အပိုင်း ၉
“အား… ကုသခင်လေး၊ ပြန်ရောက်လာပြီ!!” အိမ်တော်ထိန်းသည် ဝင်ပေါက်မှ အရိပ်အား သတိထားမိပြီး၊ သေခြင်းတရားမှ ထွက်ပြေးလာသူကဲ့သို့ ဧည့်ခန်းမှ ထွက်ခွာလာကာ ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်၏။
ထိုလွန်ခဲ့သော မိနစ်သုံးဆယ်မှာ သူ့ တစ်သက်တာ၏ ပထမတစ်ဝက်ထက်ပင် ပိုမို ဆိုးရွားစွာ နှိပ်စက်ခံနေရသလို ခံစားခဲ့ရသည်။
“အင်း” ကုယီလန် နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်သည်။
အိမ်တော်ထိန်းသည်လည်း သူ့၏ အကြည့်ကို လိုက်ကြည့်ပြီး၊ လျင်မြန်စွာပင် သတင်းပို့လိုက်သည်။ “အခု ည ၇:၅၀ မိနစ် တိတိပါ– တီဗွီကြည့်ချိန် ကုန်ဖို့ နောက်ထပ် ဆယ်မိနစ်ပဲ လိုပါတော့တယ်”
သူက အချိန်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ရပြီး၊ ကုန်လွန်သွားသော တစ်မိနစ်တိုင်းအတွက် စိတ်ထဲမှပင် တိတ်တဆိတ် ဘုရားတနေမိသည်။
“သူ ဘာဖြစ်သွားတာလဲ?”
ကုယီလန်က နာမည်ကို တိုက်ရိုက် မခေါ်ခဲ့သော်လည်း၊ အိမ်တော်ထိန်းက မည်သူ့ကို ဆိုလိုသည်ကို ချက်ချင်း သိလိုက်သည်။ သူက အသံကို တိုးလိုက်ပြီး ပြန်ဖြေသည်။ “စုသခင်လေးက တီဗွီကြည့်တာကို တော်တော်ကြီး ငြင်းနေတာဗျာ။ အောက်ထပ်ကို ဆင်းမလာချင်တာနဲ့ လဲကျသွားရော… သူ့ကို ပြန်ငြိမ်အောင် လုပ်ဖို့ အချိန်တော်တော်ကြာသွားတယ်”
ကုယီလန် မျက်မှောင်ကြုတ်လိုက်သည်။ “ပြန်ငြိမ်အောင်?”
သို့သော် အိမ်တော်ထိန်းက လေယူလေသိမ်းကို တစ်လွဲ နားလည်သွားပြီး၊ သူ မည်သို့ လုပ်ဆောင်ခဲ့သည်ကို လျင်မြန်စွာ ရှင်းပြလိုက်သည်။ “သူက ကောင်းကောင်း မလျှောက်နိုင်တော့လို့ ကြိုက်တဲ့ ရှိုးကို ကြည့်လို့ရတယ်လို့ ပြောလိုက်တာ… ဘာပဲကြည့်ကြည့်… ပြီးတော့၊ အချိန်ဇယားအတိုင်း စည်းကမ်းတကျ လိုက်နာရင် သခင်လေး ပြန်ရောက်လာတဲ့အခါ… သခင်လေးက…”
သူ စကားပြောနေရင်း၊ တစ်စုံတစ်ရာ မှားနေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူ၏ အသံသည် တဖြည်းဖြည်း တိုးလာပြီး၊ သူ့၏ မျက်နှာအမူအရာမှာ ပို၍ပင် အပြစ်ရှိသလို ဖြစ်လာ၏ ။
သေတာပဲ၊ သူ့ မှတ်ဉာဏ်က အရင်ကလို မကောင်းတော့– သူက ကုယီလန်ကိုယ်စား ပေးခဲ့သော ထိုကတိအား လုံးဝ မေ့လျော့သွားခဲ့သည်တကား။
“ငါက ဘာလုပ်မယ်လို့ ပြောလိုက်တာလဲ?” ကုယီလန်က အေးဆေးတည်ငြိမ်သော လေသံဖြင့် ဖိအားပေး မေးလိုက်သော်လည်း၊ လွှတ်ပေးမည့် ပုံမပေါ်ချေ။
“သခင်လေးက… အဲ၊ သခင်လေး… ချီးကျူးပေးမယ်… ပြီးတော့ တစ်ခုခု ဆုချပေးမလားပဲ…” အိမ်တော်ထိန်းက သူ၏ ကျောပြင်ပေါ်မှ ချွေးအေးများကြားမှပင် ထိုစကားများကို အတင်းအကျပ် အဆုံးသတ်လိုက်သည်။
ထိုသို့ ပြောပြီးနောက်၊ အိမ်တော်ထိန်းက လျင်မြန်စွာ ထပ်ပေါင်းထည့်သည်။ “ဒါပေမဲ့ စုသခင်လေးက ပြိုင်ပွဲသင်ခန်းစာတွေကိုပဲ ကြည့်ချင်တာ ဖြစ်မှာပါ။ အဲဒီစကားတွေကို သိပ်ဂရုစိုက်မယ် မထင်ဘူး”
ကုယီလန် ဘာမှ မပြောဘဲ၊ သူ့ကို ကျော်ကာ ဧည့်ခန်း၏ ထောင့်တစ်နေရာတွင် ကွေးနေသော ထိုကောင်လေးဆီသို့ တိုက်ရိုက် လျှောက်သွားလေသည်။
သူ့ သူဌေး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း၊ အိမ်တော်ထိန်း ရုတ်တရက် ဆိုးဝါးသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်– သူ၏ ဆယ်စုနှစ်များစွာကြာ အိမ်တော်ထိန်းဘဝ အဆုံးသတ်တော့မည့်အလား။
ဤနှစ်များတစ်လျှောက်၊ ကုယီလန် မည်သူ့ကိုမျှ ကြင်နာစွာ ဆက်ဆံသည်ကို သူ တစ်ခါမျှ မမြင်ဖူးချေ။ ချီးကျူးတာ? ဆုတွေ? ထိုစကားလုံးများကို ကုယီလန်နှင့် စာကြောင်းတစ်ကြောင်းတည်းတွင် ထည့်သွင်းခြင်းကပင် လုံးဝ ဆီလျော်မှု မရှိဟူ၍ ခံစားရသည်။
သို့သော် ဤအရာက သူ၏ အမှားပင်– ထိုကောင်လေး မြေပေါ်လဲကျသွားစဉ်က မျက်ရည်များဝိုင်းနေသော မျက်လုံးများနှင့် သနားစရာကောင်းသော ရှိုက်သံများကို မြင်သောအခါ စိတ်မထိန်းနိုင်ဘဲ ထိုစကားလုံးများက ရုတ်တရက် လှစ်ခနဲ ထွက်သွားခြင်းပင်!
