ဒုက္ခသည်များက စုဝေးကာ စားသောက်နေကြသည်။ ၎င်းတို့သည် ချောင်အာ၏မိခင် တည်ခင်းပေးသော ဆန်ပြုတ်ပူပူကို ရှေ့၌ ချထားလျက် ဝန်းရံ၍ ထိုင်နေကြ၏။
၎င်းတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် လမ်းခရီးတွင် တွေ့ခဲ့ရသော ဆန်ပြုတ်ဆိုင်များ၏ ဆန်ပြုတ်များနှင့် မတူဘဲ၊ ချောင်အာ၏မိခင် ယူဆောင်လာသော ဆန်ပြုတ်ကား ပျစ်နှစ်လှသည်။ ဆန်စေ့တစ်စေ့စီမှာ နူးအိနေပြီး၊ ဆန်ပြုတ်အပေါ်၌မူ အဝါနုရောင် အမျှင်နှင့် တူသော အရာတစ်ခုကို ဖြူးထားသည်။
၎င်းတို့က ပန်းကန်လုံးများဖြင့် စားသောက်ရန် ဝန်လေးနေသည်ကို မြင်သောအခါ ချောင်အာ၏မိခင်က ရှင်းပြလိုက်သည်။ “နတ်မင်းက ရှင်တို့ရဲ့ ဗိုက်ကို အာဟာရဖြည့်ဖို့ မှာကြားခဲ့တယ်၊ အာဟာရပြည့်မှ အဆီပါတဲ့ အသားတွေကို စားနိုင်မှာ။ ဒီဆန်ပြုတ်ကတော့ အသားခြောက်မျှင်နဲ့ လုပ်ထားတာ၊ အဲ့ဒါကြောင့် စားတဲ့အချိန် အသားအရသာကို ခံစားရလိမ့်မယ်”
သူ(မ)က တံတွေးကို မျိုချလိုက်၏။ “ဒါ တော်တော်ကောင်းတဲ့ အရာပဲ”
ချောင်အာ၏မိခင်သည် ဝူယန်၏ ဇနီးထံသို့ ထူးဆန်းသော ပုလင်းတစ်လုံးကို ထည့်ပေးလိုက်သည်။ သူ(မ)က မေးကို မြှင့်၍ ပြောလိုက်၏။ “ကလေးကို တိုက်လိုက်၊ လူ့နို့ထက်တော့ မဆိုးပါဘူး”
ထိုအမျိုးသမီးက ပုလင်းကို နှံနှံအအပင် လက်ခံလိုက်၏။ ပုလင်းအပေါ်၌ အဖြူရောင် နို့သီးခေါင်းတစ်ခု ရှိနေသည်။ သူ(မ)က လက်ဖြင့် ကိုင်တွယ်ကြည့်လိုက်သောအခါ၌ ပျော့နေ၏။
ချောင်အာ၏မိခင်က စိတ်မရှည်စွာ ပြောလိုက်သည်။ “ကလေးရဲ့ ပါးစပ်ထဲကို ထည့်လိုက်ရုံပဲ၊ သူ ဘာသာ သောက်လို့ရတယ်”
ထိုအမျိုးသမီးက မရွေ့လျားရဲပေ။ သူ(မ)က ထိုနို့ဘူးကို အလွန် အဖိုးတန်၍ ရှားပါးသည့် ရတနာတစ်ခုပမာ ကိုင်ဆောင်ထား၏။
ချောင်အာ၏မိခင်က သည်းမခံနိုင်တော့ပေ။ သူ(မ)က ထိုအမျိုးသမီးထံမှ နို့ဘူးကို “လုယူ” လိုက်ပြီး၊ သူ(မ)၏ရင်ခွင်ထဲမှ ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ကလေးငယ်များအား မည်သို့ စုပ်ရမည်ကို သင်ယူရန် မလိုပေ။ ပါးစပ်က နို့သီးခေါင်းကို ထိမိသည်နှင့် တစ်ပြိုင်နက် ခက်ခက်ခဲခဲ စို့သောက်တော့၏။
ချောင်အာ၏မိခင်က တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ဤမျှ ငယ်ရွယ်သေးသော ကလေးငယ်တစ်ဦးပင်လျှင် အသက်ရှင်ရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားရမည်ကို သိနေ၏။
ဒုက္ခသည်များက အပြင်တွင် စားသောက်နေကြ၏။ ယဲ့ကျိုးတစ်ယောက် စူပါမားကတ်အတွင်း၌ ၎င်းတို့အတွက် အဝတ်အစားအသစ်များ ရှာဖွေနေသည်။ ဒုက္ခသည်များ စားသောက်ပြီးသောအခါ၌ ၎င်းတို့အား ရေချိုး၍ ဂတုံး,တုံးရပေဦးမည်။ ဂိုဒေါင်ကိုလည်း သိမ်းဆည်းရပေဦးမည်။ ဂိုဒေါင်ကိုတော့ ခဏထားလိုက်ပါတော့။
