Chapter 6
Viewers 2k

မြွေနက်ကြီးကို မြင်ရတိုင်း ၀မ်ကျုံး မေ့လဲသွားတတ်သည်။

သို့သော် မည်မျှပင် ကြောက်ရွံ့စိတ်ပျက်နေပါစေ သူ အသက်ရှင်ချင်စိတ်ရှိနေပြီး မသေချင်သေးပေ။

မြွေနက်၏ အကြိမ်ပေါင်းများစွာ အစာကျွေးခြင်းကို ခံရပြီးနောက် မြွေနက်က သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ မမြိုလောက်သေးဘူးဟု ဝမ်ကျုံး ခံစားလာရသည်။

မြွေနက်ကြီးက ဝမ်ကျုံးကို အမြဲ သူ့အမြီးဖြင့် ဝိတ်ချိန်လေ့ရှိသည်။ ထို့နောက် မျက်လုံးများ မှေးကျဥ်းသွားတတ်ပြီး စိတ်ပျက်သော အမူအရာဖြင့် သူ၏ မြွေဦးခေါင်းကို ခါယမ်းလေ့ရှိသည်။ ထို့နောက်  သစ်သီးများကို ထပ်၍ကျွေးလေသည်။ ၎င်းမှာ သူအလွန်ပိန်နေ၍ သူ့ကို ပိုဝလာစေလိုသောကြောင့်ဆိုသည်မှာ ထင်ရှားလေသည်။

ထို့အပြင် မြွေနက်ကြီးသည် လူသားတို့၏ သဘောသဘာဝများကို နားလည်ပြီး လူစကားကိုလည်း နားလည်ပုံပေါ်သည်။

တခြားတိရိစ္ဆာန်များ သူတို့၏ သားပေါက်လေးများကို ပြုစုစောင့်ရှောက်သကဲ့သို့ပင်။ မြွေနက်ကြီးက သူ့ကို အစာခွံ့ကျွေးရုံသာမက သူ့အ၀တ်များကိုလည်း သူ့အမြီးဖြင့် လျော်ပေးပြီး သစ်ပင်ပေါ်တွင် လှန်းပြီး အခြောက်ခံပေးသည်။ သူက မြွေနက်ကြီးကို ကျေးဇူးတင်ကြောင်းပြောပြီး အစာကို လျှာဖြင့် ခွံ့ကျွေးရန် မလိုအပ်ကြောင်း သူ့ဘာသာ စားတတ်ကြောင်း ပြောပြလိုက်သည်။

နောက်ပိုင်းတွင် မြွေနက်ကြီးသည် အစာကို လျှာဖြင့် မခွံ့တော့ပေ။ ရေချိုးပေးရန် ရေကန်ထဲသို့လည်း လှိမ့်မထည့်တော့ပေ။ သူ့ကို အဝတ်အစား၊ အတွင်းခံများနှင့်အတူ သစ်ပင်ပေါ်တွင် ချိတ်၍လည်း အခြောက်မလှန်းတော့ပေ။

သို့သော် နေ့ဘက်အိပ်ရာတွင်တော့ သူ့ကို အမြီးဖြင့် ရစ်ပတ်ထားသေးသည်။

၀မ်ကျုံးသည်လည်း မြွေနက်ကြီး ရစ်ပတ်ထားရာမှ လွတ်မြောက်ရန်အတွက် လိမ္မာဟန်ဆောင်တတ်သည်။

ပထမဦးစွာ သူ၏ ခြေဖဝါးဖြင့် သူ မလုပ်သလို ထိကြည့်သည်။ မြွေနက်ကြီး မလှုပ်သောအခါ ခွေထားသည့်အထဲမှ ထွက်ပြီး အနီးအနားသို့ တိတ်တဆိတ် ခိုးထွက်ကာ ခဏအတွင်း ပြန်လာသည်။ အဝေးကြီးသို့ မသွားရဲပေ။

