အခန်း ၁ - မဖတ်ရသေးသော မက်ဆေ့ချ်
ဘုရားသခင်သည် သူ တစ်ချိန်က ကာလအတန်ကြာ အိပ်စက်ခဲ့ပြီးနောက် ပြန်လည်နိုးထလာသောအခါ ကြယ်တာရာပင်လယ်ကို စိုက်ကြည့်နေခဲ့သည်။ —အက်စတာ《နဲဗားလန်း》
ပိတောက်နက်တောကြီးသည် အချိန်ကာလများစွာ ညှိုးနွမ်းလျက် ရှိနေခဲ့သည်။ သစ်ပင်တို့၏ အရွက်များသည် ခြောက်သွေ့၍ လေတိုက်ခတ်ရာတွင် တွဲလဲကျလျက် ရှိနေသော်လည်း တောအုပ်ကြီးအတွင်းမှ ပုပ်သိုးနေသည့် သစ်သားနံ့ကဲ့သို့ ခါးသက်သော အနံ့မှာမူ ပျောက်ကွယ်မသွားဘဲ ရှိနေဆဲပင်။
တစ်နှစ်ပတ်လုံး ပျံ့လွင့်နေကျဖြစ်သော ဤသစ်သားရနံ့သင်းသင်းသည် တိတ်ဆိတ်စွာ ပျံ့လွင့်နေဆဲ ဖြစ်ပြီး ၎င်းရနံ့များမှာ တောနက်ကြီးထဲရှိ လူတစ်ဦးချင်း အိပ်စက်ရန် စီစဉ်ထားသည့် အအေးထိန်းတောင့် နှစ်ဆယ့်ငါးလုံးကို ဖုံးကွယ်ထားခဲ့လေသည်။
ထိုအအေးထိန်းတောင့်များသည် စတုရန်းပုံစံအတိုင်း တည်ရှိနေပြီး ၎င်းတို့၏ မှန်အဖုံးများတွင် နှင်းခဲများ တက်နေသည်ကို တွေ့ရသည်။
ရုတ်တရက် ထိုအအေးထိန်းတောင့်များအနက် တစ်လုံးမှ နားကွဲလုမတတ် အချက်ပေးသံ ထွက်ပေါ်လာကာ တောနက်ကြီး၏ တိတ်ဆိတ်မှုကို လွှမ်းမိုးသွားတော့သည်။
“စွမ်းအင် လုံလောက်မှု မရှိတော့ပါ၊ အလုပ်မလုပ်တော့ပါ”
“သတိပေးချက် : အအေးထိန်းတောင့်သည် မကြာမီ ရပ်ဆိုင်းတော့မည်ဖြစ်ပါ၍၊ ငါးစက္ကန့်အတွင်း စွမ်းအင် ဖြည့်တင်းပေးပါ။”
ရေတွက်ခြင်း- ၅”
“၄”
“၃”
“၂”
“၁”
“စွမ်းအင် အသစ် မတွေ့ရတော့ပါ၊ အအေးထိန်းတောင့် ကို ပိတ်ချလိုက်ပါပြီ—”
ထိုအသံပြောလို့မပြီးခင်မှာပင် လျှပ်စစ်စက်ဖြင့် ပြောသော အသံသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ဝှူးးးး...
