Chapter 1
Viewers 2k

"ဟားဟားဟား၊ သတို့သမီးရဲ့ လှည်းယာဉ်က ဒီနားကနေ မကြာခင် ဖြတ်သွားတော့မယ်!" 

 

"မြို့တော်ရဲ့ နံပါတ်တစ် အလှပဂေးလေး ဘယ်လိုပုံလဲ မမြင်ရရင်တောင် ဒီအလှပဂေး ဘယ်လို လက်ထပ်လဲဆိုတာတော့ အနည်းဆုံး မြင်ရတာပေါ့။" 

 

"မင်းတို့ ပြောတဲ့ မြို့တော်ရဲ့ နံပါတ်တစ်အလှပဂေးက ဘယ်သူလဲ ညီအစ်ကိုတို့?" 

 

"ချူမိသားစုရဲ့ တတိယသခင်မလေး ချူယင်ယင်လေ၊ မင်း ဒါတောင်မသိဘူးလား၊ တခြားနေရာကလား?" 

 

"ဟုတ်တယ်။ ဒါပေမဲ့ သူက မြင့်မြတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ လူတိုင်း ဘယ်လိုပုံလဲဆိုတာ ဘယ်သိနိုင်မှာလဲ?" 

 

"ကျွန်တော်တို့ထဲက ဘယ်သူမှ တတိယသခင်မလေး ချူရဲ့ပုံကို မမြင်ဖူးပေမဲ့ ချူမိသားစုရဲ့ ဒုတိယသခင်လေး ချူဖုန်းချင်ကိုတော့ မြင်ဖူးတာ ကံကောင်းတာပဲ။" 

ထိုလူ နောက်မှ သက်ပြင်းချ၏။ "အင်း~ အင်း၊ အင်း၊ သူက နတ်ဆိုးလိုပဲ ချောတယ်။ သူသာ မိန်းမဖြစ်ရင် ရင်သပ်ရှုမောစရာ ကောင်းလိမ့်မယ်။ ကံအားလျော်စွာနဲ့ သူ့မှာ အမွှာညီမလေးတစ်ယောက်ရှိတယ်။ သူက ချူမိသားစုရဲ့ တတိယသခင်မလေးဘဲ လူတိုင်းက သူတို့ပုံချင်းက နီးပါးတူလိမ့်မယ်လို့ ခန့်မှန်းကြတယ် အဲ့ဒီလိုနဲ့ သူက မြို့တော်ရဲ့ အလှဆုံး အမျိုးသမီးဘွဲ့ကို ရခဲ့တာပဲ။" 

 

"ဪ၊ ငါ နားလည်ပြီ။" 

 

"ဒါဆို ချူယင်ယင်က ဘယ်သူနဲ့ လက်ထပ်တယ်ဆိုတာတောင် မသိဘူးမလား?" 

 

"ဘယ်သူနဲ့လဲ?" 

 

ထိုလူ သူ့အသံကို နိမ့်လိုက်၏။ "ကျီယွီကျင်းနဲ့။" 

 

ဝမ်ယွဲ့မျှော်စင်သည် လူများနှင့် ပြည့်နေ၏။ အထူးသဖြင့် ပြတင်းပေါက်နားမှ ထိုင်ခုံများကို စောစီးစွာ သိမ်းပိုက်ထားခဲ့၏။ လမ်းများပေါ်၌လည်း မင်္ဂလာအခမ်းအနားကို လာရောက် ကြည့်ရှုကြသူများနှင့် ပြည့်နှက်နေသည်။ 

 

ထိုလူစိမ်း၏ မျက်လုံးများ နာမည်ကို ကြားသောအခါ အနည်းငယ် ပြူးကျယ်သွား၏။ "ဒါပေမဲ့ အဲ့ဒီလူကမိန်းမစိုး မဟုတ်ဘူးလား?!" 

 

"ဒါဆို ဒီလက်ထပ်ပွဲက ဟာသတစ်ခုပဲ။ ဒီတတိယ သခင်မလေးအတွက်တော့ သနားစရာပဲ။ မြို့တော်ရဲ့ နံပါတ်တစ် အလှပဂေးက မထင်မှတ်ဘဲ မိန်းမစိုးတစ်ယောက်နဲ့ လက်ထပ်ရတယ်။ သူမ ငါ့လိုအဘိုးကြီးကို လိုက်တာကမှ ပိုကောင်းဦးမယ် အနည်းဆုံးတော့ ငါ့မှာ အမြစ်ရှိသေးတယ်လေ၊ ဟုတ်တယ်မလား? ဒါမှ သူ့ကို ငါ ကောင်းကောင်း စောင့်ရှောက်နိုင်မှာ ၊ ကျီယွီကျင်းက သူ့ကို လက်ထပ်ရင် အလှဆင်ပစ္စည်းလိုပဲ ဖြစ်နေမှာ၊ သူက အဲ့ဒီလိုကိစ္စမျိုး မလုပ်နိုင်ဘူး ဟားဟားဟား။" 

 

"သူမကို အဲ့ဒီငရဲမင်းက ဘယ်လိုနည်းလမ်းတွေနဲ့ နှိပ်စက်မလဲ ဘယ်သူသိမလဲ? တတိယသခင်မလေး ချူက သူ့ကို လက်ထပ်ပြီး သုံးရက်ထက် ပိုအသက်ရှင်မယ် မထင်ဘူး။" 

