Ch 2
Viewers 918


👶အခန်း (၂)

 - မိသားစုဝင် 

 


"ကော... တောဟင်းရွက်တွေအားလုံးကို ဟိုအဘွားကြီး ယူသွားပြီ… ကော ဘာစားမှာလဲ…" 


လူငယ်လေးက မေးလိုက်သည်။ 

 

ထိုအခါမှသာ ကျိုးကျင့်က အိမ်ထဲတွင် စားစရာဟူ၍ ထိုခါးသက်သက် တောဟင်းရွက် အနည်းငယ်သာရှိပြီး ဆန်ကွဲတစ်စေ့ပင် မကျန်တော့ကြောင်း သဘောပေါက်သွားတော့သည်။ 

 

ထိုအမျိုးသားက ပန်းကန်ကို ကိုင်ထားလျက် မျက်နှာညှိုးငယ်စွာဖြင့် မျက်လွှာချထားလေသည်။ 

 

"ဒါဆို ငါမစားတော့ဘူး… အရင်ကလည်း ဒီလိုပါပဲ… တစ်နပ်စာ မစားရရုံနဲ့ ဘာမှမဖြစ်သွားပါဘူး…"  

သူက ဆက်ပြောသည်။  


"ရှောင်လင်း... မင်းပဲ စားလိုက်ပါ… ဝမ်ချွန်းဟွာနဲ့ စကားမများမိအောင်လည်း သတိထားဦး…" 

 

ထိုသို့ပြောပြီးနောက် အမျိုးသားက အိမ်ရှိ နောက်ဆုံးကျန်သော အစားအစာကို ကျိုးကျင့်အား ဆက်လက်တိုက်ကျွေးလေသည်။ 

 

ကျိုးကျင့်က နွားတစ်ကောင်လုံး စားပစ်နိုင်လောက်အောင် ဗိုက်ဆာနေသော်လည်း ထိုအစားအစာကို မျိုချရန် စိတ်မသန့်ဖြစ်နေမိသည်။ သူက ဘေးသို့ ခေါင်းလွှဲလိုက်ပြီး အမျိုးသား တိုက်ကျွေးနေသော ဇွန်းကို ရှောင်လိုက်၏။ အမျိုးသားက ခဏကြာမျှ မှင်တက်သွားသည်။ ကျိုးကျင့် ငြင်းဆန်လိမ့်မည်ဟု သူက မမျှော်လင့်ထားပုံရသည်။ 

 

"မစားချင်ဘူးလား…"  

ပုံမှန်ဆိုလျှင် စားစရာကို အငမ်းမရ စားတတ်သော ကျိုးကျင့်က ယခုကဲ့သို့ ရုတ်တရက် ငြင်းဆန်လိုက်သဖြင့် သူက ဇဝေဇဝါ ဖြစ်သွားသည်။  


"စားချင်စိတ် မရှိလို့လား… ဒါဆိုလည်း ခဏဖယ်ထားလိုက်မယ်… နောက်မှ ဗိုက်ဆာလာရင် ပြန်နွှေးကျွေးမယ်လေ…" 

 

ရှောင်လင်းဟု ခေါ်သော လူငယ်လေးကမူ စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်တော့သည်။  


"ကော… သူ့အပေါ် ဘာလို့ ဒီလောက်ကောင်းနေရတာလဲ… ကျွန်တော်တို့မှာ စားစရာမရှိတာ သူ့ကြောင့်ဆိုတာ မေ့နေပြီလား… ဟိုမြေခွေးမကြီးကို နေ့တိုင်း စားစရာ ပို့ပေးမယ်လို့ သူ ကတိပေးခဲ့လို့ပေါ့… ဒါကြောင့်လည်း ကျွန်တော်တို့ တောဟင်းရွက်တွေ ဒီလောက် ပင်ပင်ပန်းပန်း သွားတူးတာတောင် စားဖို့ မလောက်တာ…" 

 

"ပြီးတော့... ဒါတင်မကသေးဘူး… သူက ကောကို အမြဲရိုက်နှက်နေတာလေ… အခု ကောရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာမရှိတဲ့နေရာ ရှိသေးလို့လား…" 

 

ဘာ… အဲဒီဒဏ်ရာတွေက 'သူ' လုပ်ခဲ့တာတဲ့လား… 

(TN 'သူ' ဆိုတာ မူလကိုယ်ကို ရည်ညွှန်းချင်တာပါ) 

