Chapter 22
Viewers 1k

အပိုင်း (၂၂) - အလွန်ပူပြင်းသော အပူရှိန်

 

 

 

အိမ်တော်ထိန်းက နေရာမှာတင် တောင့်ခဲ‌နေပြီး လုံးဝ ကြက်သေသေသွားသည်။

 

 

သတိဝင်လာချိန်တွင် ခေါင်းကိုငုံ့၊ ကိုယ်ကို ချက်ချင်း ကိုင်းညွန့်လိုက်ကာ ပြန့်ကျဲနေသည့် စာရွက်စာတမ်းများကို ကောက်ယူ၍ လေလိုမျိုး မည်သူမျှ သတိမထားမိသည့်လူတစ်ယောက်ကဲ့သို့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေလိုက်သည်။

 

 

ဤအတိုင်းငြိမ်ငြိမ်နေသည်က ပိုပြီးဘေးကင်းသည်။ ထိုချိန်းကြိုးနှင့် ညှိသွားနိုင်မည့် စွန့်စားမှုမျိုးကို အရဲစွန့်မလုပ်ဝံ့ချေ။

 

 

စုကျီဆွေ့က အိမ်တော်ထိန်းအား "Hi" ဟု လက်ပြနှုတ်ဆက်ရန် လက်မြှောက်လိုက်စဉ်မှာပင် သူ၏ လက်ကောက်ဝတ်ထံမှ စူးရှသော ဆွဲအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုဆွဲအားက တင်းမာပြတ်သားပြီး အထက်စီးဆန်ကာ ငြင်းဆန်ခွင့်မပေးဘဲ သူ့ကို အခန်းထဲသို့ တန်းတန်းမတ်မတ် ဆွဲခေါ်သွားတော့သည်။

 

 

သူ ရှေ့သို့ ဒယိမ်းဒယိုင် ပါသွားကာ လက်မှအဆုပ်အကိုင် လွတ်သွားသဖြင့် ကိုင်ထားသော အသံသွင်းစက်သည်လည်း ကြမ်းပြင်ပေါ်သို့ အသံကျယ်လောင်စွာ မြည်လျက် ပြုတ်ကျကျန်ရစ်ခဲ့သည်။

 

 

ထို့နောက် "ဘမ်း" ဟူသော တံခါးဆောင့်ပိတ်သံက သူနောက်မှ ထွက်ပေါ်လာတော့သည်။

 

 

စင်္ကြံတစ်လျှောက် တိတ်ဆိတ်မှုများ ဖုံးလွှမ်းသွားသည်။

 

 

အိမ်တော်ထိန်းမှာ လှုပ်ရှားမှုတစ်ဝက်ဖြင့် အချိန်အတန်ကြာ အေးခဲရပ်တန့်နေပြီးမှ နောက်ဆုံးတွင် သတ္တိမွေးကာ ခေါင်းမော့လာရဲသည်။ တင်းမာမှုကြောင့် သူ့လည်ပင်းများပင် တောင့်တင်းနေခဲ့သည်။

 

 

သူမြင်လိုက်ရသည့် မြင်ကွင်းသည် အသက်ရှင်ကျန်ရစ်သူမရှိဘဲ ပရမ်းပတာ အခြေအနေများသာကျန်ခဲ့သည့် စစ်မြေပြင်တစ်ခု၏ နောက်ဆက်တွဲမြင်ကွင်း ဖြစ်ပုံရသည်။ ခုနက ဝရုန်းသုန်းကားဖြစ်နေသည့် — ဝုန်း၊ ဒိုင်း၊ ကလစ် အသံများအားလုံး ငြိမ်ကျသွားသည်။ တစ်ခုတည်းသော ကျန်နေသည့် အရာမှာ ကြမ်းပြင်၌ အပြစ်ကင်းစင်စွာ လဲလျောင်းနေရှာသော သနားစရာ အသံသွင်းစက်လေးသာ။

 

 

အိမ်တော်ထိန်းတစ်ယောက် ဦးနှောက်ကြေမွသွားသလိုပင်။

 

 

သူ လုံးဝ ပြိုလဲကျမတတ် ဖြစ်သွားသည်။

 

 

…သခင်လေးစု… သူက… သူက တကယ်ပဲ M ကြီးလား?!

 

 

…ဟမ်?!

 

 

. . . . .

 

အခန်းအတွင်း၌။

 

 

စုကျီဆွေ့ ခြေလှမ်းအနည်းငယ် လှမ်းရုံသာရှိသေးသော်လည်း ချိန်းကြိုးများကြောင့် အကြိမ်ကြိမ် ခလုတ်တိုက်ကာ လဲကျလုနီးပါး ဖြစ်နေသည်။ သို့သော် သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသည့်လက်က သန်မာပြီး တည်ငြိမ်လွန်းသဖြင့် သူ့ကို မလဲကျအောင် ထိန်းထားပေးသည်။

 

 

နောက်ဆုံးတွင် သူ့ကို ဆွဲခေါ်လာသည့် အားက ရုတ်တရက် လွှတ်ပေးလိုက်ရာ သူ ကုတင်ပေါ်သို့ "ဗုန်း" ခနဲ အသံထွက်ကာ ပစ်လဲကျသွားသည်။

 

 

ကြယ်များက သူ့‌မျက်လုံးရှေ့ ကခုန်နေသကဲ့သို့ မူးဝေသွားသည်။ သူ ပြန်သတိမကပ်နိုင်သေးမီမှာပင် ကုတ်အင်္ကျီအကြီးစားက သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံသွားပြီး ရင်းနှီးနေသော အနွေးဓာတ်နှင့် ကရမက်ဆပ်ပြာအသီးရနံ့ သင်းသင်းလေးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

 

 

စုကျီဆွေ့ ထထိုင်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ၏ လက်သေးသေးလေးများဖြင့် ထိုပွယောင်းနေသော ကုတ်အင်္ကျီကြီးကို ကိုယ်နှင့်လုံအောင် ဆွဲစေ့လိုက်ကာ အခန်းအား ဝေ့ကြည့်လိုက်တော့သည်။

