အခန်း (၇) - ထူးဆန်းသော ပေါင်းစပ်မှု
အမြောက်ကြဲသံသည် မာရ်နတ်၏ သီချင်းသံဖြစ်၏။ သူသည် ကြယ်များပြွတ်သိပ်နေသော ကောင်းကင်ပြင်ကြီးထဲမှ မြို့တစ်မြို့ကို ဖမ်းယူပြီး ဘုရားသခင်အား ပန်းတစ်ပွင့်အဖြစ် ဆက်သလိုက်သည်။ ဘုရားသခင်က သူ့အား မေး၏- သင်သည် ယစ်မူးနေသလော။ သင်
ချူစစ် မျက်ခုံးအနည်းငယ်ကြုံ့လိုက်ပြီး ကံမကောင်းအကြောင်းမလှသော ထို "စွန်ပျံ"အား လှမ်းကြည့်လိုက်ကာ ချက်ချင်းပင် ခေါင်းကိုက်လာသကဲ့သို့ ခံစားရသည်။
ထိုအရာဝတ္ထုသည် နဂါးတိုင်နှင့် ချိတ်ဆက်ထားပြီး ၎င်း၏ စွမ်းအင်စက်ကွင်းသည် နဂါးတိုင်မှ ဆွဲယူခံထားရသဖြင့် ဆွဲငင်အား၏ သက်ရောက်မှုကြောင့် နဂါးတိုင်နှင့် ပို၍ပို၍ နီးကပ်လာနေသည်...။
ယင်းသည် အမှန်ပင် ပြန်သိမ်းခံရသော စွန်ပျံတစ်ကောင်နှင့် ဆင်တူနေ၏။
ချူစစ်၏ ခေါင်းကိုက်ဝေဒနာသည် ပို၍ပြင်းထန်လာတော့သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ ကျိုးပဲ့နေသော အပိုင်းသည် ကြီးရာမှ သေးရာသို့ငယ်ရာသို့ ပြောင်းလဲသွားပြီး ၎င်း၏အရွယ်အစားနှင့် ဒြပ်ထုသည်လည်း များစွာ ပြောင်းလဲသွားသဖြင့် နဂါးတိုင်၏ ဆွဲငင်အားစနစ်နှင့် မက်ထရစ် ညီမျှရေးစနစ်တို့သည် မိမိဘာသာ ပြုပြင်ရမည့် ဖြစ်စဉ်အတွင်း ရောက်ရှိနေသည်။
မည်သူမှ မှန်းဆမရနိုင်သော ဆာအာ့ယန်သည် ၎င်းတွင် အပိုအရာဝတ္ထုတစ်ခုကို ချိတ်ဆက်လိုက်ခြင်းဖြင့် ၎င်းအား ချက်ချင်းပင် ရောထွေးမှုအသစ်နှင့် မိမိဘာသာ ချိန်ညှိမှုအသစ်ထံသို့ ရောက်ရှိစေခဲ့သည်။
ချူစစ်သည် သူ၏ခြေထောက်များ မြေပြင်မှ ကြွတက်လာခြင်းကို ရှင်းရှင်းလင်းလင်း ခံစားရပြီး ဤအလေးချိန်မရှိသည့် ခံစားချက်သည် ပေါ့ပါးရာမှ လေးလံရာသို့ အတက်အကျရှိနေသည်။ တစ်ချိန်တည်းမှာပင် ကျိုးပဲ့အပိုင်း၏ လည်ပတ်မှုသည် သာမန်လူသား၏ အာရုံခံစားမှုအတွင်းတွင် ထင်ရှားလာသည်။
၎င်းသည် လှည့်သည့်စင်ပေါ်တွင် ရပ်နေရသည်နှင့်တူပြီး တစ်စုံတစ်ဦးက သင်၏နှလုံးခုန်သံကို ထိန်းချုပ်ထားကာ ယုတ်မာစွာဖြင့် အပေါ်အောက် လှုပ်ရမ်းနေသကဲ့သို့ဖြစ်နေသည်...။
ဤအတွေးသည် အမှန်ပင် ရွံစရာကောင်းလွန်းလှသည်။
နဂါးတိုင်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စမ်းသပ်ချိန်ညှိခြင်းအဆင့်တွင် ရှိနေစဉ်က ချူစစ်သည် အဓိကတာဝန်ရှိသူ အုပ်ချုပ်ရေးမှူးတစ်ဦးအဖြစ် စမ်းသပ်ချက်များစွာတွင် ပါဝင်ခဲ့ပြီး ယာယီဒြပ်ဆွဲအား မညီမျှမှုနှင့် ပတ်လမ်းလည်ပတ်မှု ဟန်ချက်ညီခြင်း အခြေအနေများ ပါဝင်မှုကို လေ့လာခဲ့သည်။ ဤခေါင်းမူးခြင်းနှင့် ထိတ်လန့်ခြင်း အခြေအနေသည် သူ့အတွက် မစိမ်းနေသောကြောင့် အတန်အသင့် ခံစားနိုင်ခဲ့သည်။
