Ch 1
Viewers 446

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ် 


အပိုင်း ၁






၂၁၃၅ ခုနှစ်၊ ကမ္ဘာပျက်ကပ်ဆိုက်ရောက်ပြီး တတိယမြောက်နှစ် ဖြစ်လေသည်။



ထျဲလန်ယန်သည် အတော်လေးကို ကသိကအောက်နိုင်လှသည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ရသည်။



သူမသည် ကမ်းပါးယံအစွန်းရှိ သစ်ပင်ကြီးတစ်ပင်တွင် ဇောက်ထိုးတွဲလောင်း ဆွဲထားခြင်းခံနေရပြီး သူမ၏ ခြေထောက်များသည် သွေးဆာနေသော ကြောက်မက်ဖွယ် ဇွန်ဘီအုပ်ကြီး၏ အပေါ်တွင် မရေမရာဖြင့် တန်းလန်းရှိနေသည်။ သူမ၏အောက်တွင်မူ အောက်ခြေမမြင်ရသော ချောက်နက်ကြီးတစ်ခု ရှိနေပြီး ချောက်နက်ထဲမှ အေးစိမ့်သောလေရူးများ တိုးဝှေ့တိုက်ခတ်နေသည်။



ထွက်ပြေးစရာ လမ်းမရှိတော့ပေ။ မနားမနေ လိုက်နေသော အသေကောင်များနှင့် ဘေးအန္တရာယ်ကြီးမားလှသော ချောက်ကမ်းပါးအကြား ပိတ်မိနေပြီး သူမ၏ ဆုပ်ကိုင်ထားမှု အနည်းငယ် လွတ်ထွက်သွားသည်နှင့် သေခြင်းတရားမှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။



ထျဲလန်ယန်သည် လုံးဝကို အကြံအိုက်နေတော့သည်။



သူမတွင် မကြာသေးမီကပင် မမျှော်လင့်ဘဲ ရရှိထားသည့် ကျောက်စိမ်းဆွဲသီးထဲမှ နေရာလွတ်တစ်ခု ရှိလေသည်။ သို့သော် ထိုနေရာလွတ်မှာ ကောင်းချီးတစ်ခုထက် ဝန်ထုပ်ဝန်ပိုးတစ်ခုနှင့် ပို၍တူနေသည်။ ၎င်းမှာ အဆုံးမရှိသော မြေမည်းများ ဝန်းရံထားသည့် ခြံဝင်းငယ်နှင့် ဝါးအိမ်လေးတစ်လုံးသာရှိသော ဖုန်ထူသည့် နေရာလွတ် ဖြစ်နေသောကြောင့် ဖြစ်သည်။



မြစ်ချောင်းများ၊ မြက်ခင်းပြင်များ၊ သစ်တောများလည်း မရှိသလို အစားအစာလည်း မရှိပေ။ ထိုခြောက်ကပ်လှသော နေရာထဲတွင် ပိုးဟပ်တစ်ကောင်ပင် သုံးရက်ကြာအောင် ရှင်သန်နိုင်မည်မဟုတ်ပါ။



သူမသည် ထိုနေရာထဲသို့ ရောက်ဖူးပြီးဖြစ်ရာ ထိုနေရာမှာ ရွေးချယ်စရာလမ်း မဟုတ်တော့ကြောင်း သိထားသည်။ ဇွန်ဘီများလက်မှ လွတ်မြောက်သွားလျှင်တောင်မှ သူမသည် တူညီသော ဒုက္ခထဲသို့သာ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။



ဤသစ်တောအတွင်းသို့ အန္တရာယ်ရှိသော ခရီးကို လာခဲ့ရခြင်းမှာ သူမ၏ စခန်းအတွက် တန်ဖိုးကြီးဆေးဖက်ဝင်မှိုတစ်မျိုးဖြစ်သည့် နှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးမှိုကို ရှာဖွေစုဆောင်းရန် တာဝန်ကြောင့် ဖြစ်သည်။



