Chapter 13
Viewers 351

အခန်း (၁၃) - လျှို့ဝှက်ကိန်းဂဏန်းများ

 

စကားထစ်နေသည့် စနစ်ကြီးသည် အလွန်သတ္တိရှိသော်လည်း ပျော့ညံ့လွန်းသည်။ ခြိမ်းခြောက်မှုအနည်းငယ်ကြားရုံဖြင့် ချက်ချင်းပင် လိုက်လျောလိုက်သည်။

 

ထိန်းချုပ်ပြား၏ ဖန်သားပြင်ကြီးအား ငါးပိုင်းခွဲထားပြီး တစ်ပိုင်းစီတွင် မတူညီသော နေရာများကို ပြသနေသည်။ ပုံတစ်ပုံချင်းမှ အစားအစာများကို စနစ်က အမှတ်အသားပြုထားပြီး ထင်ရှားသည့် အနီရောင်ဘောင်များဖြင့် ဝန်းရံထားကာ မှတ်စုအနည်းငယ်ပင် ရေးထားသည်။

 

"အကြွင်းအကျန်တွေ အတော်များနေသလိုပဲ" 

 

ချူစစ်သည် ဖန်သားပြင်ထံ ချဉ်းကပ်ပြီး သူ့လက်ချောင်းများနှင့် ပွတ်သပ်ကာ ပြောလိုက်သည်။ 

 

"ဒီပုံတွေက ဘယ်နေရာတွေကို ပြနေတာလဲ..."

 

ပထမပုံတွင် ခုတင်တစ်လုံး၊ ဘေးနံရံတွင် တပ်ဆင်ထားသော အဝတ်ဗီရို၊ ခေါက်နိုင်သော စားပွဲနှင့် စားပွဲဘေးရှိ ရေခဲသေတ္တာတို့ ပါဝင်သည်။ ကြီးမားသော အနီရောင်ဘောင်တစ်ခုက ရေခဲသေတ္တာတစ်ခုလုံးကို တိုက်ရိုက်ဝိုင်းထားသည်။

 

ဘေးရှိ မှတ်စုတွင် ဤသို့ရေးထား၏။

 

ပစ္စည်းအရေအတွက် : ၁၇ (ခန့်မှန်း)

 

ရှာဖွေတွေ့ရှိနိုင်သော ပရိုတင်း : ၃၁၂ဂရမ် (ခန့်မှန်း)

 

ရှာဖွေတွေ့ရှိနိုင်သော ကယ်လိုရီ

 

 

"ဒါက အကျဉ်းထောင်စောင့်ရဲ့ အခန်းဖြစ်မယ်ထင်လား"

 

ချူစစ် မှတ်စုများအား လျင်မြန်စွာ ကြည့်၍ ဝေဖန်လိုက်သည်။ 

 

"အားလုံးက အဓိပ္ပာယ်မရှိဘူး… အဲဒီအရေးမကြီးတဲ့အရာတွေကို တိုင်းတာဖို့ အချိန်ရှိတယ်ဆိုရင် အခန်းနံပါတ်ကို အမှတ်အသားပြပြီး အကျိုးရှိတဲ့ တစ်ခုခုလုပ်လိုက်လေကွာ"

 

သူ ပြောနေစဥ်တွင်ပင် စကားထစ်လေး၏ 'ဦးနှောက်'ကို လေးနက်စွာဖြင့် နှစ်ချက်ခေါက်လိုက်သည်။

 

စကားထစ်နေသည့် စနစ်သည် ပြန်မပြောတော့ပေ။ ဖန်သားပြင်တစ်ခုလုံးက စက္ကန့်နှစ်ဆယ်ခန့် တိတ်ဆိတ်ကာ ရပ်တန့်သွားပြီး ရုတ်တရက် စာကြောင်းတစ်ကြောင်း ပေါ်လာသည်။ သို့သော် စာများသည် ပေါ်လာပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားကာ ဖန်သားပြင်တစ်ခုလုံး ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားသည်။

 

တစ်ခုတည်းသော ကွာခြားချက်သည် ဖန်သားပြင်ပေါ်ရှိ မှတ်စုများကို အုပ်ချုပ်ရေးမှူးချူစစ်၏ တောင်းဆိုချက်အတိုင်း အခန်းနံပါတ်များ၊ တိကျသည့်တည်နေရာများနှင့် အစားထိုးလိုက်ခြင်းပင်။

 

ဆာအာ့ယန် မထိန်းချုပ်နိုင်တော့ဘဲ ရယ်လိုက်သည်။

 