သို့သော် ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူနှစ်ယောက်ကမူ ခံနိုင်ရည်မရှိကြပေ။ သူတို့နှစ်ဦးစလုံး၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်ကာ အန်ချင်စိတ်ပေါက်နေကြပုံပေါ်သည်။
"မင်း ဘေးကိုဖယ်… ငါအန်မိတော့မယ်"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက အန်ဟန်ပြုကာ မြေပြင်ပေါ် လဲလျောင်းနေသည်။
"အခု ငါ့မျက်နှာအရောင်က သိပ်ဆိုးနေမှာပဲ… ငါ သေတော့မယ်ထင်တယ်..."
ချူစစ်၏ မျက်နှာဘေးရှိ အရိုးများ အနည်းငယ်လှုပ်ရှားသွားပြီး မူးဝေမှုကို ခံနိုင်ရည်ရှိစေရန် အံကြိတ်ထားသကဲ့သို့ ပြုမူပြီးမှသာ သူက ပြန်ဖြေခဲ့သည်။
"မင်းမျက်နှာပေါ်က ရွှံ့တွေက အရေပြားသုံးလွှာစာလောက် ဖုံးထားတာ၊ ဓာတ်မှန်တောင် မထိုးဖောက်နိုင်လောက်ဘူး… ငါက ဘယ်လိုလုပ် မင်းမျက်နှာကို မြင်ရမှာလဲ"
ဤအလွန်ကောင်းသည့်ပါးစပ်သည် အသက်သေသေရှင်ရှင် အခြေအနေကောင်းသလားဆိုသည်ကိုပင် ဂရုစိုက်ဟန်မတူပေ။ ဤသို့ အန်ခါနီးအခြေအနေတွင်ပင် သူက တခြားလူအား စော်ကားရန် မမေ့သေးပေ။
သူ စကားပြောပြီးသည်နှင့် ဘေးဘက်မှ ခပ်တိုးတိုး ရယ်သံတစ်ချက်ကို ကြားလိုက်ရသည်။
အမှန်အတိုင်းပြောရလျှင် ထိုအသံသည် အလွန်နားဝင်ချိုဖွယ်ကောင်းသော်လည်း ဆာအာ့ယန်၏ လည်ချောင်းထဲမှ ထွက်လာသောအခါ "လှောင်ပြောင်မှု"၊ "ညွှန်းဆိုမှု" နှင့် အခြားသော မသန့်ရှင်းသည့် ခံစားချက်များကိုသာ သတိရမိစေသည်။
"အချစ်ရေ… မင်းရဲ့ စိတ်ဓာတ်ကို ငါ ပိုပိုပြီး သဘောကျလာပြီ"
ဆာအာ့ယန်က ပြောသည်။
မူးဝေနေစဉ် မျက်လုံးမှိတ်ထားခြင်းသည် ပျို့အန်ချင်စိတ်ကို အတန်ငယ် လျှော့ချပေးနိုင်သောကြောင့် ချူစစ်သည် ဤစကားကို ကြားသောအခါ မျက်လုံးမဖွင့်ဘဲ လက်ချောင်းများဖြင့် နဖူးကိုပွတ်သပ်ရင်း ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။
"အိုး… နောက်ပိုင်းကျရင်လည်း မင်း ပိုမြင်ရဦးမှာပါ"
သူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီး စဉ်းစားကြည့်သော်လည်း အနည်းငယ်မကျေမနပ်ဖြစ်နေဆဲပင်။ ဆာအာ့ယန်၏ ပုံသဏ္ဍာန်ကို သူ မြင်နိုင်ခြင်း မရှိသော်လည်း ဆာအာ့ယန်၏ အသံအနေအထားနှင့် အသံကို နားထောင်လိုက်ရုံမျှနှင့် တစ်ဖက်လူသည် ဤအလေးချိန်မရှိမှုနှင့် လည်ပတ်မှုကြောင့် မသက်မသာ ခံစားနေရဟန်မတူပေ။