. . . . .
စုကျီဆွေ့သည် စာကျက်နေချိန်တွင် အပြည့်အဝ နစ်မြုပ်နေတတ်သည့် အမျိုးအစားထဲမှ ဖြစ်၏ ။
ထို့ကြောင့် သူ၏ သင်ရိုးညွှန်းတမ်းပေါ်သို့ ရှည်လျားသော အရိပ်မည်းကြီး ကျလာပြီး စာလုံးများကို ဖုံးကွယ်သွားသည်အထိ၊ တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို သူ နောက်ဆုံးမှ သတိထားမိလိုက်သည်။
သူက မော့ကြည့်လိုက်ရာ၊ သူ၏ ရှေ့ရှိ ထိုလူနှင့် မျက်လုံးချင်း ဆုံမိသည်။
ကုယီလန် သူ့ဘေးရှိ ကုလားထိုင်ကို ဆွဲထုတ်လိုက်ကာ၊ လက်များကို ပိုက်ထားပြီး ထိုင်လိုက်သည်။
ဝန်ထမ်းများအနေဖြင့် သူတို့၏ သူဌေးအပေါ်တွင် ထားရှိသည့် မွေးရာပါ လေးစားမှုသည် နက်ရှိုင်း၏– ထို့ကြောင့် ကုယီလန် ထိုင်လိုက်သည့် အခိုက်အတန့်တွင်၊ သူတို့ ပတ်ဝန်းကျင်ရှိ လူတိုင်းက ရှောင်ဖယ်သွားကြပြီး၊ သူတို့နှစ်ဦးအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပေးလိုက်ကြသည်။
အခြားသူများ ပိုမို ဝေးကွာသွားသည်နှင့်အမျှ၊ စုကျီဆွေ့၏ ရင်ဘတ်ရှိ အသက်ရှူကျပ်စေသော ဖိအားက အနည်းငယ် သက်သာသွားခဲ့သည်။ သူ၏ အသံတွင် နှာခေါင်းသံ အနည်းငယ် ပါနေဆဲဖြစ်ပြီး၊ သူက တိုးတိုးလေး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ကုယီလန် သူ၏ အကြောင်းအရာမဲ့ ထုတ်ဖော်ပြောဆိုမှုများနှင့် အဓိပ္ပာယ်မရှိသော စကားများကို လျစ်လျူရှုလိုက်သည်။ သူက သူ၏ မေးစေ့ဖြင့် ပရိုဂျက်တာ မျက်နှာပြင်ဆီသို့ ခေါင်းညိတ်ပြလိုက်ပြီး၊ ရှေ့ကို စိုက်ကြည့်ရင်း ပြောသည်။ “ဆက်ကြည့်”
စုကျီဆွေ့ နှာချေလိုက်ပြီး၊ ခပ်မြန်မြန် ခေါင်းညိတ်လိုက်ကာ သင်ခန်းစာကို ပြန်လည် အာရုံစိုက်လိုက်သည်။
မျက်နှာပြင်ပေါ်ရှိ ရွှေတံဆိပ်ဆုရှင် နည်းပြ၏ ပြောဆိုပုံသည် သိသိသာသာ ဒရာမာဆန်သော်လည်း၊ သူ၏ ရှင်းပြချက်များမှာ ကြည်လင်ပြတ်သားပြီး၊ သူ၏ နည်းလမ်းများက ထူးခြားလှသည်။ Optical Tweezer နှင့် ပတ်သက်သည့် အဆင့်မြင့် အလင်းဆိုင်ရာ ပြဿနာတစ်ခုကို အလွှာလိုက် အလွှာလိုက် ခွာချပြနေပြီး၊ အဆင့်တိုင်းက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ နည်းပြက ဖြေရှင်းချက်၏ အရေးကြီးဆုံး အပိုင်းသို့ ရောက်ရှိနေစဉ်မှာပင်–
အလင်းတစ်ချက် လင်းသွား၏။ ပရိုဂျက်တာ ပိတ်သွားသည်။ မျက်နှာပြင်က အမည်းရောင် ဖြစ်သွားသည်။
ည ၈:၀၀ နာရီ။
တီဗွီကြည့်ချိန် ကုန်ဆုံးသွားပြီ ဖြစ်သည်။
စုကျီဆွေ့၏ လက်က လေထဲတွင် ခဲသွားပြီး၊ ဘောပင်ကို ကိုင်ထားဆဲပင်။ သူ၏ နူးညံ့သော နှုတ်ခမ်းများက အနည်းငယ် ဟသွားပြီး၊ ပြဿနာဖြေရှင်းသည့် သတိလစ်မေ့မြောမှုမှ အပြည့်အဝ မထွက်နိုင်သေးသကဲ့သို့ တွေဝေထိတ်လန့်နေ၏။
သို့သော် တစ်စက္ကန့်မျှ အကြာတွင်၊ သူက ဘောပင်ကို ချလိုက်ပြီး၊ နာကျင်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ကာ၊ သူ၏ စာအုပ်ကို ဆွဲယူ၍ အပေါ်ထပ်သို့ အလျင်အမြန် ပြေးတက်သွားသည်။
အဘယ်ကြောင့်ဆိုသော် တီဗွီကြည့်ချိန် ကုန်ဆုံးသွားသည်နှင့်၊ သူ့ရှေ့တွင် ထိုင်နေသော ထိုလူစိမ်းများက သူ့ဘက်သို့ ပြန်လှည့်ကာကြည့်ရန် အသင့်ရှိနေပုံရသည်ကြောင့်ပင်။
ကုယီလန်လည်း မတ်တပ်ရပ်လိုက်ပြီး၊ ထိုကောင်လေး၏ နောက်သို့ ဖြည်းညင်းစွာ လိုက်ပါသွားသည်။
အိမ်တော်ထိန်းက မိမိကိုယ်ကို ပြန်လည် ထိန်းသိမ်းလိုစိတ်ဖြင့် သတိပြုမိပြီး၊ အလျင်အမြန် လိုက်ဖမ်းလိုက်သည်။