ကမ္ဘာပျက်ကပ် သုံးနှစ်တာကာလအတွင်း ကမ္ဘာကြီးသည် ပျက်စီးယိုယွင်းခဲ့ရပြီး မြို့ပြများ ပျောက်ကွယ်ကာ အပင်နှင့် တိရစ္ဆာန်အများစုမှာလည်း အဆိပ်သင့်ကုန်ကြပြီ ဖြစ်သည်။ သူမ၏ နေရာလွတ်ထဲရှိ မြေမည်းများသည် အဆိပ်အတောက် မထိတွေ့ရသေးသော နောက်ဆုံးမြေရိုင်းများ ဖြစ်နိုင်သည်။



သူမသည် တစ်ခုခုကို စိုက်ပျိုးချင်သော်လည်း မျိုးစေ့များ မရှိခဲ့ပေ။ ဤတာဝန်ကို ထမ်းဆောင်နေစဉ် တောရိုင်းမျိုးစေ့အချို့ကို ရှာတွေ့ရန် မျှော်လင့်ခဲ့သော်လည်း မျိုးစေ့အစား ဇွန်ဘီအုပ်နှင့်သာ တိုးခဲ့ရသည်။



ထို့ပြင် ၎င်းမှာ သူမ လင်ဇီးမှိုကို ဆွတ်ခူးနေစဉ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းပင် ဖြစ်သည်။



ယခုအခါ သူမသည် ဘယ်ဘက်လက်တွင် တန်ဖိုးကြီးမှိုကို ကိုင်ထားပြီး ညာဘက်လက်တွင် ဓားမြှောင်ကို ဆုပ်ကိုင်လျက် သစ်ပင်ပေါ်တွင် တွဲလောင်းခိုနေရသည်။



သူမ၏ ကိုယ်အလေးချိန်ကြောင့် သစ်ကိုင်းမှာ အသံမြည်နေပြီး အချိန်မရွေး ကျိုးကျတော့မည့် အခြေအနေတွင် ရှိနေသည်။



နောင်တလှိုင်းများ သူမ၏ရင်ထဲသို့ ဖြတ်သန်းသွားသည်။ သူမသည် ဘာကြောင့် မျောက်တစ်ကောင် မဖြစ်ခဲ့ပါသနည်း။ လက်နှစ်ဖက်ကို လျင်မြန်စွာ လွှဲယမ်းလိုက်ရုံဖြင့် ဤအကျပ်အတည်းမှ လွယ်ကူစွာ လွတ်မြောက်နိုင်မည် မဟုတ်ပါလား။



"တောက်။"



နံစော်နေသော စေးကပ်ကပ် အရည်များ သူမ၏ မျက်နှာပေါ်သို့ စင်ဟပ်သွားသည်။



သူမ၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။



သူမ ခေါင်းကို လှည့်ကြည့်လိုက်မိသည်။



အို... ဘုရားသခင်။



ဦးနှောက်တစ်ဝက်သာ ကျန်တော့သော ပုပ်ပွနေသည့် ဇွန်ဘီတစ်ကောင်မှာ သူမရှိရာသို့ သစ်ပင်ပေါ်သို့ တက်လာနေပြီး ၎င်း၏ ပုပ်ရိနေသော အသားများထဲမှ အရည်များ စိမ့်ထွက်ကာ စီးကျနေသည်။



ထျဲလန်ယန်သည် စိတ်လှုပ်ရှားလွန်း၍ သွေးပင်အန်ချင်သလို ဖြစ်သွားသည်။



"ဟေ့.. တစ်လုတ်လောက် စားရဖို့အတွက် ဒီလောက်အထိ အားထုတ်ရကျိုးနပ်ရဲ့လား။"



"ဒုန်း။ ဒုန်း။"



အခြားဇွန်ဘီများသည်လည်း ၎င်းတို့၏ အပေါင်းအဖော်ကို အတုယူကာ မုန့်လုံးရေပေါ်များကဲ့သို့ ကမ်းပါးပေါ်မှ ခုန်ချလာကြသည်။ အချို့မှာ ချောက်ထဲသို့ ကျသွားကြပြီး အချို့မှာမူ သစ်ပင်များပေါ်တွင် တင်ကျန်နေခဲ့ကြသည်။



သစ်ပင်များပေါ်ရှိ ဇွန်ဘီအရေအတွက်မှာ ပို၍များပြားလာပြီး ၎င်းတို့၏ ပုပ်ပွနေသော ကိုယ်ခန္ဓာများဖြင့် သူမရှိရာသို့ ကုတ်ခြစ်တက်လာကြသည်။