ယခုအချိန်၌ ဂိုဒေါင်၏ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်အလွှာတစ်ခု ရှိနေသော်ငြားလည်း၊ ကြမ်းပြင်ကို သုတ်ပြီးနောက် သန့်စင်နိုင်မည် ဖြစ်၏။ အညိုရောင် ဖျာများနှင့် စောင်များကို ခင်းပြီးနောက် လူများ အိပ်စက်နိုင်ပေမည်။
ကံကောင်းစွာပင် သူက စူပါမားကတ်ကြီးတစ်ခုကို ဖွင့်လှစ်ခဲ့၏။ အကယ်၍ သာမန် စူပါမားကတ်ငယ်လေးတစ်ခု ဖြစ်ခဲ့ပါက၊ လူအများအပြား ရောက်ရှိလာသောအခါ၌ စားသောက်ရန်အတွက်သာ ကုန်လက်ကျန်များကို လုံးဝ ကုန်အောင် သုံးစွဲရပေလိမ့်မည်။
ယဲ့ကျိုးတစ်ယောက် သူ၏အလုပ်များ ပြီးမြောက်သောအခါ၌ စားသောက်ပြီးသော ဒုက္ခသည်များက အပြင်တွင် အတော်အတန်ကြာ ထိုင်နေခဲ့ကြလေပြီ။
ယဲ့ကျိုးသည် တံခါးဝတွင်ရပ်၍ ချောင်အာ၏မိခင်ကို မျက်စ,ပစ်ပြလိုက်၏။
ချောင်အာ၏မိခင်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် တက်လာခဲ့သည်။ သူ(မ)က ခေါင်းကို နှိမ့်၍ ခါးကိုကိုင်းကာ ပူဇော်ပသသည့် ပုံစံဖြင့် ရှိခိုးလိုက်၏။ သူ(မ)၏ အသံကား မူလက ကျယ်လောင်သော်လည်း ယခင်က ဆာလောင်မှုကြောင့် စကားမပြောနိုင်ခဲ့ပေ။ ယခုမူ သူ(မ) ပို၍ ကောင်းမွန်လာသောအခါ၌ မိုးခြိမ်းသံကဲ့သို့ ပြောဆိုနိုင်၏။
“မာစတာနတ်မင်း၊ ကျေးဇူးပြု၍ အမိန့်တော်ချမှတ်ပါ”
ယဲ့ကျိုးသည် သူ(မ)၏ အသံကို အလွန်ပင် ရင်းနှီးနေခဲ့၏။ မရင်းနှီးရုံသာမက၊ သနားကြင်နာဖွယ်ကောင်းသည်ဟုပင် ခံစားရ၏။
သူ၏ ဒုတိယအဒေါ်တွင်လည်း အလားတူ အသံမျိုး ရှိခဲ့၏။ သူ(မ)ကို ကြည့်ရသည်ကား ကြမ်းတမ်းပုံရသော်လည်း တကယ်တမ်းတွင် လူကောင်းတစ်ဦး ဖြစ်သည်။ သူ ဇာတိမြို့သို့ ပြန်တိုင်းပင် သူ၏ ဒုတိယအဒေါ်က သူ့အတွက် အရုပ်များ ဝယ်ပေးလေ့ရှိပြီး၊ သူ အကြိုက်ဆုံး ဟင်းလျာများကိုလည်း ချက်ပြုတ်ပေးလေ့ရှိသည်။
သူသည် အိမ်လွမ်းနာကျနေမိ၏။
အပြင်တွင် အလုပ်လုပ်ကိုင်စဉ်က တစ်နှစ်ပတ်လုံး အိမ်သို့ မပြန်ခဲ့သော်လည်း သိပ်အများကြီး မတွေးမိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ မည်သည့်အချိန်မဆို အိမ်သို့ ပြန်နိုင်မည်ကို သိခဲ့သောကြောင့် ဖြစ်မည်။
သူ ဒီကို ရောက်ခဲ့သည်မှာ ဆယ်ရက်ကျော်သာ ရှိသေးသော်လည်း အိမ်ကို လွမ်းဆွတ်လာခဲ့လေပြီ။
ယဲ့ကျိုးက တိုးတိုးလေး ပြောလိုက်သည်။ “သူတို့ကို သွားချိုးခိုင်းလိုက်။ အဝတ်အစားတွေကို လုံခြုံရေးအခန်းထဲမှာ ထည့်ထားတယ်။ စူပါမားကတ်ထဲ မဝင်ခင် အဝတ်အစားတွေ လဲရမယ်။ နားလည်လား?”
ချောင်အာ၏မိခင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆို သူတို့ အိပ်...”
သူ(မ)နှင့် ချောင်အာ နေထိုင်သည့် အခန်းတွင် ကုတင်နှစ်လုံးသာ ရှိ၏။ အခန်းကလည်း သိပ်မကြီးလှပေ။ ကြမ်းပြင်ပေါ်တွင် အိပ်နိုင်သော်လည်း လူလေးဦးထက် ပိုကာ ပြွတ်သိပ်ထည့်သွင်း၍ မရနိုင်ပေ။
ကျန်တဲ့သူတွေကရော?