 

 

ကုယီလန်၏ အိပ်ခန်းမှာ စာကြည့်ခန်းကဲ့သို့ပင် ရိုးရှင်းကာ အေးစက်သည့် ပုံစံမျိုးပင်။ အိပ်ရာခင်းများက ခဲရောင်ဖျော့ဖျော့ဖြစ်ပြီး လေးလံသောလိုက်ကာများကို တင်းကျပ်စွာ စေ့ပိတ်ထားသည်။ အခန်းအတွင်း၌ ရှိသော တစ်ခုတည်းသော အလင်းရောင်မှာ စားပွဲပေါ်ရှိ ပါဝါဖွင့်လျက်သား ဖြစ်နေသော ကွန်ပျူတာထံမှ လာသည်။

 

 

ထိုလူအတိုင်းပင် — အေးစက်ပြီး လေးလံထိုင်းမှိုင်းကာ၊ မျက်လွှာတစ်ဝက်ချထားပြီး ငရဲမှ တွားသွားထွက်လာသည့် "ရှူရာ" နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ။ နွေးထွေးမှု သို့မဟုတ် လူသားဆန်မှု အငွေ့အသက် ဟူ၍ ရှားရှားပါးပါးမျှ မရှိပေ။

 

 

စုကျီဆွေ့၏ ပထမဆုံး အတွေးက — ကုယီလန်၏ အခန်းထဲမှာ ကုတင်တစ်ခုတည်း ရှိတာပဲ။ ဆိုလိုရင်းမှာ လက်ထပ်ပြီးချိန်၌ သူတို့ တကယ်ပင် ကုတင်တစ်ခုတည်း၌ အတူတကွ အိပ်စက်ရပေလိမ့်မည်။

 

 

အခန်းက ကျယ်ဝန်းပြီး ကုတင်ကြီးက ကြီးမားနေသော်လည်း...

 

 

"စုကျီဆွေ့။" ကုယီလန် သူ့နောက်သွားကိုကြိတ်လိုက်မိသည်။ သူ အာရုံလွင့်နေပုံရသော ကောင်လေးကို စိုက်ကြည့်၍ သူ့လေသံက အေးစက်နေသည်။ "မင်း အခု ဘာဂိမ်းတွေ ကစားနေပြန်တာလဲ?"

 

 

နာမည်ခေါ်လိုက်သည့်အခါ စုကျီဆွေ့ သတိပြန်ဝင်လာသည်။ သူ ကုယီလန်အား ကြောင်တောင်တောင်ကြည့်ကာ ရိုးသားစွာ ဖြေလိုက်သည်။ "Roleplay လေ။"

 

 

သူ၏ ဖြူဖွေးကာ သွယ်လျသည့် ခြေတံကို မြောက်ပြလိုက်ရာ လည်တိုင်မှ ခြေမျက်စိတိုင် သွယ်လျနေသည့် ငွေရောင်ချိန်းကြိုးများမှာ အပေါ်သို့ ပါလာပြီး ၎င်းတို့က ကွေ့ကောက်ကာ တောက်ပနေလေသည်။ ချိန်းကြိုးအဆက်များတွင် ချိတ်ဆွဲထားသည့် အဆင်တန်ဆာလေး အနည်းငယ်မှာ ထူးဆန်းစွာပင် ညို့ငင်ဖမ်းစားနိုင်လွန်းလှသည်။

 

 

ကုယီလန်က အကြည့်လွှဲလိုက်ရာ သူ၏ လည်စေ့ အနည်းငယ် လှုပ်ခတ်သွားသည်။ "အဲ့ဒါကို ချွတ်လိုက်၊"  သူက ပြောသည်။

 

 

စုကျီဆွေ့က ခေါင်းယမ်းလိုက်လေသည်။ "မချွတ်ဘူး။"

 

 

ကုယီလန် : ...

 

 

သူက အခန်းတစ်ဖက်ရှိ ရေချိုးခန်းထဲမှ ရေ‌ပန်းခေါင်းအား စိုက်ကြည့်နေ‌သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် မေးလာပြန်သည်။ "မင်း ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ?"

 

 

စုကျီဆွေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောသည်… "ခင်ဗျားက ဒါကို သဘောကျလို့လေ" 

 

 

ကုယီလန်က ချက်ချင်း သူ့ဘက်လှည့်လာကာ စိုက်ကြည့်သည် : ဘာကြီး?

 

 

စုကျီဆွေ့က ထိုလူ့မျက်ဝန်းထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖတ်ရှုနိုင်ခြင်း မရှိပေ။ သူက ခေါင်းငိုက်စိုက်ချကာ ပျင်းရိသဖြင့် ခြေထောက်များကို စိတ်လှုပ်ရှားစွာ လွှဲရမ်းလျက် ချိန်းကြိုးများကို 'ကချွင်ကချွင်' အသံမြည်အောင် လုပ်နေလိုက်သည်။

 

 

ထိုနူးညံ့သော သတ္တုချင်းရိုက်ခတ်သံများကြားတွင် ကုယီလန် အကြည့်က တံခါးထံသို့ ရောက်သွားကာ မျက်ဝန်းများ အေးခဲသွားသည်။

 

 

… ဒီအိမ်ထဲမှာ သစ္စာဖောက် ရှိနေပြီပဲ။

 

 

ဒီကောင်လေးက စကားသိပ်မပြောတတ်ပေမဲ့ ၊ တစ်နည်းနည်းနဲ့ ချိန်းကြိုးတစ်ချောင်းလောက်နဲ့တင် တစ်နေ့လုံး သူ့ဘာသာ အပျင်းဖြေနိုင်နေတယ် ။

 

 

အဆုံးတွင်မူ ကုယီလန်ကသာ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်ရသည်။ "ငါကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်‌စေ — မင်း ဒီလိုတွေ မလုပ်သင့်ဘူး။"

 

 

စုကျီဆွေ့အား  ကြည့်ရသည်မှာ အမှန်တကယ် စိတ်ရှုပ်ထွေးသွားပြီး လုံးဝနားမလည်နိုင်သည့်ပုံ ဖြစ်နေသည်။