ဤလူသုံးဦးမှာ တစ်ဦးပြီးတစ်ဦး ဘေးအိပ်ခန်းထဲသို့ ဝင်ရောက်လာကြသည်။ အိမ်တော်ထိန်း ဖော်ပြခဲ့သည့်အတိုင်း၊ ထိုကောင်လေး စီစဉ်ထားသော အမွေးပွအရုပ်များက အခန်းကို လုံးဝ ကွဲပြားသော ခံစားမှု ပေးနေသည်။ အရင်က နေရာလွဲနေသလို ထင်ရသော ရွှေရောင် လှောင်အိမ်ပင် ယခုအခါ… နွေးထွေး၍ သက်သောင့်သက်သာ ရှိနေပုံ ပေါ်သည်။
တစ်ခုတည်းသော ထူးခြားသည့် အရာမှာ အိပ်ရာနှင့် ကြမ်းပြင်ပေါ်တွင် လိမ်ယှက်နေသော အေးစက်သည့် သံကြိုးပင်– ၎င်း၏ တည်ရှိမှုသည် အခန်း၏ နတ်သမီးပုံပြင်ဆန်သော ဆွဲဆောင်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏ ။ ထိုကောင်လေးက နူးညံ့သော၊ အိပ်မက်ဆန်သော အရုပ်များ၏ ကမ္ဘာတွင် နေထိုင်သော်လည်း၊ မမြင်ရသော လက်များဖြင့် ထိန်းချုပ်ခံရသည့် ဖန်သေတ္တာထဲမှ ရုပ်သေးရုပ်လေးအဖြစ် ကျန်ရှိနေသည့်နှယ်။
လက်ထိပ်သော့ကို ဖွင့်ရန် သော့ လိုအပ်သည်– သို့သော် ခတ်ရန်ကား သော့ မလိုချေ။
ရုပ်သေးရုပ်လေး စုကျီဆွေ့ သူ၏ စာအုပ်ကို စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် တင်လိုက်ပြီးနောက်၊ အိပ်ရာပေါ်မှ လက်ထိပ်ကို ကောက်ယူကာ ‘ကလစ်’ ဟူသော အသံဖြင့် သူ၏ ဘယ်ဘက် လက်ကောက်ဝတ်တွင် ပြန်လည် ချိတ်လိုက်သည်။ သူက သံကြိုးအား ကုတင်ခေါင်းရင်းသို့ လုံခြုံစွာ ချိတ်ထားခြင်းရှိမရှိ စစ်ဆေးရန် တစ်ချက် ဆွဲကြည့်လိုက်သေး၏။ လုံးဝပင် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိသည်။
အိမ်တော်ထိန်းက ဤမြင်ကွင်းကို မြင်လိုက်ရသည့် အချိန်တွင် ရောက်ရှိလာခဲ့ပြီး– ချက်ချင်းပင် တွေဝေထိတ်လန့် သွားတော့သည်။
ဘေးအခန်းထဲတွင် ကုလားထိုင် နှစ်လုံးသာ ရှိသည်။ သူ့ကိုယ်သူ သော့ခတ်ပြီးနောက်၊ စုကျီဆွေ့ ကုလားထိုင်များကို ဂရုတစိုက် နေရာချပြီးနောက် အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်သည်။
“မလိုပါဘူး၊ မလိုပါဘူး– ကျွန်တော် ထိုင်စရာ မလိုပါဘူး” အိမ်တော်ထိန်းက သူ့လက်များကို ဝှေ့ယမ်းကာ လျင်မြန်စွာ ငြင်းဆန်လိုက်သည်။
ထို့နောက် စုကျီဆွေ့က ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး၊ စားပွဲပေါ်တင်ကာ ကုယီလန်ဆီသို့ ဖြည်းညင်းစွာ တွန်းပို့လိုက်သည်။ “ရေ”
ကုယီလန်က အေးစက်စက် ငြင်းဆိုသည်။ “မလိုဘူး”
စုကျီဆွေ့က သူ့ကို ကြည့်လိုက်ရာ၊ အံ့ဩပြီး ရှုပ်ထွေးနေပုံပေါ်သည်။ သူက သူ၏ ကိုယ်ပိုင် လည်ချောင်းကို လက်ညှိုးထိုးပြပြီး တိုးတိုးလေး မေးလိုက်သည်။ “မ… နာတော့ဘူးလား?”
ကုယီလန် : “……”
စားပွဲဘေးတွင် ရပ်နေသော အိမ်တော်ထိန်းက တိတ်ဆိတ်စွာပင် လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်သည်။
ကုယီလန်၏ မြေမြှုပ်မိုင်းများ အပေါ်တွင် မကြာခဏဆိုသလို အက ကပြနေနိုင်ပြီး– အန္တရာယ်ကင်းစွာ လျှောက်သွားနိုင်သူမှာ ဤအပြစ်ကင်းသော ကောင်လေးသာလျှင် ထိုကဲ့သို့သော ကံကောင်းခြင်းမျိုး ရှိမည်။
ကုယီလန်က ရေနွေးကို ဖြည်းညင်းစွာ၊ စဉ်းစားဟန်ဖြင့် တစ်ငုံသောက်လိုက်ပြီး၊ နွေးထွေးသော အရည်က သူ၏ ကြမ်းတမ်းသော လည်ချောင်းကို သက်သာစေသည်ဟု ခံစားလိုက်ရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှသာ၊ သူက ထိုကောင်လေးကို တစ်ချက် ကြည့်လိုက်ပြီး၊ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “တီဗွီကြောက်တာလား?”