အအေးထိန်းတောင့် ပိတ်သွားသည့် အသံသည် လေထွက်ပေါက်တစ်ခုပေါက်သွားသည့် အသံနှင့် ဆင်တူနေသည်။ အရေးပေါ် အပူပေးစနစ်၏ အကျိုးသက်ရောက်မှုအောက်တွင် ဖန်သားပေါ်တွင် ဖုံးလွှမ်းနေသော နှင်းခဲများသည် လူ့မျက်စိဖြင့် မြင်နိုင်သော အလျင်ဖြင့် အရည်ပျော်သွားပြီး ရုပ်ရည်ချောမော၍ ဖြူဖျော့နေသော မျက်နှာတစ်ခုကို ပေါ်လွင်လာစေခဲ့သည်။
သူ၏ မျက်ခုံးမွှေးများပေါ်တွင် စုဝေးနေသော နှင်းခဲပါးပါးလေးမှာ သူသည် အချိန်အလွန်ကြာငြ့်အောင် အိပ်စက်နေခဲ့ပြီး ပြန်မနိုးနိုင်တော့မည့်အတိုင်း အေးစက်၍ အသက်မရှိသော ပုံရိပ်ကို ဖော်ပြနေသည်။
သို့သော် နှင်းခဲများ အရည်ပျော်ပြီး သိပ်မကြာမီမှာပင် ထိုလှပသော မျက်လုံးတို့သည် သတိမမူစွာ ပွင့်လာကြသည်။
အမှန်စင်စစ် ပြောရလျှင်၊ ခန္ဓာကိုယ်ကို အေးခဲစေရန် အသုံးပြုသော သတ္တုတုံးအချို့ကို အအေးထိန်းတောင့်ဟု ခေါ်သော်လည်း ထိုအရာ၏ ပုံသဏ္ဍာန်သည် အိပ်ခန်းပုံစံနှင့် လုံးဝမတူပေ။
၎င်းသည် အပေါ်ဘက်တွင် ကျယ်၍ အောက်ဘက်တွင် ကျဉ်းပြီး မြင်းထက်ပင် ရှည်လျားသော မျက်နှာပုံစံရှိသော ဆဋ္ဌဂံပုံစံတစ်ခုပမာ ပုံစံမှာကြည့်ရဆိုးလှသည်။ လူတစ်ဦးသည် ထိုအတွင်း၌ လဲလျောင်းလိုက်ပါက စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ကောင်းမွန်စွာ ပြုလုပ်ထားသည့် ခေါင်းတလားတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဒီဇိုင်းများ ပထမဆုံး ပေါ်လာချိန်တွင် ချူစစ်သည် အာကာသ ထောင်ထဲမှ အရေးအခင်းတစ်ခုကို ကိုင်တွယ်နေရသဖြင့် အိပ်ချိန်ပင် မရှိခဲ့ပေ။ သူသည် သုံးရက်တိုင်တိုင် မအိပ်စက်ခဲ့ရသောကြောင့် မျက်နှာသည် ဖြူဖျော့ဖျော့ဖြစ်နေခဲ့သည်။
ကံဆိုးလှသော ဒီဇိုင်နာသည် သူ၏ ရုံးခန်းတံခါးကို ခေါက်ပြီး ပုံကြမ်း အထပ်ထပ်ကို စားပွဲပေါ်တွင် တင်လိုက်သည်။
စည်းမျဉ်းများအရ အအေးထိန်းတောင့်များအတွက် စာရွက်စာတမ်းအားလုံးကို လုံခြုံရေး အဆောက်အအုံ၏ အမှတ် (၅) ရုံးမှ အမှုဆောင်အရာရှိ၏ ပြန်လည်သုံးသပ်ခြင်းနှင့် ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရန် လက်မှတ်ထိုးရမည်ဖြစ်သည်။
ချူစစ်သည် အမှတ် (၅) ရုံးတွင် ထိုင်နေသော အမှုဆောင်အရာရှိ ဖြစ်နေသည်။
ပုံကြမ်းအထပ်ကြီးကို မြင်သည်နှင့် သူသည် မျက်လုံးများကို မှိတ်ချလိုက်သည်။ ဒီဇိုင်နာ၏ စိတ်အားထက်သန်သော ဖော်ပြချက်များကြားမှ သူသည် နောက်ဆုံးစာမျက်နှာသို့ တိုက်ရိုက်လှန်ကာ လက်မှတ်ထိုးလိုက်သည်။
