Chapter 25
Viewers 2k

အပိုင်း (၂၅)

 

 

အမှောင်ထဲတွင် ဝူယန် ပုဆိန်လွှဲလိုက်သူ၏ လေးလံသော အသက်ရှူသံများကို ကြားနေရ၏။ သူက ထိုသူ၏ မျက်နှာကို မမြင်နိုင်ခဲ့သော်လည်း သူ၏ သန်မာထွားကြိုင်းသော ပုံပန်းသဏ္ဍာန်ကို တိတိကျကျ ခံစားသိရှိနေခဲ့ရ၏။ ထိုစက္ကန့်ပိုင်းလေးအတွင်းတွင် ဝူယန်က သူ၏ ရှောင်လွှဲမရနိုင်သော ကံကြမ္မာကို စောင့်ဆိုင်းနေသည့်အလား နေရာ၌ အေးခဲရပ်တန့်နေခဲ့တော့၏။

 

 

 

ထိုအခါ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည် ။

 

 

 

“ဒုန်း...”

 

 

 

ကျယ်လောင်သော အသံနှင့်အတူ ဝူယန်သည် ပုဆိန်က သူ၏ အသက်ကို အဆုံးမသတ်မီ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ နောက်ဘက်၌ ခံစားလိုက်ရသော ပြင်းထန်သော နာကျင်မှုက သူ့အား သတိပြန်လည်လာစေခဲ့၏။ ဤနာကျင်မှုကြောင့်ပင် သူ့မျက်မှောက်တွင် ရှိနေသော အိပ်မက်ဆိုးကဲ့သို့ မြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။

 

 

 

ကိုယ်လုံးကိုယ်ပေါက်သေးသေးလေးနှင့် ထိုမိန်းကလေးငယ်က သရဲတစ္ဆေကဲ့သို့ လေထဲသို့ ခုန်ပျံတက်သွားခဲ့ပြီး၊ သူ(မ)၏ ရွှေရောင် ဆံကေသာက လရောင်ကို ကွယ်ဝှက်ထားခဲ့၏။ သူ(မ)၏ ဖြူဖျော့သော အသားအရေက သွေးနီရောင် မျက်လုံးများကို ပိုမို ပေါ်လွင်စေခဲ့၏။ သူ(မ)၏ လက်ချောင်းများက ခြောက်သွေ့နေသော သစ်ကိုင်းများကဲ့သို့ ရှည်လျားနေခဲ့ပြီး၊ သွယ်လျသော လက်သည်းရှည်များတွင် အသားစကြီးတစ်ဖတ် ကပ်ငြိနေသည်ကို တွေ့ရသည် ။

 

 

 

လတ်ဆတ်သော သွေးနံ့သင်းသင်းက ဝူယန်ကို ကြောက်လန့်လွန်း၍ စကားမပြောနိုင်အောင် ဖြစ်စေခဲ့၏။ သူ၏ စိတ်သည် လုံးဝ အလုပ်မလုပ်တော့သည့်အလား သူ့ရှေ့မှ မြင်ကွင်းကိုသာ တွေတွေကြီး စိုက်ကြည့်နေခဲ့တော့သည် ။

 

 

 

ဆာရာက သူ(မ)ကန်ချလိုက်သော ထိုလူကို နင်း၍ ရပ်လိုက်၏။ ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားခဲ့လေသည် ။ ကိုယ်လုံးကိုယ်ပေါက်သေးသေးလေးနှင့် မိန်းကလေးငယ်တစ်ဦးက သန်မာထွားကြိုင်းသော ယောက်ျားကြီးတစ်ဦးကို လဲကျစေခြင်းက စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုမှ မြင်ကွင်းကဲ့သို့ မယုံနိုင်စရာ ဖြစ်နေခဲ့၏။

 

 

 

ဝူယန်နှင့် သူ၏ အဖွဲ့သားများသာမက သစ်တောထဲမှ ထွက်လာသူများပါ အံ့သြတုန်လှုပ်နေခဲ့ကြသည် ။

 

 

 

ဆာရာ၏ လက်ငါးချောင်းက ဆုပ်သွားခဲ့ပြီး သူ(မ)သည် ထိုလူ၏ ရင်ဘတ်ထဲသို့ အတင်းအကျပ် ထိုးစိုက်လိုက်၏။

 

 

 

ချွန်ထက်သော လက်သည်းများက အရေပြားကို ထိုးဖောက်ဝင်ရောက်သွားရာ ထိုလူ၏ ဦးရေပြားကို ကျဥ်တက်သွားစေခဲ့၏။

 

 

 

လူတိုင်းက သူတို့ လုပ်နေသည်ကို ရပ်တန့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက ပြူးကျယ်လာခဲ့ပြီး ဆာရာသည် ထိုလူ၏ နှလုံးသားကို ကျောဘက်ကနေ အားထုတ်စရာမလိုဘဲ ဆွဲထုတ်လိုက်သည်ကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေခဲ့ကြတော့၏။

 

 

 

ဆာရာသည် ခုန်ပေါက်နေဆဲဖြစ်သော နှလုံးသားကို ဂရုမစိုက်ဘဲ ဘေးသို့ ပစ်ချလိုက်၏ ။ သူ(မ)၏ လက်ကို မြှောက်လိုက်ပြီး မျက်လုံးများကို မှေးစင်းကာ လက်ချောင်းများကြားတွင် ကျန်ရစ်နေသော လတ်ဆတ်သော သွေးနံ့သင်းသင်းကို အရသာခံနေခဲ့တော့၏။

 

 

 

ဤအခိုက်အတန့်တွင် သူ(မ)သည် ရာပေါင်းများစွာသော သရဲတစ္ဆေ ပုံပြင်များမှ မည်သည့် မကောင်းဆိုးဝါးများထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပေသည် ။

 

 

 

“ဘာကို ကြောက်နေကြတာလဲ?” ဆာရာသည် သေနေသကဲ့သို့ တိတ်ဆိတ်နေသော သစ်တော၏ တိတ်ဆိတ်မှုကို သူ(မ)ကိုယ်တိုင် ချိုးဖျက်လိုက်၏။ သူ(မ)သည် ဝူယန်အား မျက်ခုံးပင့်၍ ကြည့်လိုက်၏။ “သူက နင့်ထက် အားအသန်ကြီးတော့မဟုတ်ပါဘူး။ နင်က နင့်ရဲ့ နှလုံးသားထဲမှာ အရှုံးပေးပြီးသားမို့ နင့်ရဲ့ လက်နက်က လက်ထဲကနေ ချော်ထွက်သွားတာပေါ့။ ငါသာ မရှိရင် နင် ဒီနေရာမှာ သေနေလောက်ပြီ။ ဒါပေမယ့် ငါကလည်း နင့်ဘေးမှာ အမြဲတမ်း ရှိနေနိုင်မှာ မဟုတ်ဘူး”

 

 

 

ဝူယန်၏ လည်ချောင်းက အသက်ရှူကျပ်နေသကဲ့သို့ ခံစားလိုက်ရပြီး အသံတစ်သံမျှ ထုတ်မရနိုင်တော့ချေ။

 

 

 

“မ… မကောင်းဆိုးဝါး...” တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

 

 

 

အော်ဟစ်သံများ၊ ခြောက်သွေ့သော သစ်ကိုင်းများကို ခိုက်မိ၍ ချော်လဲကျသော အသံများ စသည်တို့ ရောထွေး၍ ထွက်ပေါ်လာပြီး လူများက ထွက်ပြေးကြတော့၏။

 

 

 

ဆာရာက မြေပြင်ပေါ်၌ လဲလျောင်းနေသော ဝူယန်နှင့် အဖွဲ့သားများကို ဂရုမစိုက်တော့ချေ။

 

 

 

သူ(မ)၏ ခြေထောက်ရှိ ကြွက်သားများသည် ရုပ်ပျက်ဆင်းပျက်နှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖူးရောင်လာခဲ့ပြီး သူ(မ)၏ သွယ်လျသော ခြေထောက်များက ရုတ်တရက် ထူးထူးဆန်းဆန်း ကောက်ကွေးသွားခဲ့၏။ သူ(မ) ဘယ်လို အရှိန်ပြင်းပြင်း ပြေးလွှားသွားသည်ကို မည်သူမျှ မသိနိုင်ခဲ့ကြသော်လည်း မိုင်ပေါင်း ထောင်သောင်းချီဝေးသော နေရာမှ အေးစက်စက် လေပြေတစ်ခု တိုက်ခတ်လာသည်နှင့် တူနေခဲ့၏။

 

 

 

ထိုလူက ထွက်ပြေးနေခဲ့၏။ သူ ဘာကိုမျှ မကြားနိုင်တော့သလို၊ သွေးနံ့ပင်လျှင် သူ၏ နှာခေါင်းဝ,၌ ရှိမနေတော့ချေ။ သူ၏ စိတ်ထဲတွင် စကားလုံးတစ်လုံးတည်းသာ လွှမ်းမိုးထားခဲ့၏။ “ပြေး...”