ယဲ့ကျိုး : “ဂိုဒေါင်ထဲ ခေါ်သွားလိုက်”
ချောင်အာ၏မိခင်က ရုတ်တရက် သဘောပေါက်သွားသည်။ “ဂိုဒေါင်လည်း ကောင်းတာပဲ... ကြီးလည်းကြီး၊ ပြတင်းပေါက်တွေလည်း ပါတယ်...”
ဒုက္ခသည်များက ချောင်အာ၏မိခင် အမိန့်အတိုင်း လုံခြုံရေးအခန်းထဲသို့ ရေချိုးရန် ဝင်သွားကြ၏။
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များက ရှေ့မှ သွားကြပြီး အမျိုးသားများကတော့ အပြင်တွင် စောင့်နေကြသည်။
ယဲ့ကျိုးက ထိုအမျိုးသားအုပ်စုကို ကြည့်လိုက်၏။ သူက ၎င်းတို့သည် လူကောင်းများ ဖြစ်စေရန် မျှောင်လင့်မိသည်။ သို့သော် ၎င်းကား မျှော်လင့်ချက်မျှသာ ဖြစ်ပေသည်။
အကယ်၍ ၎င်းတို့တွင် ရည်ရွယ်ချက်ဆိုးများ ရှိခဲ့ပါက သူသည် ချက်ချင်းပင် ရက်ရက်စက်စက် ပြုလုပ်ရပေလိမ့်မည်။
သူ အသက်ရှင်လျက် အိမ်ပြန်လို၏။ ဤကား သူ၏ ဦးစားပေးအချက် ဖြစ်ကာ အခြားသော လူများနှင့် ကိစ္စရပ်များကမူ ဤအချက်အတွက် အလျှော့ပေးရပေလိမ့်မည်။
ယဲ့ကျိုးက ချက်ချင်းပင် အကြည့်ကို လွှဲလိုက်ပြီး စူပါမားကတ်သို့ ပြန်သွားလိုက်၏။
အမျိုးသားများက ယဲ့ကျိုး၏ နောက်ကျောကို ဂရုတစိုက် ကြည့်နေကြ၏။ ဤကား ၎င်းတို့ ယဲ့ကျိုး၏ မျက်နှာကို ပထမဆုံးအကြိမ် ရှင်းလင်းစွာ မြင်ဖူးခြင်း ဖြစ်သည်။
“နတ်မင်း... အဲ့ဒါကြောင့် နတ်မင်း ဖြစ်နေတာကိုး” ဝူယန်က တွေဝေစွာ ပြောလိုက်သည်။ “ငါတို့နဲ့ အကွာကြီး”
ပတ်ဝန်းကျင်ရှိ လူများက တိုးတိုးတိတ်တိတ် ပြောလာကြ၏။ “မင်းမျိုးမင်းနွယ်တွေထဲက မင်းသားလေးတွေလည်း ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းလေးတွေပဲလို့ ကြားဖူးတယ်”
“ဒါပေမယ့် နတ်မင်းလောက်တော့ ကြည့်လို့ကောင်းမှာ မဟုတ်ဘူး...”
၎င်းတို့အားလုံးက သူတို့၏ လက်များကို အတူတကွ ငုံ့ကြည့်လိုက်ကြသည်။ သူတို့၏ လက်ချောင်းများကား တို၍ တုတ်လည်းတုတ်၏။ သူတို့၏ လက်ဖဝါးများမှာလည်း ပုတုတုပင်။ ယဲ့ကျိုး၏ သွယ်လျှသော လက်မောင်းများနှင့် လက်များကဲ့သို့ မဟုတ်ဘဲ၊ ၎င်းတို့၏ လက်များက မီးသွေးကဲ့သို့ မည်းမှောင်နေပြီး၊ နတ်မင်းမူကား လင်းနေသည့်နှယ် ဖြူဖွေးနေ၏။
သူ၏ မျက်နှာကလည်း ၎င်းတို့၏ မျက်နှာများနှင့် ကွဲပြားလှသည်။
ထင်ရှားစွာပင် ၎င်းတို့အားလုံးတွင် မျက်လုံးတစ်စုံနှင့် နှာခေါင်းတစ်ဖက်စီ ရှိနေသော်လည်း၊ နတ်မင်း၏ မျက်နှာကား နွီဝါး နတ်ဘုရားမ ကိုယ်တိုင် ဖန်ဆင်းခဲ့သည့်နှယ် ဖြစ်နေပြီး၊ ၎င်းတို့ကား နွီဝါး နတ်ဘုရားမက ပစ်ချခဲ့သည့် ရွှံ့စေးများသာ ဖြစ်၏။
{T/N : nuwa goddess - နွီဝါး နတ်ဘုရားမ (မြွေတစ်ပိုင်း၊ လူတစ်ပိုင်းရှိတဲ့သူ) ဝူခုန်းကား ကြည့်ဖူးတဲ့သူတွေဆို သိပါလိမ့်မယ်။ တရုတ်ဒဏ္ဍာရီထဲက အရေးပါတဲ့ နတ်ဘုရားမတစ်ပါး ဖြစ်ပါတယ်။ သူ့ကို လူသားတွေကို ဖန်ဆင်းသူနဲ့ ကမ္ဘာကြီးကို ကယ်တင်သူအဖြစ် သိကြပါတယ်။}
ဘာလဲ? နတ်ဘုရားမဆိုတိုင်း မပင်ပန်းဘူး မထင်နဲ့လေ သူ(မ)လည်း ပင်ပန်းနိုင်တာပဲ။ အရာအားလုံးကို ကိုယ်ကိုယ်တိုင်ပဲ လုပ်ရနေတာမလား?