 

ကျိုးကျင့်၏ မျက်လုံးအစုံက ပြူးကျယ်သွားရသည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း လည်ချောင်းထဲမှ အဓိပ္ပာယ်မရှိသော အသံများသာ ထွက်ပေါ်လာသည်။ 

 

သူ ခံစားနေရသည်ကို မဖော်ပြနိုင်သကဲ့သို့ သူ ဘာပြောချင်သည်ကိုလည်း သူကိုယ်တိုင်သာမက၊ ဘေးကလူများကပါ နားမလည်နိုင်ကြပေ။ ကျိုးကျင့်က အိမ်၌ ဗိုလ်ကျစိုးမိုးပြီး အိမ်ထောင်ဖက်ကို ရိုက်နှက်ကာ မိဘကို ဆဲဆိုသူမျိုးကို အလွန်ရွံရှာသူဖြစ်သည်။ ဤခန္ဓာကိုယ်၏ ဇနီးသည်က အမျိုးသားတစ်ဦး ဖြစ်နေသော်လည်း သူက ဤကမ္ဘာတွင် ကျိုးကျင့်နှင့် အနီးကပ်ဆုံး၊ တစ်သက်လုံး အတူနေသွားရမည့်သူ ဖြစ်သည်။ 

 

သို့ပါလျက်နှင့် သူက ထိုသူကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ ရှောင်လင်း၏ စကားအရဆိုလျှင် ဒဏ်ရာများက အပြင်ပန်းတွင်သာမက အဝတ်အစားအောက်ရှိ ဖုံးကွယ်ထားသော နေရာများတွင်လည်း ရှိနေပုံရသည်။ 

 

ကျိုးကျင့် ဂယောက်ဂယက် ဖြစ်နေသည်ကို မြင်သောအခါ အမျိုးသားက ရှောင်လင်း၏ စကားများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ဝေဒနာ ပိုတိုးလာမည်ဟု ထင်နေပုံရသည်။ သူက ဆူငေါက်လိုက်သည်။ 


"ရှန်လင်း... တော်တော့… မှောင်တော့မယ်… မြန်မြန်ပြန်တော့… မဟုတ်ရင် ဟင်းရည်တောင် ကျန်မှာမဟုတ်ဘူး…" 

 

အစ်ကိုဖြစ်သူထံမှ ထိုကဲ့သို့ ပြင်းပြင်းထန်ထန် ဆူငေါက်ခံရခဲသော ရှန်လင်းက ဝမ်းနည်းလွန်းသဖြင့် မျက်ဝန်းများ နီရဲလာသည်။ 

 

"ကော… ကောက သူ့အတွက်နဲ့ ကျွန်တော့်ကို အော်တယ်ပေါ့… အရင်က တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး…" 

 

ရှန်လင်းက အလွန်အမင်း မခံမရပ်နိုင်ဖြစ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ ထိုအမျိုးသားကလည်း စိတ်မအေးနိုင်သဖြင့် နောက်မှ လိုက်သွားရသည်။ ခဏကြာ၍ နှစ်သိမ့်ပြီးမှ သူ ပြန်ရောက်လာသည်။ 

 

သူ ပြန်လာသောအခါ ကျန်ရှိနေသော တောဟင်းရွက် စွပ်ပြုတ်တစ်ဝက်ကို မီးဖိုပေါ်တွင် တင်ထားလိုက်ပြီး လှည့်အထွက်တွင် ရေအေးကို တစ်လုတ်တည်းဖြင့် အများအပြား သောက်ချလိုက်သည်။ 

 

ကျိုးကျင့်က ရေအေးသောက်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းဘဲ ဗိုက်နာစေနိုင်ကြောင်း ပြောပြချင်သော်လည်း ထိုစကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ထွက်မလာခဲ့ပေ။ 

 

ရှေးခေတ် ကျေးလက်ဒေသများတွင် လျှပ်စစ်မီး မရှိသဖြင့် ညဘက်တွင် အရာအားလုံးက မှောင်အတိကျနေပြီး အခြားဖျော်ဖြေစရာလည်း မရှိပေ။ သူတို့မိသားစုတွင် ဆီမီးခွက်ပင် မရှိသဖြင့် မိသားစုဝင်ငွေအတွက် လက်မှုအလုပ်များ လုပ်ရန်ပင် မလွယ်ကူချေ။ 

 

