Chapter 8
Viewers 2k

အပိုင်း (၈)

 

အရှေ့ဘက်မှ နေမင်းထွက်ပေါ်လာသည်နှင့် ညက ကျန်ရစ်ခဲ့သည့် အေးမြသော လေစိမ်းတိုက်ခတ်မှု အသေးစားလေးတစ်ခု ရှိနေပေ၏။ လမ်းဘေးမှ ညှိုးနွမ်းနေသည့် မြက်ပင်၌ အနည်းငယ်မျှသာ မြင်ရသော ဆီးနှင်းစက်အချို့ ရှိနေသည်။

 

 

 

နှစ်ပေါင်းများစွာ ထိတွေ့ခြင်းမရှိဘဲ စွန့်ပစ်ထားသည့် တရားဝင်လမ်းမကြီးပေါ်တွင် မြင်းများက ခွာသံတညံညံဖြင့် ပြေးနေကြရာ မြင်းခွာများက အဝါရောင်သဲများကို ကန်ထုတ်လိုက်ကြ၏။

 

 

 

ဦးဆောင်သူသည် မြင်းဇက်ကြိုးကို တင်းကျပ်လိုက်ပြီး၊ နောက်သို့ မှီလိုက်ကာ မြင်းကို နောက်ပြန်လှည့်လိုက်သည်။ 

 

 

 

ဘီးနှစ်ဘီးပါသည့် ရထားလုံးက လမ်းအလယ်၌ စောင်း၍ ရပ်တန့်သွားပြီး၊ ရထားလုံးဘေးမှ သစ်သားပြတင်းပေါက်တစ်ခု အနည်းငယ် ပွင့်လာ၏။

 

 

 

ဦးဆောင်သူက ရထားလုံးအနီးသို့ ချဉ်းကပ်ကာ ခပ်ကြမ်းကြမ်း၊ ခပ်နိမ့်နိမ့် အသံဖြင့် ပြောလိုက်သည်။ “အရှင်၊ ရှေ့မှာ ဒုက္ခသည်တွေ ရှိနေပါတယ်”

 

 

 

ရထားလုံးအတွင်းမှ အသံတစ်သံက တိုးလျလျ ထွက်ပေါ်လာ၏။ “ပတ်သွားလိုက်”

 

 

 

ဦးဆောင်သူက မျက်မှောင်ကြုတ်၍ ခဏတာ တွန့်ဆုတ်သွားပြီးနောက်၊ သူ၏နှုတ်ခမ်းများကို စေ့လိုက်ကာ “ဒီလမ်းပဲ ရှိပါတယ်၊ ပတ်သွားမယ်ဆိုရင် တောထဲ ဝင်ရပါလိမ့်မယ်”  

 

 

 

ရထားလုံးအတွင်းမှ လူကမူ တွန့်ဆုတ်ခြင်းမရှိဘဲ အမိန့်ပေးခဲ့လေသည်။ “ပတ်သွားလိုက်” 

 

 

 

ဦးဆောင်သူမှာ ခေါင်းညိတ် သဘောတူလိုက်ရပြီး၊ ၎င်းနောက် သူ၏လူများကို တောထဲသို့ ဝင်ရန် အချက်ပြလိုက်၏။ 

 

 

 

တောထဲသို့ ဝင်ကြရမည်ဖြစ်သောကြောင့် ရထားလုံးကို စွန့်ပစ်ရပေလိမ့်မည်။ ရထားလုံးကို ဆွဲနေသည့် မြင်းများပေါ်မှ ကြိုးများကို ဖြေလိုက်ပြီး ရထားလုံးပေါ်တွင် ထိုင်နေသောလူကို မြင်းပေါ်သို့ တက်ရန် ကူညီပေးလိုက်သည်။

 

 

 

“ကျန့်ကော၊ သူ့ပုံစံကိုလည်း ကြည့်ပါဦး။ ဒီလို ဖျော့တော့တဲ့သူက မြင်းကို ကြာကြာ စီးနိုင်မယ်မထင်ပါဘူး” မျက်နှာတွင် အမာရွတ်ကြီးရှိသောလူက သူ၏မြင်းကို ဦးဆောင်သူနှင့် ပို၍ နီးကပ်စွာ စီးနင်းလိုက်သည်။ “ရထားလုံးမပါဘဲ ဒီလမ်းကို ဘယ်လို ပတ်ကြမလဲ?”

 

 

 

ကျန့်ကောက ကောင်းကင်ကို ကြည့်လိုက်သော်လည်း တိမ်တိုက်များက နီးကပ်လာခြင်း မရှိသေးပေ။ သူက မြင်း၏ဗိုက်ကို တင်းတင်းဆွဲထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒါက ငါတို့နဲ့ မဆိုင်ဘူး။ သူတို့က ငါတို့ကို ပို့ပေးဖို့ပဲ ပြောခဲ့တာ၊ ရှင်ရမယ် သေရမယ်လို့ မသတ်မှတ်ခဲ့ဘူးလေ”

 

 

 

အမာရွတ်ရှိသောလူက ပြောလိုက်သည်။ “ဒီဘက်မှာ ဒီလို ဖြစ်လာမယ်ဆိုတာသာ သိခဲ့ရင် ဒီလောက် ငွေလေးအတွက်နဲ့ ဒီခရီးကို ဘာလို့များ ထွက်ခဲ့ကြတာလဲ မသိပါဘူး?”