စုကျီဆွေ့ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို သတိရလိုက်သကဲ့သို့ အနည်းငယ် လန့်သွားသည်။ သူက သတိတရ ခေါင်းညိတ်လိုက်သည်။ “ဟုတ်”
ကုယီလန်က တုံ့ပြန်ခြင်းမရှိ။ ထိုအစား၊ သူသည် အနီးရှိ သစ်သား ဗီရိုမှ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး၊ အဖြူရောင် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
ဘေးတွင် ရပ်နေသော အိမ်တော်ထိန်းက မနေနိုင်ဘဲ မေးလိုက်သည်။ “ဘာ– ဘာလို့လဲ?”
သူ၏ ဆယ်စုနှစ်များစွာကြာ ဘဝတစ်လျှောက်လုံးတွင်၊ ပိုးကောင်၊ ငါး၊ ကြက်– အင်္ကျီချိတ်ကိုပင် ကြောက်သူများကို သူ မြင်ဖူးသော်လည်း၊ ရုပ်မြင်သံကြားကို ကြောက်သူကိုကား သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ကုယီလန်က သူ့ကို စကားမဖြတ်ခဲ့။ သူ၏ မျက်လုံးနက်များက အောက်သို့ ငုံ့လျက်သား ရှိနေပြီး၊ သူ၏ ရှည်လျားသော လက်ချောင်းများက သေတ္တာထဲတွင် တည်ငြိမ်စွာ မွှေနှောက်နေ၏။
“ကြောက်စရာ ကောင်းတယ်” စုကျီဆွေ့က တိုးတိုးလေး ပြန်ဖြေသည်။
“ဘာလို့ ကြောက်စရာ ကောင်းတာလဲ?” အိမ်တော်ထိန်းက မေးသည်။
စုကျီဆွေ့ လူများ ဝန်းရံခံရသည့် ခံစားချက်ကို ဖော်ပြရန် ကြိုးစားသည်။ သူ၏ အသံက တုန်ယင်လာသည်။ “လူတွေ… ကြောက်စရာ ကောင်းတယ်”
“ဘာလို့ လူတွေက ကြောက်စရာ ကောင်းတာလဲ?”
“ဘာလို့လဲဆိုတော့… ဘာလို့လဲဆိုတော့…” စုကျီဆွေ့က ၎င်းကို ပို၍ ရှင်းလင်းစွာ ရှင်းပြရန် ရုန်းကန်နေရသည်။ နောက်ဆုံးတွင်၊ သူ ခံစားရသည့် အရာကိုသာ ဖော်ပြနိုင်တော့၏။ “ရင်ဘတ်နာတယ်”
“…ဘာလို့ ရင်ဘတ်နာရတာလဲ?” အိမ်တော်ထိန်းက ပို၍ပင် ရှုပ်ထွေးလာပြီး၊ သူ၏ ခေါင်းပေါ်တွင် မေးခွန်း အမှတ်အသားတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်၏။
“…”
ဤအပြန်အလှန် စကားပြောဆိုမှုက မည်သည့်နေရာသို့မျှ ဦးတည်ခြင်းမရှိ– လုံးဝ ကွဲပြားသော လှိုင်းနှုန်းများ ဖြစ်နေ၏– ထိုအခါမှ ကုယီလန်က အေးစက်စက်နှင့် ဖြတ်ပြောလိုက်သည်။ “တော်ပြီ”
သူက ယွင်နန်ပိုင်ယောင် ဆေးပုလင်းအား စားပွဲပေါ်သို့ ‘ဒုန်း’ ဟူသော အသံဖြင့် ချလိုက်ပြီး၊ ပြောသည်။ “ဒါကို ကိုယ့်ဘာသာ လိမ်း”
{T/N : အနာလိမ်းဆေးပါ သူ့ချစ်ချစ် ဒူးရဲသွားလို့}
ထိုအခါတွင် အိမ်တော်ထိန်းက ချက်ချင်း ပါးစပ်ပိတ်သွားပြီး၊ စုကျီဆွေ့ သူ၏ ဖိနပ်များကို ချွတ်လိုက်ကာ၊ ကုလားထိုင်၏ အစွန်းပေါ်သို့ ခြေဗလာဖြင့် ဂရုတစိုက် တက်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက်၊ သူ၏ ဒူးများပေါ်ရှိ ညိုမဲဒဏ်ရာများမှာ ပို၍ပင် မည်းလာပြီး၊ ယခုအခါ ပို၍ ထင်ရှားပြီး သတိပေးချက် ဖြစ်နေ၏။
ထိုကောင်လေးက ကွေးနေပြီး၊ ရှည်လျားသော မျက်တောင်များက ငိုက်ကျနေကာ၊ တစ်စုံတစ်ဦး မတော်တဆ ကွဲသွားအောင် ပြုလုပ်ခဲ့သည့် ကြွေရုပ်လေး တစ်ခုကဲ့သို့– အနည်းငယ် ပျက်စီးနေပြီး၊ အနည်းငယ် သနားစရာ ကောင်းနေသည်။
“နာတယ်” စုကျီဆွေ့က ဒဏ်ရာကို လက်ညှိုးဖြင့် ထိုးပြပြီး နှုတ်ခမ်းကို စူကာ၊ တိုးညှင်းစွာ ကန့်ကွက်လိုက်သည်။ “မလိမ်းချင်ဘူး”
“လိမ်းမှ ပိုမြန်မြန် သက်သာမှာ” ကုယီလန် ဆေးဗူးကို ဖွင့်လိုက်ပြီး၊ ထိုနူးညံ့သော ဒရာမာကင်းလေးဆီသို့ သူ့မေးစေ့ဖြင့် မော့ပြလိုက်သည်။ “လက်”