ချူစစ် မေးလိုက်သည်။ 

 

"ခုနကဖြတ်ပြီးပေါ်လာတဲ့ စာတွေကို မင်းမြင်လား"

 

"ငါရှင်းရှင်းလင်းလင်းမြင်လိုက်တယ် စာကြောင်းတစ်ကြောင်းရှိနေသလိုပဲ...နွားကို စန္ဒယားတီးပြတာဆိုတဲ့ စာကြောင်း" 

 

ဆာအာ့ယန်က သူ့နှုတ်ခမ်းထောင့်တွင် ပြုံးရိပ်ဖြင့် ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။ ချူစစ်စော်ကားခံရသည်ကို သူမြင်ရသောကြောင့် သိသိသာသာ ကျေနပ်နေပုံရသည်။

 

ချူစစ် : "..." 

 

‘ဒီစကားထစ်ကောင် သိပ်ရဲတင်းလွန်းသွားပြီ’

 

သူ့မျက်နှာ၏ မည်သည့်အပိုင်းက ဆာအာ့ယန်အား မှားယွင်းစွာပြမိသွားသည်မသိ အခြားတစ်ဖက်မှ ဆာအာ့ယန်သည် ရုတ်တရက် ခေါင်းလှည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။ 

 

"ဘာလဲ? မှန်ဘီလူးလောက်ကောင်းတဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ ငါတို့ အုပ်ချုပ်ရေးမှူးချူစစ်က ရှင်းရှင်းလင်းလင်း မမြင်ရဘူးလား?"

 

ချူစစ် နှုတ်ခမ်းကို စုပြီး အေးစက်စွာဖြင့် ပြန်ဖြေလိုက်သည်။

 

"ငါ့မျက်လုံးက အရင်က ဒဏ်ရာရဖူးတယ်၊ ဒါပေမယ့် မီတာတစ်ရာအကွာက အရာဝတ္ထုကို ပစ်ဖို့ ချိန်ဆတဲ့အခါ ပြဿနာမရှိဘူး၊ အကျဉ်းသားကြီး… မင်းကိုယ်ကိုယ်ကိုယ်ပဲ ဂရုစိုက်စမ်းပါ၊ ဒီအချက်ကို အခွင့်ကောင်းယူဖို့ မကြိုးစားနဲ့"

 

ဆာအာ့ယန် : "..."

 

"မင်း ဒီစကားထစ်နေတဲ့စနစ်ကို ခွဲထုတ်ပြီး ပြန်ပြင်နိုင်လား၊ သူရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ပျောက်အောင်လုပ်နိုင်မယ် ဆိုရင် နောက်တစ်ခါ မင်း ဒုက္ခရှာတဲ့အခါကျ ငါ မျက်ကွယ်ပြုနိုင်လောက်တယ်"

 

ချူစစ် ဖန်သားပြင်ပေါ်မှ အစားအစာများ၏ တည်နေရာအား မှတ်သားလျက် ထိုစကားကို ထည့်ပြောလိုက်သည်။

 

ဒင်—

 

"သတိပေးချက်၊ ကျေးဇူးပြု၍ ဤကဲ့သို့သော အသေးအဖွဲ့ကိစ္စများကို မြင့်မြတ်သော စောင့်ကြည့်ရေးစင်တာတွင် မဆွေးနွေးပါနှင့်၊ သတိပေးချက်၊ စွမ်းအင်ချွေတာရန် ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို သုံးစက္ကန့်အကြာတွင် ပိတ်သွားမည်၊ နောက်ပြန်ရေတွက်ခြင်း ၃—၂—၁—"

 

"မင်းပိတ်ရဲရင် မင်းဦးနှောက်ကို ငါဖျက်ဆီးပစ်မယ်" 

 

ချူစစ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

 

ဒင်—

 

"၀.၉၉— ၀.၉၈— ၀.၉၇—"

 

ဆာအာ့ယန် : "မင်း နည်းနည်းလောက် သတ္တိပိုရှိအောင် ကြိုးစားကြည့်ပါလား"

 

"အကျဉ်းစောင့်တာဝန်ကျအခန်း အမှတ် ၂၊ ၃ နဲ့ ၇၊ ပြီးတော့ ထမင်းစားခန်းထဲက ဘားတန်းအောက်၊ နောက်ပြီး... စောင့်ကြည့်ရေးစင်တာရဲ့ ပြုပြင်ထိန်းသိမ်းရေးဗီရိုလား?"

