အခန်း (၁၈) - သစ်တောစခန်း
ချူစစ်၏ ဘဝသက်တမ်းသည် ရှည်လျားစွာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။
ဂြိုဟ်ဥပဒေအရ တရားဝင် ရာဇဝတ်မှု တာဝန်ယူမှုသည် အသက် ၃၀ တွင် စတင်ပြီး တရားဝင် လူကြီးဖြစ်ခြင်းသည် အသက် ၃၅ နှစ်တွင် စတင်သည်။ ထို့ကြောင့် အသက် ၆၀ သည် ဘဝ၏အသက်အရွယ်ပြည့်နှောင်းပိုင်း ကာလဖြစ်သည်။
သူသည် လိပ်ပြာကျွန်း သို့မဟုတ် ဖေးဂျီယာမြို့ကဲ့သို့ နေရာမျိုးတွင် မွေးဖွားခဲ့ပါလျှင် သူနှင့် သက်တူရွယ်တူ ရှိသူသည် တက္ကသိုလ်မှ လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ဘွဲ့ရခဲ့ပြီး ဖြစ်နိုင်သည်။
ခြောက်နှစ်ဆိုသော အချိန်သည် ဂြိုဟ်၏ ယေဘုယျသက်တမ်းအနေဖြင့် နှစ်နှစ်ရာခန့်ရှိသည့်အနက် အတော့်ကို တိုတောင်းလှသော အချိန်ကာလတစ်ခု ဖြစ်သည်။ တက္ကသိုလ်ဘဝနှင့်အတူ သယ်ဆောင်လာသော လူငယ်စိတ်ဓာတ်များ မပျောက်ကွယ်သေးသည်မှာ ဖြစ်နိုင်ခြေရှိသည်။
ထိုဘဝနှင့် နှိုင်းယှဉ်လျှင် ချူစစ်၏ ဘဝသည် မုန်တိုင်းထန်လှပေသည်။
သူသည် ငရဲ၏မျက်လုံးဟုခေါ်သော ရှီရှီမြို့တွင် မွေးဖွားခဲ့သည်။ ထိုမြို့သည် ဂြိုဟ်၏ အင်အားစုများ ပေါ်ထွန်းခြင်းနှင့် ပျက်သုဉ်းခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဂြိုဟ်၏ စည်းလုံးခြင်းနှင့် ပြိုကွဲခြင်း၏ ဗဟိုချက်ဖြစ်ခဲ့သည်။ ကြယ်တံခွန်ရွှေ့ပြောင်းနေထိုင်မှု ထွန်းကားစဉ်က လူဦးရေဖွဲ့စည်းပုံ အရှုပ်ထွေးဆုံးမြို့ ဖြစ်ခဲ့သည့်အပြင် နောက်ပိုင်းတွင် နှစ်တစ်ရာကြာ ကြယ်တံခွန်အရှုပ်အထွေး ပေါ်ပေါက်ချိန်၌လည်း သေဆုံးသူအများဆုံး ရှိရာနေရာ ဖြစ်ခဲ့သည်။
ချူစစ် မွေးဖွားခဲ့သည့်နှစ်သည် ကြီးမားသော အရှုပ်တော်ပုံကြီးအပြီး နှစ်နှစ်ဆယ်မြောက် ဖြစ်နေခဲ့သည်။ ထိုနှစ်တွင် ကြယ်တံခွန်ရွှေ့ပြောင်းနေထိုင်မှုကို ပူးတွဲတားမြစ်ခဲ့ပြီး ယင်းတည်ထောင်ပြီးနောက် နှစ်ပေါင်း ၁၂၀ အကြာတွင် ဂြိုဟ်၏ အထွေထွေအစိုးရသည် ပြဿနာအားလုံးကို အဆုံးသတ် ရှင်းလင်းနိုင်ခဲ့ပြီး ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စေရန် လုပ်ဆောင်နိုင်ခဲ့သည်။