အိုင်…
“ငါတို့တော့ ဒီလို ကံကောင်းလိမ့်မယ်လို့ ထင်ကိုမထင်ခဲ့ဘူး” မျက်နှာတွင် အစက်, အပျောက်များ ရှိသော အမျိုးသားက ပျော်ရွှင်စွာ ပြောလိုက်သည်။ “ငယ်ငယ်တုန်းက နက္ခတ်ဆရာတစ်ယောက်က ငါ့ဘဝမှာ ကောင်းချီးမင်္ဂလာ ရလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်၊ ဆင်းရဲမွဲတေနေတဲ့ အချိန်မှာ ကူညီပေးမယ့် သူဌေးသူကြွယ်တွေ ရှိလိမ့်မယ်တဲ့။ အဲ့တုန်းက သူက လူလိမ်လို့ ထင်ခဲ့တာ…”
အမျိုးသားများက အပြင်တွင် စကားပြောနေကြ၏။ အမျိုးသမီးများကမူ အထဲတွင် စကားပြောနေကြသည်။
၎င်းတို့သည် တစ်ဦးကိုတစ်ဦး ကူညီ၍ ဂတုံးတုံးပေးနေကြ၏။ ‘ဆံပင်နဲ့ အသားအရေကို မိဘပေးတာမို့ ဂရုစိုက်ရမယ်’ ဆိုသော ရှေးစကားရှိသော်လည်း ဒီလိုတောသူမတွေအတွက် လိုက်နာစရာ စည်းမျဉ်းတွေ ဘယ်လောက်များများ ရှိနိုင်မှာလဲ?
အကယ်၍ နိုင်ငံတော်၌ လူတိုင်းက စည်းမျဉ်းများကို လိုက်နာပါက ၎င်းတို့အားလုံး သေဆုံးကုန်လိမ့်မည်။
“ရိတ်ပစ်လည်း ဘာမှမဖြစ်ပါဘူး၊ အသစ်ပြန်ပေါက်လာတဲ့ ဆံပင်က တောက်ပြောင်နေမှာ” အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ခုံပုလေးတစ်ခုပေါ်တွင် ထိုင်၍ သူ(မ)၏ ချွေးမလေးအား ခေါင်းရိတ်ခိုင်းနေ၏။
ချွေးမလေးကလည်း အပြုံးတစ်ခုကို ပြလိုက်သည်။ “ဒီဓားက တကယ်ကို သုံးရတာ ချောနေရောပဲ။ ဘာလို့ဆို သူ့ပေါ်မှာ တစ်ခုခု အုပ်ထားတော့ အရေပြားကို မထိခိုက်တော့ဘူး”
ငယ်ရွယ်သော ချွေးမလေးက ပြောလိုက်သည်။ “နတ်မင်းပေးတဲ့ ဟာပဲ၊ ကောင်းရမှာပေါ့။ အမေပြောတာ ကြားဖူးတယ်၊ ကျမ်းတွေထဲက နတ်မင်းတွေက လေတစ်ခါ ရှူလိုက်တဲ့အခါ ကောင်းကင် တစ်ခါ တုန်စေတယ်တဲ့။ ဒီဓားလေးလောက်ကတော့ မဖြစ်စလောက်လေးပေါ့”
“အိုက်ယား၊ နင်က ဗိုက်ပြည့်နေလို့ အပြောကြီးနေတာ” ချွေးမလေးများက ရယ်မောကြသည်။ “ဒီဓားက မဖြစ်စလောက်လေး၊ နင်တို့တောမှာ ဒီလိုဓားမျိုး မြင်ဖူးလို့လား?”