နောက်ပိုင်းတွင် သူပိုရဲရင့်လာပြီး ရေကန်တစ်လျှောက် ၊ ဂူ၏ အနက်ရှိုင်းဆုံး နေရာများ၊ တခါတရံ ‌ရတနာပစ္စည်းများဖြင့် ကစားသကဲ့သို့ ဟန်ဆောင်ကာ ဂူပေါက်၀ထိ သူ၏ နယ်မြေကို ချဲ့ထွင်လာခဲ့သည်။

ထိုကာလတွင် မြွေနက်ကြီးက သူ့အား အနည်းငယ်မျှ အနှောက်အယှက် မပေးခဲ့ပေ။ ဝမ်ကျုံး အတင့်ရဲပြီး  ဂူပေါက်၀မှ အပြင်သို့ထွက်ရန် ဟန်ပြင်သောအခါ မြွေနက်ကြီးက သူ့ကို ဒေါင်လိုက် မျက်လုံးစိမ်းများဖြင့်သာ စိုက်ကြည့်လာပြီးနောက် ဟောက်သံများ ထွက်သည်အထိ ပြန်လည် အိပ်ပျော်သွားသည်။

ဂူပေါက်၀မှ အလင်းရောင်တချို့နှင့် လတ်ဆတ်သော လေတို့ကို ရှူ‌ရှိုက်လိုက်ရသည့်အခါ ၀မ်ကျုံး စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပင် ဝဲသွားသည်။ ထိုလွတ်လပ်မှု၏ ခံစားချက်ကို ဘုရားပင် သိလိမ့်မည်။

ယခင်တစ်ခေါက် ထွက်ပြေးစဉ်က သူ အထိတ်တလန့် ဖြစ်နေခဲ့သည်။ မြွေနက်ကြီးထံမှ နှစ်ခါတိတိ ပြန်လည် အဖမ်းခံရပြီး သားရဲတွင်းသို့ ပြန်လည် ခေါ်ဆောင်ခံရချိန်များတွင်လည်း သူ သတိလစ်မေ့မျောနေခဲ့သည်။

ယခုည သူ ပတ်၀န်းကျင်ကို လေ့လာနေစဉ် ဤလိုဏ်ဂူဟာ တောင်စောင်းပေါ်တွင် ရှိနေသည်ကို သတိပြုမိသည်။

ဤတောင်စောင်းသည် စိမ်းစိုနေသော သစ်တောများဖြင့် ၀န်းရံထားပြီး တောင်စောင်းပေါ်မှ ပင်လယ်တဆုံးကိုပင် မြင်တွေ့နိုင်သည်။

၀မ်ကျုံး အလွန်ပင် စိတ်လှုပ်ရှားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အနီးအနားတွင် သင်္ဘောများ ဖြတ်သွားပါက အကူအညီရရှိနိုင်သည်။ သို့သော် သိပ်မကြာခင် မြင်တွေ့နေရသည်က လက်တွေ့နှင့် မတူညီမှန်း သဘောပေါက်သွားသည်။ သင်္ဘောတစ်စင်းဖြတ်သွားလျှင်ပင် စပါးစေ့ကဲ့သို့ သေးငယ်သော အနေအထားဖြင့်သာ  မြင်ရသည့်အကွာအဝေးကို သတိပြုမိလိုက်သည်။

သူ သက်ပြင်းချကာ တောထဲသို့ လမ်းလျှောက်လာခဲ့သည်။

ဒီတစ်ကြိမ်တွင်တော့ သူက ထွက်ပြေးခြင်း မဟုတ်ပဲ မြွေနက်၏ ကန့်သတ်ချက်ကို စမ်းသပ်ခြင်းသာ ဖြစ်သည်။

ငှက်တစ်ကောင်ပင် အနီးအနားတွင် မရှိချေ။ မြွေနက်၏ သားရဲတွင်းဖြစ်သောကြောင့် တိရစ္ဆာန်များက ရှောင်ရှားကြသည်။

တစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက် တိရစ္ဆာန် အချို့၏ လှုပ်ရှားမှုကို တွေ့လိုက်ရသည်။

နောက်ကို လှည့်ကြည့်သော် မြွေနက် လိုက်လာသည့် အရိပ်အရောင် မတွေ့ရပေ။

၀မ်ကျုံးက ကျောက်တုံးကြီး ပေါ်တွင် ထိုင်နား၍ အိတ်ထဲရှိ ဖုန်းကို ထုတ်ကာ စမ်းသပ် ဖွင့်ကြည့်ရာ ဖွင့်မရပေ။

ဤအန္တာရယ်ရှိသော သစ်တောနှင့် ပင်လယ်ပြာကြီးမှလွဲ၍ ဤကျွန်းအကြောင်း သူ မသိရသေးချေ။

သူ ဖုန်းစခရမ်ကို သေချာစွာ စိုက်ကြည့်နေစဉ် အနက်ရောင် အမြီးကြီးသည် သူ၏ ပခုံးနားတွင် လှုပ်ရမ်းနေသည်ကို ဖုန်းစခရင်မှတဆင့် မြင်လိုက်ရသည်။

မြွေနက်ကြီး သူ့ဆီသို့ လိုက်လာခြင်းပင်။ မြွေနက်ကြီးက သူ၏ အနောက်ရှိ သစ်ပင်ပေါ်၌ ရစ်တွယ်ထားသည်။

၀မ်ကျုံးက လွတ်မြောက်ရန် မလွယ်ကူမှန်း သိသောကြောင့် မမြင်ဟန်ဆောင်ကာ လမ်းလျှောက်ဟန်ပြင်ရာတွင် မြွေနက်ကြီးက သူ့ခါးကို အမြီးဖြင့် ရစ်ပတ်ကာ လေထဲသို့ မြှောက်လိုက်သည်။

" အားး..."

ရုတ်တရက် မူးဝေခြင်းနှင့် နှလုံးခုန်မြန်ခြင်းကို ခံစားရသည်။

၀မ်ကျုံးသည် မြေပြင်နှင့် ဆယ်မီတာ အကွာတွင် ရှိနေသည်။ သူ ကြောက်လန့်ပြီး မြွေအမြီးကို သူ၏ ခြေထောက်ဖြင့် တင်းကြပ်စွာ ဖက်ထားကာ မူးလဲချင်စိတ်ကို တောင့်ခံနေရသည်။

သူ ထစ်ထစ်ငေါ့ငေါ့နှင့် အမြန်ပြောလိုက်သည်။

" လိုဏ်ဂူက အရမ်းကျဉ်းနေတော့လေ ခဏလမ်းလျှောက် ထွက်လာရင်း လမ်းပျောက်သွားတာ ၊ တော်သေးလို့ပေါ့ မင်းဒီမှာ ရှိနေလို့ မဟုတ်ရင် ငါပြန်တတ်မှာ မဟုတ်ဘူး…"

မြွေနက်ကြီးက သူ့ကို သေချာစူးစိုက်ကြည့်လိုက်ပြီး လျှာကိုထုတ်ကာ သူ့နေရပ်သို့ ပြန်ခေါ်သွားသည်။

လမ်းလျှောက်ရချိန်က ကြာသော်လည်း မြွေနက်ကြီး သယ်ဆောင်လာ၍ ဂူကို ပြန်ရောက်သော အချိန်မှာ အလွန်မြန်နေသောကြောင့် ၀မ်ကျုံး အံ့အားသင့်သွားသည်။

သူ အမှားလုပ်မိထားသော ကလေးတယောက်ကဲ့သို့ပင် ရေကန်နားတွင် ခေါင်းလေးငုံ့ကာ ငြိမ်ငြိမ်လေးရပ်နေသည်။