 

 

 

သူတို့၏ ခရီးတစ်လျှောက်လုံးတွင် သူတို့သည် ဒုက္ခသည်များထက် အလောင်းများကို ပို၍ မြင်တွေ့ခဲ့ရသည်။ အရိုးစုများက လမ်းဘေးတွင် ပွထနေကြပြီး၊ အလောင်းများကို စုဆောင်းပေးမည့်သူ မရှိခဲ့ပေ။

 

 

 

ရှင်သန်နေသေးသူများ ရှိသော်လည်း ၎င်းတို့သည် အလောင်းများထက် အများကြီး ပိုမကောင်းလှဘဲ အသက်ရှင်ရန် မနည်း ရုန်းကန်နေရ၏။

 

 

 

 

 

“ငါတို့မှာလည်း သိပ်မကျန်တော့ဘူး” အမာရွတ်ရှိသောလူက တံတွေးကို မျိုချလိုက်သည်။ “ရေတောင် မသောက်ရတာ နှစ်ရက်ရှိပြီ”

 

 

 

ကျန့်ကောက ပြန်ဖြေလိုက်သည်။ “ငါရော သောက်ခဲ့ရလို့လား?”

 

 

 

အမာရွတ်ရှိသောလူက နောက်သို့ လက်ညှိုးထိုးလိုက်ပြီး “ဟိုလူက ငါတို့ထက်တောင် ပိုကောင်းနေသေးတယ်”

 

 

 

အမာရွတ်ရှိသောလူက ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သူ့အသက်ကျတော့ အသက်၊ ငါတို့အသက်ကျတော့ အသက်မဟုတ်တော့ဘူးလား? စထွက်တုန်းက ညီနောင် ဘယ်နှစ်ယောက် ရှိခဲ့တာလဲ? အခု ဘယ်နှစ်ယောက်ပဲ ကျန်တော့တာလဲ? ရေတောင် ဘယ်လောက် ကျန်တော့လို့လဲ?”

 

 

 

“ဟိုဟာ မစားနိုင်၊ ဒီဟာ မစားနိုင်တဲ့ အဖိုးတန်သူ ဖြစ်နေတာကိုး”

 

 

 

“မင်းသာ ငါ့ကို မေးရင်တော့ ငါတို့က…” သူက သူ၏ လည်ပင်းကို အမူအရာပြပြီး “သူ့ကို ဒုက္ခသည်တွေက သတ်သွားတယ်လို့ ပြောရမှာပဲ။ ဘာပဲဖြစ်ဖြစ် ဟိုဘက်က လူတွေက ရှင်လား၊ သေလား မသတ်မှတ်ခဲ့ဘူးလေ”

 

 

 

ကျန့်ကောက မြင်းကြိုးကို မြှောက်၍ ခပ်ပေါ့ပေါ့ ရိုက်လိုက်သည်။ အမာရွတ်ရှိသောလူက ရှောင်တိမ်းခြင်းမရှိဘဲ ထိုအရာကို ခံယူလိုက်၏။

 

 

 

“သူတို့က ရှင်လား၊ သေလား မသတ်မှတ်ခဲ့ပေမဲ့ အရှင်လတ်လတ် ပြန်ခေါ်လာရင်တော့ ဈေးနှုန်းက မတူဘူးလေ။” ကျန့်ကောက မျက်မှောင်ကြုတ်လိုက်သည်။ “ဆုံးသွားတဲ့ ညီနောင်တွေမှာလည်း မိသားစုတွေ ရှိတယ်။ အလကား သေခိုင်းလို့ မရဘူး”

 

 

 

အမာရွတ်ရှိသောလူက မြေပေါ်သို့ တံတွေး ထွေးလိုက်သည်။ “ဟုတ်တယ်၊ အဲ့ဒီ အရှင်တွေက ပိုက်ဆံမရှားဘူး၊ သူတို့က သူတို့ရဲ့ အသက်တွေကို ဝယ်နိုင်တယ်။ ငါတို့ကတော့ အသက်တစ်ချောင်းပဲ ရှိတော့တဲ့ ဆင်းရဲသားတွေ၊ ငါတို့ရဲ့ အသက်နဲ့ ပိုက်ဆံ ရှာရမှာပဲ”

 

 

 

သူတို့ ရောက်လာစဉ်က ညီနောင် လေးဆယ်ကျော် ရှိခဲ့သော်လည်း ယခုအခါ ပတ်ပတ်လည်တွင် ကြည့်လိုက်ရာ ဆယ်ယောက်ပင် မကျန်တော့ပေ။ 

 

 

 