ငယ်ရွယ်သော ချွေးမလေးက ရယ်မော၍ ပြောလိုက်သည်။ “အခုကစပြီး၊ နတ်မင်း ပြောသမျှ အကုန် လိုက်နာမယ်ဆိုရင် အရာအားလုံးကို သိမြင်နိုင်လိမ့်မယ်”
၎င်းတို့အားလုံး ပြင်ဆင်ပြီးသောအခါ၌ ချောင်အာ၏မိခင်က ၎င်းတို့ကို ဂိုဒေါင်သို့ ခေါ်ဆောင်သွား၏။
ဂိုဒေါင်ကား စူပါမားကတ်၏ နောက်ဘက်တွင် ရှိနေကာ ယခင်က မြင်ဖူးခဲ့သည့် အိမ်များထက်ပင် ပို၍ ကြီးနေ၏။ ဗလာဖြစ်နေပြီး လူပေါင်း ရာနှင်ချီ ထည့်သွင်းနိုင်သည်။
၎င်းတို့ အံ့ဩခဲ့ရသည့် အရာမှာ ကြမ်းပြင်ပေါ်တွင် အိပ်ရာခင်းတစ်ခု ခင်းထားပြီးသား ဖြစ်နေခြင်းပင်။
လက်နှင့် မထိကြည့်ရသေးသည့်တိုင် အိပ်ရာခင်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများက ပစ္စည်းကောင်းများဖြစ်ကြောင်းကို သိနိုင်သည်။ ၎င်းတို့ ဝတ်ထားသည့် အဝတ်အစားများကလည်း ပစ္စည်းကောင်းများ ဖြစ်ကြပြီး၊ ချုပ်ရိုးချုပ်သားများက ပါးကာ အထည်သားကလည်း နူးညံ့၏။ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော ပစ္စည်းကောင်းများ ဖြစ်ကြသည်။
ကျေးလက်မှ လူများသည် ၎င်းတို့၏ အဝတ်အစားများအတွက် အပေါဆုံးဆိုသော ပိတ်စများကိုသာ ဝတ်ဆင်ကြပြီး၊ ပထမဦးဆုံး ဝတ်ဆင်သည့်အခါ၌ ခက်ခဲကာ ယားယံ၏။ ထို့ကြောင့် ၎င်းတို့ သက်တောင့်သက်သာရှိစေရန် အဝတ်အစားများ စုတ်သည်အထိ ဝတ်ဆင်ရသည်။
သို့သော် ယခု ၎င်းတို့ ဝတ်ဆင်ထားသော အဝတ်အစားများက အသစ်ဖြစ်နေပြီး၊ ကိုယ်ခန္ဓာနှင့် ကပ်နေသော်လည်း လုံးဝ ယားယံခြင်း မရှိပေ။
သို့သော် အဝတ်အစားများ၏ ပုံပန်းသဏ္ဌာန်ကား အနည်းငယ် ထူးဆန်းနေ၏။ အားလုံးက လက်မောင်းနှင့် ခြေထောက်များကို ဖော်နေကြသည်။ အမျိုးသားများက အဆင်ပြေကြသော်လည်း အမျိုးသမီးများကမူ အဝတ်အစားများက ကိုယ်ခန္ဓာနှင့် အလွန်ကပ်နေသဖြင့် လက်ရှည်ကိုသာ ဝတ်ဆင်နိုင်ကြသည်။
သို့သော်လည်း ၎င်းတို့ မညည်းညူကြပေ။
နတ်မင်းက လောကီလူသား မဟုတ်သဖြင့် လောက၏ စည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ပေ။
“နတ်မင်းတွေအားလုံး ဒီလို ဝတ်ကြတာ ဖြစ်နိုင်တယ်” တစ်စုံတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
“ဟုတ်တယ်လေ။ အသားတွေ ပေါ်နေတာကို မပြောနဲ့၊ နတ်မင်းတွေက အသားပေါ်တာ မပေါ်တာကို ဂရုစိုက်ကြတာမဟုတ်ဘူး”
၎င်းတို့သည် သူတို့၏ အိပ်ရာများကို အလျင်အမြန် ရွေးချယ်ကြ၏။ အရေအတွက်ကား အတော်အသင့်ရှိနေသည်။ ဝူယန်သည် သူ၏ ဇနီးအား အတွင်းဘက်မှ အိပ်ရာနှစ်လုံးကို ရွေးခိုင်းခဲ့ကာ ထိုင်လိုက်သောအခါ၌ အိပ်ရာက အလွန်ပင် အိနေသည်ကို သူ သဘောပေါက်သွားသည်။ ဝူယန်၏ ဇနီးက ခေါင်းကို နှိမ့်၍ အိပ်ရာခင်းကို မြှောက်လိုက်၏။ အောက်ခြေကား အညိုရောင် ဖျာဖြစ်နေသည်ကို သူ(မ) တွေ့လိုက်ပြီး၊ အပေါ်၌လည်း ဝါဂွမ်းအလွှာနှစ်လွှာ ရှိနေသည်။