ထိုအမျိုးသားက အဝတ်အစားများ ချွတ်ကာ အိပ်ရာဝင်ရန်သာ တတ်နိုင်တော့သည်။ 

 

သူတို့က လက်ထပ်ထားသူများဖြစ်သဖြင့် ရှက်ရွံ့နေရန် မလိုသော်လည်း ထိုအမျိုးသား အဝတ်လဲနေစဉ် လရောင်အောက်တွင် သူ့ဒဏ်ရာများကို ကျိုးကျင့်က ရှင်းလင်းစွာ မြင်လိုက်ရသည်။


သူ့ရင်ဘတ်နှင့် ကျောပြင်တစ်ခုလုံးက ဒဏ်ရာအလိမ်းလိမ်းဖြင့် ပြည့်နှက်နေသည်။ 

 

တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်… 

 

ကျိုးကျင့်က ဤခန္ဓာကိုယ်မူလပိုင်ရှင်၏ ဝိညာဉ်ကို ဆွဲထုတ်ပြီး အသေရိုက်ချင်စိတ် ပေါက်လာမိသည်။ 

 

ကျိုးကျင့်က ထိုဒဏ်ရာများကို မြင်နိုင်သကဲ့သို့ ထိုအမျိုးသားကလည်း ကျိုးကျင့်၏ မျက်နှာအမူအရာကို ရိပ်မိပုံရသည်။ သူ့အကြည့်များက အနည်းငယ် တုန်လှုပ်သွားသော်လည်း ဘာမှမခံစားရသကဲ့သို့ မျက်လုံးမှိတ်၍ လှဲလျောင်းလိုက်သည်။ အမှန်စင်စစ် ထိုအမျိုးသားက အတွေးများစွာဖြင့် ထိုညက ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ 

 

ဒဏ်ရာပြင်းထန်သော်လည်း ကျိုးကျင့်က စိုးရိမ်စိတ်များဖြင့် နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့သည်။ သူ ပြန်နိုးလာသောအခါ နေ့အလင်းရောင် ရောက်နေပြီဖြစ်ပြီး ရှန်ညီအစ်ကို နှစ်ဦးကလည်း တောဟင်းရွက်များ ရှာဖွေကာ ပြန်ရောက်နေကြပေပြီ။ 

 

"ညီလေး... အိုးကို ကြည့်ထားဦး… ဟင်းရွက်တွေ နူးရင် အရင်စားလိုက်… ငါ့ကို မစောင့်နဲ့… ကျိုးကျင့်အတွက်တော့ စိတ်မပူနဲ့… ငါပြန်လာမှ သူ့ကို ကျွေးမယ်…" 

 

"ကော… ဝမ်မိသားစုက ကျွန်တော်တို့ကို အရမ်းနှိပ်စက်တာပဲ… သူတို့အိမ်မှာ လူတွေအများကြီးရှိတာကို… ယောက်ျားသား သုံးယောက်တောင် ရှိတယ်လေ… ဘာလို့ ကိုယ့်ဘာသာ တောင်ပေါ်တက်ပြီး ဟင်းရွက်မရှာကြတာလဲ… ကျွန်တော်တို့တောင် ဝအောင်မစားရဘဲ သူတို့ကို တစ်ဝက်ပေးနေရတယ်… ဒီအတိုင်းဆိုရင် ကျွန်တော်တို့ ငတ်သေကုန်တော့မှာပဲ…" 

 

"ငါတို့ ဘာတတ်နိုင်မှာလဲ… ကျိုးကျင့်က ဝမ်မိသားစုကို ငါတို့စားစရာ တစ်ဝက် နေ့တိုင်းပေးမယ်လို့ ကတိပေးထားတာလေ… ငါတို့က ကောအာတွေပဲ… လက်ထပ်ပြီးတာနဲ့ အိမ်ထောင်မှုကို ဦးဆောင်ရမှာက ယောက်ျားရဲ့ တာဝန်ပဲ… ကတိဆိုတာ ကတိပဲလေ… ငါတို့မှာ လိုက်နာရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး…" 

 

ရှန်လင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ 

 

ထိုအမျိုးသားက အပြင်သို့ ခဏထွက်သွားပြီး မကြာမီ ပြန်လာသည်။ သူ အိမ်ထဲဝင်လာလျှင် ပထမဆုံးလုပ်သည့်အလုပ်က လက်ဆေးခြင်းနှင့် ကျိုးကျင့်ကို တောဟင်းရွက်စွပ်ပြုတ် ကျွေးခြင်းပင် ဖြစ်သည်။ 