 

"အဲ၊ ချူမိသားစုက အင်အား ကျဆင်းသွားပြီ။ အရင်တုန်းက ချူမိသားစုက အမွှာညီအစ်ကိုမောင်နှမကို လူတိုင်း အားကျခဲ့ကြတာ၊ ဒါပေမဲ့ သူတို့ ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။" 

 

အဆောက်အအုံထဲတွင် ဆူညံသံများစွာ ရှိ၏။ လူအများစုသည် ကိစ္စတစ်ခုတည်းကို ဆွေးနွေးနေကြသည်.. မိန်းမစိုးဖြစ်သူ ရှီချန် အုပ်ချုပ်ရေးမှူး ကျီယွီကျင်းနှင့် လက်ထပ်ရန် တော်ဝင်မိသားစုမှ ခွင့်ပြုခဲ့ခြင်းပင်။ လက်ထပ်ဖက်မှာ မြို့တော်တွင် နာမည်ကြီးသော ချူယင်ယင်ဖြစ်၏။ 

 

"နောက်ဆုံးတော့ သခင်ကျီ ကံကောင်းတာပဲ။" 

 

"သခင် ဘာသခင်လဲ၊ မွေးကျိုသေကောင်တစ်ယောက်ပဲ၊ တစ်ဝက်တစ်ပျက် ချို့ယွင်းနေတာ။" 

 

"ညီလေး၊ မင်းစကားကို သတိထား!" 

 

ဆိုင်ရှင်သည် အခြေအနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်သောအခါ လာ၍ တောင်းပန်၏။ "လူကြီးမင်းတို့၊ လူကြီးမင်းတို့၊ ဒါက ကျွန်တော်မျိုးရဲ့ လုပ်ငန်းလေးပါ၊ ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးပြီး အဲ့ဒီလူအကြောင်း ဆက်မပြောကြပါနဲ့။ ကျွန်တော်မျိုး ဒီမှာ လူကြီးမင်းတို့အားလုံးကို တောင်းပန်ပါတယ်၊ ဒီနေ့တော့ အားလုံးရဲ့ လက်ဖက်ရည်ကို အခမဲ့ပေးပါ့မယ် " 

 

ထိုအခါမှ လူတိုင်းသည် သူတို့ မည်သူ့အကြောင်း ပြောနေကြသည်ကို သဘောပေါက်၍ ကြောက်လန့်တကြား ချွေးအေးများ ပျံကုန်၏။ သူတို့ ချက်ချင်း စကားလမ်းကြောင်း ပြောင်း၍ မင်္ဂလာလှည်းယာဉ် ဖြတ်သွားရန်သာ စောင့်ဆိုင်းကြတော့၏။ 

 

တစ်ဖက်တွင်.. 

 

ချူဖုန်းချင်သည် ကြေးမှန်ရှေ့တွင် ထိုင်နေ၏။ သူ့ဘေးတွင် ငွေအပ်များ တန်းစီထားရာ အေးစက်သော အလင်းများ တောက်ပနေသည်။ သူ့ဘေးမှ ကုလားထိုင်ငယ်လေးပေါ်တွင် တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံတစ်ထည် ရှိ၏။ ထိုဝတ်စုံသည် လှပ ဆန်းကြယ်၍ ရွှေချည်ဖြင့် ထိုးထားသော ပုံစံများသည် သေသေသပ်သပ် ရှိသည်။ 

 

"သခင်လေး" စားပွဲထိုးပုံစံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး တံခါးအပြင်ဘက်မှ ဝင်လာပြီး ချန်ဝမ်မှာ ရိုသေစွာ ဆို၏။ "သခင်မလေးနဲ့ မဒမ်က တောင်ဘက်ကို ဦးတည်တဲ့ မြင်းလှည်းကို တက်ပြီးပြီ၊ တောင်ဘက်က လူတွေက သူတို့ကို လာခေါ်ဖို့ စေလွှတ်ထားပြီ။" 

 

ဤစကားကို ကြားရသောအခါ ချူဖုန်းချင် အနည်းငယ် ခေါင်းညိတ်၍ ဆိုလာသည်။ "ကောင်းပြီ။" သူတို့ ထွက်ခွာသွားပြီဖြစ်၍ သူ့အတွက် စိုးရိမ်စရာ မရှိတော့ပေ။ 

 

ထို့နောက် ချန်ဝမ် အထုပ်တစ်ခုကို ထုတ်ယူကာ သိမ်မွေ့သော အကြည့်ဖြင့် စိုက်ကြည့်ကာ "သခင်လေး လိုချင်တဲ့ အရာလည်း အသင့်ဖြစ်ပါပြီ။" 

 

ချူဖုန်းချင် သူ့နှုတ်ခမ်းများကို စေ့ပြီး ဆို၏။ "အဲ့ဒီမှာ အရင်ထားလိုက်ပါ။"

 

