ဤလိုဏ်ဂူသည် သဘာဝအလျောက် ဖြစ်တည်နေသော လှိုဏ်ဂူပင်။
ကြီးမား သန့်ရှင်းသည့်အပြင် လေ၀င်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိ၏။
များပြားလှသော ရတနာများ စုပုံထားခြင်းကြောင့် မရေမတွက်နိုင်သော ကြီးမား၍ လှပတောက်ပြောင်သည့် ပုလဲလုံးများက ထောင့်များဆီသို့ လိမ့်ဆင်းသွားကြသည်။ အလုံပိတ်လိုဏ်ဂူ ဖြစ်သော်လည်း အလင်းရောင် ကောင်းကောင်း ရ၏။
ထိုလိုဏ်ဂူတွင် ပေါင်းပင်မရှိ၊ ခြင်မရှိ ၊ ပုရွတ်ဆိတ်တစ်ကောင်ပင် မတွေ့နိုင်လောက်အောင် သန့်ရှင်းလွန်းလှသည်။
တစ်ခုတည်းတော့ အန္တရာယ်များသည့် အရာမှာ ကြီးမားရှည်လျားသော အနက်ရောင် ခန္ဓာကိုယ်ဖြင့် ရွှံ့ထဲတွင် လဲလျောင်းနေသော မြွေနက်ကြီးပင် ဖြစ်သည်။ မှန်တွင် ကြည့်ရင်း သူ၏ အမြီးကို မကြာခန တဖျပ်ဖျပ် လှုပ်နေသည်။
ထိုသို့သော အချိန်မျိုးတွင် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို မှန်တွင် ကြည့်လျက် ကျေနပ်အားနေ၏။
ညဘက်တွင် ထိုရတနာပုံပေါ််၌သာ သတိမရှိသည့်ဟန် ငြိမ်လျက် အိပ်ပျော်နေတတ်သည်။
၀မ်ကျုံးသည် တတ်နိုင်သမျှ တည်ငြိမ်စွာ အသက်ရှုရင်း သူ့ မျက်နှာကို လက်ဖြင့်အုပ်ရင်း လက်ချောင်းများကြားမှ ပတ်၀န်းကျင်ကို အကဲခတ်နေသည်။ ထိုနေရာမှ လွတ်မြောက်နိုင်စေရန် မည်သို့ ပြုလုပ်ရမည်ကို ထပ်တလဲလဲ တွေးတောနေ၏။
ဤလိုဏ်ဂူ ၀န်းကျင်မှာ ကောင်းမွန်၍ လုံခြုံသော်လည်း မြွေနက်၏ တွင်းဖြစ်နေသည်ကပင် ထိတ်လန့်စရာ ကောင်းလှသည်။
ကြီးမားလှပြီး အချိန်မရွေး သူ့ကို စားနိုင်သည့် မြွေနက်ကြီးနှင့် တစ်နေရာထဲတွင် အတူရှိနေသည်မှာ ဝမ်ကျုံးအတွက် စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ပင်။ ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် သူ နှလုံးခုန်ရပ်သွားမည်ကို စိုးရိမ်နေရသည်။
သူ့လက်ဖဝါးများကို အချင်းချင်း ဆုပ်ကိုင်ရင်း ထိုကြောက်မက်ဖွယ် မြွေနက်ကြီးကို ပထုတ်ရန် အလင်းရောင် အနည်းငယ် ကျရောက််နေသော တွင်းပေါက်ဝသို့ အာရုံစိုက်လိုက်သည်။
" လွတ်မြောက်ဖို့
1. ရတနာတောင်ပေါ်အမြင့်ကြီးကနေ ဆင်းရမယ်
2. လိုဏ်ဂူရဲ့ အလယ်က ထူးဆန်းတဲ့ ရေကန်ကြီးတစ်လျှောက် ပတ်သွားရမယ်
