Chapter 19
Viewers 2k

ဝမ်ကျုံး ပျို့အန်ချင်စိတ်ကို သည်းခံကာ ငါးစိမ်းကို နာခံစွာ မြိုချလိုက်သည်။
 
 
မြွေနက်ကြီးသည် သူ့အား စားစေချင်သည်ကိုသိသောအခါ သူသည် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း နားလည်လိုက်သည်။ ပါးစပ်ထောင့်မှ သွေးများကို သုတ်၍ မျက်လုံးနီများဖြင့် မြွေနက်ကြီးနှင့် ဒေါသတကြီး ဆွေးနွေးလိုက််သည်။
 
 
"မြွေချောလေး မစားခင် မီးမွှေးပြီး ချက်ပြုတ်လို့ရမလား...ငါအသားစိမ်းကိုဘယ်တုန်းကမှမစားဖူးဘူး... အစာအိမ်နဲ့အူတွေက အရမ်းနူးညံ့တယ် အသားစိမ်းကိုစားရင် ဖျားပြီးသေသွားလိမ့်မယ်" ဤသို့‌ပြောခြင်းသည် ချဲ့ကားသည်ဟု ထင်ရသော်လည်း ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။
 
 
မည်သို့ပင်ဆိုစေ၊ အသားစိမ်းစားခြင်းနှင့် ဆက်နွှယ်သော ကျန်းမာရေးဆိုင်ရာ အန္တရာယ်များစွာ ရှိခဲ့ရာ ယင်းတို့အနက် အထင်ရှားဆုံးမှာ ကပ်ပါးပိုးများ ဖြစ်သည်။ ထို့ကြောင့် မလိုအပ်ပါက အသားစိမ်းကို မစားလိုပေ။
 
 
မြွေနက်သည်လည်း သူ၏ စားသောက်မှုအလေ့အထများကို သိနေပုံပင်။ ဤစကားကို ကြားရသောအခါ သူသည် ဓားမြှောင်ကို ပစ်ချလိုက်ပြီး နဂိုကတည်းက အမြစ်ပါ ကျွတ်နေသော သစ်ပင်ကြီးမှ အကိုင်းအခက်အချို့ကို ချိုးယူ၍ ချောက်ကမ်းပါးပေါ်တွင် တင်ပေးလေသည်။ သူ ဝမ်ကျုံးကို အတုခိုးကာ မှန်ဖြင့် မီးမွှေးရန် ကြိုးစားခဲ့သည်။
 
 
ယခုအချိန်သည် နေ့လည်ခင်းဖြစ်၍ နေရောင်ခြည်က အလွန်တောက်ပနေသည်။
 
 
သို့သော်လည်း အကိုင်းအခက်များသည် အလွန်ထူထဲရှည်လျားပြီး အစိုဓာတ် ရှိနေဆဲ။
 
 
မြွေနက်သည် တံခါးချပ်ထက် ပိုကြီးသော မှန်ဖြင့် မည်မျှပင် အလင်းပြန်စေကာမူ အကိုင်းအခက်များပေါ်သို့ ကျရောက်သော အလင်းအစက်အပြောက်များသည် မီးလောင်ကျွမ်းသည့် ပမာဏသို့ မရောက်သေးဘဲ မီးခိုးများသာ ထွက်နေခဲ့သည်။
 
 
မြွေနက်ကြီးသည် စိုးရိမ်တကြီး ကိုယ်ကို အနည်းငယ် လိမ်ဖယ်လိမ်ဖယ် လှုပ်ရှားနေခဲ့ပြီး မှန်ဖြင့် ဆက်လက် အလင်းပြန်အောင် ပြုလုပ်နေကာ မြွေလျှာကို ထုတ်၍ ဝမ်ကျုံးကို စောင့်ကြည့်နေလေသည်။ သူတောင် ဒါတွေကို လုပ်နိုင်ပါလျက် ဘာလို့ မြွေကြီးအတွက် အရမ်း ခက်ခဲနေရတာလဲ...
 