စိတ်ထက်သန်သော အုပ်ချုပ်ရေးမှူး ချူစစ်သည် ခေတ္တမျှ စိတ်လွန်ဆွဲပြီးနောက် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မျက်လုံးတစ်ဖက်ကိုဖွင့်ကာ ဆာအာ့ယန်ကို ကြည့်လိုက်သည်။ သူသည် နဂါးတိုင်ဘေးတွင် မတ်မတ်ရပ်နေပြီး လက်နှစ်ဖက်အား အိတ်ကပ်အတွင်း ထည့်ထားကာ အတန်ငယ်လုံခြုံသည့် အကွာအဝေးမှ ထိုတိုင်အား ကြည့်နေသည်ကို တွေ့မြင်ရသည်။
"မင်းမအန်ဘူးဆိုတာက အံ့သြစရာပဲ"
ချူစစ် ထိုသို့ ပြောပြီးပြီးနောက် ထပ်မံ၍ ခေါင်းမူးလာစေမည့် လှိုင်းတစ်ခုအား ဖိနှိပ်ရန် မျက်လုံးကို ပြန်မှိတ်လိုက်သည်။
"နှစ်ပေါင်းများစွာကြာနေတဲ့ အရာတစ်ခုကို မင်းမှတ်မိနေသေးလို့ ကျေးဇူးပဲ"
ဆာအာ့ယန်က ပြန်ပြောသည်။
"ဒါပေမယ့် မင်းအသံထဲမှာ နောင်တ နည်းနည်းလေး ရှိရင်တော့ ပိုကောင်းမှာပဲ"
ချူစစ် အလွန်နောင်တရနေသည်ကို လုံးဝမဖုံးကွယ်ဘဲ ထင်ရှားသိသာစွာ ပြလိုက်သည်။
"အာကာသထောင်ထဲမှာ ကိုးနှစ်လောက် နေပြီးတော့ အဲဒီခံစားချက်နဲ့ မင်း နေသားကျသွားပြီလား"
"မင်းကျေးဇူးကြောင့်ပါ"
ဆာအာ့ယန်က ဆိုသည်။ သူ၏အသံသည် ယခင်က မီတာအနည်းငယ်အကွာတွင် ရှိသော်လည်း ယခုတွင်မူ ပို၍ နီးကပ်လာသည်။
သူတို့သည် မျက်နှာချင်းဆိုင် ရှိနေသကဲ့သို့ ဖြစ်နေသည်။
ချူစစ် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဆာအာ့ယန်၏ မျက်နှာသည် လက်တစ်ကမ်းအကွာတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ သူက သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား အနည်းငယ် ကိုင်းညွှတ်ထားပြီး နဂါးတိုင်ကို လေ့လာနေခဲ့သည့်ပုံစံအတိုင်း သူ၏ နှာထိပ်ဖျားသည် ချူစစ်၏နှာထိပ်ဖျားနှင့် ထိလုနီးပါးဖြစ်နေသည်။
ချူစစ် မတုံ့ပြန်လာမီပင် ဆာအာ့ယန်သည် ရုတ်တရက် သူ၏ ဘယ်ဘက်မျက်လုံးအတွင်းသို့ လေမှုတ်လိုက်သည်။
ချူစစ်၏ မျက်ခွံများ တုန်ရီသွားပြီး မျက်မှောင်ကြုတ်ကာ နောက်သို့ ငိုက်ချလျက် ခေါင်းမော့ကာ ကြည့်လိုက်သည်။
"မင်း—"
"ဒါပေမဲ့ ထောင်က ဒါကိုတော့ မသင်ပေးဘူး"
ဆာအာ့ယန်က ပြုံးရင်း ရပ်လိုက်ပြီး ခြေနှစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
"တွင်းနက်ရဲ့ ဖမ်းယူမှုနယ်ပယ်စွန်းမှာ ရက်နည်းနည်းလောက် ဖြတ်သန်းကြည့်လိုက်၊၊ ဒီလောက်မူးဝေမှုက ဘာမှမဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်"
"တွင်းနက်လား?"