စုကျီဆွေ့ လက်ကို ဆန့်ထုတ်ချင်ဟန် မရှိ၊ သို့သော် သူ၏ ရှေ့ရှိ ထိုလူအပေါ်တွင် မကောင်းဖြစ်စေခြင်းကိုလည်း မလိုချင်။ အတွင်း၌ ခဏတာ ရုန်းကန်ပြီးနောက်၊ သူက မချင့်မရဲဖြင့် လက်ညှိုးတစ်ချောင်းတည်းကိုသာ ဆန့်ထုတ်လိုက်သည်။
ကုယီလန်က စကားမဆိုဘဲ၊ ဆေးကို အနည်းငယ် ညှစ်ထုတ်ပြီး ထိုကောင်လေး၏ သွယ်လျသော လက်ချောင်းထိပ်ပေါ်သို့ တင်ပေးလိုက်သည်။
စုကျီဆွေ့ သူ၏ လှပသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြီး၊ သူ၏ လက်ချောင်းပေါ်ရှိ အဖြူရောင် ဆေးကို စိုက်ကြည့်နေသည်။ သူက ၎င်းကို ကြည့်လိုက်သည်၊ ထို့နောက် သူ၏ ဒူးကို ကြည့်လိုက်သည်၊ အကြိမ်အနည်းငယ်မျှ ဟိုကြည့်လိုက် သည်ကြည့်လိုက် လုပ်ပြီးမှ၊ မော့ကြည့်ကာ မေးလိုက်သည်။ “ခင်ဗျား… လုပ်ပေးလို့ရမလား…”
သူ၏ အသံက အလွန်နူးညံ့နေသည်—စကားလေးလုံးသာ ထွက်လာပြီး ရပ်သွား၏။
ကုယီလန် : “မရဘူး”
စုကျီဆွေ့ နှုတ်ခမ်းကို ထပ်မံ စူပစ်လိုက်ပြီး၊ အိမ်တော်ထိန်းဘက်သို့ လှည့်ကြည့်၏။
“အလကား ကတိ” ကိစ္စကြောင့် အပြစ်ရှိသလို ခံစားနေရဆဲဖြစ်သော အိမ်တော်ထိန်းက မျက်နှာကို လျင်မြန်စွာ လွှဲလိုက်သည်။
ကောင်လေးက ထိလွယ်ရှလွယ်သည့် အမျိုးအစား ဖြစ်သည်မှာ သိသာ၏—ထိမိရုံဖြင့် ညိုမဲဒဏ်ရာ ရသွားတတ်သည်။ အကယ်၍ ဆေးမလိမ်းခဲ့လျှင် ပို၍ ဆိုးလာမည်သာမက၊ အခြားသူများ မြင်ပါလျှင်လည်း အနိုင်ကျင့်ခံရသည်ဟု သံသယဝင်သွားနိုင်သည်။ ဤသည်မှာ ကြီးမားသော ပြဿနာ ဖြစ်လာနိုင်ချေရှိ၏။
အခြားရွေးချယ်စရာ မရှိတော့သည့်အတွက်၊ စုကျီဆွေ့ ဆေးကို လက်ချောင်းထိပ်ဖြင့် ဂရုတစိုက် တို့ယူကာ ဒူးပေါ်သို့ ဖြည်းဖြည်းချင်း၊ ညင်သာစွာ လိမ်းကျံလိုက်၏။ တစ်စက်ကလေးမျှပင် မဖြုန်းတီးချေ။
သူ လိမ်းပြီးသည့်အခါ၊ ခရမ်းရောင် ဒဏ်ရာပေါ်တွင် ပုံပျက်ပန်းပျက် တင်နေသော ထိုထင်ရှားသည့် အဖြူရောင် ဆေးအစုအဝေးကို စိုက်ကြည့်ကာ၊ ကျေနပ်သည့် ဟန်ပန်ဖြင့် အနည်းငယ်ပင် ခေါင်းညိတ်လိုက်သေး၏။
စိတ်ရှည်မှု နည်းနေသည့် ကုယီလန်ကား နောက်ဆုံးတွင် သည်းမခံနိုင်တော့ချေ။
“ကုတင်ပေါ်မှာ ထိုင်” သူ့၏ အမူအရာက မည်းမှောင်နေပြီး ပြောလိုက်သည်။
စုကျီဆွေ့ အပြည့်အဝ နားမလည်သော်လည်း၊ မွေးရာပါ စကားနားထောင်တတ်သူ ဖြစ်သောကြောင့်၊ သူ့ကို ခိုင်းသည့်အတိုင်း လုပ်လိုက်၏။
သူ ထိုင်လိုက်သည်နှင့်၊ ဒူးပေါ်မှ ဆေးများ ပျံ့မသွားစေရန် ခြေထောက်များကို ဆန့်ထုတ်ထားလိုက်သည်။ ထိုအခါ ကုယီလန်က ဆေးအနည်းငယ် ထပ်ညှစ်ထုတ်ပြီး ဒဏ်ရာပေါ် လိမ်းရန် လက်ကို မြှောက်လိုက်သည်ကို သူ မြင်လိုက်ရသည်။
“မလုပ်ပါနဲ့” စုကျီဆွေ့ ခြေထောက်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး၊ ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသကဲ့သို့ သူ့ကို စိုက်ကြည့်နေ၏။ သူ၏ ကြည်လင်တောက်ပသော မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။
ကုယီလန် : “…”
သူက တံခါးဝတွင် ရပ်နေသော အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စက် မတ်တပ်ရပ်ကာ ပြောသည်။ “မင်း လုပ်ပေးလိုက်”
စုကျီဆွေ့၏ တုံ့ပြန်မှုက ပို၍ ပို၍ ပြင်းထန်လာသည်။ “ဟင့်အင်း…”
ကုယီလန်၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွားချေပြီ။ သူက ယွင်နန်ပိုင်ယောင် ဆေးဗူးကို ကုတင်ပေါ်သို့ ပစ်ချလိုက်ပြီး ကောင်လေးအား အပေါ်မှ ငုံ့ကြည့်လိုက်သည်။ “ငါ အရင်က ပြောဖူးတာတွေကို မေ့သွားပြီလား?”