 
ဝမ်ကျုံး အချိန်အတော်ကြာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ရာ မြွေနက်ကြီးသည် သူ၏ ကိုယ်ကို ပို၍ ပို၍ လျင်မြန်စွာ လိမ်ဖယ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ မြွေနက်ကြီး၏ စိတ်ရှည်မှု ကုန်ဆုံးတော့မည့်အချိန်တွင် သူ ကူညီရန် ရှေ့သို့ တိုးသွားလိုက်သည်။
 
 
သူ သစ်ရွက်ခြောက်အချို့ကို ကောက်ယူ၍ အကိုင်းအခက်များအောက်တွင် စုပုံထားလိုက်သည်။ သစ်ရွက်များကို မြက်ခြောက် အလွှာပါးပါးဖြင့် ဖုံးအုပ်၍ မြွေနက်အား “မြွေချောလေး မြက်တွေနဲ့သစ်ရွက်တွေကို မှန်နဲ့ချိန်ကြည့်လိုက်" ဟု ပြောလိုက်သည်။
 
 
မီးလောင်လွယ်သော ပစ္စည်းများကို မီးမွှေးရန် အသုံးပြုခဲ့ပြီး ဝမ်ကျုံးသည် လေလည်ပတ်ရန် လက်ဖြင့် ဝှေ့ယမ်းပေးခဲ့သည်။ အကိုင်းအခက်များသည် ခက်ခက်ခဲခဲနှင့် မီးစွဲလောင်ကာ တကျီကျီမြည်လာခဲ့သည်။
 
 
မြွေနက်ကြီးသည် သူ့ကိုယ်သူ အံ့ဖွယ်ကောင်းသည်ဟု တွေးကာ ချက်ချင်းပင် သူ့အမြီးကို ဝှေ့ယမ်းလိုက်သည်။
 
 
ဝမ်ကျုံး မျက်လုံးများကို အနည်းငယ် လှိမ့်လိုက်ပြီး ပြောလိုက်သည်
"မြွေချောလေးရေ ခင်ဗျားက တကယ်ကို အစွမ်းထက်တာပဲနော် မီးမွှေးရတာက ဒီလောက်ခက်တာကို ကျွန်တော်ဆို ပြောမနေနဲ့တော့ နောက်ပြီး ခုနတုန်းက ကျွန်တော် ခင်ဗျား စကားကို မနာခံချင်လို့ မဟုတ်ပါဘူး မီးမွှေးရတာ တအားခက်နေတာကို တွေ့တော့ အဲ့ဒီကျောက်ဖြူလေးနဲ့ မီးမွှေးရင် အရမ်းလွယ်မယ် ထင်လို့ တိတ်တိတ်လေး ကျောက်တစ်လုံး ယူလာခဲ့မိတာပါ... အဲ့တာနဲ့ဆို နောက်ပိုင်း မီးမွှေးရတာ ပိုလွယ်မယ်လို့ တွေးခဲ့မိတာပေါ့...အခုတော့ ကျွန်တော်မှားမှန်း သိပါပြီ နောက်ဆို ခင်ဗျား စကား နားထောင်ပါ့မယ်နော်" ဝမ်ကျုံးသည် မြွေနက်၏ အမြီးဆီသို့ ခြေတစ်လှမ်းချင်းစီ ရွေ့သွားခဲ့သည်။
 
 
သူ၏ နေရောင်ထိထား၍ ပူနေသော ပခုံးများကို အမြီးဖြင့် တိတ်တဆိတ် ပွတ်သပ်ကာ အေးစေရန် မှီထားခဲ့သည်။ ထို့နောက် သူ့ မျက်တောင်ရှည်များကို ချကာ အမြီးထိပ်ကို ပွေ့ဖက်ခဲ့သည်။ အနည်းငယ် ညင်သာစွာ လှုပ်ရှားပြီးနောက် သူက ညင်သာစွာနှင့် သနားစဖွယ်ဖြင့် "မြွေချောလေး၊ ကျွန်တော်ကို စိတ်မဆိုးပါနဲ့ ရတယ်မလားဟင်..." ဟု ပြောဆိုခဲ့သည်။
 
 
မြွေနက်ကြီးသည် အလှလေးကို စောင့်ရှောက်သော ဟီးရိုးကြီးပင်။
 
 
မြွေနက်၏ အစိမ်းရင့်ရောင် မျက်လုံးများသည် အနည်းငယ် ငိုက်စင်းထားပြီး သူ၏ အမြီးကို ကိုင်ထားသော ဝမ်ကျုံးကို ကြည့်နေသည်။ ဝမ်ကျုံး၏ မျက်ခုံးများသည် နူးညံ့သိမ်မွေ့၏။ သူသည် ပင်ပန်းပြီး နာကျင်နေပုံရသည်။ နှုတ်ခမ်းများကလည်း ဖြူဖျော့ကာ အနည်းငယ် မကျန်းမာပုံရသော်လည်း သူ့အလှတရားကိုမူ ၎င်းတို့ ဖုန်းကွယ်မထားနိုင်ချေ။  သူသည် ပုံမပျက်ရုံသာမက ပထမဆုံး တွေ့ဆုံစဉ်ကထက်ပင် ပိုမိုလှပနေခဲ့သည်။ အနည်းငယ် ပို၍ နူးညံ့သိမ်မွေ့လာသည်ဟု ဆိုရမည်။
 