 

ကျိုးကျင့်က ဤမိသားစု၏ ဆိုးရွားလှသော အခြေအနေကို ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်၏။ အိမ်က အလွန်ဆင်းရဲပြီး လုပ်စရာအများကြီးရှိသည်။ သို့သော် သူ မည်သို့ပင် စီစဉ်ထားပါစေ၊ ဦးစွာပထမ အားအင်ပြန်ပြည့်အောင် လုပ်ရမည်ဖြစ်ကြောင်း သိသဖြင့် တောဟင်းရွက်စွပ်ပြုတ်များကို အငမ်းမရ စားလိုက်တော့သည်။ 

 

ခုနစ်ရက်တိုင်တိုင် စားလိုက်အိပ်လိုက် လုပ်ပြီးနောက်တွင် ကျိုးကျင့်က အကူအညီဖြင့် အိပ်ရာပေါ်မှ ထနိုင်လာပေပြီ။ လည်ချောင်းထဲမှ ပူလောင်မှုများ ပျောက်ကွယ်သွားပြီး စကားကို ပုံမှန်အတိုင်း ပြောနိုင်လာသည်။ 

 

သူ ပထမဆုံး မေးလိုက်သော မေးခွန်းက "မင်းနာမည် ဘယ်သူလဲ…" ဟူ၍ပင်။ 

 

ဤသည်က ကျိုးကျင့် ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်ပင် ဖြစ်သည်။ သူက ဤခေတ်အကြောင်း ဘာမှမသိသဖြင့် နောင်တွင် နားမလည်သော ကိစ္စများစွာ ရှိလာလိမ့်မည်။ သူနှင့် အနီးကပ်ဆုံးဖြစ်သော ဇနီးသည်က တစ်ခုခု ထူးဆန်းနေသည်ကို သေချာပေါက် သတိထားမိပေလိမ့်မည်။ ထို့ကြောင့် နောက်မှ သံသယအဝင်ခံရမည့်အစား ဤအခွင့်အရေးကို အသုံးချကာ မှတ်ဉာဏ်ပျောက်ဆုံးနေဟန် ဟန်ဆောင်လိုက်ခြင်းက ပိုကောင်းပေမည်။ 

 

ခေါင်းကို တစ်ခုခုနှင့် ထိခိုက်မိပါက မှတ်ဉာဏ်ပျောက်ဆုံးခြင်း ဖြစ်နိုင်သည်။ လောလောဆယ်တွင် CT scan ရိုက်ရန် မဖြစ်နိုင်သဖြင့် သူ ဟန်ဆောင်နေသည်ကိုလည်း မည်သူမျှ သက်သေမပြနိုင်ပေ။ 

 

ထိုအမျိုးသားက မှင်တက်သွားသော်လည်း ရှန်လင်းက ဦးအောင် ဝင်ပြောလိုက်သည်။  


"ကျိုးကျင့်… ခင်ဗျား ဒီတစ်ခါ ဘာလှည့်ကွက် သုံးဦးမလို့လဲ…" 

 

ကျိုးကျင့်က အက်ကွဲသောအသံဖြင့် ပြန်ပြောလိုက်သည်။ 


"မင်းတို့ ယုံချင်မှ ယုံမှာဖြစ်ပေမဲ့ ငါ တကယ်ပဲ ဘာမှမမှတ်မိတော့ဘူး…" 

 

"မမှတ်မိဘူး ဟုတ်လား…"  

ရှန်လင်းက အသံကျယ်ကျယ်ဖြင့် မေးသည်။  


"ဒါဆို ကျွန်တော့်အစ်ကိုက ခင်ဗျားရဲ့ ဇနီးသည်ဆိုတာကိုရော မေ့သွားပြီလား…" 

 

"အဲဒါက... ငါနိုးလာပြီးနောက်မှာ မင်းတို့ပြောတာကြားလို့ သိရတာပါ… သူက ငါ့ဇနီးသည်… မင်းက သူ့ရဲ့ညီ ဆိုတာလောက်ပဲ သိတာ… အဲဒီထက်ပိုတာတော့ ငါ တကယ်ပဲ ဘာမှမမှတ်မိတော့ဘူး…" 

 

