အပိုင်း (၃၁)
ညဉ့်နက်၍ အမှောင်ကျလာသော်လည်း ဤတောင်ကုန်းပြောင်ကြီးကား ငြိမ်သက်ခြင်းဆီသို့ ပြန်မရောက်သေးပေ။ ဝူယန်တစ်ယောက် သံပေါက်ပြားတစ်ချောင်းကို ကိုင်လျက် ချွေးသံတရဲရဲဖြင့် မြေကျင်းများ တူးဆဲရှိ၏။ ကံအားလျော်စွာ ဤမြေသားက ပျော့ပျောင်းနေသောကြောင့်သာ။ မဟုတ်ပါက သူ၏ လက်မောင်းများမှာ မ,မနိုင်တော့လောက်အောင် ဖြစ်နေလိမ့်မည်။
ဤအလောင်းများကို ပေါ့ပေါ့ဆဆ စွန့်ပစ်၍မရ။ ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်သောကြောင့် မီးရှို့ရန်လည်း မဝံ့ရဲကြချေ။
ထို့ကြောင့် ကြိုးစားအားကုန်ထုတ်ကာ မြေမြှုပ်ရန်အတွက် ကျင်းများတူးရ၏။ မြေမြှုပ်မထားပါက နှစ်ရက်အတွင်း အလောင်းများ ပုပ်ပွပြီး လောက်များ ထွက်လာကာ အနံ့အသက်ဆိုးများ တောင်အောက်သို့ ပျံ့လွင့်သွားနိုင်မည်။
နတ်မင်းကလည်း ထိုကဲ့သို့ မိန့်ကြားထားသည်။ “သူတို့ကို မြှုပ်နှံလိုက်ပါ။ ဒီမြေကြီးကို အစာရေစာအဖြစ်နဲ့ ကျွေးမွေးပြီး သူတို့ ဒီနေရာမှာ လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ကျေအေးဖို့ပေါ့”
ချောင်အာမှာလည်း ကျင်းတူးနေ၏။ သူ(မ)၏ ကိုယ်လုံးသေးသေးနှင့် ခွန်အားနည်းပါးသောကြောင့် ယဲ့ကျိုးအနေနှင့် ဤအလုပ်ကို လုပ်ခွင့် မပေးလို။ သို့သော် ချောင်အာ၏မိခင်က အမျိုးသားများ လုပ်သမျှ အလုပ်တိုင်းကို ချောင်အာအနေနှင့်လည်း လုပ်ဆောင်သင့်ကြောင်း အခိုင်အမာ တိုက်တွန်းသောကြောင့်သာ လုပ်ကိုင်နေရခြင်းဖြစ်သည်။
ချောင်အာက ဦးဆောင်ခဲ့သည်ကြောင့်လားမသိ၊ အစားအစာနှင့် ရေများကို လာပို့ပေးသည့် အမျိုးသမီးများလည်း မြေကျင်းတူးရာ၌ ဝိုင်းဝန်းကူညီကြ၏။ တူးဖော်နိုင်လောက်အောင် အားမရှိပါက အလောင်းများကို မြေမြှုပ်ရာတွင် အကူအညီ ပေးကြလေသည်။
ယဲ့ကျိုးကမူ ဤကိစ္စများကို အာရုံမစိုက်ခဲ့ချေ။ ဤဝန်ထမ်းများအားလုံးက သူ၏ ပတ်ပတ်လည်တွင် မိသားစုအလိုက် စုစည်းနေကြခြင်းဖြစ်ပြီး၊ သူတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားသရွေ့ ယဲ့ကျိုးက သူတို့၏ အတွင်းရေး မိသားစုကိစ္စများကို ဘယ်သောအခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
ယဲ့ကျိုးနှင့် နှိုင်းယှဉ်လျှင် အခြားသူများအနေနှင့် အလောင်းများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်သည်ဟု ဆိုရပေမည်။
အလောင်းများကို မြေမြှုပ်နေရင်း သူတို့က ရယ်ရယ်မောမော စကားပြောဆိုနေကြ၏။