 
သူနှင့် ထာဝရလက်တွဲရမည့် ဇနီးချောလေးကို မည်ကဲ့သို့ အပြစ်တင်နိုင်ပါမည်နည်း။
 
 
သူ့စကားကို မနာခံခြင်းနှင့် မိမိကိုယ်ကို ထိခိုက် နာကျင်အောင် ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းငယ်သာ ဒေါသထွက်ခဲ့ခြင်း ဖြစ်သည်။
 
 
သူ့ကိုယ်ပိုင် ခန္ဓာကိုယ် ဖြစ်သော်လည်း မြွေနက်ကြီး၏ အဖော်ပင် ဖြစ်၏။
 
 
ကပ်ဘေးများကို အောင်မြင်စွာ ကျော်လွှားပြီး နတ်ဆိုးအားလုံး၏ ဘုရင်ဖြစ်လာသောအခါ သူသည် ရာဇပလ္လင်ပေါ်တွင် ထိုင်၍ နတ်ဆိုးလောကကို ထိုသူနှင့်အတူ အုပ်ချုပ်မည် ဖြစ်သည်။
 
 
မည်သည့်နည်းနှင့်မျှ သူ့ကို ထိခိုက်ခွင့်ပြုမည် မဟုတ်၊ သူကိုယ်တိုင်ပင် ထိုသူကို ထိခိုက်အောင် လုပ်ခွင့်မရှိပေ။ မည်သည့်နည်းနှင့်မျှ ထိခိုက်စေမည် မဟုတ်။
 
 
မြွေနက်သည် လျှာကိုထုတ်၍ ဝမ်ကျုံးအား ကြည့်လိုက်သည်။ သူ၏ မျက်နှာအသားအရေမှာ မကြာသေးမီကထက် တိုးတက်လာခဲ့သော်ငြား တစ်ကိုယ်လုံးရှိ အရေပြားသည် ယခင်ကအတိုင်း ဖြူဖျော့ကာ လျော့တိလျော့ရဲ ဖြစ်နေဆဲ။ အစပိုင်းက အလွန် တောင့်မတ်၍ ပြည့်တင်းသော သူ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများသည်ပင် အနည်းငယ် တွဲကျနေပြီး ခြေထောက်နှစ်ဖက်ကြား နေရာလွတ်သည်လည်း အလွန်ကျယ်ပြန့်လာ၏။ မြွေနက်ကြီး တပ်မက်ခဲ့သော ကျန်းမာသည့် အသားများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ အရိုးစုတစ်ခုကဲ့သို့ မတ်တပ်ရပ်လျက် ရှိနေသည်ကို သနားစဖွယ် မြင်လိုက်ရသည်။
 
 
"သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးတာတောင် ဘာလို့ ဒီလောက် ပိန်နေရတာလဲ..."
 
 
 
မြွေနက်ကြီး နားမလည်ခဲ့ချေ။ ထိုကြောင့် သူ ဝမ်ကျုံး၏ လျော့ရဲနေသော အတွင်းခံကို မြှောက်တင်ရန် ကူညီပေးလိုက်သည်။ မတော်တဆ အားပါသွားသဖြင့် အတွင်းခံကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲလိုက်မိသည်။
 
"အိုး..."
 
မြွေနက်ကြီး အနည်းငယ် အကူအညီမဲ့နေ၏။ လူတို့သည် နုနယ်ကြောင်း စဉ်းစားမိလိုက်သည်။ သူ့ အဝတ်အစားများကလည်း ထိုနည်းအတိုင်း။  အကြိမ်အနည်းငယ်မျှ လျှော်ဖွပ်၍ ရေညှစ်လိုက်လျှင် အပေါက်များ ဖြစ်ပေါ်လာပြီး အနည်းငယ် ဆွဲလိုက်ခြင်းကမူ ပြတ်တောက်သွားစေသည်။
 
 
"တကယ်ပါပဲ..."
 