ဗိုက်ဖြည့်ရန်အတွက် သူတို့သည် မြင်းများကို သတ်၍ စားသောက်ကြပြီး၊ ထိုမြင်းများ ဘာမှမထိခိုက်ဘဲ အခြေအနေ ကောင်းမွန်နေစဥ်တွင်ပင် ဖြစ်၏။

 

 

 

 

ထိုသို့ဖြစ်နေစေကာမူ သူတို့တွင် သိပ်မကျန်တော့ပေ။ 

 

 

 

ကံမကောင်းစွာဖြင့် ကျန်ရှိနေသည့် အရာများက ထိုလူမမာ လူငယ်လေးကို ဂရုစိုက်ရပေလိမ့်မည်။

 

 

 

အမာရွတ်ရှိသောလူတစ်ယောက် သူတို့ ပြန်သွားနိုင်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်ပါက၊ သူ၏ ကိုယ်ပိုင်အသက် မထွက်မီ ထိုလူမမာ လူငယ်လေးကို သတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ 

 

 

 

သူသည် လမ်းတွင် ရပ်တန့်လိုက်ပြီး၊ သူ၏ခေါင်းကို လှည့်၍ မြင်းပေါ်တွင် ထိုင်နေသော လူငယ်ကို ကြည့်လိုက်ရာ မကောင်းသောစိတ်တစ်ခုက သူ၏မျက်လုံးများမှ လျှပ်တစ်ပြက် ဖြတ်သွား၏။ ထို့နောက် သူသည် ခါးကို ကုန်း၍ ခေါင်းကို ငုံ့ကာ မြင်းကို တောထဲသို့ ဝင်စေခဲ့လေ၏။

 

 

 

တောက ဒုက္ခသည်များကြောင့် သစ်ခေါက်များခွါထားခြင်း ခံခဲ့ရပြီး၊ သူတို့ကို ဘာမျှ မပေးနိုင်ခဲ့ပေ။ 

 

 

 

သူတို့သည် လေးငါးရက်ကြာ လျှောက်သွားခဲ့ကြပြီး၊ ကျန်ရှိသော ရေများလည်း ကုန်သွားခဲ့ကာ နောက်ထပ် မြင်းတစ်ကောင်ကို သတ်၍ အငတ်ပြေအောင်စားပြီး ၎င်း၏သွေးကို သောက်ကြ၏။ 

 

 

 

သို့သော် သူတို့သည် တောထဲမှ ထွက်ရန် လမ်းကို ရှာမတွေ့နိုင်သေးပေ။ 

 

 

 

သူတို့သည် လွန်စွာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ကြပြီး၊ မြေပုံ သို့မဟုတ် လမ်းညွှန်တံ မရှိဘဲ ရက်အတော်ကြာအောင် စက်ဝိုင်းပုံ လည်နေခဲ့ကြသည်။

 

 

 

သူတို့သည် ကျန်ရှိနေသေးသည့် မြင်းများကို မသတ်ရဲကြပေ။ အကယ်၍ သူတို့ တောထဲမှ ထွက်နိုင်ခဲ့စေကာမူ သူတို့သည် တောင်ဘက်သို့ လမ်းလျှောက်၍ ပြန်သွားနိုင်လိမ့်မည် မဟုတ်ပေ။

 

 

 

ညဥ့်နက်ပိုင်းတွင် အမာရွတ်ရှိသောလူမှာ လူမမာ လူငယ်လေးအနီးသို့ အကြိမ်ကြိမ် ချဉ်းကပ်ခဲ့သည်။ သူသည် သူ့ကို လည်ပင်းညှစ်၍ သတ်ရန် သို့မဟုတ် အမြန် ခပ်သန့်သန့် ဓားဖြင့်ထိုးသတ်၍ သူ၏ စိတ်ထဲမှ အမုန်းတရားများကို ဖြေဖျောက်ရန် စိတ်ကူးခဲ့၏။

 

 

 

ဤည၌ သူ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့ ပြန်သွားနိုင်မည်မဟုတ်ဟု ထင်ရသဖြင့် ဤချမ်းသာကြွယ်ဝသော သခင်လေးကို ဆက်လက် အစေခံရန် မလိုတော့ပေ။ 

 

 

 

ဤလူက သူတို့ထက် မျက်လုံး သို့မဟုတ် နားများ ပိုပါရှိသည် မဟုတ်သဖြင့် သူ၏အသက်မှာလည်း ပို၍ တန်ဖိုးရှိမည် မဟုတ်ပေ။ 

 

 

 

သူ့ကို သတ်လိုက်ခြင်းက ၎င်းတို့၏ ဆုံးသွားသော ညီနောင်များအတွက် လက်စားချေခြင်း ဖြစ်ပေလိမ့်မည်။

 

 

 