"ဟေ့... လူကို တံထွေးနဲ့ ထွေးတာ ရိုင်းတယ်နော်။ နောက်ဘဝကြရင် အဲဒါကို မှတ်ထားဦး။"



ထျဲလန်ယန်သည် သူမ၏ ဓားမြှောင်ဖြင့် ဦးနှောက်တစ်ဝက်ကျန် ဇွန်ဘီကို လျင်မြန်စွာ သုတ်သင်လိုက်သည်။ ထို့နောက် အရှိန်အဟုန်ဖြင့် ကန်ထုတ်ကာ သူမကိုယ်သူမ ချောက်နက်ထဲသို့ ပစ်ချလိုက်သည်။



မည်သူမဆို တစ်နေ့တွင် သေကြရမည်သာ ဖြစ်ရာ ဇွန်ဘီများ၏ အပိုင်းပိုင်းဆွဲဖြဲခြင်းကို ခံရမည့်အစား ချောက်ထဲတွင် အမြန်ဆုံး သေဆုံးရခြင်းက ပို၍ကောင်းမွန်လှသည်။



ထျဲလန်ယန်သည် သူမ၏ ကံကြမ္မာကို ထူးဆန်းသော ကြည်လင်ပြတ်သားမှုဖြင့် လက်ခံလိုက်သည်။



သူမ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ တီဗွီထဲမှ မြင်ကွင်းများကို အတုယူလျက် လေထဲမှ အလွတ်ပြုတ်ကျခြင်း၏ စိတ်လှုပ်ရှားမှုကို ရင်ဆိုင်လိုက်သည်။



ရုတ်တရက် မှတ်ဉာဏ်တစ်ခု သူမ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသည်။



ထျဲလန်ယန်၏ မျက်လုံးများ ပွင့်လာပြီး သူမ၏ ရှင်သန်လိုစိတ်မှာ ပြန်လည်နိုးထလာသည်။



မဟုတ်ဘူး။ သူမ အခု သေလို့မဖြစ်သေးဘူး။



သူမ၏ နေရာလွတ်ထဲတွင် ခေါက်ဆွဲတစ်ပန်းကန် ချက်ပြုတ်ထားခဲ့သော်လည်း စားပင်မစားရသေးပါလား။



"အို... ကျေးဇူးပြုပြီး ငါ ပြုတ်ကျတဲ့ အရှိန်ကို လျှော့ပေးပါဦး။ သန်းခေါင်ယံအထိ အသက်ရှင်ခွင့်ပေးပါ၊ ဒါမှ ငါ့ရဲ့ နေရာလွတ်ထဲက ခေါက်ဆွဲကို စားလို့ရမှာ။ အဲဒါ စားပြီးမှပဲ သေတော့မယ်။"



ထျဲလန်ယန်သည် သူမ၏ ခန္ဓာကိုယ်ကို အသည်းအသန် လိမ်ယှက်ကာ လေထဲတွင် ထူးဆန်းသော ဇောက်ထိုးကကွက်တစ်ခုကို ကပြနေသည်။



ရလဒ်ကတော့ သူမ ပြုတ်ကျသည့် အရှိန်မှာ ပို၍ မြန်ဆန်သွားခြင်းသာ ဖြစ်သည်။



"ဘန်း။"



သူမ၏ ဦးနှောက်များမှာ လွင့်စင်သွားပြီး မြေပြင်မှာ သွေးရောင်များဖြင့် ရဲရဲနီသွားတော့သည်။



သေဆုံးသွားသည့်တိုင်အောင် ထျဲလန်ယန်သည် သူမ၏ ခေါက်ဆွဲကို မေ့မရနိုင်ခဲ့ပေ။



ထို့ကြောင့် သူမ နောက်တစ်ကြိမ် မျက်လုံးပြန်ပွင့်လာပြီး ရှေ့မှ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပန်းကန်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်စိကိုပင် သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။



"ညည်း ဗိုက်ဆာနေမှာပဲ။ ခေါက်ဆွဲစားဦးမလား။"



ပန်းကန်ကို ကိုင်ထားသော အဘွားအိုတစ်ဦးက နွေးထွေးစွာ ပြုံးပြခဲ့သည်။



ထျဲလန်ယန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။



ငရဲပြည်က ကူးတို့သမားဟာ မေ့ဆေးရည်ရောင်းတာကို ရပ်လိုက်ပြီး ခေါက်ဆွဲပိုအစားထိုး ပြောင်းရောင်းနေတာများလား။