ချူစစ်က အချိန်ခဏမျှ မတုံ့ပြန်နိုင်ခဲ့ပေ။
"မင်း ဘယ်လိုလုပ် တွင်းနက်ရဲ့ ဖမ်းယူမှုစက်ကွင်းထဲ ရောက်ဖူးသွားရတာလဲ"
ဆာအာ့ယန်က ခေါင်းစောင်းကာ သူ့ဘက်သို့ မျက်တောင်ခတ်လိုက်ပြပြီး ပြောလိုက်သည်။
"မှန်းကြည့်ပါလား"
ချူစစ် : "မင်းဘိုးအေကို မှန်းခိုင်း"
ချူစစ် ထိုကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရသည့် အပြုအမူများအား ပြသနေသော စိတ်မနှံ့သည့်လူဆို၍ ဤတစ်ယောက်တည်းသာ တွေ့ဖူးသည်။
သို့သော် ဤလူသည် သူ့အား အချိန် အတော်ကြာကြာကတည်းက သိခဲ့ခြင်းဖြစ်သည်။ သူ့ဘဝ၏ လေးပုံသုံးပုံလောက်ပင် ကြာလောက်သည်။
နှစ်ပေါင်းများစွာသိခဲ့ကြသည့် လူနှစ်ယောက်သည် ဤကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေသည်မှာ အတော်လေး ဆိုးဝါးလှသည်ဟု ဆိုရမည်ပင်။
ဆာအာ့ယန် အာကာသထောင်ထဲသို့ ရောက်သွားသည့်နှစ်တွင် ချူစစ်သည် သူတို့ ပြန်ဆုံလျှင် မည်သို့ဖြစ်မည်နည်းဆိုသည်ကို တစ်ခါတစ်လေ တွေးမိဖူးသည်။ သို့သော် ၎င်းမှာ အကျိုးမရှိသော အတွေးပင် ဖြစ်သည်။
ထောင်၏ အဆင့်မြင့်ခေါင်းဆောင် သို့မဟုတ် အစိုးရအရာရှိကြီးများထဲမှ မည်သူကမျှ သူတို့နှစ်ယောက် တစ်နေရာတည်းတွင် ရှိနေသည်အား မြင်ချင်မည်မဟုတ်ပေ။ ဤသည်မှာ ကပ်ဘေးတစ်ခုနှင့် ထောင်တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သွားနိုင်သည်။
ထိုအချိန်က ဤပြဿနာအကြောင်း သူ လုံးဝမတွေးမိခဲ့ပေ။
အကြောင်းမှာကား ဆာအာ့ယန်၏ ပြစ်ဒဏ်သည် အံ့အားသင့်ဖွယ် ရှည်လျားပြီး တရားရုံးမှ "ဂြိုဟ်၏သက်တမ်း ကုန်ဆုံးသည်အထိ" ဟု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သောကြောင့်ပင်။
တစ်ခုသော နွေရာသီတွင် ဆာအာ့ယန်သည် သူ၏ ရုံးခန်းဆက်သွယ်ရေးလိုင်းအတွင်းသို့ အတင်းအကျပ်ချိုးဖျက်ဝင်ရောက်ကာ သူ့အတွက် မက်ဆေ့ချ်အနည်းငယ် ချန်ရစ်ခဲ့သည်။
"တစ်နေ့မှာ ငါတို့ပြန်ဆုံရင် မင်းက ငါ့ကို ပြုံးပြပြီးနှုတ်ဆက်မှာလား… ဒါမှမဟုတ် ငါ့ခေါင်းကို ချက်ချင်းပစ်သတ်မှာလား"