"ငါတို့က ဘာမှ လုပ်စရာမလိုဘူးပါဘူးကွာ…" လီစစ်တစ်ယောက် မြေတူးရင်း အသံကျယ်ကျယ်ဖြင့် ပြောသည်။ "မြားတွေနဲ့ ပစ်လိုက်ရုံလေး… အားတောင်မသုံးလိုက်ရဘူး…"
ချန်လျိုကလည်း ဖြည့်စွက်၍ ပြောသည်။ "မင်းတို့ကောင်းတွေ နတ်မင်းရဲ့ လက်နက်တွေရဲ့ အစွမ်းကို မမြင်ဖူးသေးဘူး။ ငါ မောင်းဆွဲလိုက်တာနဲ့ ချက်ချင်းလဲကျသွားတာ၊ တခြားဘာမှ လုပ်စရာကို မလိုတာ"
ချောင်အာကတော့ ခါးထောက်ပြီး ညည်းညူသည်။ "ရှင်တို့ တစ်ယောက်မှ အသေမသတ်ကျဘူးလေ… အကုန်လုံး ကျွန်မချည်းပဲ လက်စဖျောက်နေရတာ…"
သူတို့က ရှေ့သို့ တိုးပြီး ဝင့်ကြွားချင်စိတ်သာ ရှိကြ၏။ ချောင်အာတစ်ယောက်တည်းသာ နောက်ကွယ်မှ တောက်လျှောက် repeating crossbow ကို ပစ်ခတ်နေရသောကြောင့် သူ(မ)၏ လက်များပင် မမြှောက်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ဝူယန်က အလျင်အမြန်ပင် ပြောလိုက်သည်။ "တောင်းပန်ပါတယ်နော်၊ တောင်းပန်ပါတယ်၊ ပြန်ရောက်တာနဲ့ ကျွန်တော် သိမ်းထားတဲ့ သစ်သီးခြောက်တွေကို ပေးပါ့မယ်"
ဝူယန်က ဦးဆောင်ပြီး ပြောဆိုလိုက်သည်နှင့် အခြားသူများကပါ ဝိုင်းပြောကြတော့၏။ "ကျွန်တော့်ဆီမှာလည်း သိမ်းထားတာတွေ ရှိတယ်"
.
စူပါမားကတ်တွင် လေအေးပေးစက်များကို နေ့ရောညပါ ဖွင့်ထားခြင်းကြောင့် ရေခဲသေတ္တာများထဲမှ သစ်သီးများကို အကြာကြီး သိမ်းဆည်းထားနိုင်သည်မှာ အမှန်ပင်။
သူတို့ စူပါမားကတ်သို့ ရောက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ပစ္စည်းသိုလှောင်သည့် အကျင့်ကား မပျောက်သေးပေ။ တစ်ခုခုက ကောင်းသည်ဟု ယူဆလျှင် တစ်ထိုင်တည်းနှင့် ကုန်အောင်စားရန် ဆန္ဒမရှိကြ။ ဗိုက်ဆာနေလျှင်တောင် အနည်းငယ် ချန်ထားရမှ ကျေနပ်ကြသည်။
သစ်သီးများသာမကဘဲ အထားခံသော အစားအစာများ၊ အသားခြောက်များနှင့် ငါးခြောက်များကိုပါ သိုလှောင်ကြသည်။
ယဲ့ကျိုးကတော့ ဝင်မစွက်ဖက်ခဲ့ပေ။ ဤသိုလှောင်တတ်သည့် အကျင့်ကို သူ နားလည်သည်။ သူ မကူးပြောင်းလာမီက သူ၏ အဘိုးအဘွားများပင်လျှင် ပစ္စည်းများ သိုလှောင်လေ့ရှိခဲ့သည်။ သူတို့အတွက်မူ ဤသည်ကား သွေးသားထဲတွင် အမြစ်တွယ်နေသော အကျင့်တစ်ခု ဖြစ်နေ၏။
ငတ်မွတ်ခဲ့ရသော နေ့ရက်များရ သူတို့၏ စိတ်ဝိညာဉ်များပေါ်တွင် နက်ရှိုင်းသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။
"ဘာဖြစ်တာလဲ? ခုထိ အားမပြည့်သေးဘူးလား?" ဆာရာတစ်ယောက် ကျောက်တုံးကြီးတစ်ခုပေါ် တက်ကာ ယဲ့ကျိုးဘေးနားတွင် ထိုင်ချလိုက်ပြီး သကြားလုံးတစ်လုံးကို ကမ်းပေးလိုက်သည်။
ယဲ့ကျိုး၏ အာရုံက ပြောင်းသွား၏။ "ခင်ဗျားလည်း Lollipop စားလို့ရတာလား?"