"ငါတောင်းဆိုတာကို သဘောတူမယ်ဆိုရင် ညည်းစားချင်သလောက် ခေါက်ဆွဲတွေကို ရစေရမယ်။"



အဘွားအို၏ စကားကြောင့် ထျဲလန်ယန်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။



"ကျွန်မ သဘောတူတယ်။"



ဤသည်မှာ ကြက်သွန်မြိတ်များ ဖြူးထားသည့် ပူပူနွေးနွေးနှင့် မွှေးကြိုင်လှသော ခေါက်ဆွဲများ မဟုတ်ပါလား။



ဘာပဲဖြစ်ဖြစ် အရင်စားပြီးမှ နောက်မှ မေးခွန်းမေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။



"အေး... အဲဒါမှပေါ့။"



အဘွားအိုက ကျေနပ်စွာ ပြုံးလိုက်ပြီး သူမထံသို့ ပန်းကန်ကို ကမ်းပေးလိုက်သည်။



ထျဲလန်ယန်သည် ပန်းကန်ကို လှမ်းယူလိုက်ပြီး ခေါက်ဆွဲများကို တရှူးရှူးတရှဲရှဲဖြင့် လောလောလောလော စားသောက်တော့သည်။



ဆယ်စက္ကန့်ပင် မပြည့်ခင်မှာပင် ပန်းကန်တစ်ခုလုံး ပြောင်သွားခဲ့သည်။



အဘွားအိုမှာ စကားပင် မပြောနိုင်အောင် ဆွံ့အသွားရသည်။



ထျဲလန်ယန်က သူမ၏ ပါးစပ်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "ထပ်ရှိသေးလား။ ဒါက နည်းလွန်းတယ်။"



သူမမှာ တကယ်ပင် ငတ်မွတ်နေခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာပျက်ကပ်လွန်ကာလတွင် သူမ၌ ထူးခြားသော စွမ်းရည်များ မရှိပေ။ ရိုးရှင်းသော တာဝန်များကို ထမ်းဆောင်ပြီး နည်းပါးလှသော ရိက္ခာများကို ရရှိရန်အတွက် သူမ၏ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းကိုသာ အားကိုးခဲ့ရသည်။



သူမ၏ စားချင်စိတ်မှာ အလွန်ကြီးမားလှပြီး ၎င်းမှာ ကမ္ဘာပျက်ကပ်အတွင်း ခက်ခဲစွာ ရှင်သန်ခဲ့ရသည့် နှစ်များ၏ အကျိုးဆက်ပင် ဖြစ်သည်။



"အိုးထဲမှာ... ခေါက်ဆွဲတွေ ရှိသေးတယ်။ နောက်ထပ် ပန်းကန်တစ်ဝက်လောက် ထပ်ထည့်ပေးရမလား။" အဘွားအို မေးလိုက်သည်။



ထျဲလန်ယန်က လက်ကာပြလိုက်ပြီး ပြောသည်။ "အိုးလိုက်ပဲ ယူလာပေးပါတော့။"



အခန်းဝတွင်မူ လူတိုင်းသည် ထျဲလန်ယန် တစ်အိုးလုံးကို ကုန်အောင်စားနေသည်ကို ကြည့်ပြီး မှင်တက်နေကြသည်။



"အမေ... သူက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် စားနိုင်ရတာလဲ။ သူ့ရဲ့ စားပုံသောက်ပုံက အရမ်းရိုင်းတာပဲ။" ဟူရှောင်လျန်က ရွံရှာဖွယ်မျက်နှာထားဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။



"သူ သုံးရက်လောက် ငတ်နေလို့ ဖြစ်မှာပါ၊ အောင့်မထားနိုင်တော့လို့ နေမှာပေါ့။" ဟူရှောင်လျန်၏ အမေဖြစ်သူ ကျန်းချွေ့က ရှင်းပြခဲ့သည်။



"မိန်းမ... မင်းရဲ့ အစီအစဉ်က တကယ်တော်တာပဲ။ ကြည့်ဦး၊ သူ အခုတော့ လိမ်လိမ်မာမာ ဖြစ်သွားပြီ။" ဟူကျူးဇီက တဟီးဟီး ရယ်မောရင်း အမျိုးသမီးငယ်ကို စိုက်ကြည့်နေသည်။



သူသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ယခင်က သတိမထားမိခဲ့ပေ။



သူမသည် အရိုးစုဖြစ်မတတ် ပိန်လှီနေသော်လည်း သူမ၏ ကောက်ကြောင်းများမှာ ငြင်းမရနိုင်အောင် ရှိနေသေးသည်။ သူမ၏ နုနယ်သော မျက်နှာမှာလည်း ဆွဲဆောင်မှု ရှိလှသည်။



ဤမိန်းကလေးမှာ နူးညံ့ပြီး နာခံတတ်သည့်ပုံစံ ရှိသည်။ သူ သူမကို အခွင့်ကောင်းယူနိုင်ပြီး သူမကလည်း ပြန်လည်ပြောဆိုဝံ့မည် မဟုတ်ပေ။



ထျဲလန်ယန်မှာမူ ထိုသူ၏ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကို သတိမထားမိဘဲ အစားအစာအပေါ်တွင်သာ အာရုံစိုက်နေသည်။



သူမသည် နှစ်မိနစ်ပင် မပြည့်ခင်မှာပင် တစ်အိုးလုံးကို ကုန်အောင်စားလိုက်ပြီး ဟင်းရည် နောက်ဆုံးတစ်စက်အထိပင် သောက်ချလိုက်သည်။



သို့သော် သူမ ဗိုက်ဆာနေဆဲပင် ဖြစ်သည်။



"ပေါက်စီတွေရော ရှိသေးလား။" သူမ ကျန်းချွေ့ဘက်သို့ လှည့်၍ မေးလိုက်သည်။



"ပေါက်စီကို ဘာလုပ်ဖို့လဲ။" ကျန်းချွေ့မှာ ဆွံ့အသွားရပြန်သည်။



၎င်းမှာ ခေါက်ဆွဲ နှစ်ပေါင်ခွဲခန့် ရှိပြီး လူငါးယောက် ခြောက်ယောက်စာ အိုးအကြီးကြီး ဖြစ်သည်။



ထိုမိန်းကလေးမှာမူ တစ်ယောက်တည်းနှင့် အကုန်စားပစ်လိုက်သည်။



သူမသည် အတော်လေးကို အစားကြီးသူ ဖြစ်သည်။



ခေါက်ဆွဲများသည် ထိုမိန်းကလေး၏ ပစ္စည်းများ ဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် သူမ၏ အိမ်တွင် နေထိုင်နေကြသဖြင့် အရာအားလုံးမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်ဟု ယူဆထားကြသည်။



အကယ်၍ ထိုမိန်းကလေး၏ အကူအညီကို မလိုအပ်ပါက သူမသည် သူမ၏ စိတ်ထားအမှန်ကို ထုတ်ပြလိုက်သည်မှာ ကြာပြီ ဖြစ်လိမ့်မည်။



"အိုးထဲမှာ ဆီတွေ ကျန်နေသေးလို့လေ၊ ပေါက်စီနဲ့ တို့စားချင်လို့။" ထျဲလန်ယန် မျက်လုံးလေးများ တောက်ပလျက် ရှင်းပြလိုက်သည်။



ကမ္ဘာပျက်ကပ်အတွင်း ဆီဟူသည် တန်ဖိုးကြီးလှသော ကုန်စည်တစ်ခု ဖြစ်ပြီး အထက်တန်းစားများသာ သုံးစွဲနိုင်သည့် ပစ္စည်းဖြစ်သည်။



သူမကဲ့သို့ နောက်ခံမရှိ၊ အထူးစွမ်းရည်မရှိသော လူများမှာ ပြုတ်ထားသော အစားအစာများကိုသာ စားနိုင်ကြသည်။



ဆီမစားရသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ရာ ပြင်းထန်သော ဝမ်းချုပ်ခြင်းကို ဖြစ်စေခဲ့သည်။



ထျဲလန်ယန် အိမ်သာသွားသည့် အကြိမ်တိုင်းတွင် သူမ၏ မျက်နှာမှာ ရှုံ့မဲ့နေရတတ်သည်။



၎င်းမှာ အလွန်ပင် နာကျင်စရာ ကောင်းလှသည်။