သို့ရာတွင်မူ အရှုပ်အထွေးများ၏ အင်အားစုများသည် လုံးဝ ပျောက်ကွယ်မသွားသေးဘဲ အခြားဂြိုဟ်အစိုးရများနှင့် ပူးပေါင်းကာ ဦးဆောင်မှု ယူကြဆဲဖြစ်သည်မှာ ကုန်ဆုံးခြင်းမရှိသော ပြိုင်ပွဲတစ်ခုကဲ့သို့ပင် ဖြစ်နေဆဲဖြစ်သည်။
သမိုင်းကြောင်းအမွေအနှစ် အဆိုးဝါးဆုံးမြို့အဖြစ် ရှီရှီမြို့တွင် မွေးကင်းစကလေးများသည် နေ့စဉ်မိဘမဲ့များ ဖြစ်လာခဲ့သည်။
ချူစစ်သည် ထိုကလေးများထဲမှ တစ်ဦးဖြစ်သည်။
ရှီရှီမြို့သည် ငရဲ၏မျက်လုံးဖြစ်ခဲ့လျှင် ထိုမြို့ရှိ မိဘမဲ့ဂေဟာသည် ၎င်း၏ မှောင်မိုက်နက်ရှိုင်းသော မျက်ဆန်ထဲသို့ ကျရောက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ချူစစ်ကို အလွန်အမင်းကံဆိုးသည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ သူသည် အသက်ရှစ်နှစ်အထိ မိဘမဲ့ဂေဟာတွင် နေထိုင်ခဲ့ပြီး ထိုအချိန်တွင် မွေးစားခံခဲ့ရသောကြောင့်ဖြစ်သည်။
သူ့အား မွေးစားခဲ့သူသည် ကျန်းချီ ဖြစ်ပြီး ထိုစဉ်က စစ်တပ်အတွင်းရှိ လက်နက်ပညာရှင်ကြီး သုံးဦးအနက် တစ်ဦးဖြစ်သည်။ ကျန်းချီသည် တစ်သက်လုံး သုတေသနပြုကာ ဇနီးမရှိ သားသမီးမရှိဘဲ တစ်ကိုယ်တည်းနေသူဖြစ်သည်။ ၅၆၆၁ ခုနှစ်တွင် သူသည် စစ်ညီလာခံတစ်ခုတက်ရန် ရှီရှီမြို့သို့ ဖြတ်သန်းရာမှ ချူစစ်နှင့် တွေ့ဆုံခဲ့ပြီး ထိုအချိန်မှစ၍ ချူစစ်သည် သူ၏သား ဖြစ်လာခဲ့သည်။
သို့သော် သုခဘုံသည် ကြာရှည်မခံခဲ့ပေ။ မွေးစားပြီး ခုနစ်နှစ်အကြာတွင် ဘာနီခံတပ် ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ထိုဖြစ်ရပ်တွင် ကျန်းချီးအပါအဝင် စစ်တပ်နှင့် အစိုးရအဖွဲ့အစည်းများမှ အရေးပါသော အဖွဲ့ဝင်များစွာ အသတ်ခံခဲ့ရသည်။
ထိုနှစ်မှာ ၅၆၆၈ ခုနှစ်ဖြစ်ပြီး အသက်ဆယ့်ငါးနှစ်အရွယ် ချူစစ်သည် သိမ်းငှက်ဖြူအနားယူရေးစခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ထိုနေရာတွင် သူသည် သူ့ကဲ့သို့ပင် ဆယ်ငါးနှစ်အရွယ် ဆာအာ့ယန်နှင့် တွေ့ဆုံခဲ့သည်။
ထိုစဉ်က ဆာအာ့ယန်တွင် နောက်ပိုင်း၌ ဖြစ်လာမည့် အရိပ်အမြွက်များကို ဝိုးတဝါး မြင်တွေ့နိုင်သော်လည်း ထိုအရွယ်တွင် သူသည် အလွန်ပုန်ကန်ထကြွသည့် ပုံစံမျိုးသာ ပေါ်လွင်နေသည်။ ဆန့်ကျင်ဘက်အားဖြင့် ချူစစ်တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အလွန်ပြင်းထန်နေခဲ့သည်။ ဥပမာ စိတ်မပါတပါဖြစ်ခြင်း၊ စကားအနည်းငယ်သာ ပြောဆိုခြင်း၊တစ်ကိုယ်တည်းနေခြင်း စသည်တို့ကြောင့် ဆာအာ့ယန်ထက်ပင် အနာဂတ်အကျဉ်းသားတစ်ဦးနှင့် ပိုတူနေခဲ့သည်။
