ဆက်တဲ့ အချိန်မှာတောင် နေကာမျက်မှန် မချွတ်တဲ့ သူတွေက နည်းနည်းလေး မာနထောင်လွှားသည်ဟု ခံစားရသည်။

 

“ ဒီတစ်ခေါက် ဘယ်လောက် ကြာအောင် နေမှာလဲ။ ” ကျန်းပေါင်သည် “ ဓာတ်ပုံဆရာ ” နှင့် စိတ်ပါလက်ပါ စကားစမြည် ပြောနေခဲ့သည်။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူသည် သူမ၏ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ပြီး မထွက်ခွာမီတွင် မိတ္တူတစ်စောင်ကို သူမထံ ပြန်ပို့ပေးမည်ဟု ပြောခဲ့သည်။ သို့သော် ဘာမှ ရောက်မလာဘဲ အကြာကြီး စောင့်နေခဲ့ရသဖြင့် စိတ်ပျက်သွားခဲ့သည်။ အခု သူ ပြန်ရောက်မလာခင် အချိန်ထိ သူ့ကို မေ့လျော့နေခဲ့မိသည်။ 

 

သူမရဲ့ မျက်လုံးတွေက ကြည်လင်နေသည်။ ဒရိုင်ဘာသည် သူမက ဓာတ်ပုံတွေ ရောက်လာဖို့ စောင့်မျှော်နေခဲ့တာကို မသိသော်လည်း သူမကို ဆက်လက် လိမ်ညာနေခြင်းအတွက် အားနာသည်။ ထို့ကြောင့် ခေါင်းကုတ်ရင်း သူ့ဘော့စ်ကို လှမ်းကြည့်ကာ အကြံတောင်း‌လိုက်သည်။

 

ဖူမင်ရှစ်က “ မင်း တောင်ပေါ်မှာ  အရင် သွားစောင့်နေ။ ” ဟု ပြောကာ နေကာမျက်မှန်ကို ချွတ်ပြီး ဒရိုင်ဘာကို ကြည့်လိုက်သည်။ ဒရိုင်ဘာက ဘာမှ မပြောဘဲ ချက်ချင်း ထွက်သွားသည်။

 

ထိုအခါမှ ဖူမင်ရှစ်သည် ကျန်းပေါင်ဘက်ကို လှည့်ကြည့်ကာ ထုံးစံအတိုင်း သူ့ညာလက်ကို သူမဆီသို့ ဆန့်ထုတ်လိုက်ပြီး နက်မှောင်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေခဲ့သည်။ “ ငါ့နာမည်က ဖူမင်ရှစ်ပါ မိန်းကလေးကျန်း။ ငါ့အဘိုးနဲ့ မင်းအဘိုးက တော်လှန်ရေးစစ်ပွဲအတွင်းမှာ တပ်စုတစ်ခုထဲက ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့တယ်။ ငါ့အဘိုးရဲ့ တာဝန်ပေးချက်အရ သူ့ရဲဘော်ရဲဘက်ရဲ့ သားမြေးတွေကို ကျေးဇူးဆပ်ဖို့ လာခဲ့တာပါ။ ”

 

ကျန်းပေါင်ကတော့ သူ နေကာမျက်မှန် ချွတ်လိုက်တာကို မြင်ချိန်မှာ အံ့ဩသွားသည်။

 

ဘေးအိမ်က အဘွားကောမှာ အဖြူအမည်း တီဗီလေးတစ်လုံး ရှိသည်။ ကျန်းပေါင်သည် တီဗီတွင် ငွေကြယ်ပွင့် အမျိုးသားသရုပ်ဆောင်များကို မြင်ဖူးသော်လည်း ယခု သူမရှေ့က အမျိုးသားနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုငွေကြယ်ပွင့်များက မှေးမှိန်သွားပုံရသည်။ လူကြီးမင်းဖူသည် အနက်ရောင် အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားသော်လည်း အရှိန်အဝါ တစ်မျိုးဖြင့် ထည်ဝါတောက်ပနေသည်။ သူ့ရဲ့ အနီရောင်သန်းနေသော နှုတ်ခမ်းတွေက လွဲလို့ ခန္ဓာကိုယ်တစ်ခုလုံး အမည်းရောင်လွှမ်းနေသည်။

 

ဖူမင်ရှစ်သည် မူလတန်းကျောင်းပြီးကတည်းက မိန်းကလေးများကြားတွင် ရေပန်းစားခဲ့သည်။  လုပ်ငန်းစုကြီးကို လက်လွှဲယူပြီးနောက်မှာတော့ သူ့မျက်နှာဟာ မိန်းကလေးတွေကို ပိုဆွဲဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့် ကျန်းပေါင် အံ့အားသင့်သွားတာက သူ့အတွက် မထူးဆန်းဘဲ သူမ အသိစိတ်ပြန်ကပ်နိုင်မယ့် အချိန်ထိ တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေခဲ့သည်။

 

သူမရဲ့ ခြေသလုံးသားကို ဟွီသန်းက လာရောက်ပွတ်သပ်နေသောကြောင့် ကျန်းပေါင် ယားယံလာသည်။ ဟွီသန်းကို ငုံ့ကြည့်လိုက်တော့မှ ထိုလူက လက်ကမ်းနေဆဲ ဖြစ်တာကို သူမ တွေ့လိုက်၍ ချက်ချင်းပင် ရှက်သွားပြီး သူ့လက်ကို အမြန် ဆွဲလိုက်သည်။ ထိုလူ၏ လက်ဖဝါးဟာ နွေးထွေးသော်လည်း လက်ချင်း ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် ဓာတ်လိုက်သလို တုန်ယင်သွားသောကြောင့် သူမရဲ့ လက်ကို ပြန်ရုတ်သိမ်းကာ ခန္ဓာကိုယ်နောက်မှာ ကွယ်၍ ကွေးချည်ဆန့်ချည် လုပ်နေမိသည်။ သူမသည် သူစိမ်းများနှင့် ပတ်သက်၍ မရှက်တတ်သော်လည်း ယောက်ျားများနှင့် ထိတွေ့ဆက်ဆံရာတွင် အတွေ့အကြုံမရှိသူ တစ်ယောက်ပဲ ဖြစ်သေးသည်။

 

နေပါဦး … သူ ခုနက ဘာပြောလိုက်တာလဲ … ။

 

သူမ ရှင်းရှင်းလင်းလင်း ကြားလိုက်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတဲ့ ဖူမင်ရှစ်က သူ ပြောပြီးသား စကားကိုပဲ နောက်တစ်ခေါက် ပြန်‌ပြောပြလိုက်၏။ ဩရှကြည်လင်သော သူ့အသံထဲမှာ စိတ်ရှည်ကြည်သာမှု အပြည့်ပင်။

 

ကျန်းပေါင် ရုတ်တရက် နားလည်သွားသည်။ ဒါဆို သူ့အဘိုးက သူမအဘိုးရဲ့ ရဲဘော်ရဲဘက် တစ်ယောက်ပေါ့ … ။ သူမ ကလေးဘဝတုန်းက အဘွားဟာ အဘိုးရဲ့ စစ်သားဘဝ အကြောင်းတွေ မကြာခဏ ပြောပြဖူးသည်။ အဘိုးဟာ တပ်စုခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးသည်တဲ့။ တခြားတစ်ယောက်ကို အသက်စွန့်ပြီး ကယ်တင်ခဲ့တာကြောင့်သာ မဟုတ်ရင် အရာရှိကြီး တစ်ယောက် ဖြစ်လာမှာ သေချာသည်။

***