 
အကယ်၍ ဝမ်ကျုံးသာ ထိုမျှနူးညံ့သိမ်မွေ့၍ အထိအတွေ့ကိုပင် မခံနိုင်ပါက မိတ်လိုက်ချိန် အမြီးရစ်ပတ်ခြင်းကို မည်သို့ ခံနိုင်ပါမည်နည်း။
 
 
ဝမ်ကျုံး ပြောစရာ စကားပင် မရှိတော့။
 
 
သူသည် စုတ်ပြဲနေသော အတွင်းခံအဝတ် နှစ်ပိုင်းကို လက်ဖြင့်ကိုင်လျက်။ သူ့ကို မြွေနက်ကြီးက အမြီးဖြင့် ခါးကို ရစ်ပတ်ထားကာ သစ်ရိပ်အောက်သို့ ခေါ်သွားသည်။
 
 
ဝမ်ကျုံးသည် ကျောခိုင်း၍ အရွက်များသော အခက်ကို ခါးတွင်ပတ်ကာ ယာယီအကာအကွယ်ပြုထားလိုက်သည်။ မြွေနက်ကြီးက ငါးကို သစ်ကိုင်းဖြင့် တံစို့ထိုးလိုက်၍ မီးပုံပေါ်တွင် ကင်နေသည်ကို မြင်သောအခါ အလျင်အမြန် တားဆီးလိုက်သည်။
 
 
" မြွေချောလေး၊ ကျွန်တော် ငါးဟင်းချိုချက်လို့ ရမလား အဲဒီလိုဆိုရင် ငါးရဲ့ အာဟာရဓာတ်တွေကို ပိုပြီး ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာပေါ့"
 
 
အမှန်တွင် ထူးဆန်းသောငါးသည် အလွန်တရာ ကြီးမားလှသောကြောင့် နူးညံ့သည်အထိ ပေါင်းခြင်းက ပို၍ကောင်းသည်ဟု ဝမ်ကျုံးက တိတ်တဆိတ် တွေးမိ၏။
 
 
မြွေနက်ကြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြဿနာရှာခြင်းလားဟု တွေးနေပုံ။ မည်သို့ပင်ဖြစ်စေ ဝမ်ကျုံးက သူ၏ အကြံဉာဏ်ကို ဂရုတစိုက် တင်ပြပြီးနောက် ဟင်းရည်ချက်ပြုတ်ရန် ပစ္စည်းများကို ရှာဖွေရန်အတွက် ဂူသို့ တကယ်ပင် ပြန်သွားလေသည်။
 
 
 
ဝမ်ကျုံးသည် မြွေနက်ကြီးက ရွှေဇလုံကို ရေဖြည့်ကာ ထူးဆန်းသောငါးကို ၎င်းထဲသို့ ထည့်လိုက်သည်ကို ကြည့်နေသည်။ ထို့နောက် မီးဖိုပေါ် တိုက်ရိုက်တင်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားတော့သည်။
 
 
သူ တစ်စုံတစ်ခုကို ပြောပြလိုစိတ် ပြင်းပြနေသည်။
 
 
"မြွေချောလေး ငါးမချက်ခင် သူ့ရဲ့ ပါးဟက်တွေရယ် ကျောရိုးအောက်က သွေးကြောကြီးတွေကို အရင်ဆုံးဖယ်ရမယ်နော် ပြီးတော့ အတွင်းက အူအသဲတွေကို ထုတ်ပစ်ရမယ် အကြေးခွံတွေလည်း ခြစ်ပစ်ရမယ် အနည်းဆုံးတော့ သူ့ကို ဆေးရဦးမယ်လေ နောက်ပြီး အဲဒီထူးဆန်းတဲ့ ငါးအမြီးကို ကျွန်တော် လုံးဝမစားချင်ဘူး အဲ့အပိုင်းကိုလှီးပစ်ပြီး လွှင့်ပစ်လို့ရမလား..."
 
 
သို့သော် ထိုစကားများ သူ့နှုတ်မှ ထွက်လာသောအခါ...
 
 
ဝမ်ကျုံး နေရောင်ပြင်းပြင်းအောက်ရှိ မြွေနက်ကြီးကို ကြည့်လိုက်ရာ မြွေနက်ကြီး၏ကိုယ်ခန္ဓာသည် တုံ့ဆိုင်းရပ်တန့်သွားပြီး ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။ တဝက်တပျက်အိပ်မောကျနေရင်း မြွေနက်ကြီးသည် ငါးဟင်းချိုချက်၍ သူ့ကိုယ်သူ ကူညီရန် အမြီးကို သစ်ကိုင်းတစ်ကိုင်းတွင် ပတ်ထားလေသည်။
 
ဝမ်ကျုံး- "...."
 
 
"ထားလိုက်ပါတော့ သူက ငါ့အတွက် ဒီလောက်တောင် လုပ်ပေးထားတာပဲ ဒါကတောင် တော်တော်လေး လုံလောက်နေပြီ"