ထိုအချိန်က ချူစစ်သည် အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေခဲ့သည်။
"အဲဒီလိုနေ့မျိုး ဘယ်တော့မှမရှိဘူး"
နတ်ဘုရားသည် တစ်ခုခု မှားယွင်းနေပုံရပြီး သူ့အား ပျော်ရွှင်စရာနေ့ရက်များတွင် မနေစေချင်ဟန်ရသည်။
ဤတစ်ကြိမ်ဝယ် နဂါးတိုင်စနစ်၏ မိမိဘာသာ ချိန်ညှိမှုသည် ကြောက်မက်ဖွယ်ကောင်းစွာ ကြာမြင့်ခဲ့ပြီး ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ငိုချလုနီးပါးဖြစ်ကာ ချူစစ်အား ပြောလိုက်သည်။
"ဒါက မြန်မြန်ပြီးသွားရင် ပိုကောင်းမယ်၊ မဟုတ်ရင် ငါ လေထုသန့်စင်စက်ကို ချွတ်ပစ်လိုက်မယ်… ပြီးရင်တော့ အားလုံးအဆုံးသတ်သွားလိမ့်မယ်"
ချူစစ် စမ်းသပ်ချက်များစွာအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့သည် လက်တွေ့နှင့် လုံးဝနှိုင်းယှဉ်၍မရပါပေ။ စမ်းသပ်ချက်များ၏ အချိန်ကာလသည် သတ်မှတ်ထားသော်လည်း လက်တွေ့ကမူ မည်သည့်သတိပေးချက်မှပေးမည် မဟုတ်ပေ။
ကံကောင်းသည်မှာ မည်မျှပင်ကြာကြာ အဆုံးသတ်ရမည်သာ ဖြစ်သည်။ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက နှုတ်ခမ်းစူပြီး သုံးကြိမ်တိုင်တိုင် လဲကျပြီးနောက်တွင် နဂါးတိုင်သည် တည်ငြိမ်သွားခဲ့ပြီး ၎င်း၏ ယာယီဆွဲငင်အားကို အသင့်တော်ဆုံး အခြေအနေသို့ ညှိလိုက်ကာ ပတ်လမ်း လည်ပတ်မှုဟန်ချက်သည်လည်း အလိုလို အလုပ်လုပ်နေပုံရသည်။ အပြင်လွှာ၏ မမြင်ရသော အရာဝတ္ထုများသည် တည်ငြိမ်သောအရှိန်ဖြင့် တိတ်တဆိတ် လည်ပတ်နေသည်။ အလယ်လွှာ၏ ခံနိုင်ရည်ကြောင့် အတွင်းလွှာရှိ အပိုင်းအစ၏ အရှိန်သည် သာမန်လူတို့၏ ခံစားမှုထက် နိမ့်ပေသည်။
ချူစစ်နှင့် အခြားသူများအတွက်မူ ၎င်းတို့သည် မြေကြီးပေါ်တွင် ခြေချရပ်နိုင်ပြီး ခေါင်းမူးအော့အန်ခြင်း မရှိတော့ကြောင်းကို ဆိုလိုသည်။
"ဒီကံဆိုးတဲ့ စွန်ပျံကြီးက ဒီကျိုးပဲ့အပိုင်းထက် နှစ်ဆလောက် ကြီးနေတယ်… ဒီလိုတစ်ဖက်ကို လာကပ်နေရင် ကျိုးပဲ့အပိုင်းက မှောက်သွားမှာလား"