သူတို့သည် သိမ်းငှက်ဖြူ အနားယူရေးစခန်းတွင် နှစ်ပေါင်း ၁၂ နှစ်ကြာ နေထိုင်ခဲ့ကြပြီး ထိုကာလအတွင်း သိမ်းငှက်ဖြူ လွတ်လပ်ရေး စစ်တက္ကသိုလ်ကို ပြီးဆုံးသည်အထိ တက်ခဲ့ကြသည်။ ဘွဲ့ရချိန်တွင် သူတို့၏အသက်သည် ၂၆ နှစ်သာရှိသေးပြီး လူကြီးဖြစ်ခြင်းမှ ဝေးကွာနေဆဲဖြစ်သည်။
အသက် ၂၇ နှစ်တွင် သူတို့ထဲမှ လူကိုးဦးသည် လေ့ကျင့်ရေးစခန်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။
ထိုစဉ်က လေ့ကျင့်ရေးစခန်းသည် စစ်ဌာန၏ အလံတော်အောက်တွင် ရှိနေဆဲဖြစ်ပြီး သူတို့၏ သင်္ကေတမှာ အနားယူရေးစခန်းနှင့် လွတ်လပ်ရေး စစ်တက္ကသိုလ်တို့နှင့် ဆင်တူသည့် လင်းယုန်ဖြူပင် ဖြစ်သည်။
သာမန်လူတစ်ဦးသည် စခန်းမှထွက်ခွာလိုလျှင် အနည်းဆုံး ငါးနှစ်ကြာ နေထိုင်ရပြီးမှသာ ထွက်ခွာခွင့်ရသည်။ ထို့နောက်တွင် လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းကြပြီး သူတို့ ကိုင်ဆောင်ထားသော အထောက်အထားနှင့် ထမ်းဆောင်ရမည့် တာဝန်များကိုလည်း တစ်ဦးနှင့်တစ်ဦး မသိရှိခဲ့ကြပေ။ သို့မဟုတ်ပါက လူပေါင်းများစွာ ပါဝင်သော တာဝန်အတွက် ပူးပေါင်းအဖွဲ့အဖြစ် စုစည်းထားခြင်း ခံခဲ့ရမည်ဖြစ်သည်။
ချူစစ်သည် စခန်းတွင် မှတ်တမ်းတင်နိုင်လောက်သည်အထိ တိုတောင်းသော အချိန်နှစ်နှစ်သာ နေထိုင်ကာ စခန်းမှ ထွက်ခွာသွားခဲ့သည်။
သို့သော် ဆာအာ့ယန်သည် သူ့ထက်ပင် ပိုမိုတိုတောင်းသော အချိန်ကို ယူခဲ့ပြီး တစ်နှစ်သာ နေထိုင်ခဲ့သည်။
၅၆၈၁ ခုနှစ်တွင် ချူစစ် အသက် ၂၈ နှစ်အရွယ်၌ စခန်းမှထွက်ခွာခိုက် ဆာအာ့ယန်အား “နှုတ်ဆက်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထိုစကားသည် သူတို့ကြား၌ ပေါ်ပေါက်ခဲ့သော အေးဆေးတည်ငြိမ်ပြီး စိတ်ခံစားမှုကင်းသည့် စကားပြောဆိုမှုများအနက် အလွန်ရှားပါးသော အကြိမ်တစ်ခုဖြစ်ကာ ထိုကဲ့သို့သော စကားမျိုးအား ပြောခြင်း၏ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။
နှစ်နှစ်အကြာတွင် လေ့ကျင့်ရေးစခန်းအား လုံခြုံရေးအဆောက်အအုံလက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။