 

 

 

သူ ပြေးနိုင်သမျှ ေဝးရာသို့ ပြေးနေခဲ့၏ ၊ ထို ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးထံမှ ဝေးရာသို့ ပြေးရမည်…

 

 

 

 

သူက တာအိုဘုန်းကြီး၊ ဘုန်းတော်ကြီး သို့မဟုတ် နတ်ဘုရား မဟုတ်၊ သာမန်လူတစ်ဦးသာ ဖြစ်ရာ ထိုကဲ့သို့သော သတ္တဝါမျိုးကို လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ…

 

 

 

သူ အခု လုံခြုံပြီလား?

 

 

 

ထိုလူက ဆက်၍ မပြေးနိုင်တော့ချေ။

 

 

 

လွန်ခဲ့သည့် စက္ကန့်ပိုင်းအထိ သူသည် အရှိန်အပြည့်ဖြင့် ပြေးလွှားနိုင်ခဲ့သော်လည်း “လုံခြုံပြီ” ဟူသော စကားလုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ စွမ်းအင်များအားလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

 

 

 

သူသည် မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး မရပ်မနား အသက်ရှူနေခဲ့ရာ သူ၏ နောက်ဆုံးထွက်သက်ကို ရှူနေရသလားတောင် တွေးနေခဲ့၏။

 

 

 

“နင်က အပြေးအမြန်ဆုံးသူ ထင်တယ်နော်၊ ဘာလို့ ဆက်မပြေးတော့တာလဲ?” မိန်းမတစ်ယောက်၏ အသံဩဩက ရုတ်တရက် သူ၏ နားထဲ၌ ပဲ့တင်ထပ်လာခဲ့၏။

 

 

 

ထိုလူမှာ ခဏတာ ကြောင်အသွားခဲ့သည် ။ “ငါ မပြေးနိုင်…”

 

 

 

သူသည် ရုတ်တရက် သတိရသွားခဲ့ပြီး ထိုနေရာ၌ တောင့်တောင့်ကြီး ထိုင်နေခဲ့၏။

 

 

 

တစ်စုံတစ်ယောက်က လရောင်အောက်တွင် သူ့ထံသို့ ချဥ်းကပ်လာခဲ့၏။

 

 

 

နောက်ဆုံးတွင် လရောင်အောက်၌ သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်းသည် ဟန်လူမျိုးနှင့် ဆင်တူသော်လည်း သိသိသာသာ ကွဲပြားသော ရုပ်ရည်ရှိသည့် မိန်းကလေးငယ်တစ်ဦးပင်။ သူ(မ)၏ သွေးနီရောင် မျက်လုံးများ၊ ဟန်များထက် ပို၍ ဖြူဖျော့သော အသားအရေနှင့် ရှည်လျားသော လက်သည်းများက သူ(မ)ကို ကြည့်နေသူတိုင်း ဘယ်သူ့ကိုမဆို သူ(မ)ဟာ လူ,မဟုတ်ကြောင်း ဖော်ပြနေခဲ့သည် ။

 

 

 

သူ(မ)တွင် မိန်းကလေးငယ်တစ်ဦး၏ မျက်နှာရှိသော်လည်း ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အသံ ရှိနေခဲ့၏။

 

 

 

သူ(မ)၏ ဩရှပြီး နူးညံ့သော အသံက သူ(မ)၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာနှင့် တွဲဖက်ထားသောအခါ၊ အထူးသဖြင့်၊ သူ(မ)၏ အသံသက်သက်ကြောင့်ပင် လူတစ်ဦး၏ ကျောရိုးကို ချမ်းစိမ့်စေရန် လုံလောက်နေခဲ့သည် ။

 

 

 

ထိုလူသည် သူ(မ)ကို ကြောက်လန့်တကြား ကြည့်နေခဲ့၏။

 

 

 

ဆာရာတစ်ယောက် ဘာမှ ထပ်မပြောမီ သူ(မ)သည် ထိုလူ၏ ဦးခေါင်း စောင်းသွားသည်ကို မြင်လိုက်ရပြီး သူ့ခမျာ မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့၏။

 

 

 

ဆာရာ: “…”

 

 

 

ငါ ဘာမှတောင် မလုပ်ရသေးဘူးလေဟယ်!

 

 

 

သူ(မ)သည် စိတ်တိုတိုဖြင့် ထိုလူထံသို့ လျှောက်သွားခဲ့၏။ သူ၏ဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး ပထမဆုံး သွေးခုန်နှုန်းနှင့် အသက်ရှူခြင်းကို စစ်ဆေးခဲ့၏။ သူ မသေဆုံးကြောင်း သေချာပြီးနောက် သူ(မ)သည် သူ့ကို ပါးအနည်းငယ် ရိုက်လိုက်၏။ သူ သတိမေ့ချင်ယောင်ဆောင်နေတာ မဟုတ်ကြောင်း သေချာသွားသောအခါ  သူ(မ)၏ မျက်လုံးများကို လှိမ့်လိုက်ကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ လက်မောင်းကို ဆွဲကိုင်ကာ သူ့ကို ဆွဲ၍ ပြန်ခေါ်လာခဲ့တော့၏။

 

 

 

သူသာ သတိမလစ်ခဲ့လျှင် သူ့ဘာသာ လျှောက်ပြန်နိုင်ခဲ့ပေမည်။

 

 

 

အခုမူ သူ(မ)အပေါ်တွင်သာ မူတည်နေခဲ့ချေပြီ။

 

 

 

.

 

 

 

“ကျွန်မ… ကျွန်မ ပတ်တီးစည်းပေးပါ့မယ်” ချောင်အာ သူ(မ)၏ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်၏။ သူ(မ)သည် ယူဆောင်လာသော ဆေးသတ္တာထဲမှ အရက်ပြန်နှင့် ပတ်တီးကို ယူလိုက်၏။ ယဲ့ကျိုးက သူတို့ မထွက်ခွာမီ မည်သို့ လုပ်ရမည်ကို သင်ပေးခဲ့ဖူးရာ လူတိုင်းက မည်သို့ လုပ်ဆောင်ရမည်ကို သိနေခဲ့ကြသည် ။

 

 

 

ချောင်အာမှလွဲ၍ ကျန်သူများသည် ဆာရာတစ်ယောက် သူတို့ထံသို့ ယူဆောင်လာခဲ့သော ထိတ်လန့်မှုမှ ပြန်လည် နာလန်ထူရန် ရုန်းကန်နေရဆဲဖြစ်ရာ သူတို့ အရင်က လုပ်ခဲ့သည့်အတိုင်းသာ ဆက်လုပ်နေခဲ့ကြ၏။

 

 

 

ချန်လျို သစ်ပင်တစ်ပင်ကို မှီ၍ ထိုင်နေပြီး တုန်ယင်နေသော နှုတ်ခမ်းများဖြင့် မေးလိုက်၏။ “သူ(မ)… သူ(မ)က တကယ်ကြီး ကျွတ်မကောင်းဆိုးဝါးလား? ပြီးတော့ သူ(မ)ရဲ့ လက်သည်းတွေကလည်း အရှည်ကြီးပဲ...”