စုကျီဆွေ့၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်၏—အထူးသဖြင့် ကုယီလန်၏ ထိုနက်ရှိုင်းပြီး သာယာသော အသံဖြင့် ပြောခဲ့သည့် စကားများအားလုံးကိုပင် ။
သူ ကောင်းစွာ မှတ်မိနေသည်။ သုံးရက်အကြာက ဤအခန်းထဲ၌ ကုယီလန်က သူ့ကို ပြောခဲ့ဖူးသည်။ “မင်း စားတာ၊ ပြောတာ၊ လုပ်တာ အားလုံးကို ထိန်းချုပ်ထားသင့်တယ်”
စုကျီဆွေ့ ဆေးကုသခံရခြင်းကို မုန်းသည်၊ ယခုအခါ ခုခံတွန်းလှန်ရန် သူ၏ ဆင်ခြေအားလုံး ပျက်ပြားသွားပြီဖြစ်သောကြောင့် အလွန်စိတ်ဆိုးနေ၏။
သူ့တွင် အလွယ်တကူ ငိုတတ်သည့် အခြေအနေတစ်ခု ရှိသည်။ နှာခေါင်းက ကျဉ်သွားသည်နှင့် မျက်လုံးများက အကြောင်းပြချက်မရှိ မျက်ရည်များဖြင့် ပြည့်လျှံလာတတ်သည်။
“ကျွန်တော် လိုချင်တာက…” စုကျီဆွေ့ ရှိုက်လိုက်ပြီး ခန္ဓာကိုယ်ကို သေးငယ်သော ဘောလုံးပုံစံ ကွေးလိုက်သည်။ သူ၏ စကားများက အပြည့်အဝ အဓိပ္ပာယ် မရှိသော်လည်း၊ သနားစဖွယ် တီးတိုးပြောလိုက်သည်။ “…ကောကောကို”
သူ၏ မျက်လုံးများက နီရဲနေပြီး၊ ရှည်လျားသော မျက်တောင်များက လိပ်ပြာတောင်ပံများကဲ့သို့ တဖျတ်ဖျတ် ခတ်နေ၏။ သူ၏ နူးညံ့သော နှုတ်ခမ်းများပေါ်တွင် ကိုက်ထားသည့် သွားရာများပင် ပေါ်လာသည်။ ပုံမှန်အားဖြင့် နူးညံ့ပျော့ပြောင်းသော သူ၏ အသံတွင် ယခုအခါ နှာခေါင်းသံများ ပါဝင်နေသောကြောင့် အအေးစက်ဆုံး နှလုံးသားကိုပင် လှုပ်ရှားစေနိုင်သည်။
ထိုစဉ်မှာပင် ကုယီလန်၏ ဖုန်းရှိ App တစ်ခုမှ ချွန်ထက်သော ‘ဘီပ့်’ အသံ နှစ်ခု ရုတ်တရက် ထွက်လာသည်—ကောင်လေး၏ နှလုံးခုန်နှုန်းက ပုံမှန်အောက်သို့ ကျဆင်းသွားပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင်။
သူက ချက်ချင်း တိတ်ဆိတ်သွားသည်။
အိမ်တော်ထိန်းက အပြစ်ရှိသလို ခံစားချက်နှင့် သနားဂရုဏာစိတ်တို့ ပေါင်းစပ်ကာ ရှေ့သို့ တက်လာပြီး စိတ်သက်သာရာရစေရန် ကြိုးစားလိုက်သည်။ “မငိုပါနဲ့၊ မငိုပါနဲ့—ဒါက ဆေးလေးပဲဟာ၊ သောက်ရုံနဲ့တော့ မသေလောက်ပါဘူး ၊ တကယ်လို့ အပြင်သွားချင်ရင် ၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်ရင် ဒါမှမဟုတ် သူငယ်ချင်းတွေကို လာလည်ခိုင်းချင်ရင်လည်း ရတယ်”
ကုယီလန်က ထပ်ပေါင်းထည့်လိုက်သည်။ “မင်း ငါနဲ့ မလက်ထပ်ဘူးဆိုရင် မင်းရဲ့ ကောကို နေ့တိုင်း တွေ့လို့ရတယ်”
စုကျီဆွေ့ သူ၏ နူးညံ့သော နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ ဤသို့ ပြောခံရပြီးနောက် ပို၍ပင် ခံစားလာရ၏။ မျက်ရည်များက ပို၍ စုဝေးလာပြီး မည်သည့်အခိုက်အတန့်တွင်မဆို လျှံကျလာတော့မည့် အခြေအနေ ဖြစ်နေသည်။
သည်းမခံနိုင်တော့သော ကုယီလန်တစ်ယောက် လက်ကိုင်ပဝါဖြင့် သူ၏ လက်ချောင်းထိပ်မှ ဆေးများကို သုတ်လိုက်ပြီး၊ ဖုန်းကို ထုတ်ကာ မျက်နှာပြင်ကို နှစ်ချက် သုံးချက် ခေါက်လိုက်ပြီးနောက် ရုတ်တရက် ပြောသည်။ “ဒီအခန်းမှာ အင်တာနက် ပြန်ရပြီ”
စုကျီဆွေ့ နှာခေါင်းကို ရှုံ့လိုက်ပြီး နီရဲနေသော နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူ ဖုန်းကို စစ်ဆေးကြည့်သောအခါ၊ မျက်နှာပြင်ထိပ်တွင် WiFi Icon လင်းလာသည်မှာ အသေအချာပင်။
ကုယီလန်က ဆိုသည်။ “ဆေးကို ကိုယ့်ဘာသာ လိမ်းလိုက်။ ပြီးရင် အခန်းထဲမှာ အွန်လိုင်း သင်ခန်းစာတွေ ကြည့်လို့ရပြီ”
စုကျီဆွေ့ မျက်ရည်ဝဲနေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ သွေးဆောင်မှု အရိပ်အယောင်တစ်ခုအား ခံစားလိုက်ရသည်။ သူက ဤဘဝသို့ ကူးပြောင်းလာပြီးနောက် မှတ်ဉာဏ်များစွာ ပျောက်ဆုံးသွားခဲ့ပြီး၊ ပြဿနာများစွာကို မည်သို့ ဖြေရှင်းရမည်ကို မေ့လျော့နေခဲ့၏။ အွန်လိုင်း သင်ခန်းစာများ မရှိပါက၊ သူ မည်သို့ လေ့လာသင်ယူရမည်ကို မသိနိုင်တော့ပေ။