ထုတ်ကုန် အပြီးသတ် ထွက်ပေါ်လာသည့်နေ့တွင် သူသည် လုံခြုံရေး အဆောက်အအုံ၏ အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းမ၌ သပ်ရပ်သောရှပ်အင်္ကျီကို ဝတ်ဆင်ကာ ခေတ်နောက်ကျနေသော လူကြီးများက ဒီဇိုင်းကို ဆူပူနေသည်ကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
သူတို့ နှစ်နာရီတိုင် ဆူပူနေကြသော်လည်း ထိုလူကမူ
မျက်နှာအမူအရာ လုံးဝမပြဘဲ နားထောင်နေခဲ့သည်။
ကိုယ့်အမှားကိုယ် နည်းနည်းမျှ မသိရုံသာမက၊ စားပွဲကို ခေါက်လိုက်ကာ အပြုံးဖြင့် "ကမ္ဘာမြေရဲ့ သက်တမ်းက အများကြီး ကျန်သေးတယ်။ ဒီအအေးထိန်းတောင့်ထဲမှာ လဲလျောင်းဖို့ ကျွန်တော်တို့ အလှည့်မရောက်မချင်း ဒီအတိုင်းသာ ရုပ်ဆိုးဆိုးနဲ့ ထားလိုက်တော့" ဟု ပြောလိုက်သည်။
ထိုအခါ ထိုလူကြီးများသည် မယုံနိုင်ဖြစ်ကာ ဒေါသထွက်သွားကြသည်။
သို့သော် ထိုစကားပြောပြီး ငါးနှစ်အတွင်းမှာပင် ကမ္ဘာမြေကြီး ပေါက်ကွဲသွားခဲ့သည်။
သူသည် ထိုရုပ်ဆိုးသော အေးခဲထားသည့် အခေါင်းထဲတွင် လဲလျောင်းခဲ့ရသည်။ ဘုရားသခင်ပင် မကြည့်နိုင်လောက်သည်အထိ သူလုပ်ခဲ့သည့် အရာများ များလွန်းနေပြီဆိုသည်မှာ ထင်ရှားလှသည်။ ၎င်းသည် ကံကြမ္မာ၏ အကျိုးပေးမှုဖြစ်ပေလိမ့်မည်။
ချူစစ်သည် ဖန်အဖုံးအောက်တွင်
ချောင်းဆိုးလိုက်ပြီး အဆုတ်ထဲရှိ လေအေးများအားလုံးကို မှုတ်ထုတ်လိုက်ကာ လက်ချောင်းများကို လှုပ်ရှားပြီး လုံခြုံရေးစနစ်ကို ဖွင့်လိုက်၏ ။
သူ၏ ကြွက်သားများနှင့် အရိုးများသည် အလွန်တောင့်တင်းနေသေးသဖြင့် အဖုံးကို တွန်းဖွင့်ရန်ပင် အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ရသည်။
သူ့ခြေထောက်များ မြေပေါ်သို့ ထိတွေ့လိုက်သည့် ခံစားချက်သည် အလွန်ထူးဆန်းနေသဖြင့် နောက်ပြန်လှမ်းကာ တည့်တည့် မလျှောက်နိုင်ဘဲ အအေးထိန်းတောင့်ဘေးတွင် ထိုင်ချလိုက်မိသည်။
မလှမ်းမကမ်းတွင် အခြားသော အအေးထိန်းတောင့်တစ်ခုသည် ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်ပြီး ၎င်း၏ ဖန်သားမျက်နှာပြင်တွင် စာသားနှစ်ကြောင်း ပြသနေသည်။
လက်ရှိအချိန် ၁၃:၂၀:၀၇
အအေးခန်းအတွင်း အပူချိန် : ၂၀၆
ဒီဂရီ နယူး ဆဲလ်စီးယပ်
နေ့လယ် (၁၃:၀၀) နာရီသည် နေ့ခင်းဘက်တွင် နေရောင်အပြည့် ရှိသင့်သည့် အချိန်ဖြစ်သော်ငြားလည်း ကောင်းကင်တွင် ကြယ်တာရာပင်လယ်ကြီးသာ ရှိနေပြီး ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုသည် ညဉ့်နက်သန်းခေါင်ကဲ့သို့ ဖြစ်နေပေသည်။