နောက်ထပ် နှစ်နှစ်အကြာတွင် သူတို့သည် ဆန့်ကျင်ဘက်လမ်းကြောင်းများသို့ ကွဲထွက်သွားခဲ့ပြီး ဆာအာ့ယန်သည် ကမ္ဘာတစ်ဝန်းမှ လိုက်လံရှာဖွေခံထားရသူ ဖြစ်လာခဲ့သည်။
ထိုနောက်ပိုင်း ၁၇ နှစ်တာကာလအတွင်း ချူစစ်သည် ဆာအာ့ယန်နှင့်ပတ်သက်သော သတင်းအမျိုးမျိုးကို ထပ်မံကြားသိခဲ့ရသည်။ ၎င်းတို့မှာ သူလက်ခံရရှိခဲ့သော တာဝန်ဖိုင်များမှဖြစ်စေ အထွေထွေအစိုးရ၊ စစ်ဌာန၊ လုံခြုံရေးအဆောက်အဦးနှင့် အာကာသထောင်တို့မှ ထုတ်ပြန်ခဲ့သော ရုံးတော်စာရွက်စာတမ်းအမျိုးမျိုးမှဖြစ်စေ ကြားသိရခြင်းဖြစ်သည်။
၅၇၀၂ ခုနှစ်တွင် ချူစစ်သည် သူ့ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်း ပြင်းထန်စွာပျက်စီးမှုကြောင့် လေ့ကျင့်ရေးစခန်း၏အုပ်ချုပ်ရေးမှူး လေ့ကျင့်ရေးအရာရှိရာထူးမှ အနားယူခဲ့သည်။ ထို့နောက် သူသည် အမှတ်(၅)ရုံးသို့ အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပြီးနောက် သူ ကိုင်တွယ်ဖြေရှင်းခဲ့သော ပထမဆုံး ရုံးတော်စာရွက်စာတမ်းမှာ ဆာအာ့ယန်နှင့် ပတ်သက်သည့် အရာဖြစ်နေခဲ့သည်။
အစိုးရနှင့် ကြောင်ကကြွက်ကိုလိုက်တမ်း ဆော့ကစားခဲ့သော ထိုဥပဒေချိုးဖောက်သူသည် နောက်ဆုံးတွင် ထောင်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ပြန်လည်သုံးသပ်ကြည့်လျှင် ဘဝသက်တမ်း နှစ်ခြောက်ဆယ်အတွင်း အရေးကြီးသော အဖြစ်အပျက်တိုင်းသည် တစ်ဦးနှင့်တစ်ဦး ဆက်စပ်ယှက်နွယ်နေသကဲ့သို့ရှိပြီး သူတို့သည် ကံဆိုးမိုးမှောင်ကျနေသော ကံတရားကို မျှဝေခံစားနေရပုံပေါ်၏။
သို့သော် ယင်းတွင်ပါဝင်သော ဆက်သွယ်မှုများနှင့် ရှုပ်ထွေးမှုများကို စာတစ်ကြောင်းနှစ်ကြောင်းဖြင့် ရှင်းလင်းစွာ ရှင်းပြ၍မရနိုင်ပေ။
ချူစစ်သည် ဤအကြောင်းကို မသက်ဆိုင်သူများအား ရှင်းပြရန် ပျင်းရိသဖြင့် ဂျင်ထံသို့ ပေါ့ပေါ့တန်တန်သာ လက်ခါပြကာ ပြောလိုက်သည်။
“စကားနည်းနည်းပဲ ပြောပြီး မှီအောင်သာ လိုက်စမ်းပါ၊ ငါ မင်းကို သေအောင် ပစ်မထားပါဘူး”
ထိုသို့သော အာမခံချက်ကို ရရှိသည်နှင့် ဂျင်သည် ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး မေးခွန်းထုတ်ခြင်းကို ရပ်တန့်လိုက်ကာ ကလေးငယ်၏ ပိန်လှီသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် နောက်မှ ယဉ်ကျေးစွာ လိုက်ပါသွားသည်။