သူ၏ ညိုမဲဒဏ်ရာ ရထားသော ဒူးပေါ်ရှိ ဆေးကို ဖြည်းညင်းစွာ ပွတ်လိမ်းရန် တောင့်တောင့်ကြီး စတင်လိုက်ပြီးနောက်၊ ကုယီလန်ကို မော့ကြည့်လိုက်သည်။
“ပိုပြီး ပွတ်လိမ်းလိုက်” ကုယီလန် ကုတင်ပေါ်မှ ဆေးဗူးကို ပြန်ကောက်ရန် ငုံ့လိုက်ရင်း၊ ကောင်လေးအတွက် နောက်ထပ် အနည်းငယ် ညှစ်ထုတ်ပေးလိုက်သည်။
စုကျီဆွေ့သည် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေပြီး၊ ခြေထောက်များကို ဆွဲယူကာ ဆက်လုပ်ရန် ငြင်းဆန်နေ၏။ နှာချေခြင်း၊ နှုတ်ခမ်းစူခြင်း၊ အချိန်ဆွဲခြင်းတို့ အများအပြား လုပ်ပြီးနောက်၊ နောက်ဆုံးတွင်—မချင့်မရဲဖြင့်—ဆေးလိမ်းခြင်းကို အပြီးသတ်လိုက်သည်။
အခန်းထဲမှ လူတိုင်း သက်ပြင်းချလိုက်ကြသည်။
အထူးသဖြင့် အိမ်တော်ထိန်းက ပြုံးရွှင်စွာ ချီးကျူးလိုက်သည်။ “သခင်လေးက တော်လိုက်တာနော်၊ ဆေးထည့်ပေးတာကို ဘာမှ မပြောဘူး။ ကျွန်တော့် ကလေးသာ ဒီလောက် စကားနားထောင်မယ်ဆိုရင်…”
စုကျီဆွေ့ သူ၏ နီရဲနေဆဲ မျက်လုံးများကို ပွတ်သပ်ရင်း ကုယီလန်ကို စူးစိုက်ကြည့်နေသည်။ သို့သော် အိမ်တော်ထိန်း ပြောသမျှကို သူ မကြားရသည့် ပုံပေါ်၏။
အဘယ်ကြောင့်ဆိုသော် ထိုလူက ဆေးဗူးကို စားပွဲပေါ် ပြန်တင်လိုက်ပြီး၊ ဆေးအိတ်ကို သိမ်းကာ အခန်းမှ ထွက်ခွာရန် ပြင်ဆင်နေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင်။
စုကျီဆွေ့၏ မျက်လုံးများက သူ့နောက်သို့ လိုက်ပါသွားပြီးနောက်၊ ရုတ်တရက် အကြောင်းမဲ့ ထုတ်ပြောလိုက်သည်။ “ဆု”
ကုယီလန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အိမ်တော်ထိန်းလည်း ချက်ချင်း တိတ်ဆိတ်သွား၏။
စကားနားထောင်လွယ်တယ်…? လုံးဝ *ီးမှ မဟုတ်! စကားတစ်လုံးတည်းဖြင့်ပင် သူက ဘဝဟောင်းရန်ငြိုးများနှင့် ကံကြမ္မာ၏ ဖိနှိပ်ခြင်းကို ခံရတော့မည့်အလား ခံစားလိုက်ရသည်။
ကုယီလန် လှည့်လာပြီး သူ၏ လက်ထဲမှ ဖုန်းကို လှုပ်ယမ်းပြသည်။ “ဒါက မင်းရဲ့ ဆုပဲ”
စုကျီဆွေ့ ပါးများကို ဖောင်းလိုက်ပြီး မျက်နှာပြင်ထိပ်တွင် လင်းနေသော Wi-Fi Icon ကို စိုက်ကြည့်နေသည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူက ဆိုသည်။ “အခြားဟာ တစ်ခု ပေး”
“အခြားတစ်ခုဆိုတာ မရှိဘူး” ကုယီလန်က အေးစက်စက် ပြန်ဖြေသည်။
ရွေးချယ်စရာ မရှိသောကြောင့် စုကျီဆွေ့ မေးကို ထောက်ကာ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။ “ချီးကျူးတာ”
သူ၏ အသံတွင် ကလေးတစ်ယောက်၏ အပြစ်ကင်းစင်မှု ပါနေဆဲဖြစ်ပြီး၊ သူ၏ မျက်ရည်ဝဲကာ နီရဲနေသော မျက်လုံးများနှင့် ထိုလူအား မှိတ်တုတ်မှိတ်တုတ် ကြည့်နေသောအခါ၊ လူကြီးတစ်ဦးထံမှ ချီးကျူးစကားကို မျှော်လင့်နေသော စကားနားထောင်တတ်သည့် ကလေးငယ်လေးတစ်ဦးအဖြစ် အမှန်တကယ် ပေါ်လွင်နေသည်။
ကုယီလန် : “……”
အိမ်တော်ထိန်း : “…………”
ကျေးဇူးပြုပြီး စကားပြောတာ ရပ်လိုက်ပါတော့ကွာ…
“…မင်း ဘယ်လို ဆုမျိုးကို လိုချင်တာလဲ?” ကုယီလန်က ပြန်လျှောက်လာသည်။
စုကျီဆွေ့၏ မျက်လုံးများက တောက်ပလာသည်။ သူက သူ၏ စကားများကို ဂရုတစိုက် စဉ်းစားပြီးမှ နူးညံ့သော နှုတ်ခမ်းများကို ဖွင့်လိုက်၏။
ကုယီလန်က စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
သူ သိချင်စိတ် ပြင်းပြနေသည်—အွန်လိုင်း သင်ခန်းစာများအတွက် အင်တာနက် အသုံးပြုခွင့်ထက် ဤကောင်လေးအတွက် ပိုတန်ဖိုးရှိသော ဆုက ဘယ်လိုမျိုး ဖြစ်မလဲ?