 

 

ထိုရှင်းလင်းပြီး အစောင့်အကြပ်မရှိသော မျက်ဝန်းများကို ရင်ဆိုင်လိုက်ရချိန်၌ ကုယီလန် ပြောလုဆဲဆဲ စကားများကို ပြန်မြိုသိပ်လိုက်မိသည်။ ထိုအစား သူက "မင်း ကိုယ့်ကို ဘာလို့ လက်ထပ်ချင်တာလဲ?" ဟု မေးလိုက်သည်။

 

 

သူ ထိုမေးခွန်းအား ကြိမ်ဖန်များစွာ ဖြေဖူးသော်လည်း စုကျီဆွေ့က တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလာသည်။ "ခင်ဗျားက လူကောင်းမို့လို့လေ။"

 

 

ကုယီလန်က ပြောလာသည်။ "ဒီလောကမှာ လူကောင်းတွေ အများကြီးရှိတယ်။ ကိုယ်က သူတို့ထဲမှာ အဆိုးဆုံးပဲ။"

 

 

ထိုစကားကို ကြားသောအခါ စုကျီဆွေ့က ကလေးကစားစရာ ဗုံကလေး လှုပ်ခါနေသကဲ့သို့ ခေါင်းကို အားပါးတရ ယမ်းလိုက်သည်။

 

 

—— မဟုတ်ဘူး။ အဲ့ဒါ မမှန်ဘူး။

 

 

သူက စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းများကို ပွတ်သပ်ကစားနေပြီး လျှို့ဝှက်ချက်တစ်ခု ပြောပြတော့မည့်အလား ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်သည်။ လေသံတိုးတိုးလေးဖြင့် သူက ဆိုသည်။ "လူဆိုးတွေက... အများကြီး ရှိတာ..."

 

 

"ဘာလို့လဲ?" ကုယီလန်က သူ့ထက်ဆိုးသည့်လူများက မည်သို့လူမျိုးများဖြစ်သနည်းဆိုသည်ကို အမှန်တကယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။

 

 

စုကျီဆွေ့က ကုတ်အင်္ကျီအောက်မှ လက်တစ်ဖက်ကို ထုတ်လိုက်ပြီး လက်ချောင်းလေးများချိုးကာ ခြင်ကိုက်သံကဲ့သို့ တိုးညှင်းသော လေသံလေးဖြင့် ရေတွက်ပြသည်။ "ရက်စက်တဲ့ စကားတွေ ပြောတဲ့သူတွေ… လူလိမ်တွေ… ပစ္စည်းခိုးတဲ့သူတွေ… ပြီးတော့… ကျွန်တော့်ကို ရိုက်တဲ့သူတွေ…"

 

 

သူ့စကားများက ယုတ္တိသိပ်မရှိလှသလို၊ အသံသည်လည်း တဖြည်းဖြည်း ပိုတိုးသွားကာ — နောက်ဆုံး စကားလုံးအနည်းငယ်မှာ မကြားရလောက်အောင်ပင် ဖြစ်သွားသည်။

 

 

ကုယီလန် နှုတ်ဆိတ်သွားသည်။

 

 

ဤကောင်လေးက သူ့သဘောနဲ့သူ စကားစပြောခဲလှ၏ — များသောအားဖြင့် မေးမှသာ ပြန်ဖြေလေ့ရှိသည်။ ထို့ကြောင့် သူပါ ငြိမ်ကျသွားသောအခါ အခန်းတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

 

 

အချိန်အတော်ကြာမှ ကုယီလန်က စကားစလိုက်သည်။ "မင်းဝတ်ထား‌တာတွေ ချွတ်လိုက်တော့။ ပြန်ရောက်ရင် အဝတ်အစားပါ လဲလိုက်ဦး။"

 

 

ထိုလူ၏ ပြတ်သားသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ စုကျီဆွေ့ မလိုလားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

 

 

လည်ပင်းမှ ကော်လံမှာ အသက်ရှူရ ခက်ခဲစေသည့်အတွက် ထိုအရာကို အရင်ဆုံး ဖယ်ရှားရန် သူကြိုးစားလိုက်သည်။

 

 

သို့သော် ခုနက လှုပ်ရှားမှုများကြောင့် ချိန်းကြိုးက ရှုပ်ထွေးပွေလီကာ ထုံးနေပြီဖြစ်သည်။ သူဆွဲလေလေ ပိုတင်းကြပ်လေလေဖြစ်ပြီး အသက်ရှူရ ပိုခက်လာသည်။

 

 

သူ့အရှေ့မှ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရပြီး — ထို့နောက် လက်ကြီးတစ်စုံက သူ့လည်ပင်းသို့ ရောက်လာသည်။

 

 

ရုတ်တရက်ဖြစ်သွားခြင်းကြောင့် သူကြောင်သွားပြီး ငြိမ်ကျသွားသည်။ အသားချင်း အနည်းငယ် ထိတွေ့မှု ရှိသွားပြီး ထိုလူ့ခန္ဓာကိုယ်မှ အပူငွေ့က စိမ့်ဝင်လာကာ သူ့တစ်ကိုယ်လုံးကို ပူထူသွားစေသည်။

 

 

စုကျီဆွေ့က ရုတ်တရက် လက်ကိုအောက်ချလိုက်ပြီး ထိုလူကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိသည်။

 

 

ကုယီလန်က မျက်လွှာချထားပြီး မျက်နှာသေဖြင့် မည်သည့်ခံစားချက်မှ မပြဘဲ ချိန်းကြိုးထုံးများကို ဖြေပေးနေသည်။

 

 

မနေ့ညက စုကျီဆွေ့ ကုယီလန်၏ မျက်တောင်ရှည်များအကြောင်း ချီးကျူးခဲ့ခြင်းမှာ မျက်နှာလိုမျက်နှာရ ပြောခဲ့သည့် အလကားမြှောက်ပင့်စကားသက်သက် မဟုတ်ပေ။

 

 

 