သူ လက်လှမ်း၍ ငွေအပ်တစ်ချောင်းကို ယူကာ ဖယောင်းတိုင်မီးပေါ်တွင် ရှို့၏။ သူ၏ ဖြူဖွေး၍ ပါးလွှာသော လက်ချောင်းများသည် အနီရောင် ဖယောင်းတိုင် အလင်းအောက်တွင် ကျောက်စိမ်းနှယ်တဖွယ် အပြစ်ဆိုစရာမရှိချေ။ သူ့မျက်လုံးအရောင်သည် သာမန်လူများထက် အနည်းငယ် ဖျော့တော့သည်။ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း မရှိသကဲ့သို့ပင်။ သူ့နောက်ကျောမှာ မတ်မတ်ဖြစ်နေပြီး ထိုနေရာတွင် ထိုင်နေသော တစ်ကိုယ်လုံးသည် ပန်းချီကားတစ်ချပ်တနှယ်။ ပန်းချီကားထဲမှ လူထက်ပင် ပို၍ နူးညံ့သိမ်မွေ့၏။ 

 

သို့သော် သူ့ပတ်ဝန်းကျင်တွင် အလှမ်းကွာမှုတစ်စုံတစ်ရာ ရှိ၏။ အပြင်ဘက်တွင် ကျနေသော နှင်းထက်ပင် သူသည် ပိုအေးစက်နေပုံရ၏။ 

 

အပ် မီးလောင်လုနီးပါးဖြစ်သောအခါ သူ ကြေးမှန်ကို ကြည့်လိုက်ပြီး သူ့လက်များဖြင့် လည်ပင်းကို စမ်းသပ်၏။ ခဏအကြာတွင် သူ ရပ်လိုက်သည်။ ဤသည်မှာ သွေးခုန်နှုန်း အမှတ်ဖြစ်သည်။ ငွေအပ်ဖြင့် ထိုးလိုက်ရုံဖြင့် အသံကို ပြောင်းလဲနိုင်ပေလိမ့်မည်။ 

 

"သခင်လေး..." ချန်ဝမ်က မချင့်မရဲဖြင့် ဆို၏။ "အဲ့ဒီလူက သခင်လေး ယောက်ျားမှန်းသိရင်..." 

 

ကမ္ဘာပေါ်ရှိလူတိုင်း ကျီယွီကျင်း၊ ရှီချန်အုပ်ချုပ်ရေးမှူးသည် ယောက်ျားများကို အမုန်းဆုံးဖြစ်သည်ကို သိ၏။ သူ ကိုယ်တိုင် ယောက်ျားမဖြစ်နိုင်၍လား မသိချေ။ မည်သို့ပင်ဖြစ်စေ သူ့လက်ထဲကျရောက်သော ယောက်ျား မည်သူမျှ ကောင်းသော အဆုံးသတ် ရှိမည်မဟုတ်ချေ။ ယခု သူ့မိသားစု၏ သခင်လေး ကိုယ်တိုင် အမျိုးသမီးအဖြစ် ဟန်ဆောင်၍ သူ့ကို လက်ထပ်ရမည်မှာ ဆိုဖွယ်ရာမရှိပေ။ 

 

ချူဖုန်းချင် ခဏတာ ရပ်တန့်သွား၏။ "သူ ရှာလို့မတွေ့နိုင်ဘူး..သူက မိန်းမစိုးလေ။" 

 

မိန်းမစိုးတွေကလည်း သူတို့နည်းလမ်းတွေနဲ့ သူတို့ပဲ! သူတို့မှာ လှည့်ကွက်မျိုးစုံရှိတယ်။ ချန်ဝမ် သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ ကြားဖူးသော ညစ်ညမ်းသော ကိစ္စများကို သူ့သခင်လေးအား မည်သို့ပြောပြရမည်ကို မသိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက အမှန်တကယ် စော်ကားရာရောက်ပြီး သူ့သခင်လေးလို လူမျိုးအတွက်ဆိုလျှင် ပို၍ပင် ဖြစ်၏။ သူ တကယ် ပါးစပ် မဖွင့်နိုင်ချေ။ 

 

အချိန်အတော်ကြာ ရုန်းကန်ပြီးနောက် သူ မျက်နှာပူပူဖြင့် ဆိုသည်။ "မိန်းမစိုးတွေလည်း သူတို့နည်းလမ်းတွေ ရှိတာပဲ။ သခင်လေး၊ သခင်လေး လက်ထပ်ပြီးရင် မင်္ဂလာဦးညကို အဆုံးသတ်ရလိမ့်မယ်..." 

 

ချူဖုန်းချင် မျက်မှောင်ကြုတ်၍ ချန်ဝမ်ကို နားမလည်စွာ ကြည့်၏။ ချန်ဝမ်၏ မျက်နှာသည် ပို၍ ပူလာပြီး သူ ရေရွတ်လာသည်။ "ကျွန်တော်... အပြင်က အဖွားကြီးဆီက ကြားခဲ့တာပါ..." 

 

ချန်ဝမ် "အာ" ဟု ရေရွတ်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားရ၏။ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်ကာ "သခင်လေး၊ ကျွန်တော်တို့ နောက်ထပ် နည်းလမ်းတစ်ခုခု ရှိမရှိ စောင့်ကြည့်ရင် မကောင်းဘူးလား?" 