ထို့နောက် စုကျီဆွေ့ ပြောလိုက်သည့် စကားကို သူ ကြားလိုက်ရသည်။ “ကျွန်တော်….. အဖွားရဲ့ ဇာတ်လမ်းကို နားထောင်ချင်တယ်”
ကုယီလန် : “?”
စုကျီဆွေ့ အစ်ကိုကြီးနှင့် ကုယီလန်တို့နှင့် ပတ်သက်သည့်အခါမှသာ စကားနည်းနည်း ပိုများတတ်ပြီး၊ ပုံမှန်အားဖြင့် စကားသိပ်မပြောပေ။
“ကူညီပေးတဲ့ အဖွားမျိုး” သူ ရှင်းပြသည်။ လက်ဖဝါးများကို ပေါင်းပြီး နားဘေးတွင် အိပ်နေသည့် အမူအရာကို ပြသည်။ “လမ်းကူးဖို့ ကူညီပေးတဲ့… ညအိပ်ရာဝင် ပုံပြင်မျိုး”
အိမ်တော်ထိန်း လုံးဝ အံ့ဩထိတ်လန့်သွားသည် : “???”
သူ၏ မျက်လုံးများက ဖြူစင်ပြီးအပြစ်ကင်းသော ကောင်လေးနှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော သူဌေးအကြား ဟိုကြည့်သည်ကြည့် ဖြစ်နေပြီး၊ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ပါနေသည်။
ဘုရားသခင် ကယ်တော်မူပါ—ဒါက ဘယ်လို ကြောက်စရာဇာတ်လမ်းမျိုးလဲ??
ပြီးတော့ ကုယီလန်က အိပ်ရာဝင် ပုံပြင် ပြောပြပေးရမယ်တဲ့လား? ဒါ အိပ်မက်ဆိုးမဟုတ်ဘူးလား?
ကုယီလန်၏ အမူအရာက ရေခဲပမာ အေးစက်သွားသည်။ သူက အိတ်ကပ်ထဲမှ သော့တစ်ချောင်းကို ထုတ်ယူကာ ကောင်လေးဆီသို့ ပစ်ပေးလိုက်သည်။ “ဒီမှာ။ အပိုဆု။ အဝတ်လဲတဲ့အချိန် လက်ထိပ်ကို ကိုယ့်ဘာသာ ဖွင့်လိုက်။ မနက်ဖြန် မနက်ကျမှ ငါ့ကို ပြန်ပေး”
စုကျီဆွေ့ စိတ်ပျက်အားလျော့နေဟန်ဖြင့် သော့ကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည်။
ကုယီလန်တွင် လုပ်စရာများ ရှိနေသေးသဖြင့် နောက်ဆုံးတွင် လှည့်ထွက်သွားတော့သည်။
စုကျီဆွေ့ ထွက်ခွာသွားသော ပုံရိပ်အား မှိန်ဖျော့စွာ လက်ဝှေ့ယမ်းပြလိုက်သည်။
“မငိုနဲ့နော်၊ သခင်လေး” အိမ်တော်ထိန်းက သူ၏ နီရဲနေသော မျက်လုံးများကို သုတ်ရန် တစ်ရှူးအနည်းငယ် ထပ်ပေးလိုက်သည်။ “ဖုန်းလေး နည်းနည်းကြည့်လိုက်။ ဒါဆို ခဏနေ အိပ်ပျော်သွားလိမ့်မယ်”
စုကျီဆွေ့ သူ့လက်ချောင်းများကို မွှေယှက်နေပြီး၊ ဝမ်းနည်းနေသောကြောင့် မည်သည်မှ မပြောနိုင်ခဲ့။
သို့သော် ယခုတွင် သူ အင်တာနက် ပြန်ရပြီဖြစ်သောကြောင့်၊ သူ၏ မိသားစုကို ဘေးကင်းကြောင်း အသိပေးရန် လိုအပ်၏။
သူသည် WeChat အကောင့်အသစ်တစ်ခု ပြန်လည် မှတ်ပုံတင်ပြီး၊ မှတ်ဉာဏ်ပေါ် မူတည်၍ မိသားစုဝင်များ၏ ဖုန်းနံပါတ်များကို ရိုက်ထည့်ကာ သူတို့ကို ပြန်လည် ထည့်သွင်းသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် ကုယီလန်၏ နံပါတ်ကိုလည်း ရိုက်ထည့်လိုက်သည်။
[ကော : သင့်ရဲ့ သူငယ်ချင်း တောင်းဆိုမှုကို လက်ခံလိုက်ပါပြီ။ အခု စကားပြောလို့ ရပြီ]
စုကျီဆွေ့က ရိုက်လိုက်သည်: [ကော ကျွန်တော်ပါ]
[ကော : …အင်း၊ ငါ သိတယ်]
[ကော : ဘာလုပ်နေတာလဲ? ဘာလို့ မအိပ်သေးတာလဲ? ဘာလို့ WeChat အကောင့် အသစ် ရုတ်တရက်ကြီး ပြောင်းသုံးတာလဲ?]
ထိုမက်ဆေ့ချ်ကြောင့် စုကျီဆွေ့၏ နှလုံးသားထဲတွင် စတင် လှုပ်ရှားလာသော မှတ်ဉာဏ်များက ရုတ်ချည်း ပြန်လည်ဝင်ရောက်လာပြီး မုန်တိုင်းကဲ့သို့ သူ့ကို ဖုံးလွှမ်းသွား၏။
သူက အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် သူ ရုတ်တရက် စာတစ်ကြောင်းအား ရိုက်ကာ ပို့လိုက်သည်– [ကော၊ တကယ် အသက်ရှင်နေသေးတာလား?]
[ကော : ???]
[ကော : စောက်ကလေး၊ အရိုက်ခံချင်နေတာလား?]