"ကျွန်တော် မယုံဘူး… ခင်ဗျားကို ကျွန်တော်ပြောလိုက်မယ်… ခင်ဗျား…" 

 

ထိုအမျိုးသားက ရှန်လင်းကို ဆက်မပြောရန် တားလိုက်သည်။ သူက အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ပြန်လည်တည်ငြိမ်သွားကာ ဆိုသည်။ 


"ငါ သူ့ကို ယုံတယ်… ဒီလိုကိစ္စမျိုးကို သူ လိမ်ပြောနေလို့လည်း ဘာအကျိုးမှ မရှိဘူး…" 

 

ရှန်လင်းက ကျိုးကျင့်ကို မယုံကြည်သကဲ့သို့ စိုက်ကြည့်နေဆဲပင် ဖြစ်သည်။ 

 

"ကျွန်တော့်နာမည်က ရှန်မော့ပါ… ဒါက ကျွန်တော့်ညီလေး ရှန်လင်း…" 


ထိုအမျိုးသားက ပြောပြလိုက်သည်။ 

 

ရှန်မော့... ရှန်မော့... နာမည်လေးက ကောင်းသားပဲ… 

 

ရက်ပေါင်းများစွာ ကြာပြီးနောက်တွင်မှ သူက သူ့ဇနီးသည်၏ အမည်ကို သိခွင့်ရတော့သည်။


ကျိုးကျင့်က ဆိုသည်။ 

"ငါ တကယ်ပဲ ဘာမှမမှတ်မိလို့ပါ… အိမ်တွင်းအိမ်ပြင် ကိစ္စတွေအကြောင်း ငါ့ကို ပြောပြပေးလို့ ရမလား… ငါ့ကို အကန်းတစ်ယောက်လိုတော့ မထားချင်ဘူး မဟုတ်လား…" 

 

ရှန်မော့က ခဏမျှ စဉ်းစားပြီးမှ ပြန်ပြောလေသည်။ 


"ဘာသိချင်တာလဲ… မေးချင်တာသာ မေးပါ…" 

 

ကျိုးကျင့် အသိချင်ဆုံးက ထိုနေ့၌ လာသော အဘွားကြီးက ဤခန္ဓာကိုယ်၏ အမေအရင်း ဟုတ်၊ မဟုတ်နှင့် အဘယ်ကြောင့် သူတို့အပေါ် ဤမျှ ရက်စက်နေရသည်ကိုပင် ဖြစ်သည်။ ရှန်မော့က ထိုအဘွားကြီး၏လက်အောက်တွင် အတော်လေး ခံစားခဲ့ရပုံရသည်။ ထိုသို့တွေးတောနေစဉ် ကျိုးကျင့်က မေးခွန်းများ စတင်မေးမြန်းလိုက်လေတော့သည်။ 

 

“သူက ခင်ဗျားရဲ့ အမေအရင်းပဲ… ဒါကို တစ်ရွာလုံးက သိကြတယ်… ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ခင်ဗျားရဲ့အမေ မဖြစ်ချင်ခဲ့ဘူး… ခင်ဗျားနဲ့ ဘာပတ်သက်မှုမှ မရှိချင်ခဲ့ဘူးလို့ အမြဲဆုတောင်းနေခဲ့တာ…” 

 

“ဘာဖြစ်လို့လဲ…”  

ကျိုးကျင့်က နားမလည်နိုင်စွာ မေးလိုက်သည်။ 

 

“ခင်ဗျားကို မွေးတုန်းက သူ သေလုနီးပါး ဖြစ်ခဲ့ရလို့ပဲ… တစ်ညလုံး အားယူရုန်းကန်ခဲ့ရပြီးမှ ခင်ဗျားကို မွေးနိုင်ခဲ့တာ… သူ့အသက် တစ်ဝက်လောက်တောင် ပါသွားတယ်လို့ ဆိုရမယ်… အဲဒီအချိန်မှာ သူ့ယောက္ခမ (ခင်ဗျားအဖွား) ကလည်း အလုပ်ခိုင်းတာ အရမ်းရက်စက်တော့ သူ ကောင်းကောင်း မနားခဲ့ရဘူး… အိမ်တွင်းအိမ်ပြင် အလုပ်မှန်သမျှ အကုန်လုပ်ခဲ့ရတယ်… အစားအသောက်ကလည်း မဝ၊ လူကလည်း အားနည်းတော့ နို့ကလည်း မထွက်ဘူးလေ… အဲဒီအထဲ ခင်ဗျားကလည်း နေ့ရောညပါ တငိုငိုတရယ်ရယ်နဲ့ ဂျီကျတော့ ‘ကလေးကိုလည်း မထိန်းတတ်ဘူး… နို့လည်း မထွက်ဘူး…’ ဆိုပြီး ခင်ဗျားအဖွားက သူ့ကို အမြဲနှိပ်စက်ဆဲဆိုခဲ့တာပေါ့…” 