3. ဂူရဲ့ ၀င်ပေါက်နား ရောက်တဲ့အထိ ကျောက်နံရံ တောက်လျှောက် မီတာတစ်ရာ နီးပါး လမ်းလျှောက်ရမယ်"
၀မ်းကျုံးက မြွေနက်ကြီးကို သတိမပြုမိပဲ မြွေနက် အစာရှာထွက်မည့် အချိန်တွင် လွတ်မြောက်ရန် အတွက်သာ စီစဉ်နေခဲ့သည်။
ယခု သေချာကြိုးစားပြီး ခွန်းအားရှိရှိနှင့် အသက်ရှင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။
၀မ်းကျုံးက မြေပြင်ပေါ်ရှိ သစ်သီးခြင်းကို တွေ့သောအခါ ဗိုက်ဆာလာခဲ့သည်။ ရွှံ့ထဲတွင် ကစားနေသော မြွေနက်သည်လည်း သူ၏ မှန်ကို လွှတ်ပစ်လိုက်ကာ ခန္ဓာကိုယ်ကို ဖြောင့်တန်းပြီး ဝမ်ကျုံးကို စူးစူးစိုက်စိုက် ကြည့်လာခဲ့သည်။
၀မ်းကျုံးသည် ကြိုးစား၍ မျက်လုံးမှိတ်သော်လည်း သူ၏ ဗိုက်က မကျေနပ်စွာဖြင့် " ဂလူးးး... " ဟူသော အသံပြုလိုက်ရင်း သူ့ကို သစ္စာဖောက်သွားသည်။
မြွေနက်ကြီးသည် အမှောင်ထဲမှ တွန့်လိမ်ကာ တွားသွားလာလေ၏။ သူ၏ အကြေးခွံနှင့် မြေပြင် ခြစ်မိသံတို့သည် ပဲ့တင်ထပ်သွားသည်။ ထိုအသံက ၀မ်းကျုံးကို ကျောရိုးထဲမှ တုန်လှုပ်သည်ထိ ကြောက်ရွံ့သွားစေသည်။ ခဏအကြာတွင် မြွေနက်ကြီးသည် ရေကန်ကို ဖြတ်၍ ဝမ်ကျုံးအနားသို့ ချဉ်းကပ်လာ၏။
၀မ်ကျုံးသည် အိပ်ပျော်ဟန်ဆောင်ရန် ကြိုးစားသော်လည်း မြွေနက်ကြီးက သူ့အား ငုံ့ကြည့်သည့်အခါ မြွေနက်၏ မျက်နှာပေါ်မှ ရေစက်များကျလာ၏။ ထိုရေစက်များကထံမှ မြေရနံ့ကို သူ ရလိုက်၏။ မကြည့်ဘဲနှင့်ပင် မြွေနက်ကြီး၏ သွေးဆာနေသော အစိမ်းရင့်ရောင် မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေသည်ကို သူ ခံစားမိ၏။
၀မ်းကျုံးက အလွန်လန့်သွားသဖြင့် ကြောက်စိတ်ကြောင့် အလိုအလျောက်ပင် လက်မောင်းများကို ကွေးလိုက်ပြီး ခေါင်းကို လက်မောင်းထဲဝှက်ထားလိုက်၏။ သူ၏ တည်ရှိမှုကို တတ်နိုင်သမျှ ဖျောက်ထားရန် ကြိုးစားနေသကဲ့သို့ပင်။
သို့သော် မြွေနက်သည် ထိုလူသား အမှန်တကယ်နိုးနှင့်ပြီမှန်း သိသဖြင့် သူ့ကို သူ့အမြီးဖျားဖြင့် နှစ်ကြိမ်ခန့် ပုတ်ကာ ခြင်းထဲမှာ သစ်သီးအား လျှာဖြင့်လိပ်ကာ ကျွေးလေသည်။