ဆာရာက ခေါင်းညိတ်သည်။ "ကျွန်မ အစပ် အရသာ ပါတာလေး ရွေးစားတာ၊ အဲ့ဒီ ပူတဲ့ အရှိန်က နာကျင်တာကို ခံစားရစေလို့"
ယဲ့ကျိုးတစ်ယောက် ခေါင်းညိတ်ပြီး ဆာရာပေးသော စတော်ဘယ်ရီအရသာ ကို စစ်ဆေးကြည့်၏။ သူက သကြားလုံးအခွံကို ခွာလိုက်ပြီး ပါးစပ်ထဲ၌ ဖြည်းဖြည်းချင်း အရည်ပျော်စေလိုက်သည်။
"သိပ်တွေးမနေနဲ့၊ ဒီနေရာကို ဂိမ်းကမ္ဘာ တစ်ခုလိုပဲ သဘောထားလိုက်" ဆာရာက လရောင်အောက်မှ ကောင်းကင်ကို မော့ကြည့်သည်။ "ပြီးတော့၊ ရှင် သူတို့ကို မသတ်ဘူးဆိုရင်တောင် သူတို့က ရှင့်ကို သတ်ဖို့ ကြိုးစားနေမှာပဲ။ ကမ္ဘာတိုင်းက ငြိမ်းချမ်းတာ မဟုတ်ဘူး။ ရှင်သန်ဖို့အတွက် ရှင်က တခြားသူတွေထက် ပိုသန်မာနေဖို့ လိုတယ်"
ယဲ့ကျိုးက တီးတိုးရေရွတ်သည်။ "ပထမဆုံး လူသတ်တုန်းက ဘယ်လို ခံစားရလဲ?"
ဆာရာက လျစ်လျူရှုဟန်ဖြင့် ပြန်ဖြေသည်။ "ဘာမှ မခံစားရဘူးလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မက လူမှ မဟုတ်တာ"
ယဲ့ကျိုးက ဆက်၍ မေးသည်။ "…ဗန်ပိုင်းယားတွေကို သတ်တုန်းကဆိုရင်ရော?"
ဆာရာ: "တော်တော် ပျော်ခဲ့တာ"
ယဲ့ကျိုးက ထူးဆန်းစွာ ပြန်မေးသည်။ "ပျော်ခဲ့တယ်?"
ဆာရာတစ်ယောက် ရယ်မောလိုက်ပြီး ပြောသည်။ "ကျွန်မတို့ ဗန်ပိုင်းယားတွေက ရှင်တို့နဲ့ မတူဘူးလေ။ ခင်ဗျားတို့က 'အကောင်းဆုံးရှင်သန်သူ' အကြောင်း ပြောနေကြချိန်မှာ ကျွန်မတို့ကတော့ သဘာဝ စည်းမျဉ်းကိုပဲ ယုံကြည်တယ်။ ရှင်တို့ လူတွေက ကလေးမွေးပြီး ကြီးလာတဲ့အထိ စောင့်ကြတယ်နော်။ ဗန်ပိုင်းယားတွေက အဲဒီလောက်တောင် စိတ်မရှည်ချင်ဘူး။ အလားအလာရှိတဲ့ လူသားတွေကို ရှာပြီး ကိုယ့်မျိုးဆက် ဖြစ်အောင် ပြောင်းပစ်လိုက်တာ"
"ကျွန်မကိုတော့ အမေက မွေးခဲ့တာ။ ကျွန်မက သူ(မ)ရယ်၊ လူသားတစ်ယောက်ရယ်ရဲ့ ကလေးပေါ့။ ဒါကြောင့်လည်း သူ(မ)က ကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့တာ"
"တော်တော်တော့ ဆန်းတယ်နော်? လူတွေက ဗန်ပိုင်းယား ဖြစ်သွားနိုင်ပေမဲ့ ဗန်ပိုင်းယားနဲ့ လူသားရဲ့ ကလေးတွေကကျတော့ အားနည်းတဲ့ 'ကပြားတွေ’ ပဲ ဖြစ်နေကြတယ်"
"ကျွန်မအစ်ကိုတွေ တစ်ချိန်တုန်းက လူတွေ ဖြစ်ခဲ့တာကို မှတ်မိသေးတယ်။ သွေးသန့် ဗန်ပိုင်းယားတွေထက်တောင် သူတို့က ကျွန်မကို ပိုမုန်းကြတာ"
"ကျွန်မကြောင့် မိသားစု ဂုဏ်သိက္ခာ ထိခိုက်ပြီး ရယ်စရာ ဖြစ်ရတယ်လို့ သူတို့က ထင်ကြတာလေ"
ဆာရာက သူ(မ)၏ မေးစေ့လေးကို ထောက်ကာ ပြောသည်။ "ဒီတော့ ကျွန်မကိုယ်ကျွန်မ လူလို့လည်း သတ်မှတ်မထားဘူး၊ ဗန်ပိုင်းယားလို့လည်း အပြည့်အဝ မမြင်ဘူး။ လူတွေရော၊ ဗန်ပိုင်းယားတွေရောက ကျွန်မနဲ့ မသက်ဆိုင်တဲ့သူတွေပဲ။ သူတို့ကို သတ်ပစ်ဖို့ ဝန်လေးနေစရာ မလိုဘူး"
"ကျွန်မ ရှင်သန်ချင်ရင် သူတို့ သေမှ ရမှာ"