 

“ခင်ဗျားအဖွားက သူက အာဟာရချို့တဲ့လို့ နို့မထွက်တာမှန်း သိရက်နဲ့ အစားကောင်းကောင်း မကျွေးခဲ့ဘူး… အမြဲတမ်း အဆဲခံနေရတော့ မီးတွင်းထဲမှာလည်း ကောင်းကောင်း အနားမရဘဲ စိတ်ကျရောဂါပါ ရခဲ့တယ်… တစ်လအတွင်းမှာတင် သူက နာတာရှည်ရောဂါသည် ဖြစ်သွားခဲ့ရတာ…” 

 

“ရွာသားတွေကတော့ ယောက္ခမ နှိပ်စက်တာနဲ့တင် သူ သေပြီလို့ ထင်ထားကြတာ… ဒါပေမဲ့ မထင်မှတ်ဘဲ နောက်တစ်နှစ် ခင်ဗျားရဲ့ ပထမဆုံး မွေးနေ့မှာတင် ခင်ဗျားအဖွားက ရုတ်တရက် ဖျားပြီး သေသွားတယ်… တစ်နှစ်အကြာမှာတော့ ခင်ဗျားအဘိုးကလည်း ထပ်သေပြန်ရော… တတိယနှစ်မှာတော့ ခင်ဗျားအမေ လယ်ထဲမှာ အလုပ်လုပ်ရင်း ရုတ်တရက် မေ့လဲသွားတယ်… ဆရာဝန်ခေါ်ပြီး ဆေးတွေ အကြိမ်ကြိမ် တိုက်ပေမဲ့ ပိုဆိုးလာတာပဲ ရှိတယ်… မြို့ပေါ်က ဆေးခန်းတွေအထိ သွားပြပြီး ပိုက်ဆံတွေ အကုန်အကျခံခဲ့ပေမဲ့ ဘာမှမထူးခြားဘဲ တစ်နေ့ထက်တစ်နေ့ အခြေအနေက ပိုဆိုးလာခဲ့တယ်…” 

 

“နောက်တော့ စေတနာကောင်းတဲ့ ရွာသားတွေက အကြံပေးကြတယ်… ကျိုးရွာမှာ ဗေဒင်ဟော၊ နတ်မေး တော်တဲ့ အဘွားအိုတစ်ယောက် ရှိတယ်ဆိုလို့ အိမ်ကို ပင့်လာခဲ့ကြတယ်… အိမ်ထဲဝင်လာတာနဲ့ အဘွားအိုက ခင်ဗျားကို မြင်ပြီး ခင်ဗျားနဲ့ ခင်ဗျားအမေရဲ့ မွေးသက္ကရာဇ်တွေကို မေးတယ်… တွက်ချက်ကြည့်ပြီးနောက်မှာတော့ ‘ဒီမိသားစုက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖျက်ဆီးမယ့် ကံပါလာတယ်’ လို့ သူက ပြောလိုက်တယ်… ခင်ဗျားရဲ့ ကံကြမ္မာက အရမ်းပြင်းထန်လွန်းလို့ သူတို့က မခုခံနိုင်ဘူး… ဒါကြောင့် ခင်ဗျားက သူတို့ကို သေအောင် ဖန်တီးနေတာလို့ ဆိုတာပေါ့…” 

 

“အဲဒီအချိန်မှာ ရွာသားတွေကလည်း ဒါကို ယုံကြည်သွားကြတယ်… ခင်ဗျားကို မွေးပြီးမှ ဝမ်မိသားစုက လူကြီးတွေ သေကုန်တာ… အခုလည်း အမေဖြစ်သူက ရောဂါသည် ဖြစ်နေတာကိုး… အဲဒါနဲ့ အဘွားအိုက ဖြေရှင်းနည်းတစ်ခု ပေးတယ်… ရွာထိပ်က သက်တမ်းရင့် သစ်ပင်ကြီးကို ခင်ဗျားရဲ့ 'အမေ' အဖြစ် သတ်မှတ်ပြီး မိဘအရင်းတွေကိုတော့ အန္တရာယ်ကင်းအောင် 'ဦးလေး' နဲ့ 'အဒေါ်' လို့ပဲ ခေါ်ရမယ်လို့ အကြံပေးခဲ့တယ်…” 