ကုယီလန်၌ မျက်ရစ်မရှိဘဲ ရှည်လျားသည့် မျက်တောင်များရှိသည်။ သို့သော် သူ၏ မျက်နှာသွင်ပြင်က ထင်ရှားပြတ်သားလွန်းပြီး သူ၏ ပုံမှန်အေးစက်သော အမူအရာက အနားကပ်၍မရနိုင်သော အငွေ့အသက်မျိုး — တစ်ခါတစ်ရံ အနည်းငယ် ကြောက်စရာကောင်းသည့် ပုံစံမျိုးပင် ပေးစွမ်းသည်။

 

 

ထို့နောက် စားပွဲပေါ်မှ ဖုန်းက "တီ... တီ... တီ" ဟု သုံးချက်မြည်လာကာ တိတ်ဆိတ်နေသော အိပ်ခန်းအတွင်း ပဲ့တင်ထပ်သွားတော့သည်။ ထိုအချိန်မှ စုကျီဆွေ့က သူ့ပါးများ ပူထူရဲနေပြီး နှလုံးခုန်မြန်ကာ အသက်ရှူရ ပိုခက်ခဲနေသည်ကို သတိထားမိလိုက်သည်။

 

 

"ခြေထောက်မြှောက်လိုက်၊" ကုယီလန်က ပြောသည်။

 

 

စုကျီဆွေ့က ပြောသည့်အတိုင်း နာခံစွာ လုပ်လိုက်သည်။

 

 

ကုယီလန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ခြေထောက်နှင့် ခြေကျင်းဝတ်မှ သားရေကြိုးများကို စတင်ဖြုတ်ပေးသည်။

 

 

သူ့မျက်နှာအမူအရာ တည်တင်းနေသော်လည်း လှုပ်ရှားမှုများက အံ့သြစရာကောင်းလောက်အောင် ညင်သာပြီး ကောင်လေး၏ အရေပြားကို ထိတွေ့မှုပင် မရှိသလောက် နည်းပါးလှသည်။

 

 

မိနစ်အနည်းငယ် ကြာပြီးနောက် ကုယီလန်က မတ်တတ်ရပ်လိုက်ပြီး ဖြုတ်ထားသော အချုပ်အနှောင်များကို ညအိပ်စားပွဲခုံပေါ် ပစ်တင်လိုက်သည်။ "ကျန်တာကို ကိုယ့်ဘာသာ ချွတ်လိုက်တော့။"

 

 

ထိုစကားကြောင့် စုကျီဆွေ့က ခေါင်းငုံ့ကြည့်ကာ ခြေထောက်ကို အနည်းငယ် ဟလိုက်သည်။

 

 

ကြိုးအများစု ပြေသွားပြီဖြစ်ပြီး — ပေါင်ရင်းတွင် ရစ်ပတ်ထားသော နှစ်ခုသာ ကျန်တော့သည်။

 

 

ထိုနေရာမှ အရေပြားက ဖြူဖျော့ပြီး နူးညံ့ကာ နေရောင်အောက် မရောက်ဖူးဘဲ ဥထားသကဲ့သို့ ရှိသည်။ တောင်ထိပ်မှ လူသူမထိတွေ့ဖူးသည့် နှင်းများကဲ့သို့ ဖြူစင်၍ နူးညံ့ပြီး အစွန်းအထင်း ကင်းစင်နေသည်။

 

 

စုကျီဆွေ့က အောက်သို့လက်လှမ်းပြီး ထိုအရာများကို ဆွဲဖယ်ရန် လုပ်နေချိန်တွင် ကုယီလန်က အကြည့်လွှဲလိုက်ပြီး လည်စေ့အနည်းငယ် လှုပ်ခတ်သွားကာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြောသည်။ "ငါ ထပ်ပြောမယ်... ငါ့မှာ သူငယ်ချင်းမရှိဘူး၊ ရှိဖို့လည်း မလိုဘူး။"

 

 

စုကျီဆွေ့က နားစွင့်လိုက်သည်။

 

 

အိမ်တော်ထိန်းက ကုယီလန်အား တစ်ခုခု ပြောထားပြန်ပြီဟု သူသံသယဝင်မိသည်။

 

 

"အဲဒီလိုပဲ… ငါ့မှာ စေ့စပ်ထားသူဖြစ်ဖြစ်၊ လက်တွဲဖော်ဖြစ်ဖြစ် မလိုဘူး။"

 

 

စုကျီဆွေ့ ကြောင်သွားသည်။

 

 

သူ ဤကဲ့သို့စကားများမကြားချင် ။ ကုယီလန်မှ ပြောလာသည်ဖြစ်လျှင်ပင် သူ မကြိုက် ။

 

 

သူ့၏ ဖြူဖျော့သော ပါးမို့မို့လေးများကို ဖောင်းလိုက်ပြီး ကျန်နေသေးသည့် သားရေကြိုးကို စိတ်ပျက်လက်ပျက် ဆွဲဖြုတ်လိုက်ရာ အားပါသွားသဖြင့် ပေါင်တွင်းသားတွင် အနီရောင်အမှတ်အသားပင် ကျန်ရစ်ခဲ့သည်။

 

 

ထိုလှုပ်ရှားမှုက သိသာလွန်းသဖြင့် ကုယီလန်၏ မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသည်။

 

 

ကုယီလန်က လျှာကို အာခေါင်ဖြင့် ထိကပ်၍ ပြောတော့မည့် စကားများကို မြိုသိပ်လိုက်ကာ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ "မင်းအစ်ကိုက မင်းဘာလို့ စာမပြန်တာလဲလို့ ခုနက မေးနေတယ်။"

 

 

စုကျီဆွေ့ ငြိမ်ကျသွားသည်။

 

 

မနေ့က ထွက်ပြေးရန်ကြိုးစားနေစဉ် အစ်ကိုဖြစ်သူထံမှ ဝင်လာသော "ဘယ်အချိန် အိမ်ပြန်လာမှာလဲ" ဟူသော စာကို သူ ရုတ်တရက် သတိရသွား၏။ သူ အထိတ်တလန့် ဖွင့်ကြည့်ခဲ့ပြီးနောက် စာပြန်ရန် မေ့သွားခြင်းဖြစ်သည်။