ဘာနီခံတပ်၏ တည်နေရာသည် အလွန်ဝေးကွာပြီး လူများ အခြေချနေထိုင်ရာ ဒေသများမှ ဝေးရာ ဖွံ့ဖြိုးမှုမရှိသေးသော မူလသစ်တောများဖြင့် ဝန်းရံထားသည်။
လမ်းပြမည့်သူမရှိပါလျှင် ဤကဲ့သို့သော သစ်တောအတွင်း သွားလာရန် မဖြစ်နိုင်သည့်အပြင် ခြေထောက်ဆန့်စရာ နေရာတစ်ခုပင် ရှိမည်မဟုတ်ပေ။
ထန်က လမ်းပြပေးနေသော်လည်း သူတို့အတွက် လိုက်ရန် ခက်ခဲနေဆဲဖြစ်သည်။
ဂျင် လူအမြင့်ခန့်ရှိသော အခြောက်လှန်းထားသည့် မြက်ပင်များကို တွန်းဖယ်လျက် ဟစ်အော်ကာ ဆိုသည်။
“ဒီမြက်တွေက ဆူးတွေနဲ့ ပြည့်နေတယ် ငါ့ဘယ်ဘက်လက်နဲ့ ဒါကိုဆုပ်လိုက်ရင် ဖြူကောင်ပုံစံထွက်မှာပဲ”
“ကံဆိုးတာက ဘယ်ဖြူကောင်ကမှ မင်းလိုမျိုး မဖြစ်ချင်ဘူးဟေ့”
ထန်က မြေပေါ်ရှိ သစ်ပင်အတုံးကြီးကို ခုန်ကျော်ပြီး နောက်ပြန်လှည့်ကာ သတိပေးသည်။
“ခြေလှမ်းကို သတိထားပြီးလှမ်း”
“မျက်လုံး ပြူးပြီးကြည့်နေတာတောင် ရှင်းရှင်းလင်းလင်း မမြင်ရဘူး”
ဂျင် ဒေါသထွက်စွာ ပြောသည်။
ချူစစ် ခြောက်သွေ့ကျိုးပဲ့နေသော သစ်ကိုင်းသစ်ခက်များနှင့် သစ်ရွက်သစ်ပျော့များကြားမှတစ်ဆင့် မော့ကြည့်လိုက်သည်။ ကျိုးပဲ့အပိုင်းအစ၏ တစ်ဖက်မှာ နီးနေပုံပေါ်သော်လည်း ဝေးနေသည့် ကြယ်များပြွတ်သိပ်နေသော ကောင်းကင်သည် ဖြန့်ခင်းထားလျက်ရှိသည်။
ဤမှောင်မည်းသောညကဲ့သို့ပင် ၎င်းတွင် အဆုံးမရှိပေ။
သူသည် ထန် ချန်ရစ်ခဲ့သော ခြေရာကို တိကျစွာနင်းကာ သစ်တုံးကြီးကို ကျော်သွားခဲ့သည်။ ထို့နောက် နှစ်လှမ်းသာ သွားရသေးသော်လည်း တုံးတိတိ အရာဝတ္ထုတစ်ခု မြေကြီးပေါ်ကျလာသည့် အသံကို ကြားလိုက်ရသည်။
ဂျင် “အာ့” ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ဒိုင်းခနဲကျသွားသည်။
“ရှီး...”
ထန်က ခေါင်းကို အလျင်အမြန် နောက်ပြန်လှည့်ကာ သတိပေးသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
ဂျင်၏ အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွားသည်။
“ငါက လဲကျနေတဲ့သစ်ပင်ကို ခုန်ကျော်လိုက်တာ၊ ဒါပေမယ့် ငါခြေချတဲ့နေရာမှာ ကွယ်နေတဲ့ သစ်ကိုင်း ရှိမယ်လို့ လုံးဝမထင်မိလို့ ချော်ကျသွားတယ်...”