 

ချူစစ်သည် နောက်ဆုံးတည်နေရာကိုဖတ်ပြီး တိုက်ရိုက်လှည့်ကာ သူ့နောက်မှ မဝေးလှသော ပြုပြင်ထိန်းသိမ်းရေးဗီရိုထံသို့ သွားလိုက်သည်။

 

သတ္ထုလျှပ်စစ်ဗီရိုတန်းသည် ချူစစ်၏ ဗီလာအတွင်းရှိ မြေအောက်သိုလှောင်ခန်းအတွင်းမှ သတ္ထုလျှပ်စစ်ဗီရိုနှင့် အတော်လေး ဆင်တူသည်။

 

 

တစ်ခုတည်းသော ကွာခြားချက်မှာ ဗီလာသည် ချူစစ်၏ ပိုင်ဆိုင်မှုဖြစ်သောကြောင့် သူသည် ၎င်းကို စိတ်ကြိုက်ဖွင့်နိုင်သည်။ သို့သော် ဤဗီရိုသည်... သော့ခတ်ထားသည်။

 

"၀.၇၂ – ၀.၇ – ၇ – ၇ –"

 

"၇ ဆက်မရေတော့နဲ့၊ ဒီဗီရိုတန်းကို သော့ဖွင့်လိုက်" 

 

ချူစစ် ဒုတိယအဆင့် C ဗီရိုကို တဖြောက်ဖြောက်ခေါက်ကာ စကားထစ်စနစ်ကို တိုက်တွန်းလိုက်သည်။

 

SkyEye သည် ဒုက္ခရောက်နေပြီး ကျိုးပဲ့နေခြင်းကိုမေ့ကာ ချက်ချင်းပင် သူ့ညွှန်ကြားချက်ကို လိုက်နာသည်။ 

 

ဒင်းခနဲမြည်သံနှင့်အတူ အနံ၅ပေ အလျား ၁၂ပေရှိ​သော ဗီရိုတန်းတစ်ခုလုံး၏ တံခါးများ ပွင့်ထွက်လာသည်။

 

ချူစစ် ရယ်ရမည်လော ငိုရမည်လော မသိတော့ပေ။ သူ လက်ဆန့်လိုက်ပြီး ဖန်သားပြင်ပေါ်တွင် အမှတ်အသားပြုထားသည့် ဗီရိုအတွင်းသို့ ရှာဖွေလိုက်သောအခါ ဆေးပြားနှင့်တူသည့် အပြားနှစ်ချပ်ကို တွေ့လိုက်ရသည်။

 

သူ ချက်ချင်းပင် ရွံရှာစက်ဆုပ်သွားပြီး အပြားနှစ်ချပ်၏ ထောင့်များကို သူ့လက်ချောင်းဖြင့် နှစ်ချက် ပုတ်လိုက်သည်။ 

 

"အာဟာရပြင်းထန်တဲ့ ဆေးပြားတွေ၊ ရယ်ရမလား ငိုရမလား မသိတော့ဘူး"

 

အပြားတစ်ချပ်တွင် ဆေးပြား ၁၂ လုံး ပါရှိပြီး အပြားတစ်ပြားစီသည် သာမန်လူတစ်ယောက်အတွက် သုံးရက်စာလိုအပ်သော ရေနှင့် အခြေခံအာဟာရဓာတ်ကို ပေးစွမ်းနိုင်သည်။ ၎င်းသည် အာကာသခရီးသွားရာ၌ မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ပြီး တစ်ခုတည်းသော အားနည်းချက်သည် မျိုချရခက်ပြီး ဘေးထွက်ဆိုးကျိုးအချို့ ရှိခြင်းပင်။

 

အာဟာရဆေးပြားသောက်ပြီးသည့်နောက် ရှားရှားပါးပါးဖြစ်နိုင်ခြေအနေနှင့် လူတစ်ဦးသည် ၈ နာရီအတွင်း ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်းတို့ ခံစားရနိုင်ပြီး ၈ နာရီ ကျော်လွန်ပြီးနောက် တဖြည်းဖြည်း သက်သာလာနိုင်သည်။

 

တခြားသူများ မည်သို့ဖြစ်မည်ကို မသိသော်လည်း ချူစစ် ဤဆေးပြား၏ အရသာကို ငြီးငွေ့နေပြီ ဖြစ်သည်။

 