 

 

 

ချောင်အာသည် ချန်လျို၏ ဒဏ်ရာကို သန့်ရှင်းပေးခဲ့၏။ ထိုဒဏ်ရာတွင် ရွှံ့နှင့် သွေးများ ဖုံးလွှမ်းနေခဲ့၏။ သူ(မ)သည် မကြာသေးမီက မြင်ကွင်းကို စိတ်ထဲ၌ မထားရဲဘဲ တိုးတိုးလေး ပြောလိုက်၏။ “ကျဲကျဲက နှစ်ပေါင်းလေးရာကျော် ကျင့်ကြံခဲ့တာဆိုတော့ သာမန် ကျွတ်မကောင်းဆိုးဝါးထက် ပိုပြီး အစွမ်းထက်မှာပေါ့”

 

 

 

ချန်လျိုသည် ဆာရာက မကောင်းဆိုးဝါးဖြစ်ကြောင်းသာ သိခဲ့ပြီး အသေးစိတ်ကို တစ်ခါမျှ မမေးခဲ့ချေ။ သူ(မ)သည် နှစ်ပေါင်းလေးရာကျော် ကျင့်ကြံခဲ့သည်ဟုလည်း သူ မမျှော်လင့်ခဲ့မိပေ။

 

 

 

“ကဲ၊ အားလုံး၊ စိတ်ကို တင်းထားကြ။ သူ(မ)က မကောင်းဆိုးဝါးဖြစ်နေရင်တောင် နတ်မင်းရဲ့ အကာအကွယ်အောက်မှာ ရှိနေတာပဲ” ဝူယန် သူ၏ လည်ချောင်းကို ရှင်းလိုက်ပြီး ဒူးကို ထောက်ကာ မတ်တပ်ရပ်လိုက်၏။ “ဒီလူတွေက ကျွန်တော်တို့ကို သတ်ဖို့ ထွက်လာတာ၊ သူ(မ)က ပြန်တိုက်ခိုက်ရုံပဲ။ သူ(မ)သာ မရှိရင် ကျွန်တော်တို့လည်း ဒီလူတွေနဲ့ မထူးမခြားနားအခြေအ‌နေ ရောက်နေလောက်မှာ”

 

 

 

သူက နှလုံး ပျောက်နေသော အလောင်းကို လက်ညိုးထိုးပြ၏။ “ကျွန်တော်တို့ ပြန်ရောက်တာနဲ့ နတ်မင်းက မမေးမချင်း ဘယ်သူမှ ကိုယ့်ဆန္ဒအလျောက် ဒီကိစ္စကို မပြောရဘူးနော်...”

 

 

 

 

သူသည် နတ်မင်းကို လှည့်ဖြား၍ မရနိုင်ကြောင်း သိသော်လည်း ဆာရာက သူ့ကို ကယ်တင်ရန် တစ်စုံတစ်ဦးကို သတ်ခဲ့ပါက နတ်မင်း သူ(မ)ကို မောင်းထုတ်မည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် သူသည် ဤပေါ့တီးပေါ့စ အစီအစဥ်ကို စီစဥ်ခဲ့ခြင်းပင်။

 

 

 

နတ်မင်းသည် အရာအားလုံးကို သိကြောင်း သူ ယုံကြည်သော်လည်း၊ ယမမင်းပင် တစ်ခါတရံ ခဏတာ အိပ်ပျော်အနားယူရမည်ဟု တွေးခဲ့၏။ နတ်မင်းက သူတို့ကို အချိန်တိုင်း စောင့်ကြည့်နေမည် မဟုတ်ပေ။ သူတို့ ဘာမှ မပြောသရွေ့ သူတို့သည် ဆာရာကို ကာကွယ်နိုင်မည်ဖြစ်သည် ။

 

 

 

နတ်မင်းက မေးသောအခါတွင်မူ သူတို့ လုံးဝ မညာရန် ဆုံးဖြတ်ထား၏။

 

 

 

လီစစ်က တိုးတိုးလေး ပြောလိုက်၏။ “အဲ့ဒီ့ မကောင်းဆိုးဝါး…. ဆာရာ ဘယ်ရောက်သွားတာလဲ?”

 

 

 

ချောင်အာ ချန်လျို၏ ဒဏ်ရာကို တုန်တုန်ယင်ယင် ပတ်တီးစည်းပေးနေစဥ် တိုးတိုးလေး ပြောလိုက်၏။ “သူ(မ)က ဟိုလူတွေနောက် လိုက်သွားတာ မဟုတ်လား? သူတို့ ဘယ်သူတွေလဲ၊ ဘယ်သူက သူတို့ကို ကြိုးကိုင်နေတာလဲဆိုတာ သိဖို့ လိုတယ်။ သူတို့က ကျွန်မတို့နဲ့ မတော်တဆ တွေ့ခဲ့တာဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့်လို့…”

 

 

 

လူတိုင်း သူ(မ)ကို ကြည့်လိုက်ကြ၏။

 

 

 

ချောင်အာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ပြော၏။ “သူတို့က ကြိုအကွက်ချထားပြီး သူတို့ရဲ့ ပစ်မှတ်က ကျွန်မတို့တင်မကဘဲ နတ်မင်းရဲ့ ဂူဗိမာန်ပါ ဖြစ်နေမယ်ဆိုရင်၊ ဒုက္ခတော့ ရောက်ပြီ”

 

 

 

သူ(မ) ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝန်ထမ်းများက စိတ်သက်သာရာ ရသွားခဲ့၏။ “စူပါမားကတ်ကို နတ်မင်းက စောင့်ရှောက်ထားတာလေ... သူတို့သာ သွားရဲရင် အန္တရာယ်ကို လက်ယပ်ခေါ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ ပြီးတော့…”

 

 

 

ချန်လျိုက ကြားဖြတ် ပြောလိုက်၏။ “သေချာလည်းမသိဘဲ တစ်ဖက်သတ်ကြီး ပြောနေတာတွေ တော်တော့။ ဒီလောက်ဆိုရပြီ”

 

 

 

ဝန်ထမ်းများ ရယ်မောလိုက်ကြပြီး ယခင်က ကြောက်ရွံ့မှုများ လုံးဝ ပျောက်ကွယ်သွားခဲ့၏။

 

 

 

ချောင်အာသည်လည်း အများကြီး စိတ်သက်သာရာ ရသွားခဲ့သည် ။

 

 

 

ဟုတ်ပါသည်။ ဒီလူတွေက သူတို့လို သာမန်လူတွေကိုသာ အနိုင်ကျင့်နိုင်ခဲ့ကြ၏။ ဘာကြောင့် နတ်မင်းကို အနှောင့်အယှက် ပေးရမည်လဲ?

 

 

 

ဟုတ်ပါ့၊ အဲ့လူတွေက သူတို့လို သာမန်လူတွေကိုပဲ အနိုင်ကျင့်လို့ ရရင်ရမယ်။ ဘာလိုလုပ် နတ်မင်းကို အနှောင့်အယှက်ပေးလို့ ရမှာတုန်း?

 

 

 

သူတို့ သွားရင်တောင် နတ်မင်းက ထိခိုက်ခွင့်ပြုမယ် ထင်လို့လား?

 

 

 

ဝန်ထမ်းများက အချင်းချင်း ဒဏ်ရာများကို ပြုစုကြပြီးနောက် ရေသောက်ကြ၏။ နောက်ဆုံးတွင် သူတို့သည် အချင်းချင်း အားပေးရန်အတွက် စုရုံးလိုက်ကြပြီးနောက် ဆာရာ သစ်တောထဲမှ ထွက်လာသည်ကို မြင်လိုက်ကြရ၏။

 

 

 

သူ(မ)သည် သူတို့ကို လန့်သွားစေခြင်း မရှိခဲ့ချေ။ သူ(မ) ချဥ်းကပ်လာစဥ် ဝူယန်နှင့် အဖွဲ့သားများအား အော်ပြောလိုက်၏။ “ငါ တစ်ယောက်ကို အရှင်ဖမ်းလာတယ်”

 

 

 

သူ(မ)၏ “ဖမ်းဆီးခြင်း” ဟူသော အတွေးအခေါ်က သူတို့ တွေးထားသည့်အရာနှင့် လုံးဝ ကွဲပြားနေခဲ့၏။ သူ(မ)သည် တစ်စုံတစ်ဦးကို အရှင်ဆွဲခေါ်လာသည်မှာ အရှင်းသားကြီးပင်!

 

 

 

သတိမေ့မြောနေသော လူကို ဝူယန်နှင့် အဖွဲ့သားများက ဝိုင်းရံထားခဲ့ကြ၏။ ဝူယန်သည် ချောင်အာအား ဆာရာနှင့် စကားပြောရန် တောင်းဆိုခဲ့ပြီး သူ၏ လူများနှင့်အတူ ထိုသူ၏ ပစ္စည်းများအားလုံးကို ချွတ်ယူခဲ့ပြီး သူ့ထံမှ ဓားမြှောင်ကို သိမ်းယူကာ သေချာစွာ စစ်ဆေးခဲ့၏။

 

 

 

“ဝူကော၊ ဒါကို ကြည့်ပါဦး…” ချန်လျိုက ထိုလူ၏ အိတ်ကပ်ထဲမှ ကြေးဒင်္ဂါးကို ကြိုးနီတစ်ခုဖြင့် တွဲလျက် ဆွဲထုတ်လိုက်၏။

 

 

 

ဝူယန်၏ မျက်လုံးများ အနည်းငယ် ကျဥ်းသွားခဲ့၏။ “ပြဦး...”