ချူစစ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူ အအေးထိန်းတောင့်ထဲမှ ထွက်လာခဲ့သော်လည်း လေထုသည် ပိတ်လှောင်နေသေးသည်။ သူသည် အသက်ရှူရန်ပင် အဆင်မပြေဖြစ်နေပြီး အဆုတ်များ အေးခဲသွားခဲ့ခြင်း ရှိမရှိကို သူကိုယ်တိုင်တောင် မသိခဲ့ပေ။
ကြွပ်—
သူ့နောက်ကွယ်မှ အပ်များ တစ်ခုခုပေါ် လျှောက်မိ၍ ကြေမွသွားသည့် အသံသည် ရုတ်တရက် ပေါ်ပေါက်လာ၏ ။
“ဘယ်သူလဲ” ချူစစ် ခေါင်းကို ရုတ်တရတ်လှည့်လိုက်သည်။
သူသည် အချိန်အတော်ကြာ စကားမပြောရသေးသောကြောင့် သူ၏ အသံသည် အနည်းငယ် အက်ကွဲနေခဲ့၏ ။
သူ မေးခွန်းထုတ်လိုက်သည်နှင့် တပြိုင်နက် သူ၏ လက်ချောင်းများသည် အလိုလိုပင် သူ့ခါးဘက်ကို စမ်းမိလိုက်သည်။
ကံကောင်းစွာဖြင့် သူ အအေးထိန်းတောင့်ထဲသို့ အရေးပေါ်ရောက်လာချိန်တွင် သူ၏ သေနတ်ကို ချွတ်ထားခဲ့ခြင်း မရှိပေ။
သူ လုံခြုံရေးသော့ခတ်စနစ်ကို ဖွင့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်မှုကြားတွင် " ကလစ် " ဟူသော အသံကိုရှင်းလင်းစွာ ကြားလိုက်ရသည်။
“မလုပ်၊ မလုပ်ပါနဲ့ ... ကျွန်တော်ထွက်လာခဲ့မယ် မပစ်ပါနဲ့” ဟု ရေခဲနေသော အအေးထိန်းတောင့်တစ်ခုနောက်ကွယ်မှ ပေါ်လာသည့် အမှောင်ရိပ်တစ်ခုက အော်ပြောလိုက်သည်။ ၎င်းသည် နှစ်နှစ်ကြာအောင် ရွှံ့တွင်းထဲတွင် ပုပ်စပ်နေသည့် ပုံစံရှိသော၊ ခေါင်းပြတ်နေသည့် ပုံစံတစ်ခုနှင့် တူနေသည်။
ချူစစ် မျက်လုံးများကို မှေးကြည့်လိုက်ပြီး ကြမ်းသုတ်အဝတ်လိုဆံပင်များကြားမှ မျက်လုံးတစ်စုံကို ခက်ခဲစွာမြင်လိုက်ရသည်။ ထိုလူမှာ မသိနိုင်သည့် အချိန်ကာလအတန်ကြာ ခေါင်းမဖြီးသင်ထားသည့် လူတစ်ယောက်သာဖြစ်သည်။
“နောက်ထပ်ဘယ်သူ ကျန်သေးလဲ” ချူစစ်၏ လက်ချောင်းသည် မောင်းတံပေါ်တွင် ဆက်လက် ဖိထားဆဲဖြစ်သည်။
ကြမ်းသုတ်ဆံပင်နှင့်လူက တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီး လက်နှစ်ဖက်ကို လက်မြှောက်အဖမ်းခံသည့် ပုံစံဖြင့် မြှင့်တင်ကာ ခေါင်းကို လှည့်၍ တစ်ခုခုကို ပြောလိုက်သည်။
နောက်ထပ်ကြမ်းသုတ်ဆံပင်နှင့်လူလေးသည် သတိကြီးစွာဖြင့် ခေါင်းကို ထုတ်ကာ ချောင်းကြည့်လာသည်။
ထိုကြမ်းသုတ်အဝတ်အငယ်လေးက အကြီးတစ်ယောက်ကို ကြည့်ပြီး ၎င်းနည်းတူ လက်နှစ်ဖက်ကို မြှင့်တင်ပြလိုက်သည်။
“စိတ်ကို ထိန်းပါဦး၊ စိတ်ကို ငြိမ်ငြိမ်ထားပါ။ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ရှိတာပါ... တခြားသူ မရှိပါဘူး” ဟု ကြမ်းသုတ်ဝတ်အကြီးက သေနတ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါ တည်ငြိမ်နေပါတယ်” ချူစစ် က ပြန်ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ခင်ဗျားကို ကျွန်တော်
မယုံဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အအေးထိန်းတောင့်ထဲကနေ လေးကန်စွာ ထွက်လာတုန်းက လူတစ်ယောက်ကိုတောင် စားပစ်နိုင်လောက်တဲ့အထိ ဗိုက်ဆာနေတာ” ထိုသူ၏ အသံတွင် သံသယအနည်းငယ် ပါဝင်နေသည်။
ချူစစ်မျက်နှာသည် ရေခဲကဲ့သို့ အေးစက်သွားသည် ။ ထို့နောက် သူပြောလိုက်သည် : “မင်းထက် သန့်ရှင်းတဲ့သူကို ငါ ရှာမတွေ့ရင် ငတ်ပြတ်ပြီး သေတာကမှ ပိုကောင်းလိမ့်မယ်”
ထိုသူသည် ပြန်လည် ငြင်းဆန်ချင်သော်လည်း အနည်းငယ် ပူဆွေးသလို ခံစားလိုက်ရ၏ : “တကယ်တော့ ကျွန်တော်တို့က ခြောက်လကြာအောင် မဆေးကြောရသေးတာပါ၊ အခု သေနတ်ကို နည်းနည်းလေး ဖယ်ပေးနိုင်မလား”
အမှန်စင်စစ် ထိုသေနတ်ကို အအေးထိန်းတောင့်ထဲတွင် အချိန်အတန်ကြာ အေးခဲထားခဲ့ပြီး ထိုသေနတ်ကို ဆက်လက်အသုံးပြုနိုင်ခြင်း ရှိမရှိကိုမသိရပေ။ သို့သော် ချူစစ်သည် လူကောင်းမဟုတ်သောကြောင့် ထို အရင်းအမြစ်မသိရသည့် ကြမ်းသုတ်ဆံပင်နှင့်လူ ကြောက်သွားမည်ကို စိတ်ထဲထားမနေဘဲ ပြန်ဖြေလိုက်သည်။ "ငါ့စိတ်အခြေအနေပေါ် မူတည်တယ်"
“အခု ဘယ်လို ခံစားနေရလဲ” ဟု ကြမ်းသုတ်ဆံပင်နှင့်လူက မေးသည်။
“သိပ်မကောင်းဘူး၊ အရမ်း ပိတ်လှောင်နေတယ်” ဟု ချူစစ်က အေးဆေးစွာ ပြန်ပြောပေသည်။
အတိအကျပြောရလျှင် ဤနေရာမှ လေထုသည် စိတ်အနှောင့်အယှက် ဖြစ်စေသည့် အတိုင်းအတာအထိ ပိတ်လှောင်နေခဲ့သည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက "အို" ဟုအသံရှည်လုပ်လိုက်ကာ လေမှုတ်ထုတ်လိုက်သည်။
“မတတ်နိုင်ဘူးလေ အားလုံးက ဒီလိုဖြစ်နေတာ ကြာလှပြီ” ဟု သူက ဆိုသည်။
သူသည် ခေါင်းကို လှည့်ပြီး သူ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။
ထိုအခါမှ ချူစစ်သည် ထိုသူ၏ လက်ကောက်ဝတ်ပေါ်တွင် စမတ်နာရီမျက်နှာပြင်ကဲ့သို့ လင်းလက်နေသော အပြာရောင် အလင်းတစ်ခု လက်ခနဲ လက်ခနဲ ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
“ကျွန်တော် ခဏကြည့်ကြည့်လို့ ရမလား” ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သေနတ်ကျည်ထွက်သွားမည်ကို ကြောက်ရွံ့သဖြင့် ချူစစ်၏ သေနတ်ကို စိုက်ကြည့်နေခဲ့သည်။
ချူစစ်က ငြင်းပယ်ခြင်းမပြုမီ ထိုလူက ရဲရဲဝံ့ဝံ့နှင့် သူ၏ လက်ပတ်မျက်နှာပြင်ကို ထိလိုက်သည်။
ရုတ်တရက် အသံတစ်ခုမှာ ချူစစ် ရှင်းလင်းစွာ ကြားရလောက်သည်အထိ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