 

သူ မပီမသ ပြောဆို၏။ ချူဖုန်းချင် သူ မည်သည့်အရာကို ပြောလိုသည်ကို သိပ်နားမလည်ချေ။ "ဆက်စောင့်လို့မရတော့ဘူး။" 

 

သူ့လက်ဖြင့် လည်ပင်းရှိ သွေးခုန်နှုန်း အမှတ်ကို ဖိထားပြီး မည်သည့် ခံစားချက်မျှမရှိဘဲ လျင်မြန်စွာ၊ ပြင်းထန်စွာ၊ အေးစက်ပြီး ပြတ်သားစွာ ထိုးသွင်းလိုက်သည်။ 

 

ချန်ဝမ် ခေါင်းစောင်းလိုက်ပြီး သူ့မျက်နှာပေါ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ 

 

သူ့ဖခင်မှာ ထျန်လောင်တွင် အကျဉ်းချခံထားရသည်။ သူ့အစ်ကို၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းသည် နယ်စပ်တွင် မည်သို့ရှိသည်ကို မသိရသေး။ သူ့ညီမကို မိန်းမစိုးတစ်ဦး၏ ကိုယ်လုပ်တော်အဖြစ် စီစဉ်ပေးခဲ့၏။ သူ့မျက်လုံးများမှာ အနည်းငယ် အေးစက်သွားသည်။ ဤအစီအစဉ်မှာ ကြီးကျယ်လှပြီး သူတို့ကို သေစေရန် ရည်ရွယ်နေသည်။ 

 

ထိုအခါ မည်သူ အသက်ရှင်၍ မည်သူ သေမည်ကို သူ ကြည့်ပါဦးမည်။ 

 

ပြင်းထန်သော ချောင်းဆိုးသံသည် ချန်ဝမ်ကို လန့်သွားစေ၏။ ချူဖုန်းချင်သည် ချောင်းဆိုးခြင်းကို ထိန်းရန် နှုတ်ခမ်းများကို စေ့ထားသော်လည်း သူ ကြိုးစားလေလေ ပိုဆိုးလေလေ ဖြစ်၏။ သူ မထိန်းနိုင်တော့ဘဲ သူ၏ ကျောက်စိမ်းနှယ် မျက်နှာမှာ နီရဲလာသည်။ 

 

ချန်ဝမ် အလျင်အမြန် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူ ချူဖုန်းချင်နှင့် အချိန်အတော်ကြာ အတူရှိခဲ့သော်လည်း သူ လှည့်ကြည့်လိုက်သောအခါ သူ့ မျက်နှာ အမူအရာများကြောင့် သူ မှင်သက်သွားပြီး စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ 

 

ချူဖုန်းချင် ရေကိုယူ၍ အနည်းငယ် သောက်လိုက်မှ ချောင်းဆိုးခြင်းကို ထိန်းနိုင်ခဲ့သည်။ သူ့မျက်နှာတွင် ဖျားနာသည့် အရိပ်အယောင်များ ပေါ်နေ၏။ သူ ပြန်ပြောသောအခါ သူ့အသံမှာ ပြောင်းလဲသွား၏။ ကြည်လင်သော မိန်းကလေးအသံသည် ချန်ဝမ်ကို အလွန်အမင်း လန့်သွားစေ၍ သူ့မျက်လုံးများ ကျုံ့သွား၏။ ရိုးရိုးသားသားပြောရလျှင် ၎င်းသည် သခင်မလေး၏ အသံနှင့် အနည်းငယ် တူနေသည်။ 

 

ထို့အပြင် မူလက ထွက်နေသော သူ့ လည်ပင်းရှိ အာဒမ်ပန်းသီးသည် အနည်းငယ် ပြန်ဝင်သွား၏။ ရှိနေသေးသော်လည်း သိသာထင်ရှားမှု နည်းသွားပြီး မိန်းကလေးတစ်ယောက်နှင့် ကွာခြားမှု မရှိသလောက်ပင်။

 

ချူဖုန်းချင် မျက်မှောင်ကြုတ်၏။ ထင်ရှားစွာပင် အနည်းငယ် မသက်မသာ ဖြစ်နေ၏။ သူ စကားပြောတိုင်း သူ့လည်ချောင်းသည် နာကျင်နေ၏။ သူ ဤနည်းလမ်းကို သူ့ငယ်ဘဝက ဆေးကျမ်းတစ်အုပ်တွင် တွေ့ဖူးသည်။ ၎င်းသည် ရှေးယခင်က လက်ဆင့်ကမ်း မပေးနိုင်ခဲ့သော နည်းလမ်းတစ်မျိုးပင်။ နောက်ဆုံးတွင် ၎င်းသည် လိမ်လည်သည့် နည်းလမ်းဖြစ်၍ မည်သို့လျှင် အန္တရာယ်ကင်းနိုင်မည်နည်း။ 

 

သူ ကြေးမုံမှန်ရှေ့တွင် ဆံပင်စည်းကို ဖြည်လိုက်ရာ သူ့ဆံနက်များသည် ပခုံးတစ်လျှောက်လုံးကို ချက်ချင်း ဖုံးအုပ်သွား၏။ သူ့ဖီးနစ်မျက်လုံးများမှာ အနည်းငယ် မြင့်တက်နေပြီး သူသည် တစ်နိုင်ငံလုံးကို လွှမ်းမိုးနိုင်လောက်အောင် ရင်သပ်ရှုမောဖွယ် လှပနေ၏။ 

 

ချန်ဝမ်၏ မျက်လုံးများ နီရဲလာ၏။ ထိုကဲ့သို့သော သူတစ်ဦး ယခု ယောက်ျားတစ်ယောက်ဖြစ်လျက် မိန်းမစိုးတစ်ဦးနှင့် လက်ထပ်ရမည်။ သူ အသက်ရှင်မည်ပင် မသေချာချေ။ 

 