မျက်နှာဖျော့တော့နေသောလူမှာ သစ်ပင်တစ်ပင်ကို မှီထား၏။ သူသည် အဖြူရောင် ခပ်ကြမ်းကြမ်း ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ သူ၏ခါးတွင် ရွှယ်ခါးပတ်၊ သူ၏ခေါင်းတွင် သရဖူတစ်ခု ရှိနေပြီး၊ သူ၏ ခြေထောက်တွင် မိုးပျံတိမ်ပုံစံ ဖိနပ်တစ်ရံကို စီးထား၏။ ထွက်ပြေးရသည့်လမ်းတွင်ပင် သူသည် ထိတ်လန့်မှု မရှိဘဲ သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်ခဲ့သည်။

 

 

 

{T/N: ရွှယ်ခါးပတ် - ရှေးတရုတ်ခေတ်မှာ ဝတ်ဆင်တဲ့ ခါးပတ်တစ်မျိုးပါ။}

 

 

 

အမာရွတ်ရှိသောလူက သူ့ကို ကြည့်လိုက်ပြီး မကျေနပ်မှုများဖြင့် ပြည့်နေ၏။ 

 

 

 

ထိုကဲ့သို့သောလူတို့သည် သူတို့အပေါ်သို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဖိနှိပ်ရန်အတွက် မွေးဖွားလာကြသူများ ဖြစ်၏။ 

 

 

 

ဤ တောရိုင်းဒေသအလယ်တွင်ပင် ထိုလူသည် လူကြီးလူကောင်းတစ်ဦး၏ စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားသေးသည်။

 

 

 

အမာရွတ်ရှိသောလူသည် သူ၏ ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ သူ၏ ညီနောင်များက လျစ်လျူရှုခြင်းကြောင့် မဟုတ်ဘဲ၊ အစားအစာကို ချွေတာရန်အတွက် အားလုံး အိပ်ပျော်နေကြ၏။ သူတို့၏ အိပ်မက်ထဲတွင်မှသာ သူတို့သည် ဆာလောင်မှုကို ခံစားရမည် မဟုတ်ပေ။

 

 

 

သတ်ပစ်လိုက်!

 

 

 

အမာရွတ်ရှိသောလူသည် လူမမာ လူငယ်လေးအနီးသို့ ချဉ်းကပ်သွား၏။ သူသည် ထိုလူ၏ မျိုးရိုးနာမည်ကို မသိသည့်အပြင် သူ၏နာမည်ကိုလည်း မသိခဲ့ပေ။ သူတို့ ဤ “အလုပ်” ကို ရရှိသောအခါ၌ သူက လူချမ်းသာတစ်ဦးဖြစ်ကြောင်းကိုသာ သိခဲ့ကြသည်။

 

 

 

သူက ဘယ်လောက် မြင့်မြတ်နေလို့လဲ? 

 

 

 

ယခုမူ သူသည် သူတို့ကဲ့သို့ပင် သေလုနီးပါး ဖြစ်နေပြီ။

 

 

 

သူ၏လက်ထဲမှ ဓားသည် တိုက်ခိုက်ရန် နီးကပ်လာသောအခါ၌ မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏။

 

 

 

အလင်းတန်းတစ်ခုက သူတို့ဘက်သို့ ထွန်းလင်းလာသည်—

 

 

 

အလင်းရောင်မှာ ပတ်ဝန်းကျင်ကို နေ့ခင်းဘက်ကဲ့သို့ပင် လင်းစေခဲ့ပြီး၊ သူ၏ မကောင်းဆိုးဝါး အမူအရာကို ဖော်ထုတ်လိုက်သည်။ 

 

 

 

အမာရွတ်ရှိသောလူသည် နေရာတွင် ရပ်တန့်သွားပြီး၊ သူ၏လက်ထဲမှ ဓားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ မြေကို စောင်း၍ ထိုးဖောက်လိုက်သည် ။

 

 

 

“နတ်မင်း…” အမာရွတ်ရှိသောလူက တိုးတိုးလေး ရေရွတ်လိုက်၏။ “နတ်မင်း ကြွလာပြီ…”

 

 

 

အလင်းရောင်မှာ အံ့မခန်း ဖြူစင်နေပြီး၊ မီးတုတ် သို့မဟုတ် နေရောင်ခြည်၏ အလင်းရောင် မဟုတ်ဘဲ၊ ဖြူစင်၍ မျက်စိကို မှိတ်စေနိုင်သော အဖြူရောင် ဖြစ်၏။ 

 

 

 

အမာရွတ်ရှိသောလူသည် တောက်ပသော အလင်းရောင်ဘက်သို့ ဒူးထောက်လိုက်သည်။ သူသည် ဒဏ္ဍာရီများစွာကို ကြားဖူးခဲ့ပြီး၊ သူ၏လုပ်ငန်းခွင်၌လည်း မကြာခဏဆိုသလို ရှင်ခြင်းနှင့် သေခြင်းကို ကိုင်တွယ်ဖြေရှင်းရသောကြောင့် နတ်ဘုရားများနှင့် ဘုရားသခင်များကို ယုံကြည်ခြင်း မရှိဘဲ မနေနိုင်ကြပေ။ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေစဉ်က နတ်မင်းတစ်ဦး၏ အကူအညီကို ရရှိခဲ့သော လူအိုတစ်ဦး၏ ဇာတ်လမ်းများကို သူ ကြားဖူးခဲ့ပြီး၊ ထိုအချိန်မှစ၍ သူသည် သာယာဝပြောလာခဲ့ကာ သူ၏မျိုးဆက်များကလည်း မျိုးဆက်များစွာအတွက် ကောင်းချီးမင်္ဂလာများနှင့် သာယာဝပြောမှုကို ခံစားခဲ့ကြ၏။

 

 

 

ဤအလင်းက နတ်ဘုရား၏ အလင်း ဖြစ်ရမည်!

