Chapter 33
Viewers 2k

အပိုင်း (၃၃)

 

 

 

ယဲ့ကျိုးတစ်ယောက် လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ရင်း မေးသည်။ “ဒါဆို ဒုက္ခသည်တွေအတွက် အစားအစာတွေ လဲလှယ်ဖို့ ရောက်လာတာပေါ့?”

 

သူသည် လက်ဖက်ရည်ကို အရသာခံသောက်တတ်သူ ဖြစ်သော်လည်း ကောင်းသည် ဆိုးသည်ကိုတော့ မခွဲခြားနိုင်ချေ။ သူ လက်ရှိ သောက်နေသည့် လက်ဖက်ရည်မှာလည်း စူပါမားကတ်တွင် ရရှိနိုင်သော အိတ်ဆောင် ဟွားမောင်ဖုန်း လက်ဖက်ခြောက်သာ ဖြစ်သည်။

 

အရည်အသွေး ကောင်းမွန်ခြင်း မရှိသော်လည်း လက်ဖက်ခြောက်က မွှေးကြိုင်သည့် ရနံ့ကို ပေးစွမ်းသည်။ သို့သော် တစ်ငုံသောက်လိုက်တိုင်း ရေငတ်ခြင်းကို ပိုဆိုးစေတတ်သည်။

 

ယဲ့ကျိုးက လင်းယိုယွမ်၏ မျက်နှာကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် လင်းယိုယွမ်က သူ့အပေါ်တွင် ချမ်းသာသော သခင်လေးတစ်ဦး၏ ပုံစံ၊ လောကီရေးရာများကို စိတ်မဝင်စားသူ၊ ဂျုံပင်နှင့် မုယောပင်ကိုပင် ခွဲခြားမသိနိုင်သူ တစ်ယောက်အဖြစ်သာ ထင်ကျန်ရစ်ခဲ့သောကြောင့်ပင်။

 

ထင်ထားသည့်အတိုင်း လူတစ်ယောက်ကို အပြင်ပိုင်းအသွင်အပြင်ဖြင့် မဆုံးဖြတ်သင့်ချေ။ ယဲ့ကျိုးတစ်ယောက် လင်းယိုယွမ်ကို လျှော့တွက်ခဲ့ကြောင်း အတွင်းစိတ်မှနေ၍ ဝန်ခံလိုက်၏။

 

ယဲ့ကျိုးက ပြောသည်။ "စားစရာတွေ လဲပြီး ပြန်လာရင်တောင်မှပဲ၊ ထိုင်ပြီး စားနေရုံနဲ့ ဘယ်လောက်ကြာကြာ အသက်ဆက် နိုင်မှာလဲ။ ပြီးတော့၊ ကျွန်တော်တို့က အစားအစာကို အဆက်မပြတ် ဆက်ပေးနေရင်တောင်မှ ဒုက္ခသည်တွေက အန်ယန်မြို့ပြင်မှာပဲ စခန်းချ နေကြလိမ့်မယ်။ သူတို့အတွက် တခြား ရွေးချယ်စရာတွေ ရှိနေရင်တောင်မှ သူတို့ လိုက်ရှာတော့မှာ မဟုတ်ဘူး"

 

အစားအစာက အကန့်အသတ် ရှိသည်။ လင်းယိုယွမ်တစ်ယောက် အစားအသောက် လဲလှယ်ဖို့အတွက် တစ်ကြိမ်စီ လာတိုင်း ဘယ်လောက်ကြာအောင် အချိန်ကုန် ခံနေရမှာလဲ။ သူတို့ ဘယ်လောက်များတဲ့ အခက်အခဲနဲ့ အနှောင့်အယှက် တွေနဲ့ ကြုံတွေ့ရဦးမလဲ။

 

ထို့အပြင်၊ လူများကို အဆက်မပြတ် ထောက်ပံ့ပေးနေခြင်းကလည်း ကောင်းမွန်သည့် ဖြေရှင်းနည်း မဟုတ်။

 