ချူဖုန်းချင် ချောင်းအနည်းငယ် ထပ်ဆိုး၏။ သူ့မျက်နှာတွင် ဖျားနာသည့် လက္ခဏာများ မှိန်ပျပျ ပေါ်နေ၏။ "ချန်ဝမ်၊ ငါ့ကို အဝတ်အစားလဲပေးပါ။" 

 

"ဟုတ်ကဲ့၊ သခင်လေး။" 

 

ချန်ဝမ်က အထုပ်ကို ဖွင့်လိုက်ရာ ပထမဆုံး မြင်လိုက်ရသည်က အနီရောင် ဒူဒူးကြီး တစ်ထည်ပင်။ ချူဖုန်းချင် ကြည့်လိုက်ပြီး ခေါင်းလှည့်လိုက်၏။ ချန်ဝမ် ရှက်ရွံ့စွာ နှစ်ချက် ချောင်းဆိုးပြီး အထုပ်ထဲမှ လုံးဝန်းသော အလုံးနှစ်လုံးကို ထုတ်လိုက်၏။ သူ သူ့ခေါင်းနောက်ကျောကို ကုတ်လိုက်ပြီး ဆို၏။ "သခင်လေး၊ အချောထည်ကို ရှာမတွေ့ဘူး၊ တခြားသူကို ပေးရင် လျှို့ဝှက်ချက်ကို မထိန်းသိမ်းနိုင်မှာလည်း ကြောက်လို့ ကျွန်တော်ကိုယ်တိုင်ပဲ ပြန်ယူပြီး လုပ်ခဲ့ရတယ် ခဏလေး စောင့်ပါဦး။" 

 

ချူဖုန်းချင်သည် ထိုမနှစ်မြို့ဖွယ် မြင်ကွင်းကို ရှောင်ရန် မျက်လုံးများကို မှိတ်ထား၏။ သူ့၏ ရှည်လျားသော ကျီးကန်းအတောင်လို မျက်တောင်များမှာ အနည်းငယ် တုန်ယင်နေသည်။ သူ ဤအရာကို သူ့ကိုယ်ပေါ်တွင် မည်သို့ ဝတ်ရမည်ကို စဉ်းစားမရနိုင်ပေ။ 

 

ချန်ဝမ်သည် အပ်ချုပ်ခြင်းကို တစ်ခါမျှ မလုပ်ဖူးချေ။ အချိန်အတော်ကြာ လုပ်ပြီးနောက် သူ့နှာခေါင်းဖျားများမှ ချွေးများ စိမ့်ထွက်လာ၏။ သူ အဆိုပါ အရာများကို အတွင်းခံအဝတ်ပေါ်တွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။ 

 

"သခင်လေး၊ ပြီးပါပြီ။" 

 

"အင်း။" ချူဖုန်းချင်သည် ထိုကိုယ်ပိုင်ပစ္စည်းကို ယူလိုက်၏။ ချန်ဝမ်၏ မျက်လုံးများ အနည်းငယ် လက်သွားပြီး သူ အရင်ထွက်၍ တံခါးကို ပိတ်၏။ 

 

ချူဖုန်းချင် သူ့နှုတ်ခမ်းများကို စေ့လိုက်၏။ ဒီအထိ လုပ်ဖို့ လိုအပ်လို့လား? ကျီယွီကျင်းက မိန်းမစိုးမဟုတ်ဘူးလား? ဒါကို မဝတ်လဲ အဆင်ပြေသင့်တာပဲ။ 

 

သူ၏ ပုံမှန် အေးစက်သော မျက်နှာတွင် ရှားရှားပါးပါး အမူအရာတစ်ခု ပေါ်လာ၏။ ရှက်ရွံ့ခြင်းနှင့် တွန့်ဆုတ်ခြင်း ဖြစ်၏။ သို့သော် ချန်ဝမ်၏ အရင်စကားများကို ပြန်တွေးကြည့်သောအခါ ချူဖုန်းချင် အလျှော့ပေးလိုက်ရ၏။ 

 

သူ ညီမကို ကာကွယ်နေခြင်းဖြစ်သည်။ ဖခင်ကလည်း ထောင်ထဲတွင် ဆက်လက် ခံစားနေရ၏။ ကျီယွီကျင်းကို သူ ဆက်ပြီး ဆန့်ကျင်နေလျှင် သူ သေဆုံးရလိမ့်မည်။ သူတစ်ယောက်တည်း သေဆုံးခြင်းက အဆင်ပြေလိမ့်မည်၊ မည်သို့ပင်ဖြစ်စေ သူ အသက်ရှည်ရှည် နေရမည်မဟုတ်ချေ။ 

 

သို့သော် သူသည် တစ်ဦးတည်း မဟုတ်ချေ။ သူ့တွင် ကာကွယ်လိုသော သူများ ရှိ၏။ အနည်းငယ်မျှ လှုပ်ရှားလိုက်လျှင် တစ်ကိုယ်လုံးကို ထိခိုက်နိုင်သည်ဖြစ်ရာ သူ အလွန်အမင်း သတိထားရမည်ပင်။ 

 

သူ အဝတ်အစားများကို ချွတ်လိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရောင်ကို ထုတ်ပြ၏။ သူ့နောက်ကျောရှိ လိပ်ပြာအရိုးများက သေသပ်လှပပြီး ပြီးပြည့်စုံ၏။ တောက်ပသော အနီရောင်ကြိုးသည် သူ့လည်ပင်းတွင် ချည်နှောင်ထား၏။ အနီရောင်သည် သူ့၏ နှင်းလိုဖြူသော အသားအရေကို ပို၍ လှပစေ၏။ 