 

 

 

အမှောင်ကို ထွန်းလင်းစေနိုင်သော ထိုကဲ့သို့သော အလင်းရောင်က သာမန်လူသားများ၏ စွမ်းရည်ထက် ကျော်လွန်ပေ၏။

 

 

 

“ဘာတွေ ဖြစ်နေတာလဲ?...” ညီနောင်များက နောက်ဆုံးတွင် နိုးလာကြသည်။ 

 

 

 

သူတို့၏ အမူအရာများက ရှုပ်ထွေးမှုမှ ကြောက်ရွံ့မှုသို့၊ ၎င်းနောက်မှ ရိုသေမှုသို့ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လာခဲ့၏။ 

 

 

 

သူတို့အားလုံးသည် နတ်ဘုရားများကို ယုံကြည်ကြပြီး၊ မည်သည့်တာဝန်ကိုမဆို မစတင်မီတွင် နတ်တို့အား အမြဲတမ်း ရိုသေကိုးကွယ်ကြသည်။ ကောင်းမွန်စွာ စပါးရိတ်သိမ်းနိုင်သည့် နှစ်များတွင်ပင် သူတို့သည် ဘုရားကျောင်းသို့ အထူးခရီးစဉ် သွားရောက်ကာ နှစ်ကုန်ပိုင်း၌ ပထမဦးဆုံးသော အမွှေးတိုင် ပူဇော်ကြသည်။

 

 

 

အမာရွတ်ရှိသောလူမှာ မြေပေါ်တွင် ဒူးထောက်နေပြီး၊ သူ၏နဖူးကို မြေကြီးနှင့် ထိထား၏။ 

 

 

 

သူသည် ပုဂ္ဂိုလ်ရေးအရ ဂုဏ်ကျက်သရေ သို့မဟုတ် စည်းစိမ်ဥစ္စာကို မရှာဖွေဘဲ၊ နတ်ဘုရားများ၏ ကြားဝင်ကူညီမှုကိုသာ တောထဲမှ ထွက်ခွာနိုင်ရန်နှင့် တောင်ဘက်သို့ ဘေးကင်းစွာ ပြန်သွားနိုင်ရန်သာ ဆန္ဒရှိခဲ့၏။ 

 

 

 

ကျန့်ကောပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်သည်။

 

 

 

လူမမာလူငယ်လေးသာ မလှုပ်မယှက် ကျန်ရှိနေပြီး၊ မတ်တပ်မရပ်ဘဲ သစ်ပင်ကို မှီထားသည်။

 

 

 

သို့သော် ဤအချိန်တွင် သူ့ကို မည်သူမျှ ဂရုမစိုက်ကြတော့ချေ။ 

 

 

 

လူတိုင်းသည် မြေပေါ်တွင် ဒူးထောက်၍ နဖူးကို မြေကြီးနှင့် ထိလျက်၊ နတ်ဘုရားတစ်ပါး၏ လမ်းပြမှုကို မျှော်လင့်တောင့်တနေကြ၏။

 

 

 

“ခေါင်းမော့ကြ”

 

 

 

ကြည်လင်၍ သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသားတစ်ဦး၏ အသံက ပဲ့တင်ထပ်လာ၏။ ထိုအသံက နေရာတိုင်းမှ လာနေသကဲ့သို့ဖြစ်နေပြီး၊ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ခွဲခြားရခက်ခဲလှသည်။ အော်ဟစ်ခြင်းမရှိသော်လည်း လူတိုင်းက အလွန်ကြည်လင်ပြတ်သားစွာ ကြားနိုင်ကြ၏။

 

 

 

ထိုအသံမှာ ရွှေနှင့်ကျောက်စိမ်းတို့ ပေါင်းဆုံမိသကဲ့သို့ ဖြစ်နေပြီး၊ အသံပိုင်ရှင်မှာ နွေရာသီည၏ လေပြည်လေညှင်းကဲ့သို့ ကျယ်ပြန့်၍ စိတ်ကောင်းနှလုံးကောင်း ရှိရမည်ဟု ထင်ရ၏။

 

 

 

လူအုပ်ကြီးက တစ်ဦးပြီးတစ်ဦး ခေါင်းမော့လိုက်ကြသည်။ 

 

 

 

သို့သော်... 