လင်းယိုယွမ်က ခေါင်းငုံ့ကာ ခါးခါးသီးသီး ပြုံးလိုက်သည်။ "နတ်မင်းကို လျှို့ဝှက်မထားတော့ပါဘူး။ ကျွန်တော့်အဖေ ပြောတာလည်း အဲဒီအတိုင်းပါပဲ။ တခြား နည်းလမ်း လုံးဝမရှိလို့သာ ဒီရူးကြောင်ကြောင် စိတ်ကူးကို ထုတ်ခဲ့ရတာ။ ဒုက္ခသည်တွေ ငတ်ပြတ်ပြီး သေတာကို ထိုင်ကြည့် နေရတာထက်တော့ သာပါတယ်လေ"

 

ယဲ့ကျိုးသည် သူ့ရှေ့မှ ဆိုဖာကို လက်ညှိုးထိုးကာ လင်းယိုယွမ်အား ပြောလိုက်၏။ "ထိုင်ပါဦး"  

 

လင်းယိုယွမ်လည်း ငြင်းပယ်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် နတ်မင်း ခိုင်းသမျှ အရာအားလုံးကို သူ လုပ်ဆောင်မည်သာ ဖြစ်သည်။

 

ယဲ့ကျိုးက ပြောသည်။ "ရတာပေါ့၊ စားစရာတွေ လဲလို့ရပါတယ်။ မင်းလည်း ရောက်လာပြီဆိုတော့ ကျွန်တော်လည်း အကြံ တစ်ခု ပေးပါ့မယ်"

 

လင်းယိုယွမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။ သူက အလွန်အမင်း ဝမ်းသာသောကြောင့် ထခုန်ဖို့ပင် မတတ်နိုင်ဘဲ ရှိနေသည်။

 

နတ်မင်း၏ နေအိမ်တည်ရှိနေခြင်းကပင် ကံကောင်းခြင်းတစ်ရပ် ဖြစ်နေခဲ့ချေပြီ။ အစားအစာ လဲလှယ်နိုင်ခြင်းက ထိုကံကောင်းခြင်းထဲမှ အကြီးမားဆုံး ကံကောင်းခြင်း ဖြစ်နေခဲ့သည်။ သို့သော် နတ်မင်းက အကြံပြုချက်ပေးရန် ဆန္ဒရှိလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ပေ။

 

"အစားအစာအပြင်၊ ကျွန်တော်က မင်းကို မျိုးစေ့တွေပါ ပေးနိုင်ပါတယ်" ယဲ့ကျိုးက မေးသည်။ "မြေတစ်ဧကမှာဆိုရင် ဆယ်တင်းလောက် အထွက်နှုန်း ရနိုင်တယ်"

 

လင်းယိုယွမ်တစ်ယောက် အံ့အားသင့်သွားသည်။ သူ၏ နှုတ်ခမ်းများ တုန်ယင်လာပြီး တစ်စုံတစ်ယောက်က သူ၏ လည်ချောင်းကို ညှစ်ထားသကဲ့သို့ အသံထွက်မလာနိုင်အောင် ဖြစ်နေသည်။

 

ဆယ်တင်း?

 

သီးနှံများ စိုက်ပျိုးသည့် ကမ္ဘာတွင် အကောင်းဆုံး မျိုးစေ့များနှင့် အသင့်တော်ဆုံး ရာသီဥတု အခြေအနေများပင်လျှင် မြေတစ်ဧက၌ အများဆုံး သုံးတင်းသာ ထွက်ရှိစေနိုင်မည်။

 

ယဲ့ကျိုးတစ်ယောက် ခေတ္တမျှ စဉ်းစားလိုက်၏။ "အပင်က ဂျုံလည်း မဟုတ်၊ စပါးလည်း မဟုတ်ဘူး။ တကယ်လို့ တစ်ခုခုနဲ့ ဆင်တယ်ဆိုရင် တာရို (ပိန်းဥ) နဲ့ ပိုတူပေမယ့် သူ့ရဲ့ အရသာနဲ့ အဟာရဓာတ်ကတော့ လုံးဝ ကွဲပြားတယ်။ ပြီးတော့ မျိုးစပ်စရာလည်း မလိုဘူး"