 

ချူဖုန်းချင်သည် သူ့ကြယ်သီးများကို ပေါ့ပေါ့ပါးပါး တပ်လိုက်ပြီး အတွင်းခံအဝတ်ကို အလျင်အမြန် ဝတ်ဆင်၏။ ထို့နောက် ချန်ဝမ်ကို ခေါ်၍ သူ့မင်္ဂလာဝတ်စုံကို ဝတ်ဆင်ရာတွင် ကူညီစေ၏။ ဝတ်စုံမှာ အနည်းငယ် ရှုပ်ထွေး၍ သူ တစ်ယောက်တည်း မဝတ်ဆင်နိုင်ချေ။ 

 

မင်္ဂလာဝတ်စုံသည် မီးလိုတောက်ပ၏။ အလှပဂေးသည် နှင်းလို ဖြူစင်၏။ နီမြန်းသော အရောင်သည် အဆုံးအစွန်မရှိ ကျယ်ပြော၏။ 

 

သတို့သမီးအရံသည် အနီရောင်ပဝါကို ဝှေ့ယမ်း၏။ သူ့နောက်တွင် ဂန်နှင့် ဗုံများကို တီးခတ်၍ လူအများကြီး လိုက်ပါလာကာ ရှစ်ယောက် ထမ်းလှည်းယာဉ်က အလွန်စည်ကားသည်။ သို့သော် ရှေ့တွင် မြင်းတစ်ကောင်သည် ဗလာဖြစ်နေ၏။ လက်ထပ်ရမည့်သူ တစ်ယောက်မျှ မရှိချေ။ 

 

"ကျီယွီကျင်း ဘယ်မှာလဲ?" 

 

"ဘယ်သူသိမလဲ? သူ တခြားနေရာမှာ လူသတ်နေသေးလား မသိဘူး။" 

 

"မင်္ဂလာဆောင်နေ့မှာ သတို့သားကို မတွေ့ရတာ စိတ်ဝင်စားစရာပဲ။" 

 

သတို့သမီးအရံသည် လှည်းယာဉ်ကို ခြံဝင်းငယ်လေးတစ်ခုရှေ့တွင် ရပ်လိုက်၏။ ထို့နောက် လှည့်၍ အိမ်ထဲသို့ ဝင်သွား၏။ "သတို့သမီး အဝတ်အစားပြင်ဆင်ပြီးပြီလား?" 

 

သူမ အခန်းထဲဝင်လိုက်သောအခါ ဆံနက်ရှည်များဖြင့် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့၏။ ရွှေဆံထိုးတစ်ချောင်းတည်းသာ ထိုးထားပြီး မည်သည့်မိတ်ကပ်မျှ မလိမ်းထားချေ။ သတို့သမီးအရံ အနည်းငယ် မှင်သက်သွား၏။ သူမ အသက်တစ်လျှောက်လုံး ဤမျှ လှပသော အမျိုးသမီးကို မမြင်ဖူးဟု ကျိန်ဆို၏။ သူမ ရှေ့တွင် ရပ်နေရခြင်းက လူများကို ရှက်ရွံ့

စေ၏။ သူမသည် အမှန်ပင် မြို့တော်၏ နံပါတ်တစ်အလှပဂေး ဖြစ်ပေ၏။ 

 

ဤသည်မှာ ဝတ်စုံပင်... 

 

သတို့သမီးအရံ မေးသည်။ "သတို့သမီး၊ ဒါက နည်းနည်း ရိုးရှင်းလွန်းတာ မဟုတ်ဘူးလား?" 

 

ချူဖုန်းချင် ပြန်ဖြေ၏။ "မဟုတ်ဘူး။" 

 

သတို့သမီးအရံက "........." ကောင်းပြီ။ သခင်ကျီလည်း အခု မြို့တော်မှာ မရှိဘူးလေ။ သူမ ကျီအိမ်တော်ကို တွေးမိသောအခါ ကြက်သီးမွှေးညင်းများ ထလာ၏။ ထိုအရာသည် မင်္ဂလာဆောင်နှင့် လုံးဝမတူချေ။ 

 

သို့သော် ချူမိသားစုကလည်း ရက်စက်၏။ ချူမိသားစု၏ ဒုတိယသခင်လေး ချူတွင် ပန်းနာရင်ကျပ်ရှိ၍ ချူမဒမ်သည် သူ့ကို ဆေးရှာရန် တောင်ဘက်သို့ လိုက်ပါသွားသည်ဟု သူတို့ ဆို၏။ သူတို့သည် ဤတတိယသခင်မလေးကို လုံးဝ ဂရုမစိုက်ကြချေ။ သို့သော်လည်း ၎င်းသည် မှန်ကန်၏။ ချူမိသားစုသည် မျိုးဆက်ပေါင်းများစွာ အင်အားကြီးမားခဲ့သည်။ သူတို့ ဒုက္ခရောက်သောအခါ သူတို့၏ သမီးအရင်းကို မိန်းမစိုးတစ်ဦးနှင့် လက်ထပ်ပေးခဲ့၏။ ၎င်းကို ပြန့်ပွားစေခြင်းက အမှန်တကယ် ရှက်စရာကောင်းပြီး မိသားစု၏ ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မည်။ ဆက်ဆံရေးကို ဖြတ်တောက်ခြင်းမှာ ပိုကောင်းပါသည်။ 