 

 

"ကျွန်တော် မပြန်ချင်ဘူး၊"  သူ ဒေါသတကြီး ရေရွတ်လိုက်သည်။

 

 

ခေတ္တအကြာတွင် ကုယီလန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလေသည်။ "ကိုယ် ဒီနေ့အားတယ်။ မေးခွန်းမေးစရာရှိရင် စာကြည့်ခန်းထဲ လာခဲ့လိုက်။"

 

 

ထိုအချိန်ကျမှ စုကျီဆွေ့က နောက်ဆုံးကျန်သော ကြိုးကို ဖြုတ်နိုင်သွားသည်။ သူက "အင်း" ဟု တိုးတိုးလေး ပြန်ဖြေပြီး ကုယီလန်၏ ဂျက်ကတ်ကို ကောက်စွပ်ကာ တံခါးထံသို့ ပြေးထွက်သွားတော့သည်။

 

 

ကုယီလန်က သူ့ကို သွားခွင့်ပြုရန် ဘေးသို့ အနည်းငယ် ရွှေ့ပေးလိုက်သည်။

 

 

သူ့ကျောပြင်တစ်ခုလုံးတွင် ဒေါသများကပ်ပါသွားသော်လည်း စုကျီဆွေ့က တံခါးဝရောက်သောအခါ အရှိန်လျှော့လိုက်ပြီး လှည့်၍ တံခါးကို ညင်သာစွာ ပိတ်လိုက်၏။ — ကုယီလန် မြင်ဖူးသမျှ လူများထက် ပိုမိုတိတ်ဆိတ်ပြီး ယဉ်ကျေးလိမ္မာလွန်းသည်။

 

 

ပိတ်သွားသော တံခါးကို စိုက်ကြည့်လျက် ကုယီလန်၏ အကြည့်များ နက်မှောင်သွားသည်။ မသိစိတ်ဖြင့် သူ့၏ ချွန်ထက်သောသွားများကို လျှာဖြင့် သပ်လိုက်မိသည်။

 

. . . . .

 

စုကျီဆွေ့က စိတ်အခြေအနေ ဆိုးရွားလွန်းနေသဖြင့် ပြိုင်ပွဲအတွက် ပုစ္ဆာများ လေ့ကျင့်ရန် စိတ်ကုန်ခမ်းနေသည်။

 

 

သူ အာရုံလွင့်နေရင်း စာရွက်ပေါ် လျှောက်ခြစ်နေမိပြီး သတိပြန်ဝင်လာ၍ ငုံ့ကြည့်လိုက်သောအခါ —

 

 

"ပီဗွီ= အန် အာ… ဝူးဝူးဝူး လူဆိုးကောင်”

 

 

စုကျီဆွေ့ ကြောင်သွားသည်။ သူ အမြန်ပင် ဘောပင်အမည်းကို ယူပြီး ထိုရှုပ်ပွနေသော ဖော်မြူလာကို မည်းနက်သွားသည်အထိ ခြစ်ပစ်လိုက်တော့သည်။

 

 

သူ မရည်ရွယ်ပါဘူး — မတော်တဆ သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေကို ရေးချလိုက်မိတာ…

 

 

 

အာရုံစိုက်၍ မရတော့သောကြောင့် သူ လုံးဝလက်လျှော့လိုက်သည်။ သူက ခက်ပုံပေါ်သော ပုစ္ဆာများ၊ သို့မဟုတ် ဖြေရှင်းရ အလွန်ရှည်လျားမည့် ပုစ္ဆာများအားလုံးကို ဝိုင်းလိုက်ပြီး — ကုလားထိုင်ပေါ်မှ ခုန်ဆင်းကာ စာကြည့်ခန်းထံသို့ ပြေးသွားလိုက်သည်။

 

 

ထင်ထားသည့်အတိုင်း ကုယီလန်က အထဲတွင် ရှိနေသည်။ စုကျီဆွေ့ကို မြင်သောအခါ သူက လာခဲ့ရန် လက်ပြသည်။

 

 

ထိုလူက ယနေ့မနက်ပိုင်းက မည်သည်မှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်နေပြီး ပုံစံမပျက် ရှိနေသည်။

 

 

စုကျီဆွေ့က တံခါးပိတ်ပြီး စားပွဲကြီးထံသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

 

 

မနေ့ညက သူဆွဲယူထားသည့် ကုလားထိုင်က ကုယီလန်၏ ဘေးနားမှ၊ နေရာဟောင်းတွင် ရှိနေဆဲပင်။ သူထိုင်လိုက်ပြီး ကုယီလန်က လက်ပ်တော့ပ်ကို ဘေးဖယ်လိုက်သည်နှင့် စုကျီဆွေ့က သူ့၏ ပြိုင်ပွဲလေ့ကျင့်ရေး စာအုပ်အထူကြီးကို သူတို့နှစ်ဦးကြားသို့ "ဒုန်း" ခနဲ ပစ်ချလိုက်သည်။

 

 

ဤတစ်ကြိမ်တွင် သူ သေချာပြင်ဆင်မလာခဲ့ချေ ။

 

 

တချို့ပုစ္ဆာများအား အနည်းငယ်မျှ စဉ်းစားလိုက်လျှင် ဖြေနိုင်မည်ဆိုသည်ကို သူသိသော်လည်း၊ တချို့ပုစ္ဆာများကိုမူ ဖတ်တောင်မဖတ်ကြည့်ဘဲ စာရှည်သည်နှင့်ပင် ရွေးထုတ်ထားခြင်းဖြစ်သည်။ ကလေးဆန်ဆန် စိတ်ကောက်ပြီး ပုစ္ဆာကောင်းများသာမက မကောင်းသည်များပါ အကုန်ရောသမမွှေပြီး ကုယီလန်အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။

 

 