 

 

 

အလင်းရောင်ထဲမှ ထွက်လာသည်ကား ဆန်းကြယ်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဖြစ်၏။

 

 

 

သူ(မ)သည် ၎င်းတို့တစ်ခါမျှ မမြင်ဖူးသော ထူးဆန်းသည့် စကတ်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည် ။ သို့သော် ထိုစကတ်ပေါ်တွင် ရှုပ်ထွေး၍ လှပသော ပန်းထိုးပုံစံများက ပုံဖော်ထား၏ ။ ထိုအရောင်များသည် အလွန်တောက်ပစိုပြေ၍ အဝေးမှကြည့်လျှင် တကယ့် ပန်းအစစ်များကဲ့သို့ ထင်မှတ်ရလေ၏။

 

 

 

ဤအချိန်တွင် မြက်ပင်နောက်၌ ပုန်းနေသော ယဲ့ကျိုးခမျာ ၎င်းတို့၏ စိတ်ထဲ၌ မည်သို့တွေးနေကြသည်ကို မသိပေ။ မဟုတ်ပါက သူ အံ့ဩရပေလိမ့်မည်။ 

 

 

 

အခြားတစ်ဖက်တွင်မူ ချောင်အာ၏မိခင်သည် စူပါမားကတ်မှ ကီလိုလိုက် ဝယ်ယူခဲ့သော ကမ်းခြေဝတ်စကတ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ထိုစကတ်မှာ စျေးမကြီးဘဲ ရောင်စုံပန်းများ ပုံနှိပ်ထားရာ အနည်းငယ် အရောင်စူးရှနေ၏။

 

 

 

အစပိုင်းတွင် ယဲ့ကျိုးတစ်ယောက် သူတို့အား ဝယ်ယူရန် အစီအစဉ်မရှိခဲ့ပေ။ သို့သော် ဈေးနှုန်းများက အလွန်သက်သာနေသောကြောင့် ဘာမှမဝယ်လျှင် အရှုံးကြီးရှုံးမည်ဟု ထင်ရ၏။ 

 

 

 

ချောင်အာ၏မိခင် ထိုစကတ်ကို ဝတ်ဆင်ထားသည်က အနည်းငယ် ထူးခြားနေ၏။ ၎င်းမှာ စိတ်ဓာတ်နှင့်ဆိုင်သော ကိစ္စဖြစ်နိုင်သော်လည်း၊ ချောင်အာ၏မိခင် စကတ်ကို ဝတ်ဆင်သောအခါ၊ သူ(မ)သည် ရှေးခေတ်ကလူတစ်ဦးနှင့်တူပြီး ထူးဆန်းသည့် ပုံရိပ်ကို ပေးစွမ်းနေလေသည်။

 

 

 

သူသည် ဤလူအုပ်ကို ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့သည်။ တောက ကျယ်ပြန့်ပြီး၊  လမ်းများမရှိချေ။ လမ်းအားလုံးကို နှစ်ပေါင်းများစွာကတည်းက တောရိုင်းတိရစ္ဆာန်များက ဖန်တီးခဲ့ကြသည်။ ထို့ကြောင့် ယဲ့ကျိုးတစ်ယောက် ပတ်ဝန်းကျင်ကို စူးစမ်းသောအခါ သတိထားခဲ့ခြင်း ဖြစ်၏။ 

 

 

 

သူသည် မြင့်မားသောနေရာတွင် ရှိပြီး၊ နေ့စဉ်မှန်ပြောင်းတစ်ခုကို အမြဲတမ်း ယူဆောင်သွားကာ ဖောက်သည်များ ရှာဖွေခဲ့ခြင်းကြောင့် ဤလူအုပ်ကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 

 

 

သို့သော် အစပိုင်းတွင် သူသည် ဤလူများနှင့် ဆက်သွယ်ရဲခြင်း မရှိပေ။

 

 

 

သူတို့ ဆာလောင်၍ အန္တရာယ်မပေးနိုင်တော့မှသာ ချောင်အာ၏မိခင်ကို ခေါ်လာဖို့ ပြောရန် ရဲခဲ့လေသည်။

 

 

 

သူသည် သူ၏ပုံပန်းသဏ္ဍာန်ကို ထိန်းသိမ်းထားရမည်ဖြစ်သောကြောင့် ဤလူများနှင့် ပုဂ္ဂိုလ်ရေးအရ မဆက်သွယ်နိုင်ပေ။ 

 

 

 

ကံကောင်းထောက်မစွာ ချောင်အာ၏မိခင်တွင် ထိုကိစ္စမျိုးအတွက် သဘာဝပါရမီ ရှိနေ၏။ သူ(မ)မှာ အမှန်တကယ်ကို ပါရမီရှင်တစ်ယောက်ဖြစ်၏။ ခေတ်သစ်လောကတွင် သူ(မ)သည် အလုပ်ရှင်၏ အနှစ်သက်ဆုံးနှင့် ဝန်ထမ်းများကြားတွင် မနှစ်သက်ခံရဆုံးသော စီမံခန့်ခွဲရေး ပါရမီရှင်တစ်ဦး ဖြစ်နေပေလိမ့်မည်။

 

 

 

 