"ကျွန်မ အနိုင်ရတဲ့အခါတိုင်း ပျော်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ဆက်ပြီး အသက်ရှင်ခွင့်ရတယ်၊ ကျွန်မ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ အဓိပ္ပာယ်ရလို့ပဲ" ဆာရာက ယဲ့ကျိုးဘက်သို့ လှည့်ကြည့်သည်။ "သူဌေး၊ ရှင် အခု စိတ်ထဲ မကောင်းဖြစ်နေရင်၊ လက်မခံနိုင်ဘူးဆိုရင်တောင် လအနည်းငယ် ဒါမှမဟုတ် နှစ်အနည်းငယ် ကြာလို့ ပြန်တွေးကြည့်ရင် ဒါက ဘာမှအရေးမကြီးဘူးဆိုတာ တွေ့လာလိမ့်မယ်"
ယဲ့ကျိုးတစ်ယောက် ခေါင်းညိတ်ပြ၏။ တကယ်တော့ သူက ဘာကိုမျှ မခံစားရတော့ပေ။
ဘာမှ မခံစားရဘူးဟု ပြောမည့်အစား၊ သူ၏ စိတ်ခံစားမှု အတက်အကျများက ခေတ္တရပ်နားထားသည်နှင့် ပိုတူသည်။ ကျောက်ချန်းရှန့်ကို သတ်လိုက်သည့် အချိန်မှစ၍ သူက မည်သည့် စိတ်ခံစားမှုမျိုးကိုမျှ မခံစားခဲ့ရချေ။
.
အလောင်းများ အပုပ်နံ့ မထွက်စေရန်အတွက် လူတိုင်း ညလုံးပေါက် မရပ်မနား အလုပ်လုပ်ခဲ့ကြ၏။
သူတို့၏ အလုပ်များ ပြီးဆုံးသွားပြီးနောက်တွင် မနက်စာ စားကြပြီးမှ အိပ်ရာဝင်ကြသည်။
ယဲ့ကျိုးတစ်ယောက် အစားအသောက် အနည်းငယ်သာ စားချင်စိတ် ရှိ၏။ သူက စူပါမားကတ်သို့ ပြန်ရောက်သည်နှင့် ရေချိုးရန် ဝင်သွားသည်။ သူ ရေချိုးခန်းထဲတွင် အနည်းဆုံး နာရီဝက်ခန့် အချိန်ကုန်ဆုံးခဲ့ပြီးမှ ထွက်လာသည်။
ဝန်ထမ်းများအနေနှင့် ယဲ့ကျိုး၏ ပုံမှန် အခြေအနေနှင့် မတူဘဲ ထူးခြားသည့် အရာကို မည်သည့်မျှ မတွေ့ရှိခဲ့ကြချေ။ သူတို့က ညလုံးပေါက် အလောင်းမြှုပ်နှံခဲ့ရသော်လည်း စားချင်စိတ် လျော့နည်းသွားခြင်း မရှိဘဲ ပုံမှန်အတိုင်းပင် စားသောက်နေကြ၏။
ယဲ့ကျိုးအနေနှင့် အိပ်ပျော်နိုင်မည် မဟုတ်ဟု မူလက ထင်ထားသော်လည်း အိပ်ရာပေါ် တက်လိုက်သည်နှင့် လေအေးပေးစက်ကို ချိန်ညှိပြီး ခေါင်းအုံးကို ထိလိုက်သည့် ချက်ချင်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သူက ပျော်ရွှင်ဖွယ် ချိုမြိန်သော အိပ်မက် တစ်ခုပင် မက်ခဲ့၏။
သူ၏ အိပ်မက်ထဲတွင်၊ အခြားသော ကမ္ဘာများသို့ ကူးပြောင်းခြင်းနှင့် ပတ်သက်သည့် အရာအားလုံးက သူ မက်ခဲ့သော အိပ်မက်တစ်ခုသာ ဖြစ်သည်။ နိုးလာသောအခါတွင် သူက သူ၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် စူပါမားကတ်ပိုင်ရှင် အဖြစ်ပင် ရှိနေသေး၏။ သူက သူ၏ ဝန်ထမ်းများနှင့်အတူ စင်များကို စီစဉ်နေခဲ့ပြီး စူပါမားကတ်ကို ဖွင့်လိုက်သောအခါ ဖောက်သည်များ အစုလိုက်အပြုံလိုက် ပြေးဝင်လာကြ၏။ သူက ကြွယ်ဝပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။ သူက ပိုက်ဆံများကိုင်တွယ်နေရသောကြောင့် လက်များပင် နာကျင်လာခဲ့ရပြီး၊ ပြုံးရယ်နေရသောကြောင့် သူ၏ မျက်နှာတစ်ပြင်လုံးလည်း နာကျင်လာခဲ့ရတော့သည်။