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက တကယ်ကို မနေနိုင်တော့ဘဲ မေးလိုက်သည်။
ချူစစ်နှင့် ဆာအာ့ယန်ဆိုသည့် တံခါးစောင့်နတ်နှစ်ပါးသာ သူ့ဘေးတွင် ရပ်မနေခဲ့လျှင် ကြမ်းသုတ်ဝတ်ဆံပင်နှင့် လူသည် အကြိမ်ကြိမ်အန်ပြီး ဖြစ်လောက်သည်။ သို့သော် သူတို့က ရံဖန်ရံခါ သူ့ထံသို့ ကြည့်လာသောကြောင့် သူ၏ပါးစပ်မှ မအန်ရဲဘဲ မြေပြင်ပေါ်၌ ပြိုလဲကျနေရ၏။
သူသတိပြန်ရလာကတည်းက ၈၀% သော အချိန်များကား ဤအနေအထားမျိုးနှင့်သာ ကုန်ဆုံးနေရသည်ဟု ထင်မိသည်...။
မည်သို့ပင်ဖြစ်စေ သူသည် ထ၍မရတော့သောကြောင့် အိုးကွဲကိုပင် ဆက်ခွဲလိုက်ကာ တံခါးစောင့်နတ်နှစ်ပါး၏ ကြည့်ရှုမှုကို ရင်ဆိုင်လျက် ဇွဲမလျှော့ဘဲ သူ့လက်ချောင်းအား ထိုကြောက်စရာကောင်းသည့်အရာထံ ညွှန်ပြလိုက်သည်။
ဆာအာ့ယန်၏လက်နှင့် ဖမ်းထားသည့် ချပ်ပြားဝိုင်းအား နဂါးတိုင်သည် ဂြိုဟ်၏အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ကာ သေခါနီးခွေးတစ်ကောင်အား ဆွဲငင်သကဲ့သို့ ဆင်ခြင်တုံတရားမရှိစွာပင် ကာကွယ်ရေးစက်ဝိုင်းအတွင်းသို့ ဆွဲသွင်းခဲ့သည်။
အာကာသထောင်အား စတင် တည်ဆောက်စဉ်က အသုံးပြုသည့် နည်းပညာသည် လေးလံသော မက်ခါနည်းပညာအား အတုယူထားသည့်အတွက် အာကာသထောင်ကိုယ်တိုင်တွင် ဉာဏ်ရည်တစ်ခု ရှိသည်။ အပြည့်အစုံဖြစ်သော အာကာသထောင်အား ဉာဏ်ရည်အဆင့် စမ်းသပ်မည်ဆိုပါလျှင် ရင့်ကျက်လုနီးပါးရှိသော ဆယ်ကျော်သက်တစ်ဦးနှင့်ပင် ညီမျှနိုင်သည်။
ပေါင်ဖြတ်ထားသော အာကာသထောင်တစ်ခုသည် နေမကောင်းဖြစ်နေသော ဆယ်ကျော်သက်တစ်ဦးနှင့် ညီမျှ၏။
နဂါးတိုင်မှ ဆွဲသွင်းလိုက်သော ဤချပ်ပြားဝိုင်း ၊ အာကာသထောင်မှ ဖြတ်ထုတ်လိုက်သော ပေါင်သည်ကား ဉာဏ်ရည်ချို့တဲ့နေသော ဆယ်ကျော်သက်တစ်ဦးနှင့် ညီမျှသည်။
နဂါးတိုင်၏ စွမ်းအင်စက်ကွင်း သက်ရောက်မှုအောက်တွင် ဉာဏ်ရည်ချို့တဲ့နေသော ဆယ်ကျော်သက်သည် အပိုင်းအစအစွန်းတွင် ညိုမည်းသွားသည်အထိ ရိုက်နှက်ခံရပြီးနောက် အမျက်ထွက်ကာ ခြေချောင်းတစ်ချောင်းကို ထုတ်လိုက်သည်။