အဘယ်ကြောင့်ဆိုသော် သူသည် တစ်ချိန်က သူ့အသက်ရှင်သန်ရေးအတွက် လစဉ် ၈ လ နီးပါးကြာသည်အထိ ဤဆေးပြားကိုသာ အားကိုးခဲ့ရပြီး အမှန်ပင် နှာခေါင်းကိုညှစ်ပြီး သွေးမျိုချရသကဲ့သို့ ခံစားခဲ့ရသောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ အာဟာရဆေးပြားဗူးတစ်ဗူးကိုမြင်တိုင်း ဆေးပြား၏ခါးသက်သက်အရသာနှင့် ရောနှောနေသည့် သွေးနံ့ကို သူ့နှာခေါင်းထဲတွင် ပြန်လည်ရှူရှိုက်မိတတ်သည်။

 

ကလက်ကလက်မြည်သံနှင့်အတူ သူသည် သူ့လက်ထဲမှ အာဟာရပြားနှစ်ချပ်ကို လှုပ်ပြီး SkyEye စနစ်ကို ပြောလိုက်သည်။

 

"အရောင်၊ အနံ့၊ အရသာ ဘာမှမရှိတဲ့ ဒီဟာကို မင်းက အစားအစာလို့ခေါ်တာလား?"

 

ဒင်—

 

"တောင်းပန်ပါတယ်၊ အကြိမ်ကြိမ် စကင်ဖတ်ပြီးနောက်—"

 

စကားထစ်လေးက မပြောရသေးခင်မှာပင် ချူစစ်သည် အာဟာရဆေးပြားများကို သူ့ဘောင်းဘီအိတ်ထဲသို့ ထည့်ပြီးသွားခဲ့ပြီ ဖြစ်သည်။

 

စကားထစ်လေး : "..." 

 

‘မကြိုက်ရင် မယူနဲ့လေ’

 

ဆာအာ့ယန် : "ချစ်ရတဲ့ အုပ်ချုပ်ရေးမှူးကြီး… မင်းက တကယ်ကို မရှက်တတ်ဘူးနော်"

 

ဒင်—

 

"မှန်တယ်— မှန်တယ်— မှန်တယ်— မှန်တယ်—"

 

ချူစစ်က ပခုံးတွန့်လိုက်သည် ။

 

"ချီးကျူးလို့ ကျေးဇူးပဲ"

 

"မျှဝေရမယ့်စည်းကမ်းအရ အုပ်ချုပ်ရေးမှုး ချူစစ်က ကျွန်တော့်ကို ရှာတွေ့တဲ့အထဲကနေ တစ်စိတ်တစ်ပိုင်း မျှဝေပေးသင့်တယ်မလား" 

 

ဆာအာ့ယန် ပြုံးပြီးပြောလိုက်သည်။

 

ချူစစ် လှည့်ပြီး တံခါးထံသို့ ဦးတည်ထွက်ခွာသွားသည်။

 

"တောင်းပန်ပါတယ်၊ ငါကတော့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မရင်းနှီးဘူး"

 

နောက်ပင်လှည့်မကြည့်ဘဲ သူသည် စကားထစ်စနစ်ကို ညွှန်ကြားလိုက်သည်။ 

 

"အကျဉ်းထောင်စောင့်အခန်းတွေက သော့ခတ်ထားတုန်းပဲ၊ ငါအခုအဲဒီကိုသွားမယ်၊ သော့ဖွင့်ပေးပါ"

 

စကားထစ်စနစ်သည် စက္ကန့်နှစ်ဆယ် တိတ်ဆိတ်နေပြီးနောက် ဆာအာ့ယန် စောစောကမှ ​ပြောခဲ့သည့် စကားကို အသံသွင်းထုတ်လွှင့်လိုက်သည်။ 

 

"မင်းက တကယ်ကို မရှက်တတ်ဘူးနော်"

 

စနစ်သည် ထိုစာကြောင်းအား သုံးကြိမ်အထိ ထုတ်လွှင့်လိုက်သည်။

 

ချူစစ် : "..."

 

ဆာအာ့ယန် : "..."

 

အာကာသထောင်အတွင်းသို့ ဝင်ရောက်စဥ်ကပင် လူတိုင်း၏ သွေးပေါင်ချိန်သည် မြင့်တက်လာနေသည်။

 

ချူစစ် တံခါးကိုဖွင့်ပြီး...ထောင့်နားရှိ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူနှင့် ကလေးကို ခေါ်ရန် မစဉ်းစားရသေးမီပင် နောက်မှ လူတစ်ယောက် သူ့အနားကပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဆာအာ့ယန်သည် အသံကိုနှိမ့်ချပြီး အရည်အချင်းပြည့်မှီသော သူခိုးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

 

"အုပ်ချုပ်ရေးမှူးကြီးက မမျှမတနဲ့ မတရားတော့ ငါမတောင်းဘဲ ယူလိုက်တော့မယ်"

 