“ဒီလောက်ကောင်းတဲ့ ဝါဂွမ်းကို အိပ်ရာအဖြစ် သုံးတယ်တဲ့...” ဝူဇနီးက အိပ်ရာကို ပွတ်သပ်လိုက်ရင်း ပြောလိုက်သည်။
ဝူယန်က အတော်ပင် သက်တောင့်သက်သာရှိနေခဲ့သည်။ ထိုအချိန်၌ ဂိုဒေါင်တွင် ၎င်းတို့ကဲ့သို့ ဒုက္ခသည်များသာ ရှိနေပြီး၊ သူက ပြုံးလျက် ပြောလိုက်၏။ “နတ်မင်း အသက်ရှူရုံနဲ့ ရနိုင်တဲ့အရာတွေက ငါတို့မျက်စိထဲမှာတော့ အရမ်း ကောင်းတဲ့ဟာတွေ ဖြစ်ပေမဲ့ နတ်မင်းရဲ့ မျက်လုံးထဲမှာတော့ အရာအားလုံးကို အကောင်းဆုံးအသုံးချရုံသက်သက်ပဲ ဖြစ်နိုင်တယ်”
ဝူဇနီးက ခေါင်းညိတ်လိုက်သည်။ သူ(မ)က ကလေးငယ်ကို ရင်ခွင်တွင် ပိုက်ထားလျက် အိပ်ရာဘေးတွင် ထိုင်လိုက်သည်။ အပြင်တွင် မည်မျှပင် ပူနေစေကာမူ အတွင်း၌ကား အေးမြနေ၏။
ဒီနေရာက တော်တော်လေးကို ကောင်းတာပဲ…
ဒီနေရာက ယောက္မထီး တစ်ချိန်က ပြောခဲ့ဖူးတဲ့ နတ်ပြည်ဆိုတဲ့ နေရာပဲ။
သူ(မ)သည် ယခင်က ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်။ သူ(မ)မှာ တောသူဖြစ်သော်လည်း သူ(မ)၏ မိသားစုတွင် ပညာတတ်တစ်ဦး ရှိခဲ့၏။ သူ စာမေးပွဲ မအောင်မြင်နိုင်ခဲ့သော်လည်း စာဖတ်ခြင်းနှင့် စာရေးခြင်းကို လုပ်ဆောင်နိုင်ခဲ့သည်။ မိသားစုတစ်စုလုံး ချွေတာပြီး နေထိုင်ခဲ့ရသော်လည်း မည်သို့ပင်ဆိုစေ မျှော်လင့်ချက် ရှိနေသည်။
သူ(မ)တွင် စာရေးနိုင်၊ ဖတ်နိုင်သော အစ်ကိုကြီး ရှိခြင်းကြောင့် ဝူမိသားစုက သူ(မ)ကို နှစ်သက်ခဲ့ကြ၏။ သူ(မ)၏ ခင်ပွန်း မိသားစုတွင် ပိုင်ဆိုင်မှုများ ရှိနေသည်။ သူက မြေပိုင်ရှင်ကြီး မဟုတ်သော်လည်း ဆီစက်ရုံငယ်လေးတစ်ခုကို လုပ်ကိုင်နေသည်။ မိသားစုတွင် လူဦးရေ နည်းပါးပြီး၊ သူ့အား စာသင်ကြားပေးနိုင်၏။
ဝူယန်သည် ပညာသင်ရန် မသင့်တော်ဘဲ နှစ်ပေါင်းများစွာကြာသည်အထိ သူ ကျောင်းဝင်ခွင့် စာမေးပွဲပင် မအောင်သေးပေ။ သို့သော် ဆီဆိုင် အလုပ်များချိန်တွင်မူ ဝင်ရောက်ကူညီခဲ့၏။ သူ(မ)၏အမြင်၌ ခင်ပွန်းသည်မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး အမျိုးသားပင်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်၌ သူသည် သူ(မ)ကို စွန့်ပစ်ခဲ့ခြင်း မရှိသလို၊ အခြားအမျိုးသားများကဲ့သို့ သူ(မ)၏ သမီးကိုလည်း စွန့်ပစ်ရန် တောင်းဆိုခဲ့ခြင်း မရှိပေ။
သူက အစားအစာကို တစ်ငုံ စားခဲ့ပါက သူ(မ)ကလည်း တစ်ငုံသာ စားခဲ့ရ၏။ သူက ရေကို တစ်ငုံသောက်ခဲ့ပါက သူ(မ)ကလည်း တစ်ငုံသာ သောက်ခဲ့သည်။
ဤမျှ ခက်ခဲသောနေ့များကို ဖြတ်သန်းပြီးသော်လည်း သူ(မ)၏ သမီးမှာ သေဆုံးခဲ့ခြင်း မရှိပေ။
ဝူဇနီးသည် နောက်ဆုံးတွင် မငိုဘဲ မနေနိုင်တော့ပေ။ “ယောင်္ကျား... ယောင်္ကျား...”