သို့သော် မြွေနက်ကြီးက ဒေါသထွက်သည့်ပုံမပေါ်။

မြွေနက်ကြီးသည် ရေကန်သို့ ထိုးဆင်းသွားပြီး ရေကန်စပ်သို့ပြန်ရောက်သည့်အခါ သစ်သီးခြင်းကို ၀မ်ကျုံး၏ ခြေထောက်နားသို့ တိုးပေးသည်။ ထို့နောက်တွင် ရွှံ့ထဲသို့ လှိမ့်၀င်ကာ ပျော်ရွှင်စွာ မှန်ကြည့်နေတော့သည်။

၀မ်ကျုံးက မြွေနက်ကြီး စိတ်ကောင်းဝင်နေသည်ဟု ယူဆ၍ ရေကန်ဘေးတွင် အေးဆေးစွာထိုင်နေခဲ့သည်။

ရေကန်ထဲမှ ရေအနည်းငယ်မျှ ယူသောက်လိုက်သည်။ သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်နေသော မြွေနက်ကြီးကို ကြည့်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ခန္ဓာကိုယ် အေးသွားအောင် သန့်စင်ရန် အ၀တ်အစားများကိုချွတ်လိုက်သည်။

ညဘက်များတွင် ရေကန်ထဲက ရေစီးသံများကို အမြဲကြားနေရပြီး မည်မျှနက်သည်ကို မသိသောကြောင့် သူက ရေကန်ထဲသို့ မဆင်းရဲပေ။

ထို့ကြောင့်ပင် သူ့အ၀တ်အစားများကိုသာ ရေထဲနှစ်လိုက်ပြီး ရေစိုဝတ်များဖြင့် သူ့ကိုယ်သူ  ရေပတ်တိုက်နေသည်။

လိုဏ်ဂူ၏ အလယ်မှ သူ့အား တစုံတယောက်က စူးစိုက်ကြည့်နေခြင်းကို ခံစားလိုက်ရသည်။ သို့သော် သူ လှည်ကြည့်လိုက်ရာ ထိုနေရာတွင် တောက်ပနေသော မျက်လုံးစိမ်းများဖြင့် မြွေနက်ကြီးအပြင် မည်သည့်အရာမျှ မရှိ။

" ထူးဆန်းလိုက်တာ.. ဘာလို့ ငါ့ကို အမြဲတမ်း တယောက်ယောက်က ကြည့်နေသလို ခံစားနေရတာလဲ ..."

သူက အတွေးလွန်သည်ဟု ထင်၍ အ၀တ်များကို လှန်းရန် အပြင်သို့ ထွက်ခဲ့သည်။

မည်သူမျှ မကြည့်နေသည်ကို သိသော်လည်း သူက ရှက်သလိုခံစားရသည်။ အ၀တ်အစားများကို‌ သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲထားလိုက်ပြီး
အတွင်းခံခြောက်စေရန် နေရောင်အောက်တွင် အတွင်းခံ ဝတ်လျက်ထိုင်ချလိုက်သည်။

လိုဏ်ဂူသို့ ၀င်လာချိန် မြွေနက် သူ့ကို တွေ့သောအခါ မြွေ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖြောင့်တန်းသွားပြီး သူ့ကို ခပ်တည်တည် စိုက်ကြည့်လေသည်။ မြွေနက်က အလွန်တရာမှ ဆာလောင်ပုံပေါ်နေသော်လည်း မြွေနက်၏ နှာခေါင်းပေါက်များမှ သွေးများ စီးကျလာသည်။

ဝမ်ကျုံး : " !!! "

သူ ဘာလုပ်ခဲ့မိသည်ကိုမသိ။ သို့သော် မြွေနက်၏ ဆာလောင်စိတ်ကို နှိုးဆွမိသွား၏။

သူက သူ့လက်‌များ အချင်းချင်း တစ်ခုနှင့်တစ်ခု တင်းကြပ်စွာ ဆုပ်နယ်ရင်း မျက်ရည်များဖြင့် ဖျောင်းဖျရန် ကြိုးစားသည် " စိတ်အေးအေးထားပါဦး... အခု ငါကလေ အရမ်းပိန်နေသေးတယ် မင်းစားရင် သွားကြားထိုးတံ အရွယ်ပဲ ရှိအုန်းမှာ .... ငါ ပိုဝိတ်တက်လာတော့မှ မင်းစားလေနော် .. အဲ့ကျတော့ မင်းလဲ ၀၀လင်လင်စားရတာပေါ ဟုတ်ပြီလား..."