 

 

 

သူသည် ကြေးဒင်္ဂါးကြိုးကို လှမ်းဆွဲယူလိုက်၏။

 

 

 

ကြေးဒင်္ဂါးပေါ်ရှိ နှစ်ကြာနေသော အစွန်းအထင်းများကိုတော့ သုတ်၍ မရနိုင်တော့ချေ။ ၎င်းတို့သည် သွေးစွန်းရာများ ဖြစ်ကြောင်း ဝိုးတဝါးသာ မြင်တွေ့နိုင်ဆဲပင်။

 

 

 

“သူတို့က စစ်သည်တွေပဲ...” ဝူယန်က အသံကြမ်းဖြင့် ပြော၏။ “ဒီလိုမျိုး အသက်ကယ်ငွေမျိုးက စစ်သည်တွေမှာပဲ ရှိတာ...”

 

 

 

ယခင် မင်းဆက်ကစ၍ စစ်သည်များကို စစ်သူကြီးများက အသက်ကယ်ဒင်္ဂါးတစ်ခု ပေးခဲ့ကြ၏။ ဤ ဒင်္ဂါးဖြင့် သူတို့သည် ယမမင်းထံမှ သူတို့၏ အသက်ကို ဝယ်ယူနိုင်ခဲ့ကြ၏။

 

 

 

၎င်းသည် စစ်မြေပြင်မှ အသက်ရှင်လျက် ပြန်လာရန်အတွက် သူတို့၏ လက်မှတ်ပင် ဖြစ်လေ၏။

 

 

 

သေဆုံးသွားသူများအတွက်မူ သူတို့၏ အသက်ကို ဝယ်ယူရန် အခွင့်အရေးမှာ ထာဝရ ပျောက်ကွယ်သွားခဲ့ချေပြီ။

 

 

 

သို့သော် ဤ ကြေးဒင်္ဂါးကို မြေအောက်ဧကရာဇ်ထံတွင် ဘယ်နှစ်ကြိမ် ငွေထုတ်နိုင်သည်ကိုတော့ မည်သူမျှ မသိခဲ့သောကြောင့် သာမန် စစ်သည်များသည် ၎င်းကို သူတို့၏ ကိုယ်နှင့်မကွာ အမြဲတမ်း ဆောင်ထားလေ့ရှိကြ၏။

 

 

 

ဤ ကြေးဒင်္ဂါးက သူတို့၏ အဆောင်လက်ဖွဲ့ပင်။

 

 

 

“ဘာလို့ စစ်သည်တွေ ဒီကို ရောက်နေတာလဲ?...” ချန်လျို၏ အသံ တိုးထွက်လာ၏။ “သူတို့က ဓားပြနှိမ်နင်းဖို့ လာတာ မဟုတ်ဘူးဆိုရင် ဘာလို့ ကျွန်‌တော်တို့ကို ရှာနေရတာလဲ?...”

 

 

 

 

ဝူယန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ “သူတို့က စစ်သည်တွေလေ၊ သံချပ်ကာ ဘီလူးတွေမှ မဟုတ်တာ၊ သူတို့ စားဖို့၊ သောက်ဖို့၊ နွေးနွေးထွေးထွေး နေဖို့ လိုတယ်လေ။ သူတို့က အခုဆိုရင် ဓားပြတွေတောင် ဖြစ်ချင်ဖြစ်နိုင်တယ်… သာမန်ဓားပြတွေထက် ပိုကြောက်ဖို့ကောင်းတဲ့ ဓားပြတွေ”

 

 

 

ဓားပြများသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်စေကာမူ သူတို့သည် တစ်ချိန်က ဥပဒေကို လိုက်နာသော နိုင်ငံသားများ ဖြစ်ခဲ့ကြ၏။

 

 

 

သို့သော် ဤစစ်သည်များသည် ဓားပြများအဖြစ် မပြောင်းလဲမီက မရေတွက်နိုင်သော စစ်ပွဲများကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ သာမန် ဓားပြများနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။

 

 

 

“သူတို့သာ စစ်သည်တွေဆိုရင် ဒီလောက်ပဲ ရှိမှာ မဟုတ်ဘူး...” ဝူယန်က လျင်မြန်သော ဆုံးဖြတ်ချက်ကို ချလိုက်၏။ “ကျွန်တော်တို့ တစ်ညတည်းနဲ့ အမြန်ပြန်ရမယ်... သွားကြစို့...”

 

 

 

ဆာရာသည် မကောင်းဆိုးဝါးဖြစ်သော်လည်း မျှော်လင့်ချက်များအားလုံးကို သူ(မ)အပေါ်တွင် ချထား၍ မဖြစ်နိုင်ချေ။

 

 

 

ဝန်ထမ်းများက လက်နှိပ်ဓာတ်မီးများကို ယူဆောင်ရန် လျင်မြန်စွာ သွားကြ၏ ။ ချန်လျိုက ဝူယန်အား မေးလိုက်သည် ။ “ဒီလူကို ဘာလုပ်ရမလဲ?”

 

 

 

ဝူယန်က ပြန်ဖြေ၏။ “သူ့ကိုပါ ပြန်ခေါ်သွား...”

 

 

 

“သူ့ကို အရင်နှိုး၊ လက်ကို ကြိုးတုပ်ပြီးမှ ပြန်ခေါ်သွား” ဝူယန်က တိုးတိုးလေး ပြော၏။ “ကျောပိုးသွားတာ မတော်လို့  လည်ပင်းညှစ်သတ်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် ကြောက်တယ်နော်။ သူ့ကို ဆွဲခေါ်သွားရင်… ဆာရာပဲ လုပ်နိုင်ပေမယ့် သူ(မ)က သူ့ကို လမ်းတစ်လျှောက်လုံး ဆွဲခေါ်သွားရင်တော့ စူပါမားကတ်ကို မရောက်ခင် သူ ငရဲပြည်ရောက်သွားမှာ သေချာတယ်”

 

 

 

ချန်လျို ခေါင်းညိတ်လိုက်၏။ “ဝူကော၊ ကော ဒါကို သေချာ စဉ်းစားထားတာပဲ”

 

 

 

ဝူယန် မနေနိုင်ဘဲ ပြုံးလိုက်ပြီး ပြော၏။ “မြှောက်မနေနဲ့၊ မင်းက သူ့ရဲ့ နှာခေါင်းအောက်ပိုင်းကို ဖျစ်၊ ပါးသာချလိုက်၊ အဲ့ဒါမှ အလုပ်မဖြစ်ရင် သူ့ရဲ့ ခြေဖဝါးတွေကို မီးနဲ့ တို့ကြည့်ပေါ့”

 

 

 

သူတို့ နှစ်ဦးသား “နှိပ်စက်နည်း” များအကြောင်း ဆွေးနွေးနေစဥ် ဆာရာက သူ(မ)၏ ဘေးမှ ချောင်အာအား ပြောလိုက်၏။ “သူက အပြေးအမြန်ဆုံးဆိုတော့ ငါ သူ့နောက်ကို လိုက်သွားတာ။ ကျန်တဲ့လူတွေကိုတော့ သိပ်စိတ်မဝင်စားဘူး”

 

 

 

ဆာရာသည် သူ(မ)၏ နှာခေါင်းကို တွန့်လိုက်၏။ “ဒီလို ဖြစ်လာမယ်မှန်း သိရင် ကျိုမင်ကို ခေါ်လာခဲ့သင့်တာ”

 

 

 

“ဟင့်အင်း၊ မဟုတ်ဘူး” ဆာရာ ရုတ်တရက် ရွှင်လန်းလာ၏။ “ကျိုမင် မပါလာတာပဲ ဝမ်းသာတယ်”

 

 

 

ချောင်အာက ဝေခွဲမရစွာ နားထောင်နေခဲ့သော်လည်း သူ(မ)က မကြာခဏ စိတ်ရှုပ်ထွေးနေခဲ့သည်ဟု တွေးလိုက်၏။ တစ်ခါတရံ သူ(မ)၏ မိခင်ပြောနေသည်ကိုပင် သူ(မ) နားမလည်နိုင်ခဲ့ဘဲ အစ်မ၏ စကားများမှာ သူ(မ)အတွက် ပို၍ပင် နားမလည်နိုင်တော့ချေ။ ချောင်အာသည် ထပ်မံ မစူးစမ်းဘဲ ခေါင်းညိတ်လိုက်၏။

 

 

 

သူ(မ)သည် ပို၍ မမေးရဲခဲ့ချေ။ သူ(မ)၏ အစ်မမှာ ဖြူစင်ပြီး ကြင်နာသော မကောင်းဆိုးဝါးမလေး ဖြစ်သည်ဟု သူ(မ) ထင်ခဲ့သော်လည်း သူ(မ)၏ အစ်မက သွေးဆာနေသော မကောင်းဆိုးဝါးမလေး ဖြစ်မည်ဟုတော့ မမျှော်လင့်ခဲ့မိပေ။

 

ချောင်အာ သူ(မ)၏ လည်ပင်းကို ကျုံ့လိုက်ပြီး သူ(မ)၏ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့ချေ။ သို့သော် သူ(မ)သည် သူ(မ)၏ အစ်မနှင့် ညီအစ်မသစ္စာဆိုထားပြီးသား ဖြစ်သောကြောင့် ဆာရာကို မကြောက်သင့်ဟု ခံစားရ၏။

 

သူ(မ)သည် ဆာရာ၏ စိတ်ကို ဤကဲ့သို့ မထိခိုက်သင့်ပေ!