ထန်၏ မျက်နှာတစ်ဝက်သည် အောက်ဆီဂျင်မျက်နှာဖုံးအောက်၌ ဝှက်ထားသော်လည်း သူ ပြက်ရယ်ပြုနေသည်မှာ ဆယ်ပုံတစ်ပုံ သေချာနေသည်။ သူသည် မျက်ခုံးပင့်၍ မေးလိုက်သည်။
“မင်း ဘယ်နားမှာ ထိုင်နေတာလဲ”
ဂျင်က မျက်နှာညိုးငယ်စွာဖြင့် ပြောသည်။
“မြေကြီးပေါ်က လဲနေတဲ့ သစ်ပင်တစ်ပင်ပေါ်မှာ ထိုင်နေတာ၊ ငါသေတော့မယ်ထင်တယ်”
“မဟုတ်ဘူး… အဆိုးဆုံးတော့ မင်းဖင်မှာ ဆူးစူးသွားရုံပဲရှိမှာ၊ စခန်းမှာ ဆေးရှိတယ်”
ထန်ကမူ သူ၏အသံထဲမှ ရယ်မောသံကို မဖုံးနိုင်ခဲ့ပေ။
ဂျင်က သူ့အား နှုတ်ဆိတ်စွာဖြင့်ပင် လက်ခလယ်နှစ်ချောင်း ထောင်ပြလိုက်သည်။
ကလေးငယ်လေးသည် သစ်ပင်ပင်စည်နောက်တွင် ရပ်နေဆဲဖြစ်သည်။ သူမသည် ခြေထောက်ကို မြှောက်လိုက်ပြီး စဉ်းစားကာ တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။ သူမ၏ ခြေထောက်တိုတိုလေးများဖြင့် ဖြတ်ကျော်နိုင်မည် မဟုတ်ဟု ထင်နေသည်မှာ သေချာလှသည်။ အကယ်၍ သူမသာ သစ်ပင်,ပင်စည်ပေါ်တွင် မတော်တဆချော်ကျခဲ့လျှင် သူမ၏ ချစ်လှစွာသော ဖခင်ကဲ့သို့ပင် ဝေဒနာကို ခံစားရမည်ဖြစ်ကြောင်း သတိပြုမိ၏။
“မင်းက တကယ်ပဲ ပါရမီရှင်တစ်ယောက်ပဲ”
ချူစစ်က အေးစက်စွာပြောကာ ခြေလက်များ တောင့်တင်းနေသော ဂျင်ကို သစ်ပင်ပင်စည်ကျော်ရန် မြှောက်တင်ပေးလိုက်ပြီး ကလေးငယ်လေးကိုလည်း ကောက်ယူလိုက်သည်။
“အိုကေ… ဆက်သွားကြရအောင်”
“မင်းက ကလေးတွေကိုဆိုရင် ငါ့ကို ဆက်ဆံတာထက် ပိုပြီး နူးညံ့တယ်ဆိုတာ ငါသတိထားမိတယ်”
ဂျင်က နှုတ်ခမ်းစူပြီး သူတို့နောက်မှ တရွေ့ရွေ့လိုက်လျက် ပြောသည်။
ချူစစ် စကားမပြောပေ။ သို့သော် သူ့ရှေ့မှ ထန်က ရယ်မောပြီး ပေါ့ပါးစွာ ဖြေကြားလိုက်သည်။
“မင်း လေ့ကျင့်ရေးစခန်းကို မရောက်ဖူးသေးတာကို ကျေးဇူးတင်သင့်တယ်… မင်းကို ငါတို့အုပ်ချုပ်ရေးမှူးက ငါးနှစ်လောက် လေ့ကျင့်ပေးထားရင် မင်းသူ့ကိုမြင်တိုင်း ခြေထောက်တွေ ပျော့ဖတ်သွားလိမ့်မယ်၊ ဒါပေမယ့် သူက ကလေးတွေနဲ့ဆိုရင်တော့ သည်းခံတတ်တယ်၊ အထူးသဖြင့် ဆိုးဆိုးရွားရွား စောင့်ရှောက်ခံထားရတဲ့ ကလေးတွေနဲ့ဆို ပိုပြီးတောင် သည်းခံသေးတယ်”
ဂျင် : “...”
သူတို့ ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် အလင်းရောင်အနည်းငယ်ကို မြင်တွေ့ခဲ့ကြသည်။
၎င်းသည် တပ်ဆင်ထားသော အဆောက်အအုံ အိမ်တစ်လုံးဖြစ်သည်။ ပြတင်းပေါက်များမှ ထွက်လာသော အလင်းရောင်ဖြင့် ခန့်မှန်းကြည့်ရလျှင် အခန်းခုနစ်ခုခန့်ရှိပြီး စက်ဝိုင်းပုံစံဖြင့် စီစဉ်ထားကာ အလယ်တွင် မှောင်နေသော ကွင်းပြင်တစ်ခုအား ဝန်းရံထားသည်။
စက်ဝိုင်း၏ ဖွင့်ထားသောအပိုင်းသည် ကွင်းပြင်၏ တံခါးဖြစ်လာသည်။
ထိုသို့သော စခန်းသည်... အနည်းငယ် ရိုးရှင်းလွန်းသည်ဟု ထင်ရသည်။
သူတို့ စခန်းသို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်အနည်းငယ်ကို တွန်းဖွင့်လိုက်ကြပြီး ခေါင်းများစွာ ထိုးထွက်လာကာ အော်ကြသည်။
“ထန်! မင်း ယင်မျက်လုံးရှာပြီးပြီလား— ခဏစောင့်ဦး! မင်းလူတွေကို ဘာလို့ ခေါ်လာတာလဲ?!”