သားရဲတစ်ကောင်နှင့် တစ်နေရာထဲတွင် အတူရှိနေသဖြင့် ၀မ်းကျုံး ဆက်၍ ဟန်မဆောင်နိုင်တော့။ မြွေနက်ကြီးမှ သူ့အား အားဖြင့်လာထိနေသောအခါ သူ တုံ့ဆိုင်းမနေတော့ပေ။ သူ၏ ရှည်လျား ထူထဲသော မျက်တောင်မွှေးများကို တုန်တုန်ယဉ်ယဉ်ဖြင့် ကြိုးစားဖွင့်ကာ မြွေနက်ကြီး၏ လျှာဖျားတွင်ရှိသော သစ်သီးများကို ယူလိုက်သည်။
" ကျေး…ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်.." ဟု စကားထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
သို့သော် မြွေနက်ကြီးသည် ထိုအရာကို လက်မခံပဲ တုန်ယင်နေသော ၀မ်ကျုံး၏ လက်ကို သူ၏ အမြီးဖြင့် ပုတ်ထုတ်လိုက်သည်။ သစ်သီးကို ဝမ်ကျုံး၏ ပါးစပ်ဖြင့် ယူခိုင်းသကဲ့သို့ လျှာဖျားတွင် လှိမ့်ကာ ထိုလူသား၏ ပါးစပ်ဆီသို့ ကမ်းပေးလာသည်။
၀မ်ကျုံး တုန်လှုပ်သွားရသည်။ တခြားတိရိစ္ဆာန်များက အငယ်လေးများကို ကျွေးသည့် ပုံစံဖြင့် မြွေနက်ကြီးက ကျွေးလာသောအခါ သူ့အား အရံအစားအစာ အဖြစ် သတ်မှတ်ထားသည်ကို ဝမ်ကျုံး ချက်ချင်းသဘောပေါက်ခဲ့သည်။ သူ ပိုမိုကြောက်ရွံ့လာပြီး ထွက်ပြေးရန်အတွက်သာ စိတ်ပိုင်းဖြတ်လိုက်သည်။
သူက ငြင်းရန် ကြိုးစားလိုက်သည်
" ဟင့်အင်း မလုပ်ပါနဲ့ ၊ ငါ .. "
သူ့စကားမဆုံးမှီ ရွှမ်မင်က သူ့ကို အမြီးဖြင့် ရစ်ပတ်ကာ ထိုင်စေသည်။ မြွေနက်ကြီး၏ လျှာက သူ့ကို ထိသည့်အခါ ၀မ်းကျုံး အလွန်တရာမှ ကြောက်လန့်သွားသည်။ မြွေနက်ကြီးသည် ၀မ်ကျုံး၏ ပါးစပ်ကို ဖွင့်ကာ လက်သီးဆုပ်အရွယ် သစ်သီးများကို ညစ်ထည့်လိုက်သည်။
သူက ၀မ်ကျုံး ဗိုက်၀စေရန် အသီးများကို သူ၏ လျှာဖြင့် ၀မ်ကျုံး၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး လွန်စွာမှ နီးကပ်နေသည်။
၀မ်ကျုံးသည် မြွေနက်ကြီး၏ အစိမ်းရင့်ရောင် မျက်လုံးများမှ အနက်ရောင် အစင်းများကိုပင် မြင်နေရသည်။
သူ ပါးစပ်ဖွင့်လိုက်ပြီး မြွေနက်ကြီး ခွံ့နေသော သစ်သီးများကို လျှာဖျားဖြင့် ခုခံရန် ကြိုးစားလိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ ခေါင်းထဲ၌ အတွေးများဖြင့် ရှုပ်ထွေးနေပြီး အသက်ရှင်ရန်သာ ကြိုးစားနေသည်။
သို့သော် သူ အလွန် ရှက်ရွံ့၍ မဝံ့မရဲဖြစ်နေသည်။