 

သို့သော် ယဲ့ကျိုး၏ စကားများကို လင်းယိုယွမ်တစ်ယောက် အာရုံမစိုက်နိုင်တော့ချေ။ သူ၏ ပါးပြင်များက အရက်သောက်ထားသလိုမျိုး နီရဲလာပြီး အကြည့်များက အာရုံစိုက်မှု ပျောက်ဆုံးသွားခဲ့သည်။ သူ၏ နှုတ်ခမ်းများက လှုပ်ရှားနေပြီး အနီးကပ် နားထောင်ကြည့်ပါက “ဆယ်တင်း” ဟူသည့် စကားလုံးနှစ်လုံးကိုသာ တီးတိုးရွတ်ဆိုနေသည်ကို ကြားရမည်။

 

ယဲ့ကျိုးတစ်ယောက် လင်းယိုယွမ်၏ နာမည်ကို ခေါ်တော့မည့် ဆဲဆဲတွင် လင်းယိုယွမ်က ရုတ်တရက် ထရပ်ပြီး ယဲ့ကျိုးရှေ့၌ တစ်ဖန် ဒူးထောက်လိုက်ပြန်သည်။

 

ယဲ့ကျိုးသည် သူ၏ ရုတ်တရက် လုပ်ဆောင်မှုကြောင့် တုန်လှုပ်သွားသော်လည်း လင်းယိုယွမ်တစ်ယောက် နဖူးဖြင့် မြေပြင်ကို ထိထားပြီး ဖြစ်သည်။ "နတ်မင်း… ဒါက အသက်ရှင်နေတဲ့ လူတွေအတွက် အံ့ဖွယ်ရာတစ်ခုပါပဲ…"

 

 

သူသည် ငိုလိုက် ရယ်လိုက်ဖြင့် တစ်ပြိုင်နက်တည်း ဖြစ်နေခဲ့ပြီး ပြောသည်။ "အသက်ကယ်တဲ့ ကုသိုလ်က အခုလက်ငင်း အကျိုးရှိသလို နောင်နှစ်ပေါင်းထောင်ချီ အတွက်လည်း ဆောင်ကျဉ်းပါလိမ့်မယ်…"

 

ဆယ်တင်း! ဒီအရာကြောင့် လူဘယ်နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်မှာလဲ။

 

လင်းယိုယွမ်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေခဲ့ချေ၏။

 

သူသည် အမှန်ပင် ယခင်က အသိဉာဏ်ကင်းမဲ့သော အထက်တန်းလွှာ လူငယ်တစ်ဦးသာ ဖြစ်ခဲ့ဖူးသည်။ ပြည်သူတို့၏ ဆင်းရဲဒုက္ခကို သူ ဂရုမစိုက်ခဲ့။ သူ၏ ဖခင်က ဘုရင်ခံ၊ မိခင်က ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်သောကြောင့် သူ မွေးဖွားလာသည့် အချိန်မှစ၍ ဆင်းရဲခြင်း သို့မဟုတ် ငတ်မွတ်ခြင်းကို မည်သည့်အခါမျှ မသိခဲ့ရပေ။ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုများမှာ မည်သို့သော ဇနီးမျိုးကို လက်ထပ်ရမည်၊ နာမည်ကျော်ကြားအောင် လုပ်နိုင်ပါ့မလားဟူသည့် ကိစ္စများသာ ဖြစ်ခဲ့သည်။

 

သို့သော် မြောက်ဘက်မှ တောင်ဘက်သို့ ခရီးသွားလာခဲ့ပြီး ထိုအတွေ့အကြုံကို ဖြတ်သန်းပြီးနောက် သူသည် သူ၏ ယခင်ပုံစံဆီသို့ ဘယ်တော့မှ ပြန်မသွားနိုင်တော့ချေ။

 

ပထမဆုံးအကြိမ်အဖြစ် သာမန်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို သူ၏ စိတ်ထဲ၌ ထင်ထင်ရှားရှား မှတ်တမ်းတင်ထားခဲ့သော်လည်း သူ့အိမ်တွင် သူ့အား နားလည်ပေးမည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။