မြွေနက်ကြီးက သူ၏ လျှာကို ထုတ်လိုက်ပြီး မျက်လုံးများကလည်း စိမ်းပြာရောင်သန်းနေသည်။

၀မ်ကျုံးကို မြွေနက်ကြီးက အမြီးဖြင့် မ၍ ချိန်ကြည့်ပြီး အလွန်ပိန်သေးသည်ကို သိရသောအခါ စိတ်ပျက်၍ ရွှံ့ထဲတွင် ခေါက်ဆွဲမျှင်လေးပမာ ခွေကျသွားသည်။ သူ၏ မှန်ကိုပင် မကြည့်တော့။

၀မ်ကျုံးက သူ၏ မျက်လုံးနားမှ ချွေးကို သုတ်ပြီး အ၀တ်အစားများကို အလျင်အမြန် ပြန်၀တ်လိုက်သည်။ မြွေနက်ကြီးရှေ့မှ ဖြတ်မသွားမိစေရန်လည်း သေချာ ဆုံးဖြတ်ထားသည်။

မြွေနက်ကြီး၏ စိတ်အခြေအနေက အတော်ကြာသည်အထိ ပြန်လည် ကောင်းမွန်မလာသေးချေ။

ညနေနေ၀င်ချိန် ရောက်ကာမှ ရွှံ့များကို ဆေးကြောပြီး ၀မ်ကျုံးအား ၀မ်းနည်းသော မျက်၀န်းများဖြင့် ကြည့်ကာ သစ်သီးခြင်းကို ယူ၍ ထွက်သွားသည်။

ဆိုလိုသည်မှာ မြွေနက်ကြီးသည် သူအိပ်မပျော်နိုင်၍ နောက်နေ့မနက်မတိုင်ခင်ထိ သူပြန်လာမည် မဟုတ်ကြောင်း သိလိုက်ရသည်။

၀မ်ကျုံး၏ လေ့လာချက်များအရ မြွေနက်က ညဘက်တွင် မအိပ်ဘဲ နေတတ်သော မြွေဖြစ်သည်။

ဂူပေါက်၀တွင် ပိတ်နေသော ကျောက်တုံးကို ကြည့်မိရာ ၀မ်ကျုံး အနည်းငယ် စိတ်သက်သာရာရသွားသည်။

သူက ကြီးမားသော ရွှေကျောက်တုံးကြီးပေါ်တွင် ဓါးမြှောင်ဖြင့် အာရဗီ ဂဏန်း ‘18’ ကို ထွင်းလိုက်သည်။ သူ ဤကျွန်းသို့ ရောက်နေခဲ့သော ရက်အရေအတွက်ကို မှတ်ပြီးနောက် မနေ့ကထက် ပိုပိန်လာစေရန် ရည်ရွယ်ချက်ဖြင့် ရေကန်ကို ပတ်ပြေးလေသည်။

ပင်လယ်၏ အခြား တစ်ဖက်ခြမ်းတွင်..

တောင်ထိပ်၌ မြွေနက်ကြီးသည် လရောင်ရောက်တွင် လှဲနေရင်း ကောင်းကင်နှင့် မြေကြီးတို့၏ အဆီအနှစ်ကို စုတ်ယူနေ၏။ မှန်ကို အမြှီးဖြင့် ရစ်ပတ်ထားရင်း

" ကြေးမုံကြီးရေ ကြေးမုံကြီးရေ"

" ငါ သူ့ကို အသီးတွေ အများကြီး ကျွေးတာပဲ…အဲ့တာကို ဘာလို့ သူက ၀မလာရတာလဲ..."