 

သို့သော် လက်မထပ်လိုဟု ပြောဆိုလျှင်လည်း ချူအဘိုးကြီးမှာ ထျန်လောင်တွင် အကျဉ်းချခံထားရဆဲ ဖြစ်ပြီး သူ့အသက်ရှင်ခြင်း၊ သေဆုံးခြင်းသည် အထက်အရာရှိများ၏ စကားပေါ်တွင်သာ မူတည်နေသည်။ တတိယသခင်မလေး ချူအတွက်တော့ သနားစရာပင်။ သူမ၏ တစ်သက်တာလုံး ဤသို့ပင် ပျက်စီးရချေပြီ။ 

 

"ဒါဆို သွားကြရအောင်။ မင်္ဂလာလှည်းယာဉ် အပြင်မှာ စောင့်နေပြီ။" 

 

ချန်ဝမ်က သူ့ကို မျက်နှာဖုံးတစ်ခု ယူလာပေး၏။ ချူဖုန်းချင် အနည်းငယ် မျက်မှောင်ကြုတ်၏။ စက်ဆုပ်ရွံရှာမှု အနည်းငယ် သူ့မျက်လုံးများတွင် လျင်မြန်စွာ ပေါ်လာသော်လည်း ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း မရှိသော သူ့အမူအရာသို့ ချက်ချင်း ပြန်ရောက်သွား၏။ 

 

ချူဖုန်းချင် ထရပ်လိုက်သည်နှင့် သတို့သမီးအရံမှ သူ့ကို မော့ကြည့်ပြီး စိတ်ထဲမှ တွေး၏။ "ဒီသခင်မလေးက တကယ်ကို အရပ်ရှည်တာပဲ။" 

 

သူ၏ အမြင်အာရုံကို အနီရောင်သည် ပိတ်ဆို့ထား၏။ သူသည် ချန်ဝမ်၏ အကူအညီဖြင့် ထွက်ခွာသွားကာ မည်သူမျှ သူ့ကို လာပို့ခြင်း မရှိချေ။ မည်သူမျှ သူ့ကို အားပေးခြင်း မရှိချေ။ ဗလာနတ္တိဖြစ်​​သော လေထုထဲတွင် သူ တံခါးခုံကို ဖြတ်ကျော်၍ ထွက်ခွာသွားသည်။ သူ မင်္ဂလာလှည်းယာဉ်ရှေ့သို့ ရောက်သောအခါ ချန်ဝမ် မထိန်းနိုင်တော့ဘဲ မျက်ရည်တစ်စက် ချူဖုန်းချင်၏ လက်ပေါ်သို့ ကျရောက်၏။ 

 

ချူဖုန်းချင် အနည်းငယ် မှင်သက်သွား၏။ သူ့လက်များမှာ ပူ၍ နာကျင်နေ၏။ မီးလောင်ထားသကဲ့သို့ပင်။ သူ ရပ်လိုက်ပြီး ညင်သာစွာ သက်ပြင်းချ၏။ "ငါ ထွက်သွားပြီးနောက် မင်း တောင်ဘက်ကို သွားပြီး မဒမ်ကို ရှာပြီး သူတို့ကို ငါ့ကိုယ်စား ဂရုစိုက်ပေးပါ။" 

 

"ကျေးဇူးပြု၍။" 

 

"အင်း။" ချန်ဝမ် သူ့နှုတ်ခမ်းများကို တင်းတင်းကိုက်ထားပြီး အသံမထွက်ဝံ့ချေ။ သူ ခေါင်းကို နောက်ပြန်လှန်၍ မျက်ရည်များ မကျအောင် အစွမ်းကုန် ကြိုးစား၏။ သူ့သခင်လေး ကြားပြီး မသက်မသာ မဖြစ်စေချင်ပေ။ 

 

"သတို့သမီး လှည်းယာဉ်ပေါ် တက်တော့မယ်!" 

 

သတို့သမီးအရံ၏ ကျယ်လောင်သော အော်ဟစ်သံ နောက်တွင် ချန်ဝမ် သူ့လက်များကို ပွတ်သပ်ရင်း မနေနိုင်ဘဲ အော်လိုက်၏။ "သခင်...သခင်မလေး၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ပါ!" 

 

ချူဖုန်းချင် သူ့ကို ပြန်မဖြေချေ။ အနီရောင် ပန်းထိုးဖိနပ်ဖြင့် မင်္ဂလာလှည်းယာဉ်ထဲသို့ ဝင်ရောက်သွား၏။

 

လှည်းယာဉ်သည် လမ်းတစ်လျှောက် အနည်းငယ် ခုန်နေ၏။ ချူဖုန်းချင် သူ့မျက်နှာဖုံးကို ချွတ်လိုက်ရာ သူ၏ ဖြူဖျော့သော နှုတ်ခမ်းများ ပေါ်လာ၏။ သူ့မင်္ဂလာဝတ်စုံ၏ လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ဝှက်ထား၏။ နောက်လက်ထဲတွင် ငွေအပ်အနည်းငယ် ရှိသည်။ 

 