 

“ခင်ဗျားက သစ်ပင်ကြီးကို အမေအဖြစ် လက်ခံလိုက်ပြီးနောက်မှာ ခင်ဗျားအမေရဲ့ ကျန်းမာရေးက အံ့ဩစရာကောင်းလောက်အောင် ပြန်ကောင်းလာခဲ့တယ်… နောက်ထပ်လည်း ကိုယ်ဝန်ရပြီး ကျန်းမာတဲ့ သားလေးတစ်ယောက် ထပ်မွေးခဲ့သေးတယ်… ဒါပေမဲ့ ပျော်ရွှင်မှုက ကြာကြာမခံပါဘူး… ခင်ဗျားရဲ့ ညီလေးက ထပ်ဖျားပြန်ရော… ဘယ်ဆေးနဲ့မှလည်း မပျောက်ဘူး… အဲဒီမှာတင် ခင်ဗျားအမေက ခင်ဗျားက သူတို့ကို ထပ်ပြီး ဒုက္ခပေးနေပြန်ပြီလို့ သံသယဝင်လာတော့တာပဲ… ဟိုအဘွားအိုကို ထပ်ပင့်လာပြန်တယ်… အဘွားအိုက ဘာမှမပြောဘဲ ရွာထိပ်က သစ်ပင်ကြီးဆီကို တန်းသွားတယ်… အားလုံး အံ့အားသင့်သွားတာက အဲဒီသစ်ပင်ကြီး သေနေပြီ… သစ်ကိုင်းတွေလည်း ခြောက်သွေ့ကုန်ပြီ… အဲဒီမှာတင် မယုံကြည်ခဲ့တဲ့သူတွေအပါအဝင် တစ်ရွာလုံးက ခင်ဗျားက မိသားစုအတွက် ‘ကြမ္မာဆိုး’ သယ်ဆောင်လာသူဆိုတာကို အတည်ပြုလိုက်ကြတော့တာပဲ…” 

 

“သစ်ပင်ကြီး သေနေတာကို မြင်တော့ အဘွားအိုက ခေါင်းခါပြီး ပြောတယ်… ‘ဒီကလေးကို မိဘတွေရဲ့ သားသမီးအဖြစ်ကနေ လုံးဝ စွန့်လွှတ်လိုက်မှသာ ဒီပြဿနာ ပြေလည်မယ်’ တဲ့…” 

 

“သားသမီးအဖြစ်က စွန့်လွှတ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲလို့ ခင်ဗျားအမေက မေးတယ်… အဘွားအိုက ခင်ဗျားကို အိမ်ထောင်စုစာရင်းကနေ ပယ်ဖျက်ရမယ်… ဝမ်ဆိုတဲ့ မျိုးရိုးအမည်ကိုလည်း ဆက်မသုံးရတော့ဘူးလို့ ပြောတယ်… အဲဒီလို လုပ်မှသာ ဘေးဒုက္ခတွေ ကင်းဝေးမယ်တဲ့…”


"မိသားစုဝင်တွေ အကျိုးအကြောင်း ညှိနှိုင်းကြပြီးနောက်မှာတော့ ခင်ဗျားရဲ့ ကံကြမ္မာက အရမ်းကြမ်းတယ်လို့ ကောက်ချက်ချလိုက်ကြတယ်… အဘွားအို စကားကို နားမထောင်ရင် အားလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ကြောက်တာကြောင့် သူတို့က ခင်ဗျားရဲ့ အမည်ကို အိမ်ထောင်စုစာရင်းကနေ ပယ်ဖျက်လိုက်ကြတယ်… ဝမ် မျိုးရိုးအမည်ကိုလည်း ဆက်မသုံးရတော့ဘူးလို့ အမိန့်ထုတ်လိုက်တယ်…" 

 