မြေပြင် အပူချိန် : 5 ဒီဂရီ နယူး ဆဲလ်စီးယပ်
စိုထိုင်းဆ : ခြောက်သွေ့သည်။
“သတိပေးချက် : အောက်ဆီဂျင် ပမာဏသည် ပုံမှန်ထက် များစွာ နည်းနေပါပြီ၊ ခန့်မှန်းတန်ဖိုးမှာနောက်ဆုံးအချိန် မိနစ် ၃၂ စက္ကန့်နှင့် ၅၇ စက္ကန့် အလိုသာရှိပါတော့သည်”
ဤသတိပေးချက်သည် ချူစစ်အတွက် မစိမ်းလှပါ။ သူသည် လုံခြုံရေး စမ်းသပ်မှု အစီရင်ခံစာ အစည်းအဝေးများတွင် ဤစကားလုံးများကို ကြားဖူးပေသည်။ အောက်ဆီဂျင်၏ ထိုသို့သော ခန့်မှန်းတန်ဖိုးသည် အသက်ရှင်သန်နိုင်သည့် အကန့်အသတ်နှင့် ကိုက်ညီသည်။ ထိုတန်ဖိုးအောက် ကျဆင်းသွားပါက လူတို့သည် မကြာမီ အသက်ရှူကျပ်၍ သေဆုံးလိမ့်မည်ဖြစ်သည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ၏ အသံသည် အနည်းငယ် လေးလံသွားသည်။
“ကြည့်ပါဦး၊ ခင်ဗျား မပစ်ရင်တောင် ကျွန်တော်တို့ အသက်ရှင်ဖို့ ၃၃ မိနစ်အောက်ပဲ ကျန်တော့တယ်”
ချူစစ် ဤစကားကို ကြားလိုက်ရသောအခါ သူ၏ အကြည့်တို့ ရပ်တန့်သွားခဲ့သည်။
ထိုသို့ ဖြစ်နိုင်မည် မဟုတ်ပေ။
အအေးထိန်းတောင့်တို့၏ ဒီဇိုင်းသဘောတရားသည် အလွန်ထူးခြားပေသည်။ ၎င်း၏ စွမ်းအင်အားလုံးမှာကား အိပ်ခန်းအတွင်းမှ စွန့်ပစ်လိုက်သော အငွေ့များကို ပြောင်းလဲအသုံးပြုထားပြီး တကယ်တမ်းတွင် ထိုအငွေ့များ၌ အောက်ဆီဂျင် ပါဝင်နေသည်။ ထိုဒီဇိုင်းကို အသက်််ရှင်သန်နေထိုင်နိုင်ရန် ရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်၏ ။
ဤသဘောတရားများနှင့် လုပ်ဆောင်ချက်များသည် ပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေသည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ချူစစ်၏ အကြည့်ကို သတိပြုမိလိုက်သည်။ သူသည် မြေပြင်ပေါ်မှ အအေးထိန်းတောင့်များဆီသို့ သူ၏ အကြည့်ကို ရွေ့လိုက်ပြီး ပြောလာသည် : “ခင်ဗျား ဘာတွေးနေလဲဆိုတာ ကျွန်တော် သိတယ်၊ ဒါပေမဲ့ အသုံးမဝင်ဘူး။ နှစ်ငါးဆယ် ကြာခဲ့ပြီ၊ ဟန်ချက်ညီမှုတွေ ပျက်စီးသွားခဲ့တာ ကြာပြီ”
ချူစစ်၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ “ဘယ်နှစ်နှစ်ကြာခဲ့တာ..” ဟု မေးလိုက်သည်။
ထိုကြမ်းသုတ်ဝတ်က အခွင့်အရေးတစ်ခုကို တွေ့ရှိခဲ့ပြီး လက်ပတ်မျက်နှာပြင်ကို ထိလိုက်သည်။ လျှပ်စစ်အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
“ဒါဟာ နယူး ဂရက်ဂေါ်ရီယန် ပြက္ခဒိန်အရ ၅၇၆၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ဖြစ်ပါတယ်၊ လက်ရှိ အချိန်...”