စကားဆုံးသည်နှင့် ချူစစ် မျက်နှာချင်းဆိုင်သို့ ကြည့်လိုက်မိသည်။ ဆာအာ့ယန်၏ ရှည်လျားပြီး ပိန်လှီသော လက်ချောင်းများသည် သူ့ဘောင်းဘီအိတ်အတွင်းသို့ ​ရောက်လာပြီး အာဟာရဆေးပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။

 

သူသည် အာဟာရ​ဆေးပြား ၁၂ လုံး ပါသည့် အပြားကို လက်ချောင်းနှစ်ချောင်းကြား ညှပ်ကာ ကတ်ပြားကဲ့သို့ပင် ချူစစ်၏ မျက်လုံးရှေ့၌ လှုပ်ရမ်းပြသည်။

 

 

ချူစစ် : "..."

 

သူ့မျက်လုံးရှေ့ရှိ အပြားသည် လက်ချောင်းနှစ်ချောင်း၏ လှုပ်ရှားမှုတစ်ခုဖြင့်ပင် ပျောက်ကွယ်သွားသည်မှာ မျက်လှည့်ပြကွက်နှင့် သိပ်မကွာလှပေ။

 

ချူစစ်သည် သူ့ထံမှ ပြန်လုယူရန် မျှော်လင့်ချက်မရှိသောကြောင့် လက်တစ်ချောင်းပင် မမြှောက်ပဲ အေးဆေးတည်ငြိမ်စွာ မှတ်ချက်ပေးလိုက်သည်။ 

 

"မင်းရဲ့ဖျော်ဖြေရေးကျွမ်းကျင်မှုက အတော်လေးပိုင်နိုင်နေပြီပဲ"

 

ဆာအာ့ယန် : "ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်"

 

ချူစစ် ယဉ်ကျေးစွာပြောလိုက်သည်။ "ဖျော်ဖြေမှုပြီးသွားရင်လည်း ကျေးဇူးပြုပြီး ထွက်သွားပါ၊ ဒီမှာ လက်လာ ပြမနေနဲ့"

 

တံခါးဖွင့်သည်နှင့် ခေါင်းထောင်လာသည့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် တစ္ဆေတွေ့လိုက်သကဲ့သို့ ဖြစ်နေသည်။

 

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

 

ချူစစ်၏ အကြည့်တစ်ချက်ကြောင့် သူ၏ ထူးဆန်းသည့် အတွေးအားလုံးကို ချက်ချင်းပျောက်ကွယ်သွားစေသည်။ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက တိတ်တဆိတ် တံ​တွေးမျိုချပြီး ပြောလိုက်သည်။

 

"ဘာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်… ငါမမေးတော့ဘူး"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သူ့ပါးစပ်ကို ပိတ်လိုက်ပြီး တိတ်တဆိတ်ပင် ကလေးကို ခေါ်ကာ လမ်းတစ်လျှောက်ရှိ လှောင်အိမ်အတွင်းမှ ဝံပုလွေများအား ရှောင်ရှားလျက် ထိုနှစ်ယောက်၏နောက်သို့ လိုက်သွားသည်။

 

သို့သော် သူသည် ဤလူများ၏ မျက်လုံးများသည် သူ့အား အရှင်လတ်လတ် မျိုချနိုင်သည်ဟု ခံစားရသေးသည်။ ၎င်းတို့သည် ဆာအာ့ယန်၏ စောင့်ကြည့်မှုထက်ပင် ပို၍ ရှင်းလင်းပြတ်သားနေသည်။

 

မကြာခင်မှာပင် သူတို့သည် အကျဉ်းထောင်စောင့်အခန်းများရှိရာ လှိုဏ်ခေါင်းသို့ ပြန်ရောက်လာကြသည်။ သော့ခတ်ထားခဲ့သည့် တံခါးရှစ်ချပ်စလုံး အလိုအလျောက်ပွင့်သွားသည်ကို တွေ့ရပြီး အတွင်းဘက်တွင် နူးညံ့သည့် အဖြူရောင်အလင်းများ လင်းထိန်နေသည်။

 

"နံပါတ်နှစ်၊ နံပါတ်သုံး၊ နံပါတ်ခုနှစ်" 

 

ချူစစ်သည် ပေါ့ပေါ့ပါးပါးပင် အလုပ်ခွဲဝေပေးပြီး သူတို့တစ်ယောက်ချင်းစီသည် မတူညီသော အခန်းများသို့ ခွဲသွားကြသည်။

 