သာမန်လူတစ်ယောက်အတွက်မူ ဤပုစ္ဆာများက "ခက်တယ်" ဟူ၍ ထင်စရာရှိသည်။ သို့သော်လည်း ရူပ‌ဗေဒပြိုင်ပွဲအကြောင်း အမှန်တကယ် နားလည်သည့်သူဆိုလျှင်မူ အခက်အခဲ level များ အမျိုးမျိုးကွဲပြားနေသည်ကို ရှင်းရှင်းလင်းလင်း သိပေလိမ့်မည်။

 

 

ကုယီလန်က စာမျက်နှာများကို လှန်လှောကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ စုကျီဆွေ့ စိတ်မလုံဖြစ်လာသည်။

 

 

သူ့ယခင်ဘဝမှ ပြိုင်ပွဲနည်းပြ ဆူပူကြိမ်းမောင်းခဲ့သည်များကို ပြန်သတိရသွားသည် — ကျောင်းသားများ၏ ခေါင်းကို စာအုပ်နှင့်ရိုက်၍ ၊ ကြိုးစားအားထုတ်မှုကို အော်ဟစ်မေးခွန်းထုတ်ပြီး၊ "မင်းတို့ ပြိုင်ပွဲက ထွက်ပြီး သာမန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပဲ ပြန်ဖြေချင်ကြတာလား?" ဟု အဆုံးသတ်လေ့ရှိသည်။

 

 

သူက အမြဲတစေ စကားနားထောင်ပြီး လုံ့လဝီရိယရှိသူဖြစ်၍ ထိုသို့ အဆူခံရသည့်အထဲ မပါခဲ့ဖူးပေ။ ယခုမူ သူ မနေနိုင်ဘဲ တုန်လှုပ်မိသွားသည်။

 

 

စာမျက်နှာများကို အကြမ်းဖျင်းကျော်ဖတ်ပြီးနောက် ကုယီလန်က ရှေ့သို့ပြန်လှန်လိုက်ပြီး တည်ငြိမ်စွာ မေးသည်။ "မင်း ဒီအပိုင်းမှာ တစ်နေတာလား?"

 

 

စုကျီဆွေ့က ကြောက်ရွံ့စွာ ခေါင်းညိတ်ပြပြီး အထူးတလည် ရှုပ်ထွေးပုံရသော အဆင့်တစ်ဆင့်ကို လက်ညှိုးထိုးပြလိုက်ကာ လေးနက်ချင်ယောင်ဆောင်လိုက်သည်။

 

 

ကုယီလန်က "အင်း" ဟု ပြန်ဖြေပြီး သူ့ဘောပင်ကို စားပွဲပေါ် တင်လိုက်သည်။ စာရွက်လွတ်ကို မေးငေါ့ပြရင်း သူက မေးသည်။ "Stefan-Boltzmann law (စတီဖန်-ဘို့ဇ်မန်း နိယာမ) ကို မှတ်မိသေးလား?"

 

 

စုကျီဆွေ့က ခေါင်းထပ်ညိတ်လိုက်ပြီး ကုယီလန်လက်မှ အပူငွေ့လေးကျန်နေသေးသည့် ယုန်ဖြူလေးဘောပင်ကို ကောက်ကိုင်ကာ စာမျက်နှာပေါ်တွင် အခြေခံညီမျှခြင်းကို ချရေးလိုက်သည်။

 

 

"အလွှာတွေကြားက ရောင်ခြည်စုပ်ယူမှုနဲ့ ရောင်ပြန်ဟပ်မှုကိုပါ ထည့်စဉ်းစားရင်ကော?" ကုယီလန်က ဆက်ပြောသည်။

 

 

စုကျီဆွေ့ ငြိမ်သွားပြီး ယုန်ဖြူဘောပင်အဖုံးကို ကိုက်ကာ သူ သိပ်အာရုံမစိုက်ခဲ့မိသော ပုစ္ဆာကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

 

 

မိနစ်အနည်းငယ်ကြာသောအခါ သူ ပြန်ရေးလိုက်သည်။ ဤတစ်ကြိမ်တွင် မူရင်းဖော်မြူလာထက် ၄-၅ ဆမျှ ပို၍ ရှည်လျားသော မျိုးကွဲပုံစံတစ်ခု ထွက်လာပြီး အတည်ပြုချက်ရရန် ကုယီလန်ကို မော့ကြည့်လိုက်သည်။

 

 

ကုယီလန်က ဘောပင်ကို လှမ်းယူပြီး သူ့ကို မဆူပူဘဲ အမှားအယွင်းအသေးအမွှားလေးများကို တိတ်တဆိတ် ပြင်ပေးသည်။ ထို့နောက် သူက ဆက်ပြောသည်။ "ဓာတ်ငွေ့အလွှာတွေထဲက အပူချိန်ကွာခြားမှု (Temperature gradient) က အပူစီးဆင်းမှုကို သက်ရောက်မှုရှိတယ်..."

 

 

သူ့၏ နိမ့်ပြီး ချောမွေ့သော အသံက စုကျီဆွေ့၏ ရင်ဘတ်ကို တည်ငြိမ်သော ဗုံသံတစ်ခုကဲ့သို့ လာထိမှန်သည် — ထူးဆန်းစွာ စိတ်ငြိမ်စေသော စွမ်းအားတစ်ခု ရှိနေသည်။

 

 

ကုယီလန်၏ လမ်းညွှန်မှုအောက်တွင် ခုနက သူကြည့်ပင်မကြည့်ချင်ခဲ့သော ပြိုင်ပွဲပုစ္ဆာများကား စိတ်ဝင်စားစရာ ပြန်ကောင်းလာသည်။

 

 

အထူးသဖြင့် စိတ်ပါဝင်စားလာသည့်အခါ စုကျီဆွေ့က ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး စာအုပ်ကို တရစပ် လက်ညှိုးထိုးပြတော့သည်။ "ဒီတစ်ခု — ကျွန်တော် နားမလည်ဘူး။ ဒါလည်း မရဘူး။"

 

 

သို့ရာတွင်မူ ကုယီလန်က ဘယ်တော့မှ စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။ နည်းပြဟောင်း လုပ်သကဲ့သို့ စုကျီဆွေ့အား စာအုပ်ကိုင်ခိုင်းပြီး တံခါးဝတွင် မိနစ် ၃၀ မျှ မတ်တတ်ရပ်ခိုင်းခြင်းမျိုး သူ မလုပ်ခဲ့ချေ ။