 

သူ၏ ဝမ်းကွဲတစ်ယောက်ပင်လျှင် သူ၏ အတွေးများကို နားမလည်နိုင်ခဲ့ချေ။

 

သူတို့အတွက်မူ ပြည်သူတို့၏ ဆင်းရဲဒုက္ခက ဘဝ၏ သဘာဝ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်သည်။ သူတို့တွင် အမွေဆက်ခံရမည့် မိသားစု အစဉ်အလာများ မရှိသလို၊ ဉာဏ်ပညာကိုလည်း မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်း၍ မရနိုင်ချေ။ ၎င်းတို့က ကမ္ဘာကြီးသည် ပို၍ ကောင်းမွန်လာမည် မဟုတ်ဘဲ ပို၍ ဆိုးရွား လာလိမ့်မည်ဟု ယုံကြည်ကြသည်။ လူတို့သည်လည်း အသိဉာဏ်ကင်းမဲ့၍ စိတ်နှလုံး ခေါင်းပါး နေလိမ့်ဦးမည်ဟု ယူဆသည်။

 

ဤကမ္ဘာကြီး၏ ကြီးကျယ်သော အစီအစဉ် တွင် ၎င်းတို့က ကိုယ့်ကိုယ်ကိုယ် အရေးမကြီးသူများ အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။

 

သူတို့ သေဆုံးသွားလျှင်ပင် ပြန်လည် မွေးဖွားလာမည်ဖြစ်ပြီး လူတို့က အမြဲတမ်း ဆက်လက် တည်ရှိနေမည်သာ။

 

ဤကမ္ဘာကြီးကို ပိုမို ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာအောင် လုပ်နိုင်သူများမှာ သူတို့၊ မင်းမျိုးမင်းနွယ်များ၊ ဂုဏ်သရေရှိ မိသားစုများမှ ဆင်းသက်လာသူများသာ ဖြစ်သည်။ သူတို့က ဉာဏ်ပညာ ပိုင်ဆိုင်ကြပြီး၊ မိသားစု အမွေအနှစ်များ ရှိကြသည်။ သူတို့က ဧကရာဇ်များကို သာယာဝပြောသော ခေတ်များ ဖန်တီးရာတွင် ကူညီနိုင်စွမ်း ရှိကြသည်။

 

ဧကရာဇ်တစ်ပါး မရှိရင်တောင် သူတို့ မရှိ၍တော့ မဖြစ်ချေ။

 

ဧကရာဇ်မင်း၏ အာဏာက ကျေးလက်ဒေသသို့ မရောက်နိုင်သော်လည်း ပြည်သူများကို အမှန်တကယ် အုပ်ချုပ်သူများမှာ သူတို့သာ ဖြစ်သည်။ ဒေသခံ အထက်တန်းလွှာများက ဧကရာဇ်မင်း၏ အမိန့်များကို လျစ်လျူရှုနိုင်သော်လည်း သူတို့၏ အမိန့်များကိုတော့ လျစ်လျူရှု၍ မရနိုင်ပေ။

 

လင်းယိုယွမ်သည် သူတို့၏ အတွေးများကို မည်သို့သော ပုံစံဖြင့် တွေးသည်ကို တစ်ခါမျှ မသိခဲ့ရချေ။

 

​သူလည်း အရင်က ဒီလို တွေးခဲ့ဖူးကောင်း တွေးခဲ့ဖူးမည်။ သို့သော် သူသည် သူ၏ ကိုယ်ပိုင် အရေးမပါမှုနှင့် အင်အားအကြီးမားဆုံးသော မိသားစုများပင်လျှင် မည်သည့်မျှ အရေးမပါသည်ကို သိရှိနားလည်ခဲ့ပြီး ဖြစ်သည်။

 