ကျီယွီကျင်း သတို့သမီးကို လာခေါ်ခြင်း မရှိသည်ကို သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကျီယွီကျင်းသည် သူ၏ အစီအစဉ်တွင် မတည်ငြိမ်သော အခြေအနေတစ်ရပ် ဖြစ်၏။ ဤလူတွင် ထူးဆန်းသော စရိုက်ရှိ၍ နားလည်ရန် အမှန်တကယ် ခက်ခဲလှသည်။ 

 

အရင်နှစ်များက သူ့ကျန်းမာရေးကြောင့် တောင်ဘက်တွင် အနားယူနေစဉ်က သူ ကျီယွီကျင်းနှင့် မည်သည့်အခါမျှ မဆက်ဆံခဲ့ရချေ။ သူငယ်စဉ်က တော်ဝင်အကယ်ဒမီတွင် တစ်ကြိမ်သာ တွေ့ဆုံဖူး၏။ ထိုစဉ်က ကျီယွီကျင်းသည် ချန်နန်၏ အိမ်ရှေ့မင်းသားအဖြစ် ရှိနေသေးပြီး အလွန် လွတ်လပ်ပေါ့ပါး၍ မဆင်မခြင် ဖြစ်၏။ နောက်ပိုင်း မည်သည့်အရာ ဖြစ်ပျက်ခဲ့၍ သူ နန်းတော်ထဲဝင်ကာ မိန်းမစိုး ဖြစ်လာသည်ကို မသိရချေ။ 

 

သို့သော် သူ တောင်ဘက်တွင် ရှိနေသော်လည်း သူ့လုပ်ရပ်များကို ကြားသိခဲ့ရ၏။ သူသည် သစ္စာရှိ၍ ကောင်းသော လူများကို နှိပ်စက်ပြီး ယင်ကောင်များကဲ့သို့ သတ်ဖြတ်သည်။ သူ နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟု ပြောခြင်းသည် ချဲ့ကားခြင်း မဟုတ်ချေ။ သူ့နာမည်က ကလေးငယ်များ ညဘက် ငိုခြင်းကိုပင် ရပ်တန့်စေနိုင်ပေ၏။ 

 

သူ အုပ်ချုပ်သော ရှီချန်သည် မူလ တုန်းချန်ကို နှစ်နှစ်အတွင်း ကျော်လွန်သွားခဲ့၏။ ကျင်းယီဝေသည် သူ့လက်အောက်တွင် ရှိ၏။ တော်ဝင်အာဏာ၏ အထူးခွင့်ပြုချက်ဖြင့် သူသည် လူများကို အရင် ကွပ်မျက်ပြီးမှ နောက်မှ အစီရင်ခံနိုင်ရာ သူ့အာဏာသည် အလွန်အမင်း ကြီးမား၏။ 

 

သို့သော် ကျီယွီကျင်းသည် သူ့အတွက် အခွင့်အလမ်း တစ်ခုလည်း ဖြစ်​လေသည်။ သူ ဤလူကို သိမ်းသွင်းနိုင်လျှင် သူ လုပ်ဆောင်ရန် များစွာ ပိုမိုလွယ်ကူပေလိမ့်မည်။ 

 

လှည်းယာဉ် ရပ်တန့်သွား၏။ ချူဖုန်းချင် ကုလားကာကို အနည်းငယ် ဖွင့်လိုက်ပြီး မော့ကြည့်လိုက်ရာ "ကျီအိမ်တော်" ဟူသော စာလုံးများကို မြင်လိုက်၏။ ထို့နောက် သူ ခေါင်းကို မျက်နှာဖုံးဖြင့် ပြန်အုပ်လိုက်၏။ 

 

သတို့သမီးအရံသည် သူ့ကို ထောက်မပြီး အိမ်တော်ထဲသို့ ဝင်သွား၏။ 

 

မှတ်ချက်များ: 

 

• ရှီချန် (Xichang): မြင်းမင်းဆက်ခေတ်က မိန်းမစိုးများ စီမံခန့်ခွဲသော လျှို့ဝှက်ရဲတပ်ဖွဲ့နှင့် စပိုင်အဖွဲ့အစည်းတစ်ခု။ 

 

• ထျန်လောင် (Tianlao): များသောအားဖြင့် မြို့တော်ရှိ တော်ဝင်နန်းတော်မှ တိုက်ရိုက် စီမံခန့်ခွဲသော ထောင်ကို ရည်ညွှန်းသည်။ 

 

• ဒူဒူး (Dudou): တရုတ်အမျိုးသမီးများ သို့မဟုတ် ကလေးများအတွက် ရိုးရာ အတွင်းခံ ဝတ်စုံတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ပိုးဖြင့် ပြုလုပ်ထားကာ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ဖုံးအုပ်ပြီး လည်ပင်းနှင့် ခါးတွင် ချည်နှောင်ထားသည်။ 

 

• တုန်းချန် (Dongchang): မြင်းမင်းဆက်ခေတ်မှ မိန်းမစိုးများ စီမံခန့်ခွဲသော လျှို့ဝှက်ရဲတပ်ဖွဲ့နှင့် စပိုင်အဖွဲ့အစည်းတစ်ခု။ 

 

• ကျင်းယီဝေ (Jinyiwei): တရုတ်ပြည် မင်းဆက်ဘုရင်များကို အမှုထမ်းခဲ့သော တော်ဝင်လျှို့ဝှက်ရဲတပ်ဖွဲ့။