စနစ်သံ ပြီးဆုံးသည်ထိ မစောင့်ဘဲ ထိုကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် အသံကို ဖြတ်တောက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်- “စဉ်းစားခြင့်ချိန်ပြီး ကျွန်တော်တို့ စွမ်းအားဆက်ချွေတာဖို့ လိုသေးတယ်”
သို့သော် ချူစစ် သူပြောနေသည့်အရာကို အာရုံမစိုက်မိပေ။
၅၇၆၃ ခုနှစ်လား...
သူသည် ၅၇၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေခင်းကို အတိအကျ မှတ်မိနေခဲ့၏ ။ သူ ပြတင်းပေါက်နားတွင် ရပ်နေစဉ် ကိုယ်ပိုင်ဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ဆရာဝန်တစ်ဦးနှင့် စကားပြောရင်း နေဝင်ချိန် ရောင်ခြည်၏ ရွှေရောင်-အနီရောင်သည် အေးစက်သော အမည်းရောင် သစ်ကြားပင် တောအုပ်ကို ဖုံးလွှမ်းစေခဲ့သည်ကို တွေ့ခဲ့သည်။
တစ်စက္ကန့်လောက် သူ အာကာသ ထောင်ထဲရှိ အန္တရာယ်ရှိသူတစ်ဦးမှ ပေးပို့လိုက်သည့် အချက်အလက်များကို ကြည့်နေဆဲဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူရရှိလိုက်သည့် သတိပေးချက်မှာ—
အဓိကစွမ်းအင်ဖြစ်စဉ် ပြောင်းလဲမှုသည် မသိရသော အကြောင်းရင်းများကြောင့် အရှိန်အဟုန်မြှင့်လာခဲ့ပြီး ကျယ်ပြန့်လာမှုနှုန်းသည် သတ်မှတ်ထားသည့် အမြင့်ဆုံးအကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။ ခန့်မှန်းခြေ ထွက်ပြေးရမည့် အချိန်သည် ၃ မိနစ်နှင့် ၁၁ စက္ကန့် သာ ကျန်တော့သည်။
ရိုးရိုးစကားဖြင့် ပြောရလျှင် : ကမ္ဘာမြေကြီး ပေါက်ကွဲတော့မယ်၊ လူတိုင်း ထွက်ပြေးကြတော့...
သူသည် ထိုသုံးမိနစ်တာ ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အရာများကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ မြေကြီး လှုပ်ခါ ကွဲကြေသွားပုံ၊ သစ်ကြားသီးပင် တောအုပ်ရှိ အအေးထိန်းတောင့်များထဲသို့ ပြေးဝင်ကာ စီမံချက်ကို အသက်သွင်းရန် ကြိုးစားခဲ့ပုံများ...
အအေးထိန်းတောင့်ထဲတွင် ညတစ်ည အိပ်လိုက်ရုံသာရှိသေးသည့် အဖြစ်အပျက်ကဲ့သို့ပင် အရာအားလုံးသည် မနေ့တနေ့ကကဲ့သို့ ကြည်လင်ပြတ်သားနေခဲ့သည်။
သို့သော် သူ နိုးလာချိန်တွင်မူ နှစ်ပေါင်းငါးဆယ် ကြာသွားခဲ့ပြီတဲ့လား...