 

ချောင်အာ တိုးတိုးလေး ပြော၏။ “ကျဲကျဲ၊ လက်သည်းတွေ သိမ်းလိုက်ပါလားနော်”

 

ဆာရာက သူ(မ)၏ ချွန်ထက်ပြီး တစ်လက်လက်တောက်ပနေသော လက်သည်းများကို ကြည့်လိုက်ပြီး ပြုံးကာ ပြော၏။ “ခုနက မေ့သွားတာ။ ကြည့်၊ အခု ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ”

 

ဆာရာက သက်ပြင်းချလိုက်ပြီး ပြော၏။ “ဝူယန်နဲ့ သူ့အဖွဲ့ကတော့ အခုထိ အဆင်သင့် မဖြစ်သေးဘူး။ သူတို့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့အတွက် အများကြီး သင်ယူဖို့ လိုသေးတယ်”

 

“ငါ သူတို့အရွယ်တုန်းကဆို…”

 

ချောင်အာ: “…”

 

အစ်မ ဆာရာက မိခင်တစ်ယောက်လိုပဲ။ သူ(မ)၏ မိခင်ကလည်း “ငါ နင်တို့အရွယ်တုန်းကဆို…” ဟု ပြောနေကျပင်။

 

.

 

ယဲ့ကျိုးသည် ဝူယန်နှင့် သူ့အဖွဲ့က တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို ပြန်လည် ယူဆောင်လာနိုင်ကြောင်း စဉ်းစားထားခဲ့၏။ မည်သို့ပင်ဆိုစေကာမူ သူတို့ မထွက်ခွာမီ လမ်းတွင် လူကောင်းများနှင့် တွေ့ဆုံပါက ကယ်တင်နိုင်သည်ဟု သူ ပြောခဲ့၏။

 

သို့သော် သူတို့သည် သူ့အား မည်သည့်အရာကိုမျှ ယူဆောင်မလာခဲ့သလို မည်သည့် “လူကောင်း” ကိုမျှလည်း ပြန်ခေါ်မလာခဲ့သည်ကို သူ လုံးဝ မမျှော်လင့်ခဲ့မိချေ။

 

အစားထိုးအနေဖြင့် သူတို့သည် ဤခေတ်၏ “ဒေသထွက် အထူးကုန်” ဖြစ်သည့်  ဓားပြတစ်ဦးကို ယူဆောင်လာခဲ့ကြ၏။

 

ဓားပြ၏ နာမည်မှာ စွင်းဟောက်ဖြစ်ပြီး မွေးရာပါ ကောက်ကျစ်စဥ်းလဲပုံပေါက်၏။ သူသည် ယဲ့ကျိုးနှင့် ကျိုမင်တို့ထက် ပို၍ အရပ်ပုသော်လည်း ဝူယန်၏ အဖွဲ့သားများနှင့် နှိုင်းယှဉ်ပါက အတော်အတန် အရပ်ရှည်နေသေး၏။ ယဲ့ကျိုးက သူ၏ အရပ်မှာ ၁.၇၄ မီတာခန့် ရှိမည်ဟု ခန့်မှန်းခဲ့၏။

 

အရပ် ၁.၇ မီတာအောက်သာ ရှိကြသော ဝူယန်နှင့် သူ့အဖွဲ့နှင့် နှိုင်းယှဉ်လျှင် စွင်းဟောက်ကို အနည်းဆုံး “သန်မာသော ယောက်ျား” ဟု ဖော်ပြနိုင်သည်။

 

ကြာမြင့်သော အငတ်ဘေးနှင့် အခက်အခဲများကြားမှပင် စွင်းဟောက်သည် အရိုးနှင့် အရေပြားများ ကျန်သည်အထိ ပိန်ချုံးမသွားခဲ့ချေ။ သူ၏ လက်မောင်းများက သူသည် နှစ်ပေါင်းများစွာ ပြင်းထန်သော လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ညွှန်ပြနေသော ကြွက်သားများကို ပြသနေခဲ့၏။

 

လယ်ယာစိုက်ပျိုးခြင်းတွင် ပါဝင်သူများသည်ပင်လျှင် အလွန် ထင်ရှားသော ကြွက်သားပုံသဏ္ဍာန်များ ရှိမည်မဟုတ်ပေ။

 

ထို့အပြင် လယ်သမားများသည် အသားဓာတ်ကို စားသုံးရန် ခက်ခဲခဲ့ကြ၏။ သူတို့သည် ဆာလောင်မှုကို ဖြည့်ဆည်းရန် ကောက်ပဲသီးနှံများကိုသာ အဓိက မှီခိုခဲ့ကြသည်။ ဆီ ရှိခြင်းကိုပင် ဘဝကောင်း၏ လက္ခဏာအဖြစ် သတ်မှတ်ခဲ့ကြပြီး အသားကို ပုံမှန်စားသုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။

 

စွင်းဟောက်သည် ယဲ့ကျိုး၏ နေရာဆီသို့ လိုက်ပါလာခဲ့သော ခရီးစဉ်တစ်လျှောက်လုံးတွင် အလွန်အမင်း ထိတ်လန့်နေခဲ့ရာ ယဲ့ကျိုးက “နတ်ဘုရားစွမ်းအင်” ကိုပင် မပြသနိုင်မီ စွင်းဟောက်သည် လက်နှိပ်ဓာတ်မီးကို သူ၏ နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့ပြီးသား ဖြစ်၏။

 

စွင်းဟောက်သည် ယဲ့ကျိုးကို မြင်လိုက်သည်နှင့် ယဲ့ကျိုး၏ မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရသေးဘဲ ဒူးထောက်ကာ လက်အုပ်ချီ၍ ယဲ့ကျိုးအား ဦးချခဲ့၏။

 

ယဲ့ကျိုး ချောင်အာ၏မိခင်ကို အချက်ပြလိုက်၏။ ဓားပြသည် ဦးချခြင်းကြောင့် သွေးထွက်နေသည်ကို မြင်သောအခါ သူ(မ)က အော်ပြောလိုက်၏။ “ဆက်ပြီး ဦးမချပါနဲ့တော့”  

 

သတင်းစကား ပေးပို့ရာတွင် ယဲ့ကျိုးသည် ချောင်အာ၏မိခင်ကို ပို၍ နှစ်သက်ခဲ့၏။ သူ(မ)သည် လူများ၏ အမူအရာကို ဖတ်ရှုနိုင်သော အရည်အချင်းရှိ၏။ သူတို့သည် အထူး ရင်းနှီးခြင်း မရှိသော်လည်း ယဲ့ကျိုးက သူ(မ)နှင့် ခပ်လှမ်းလှမ်းကသာ စကားပြောလေ့ရှိသည် ။ သို့တိုင် သူ(မ)က သူ၏ အတွေးများကို တိကျစွာ ခန့်မှန်းနိုင်ခဲ့၏။

 

ယဲ့ကျိုးသည် ချောင်အာ၏မိခင်က သူ၏ ရွှေလက်ချောင်း ဖြစ်နိုင်သည်ဟုပင် တွေးခဲ့၏။

 

မဟုတ်ပါက “နတ်မင်း” ဟု သတ်မှတ်ခံထားရသူအနေဖြင့် အရာအားလုံးကို သူ့ဘာသာ ရှင်းပြရပေမည်။ သူ ကိုယ်ရံတော်များကို ခေါ်ပြီးချိန်လောက်ဆို သူ၏ လျှို့ဝှက်ချက်များက ပေါ်သွားပေလိမ့်မည်။

 

ဤ အချိန်ကာလနောက်ပိုင်းတွင် သူက ဝူယန်သည် လူဆိုးတစ်ဦး မဟုတ်ကြောင်း ယုံကြည်ခဲ့သော်လည်း ကောင်းမှုနှင့် မကောင်းမှု၏ သဘောတရားများက တစ်ခါတရံ အလွန် ရှုပ်ထွေးခဲ့၏။

 

လူကောင်းများက မကောင်းမှုကို မလုပ်ဆောင်ဘဲ ရှောင်ကြဉ်သည်ဟု မဆိုလို။

 

လူတိုင်းတွင် အားနည်းချက်နှင့် တပ်မက်မှုများ ရှိကြပြီး ဤအရာများကို လူတစ်ဦး၏ စရိုက်အား ဆုံးဖြတ်ရန် အသုံးပြု၍ မရနိုင်ချေ။

 

ဝူယန်က စွင်းဟောက်ကို မတ်တတ်ရပ်စေရန် ကူညီပေးပြီး သူ့ခေါင်းကို နှိမ့်ကာ ပြော၏။ “နတ်မင်း၊ သူက စစ်သည်ပါ...”