"ဒါက ငါနိုးနိုးကြားကြားရှိနေတဲ့ သုံးနှစ်အတွင်းမှာ ပျော်စရာ အကောင်းဆုံးနေ့ပဲ!" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူသည် အခန်းနံပါတ်နှစ်၏ ရေခဲသေတ္တာထဲရှိ အရာအားလုံးကို ထုတ်ယူပြီး ချူစစ်နှင့်ဆာအာ့ယန် တွေ့ခဲ့သည့်အရာများနှင့် စုပုံထားလိုက်သည်။ 

 

"ဘာတွေရှိလဲ ကြည့်ရအောင်! အသားညှပ်ပေါင်မုန့်တွေ၊ စည်သွတ်ဘူးတွေ၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတွေ၊ ပြီးတော့... အာ၊ ရေတွက်လို့မကုန်နိုင်ဘူး! ငါကတော့ ဒီလိုလတ်ဆတ်တဲ့အရာကို ပထမဆုံးအကြိမ် ပြန်မြင်ရတာပဲ၊ အာဟာရပြားတွေကတော့ ငရဲကိုသွားလိုက်တော့"

 

ချူစစ်သည် မျက်ခုံးမပြီး ပြောလိုက်သည်။ "မင်းကိုယ်တိုင်က ဒီလိုပြောပြီဆိုမှတော့ အာဟာရဆေးပြားဗူးတွေကို မင်းနဲ့ မျှမပေးတော့ဘူး"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ခေတ္တမျှ ရပ်တန့်သွားပြီး ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ 

 

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး… ငါမပြောခဲ့ဘူးလို့ပဲ မှတ်လိုက်နော် ၊ ကျေးဇူးပြုပြီး ငါ့ကိုမျှပေးပါ!"

 

သူစကားပြောနေစဥ်ပင် သူ့နောက်ရှိ ခါးအမြင့်လောက်ရှိသည့် ကလေးငယ်လေးကို ခေါ်လာပြီး မည်းနက်နေသည့် မျက်နှာသေးသေးလေးကို ချူစစ်ထံ မြှောက်ပြလိုက်သည်။ 

 

"ကြည့်ပါဦး… ငါတို့မှာ တောင်းဆိုနေတဲ့ ပါးစပ်နှစ်​​ပေါက်​ရှိတယ်"

 

ချူစစ် : "..."

 

"ဒီကလေးက ဘယ်သူတုံး?" 

 

သူသည် မျက်နှာစိမ်းသက်သက်ဖြင့်  ပြောလိုက်သည်။

 

"အစကနေအဆုံး မင်းတစ်ယောက်တည်း ညည်းညူနေတာ၊ သူ့ဆီက စကားတစ်ခွန်းမှ ငါမကြားရဘူး"

 

ဆံပင်များဖြင့် ဖုံးနေသည့်မျက်နှာနှင့် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ကလေး၏ လက်ကောက်ဝတ်ကို ကိုင်ပြီး ချူစစ်ကို ပြုံးလျက် မိတ်ဆက်ပေး၏။

 

"ငါမိတ်ဆက်ပေးပါရစေ… ဒါက ငါ့ရဲ့ မင်းသမီးလေးပါ"

 

ညစ်ပတ်နေသောသတ္တဝါပုံစံဖြင့် လူနှစ်ယောက်နှင့် ဤကဲ့သို့ မိတ်ဆက်မှုမျိုးသည်ကား အမှန်ပင် ကြည့်ရဆိုးနေသည်။ ချူစစ် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူကို ပြောလိုက်သည်။

 

"မင်းသာ ဒီလိုမင်းသမီးမျိုးကို ခေတ်ဦးကာလတုန်းက မွေးခဲ့ရင် ချက်ချင်းကွပ်မျက်ခံရမှာပဲ"

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "..."

 

"ဒါဆို သူက... မိန်းကလေးလား? မင်းသမီးလား?" 

 

ချူစစ် ခံစားမိသည်မှာ ဤကလေးငယ်သည် မျက်စိကန်းနေခြင်း ဖြစ်သည်။ သူသည် ဤစိတ်မချရသည့် ဖခင်နောက်သို့ လိုက်နေသေးသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ခေါင်းကို ခါပြီးနောက် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ 

 

"အင်း"

 

ချူစစ်သည် သူ့ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

 

"သွေးသားတော့ မတော်စပ်ဘူး… ဒါပေမယ့် သူမက ငါ့သမီးပဲ" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ကလေးကြားမည်ကို စိုးရိမ်နေသကဲ့သို့ပင် ကလေး၏နားကို အုပ်လိုက်သည်...​သို့သော် ကလေးသည် စကားတစ်ခွန်းမှမပြောဘဲ ချက်ချင်းပင် ဖယ်ချလိုက်သည်။

 

"သူက ဘာလို့စကားမပြောတာလဲ? မသင်ရသေးဘူးလား?" 