ဝူယန်က သူ(မ)ကို ပွေ့ဖက်လိုက်သည်။ ဝူဇနီးက သူ(မ)၏ ခင်ပွန်း၏ ရင်ဘတ်ကို အားမရှိစွာ ထုပြီး မရှုနိုင်မကယ်နိုင် ငိုကြွေးတော့၏။
ဝူဇနီး မငိုမီက ပျော်ရွှင်နေသော ဒုက္ခသည်များသည် သူ(မ)၏ ငိုသံကြောင့် သက်ရောက်မှု ရှိသွားကြပြီး၊ မငိုဘဲ မနေနိုင်တော့ပေ။
၎င်းတို့ ထွက်ပြေးတိမ်းရှောင်နေစဉ်က မငိုခဲ့ကြသော်လည်း ယခု ကယ်တင်ခံရသောအခါ၌ မငိုဘဲ မနေနိုင်ကြတော့ပေ။
ချောင်အာ၏မိခင် ရောက်လာသောအခါ၌ သူ(မ) မြင်လိုက်ရသည်ကား လူတစ်စုသည် ၎င်းတို့၏ ခေါင်းများကို ပွေ့ဖက်၍ ငိုနေကြပြီး၊ ၎င်းတို့၏ ခေါင်းများဖြင့် မြေပြင်ကို ဆုတ်ယူလိုသည့်နှယ် အရူးများကဲ့သို့ ကြည့်နေကြ၏။
သူ(မ) စိုးရိမ်ခဲ့သော်လည်း ထိုခံစားချက်ကို မျက်နှာပေါ်တွင် မပြခဲ့ပေ။ သူ(မ)က အသံကျယ်ကျယ်နှင့် “ဒီနေ့ အလုပ်လုပ်ဖို့ မလိုဘူး။ နတ်မင်းက ရှင်တို့ ကိုယ့်ကိုယ်ကိုယ် နှစ်ရက်လောက် ဂရုစိုက်ရမယ်လို့ ပြောတယ်။ ခန္ဓာကိုယ်ပြန်ကောင်းသွားရင် အလုပ်ပြန်လုပ်နိုင်တယ်”
“နတ်မင်းက ရှင်တို့ကို ကယ်တင်လိုက်ပြီဆိုပြီး သူဌေးတွေ၊ ကတော်တွေလို သက်တောင့်သက်သာနေရမယ်လို့ မထင်နဲ့။ ဒီလောကမှာ အလကားရတဲ့ဟာ ဘာမှ မရှိဘူး”
“တစ်ယောက်ယောက် အပျင်းကြီးနေတာကို မြင်လို့ကတော့ နတ်မင်းကို ပြောပြီး ရှင်တို့ကို ကန်ထုတ်ပစ်မယ်...”
ချောင်အာ၏မိခင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ၍ နူးညံ့သွားပြန်သည်။ “အရင်ကတော့ ဒုက္ခတွေခံခဲ့ရတာပေါ့၊ ဒါပေမယ့် အခုတော့ ဒုက္ခတွေအားလုံး ပြေပျောက်သွားပါပြီ။ ဘာမှ မတွေးဘဲ ကြိုးစားပြီး ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းပါတော့”
ချောင်အာ၏မိခင် ကိုယ်တိုင်က လယ်သမား မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး၊ သူ(မ)၏ စိတ်ထဲ၌ ကောင်းမွန်စွာ သိထားခဲ့သည်။ အကယ်၍ ထွက်ပေါက်ရှိပါက ၎င်းတို့၏ စိတ်ကို ရွေ့လျားရဲသူများက အနည်းစုမျှသာ ဖြစ်၏။
မြေပိုင်ရှင်များက မည်မျှပင် မြင့်မားသော အခွံအခမတား တောင်းခံစေကာမူ ၎င်းတို့သည် ဆာလောင်မှုကြောင့် မသေဆုံးသရွေ့ ခံနိုင်ရည်ရှိကြ၏။
အကယ်၍ ဆာလောင်မှုကြောင့် သေဆုံးရမည်ဆိုလျှင်ပင် ၎င်းတို့ ခံနိုင်ရည်ရှိရမည်။
ဒုက္ခသည်များက ၎င်းတို့၏ ခေါင်းများကို အကြိမ်ကြိမ် ခါရမ်းလိုက်ကြပြီး၊ ကောင်းကင်သို့ ကျိန်ဆိုလိုကြ၏။ ထို့နောက် တစ်ပြိုင်နက် ပြောလိုက်ကြသည်။ “မလုပ်ရဲပါဘူး၊ နတ်မင်းကို လိမ်ရင် မိုးကြိုးပစ်ခံရလိမ့်မယ်။ ဘယ်တော့မှ မလုပ်ရဲပါဘူး”
ချောင်အာ၏မိခင်က ကျေနပ်သွားခဲ့၏။ သူ(မ) ဤနေရာသို့ လမ်းတစ်လျှောက်လုံး သတိပေးခဲ့ရသဖြင့် ယခု တော်တော် ပင်ပန်းနေခဲ့သည်။ သူ(မ)က ရေတစ်ငုံ သောက်လိုက်ပြီး “ရှင်တို့ နားကြတော့၊ ဘာကိစ္စရှိရှိ အနားယူခန်းထဲမှာ ငါ့ကို လာရှာ၊ ငါ့ကို ပူညံပူညံလုပ်တယ်ဆိုပြီး အပြစ်မမြင်ကြနဲ့၊ ငါကလည်း အားလုံးအတွက် ကောင်းစေချင်လို့ ပြောတာ။ တစ်ယောက်ယောက် အမှားလုပ်လိုက်လို့ လူတစ်စုလုံး ဒုက္ခရောက်တာမျိုး မဖြစ်စေချင်ဘူး”