 

 

ထမင်းစားချိန်မှလွဲလျှင် သူတို့တစ်နေ့လုံးနီးပါး စာကြည့်ခန်းထဲတွင်ပင် ကုန်ဆုံးခဲ့ကြသည်။

 

 

 

ကုယီလန်က ရက်ရက်ရောရောပင် စုကျီဆွေ့၏ ပုံမှန် ညနေခင်းသတင်းကြည့်ချိန်ကိုပင် ဖျက်ပေးလိုက်သေးသည်။

 

 

ညရောက်လို့၍ အိပ်ရာမဝင်မီတွင် စုကျီဆွေ့က သူ့စာအုပ်ကို ပိုက်ပြီး ကုလားထိုင်ပေါ်မှ မလိုလားစွာ ခုန်ဆင်းလိုက်သည်။ သူ ကုယီလန်ကို မော့ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျေးဇူးပါ။"

 

 

ကုယီလန်၏ မျက်နှာမှ ခံစားချက်အား ဖတ်မရဘဲ ဘောပင်ကို ပြန်ပေးလိုက်သည်။ "သွားတော့လေ။"

 

 

စုကျီဆွေ့က ခံစားချက်ပေါင်းစုံဖြင့် စာကြည့်ခန်းမှ ထွက်လာခဲ့သည်။

 

 

တစ်ဖက်တွင်မူ ကုယီလန်၏ စိတ်ရှည်ပြီး ကိုယ်ကျိုးမဖက်သော သင်ကြားပေးမှုအတွက် ကျေးဇူးတင်မိ၏ ။  အခြားတစ်ဖက်တွင်ကား ဝမ်းနည်းမိခြင်းကို မထိန်းထားနိုင်ချေ ။ — ဒီနေ့ပြီးရင် ကြင်နာပြီး ချောမောတဲ့၊ အခမဲ့သင်ပေးတဲ့ ကိုယ်ပိုင်ကျူရှင်ဆရာ ရှိတော့မှာ မဟုတ်ဘူးလေ…

 

 

ဝူးဝူး (ငိုသံ)!

 

 

စာကြည့်ခန်းတံခါးကို ပိတ်လိုက်သည်နှင့် အနားတွင်ရပ်နေသော အိမ်တော်ထိန်းကို သူ မြင်လိုက်ရသည်။

 

 

စုကျီဆွေ့က လှည့်ပြီး ယဉ်ကျေးစွာ လက်ပြနှုတ်ဆက်လိုက်သည်။

 

 

အိမ်တော်ထိန်းက ထိုရင်းနှီးနေသည့် လက်ဝှေ့ယမ်းပြသော ပုံစံကို မြင်လိုက်သည်နှင့် ချက်ချင်း တောင့်ခဲသွားသည်။ ဤမနက်က မြင်လိုက်ရသော မမြင်သင့်မမြင်အပ်၊ ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ကို ချက်ချင်း ပြန်မြင်ယောင်လာပြီး — မည်မျှ ထိတ်လန့်သွားသည်ဆိုရလျှင် သူ့အသက်အန္တရာယ်ကိုပင် စိုးရိမ်မိသွားသည်။ သူ အလိုအလျောက် တုန်လှုပ်သွားပြီး ကောင်လေး၏ မျက်လုံးများကို ကြည့်ရန်ပင် ခက်ခဲနေသည်။

 

 

သူက နှာခေါင်းထိပ်ကို ကုတ်လိုက်ပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။ "သခင်လေး၊ မနက်ဖြန် ကံကောင်းပါစေ။"

 

 

မနက်ဖြန်အကြောင်း ကြားလိုက်ရသော စုကျီဆွေ့ ပို၍ပင် စိတ်ဆင်းရဲသွားသည်။ "ကျွန်တော်... အပြင်မသွားချင်ဘူး။"

 

 

လုံးဝ စိတ်ဓာတ်ကျနေသည့် စကားလုံးများက သူ့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသလိုပင်။

 

 

ကုမိသားစု၏ မုန်တိုင်းထန်သော ကိစ္စရပ်များအတွင်းတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည့် အိမ်တော်ထိန်းက စုကျီဆွေ့ထက် အများအပြား ပိုသိပေသည်။ လက်တစ်ဖက်ဖြင့် မေးစေ့ကိုကိုင်ကာ သူက နှစ်သိမ့်ပေးလိုက်သည်။ "လက်မလျှော့ပါနဲ့ သခင်လေး။ မနက်ဖြန်သာ ကျော်ဖြတ်နိုင်ခဲ့ရင် သခင်လေးကုကို လက်ထပ်လို့ရပြီလေ။"

 

 

စုကျီဆွေ့က ဇဝေဇဝါဖြင့် မော့ကြည့်လာသည် — သို့ရာတွင်မူ သူ့မျက်လုံးများ အရောင်တောက်သွားသည်။

 

 

ထိုဖရိုဖရဲအခြေအနေများကြားတွင် ကုယီလန် သူ့နေရာသူ တည်မြဲအောင်နေရန် မည်မျှခက်ခဲသနည်းဆိုသည်ကို အိမ်တော်ထိန်းက သိသကဲ့သို့၊ ရလဒ်ကိုပြောင်းလဲရန် စုကျီဆွေ့မှာ မည်မျှအထိ စွမ်းအားရှိမည်ဆိုသည်ကိုလည်း သူ နားလည်သည်။

 

 

ကောင်လေး၏ ပခုံးကို ညင်သာစွာ ပုတ်ပေးရင်း သူက လေးနက်စွာ ခေါင်းညိတ်ပြသည်။ "တောင့်ခံထားလိုက်။ သခင်လေး လုပ်နိုင်မှာပါ။"

 

 

အိမ်တော်ထိန်းဦးလေးကြီး၏ ပညာရှိစကားများကြောင့် စုကျီဆွေ့ မကြာခင်မီပင် အရာအားလုံးကို သဘောပေါက်သွားသည်။