 

ချူစစ်က မေးလိုက်သည်။

 

 

ကြမ်းသုတ်ဝတ်ဆံပင်ရှိလူသည် သူ့လည်ချောင်းကို ညွှန်ပြပြီး တိုးညှင်းစွာ ပြောသည်။

 

"လည်ချောင်းဒဏ်ရာရထားတယ်၊ ခဏတော့ စကားမပြောနိုင်ဘူး၊ ပျောက်တော့ ပျောက်နိုင်တယ်၊ နွေဦးအစောပိုင်းမှာ ဆရာဝန်နဲ့ ချိန်းထားတယ်၊ ဒါပေမယ့် ဖြစ်သွားတာက..."

 

ဖြစ်သွားသည်မှာ ဆောင်းရာသီ ရောက်သည်နှင့် နှစ်ပေါင်းငါးဆယ် ကုန်လွန်သွားခဲ့သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သက်ပြင်းချလိုက်သည်။ 

 

"နောက်ထပ်အခွင့်အရေး ရဦးမလားမသိဘူး"

 

ကလေးမလေးကိုယ်တိုင်သည်ကား မည်သည်မှမသိသကဲ့သို့ပင်။ သူမ၏ မည်းနက်နေသည့် မျက်လုံးလေးများဖြင့် ချူစစ်အား စိုက်ကြည့်နေသည်။ သူမ၏ ညစ်ပတ်နေသော မျက်နှာနှင့်ယှဉ်လျှင် ဤမျက်လုံးနှစ်လုံးသည် သန့်ရှင်းပြီး စူးရှနေသည်။

 

"တစ်ခုခုစားပြီး အရင်အိပ်လိုက်ပါ" 

 

ချူစစ်သည် ပေါ့ပေါ့ပါးပါးနှင့် တစ်နေရာအား ညွှန်ပြလျက် ပြောသည်။ 

 

"ပြီးရင် ပြန်သွားပြီး SkyEye ကို အထူးပိတ်ထားတဲ့အခန်းကို ဖွင့်ခိုင်းလိုက်… အဲဒီမှာ ဆေးကုသရေးပစ္စည်းတချို့ရှိတယ်၊ အသုံးဝင်လောက်တယ်"

 

ဤကဲ့သို့သော အခြေအနေမျိုးတွင် ချူစစ်သည် စိတ်ဆိုးနေသော လူတစ်ယောက် မဟုတ်တော့ပေ။ သူသည် အစားအစာကို သပ်ရပ်စွာ ခွဲဝေပေးခဲ့ပြီး လူတစ်ဦးစီအား အခန်းတစ်ခန်းစီ ရရှိစေခဲ့သည်။

 

မျက်နှာပြင်စကင်န်၌ မြင်ရသည့်အခန်းသည် ထောင့်တစ်ထောင့်သာ ပြသထားပြီး လက်တွေ့နှင့် ကွာခြားမှုသည် ကြီးမားလွန်းလှသည်။

 

ချူစစ် တံခါးကို သော့ခတ်ကာ ခေါက်ပုံစံစားပွဲတွင် ထိုင်လိုက်ပြီး အသားညှပ်ပေါင်မုန့်အချို့ကို ကောက်ယူကာ ကျန်အစားအစာများကို ရေခဲသေတ္တာအတွင်းသို့ ပြန်ထည့်လိုက်သည်။

 

သူသည် အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်ကာ အနည်းငယ်ကိုက်စားလျက် ကျန်ရှိသော အချက်အလက်များကို ချုံ့ပြီး သုံးသပ်ကြည့်ကာ သူ့လက်ချောင်းများဖြင့် နံရံကြားများကို စမ်းသပ်ကြည့်နေသည်။

 

အာကာသထောင်ရှိ တစ်ကိုယ်ရေအခန်းအားလုံးသည် ဆေးတောင့်ပုံစံဖြစ်ပြီး အရေးပေါ်အခြေအနေတွင် ထောင်မှ ခွဲထွက်နိုင်သည်။ သို့သော် ဆင်းသက်ရာနေရာကို ကြိုတင်ရှာဖွေထားရမည်ဖြစ်ပြီး သို့မဟုတ်ပါက ခွဲထွက်ခြင်းသည် သေခြင်းနှင့် အတူတူပင် ဖြစ်သွားလိမ့်မည်။

 