 

နတ်မင်းက အရာအားလုံးကို သိသော်လည်း ဝူယန်သည် သူ၏ ဉာဏ်ပညာကို ပြသလိုခဲ့သေး၏။

 

 

“ဆာရာနဲ့ ချောင်အာကို အရင်ခေါ်သွားလိုက်။” ယဲ့ကျိုးက ကျိုမင်ဘက်သို့ လှည့်ကာ ပြော၏။ “ရေမိုးချိုးပြီး လန်းလန်းဆန်းဆန်ဖြစ်အောင် လုပ်ပေးလိုက်။ ကျန်တာကို ဝူယန်နဲ့ သူ့အဖွဲ့က ဆက်လုပ်ပါစေ”

 

သို့သော် ကျိုမင်က ရုတ်တရက် ပြော၏။ “သူက လေးသမား။ သူ့ရဲ့ လက်မမှာ အသားမာတွေ ရှိတယ်”

 

ယဲ့ကျိုး အနည်းငယ် ဝေခွဲမရဖြစ်သွား၏။ “မထင်ပါဘူး”

 

ယဲ့ကျိုး၏ မှတ်ဉာဏ်ထဲတွင် ရုပ်ရှင်နှင့် တီဗွီရှိုးများမှ လေးသမားများမှာ ပိန်ပိန်လေးများ ဖြစ်ကြ၏။ စွင်းဟောက်ကတော့ မပိန်ချေ။ သူက ကျိုမင်လောက် သန်မာခြင်း မရှိသော်လည်း ဒေသခံများကြားတွင် အားကောင်းသော လူအဖြစ် သတ်မှတ်လို့ရ၏။

 

ကျိုမင်က ပြောသည်။ “ဒီခေတ်မှာက လေးနဲ့ မြှားကို သုံးဖို့ဆိုရင် လေးကို ဆွဲဖို့ အားအများကြီး လိုတယ်။ အားမရှိရင် မြှားပစ်ရင်တောင် ရန်သူကို ထိခိုက်အောင် လုပ်ဖို့ ခက်တယ်။ အဲ့ဒါကြောင့် လေးသမားတွေက သာမန် စစ်သည်တွေထက်တောင် ပိုသန်မာတယ်”

 

ယဲ့ကျိုး တိုးတိုးလေး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ နောက်ထပ် အသိအမြင်အသစ်တစ်ခု ရလိုက်ပြန်ပြီ”

 

သူသည် သုံးပြည်ထောင်နှင့် ရေနဂါးကို ကြည့်ဖူးပြီး သုံးပြည်ထောင်ခေတ်ကို အထူးနှစ်သက်ခဲ့၏။ သို့သော် သူက ဤပဋိပက္ခခေတ်မှ ကျိုမင်လောက်ပင် မသိခဲ့ရာ နည်းနည်းတော့ ရှက်စရာကောင်းခဲ့၏။

 

ကျိုမင်က မေးလိုက်သည်။ “ကျွန်တော် သွားမေးကြည့်ရမလား?”

 

ယဲ့ကျိုးသည် ကျိုမင်ကို အဖွဲ့ထဲ ပိုဝင်ဆံ့နိုင်ဖို့ အလုပ်လေး နည်းနည်းလုပ်ခိုင်းတာ မဆိုးဘူးဟု တွေးခဲ့သည် ။ ကျိုမင်က ဝူယန်နဲ့ အဆင်ပြေသွားမလားဆိုတာ ဘယ်သူသိနိုင်မလဲ?

 

“အင်း၊ သွားလိုက်” ယဲ့ကျိုးက ကျိုမင်အား ခေါင်းညိတ်ပြလိုက်သည်။

 

ကျိုမင်သည် လှေကားပေါ်မှ ဆင်းလာခဲ့၏။ သူ၏ အရပ်မှာ ၁.၉ မီတာနီးပါး ရှိပြီး  လက်မောင်းကြွက်သားများကြောင့် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ ရုပ်ရည်သက်သက်ကပင် ခန့်ညားထည်ဝါသော အရှိန်အဝါကို ဖော်ပြနေခဲ့သည်။

 

သူသည် စွင်းဟောက်ထံ ချဥ်းကပ်လာခဲ့ပြီး အပေါ်စီးကကြည့်ကာ ပြောလိုက်၏။ “မင်းက လေးသမားပဲ။ စစ်တပ်စခန်းအပြင်မှာဆို မင်းက ဘာမှအသုံးမဝင်ဘူး”

 

“လေးသမားတစ်ယောက်ကို လေ့ကျင့်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်”

 

ကျိုမင်က ဆက်လက် ပြော၏။ “မင်းရဲ့ စခန်းက အခုထိ ရှိနေတုန်းပဲ”

 

စွင်းဟောက် ဝေခွဲမရဖြစ်သွားပြီး လောလောဆယ် ရှင်းပြလိုက်သည်။ “ဟင့်အင်း၊ မဟုတ်ပါဘူး၊ ကျွန်တော် စစ်သည် မဟုတ်တော့ဘူး... ကပ်ဘေးကျရောက်တုန်းက တပ်မှူးက ကျွန်တော်တို့ကို တောင်ကြားလမ်းကို ခေါ်သွားချင်ခဲ့ပေမယ့် သူ ဖျားပြီး ဆုံးသွားတယ်။ တချို့က တောင်ကြားလမ်းကို သွားချင်ကြပေမယ့် တချို့ကတော့ မသွားချင်ကြဘူး။ ဒါနဲ့ ကျွန်တော်တို့ ကွဲသွားကြတာ…”

 

ကျိုမင်၏ အမူအရာမှာ မပြောင်းလဲခဲ့ချေ။ “မင်း ဆက်ပြီး လိမ်ချင်တုန်းပဲလား?”

 

စွင်းဟောက်သည် သူ၏ သွားများကို တင်းတင်းကြိတ်လိုက်ပြီး သူ့ခေါင်းကို ပင့်ကာ ကျိုမင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ “ကျွန်တော် မညာပါဘူးဆို...”

 

ယဲ့ကျိုးက ကျိုမင်သည် စွင်းဟောက်ကို ဆက်လက် စည်းရုံးပြီး ပြောဆိုခြင်းဖြင့် အချက်အလက်များကို ထုတ်ယူရန် ကြိုးစားနေသည်ဟု တွေးတောနေစဥ် ကျိုမင်က ရုတ်တရက် သူ၏ ခြေထောက်ကို မြှောက်လိုက်ပြီး စွင်းဟောက်ကို အိမ်ပြင်သို့ ကန်ထုတ်လိုက်သည်။

 

ယဲ့ကျိုး: “…”

 

သူ မြင်လိုက်တာ တကယ်ကြီး ဟုတ်ပါတယ်နော်?

 

စွင်းဟောက်လို ခန္ဓာကိုယ်အကြီးကြီးနဲ့ လူကို အိမ်ထဲကနေ ကန်ထုတ်လိုက်တာလား?