“အခု အပြင်မှာ ဘာတွေဖြစ်နေလဲ မင်းတို့လည်း အမြင်ပဲ။ ‘ဒျန်အာ’ ပြည့်တန်ဆာတွေ အားကြီး၊ ‘ရိဇိအာရှစ်’ တွေကို မြင်နေရတာလဲ မဆန်းတော့ဘူး။ ငါတို့ဒီကိုရောက်တော့ စားဝတ်နေရေး အခက်အခဲဆိုတာ ရှိကိုမရှိဘူး။ နတ်မင်းက အေးတိအေးစက်နိုင်တယ်၊ ဒါပေမယ့် သူက ငါတို့ကို မဆင်မခြင် သတ်မယ်လို့တော့ မထင်ဘူး။ ရိုးရိုးသားသားပဲ နေကြတာပေါ့”
{T/N : ဒျန်အာ - မိသားစုက ဆင်းရဲလွန်းလို့ ငွေကြေးအတွက် သူတို့ရဲ့ သားတွေသမီးတွေကို အခြားအိမ်ထောင်စုတွေကို ရောင်းစားတာ (သို့) အပေါင်ခံတာမျိုးကို ခေါ်ဆိုတာပါ။ ပြန်မရွေးနိင်တော့ ပြည့်တန်ဆာ ဖြစ်သွားရတယ်။ အဲ့လိုပြောချင်တာပါ။}
{T/N : ရိဇိအာရှစ် - အစာရေစာရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ကိုယ့်ရဲ့ သားသမီးအရင်းကိုကျ မစားဘဲ၊ တစ်ဦးနဲ့တစ်ဦး ကလေးချင်းလဲပြီး စားတာကို ဆိုလိုပါတယ်။}
ဒုက္ခသည်များက စကားပြောနေကြစဉ် ယဲ့ကျိုးတစ်ယောက် ငွေရှင်းကောင်တာကို လေ့လာနေ၏။
သူသည် အဝတ်စတစ်စကို လက်ထဲတွင် ကိုင်ထားသည် — ၎င်းကို ဒုက္ခသည်များ၏ အဝတ်အစားများမှ ဖြတ်ယူထားခြင်းဖြစ်ပြီး၊ သူက ယူဆောင်မလာခင် သန့်စင်၍ ပိုးသတ်ထားခဲ့သည်။
ယခင်က ငွေရှင်းကောင်တာသည် ငွေကြေးကို အလိုအလျောက် လဲလှယ်နိုင်ကြောင်း စာသားငယ်လေးများဖြင့် ရေးထားခဲ့၏။ Package က အဝတ်အစားတွေ မပါဘူးဆိုတော့ ဘယ်ငွေကြေးကို ရည်ညွှန်းတာလဲ?
ယခင်က ရှေးခေတ်ကာလများတွင် ပိတ်စကိုလည်း ငွေကြေးအဖြစ် အသုံးပြုခဲ့ကြသည်။
ထို့ပြင် ငွေကြေးတန်ဖိုး မတည်ငြိမ်သောအခါ၌ ကုန်ပစ္စည်း လဲလှယ်ခြင်းက လူများကြားတွင် ပို၍ ရေပန်းစားနေသေးသည်။
ယဲ့ကျိုးသည် ခဏမျှ လေ့လာကြည့်ခဲ့သော်လည်း လဲလှယ်ရန် နည်းလမ်းကို မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် သူသည် ‘လက်တည့်စမ်းသည့်အနေဖြင့်’ ကုတ် စကန်နာကို ပိတ်စဘက်သို့ ချိန်ထားလိုက်သည်။ ငွေရှင်းကောင်တာ၏ မျက်နှာပြင်က ရုတ်တရက် လင်းလက်လာပြီး ယဲ့ကျိုးက လှမ်းကြည့်လိုက်၏။
{T/N : (E tran မှာတော့ a dead horse as a living horse doctor) မြင်းသေကို မြင်းရှင်ကဲ့သို့ ဆေးကုသနေသည့်အလား။ ဆိုပြီး သုံးထားတာပါ။}
ပိတ်စ ၁ စ
ဝင်ငွေ: ၀.၅ ယွမ်
ယဲ့ကျိုး: “...”
၅ စင့်ပဲ တန်တယ်ပေါ့?
ထားလိုက်ပါတော့၊ ငွေမရတာထက်စာရင်တော့ ရတာက ပိုကောင်းပါတယ်။
အကယ်၍ သူ အရင်ကတည်းက သိခဲ့ပါက ချောင်အာ၏မိခင်နှင့် သူ(မ)၏ အဝတ်အစားများကို လွှင့်ပစ်လိုက်ရခြင်းမရှိဘဲ၊ ဆယ်ယွမ်အောက် ဝင်ငွေရရှိနေပေမည်။
ဝန်ထမ်းပြဿနာကို ဖြေရှင်းပြီးနောက် ယဲ့ကျိုးတစ်ယောက် ပြဿနာအသစ်တစ်ခုနှင့် ရင်ဆိုင်ရပြန်၏။ — ဖောက်သည်ရဖို့ကျတော့ ဘယ်နေရာ သွားရမှာလဲ?