ယခုထိတိုင် ဤလုပ်ဆောင်ချက်ကို ဖွင့်ခြင်းမရှိသေးဘဲ နံရံကြားများသည် ခိုင်မြဲစွာ ပိတ်မိနေဆဲဖြစ်သည်။

 

အခန်းထဲတွင် သီးသန့်ခွဲထားသော အိမ်သာနှင့် ရိုးရှင်းသည့်ရေချိုးခန်းတစ်ခု ပါရှိသည်။

 

ချူစစ်သည် အသားညှပ်ပေါင်မုန့်နှစ်ခု၊ စည်သွပ်ဘူးတစ်ဘူးနှင့် စတော်ဘယ်ရီသီးတစ်ဝက်ခန့်ကို စားသုံးကာ စုပြုံနေသော ဆာလောင်မှုကို ဖြေသိမ့်လိုက်သည်။ သူသည် ရိုးရှင်းသော အဝတ်ပုံးကို ဖွင့်ကာ ခေတ္တမျှ ရှာဖွေပြီးနောက် မသက်မသာခံစားမှုအမျိုးမျိုးကို သည်းခံကာ ထောင်အရာရှိ၏ အပြာရောင်အင်္ကျီနှင့် ဘောင်းဘီတစ်စုံကို ရှာတွေ့သောအခါ ရေချိုးရန် အသင့်ပြင်လိုက်သည်။

 

အဝတ်အစားများကို သံဘောင်ပေါ်တွင် တင်ထားပြီး အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သည်။

 

မှန်ထဲတွင် သူ၏ လှပခန့်ညားသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများသည် ရောင်ပြန်ဟပ်နေသည်။ ထိုကြွက်သားများသည် ပိန်သော်လည်း ပြည့်စုံမျှတသော ဟန်ချက်ရှိပြီး အားကစားကိရိယာများဖြင့် လေ့ကျင့်ထားသည်မဟုတ်ဟု ထင်ရသည်။ ချူစစ် ချွတ်ထားသော အင်္ကျီကို ရေချိုးကန်ဘေးတွင် ထားလိုက်ပြီး ခေါင်းငုံ့ကာ ဘယ်ဘက်နံရိုးကို ဖိကြည့်လိုက်သည်။

 

ထိုနေရာတွင် ပါးလွှာပြီး ဆံခြည်မျှင်ကဲ့သို့ပင် သတိထားမိရန် ခက်ခဲသည့် အနာတစ်ခု ရှိသည်။ ထိတွေ့လိုက်မှသာ ထိုနေရာရှိ အရေပြားသည် အနည်းငယ် ဖောင်းတက်နေသည်ကို ခံစားရသည်။

 

သူသည် နှုတ်ခမ်းကို စုလိုက်ပြီး အနာတစ်လျှောက် ဆက်တိုက်ဖိကြည့်သည်။

 

“ကလစ်…”

 

လျှပ်စစ်သံအနည်းငယ် ကြားရပြီးနောက် သူ၏ခါးတစ်ဝိုက်ရှိ အရေပြားတစ်ခုသည် ထိုပါးလွှာသော အနာရာတစ်လျှောက် ကွဲဟသွားကာ သူ၏လက်ဝါးအရွယ်ခန့်မျှ ကျယ်သော တံခါးတစ်ချပ်ကို ဖွင့်လိုက်သကဲ့သို့ ဖြစ်နေသည်။

 

ဤသည်မှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ 'တံခါးငယ်' ၏ အပြင်ဘက်လွှာသည် အရေပြားအတုဖြင့် ပြုလုပ်ထားပြီး အတွင်းဘက်လွှာသည် သတ္ထုဖြင့် ပြုလုပ်ထားသည်။ ချူစစ်၏ခါးတွင် ဖွင့်ထားသော အပိုင်းတွင် လက်မအရွယ်ခန့်ရှိ စတုရန်းပုံ သတ္ထုချပ်တစ်ခုဖြင့် ထည့်သွင်းတပ်ဆင်ထားသည်။

 

ဂရုတစိုက် နားထောင်ကြည့်လျှင် အတွင်းမှ 'တစ်' ဟူသော အသံကို ကြားနိုင်ပြီး သတ္ထုချပ်ပေါ်တွင် အရောင်မှိန်သော နံပါတ်များကို ပြသနေသည်။

 

၁၂၃ ၁၂:၀၇:၂၁

 

နောက်ဆုံးနံပါတ်သည် 'တစ်' ဟူသော အသံလိှုင်းနှင့်အတူ တစ်ခုပြီးတစ်ခု လျော့နည်းကာ ကျဆင်းနေသည်။