ယဲ့ကျိုး၏ ညွှန်ကြားချက်များမရှိဘဲပင် သူ(မ)က ဝန်ထမ်းအသစ်များကို လွတ်လပ်စွာ လမ်းညွှန်နိုင်သည် ။ 

 

 

 

ရလဒ်အနေဖြင့် ဝန်ထမ်းအသစ်များမှာ သူ့ကို မြင်သောအခါ ဦးညွှတ်ကြ၏။ ဤသည်မှာ ယဲ့ကျိုးတောင်းဆိုခဲ့သည့်အရာ ဖြစ်သည်။ ဦးညွှတ်ခြင်းကို လက်ခံနိုင်သော်လည်း ဒူးထောက်ခြင်းကိုမူ လက်မခံနိုင်ပေ။

 

 

 

ယဲ့ကျိုးသည် အသံချဲ့စက်နှင့် အားကောင်းသော ဓာတ်မီးအား ချထားပြီး၊ အနီးအနားမှ အသံများကို ဂရုတစိုက် နားထောင်နေ၏။

 

 

 

ချောင်အာ၏မိခင်မှာ စိတ်တည်ငြိမ်နေသော်လည်း အပြုံးတစ်ခုက သူ(မ)၏ မျက်နှာတွင် တည်ရှိနေပြီး၊ သူ(မ)က သက်လတ်ပိုင်းအရွယ် အမျိုးသားအုပ်စုကို ကြင်နာသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ(မ)၏ အသံက တည်ငြိမ်နေပြီး “နတ်မင်းက ဒုက္ခရောက်နေတဲ့သူတွေ ရှိတယ်လို့ သိလိုက်တာနဲ့ လာကြည့်ပေးဖို့ ကျွန်မကို လွှတ်လိုက်တာပါ” 

 

 

 

ချောင်အာ၏မိခင်မှာ တစ်စုံတစ်ဦးကို လိမ်ညာနေသည်ဟု မခံစားရပေ။ သူ(မ)က နတ်မင်းက ခိုင်းစေထားသည်မှာ တကယ်ပင် မှန်ကန်သည်ဟု ယုံကြည်၏။

 

 

 

လူများက အလွန်အံ့သြသွားခဲ့ကြသော်လည်း မည်သူမျှ ပြောဆိုရဲခြင်း မရှိပေ။ ဦးဆောင်သူ ကျန့်ကောကသာ သူ့စိတ်သူ စုစည်းလိုက်ပြီး၊ ချောင်အာ၏မိခင်အား ခပ်တောင့်တောင့် ဦးညွှတ်ကာ “နတ်မယ်တော်ခင်ဗျာ… မေးခွင့်ပြုပါ”

 

 

 

ချောင်အာ၏မိခင်၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် ယဉ်ကျေးလာ၏။

 

 

 

ဘုရားရေ၊ အခု သူ(မ)က “နတ်မယ်တော်” တစ်ယောက် ဖြစ်နေခဲ့ပြီ။

 

 

 

သို့သော်လည်း သူ(မ)သည် ယခုအချိန်တွင် နတ်မင်းနောက်သို့ လိုက်နေပြီး၊ အခြားသူများကို မလှည့်စားသင့်ဟု မှတ်မိနေခဲ့၏။ ထို့ကြောင့် သူ(မ)က လက်ကို ဝှေ့ယမ်းလိုက်ပြီး “ကျွန်မက ဘာနတ်မယ်တော်မှ မဟုတ်ပါဘူး။ ကျွန်မလည်း အရင်က ဒုက္ခသည်တစ်ယောက်ပါပဲ။ နတ်မင်းက သူ့ရဲ့ အစွမ်းအစနဲ့ ကျွန်မကို ကယ်တင်ခဲ့ပြီး၊ စားစရာနဲ့ ဝတ်စရာတွေ ပေးခဲ့တာပါ”

 

 

 

ကျန့်ကောခမျာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ပြင်လုံး ရဲရဲနီနေ၏။ “နတ်မင်းက ဒီနေရာမှာ ရှိလား?”

 

 

 

ချောင်အာ၏မိခင်က ညင်သာစွာ ပြုံးလိုက်သည်။  “နတ်မင်းက နေရာတိုင်းမှာ ရှိပြီး၊ အရာရာကို သိမြင်နိုင်တယ်လေ”

 

 

 

ချောင်အာ၏မိခင်က သူ(မ)၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်သည်။ “နတ်မင်းမှာ ဂူအိမ်တော်ရှိတယ်။ ကျွန်မနဲ့အတူ လိုက်ခဲ့ကြပါ” 

 

 

 

ဤသို့ပြောပြီးနောက် သူ(မ)က သူတို့နှင့် စကားဆက်မပြောဘဲ တောထဲသို့ လှည့်ဝင်သွား၏။ သူ(မ)၏လက်မှ အလင်းရောင် ထွက်ပေါ်လာသော်လည်း အရင်ကကဲ့သို့ မတောက်ပတော့ပေ။

 

 

 