"အဲဒီမှာ ဘယ်မျိုးရိုးအမည် ယူမလဲဆိုတာ ရွာထဲမှာ အတော်လေး ဂယက်ရိုက်သွားတယ်… တခြားမျိုးရိုးရှိတဲ့ မိသားစုတွေကလည်း ခင်ဗျားသာ သူတို့မျိုးရိုးအမည် ယူလိုက်ရင် သူတို့ပါ ကံဆိုးကုန်မလားလို့ စိုးရိမ်ကြတာပေါ့… ဒါကြောင့် ဘယ်သူကမှ သူတို့မျိုးရိုးကို ပေးမသုံးကြဘူး… နောက်ဆုံး ရွာသူကြီးက စဉ်းစားပြီးမှ ‘ဒီရွာမှာ ကျိုးဆိုတဲ့ မျိုးရိုးမရှိတော့ ကျိုး လို့ပဲ မှည့်လိုက်ကြစို့’ ဆိုပြီး ခင်ဗျားကို ‘ကျိုးကျင့်’လို့ အမည်ပေးလိုက်တာပဲ…" 

 

"ခင်ဗျားအမေကတော့ ခင်ဗျားကို အိမ်ထောင်စုစာရင်းက ပယ်ဖျက်ပြီး မျိုးရိုးနာမည် ပြောင်းလိုက်ရုံနဲ့ အားမရဘူး… ခင်ဗျားက သူ့ကို ဒုက္ခပေးမယ့်သူလို့ ဆက်ယုံကြည်နေတုန်းပဲ… ခင်ဗျား အသက် ၁၀ နှစ်အရွယ် အိမ်အလုပ်တွေ လုပ်နိုင်လာတဲ့အချိန်မှာ ခင်ဗျားအဖေကို တိုက်တွန်းပြီး ခင်ဗျားကို အိမ်ကနေ နှင်ထုတ်ခိုင်းလိုက်တော့တယ်… ခင်ဗျားထွက်သွားပြီးနောက်မှာ မိသားစုထဲမှာ ဖျားနာတာတွေ တကယ်ပဲ နည်းသွားတော့ သူက ပိုပြီး ယုံကြည်သွားတာပေါ့… အဲဒီနောက်ပိုင်း ခင်ဗျားအပေါ်ကို ပိုပြီး ရက်ရက်စက်စက် ဆက်ဆံလာခဲ့တာပဲ…" 

 

ထိုစကားများကို ကြားလိုက်ရသည့်အခါ ကျိုးကျင့်က ဆွံ့အသွားရသည်။ 

 

ဒီသားအမိကတော့ ရေစက်မပါခဲ့ကြဘူးလို့ပဲ ပြောရတော့မယ်… 

 

“ငါက ဆွေမျိုးတွေကို ဒုက္ခပေးမယ့် ကြမ္မာဆိုးကောင်ဆိုရင် မင်းက ဘာလို့ ငါ့ကို လက်ထပ်ဖို့ သဘောတူခဲ့တာလဲ…”  

ကျိုးကျင့်က မေးလိုက်သည်။ 

 

ရှန်မော့က မျက်လွှာချလိုက်ပြီး ပြန်ဖြေသည်။ 

“ကျွန်တော့်အမေရင်းက ဆုံးသွားပြီ… အဖေက နောက်မိန်းမ ယူခဲ့တယ်… ကျွန်တော့် မိထွေးကလည်း ကျွန်တော်က သူတို့အတွက် ‘ကြမ္မာဆိုး’ ပဲလို့ ယူဆထားတာ… ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အလိုက်ဖက်ဆုံးပဲဆိုပြီး သူက စီစဉ်ပေးခဲ့တာပါ…” 

 

“ဒါတွေက လုံးဝ မဟုတ်ပါဘူး… ကျွန်တော့်အစ်ကိုက မိသားစုကို ဘယ်တော့မှ ဒုက္ခမပေးဘူး… အမေဖြစ်ခဲ့တာတွေက မတော်တဆမှုတွေပဲ… အဲဒီမိထွေးက တကယ် ယုတ်မာတာ… ကျွန်တော်နဲ့ ကော ကောင်းကောင်း နေရတာကို သူ မကြည့်ရက်ဘူး… ဒါကြောင့်ပဲ ကောကို ခင်ဗျားနဲ့ ပေးစားလိုက်တာ… ခင်ဗျားက ကောကို နှိပ်စက်ပြီး သေအောင် လုပ်လိမ့်မယ်လို့ သူက မျှော်လင့်နေတာ…” 


ရှန်လင်းက ဒေါသတကြီး ဝင်ပြောလေတော့သည်။



👶👶👶