၎င်းသည် ညှပ်ပုံစံပေါက်နေသည့် အရေးပေါ်ချိတ်ဆက်မှုတစ်ခုပင် ဖြစ်သည်။
ပုံမှန်အားဖြင့် ဤအရေးပေါ်ချိတ်ဆက်မှုသည် အာကာသထောင်ထံသို့ ယာယီ လာရောက်လည်ပတ်သည့် လေယာဉ် (သို့) မက်ခါနှင့် ချိတ်ဆက်ရန်သုံးသော်လည်း ဉာဏ်ရည်ချို့တဲ့နေသည့် ယင်းချပ်ပြားသည် ဆုံးဖြတ်ချက်မှားကာ ဤအပိုင်းအစအား အခြားလေယာဉ်တစ်စင်းအဖြစ် မှတ်ယူမိသွားသည်။
"ကလစ်" ဆိုသည့် အသံအနည်းငယ်နှင့်အတူ အရေးပေါ်ချိတ်ဆက်မှုသည် ပါးစပ်ဟလိုက်ပြီး ခွေးကဲ့သို့ သွားကြိတ်ကာ မြေပြင်အစွန်းအား ကိုက်ပြီး ဂြိုဟ်အပိုင်းအစနှင့် အတင်းအကျပ် ချိတ်ဆက်လိုက်၏။
သို့နှင့် သမာရိုးကျမဟုတ်သည့် ထူးဆန်းသော ယန္တရားကြီးတစ်ခု ပေါ်ပေါက်လာသည်။
ချူစစ်၏ မျက်နှာအမူအရာ မပြောင်းလဲဘဲ ချပ်ပြားကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ၎င်းဆီသို့ လျှောက်သွားသည်။
"အပေါ်ပိုင်းလေးလံတဲ့ အုပ်ချုပ်ရေးမှူးကြီး ချူစစ်… ငါပေးတဲ့ စွန်ပျံကို ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ"
ဆာအာ့ယန်သည် နောက်ကျောဘက်မှ ပျင်းရိစွာ ပြောပြီး ခြေထောက်မြှောက်ရင်း လိုက်လာသည်။
'မင်းမှာ ဒီအကြောင်းပြောဖို့ မျက်နှာရှိသေးတယ်ပေါ့’
ချူစစ်သည် ခေါင်းလှည့်ပြီး ထိုသူ့အား မျက်နှာအမူအရာမပြောင်းဘဲ ကြည့်ကာ ပြောသည်။
"ငါ့ရဲ့အချိုးအစားက ဘယ်လိုလုပ်ပြီး အပေါ်ပိုင်းလေးလံမှာလဲတဲ့… မင်းမျက်လုံးတွေ ကန်းနေပြီဆိုရင်လည်း ငါ အသုံးဝင်တဲ့ပစ္စည်းတွေ ရှာလို့ရမရ သွားကြည့်နေတုန်း ဘေးကနေ ရိုးရိုးသားသားလေး လိုက်လာဖို့ အကြံပေးချင်တယ်"
ဆာအာ့ယန်သည် သူ၏ အေးစက်သော သဘောထားအား လုံးဝဂရုမစိုက်ဘဲ ဆက်လက်၍ အေးအေးဆေးဆေး လိုက်ပါလာသည်။
"ခြေတန်ရှည်တဲ့ အုပ်ချုပ်ရေးမှူးကြီး ချူစစ်… ငါ အသုံးဝင်တဲ့ပစ္စည်းတွေ အများကြီးရှာတွေ့ရင် ငါ့ကို အမှတ်ပေးမှာလား?"
ချူစစ် : "..."
'မင်း ဘာလို့ မသွားသေးတာလဲ?’