ကျန့်ကော၏အုပ်စုမှ မည်သူမျှ သူ(မ)ကို သံသယဝင်ရဲခြင်း မရှိကြပေ။

 

 

 

ဤအချိန်တွင် သူတို့သည် ရှေ့သို့တိုး၍မရ၊ နောက်သို့ဆုတ်၍မရဘဲ ထောင်ချောက်ထဲတွင် ပိတ်မိနေကြသည်။ သူတို့၏ ရေနှင့် ရိက္ခာများလည်း ကုန်ဆုံးသွားခဲ့ပြီ။ ကောင်းကင်မှ နတ်ရေစင်များ ဆင်းသက်လာသည်နှင့်အမျှ ဘုရားသခင်ကို မယုံကြည်သူများပင် ယုံကြည်ရတော့မည် ဖြစ်သည်။

 

 

 

“မြန်မြန်... မြန်မြန်... လိုက်ကြ...” အမာရွတ်ရှိသောလူမှာ အလွန်မြန်မြန် ပြေးသောကြောင့် မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွား၏။ သို့သော် သူသည် ထိုအရာကို ဂရုမစိုက်ဘဲ လက်နှင့်ခြေထောက်များကို အသုံးပြုကာ ပြန်ထရပ်ပြီး၊ ထော့နဲ့ထော့နဲ့ဖြင့် လိုက်သွားသည်။ သူ၏မြင်းကိုပင် မေ့လျော့နေ၏။

 

 

 

ကျန့်ကောမှာ စိတ်လှုပ်ရှားနေသော်လည်း မြင်းများနှင့် ဖျားနာနေသည့် လူချမ်းသာကို သတိရနေသေးသည်။

 

 

 

“မြင်းတွေ...” ကျန့်ကောက အော်ဟစ်လိုက်ပြီး၊ သူ၏ အရေးကြီးမှုက ရိုင်းစိုင်းသော စကားများကိုပင် အသုံးပြုမိနေ၏။ “မင်းတို့ မြင်းတွေကို မေ့နေကြပြီ... သေစမ်း...”

 

 

 

သူသည် ခေါင်းကို လှည့်၍ သစ်ပင်ပင်စည်ကို မှီနေသော လူမမာကို ကြည့်လိုက်ပြီး မထီမဲ့မြင်မဖြစ်စေရန် ကြိုးစားနေသည်။ သူသည် အနီးသို့ ချဉ်းကပ်၍ ခါးကို ကုန်းပြီး မေးလိုက်သည်။ “လူကြီးမင်းခင်ဗျာ၊ မြင်းပေါ်ကို ကျွန်တော် ပွေ့တင်ပေးရမလား?”  

 

 

 

လူမမာက နှစ်ချက် ချောင်းဆိုးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ဒုက္ခရောက်အောင် လုပ်မိပြီ” 

 

 

 

ကျန့်ကောတစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ “လူကြီးမင်းက ဘာလို့ ခုနက ဒူးမထောက်တာလဲ? နတ်မင်းနဲ့ တွေ့တဲ့အခါ ဒူးမထောက်တာက စိတ်ရင်းမှန် မရှိရာရောက်တယ်လေ”

 

 

 

လူမမာတစ်ယောက် အသက်ရှူရခက်ခဲစွာဖြင့် “ဒူးမထောက်ချင်တာ မဟုတ်ပါဘူး၊ မထောက်နိုင်လို့ပါ။ ကျန့်ကော၊ ကျွန်တော် မတ်တပ်တောင် ဖြောင့်ဖြောင့် မရပ်နိုင်ဘူး”

 

 

 

ကျန့်ကော: “…”

 

 

 

လူမမာက အမှန်တကယ် သေတော့မည်ဟု ထင်ရ၏။

 

 

 

ကျန့်ကောသည် ရွှေငွေများကို တွေးတောပြီး သွားများကို တင်းတင်းကြိတ်လိုက်၏။ လူမမာကို ကျောပေးပြီး ထိုင်ချလိုက်သည်။ “ဆက်မပြောပါနဲ့တော့။ တက်လိုက်၊ ကျွန်တော် ပွေ့ပြီး ခေါ်သွားပါ့မယ်”

 

 

 

“နတ်မင်းက သနားပြီး ခင်ဗျားအသက်ကယ်ဖို့ ဆန္ဒရှိခဲ့ရင် အဲ့ဒါကလည်း  ကံကောင်းခြင်းပါပဲ”

 

 

 

အနီးအနားတွင် နားထောင်နေသော ယဲ့ကျိုးတစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်၏။ “…”

 

 

 

သူ ဘယ်လို ကယ်တင်နိုင်မှာလဲ? သူက လူမမာကို တစ်ခါမှ မကယ်ခဲ့ဖူးချေ။ သူ ကယ်ခဲ့သောလူများမှာ ဆေးမလိုပေ။ 

 

 

 

အစားအစာက ရောဂါအားလုံးကို ကုသပေးနိုင်သည် ဟူသော အယူအဆသာ ဖြစ်၏။