၀မ်ကျုံးသည် သူ့ပါးစပ်ထဲသို့ ၀င်လာတော့မည့် သစ်သီးတစ်လုံးကို ကြိုးစား၍ ဖမ်းကိုင်လိုက်သည်။ ထိုအချိန်တွင်ပင် မြွေနက်ကြီးသည် ဒုတိယ အသီးတစ်လုံးကို ထပ်မံ ခွံ့ရန် ဟန်ပြင်နေသည်။ ၀မ်းကျုံးလည်း စတင်ရုန်းကန်လာခဲ့ပြီး သူ၏ အကျီက မြွေနက်ကြီး၏ အကြးခွံများကြောင့် ဆုတ်ပြဲ သွားခဲ့သည်။
" ဝူး..." သူတကယ်ကို စိုးရိမ်နေခဲ့သည်။
တောက်ပပြီး မက်မွန်သီးရောင် မျက်၀န်းလေးများက မျက်ရည်များဖြင့် ပြည့်နှက်နေပြီး တလက်လက်တောက်ပနေသည်။ တချိန်ထဲမှာပင် မျက်၀န်းထောင့်စွန်းများတွင်လည်း ကြက်သွေးရောင် စွန်းထင်းကာ နီမြန်းနေ၏။
၀မ်းကျုံး၏ ဖြောင့်စင်းသွယ်လျသော လည်ပင်းပေါ်တွင် အပြာရောင် သွေးကြောကလေးများ ပေါ်လာ၏။ သွေးကြောကလေးများက လှပ၍ တုန်ယင်နေသော ညှပ်ရိုးတလျှောက် တည်ရှိနေလျက် မြွေနက်အမြီးဖြင့် တင်းကြပ်စွာ ရစ်ပတ်ခံထားရသော လည်ပင်းရိုးတွင် ဆုံးသွားသည်။ ထိုလူသားက တစ်ကိုယ်လုံး ပန်းရောင်သန်းနေ၏။ သနားစရာကောင်းသော မျက်၀န်းလေးများဖြင့် မြွေနက်ထံသို့ ကြည့်လိုက်ကာ သူ၏ လည်ချောင်းထဲမှ ညည်းသံလေး ပေါ်ထွက်လာသည်။
ရွှမ်မင်သည် ၀မ်းကျုံး၏ ခန္ဓာကိုယ်မှ သွေးများ လျှင်မြန်စွာ စီးဆင်းနေသည်ကို ခံစားရသည်။ ထိုသူ၏ အပူချိန်ကြောင့် သူ့အမြီးတွင် ပူနွေးလာသောအခါတွင်မှသာ တင်းကြပ်ထားသော အမြီးကို ဖြေလျော့မိသည်။
မြွေနက်ကြီးသည် ၀မ်ကျုံးကို ငုံကြည့်နေသည်။ မြွေနက်ကြီး၏ မျက်၀န်းများသည် မီးပုံးစိမ်းကြီးးများကဲ့သို့ပင်။ ထိုမျက်ဝန်းစိမ်းများထဲတွင် ရှက်ရွံ့နေသော ၀မ်ကျုံး၏ ပုံရိပ်များက ရောင်ပြန်ဟပ်နေလျက်။
၀မ်ကျုံးသည် မြွေနက်ကြီးအား တစ်စက္ကန့်မျှပင် ဆက်၍မကြည့်နိုင်တော့ပဲ ဖျော့တော့ပြီး မူးလဲသွားပြန်သည်။
ဤတစ်ကြိမ်တွင် ၀မ်ကျုံးသည် အချိန်အတော်ကြာ အိပ်ပျော်သွားခဲ့ပြီးနောက်မှ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် မြွေနက်ကြီးကို မတွေ့ရတော့ပေ။
၀မ်ကျုံးသည် ရတနာပုံကြားမှ ဓားမြှောင်ကို ယူပြီး ရတနာပုံပေါ်မှ ပြေးဆင်းကာ ထွက်ပြေးလေသည်။
သူ အလွန်အမင်း စိုးရိမ်နေသော်လည်း မြေပြင်ပေါ်မှ သစ်သီးခြင်းကိုတော့ မမေ့မလျော့ ယူလာခဲ့၏။