သူ၏ ဖခင်က သာမန်ပြည်သူများအတွက် စာနာစိတ် ရှိကောင်းရှိနိုင်သော်လည်း သူတို့အား မည်သည့် လုပ်ဆောင်မှုမျှ မလုပ်ဘဲ သေဆုံးသွားသည်ကို ကြည့်နေနိုင်ခဲ့သည်။

 

အဘယ်ကြောင့်ဆိုသော် သူတို့အတွက် သူတို့ အုပ်ချုပ်သည့် လူများသာလျှင် စစ်မှန်သော "ပြည်သူများ" ဖြစ်ကြသည်။ ငတ်မွတ်မှုမှ ထွက်ပြေးလာသော ဒုက္ခသည်များက ဒုက္ခသည်များသာ ဖြစ်၏။

 

ဒုက္ခသည်များက အန်ယန်မြို့သို့ အကျိုးကျေးဇူး တစ်စုံတစ်ရာ မယူဆောင်လာဘဲ ပြဿနာများသာ ပေးသည်။ ထို့ကြောင့် သူက ဒုက္ခသည်များ၏ အခက်အခဲများကို မည်သို့ ဖြေလျှော့ပေးရမည်ကို စဉ်းစားခြင်းအား စိတ်မဝင်စားတော့ချေ။ အဲဒီအစား၊ ထိုစိန်ခေါ်မှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မစဉ်းစားဘဲ၊ သူတို့အား အခြေချနေထိုင်ရန် မည်မျှ ခက်ခဲကြောင်းကိုသာ အာရုံစိုက်နေခဲ့သည်။

 

သို့သော် သားတစ်ယောက်အနေနှင့် ဖခင်၏ အမှားများကို ပေါ်ပေါ်ထင်ထင် ထောက်ပြနိုင်ခြင်း မရှိချေ။

 

သို့မဟုတ်... သူ၏ ဖခင်သည်လည်း ထိုသို့သော သူတစ်ဦး ဖြစ်ကြောင်း ဝန်ခံရန် ဆန္ဒမရှိခဲ့ခြင်း ဖြစ်နိုင်မည်။

 

နတ်မင်းတစ်ယောက်သာလျှင်…

 

နတ်မင်းတစ်ယောက်သာလျှင် လူတိုင်းကို ခွဲခြားမှုမရှိဘဲ တန်းတူ ဆက်ဆံသည်။

 

မြင့်မြတ်ခြင်း မရှိ၊ နိမ့်ကျခြင်း မရှိ၊ ဘာမှ မရှိ…

 

ယဲ့ကျိုးတစ်ယောက် လင်းယိုယွမ်က မည်သည့်အရာများကို စိတ်ကူးယဉ်နေသည်ကို မသိခဲ့ပေ။ "အသက်ကယ်တင်ခြင်း" ဟူသော စကားလုံးလေးလုံးကြောင့် သူ လုံးဝ ငြိမ်သက်သွားခဲ့သည်။

 

ဟုတ်ပါတယ်။ ထိုစကားလုံးလေးလုံးနှင့် သူ လုံးဝ မထိုက်တန်ပေ။

 

 

တစ်စုံတစ်ယောက်က ထိုက်တန်တယ်ဆိုရင်တော့ လူကြီးမင်းယွမ်သာ ဖြစ်နိုင်လိမ့်မည်။

 

လင်းယိုယွမ် အဘယ်ကြောင့် ငိုနေသည်ကို သူ မသိပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ လင်းယိုယွမ်က ခံစားလွယ် လွန်းနေလို့များလား?

 

 တစ်ယောက်ယောက်က ဒီလို အလွယ်တကူ ငိုတာမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

 

လင်းယိုယွမ်က သူ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်သည်။ သူ၏ စိတ်ခံစားမှုများက ရိုးသားသည်ဟု ယုံကြည်တာကြောင့် ရှက်စရာ ဘာမှမရှိချေ။ သူ၏ အသံက 

ဩရှရှဖြစ်နေလျက် ပြောသည်။ "နတ်မင်း၊ ကျွန်တော် သူတို့ကို ပစ္စည်းတွေ သယ်လာဖို့ ညွှန်ကြားပါ့မယ်"