“မင်းဘယ်ကနေ သူတို့ကိုရှာတွေ့တာလဲ?”
“မြေကြီးထဲက တူးထုတ်လိုက်တာလား?”
ဒေါသတကြီးမေးလာသော မေးခွန်းများသည် လုံးဝ ပျော်ရွှင်ဖွယ်မရှိသော်လည်း မည်သည့်အကြောင်းကြောင့် မသိရဘဲ သူတို့ကို ရုတ်တရက် စိတ်သက်သာရာရစေခဲ့သည်။
အအေးထန်းတောင့်အတွင်းမှ ထွက်လာပြီးနောက် ချူစစ် ပထမဆုံးအကြိမ် သတိမူမိသည်မှာ သူတို့သည် အမှန်ပင် အသက်ရှင်လျက် ကျန်းမာနေပြီး နောက်ထပ် အချိန်အနည်းငယ် ကြာလာပါလျှင်မူ ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မည်ဖြစ်သည်။
“ဒီယင်မျက်လုံးတွေအကြောင်းကို နောက်မှပြောတော့မယ်… ငါဘယ်သူ့ကို တွေ့လာတယ်ဆိုတာ မင်းတို့ သိချင်မှာမဟုတ်ဘူး”
ထန်က သူတို့အား ပြောသည်။
“အဖေလို့ခေါ်ဖို့ တန်းစီပြီး အသင့်ဖြစ်အောင်နေကြပါ”
လူအားလုံး : “...”
ချူစစ် : “...”
သူတို့သုံးဦး စခန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ချူစစ် ထိုအခန်းများအတွင်းရှိ ဆက်သွယ်ရေးကိရိယာများမှတစ်ဆင့် “ဒင်းး” ဆိုသည့် မက်ဆေ့ချ်ရောက်ရှိသည့် အသံများ တစ်ခုပြီးတစ်ခုကို ကြားလိုက်ရသည်။
တစ်စုံတစ်ဦးက အော်လိုက်သည် ။
“ဘုရားရေ၊ မင်းအကွာအဝေးကို နည်းနည်းလေး ပိုချဲ့လို့မရဘူးလား?! ငါတို့ရဲ့ ဆက်သွယ်ရေးစနစ်က သတိတောင်မပေးရသေးခင် လူတွေက စခန်းထဲကို ဝင်နေပြီဟ၊ ဘာအကာအကွယ်မှမရှိတဲ့ ညံ့ဖျင်းတဲ့စနစ်ပါကွာ!”
“ဆက်သွယ်ရေးကိရိယာ” ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ချူစစ် မသိစိတ်အရ အောက်သို့ ငေးကြည့်လိုက်ပြီး သူ၏ ဆက်သွယ်ရေးကိရိယာကို ထုတ်ယူကာ လက်ချောင်းဖြင့် ခေတ္တမျှကြာအောင် နှိပ်လိုက်သည်။ စာတိုမက်ဆေ့ဂျ်စာမျက်နှာသို့ ဝင်လိုက်သည့်အခါ သူ မတော်တဆ ဆာအာ့ယန်ထံ ပို့မိခဲ့သော မက်ဆေ့ဂျ်သည် ထိပ်ဆုံးတွင် တိတ်တဆိတ် ကျန်ရစ်နေဆဲဖြစ်ပြီး ပြန်ကြားချက် အနည်းငယ်မျှ မရရှိခဲ့ပေ။
ချူစစ်- “...”
ကောင်းပြီ… ဤမျှကြာရှည်စွာ တုံ့ပြန်မှုမရှိဘဲနေခြင်းအရ ထောင်ပြေးမစ္စတာယန်သည် ဒေါသထွက်နေခြင်းပင် ဖြစ်မည်။
loopမှ မှတ်ချက်- ဇာတ်လမ်းထဲက အသက်အရွယ်အားလုံးကို ၂ နဲ့စားပြီး ကိုယ်တို့ခေတ်ရဲ့ အသက်အရွယ်ကိုတွက်ယူဖို့ မမေ့ပါနဲ့