 

အဲဒါက နည်းနည်းတော့ မယုံနိုင်စရာကောင်းတယ်နော် ။

 

စွင်းဟောက်ခမျာ မလှမ်းမကမ်းတွင် လဲကျသွားခဲ့၏။ သူ၏ ခြေထောက်များက မြေပြင်ပေါ်၌ ဒူးထောက်ထားပြီး လက်နှစ်ဖက်ကလည်း ကြိုးတုပ်ခံထားရသဖြင့် မြေပြင်ပေါ်၌ ထောက်ထားခဲ့၏။ သူက ပါးစပ်မှ သွေးတစ်ပွက် ထွက်လာသည်အထိ ချောင်းဆိုးလိုက်၏။

 

အရိပ်တစ်ခုက စွင်းဟောက်၏ ခေါင်းပေါ်သို့ ကျရောက်လာသည် ။

 

စွင်းဟောက်၏ နှလုံးသားတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့၏။ ဤနေရာသို့ လာရာလမ်းတွင် သူသည် ဆာရာကို မကောင်းဆိုးဝါးမဖြစ်ကြောင်း သိသောကြောင့် ကြောက်ခဲ့၏။

 

သို့သော် ယခုမူ သူ၏ ရှေ့မှ လူသည် မကောင်းဆိုးဝါးမထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရ၏။

 

မကောင်းဆိုးဝါးမသည် သူ့ကို သတ်ကောင်း သတ်နိုင်သော်လည်း သူ့ကို ညှင်းပန်းမည် မဟုတ်ပေ။

 

သို့သော် ဤလူကတော့ သူ့ကို ညှင်းပန်းနှိပ်စက်မည်မှာ အသေအချာပင်။

 

ကျိုမင်  သူ၏ မျက်ခုံးကို အနည်းငယ် တွန့်လိုက်သည်။ “ငါ့မှာ ပဟေဠိတွေ ဖြေရှင်းနေဖို့ အချိန်မရှိဘူး၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့လည်း အချိန်မရှိဘူး။ အခု မင်း သိထားတာ အကုန်လုံးကို ပြောဖို့ မင်းကို တစ်ကြိမ်ပဲ အခွင့်အရေးပေးမယ်။ မဟုတ်ရင်… မင်း ‘မဟုတ်ရင်’ ဆိုတာ ဘာကို ဆိုလိုတယ်ဆိုတာကို မသိချင်ဘူးလို့ ငါ ထင်တယ်”

 

အခြေစိုက်စခန်းတွင် ကျိုမင်က မေးခွန်းများကို အလားတူ နည်းလမ်းဖြင့် မေးခဲ့၏။

 

အသက်ရှင်သန်ရန်၊ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်ရန်အတွက် သူသည် လူတိုင်းထက် ပို၍ သန်မာပြီး ပို၍ ရက်စက်ရမည်။

 

 

သူ၏ လုပ်ရပ်များသည် မှားယွင်းသည်ဟု မယုံကြည်ခဲ့သလို တစ်ဖက်လူက လက်ရှိတွင် အကျဥ်းသားဖြစ်နေသောကြောင့် သနားညှာတာမှုကိုလည်း ပြသမည် မဟုတ်ပေ။

 

စွင်းဟောက်ခမျာ မြေပြင်ပေါ်တွင် ဆက်လက် ချောင်းဆိုးနေခဲ့၏။ ရုတ်တရက် သူက မလှမ်းမကမ်းရှိ ဆာရာဘက်သို့ လှည့်ကြည့်လိုက်၏။

 

ချောင်အာ၏မိခင်သည် သူတို့ အနီးသို့ အလျင်စလိုရောက်လာခဲ့ပြီး အေးဆေးတည်ငြိမ်သော အသံဖြင့် သီဆိုနေသလို ပြောလိုက်သည်။ “မင်း ရိုးသားပြီး နောင်တရသရွေ့ နတ်မင်းက မင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်။ နတ်မင်းက ဆင်းရဲသားတွေကို ကူညီဖို့ သနားကြင်နာတဲ့ စိတ်ထားရှိတယ်။ မင်းလို သတ္တဝါတွေကိုတောင် လက်ခံဖို့ ဆန္ဒရှိတယ်။ အဲ့ဒါကြောင့် မင်းက ဓားပြအဖြစ် ပြန်သွားပြီး မင်းရဲ့ ညီအစ်ကိုတွေနဲ့အတူ ရွှံ့ထဲမှာ ဆက်လက် ရုန်းကန်နေမှာလား၊ ဒါမှမဟုတ် အခုကစပြီး နတ်ဘုရားတွေရဲ့ ကမ္ဘာထဲကို ဝင်ရောက်ပြီး မသေနိုင်တဲ့ ဘဝကို ရှာဖွေမှာလား?”

 

ကျိုမင်ကတော့ ထုံကျင်နေပုံရ၏။

 

ချောင်အာ၏မိခင်သည် သူ(မ)၏ မျက်လုံးများကို ဖွင့်၍ လိမ်ပြောသည့် နေရာတွင် ပိုကျွမ်းကျင်လာခဲ့သည်။

 

စွင်းဟောက်သည် ချောင်အာ၏မိခင်ရဲ့ စည်းရုံးမှုကြောင့် စိတ်လှုပ်ရှားသွားပုံရ၏။ သူသည် ကျိုမင်အား ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်တို့ဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ ပါးစပ်ကို ဖွင့်ကာ ပြောလိုက်၏။ “ကျွန်တော်တို့… ကျွန်တော်တို့မှာ လူတစ်ထောင် ရှိတယ်လို့ ပြောခဲ့ပေမယ့် ဓားပြတွေနဲ့ တိုက်ခိုက်ရင်း ကျွန်တော်တို့ရဲ့ ညီအစ်ကို ရာနဲ့ချီ သေဆုံးခဲ့ရပြီး လေးရာအောက်ပဲ ကျန်ခဲ့တယ်”

 

“တပ်မှူးက ကျွန်တော်တို့ကို တောင်ကြားလမ်းကနေ ဦးဆောင်ပြီး သွားချင်ခဲ့ပေမယ့် အဲဒီလမ်းမှာ ကပ်ဆိုးတွေ ဖြစ်နေပြီ။ အဲဒီကနေ သွားရင် ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ အတူတူပဲ”

 

“အဲ့ဒီနောက်၊ တစ်ယောက်ယောက်က တပ်မှူးကို သတ်ပြီး ကျွန်တော်တို့ကို တောနက်ထဲ ခေါ်သွားခဲ့တယ်” စွင်းဟောက်က သွေးများ ထပ်မံ ချောင်းဆိုးလိုက်သည်။

 

ချောင်အာ၏မိခင်က စကားပြောရန် ပြင်နေစဥ် ကျိုမင်က ရုတ်တရက် မေးလိုက်၏။ “မင်းတို့ ဘာတွေစားခဲ့ကြတာလဲ?”

 

စွင်းဟောက် သတိဖြင့် ပြန်ဖြေ၏။ “ရတာ အကုန် စားခဲ့ကြပါတယ်။ စခန်းထဲက မြင်းတွေကိုတောင် သတ်စားခဲ့ကြတယ်”

 

ဘေးမှ နားထောင်နေသော ဝူယန် သက်ပြင်းချလိုက်ပြီး ပြော၏။ “မလွယ်ဘူးနော်…”

 

သို့သော် ကျိုမင်က ပြော၏။ “မင်းတို့ လူသားလည်း စားခဲ့ကြတယ်”

 

ဤတစ်ကြိမ်တွင် ယဲ့ကျိုးပင်လျှင် မကူညီနိုင်ဘဲ တုန်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူ့ကို မည်သူမျှ ဂရုမစိုက်ခဲ့ကြချေ။

 

ကျိုမင်က ဆက်လက် ပြောသည်။ “မင်းရဲ့ ခန္ဓာကိုယ်က ဟင်းသီးဟင်းရွက်တွေ စားရုံနဲ့ ဒီလိုမျိုး ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ စစ်တပ်စခန်းတစ်ခုမှာ မြင်း ဘယ်နှစ်ကောင် ရှိနိုင်မလဲ? လူအနည်းစု စားဖို့တောင် လောက်ရဲ့လား? အဲဒီကနေ ဘယ်နှနပ်လောက် ရနိုင်မှာမလို့လဲ?

 

ကျိုမင်က မျက်ခုံးပင့်လိုက်၏။ “လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က အသားကလွဲရင် ဒုက္ခသည်တွေဆီမှာ မင်းတို့ စားဖို့ တခြားဘာမှ မရှိဘူး”

 

ကျိုမင်သည် ယဲ့ကျိုးကို ကြည့်လိုက်သည်။

 

သူ၏ မျက်လုံးနက်များက ယဲ့ကျိုးကို စိုက်ကြည့်လိုက်ရာ ယဲ့ကျိုးသည် သူ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်၏။

 

ဤလူကို ဆက်ထား၍ မရနိုင်ချေ။

 

သူ့ကို လွှတ်ပေးလိုက်ခြင်းသည် ကျားကို တောင်ထဲသို့ လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်ပြီး သူ့ကို ဘေး၌ ထားရှိခြင်းက အချိန်ကိုက်ဗုံးတစ်ခု ရှိနေသကဲ့သို့ ဖြစ်၏။

 

​လူသားစားခြင်းကို ကျူးလွန်ခဲ့တဲ့သူကို လူလို့ သတ်မှတ်လို့ ရနိုင်ပါဦးမလား?