 

 

ယခင်ကမူ "အပြင်ထွက်ရခြင်း" နဲ့ "မစ္စတာကုကို လက်မထပ်ရတော့ခြင်း" ဆိုသည့် ကံဆိုးမိုးမှောင်ကျမှုကြီး နှစ်ခုက သူ့ထံ တပြိုင်နက်တည်း ဝင်လာသည်ဟု စုကျီဆွေ့ ထင်ခဲ့မိသည် ။

 

 

သို့သော် အခြားတစ်ဖက်မှ ပြန်စဉ်းစားကြည့်လိုက်သောအခါ — အကယ်၍ ကုယီလန်က သူ့ကို လက်မထပ်ချင်ဘူးဆိုရင် တန်းပြီး ငြင်းလိုက်လို့ ရတာပဲ။ ဘာလို့များ သူ့ကို အပြင်ထွက်ခိုင်းဖို့ ဒီလောက်အထိ အားထုတ်နေရမှာလဲ?

 

 

—— ဒါက စမ်းသပ်မှုတစ်ခုပဲ!

 

 

ပြီးတော့ သူသာ စမ်းသပ်မှုကို အောင်မြင်ရင် ဆုလာဘ်ရလိမ့်မယ် — အဲ့ဒါကတော့ လက်ထပ်ခွင့်ပဲ။

 

 

စုကျီဆွေ့ နားလည်သွားပြီ။ မီးသီးလေးလင်းသွားသကဲ့သို့ ရုတ်တရက် သဘောပေါက်သွားခြင်းပင်။ ယခုမှပင် အရာရာက အဓိပ္ပာယ်ရှိသွားသည်။

 

 

သူ၏ စိတ်ညစ်စရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။

 

 

ယခုတွင်မူ သူ့စိတ်၌ အတွေးတစ်ခုတည်းကသာ နေရာယူထားသည် - "ငါ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်ရမယ်။"

 

 

ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေလား? အစအနမကျန် ပျောက်ကွယ်သွားပြီ။

 

 

သူ့အစ်ကိုထံသို့ပင် "အိမ်မပြန်တော့ဘူး" ဆိုသော မျက်နှာပြောင်တိုက် စာပို့လိုက်နိုင်သည် — ထိုစာကြောင့် စုမင်ယွီထံမှ မေးခွန်းထုတ်သည့် သင်္ကေတ (?) များ တန်းစီပြီး ပေါက်ကွဲထွက်လာတော့သည်။

 

. . . . .

 

 

စာကြည့်ခန်းထဲတွင် အိမ်တော်ထိန်းက စာအုပ်စင်မှ စာရွက်စာတမ်းအပုံလိုက်ကြီးကို သယ်ထုတ်လာသည်။ လေးလံလွန်း၍ လမ်းအနည်းငယ် လျှောက်ရသည်နှင့်ပင် သူ မောဟိုက်နေလေပြီ။

 

 

"ဒုန်း" ခနဲ အသံမြည်အောင် စားပွဲပေါ် တင်လိုက်သည်။

 

 

သူ့သူဌေးက ကွန်ပျူတာကို မျက်နှာသေနဲ့ စိုက်ကြည့်နေဆဲဖြစ်သောကြောင့် အိမ်တော်ထိန်းက မနေနိုင်ဘဲ မေးလိုက်သည်။ "သခင်လေးကု၊ ဒါက အရေးကြီးတယ်။ ကုမ္ပဏီက ရလဒ်ကို အမြန်ဆုံးလိုချင်နေပြီ။ ဘာလို့ မနက်ဖြန်ညကျမှ သခင်ငယ်လေးကို ပုစ္ဆာတွေကူညီပေးဖို့ မစောင့်လိုက်တာလဲ?"

 

 

 

ကုယီလန်က မျက်လုံးပင်မမော့ဘဲ စာရွက်စာတမ်း၏ ပထမစာမျက်နှာကို လှန်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "မနက်ဖြန်ည ဆိုတာ မရှိဘူး။"

 

 

အိမ်တော်ထိန်းက ကြောင်အသွားပြီး ထိုစကား၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောမပေါက်လိုက်ပေ။

 

 

ကုယီလန်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ "ရေတစ်ခွက်လောက် ယူပေး။"

 

 

"အာ — ဟုတ်! အခုပဲ ယူလာပေးပါမယ်။" အိမ်တော်ထိန်းက သတိပြန်ဝင်လာပြီး ဒုတိယထပ်က မီးဖိုခန်းထံသို့ အလျင်အမြန် ပြေးထွက်သွားသည်။

 

 

သူ့စိတ်က ဗလောင်ဆူနေသည်။ အရာအားလုံးက မနက်ဖြန်အပေါ် မူတည်နေခြင်းဆိုသည်ကို သူသိပေသည်။ သူ သတိမထားမိလိုက်မီတွင် သူ့လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်မိလျက်သား ဖြစ်နေပြီ။

 

 

… သခင်လေးရေ… ကျေးဇူးပြုပြီး... မနက်ဖြန်ကျရင် ကျွန်တော်တို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့နော်…

 

 

ခေတ္တအကြာတွင် သူ လက်သီးဆုပ်ကို ဖြေလျှော့လိုက်သည်။

 

 

...မဟုတ်ဘူး….အဆင်ပြေသွားမှာပါ…

 

 

…သခင်လေးစုက သခင်လေးကုရဲ့ သဘာဝအလျောက် ဖန်တီးပေးထားတဲ့ ရန်ဘက်လိုပဲ…သခင်လေးကု သုံးသမျှ ရက်စက်တဲ့ နည်းဗျူဟာတိုင်းက အဲ့ဒီကောင်လေးနဲ့တွေ့ရင် တဖက်လှည့်ပြီး ပြန်ထိရောက်သွားတတ်တယ်လေ…

 

 

 တကယ်လို့ သူသာ သခင်လေးကုနဲ့ လက်မထပ်နိုင်ရင်၊ သခင်လေးကုတော့ ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး တစ်ကိုယ်တည်း အထီးကျန်သွားရတော့မယ့်ပုံပဲ။