ခဏတာ ကြောက်ရွံ့မှုက သူ၏ နှလုံးခုန်နှုန်းကို ပြောင်းလဲစေပြီး အောက်ဆီဂျင်ကို ပိုမိုသုံးစွဲမိစေခဲ့သည်။ စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းအပြင် ချူစစ် ပို၍ ပိတ်လှောင်လာသည်ကို ခံစားလိုက်ရသည်။
ကြမ်းသုတ်အဝတ်က သူ၏ အမူအရာကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် ပြန်ပြောလိုက်သည် : “အသက်ပြင်းပြင်းမရှူနဲ့၊ အသက်ကို အရမ်းမရှူလိုက်နဲ့လေ... ကျွန်တော်တို့မှာ အောက်ဆီဂျင်သိပ်မရှိတော့ဘူး၊ မိနစ်သုံးဆယ်ထက်နည်းနေပြီဆိုတာ မမေ့လိုက်နဲ့... ခင်ဗျားမှာ အကြံအစည် ရှိလား၊ ကျွန်တော်က တုံးအတော့ နိုးတာ သုံးနှစ်ကြာတာတောင် ဘာအကြံမှ မရသေးဘူး ... ဒီလို အသက်ရှူကျပ်ပြီး သေရတာက တကယ်ကို ကြောက်စရာ ကောင်းတဲ့ သေခြင်းမျိုးဘဲ...”
ထိုလူက စကားများသူဖြစ်ပြီး စကားများလွန်းသဖြင့် ချူစစ်ကို ခေါင်းကိုက်စေသည်။ သူ့ကို အနားမှာ ထားထားပါက လက်ရှိ အခြေအနေကို မည်သို့မျှ ဖြေရှင်းနိုင်ခြင်းမရှိ၊ ထွက်ပေါက်ရှာရန်တောင် မစဉ်းစားနိုင်မည်မဟုတ်ပေ။
“တိတ်တိတ်နေ” ချူစစ် စကားနှစ်လုံးကို အေးစက်စွာ ပြောလိုက်ချိန် သူ၏ ဝတ်စုံအိတ်ကပ်ထဲမှ တစ်စုံတစ်ခုသည် တုန်ခါသွားသည်။
ချူစစ် အေးခဲသွားပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ အအေးထိန်းတောင့်ထဲမှ ထွက်လာသည့်အချိန် သူ့အိတ်ကပ်ထဲထားခဲ့သည့် ဆက်သွယ်ရေးကိရိယာကို ပြန်လည်ယူလိုက်သည်။
ထိုဆက်သွယ်ရေးကိရိယာသည် လက်ပတ်နာရီနှင့် မတူဘဲ စွမ်းအင်ကို ပိုမိုသုံးစွဲသည်။ နှစ်ငါးဆယ်ကြာတိုင်အောင် စွမ်းအင်ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ မယုံကြည်နိုင်ဖွယ် ဖြစ်သည်။
ယခု တုန်ခါလိုက်သည်ကလည်း "ဘက်ထရီနည်းသွားပြီ၊ မကြာခင် ပိတ်တော့မယ်" ဆိုသည့် သတိပေးချက်ကြောင့် ဖြစ်သည်။
သူသည် ထိုဆက်သွယ်ရေးကိရိယာကို ပိတ်ပြီး အိတ်ကပ်ထဲ ပြန်ထည့်ရန် စီစဉ်နေစဉ် မျက်နှာပြင်ပေါ်တွင် မဖတ်ရသေးသော မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။
ချူစစ် ၏ မျက်ခုံးများ ချက်ချင်း မြင့်တက်သွားသည်။
အကြောင်းအရာကို မကြည့်ဘဲပင် သူ မည်သူ့ထံမှ မက်ဆေ့ချ်လာသည်ကို ခန့်မှန်းနိုင်သည်။ နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင် ဆက်သွယ်ရေး လမ်းကြောင်းကို သူ၏ နောက်တံခါးပေါက်ကဲ့သို့ သုံးစွဲရဲသူ ထိုဆိုက်ကိုပတ် တစ်ယောက်ထံမှသာ ဖြစ်နိုင်သည်။
ထင်သည့်အတိုင်းပင် မက်ဆေ့ချ်သည် အာကာသထောင်မှ ရောက်နေခြင်း ဖြစ်သည်။
ကိုယ့်ရဲ့ ချစ်လှစွာသော အမှုဆောင်အရာရှိ၊ ကိုယ် သတင်းကောင်းပါးစရာ ရှိတယ်...
ကိုယ် ထောင်ထဲကနေ လွတ်လာပြီ
—ဆာ့အာယန်
ချူစစ် : “...”
"ချီးလို သတင်းကောင်း..."