 

စွင်းဟောက် သူ၏ ဟန်ဆောင်မှုကို ဆက်လက် မထိန်းထားနိုင်တော့ကြောင်း သဘောပေါက်သွားပြီး ယဲ့ကျိုး၏ ဦးတည်ရာသို့ အော်ဟစ်လိုက်၏။ “နတ်မင်း... နတ်မင်း... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ၊ နတ်မင်း...”

 

“ကျွန်တော် အသက်ရှင်ချင်တယ်၊ နတ်မင်း... ကျွန်တော် မစားရင် ငတ်ပြီး သေလိမ့်မယ်...”

 

“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ...” သေလုနီးပါးဖြစ်ခဲ့သော ယောက်ျားက ရုတ်တရက် စွင်းဟောက်ထံသို့ အပြေးအလွှားသွားကာ လက်သီးဖြင့် ထိုး၊ ခြေထောက်ဖြင့် ကန်လိုက်၏။ သူသည် အသံဩဩဖြင့် အော်ဟစ်လိုက်သည်။ “မင်းတို့ လူသားစား ဘီလူးတွေ... ဘယ်လိုလုပ် အသက်မရှင်ဘဲ နေနိုင်မှာလဲ?... ဘယ်လိုလုပ် အသက်မရှင်ဘဲ နေနိုင်မှာလဲ?... မင်းတို့ အများကြီး ရှိနေတာကို ဘယ်လိုလုပ် ငတ်ပြီး သေနိုင်မှာလဲ?... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?...”

 

ဝူယန်က  အခြားသူများနှင့်အတူ ထိုလူကို လျင်မြန်စွာ ထိန်းချုပ်လိုက်၏။

 

အရိုက်ခံရပြီး ဒဏ်ရာများ ရနေသော စွင်းဟောက်သည် ယဲ့ကျိုးဘက်သို့ မျှော်လင့်ချက်ဖြင့် ကြည့်နေဆဲဖြစ်၏။ “နတ်မင်း... နတ်မင်း... ကျွန်တော့် အမှားကို ဝန်ခံပါတယ်။ ကျွန်တော် မှားခဲ့ပါတယ်...”

 

သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေခဲ့၏။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော့်ကို ချမ်းသာပေးပါ...”

 

 

“‘ဓားကို ချပြီး ဘုရားဖြစ်’ တဲ့ စကားမျိုးတောင် ရှိတာပဲ? ကျွန်တော် ချလိုက်ပါပြီ၊ ကျွန်တော် လက်နက် ချလိုက်ပါပြီ...”

 

စွင်းဟောက် ချော့မော့သော အပြုံးကို အတင်းအကျပ် ဖန်တီးလိုက်ပြီး ပြော၏။ “နတ်မင်း၊ ကျွန်တော် လမ်းပြပေးပါ့မယ်၊ ကျွန်တော် ဓားပြအဖွဲ့ကို ရှာဖို့ လမ်းပြပေးပါ့မယ်...”

 

“သူတို့ကိုလည်း သူတို့ရဲ့ ဓားတွေ ချခိုင်းပါ့မယ်”

 

“ဒီလိုဆိုရင် ကျွန်တော် အပြစ်ကနေ လွတ်မြောက်နိုင်မလား?” သူက မျှော်လင့်ချက်ဖြင့် မေးသည်။

 

သူသည် ယဲ့ကျိုးကို ကြီးမားသော မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သော်လည်း ယဲ့ကျိုးက သူ့ကို တစ်ချက်မျှပင် မကြည့်ခဲ့ချေ။

 

“သူ့ကို ဂိုဒေါင်ထဲမှာ ပိတ်ထားလိုက်” ယဲ့ကျိုးက ဝူယန်အား ညွှန်ကြားလိုက်၏။

 

ဝူယန်သည် သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး ပြောသည်။ “နားလည်ပါပြီ”

 

အခြားသူများကို ဆက်လက် ဂရုမစိုက်တော့ဘဲ ယဲ့ကျိုးသည် ကျိုမင်ဘက်သို့ လှည့်ကာ ပြော၏။ “ကျိုမင်၊ နောက်က လိုက်ခဲ့”

 

ကျိုမင်သည် နောက်က လိုက်သွားခဲ့၏။

 

နားနေဆောင်သို့ ပြန်ရောက်ပြီးနောက် ယဲ့ကျိုးသည် နောက်ဆုံးတွင် ပြောလိုက်သည်။ “ဒီလူကို လွှတ်ပေးလို့ မရဘူးဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဝူယန်နဲ့ အခြားသူများရဲ့ ရှေ့မှာ သတ်ဖို့ ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ဖူးဘူး၊ အခြားသူကိုလည်း မသတ်စေခဲ့ဖူးဘူး။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို ချနိုင်မယ် မထင်ဘူး”

 

ယဲ့ကျိုးက ခါးခါးသီးသီး သက်ပြင်းချလိုက်သည်။ “ဒီလို အခြေအနေမျိုးမှာ သတ်ဖို့ အမိန့်ကို အလွယ်တကူ ပေးနိုင်မယ်လို့ ထင်ခဲ့တာ။ ကျွန်တော် ခြေလှမ်း ဆယ်လှမ်းတိုင်း လူတစ်ယောက်ကို သတ်ပြီး မိုင်ပေါင်း ထောင်ချီ ခြေရာလက်ရာ မကျန်အောင် လုပ်နိုင်တဲ့ သိုင်းပညာရှင် ဆရာကြီးတစ်ဦး ဖြစ်ဖို့ တစ်ချိန်က စိတ်ကူးယဥ်ခဲ့ဖူးတယ်”

 

“ဒါ ပုံမှန်ပါပဲ။ အကြိမ်အနည်းငယ်လောက် လုပ်ပြီးရင် အသားကျသွားလိမ့်မယ်” ကျိုမင်က ယဲ့ကျိုးကို လှောင်ပြောင်ခြင်းမရှိဘဲ နှစ်သိမ့်ပေး၏။ “ကျွန်တော်လည်း ပထမအကြိမ်တုန်းက မသတ်ရဲခဲ့ဘူး။ မင်းလည်း အသားကျသွားလိမ့်မယ်”

 

ယဲ့ကျိုးက ရှည်လျားစွာ သက်ပြင်းချလိုက်၏။ “ဘယ်လိုလုပ် ဒီလို အရာမျိုးကို အသားကျနိုင်မှာလဲ?”

 

“သူ ပြောခဲ့တဲ့ စခန်း…” ယဲ့ကျိုး  ဆိုဖာပေါ်သို့ မှီချလိုက်ပြီး သူ၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်သည်။ “ကျွန်တော် သေချာ စဥ်းစားဖို့ လိုတယ်”

 

စွင်းဟောက်ရဲ့ အသုံးဝင်မှုကို ဘယ်လို အကျိုးအမြတ်အများဆုံးရအောင် လုပ်ရမလဲ?

 

သူ့ကို သတ်ရမည်ဆိုလျှင်တောင် ယဲ့ကျိုး၏ အမိန့်ဖြင့် မဖြစ်နိုင်ချေ။

 

နတ်မင်းတစ်ပါးက လူသတ်မှု ကျူးလွန်ခြင်းမှာ စူပါမားကတ် အသိုင်းအဝိုင်း၏ လက်ရှိ တည်ငြိမ်မှုအတွက် မလိုလားအပ်သော ရလဒ်တစ်ခု ဖြစ်၏။

 

ဝန်ထမ်းများက စွင်းဟောက်သည် “မကောင်းမှု၏ အကျိုးဆက်” ကို ခံစားခဲ့ရသည်ဟု ယုံကြည်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

 

စံပြအားဖြင့် မကောင်းမှုပြုသူကို နတ်မင်းက “အပြစ်ပေးခြင်း” သည် နတ်ဘုရား သတ်မှတ်ထားသော အမြင်နှင့် ကိုက်ညီပေလိမ့်မည်။

 

သို့သော် ယဲ့ကျိုးသည် လူသားစား ဘီလူးကို “အပြစ်ပေး” ရန် ဝန်လေးနေခဲ့၏။

 

ဒုက္ခသည်များ အလောင်းကောင် စားသည်ကို စိတ်ခံစားမှုအရ လက်ခံရန် ခက်ခဲသော်လည်း ယဲ့ကျိုးက နားလည်နိုင်၏။

 

သို့သော် လူများကို သတ်ပြီး သူတို့၏ အသားကို စားခြင်းသည် စိတ်ခံစားမှုအရ သို့မဟုတ် ကျိုးကြောင်းဆင်ခြင်မှုအရ မည်သို့ပင် စဥ်းစားစေကာမူ ဤအရာမှာ ယဲ့ကျိုး လက်ခံ၍ နားလည်နိုင်သော အရာ မဟုတ်ပေ။