Chapter 13
ဝေ့ချင်းရှန် အသံလျှော့လိုက်၏။
“လင်းယွီ... ကိုယ့်ကိုကြည့်... ကိုယ့်ကိုကြည့်ပါ”
ဝေ့ချင်းရှန်သည် လင်းယွီ၏ မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည်။
“ကိုယ် မင်းကို ယုံပါတယ်။ ကိုယ် စိတ်မဆိုးပါဘူး။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်တဲ့အချိန် ကိုယ် မင်းဘေးနား မရှိခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ပဲ ဒေါသထွက်တာပါ။ မင်းက ကိုယ့်ခင်ပွန်းလေးပဲ... ကိုယ် မင်းကို ကာကွယ်ပေးမှာပေါ့”
လင်းယွီ မျက်တောင်ခတ်လိုက်ရာ မျက်ရည်တစ်ပေါက် စီးကျလာသည်။
“တကယ်... တကယ်လား”
“တကယ်ပေါ့”
ပြောပြီးသည်နှင့် ဝေ့ချင်းရှန် ခေါင်းငုံ့ပြီး သူ့ခင်ပွန်းသည်လေး၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ လင်းယွီ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။ သူ ခဏမျှ တောင့်ခဲသွားပြီးမှ ဘာဖြစ်သွားမှန်း သဘောပေါက်လိုက်သည်။ သူ ငိုထား၍ ရှိုက်နေသော်လည်း ဆက်ငိုဖို့ မေ့သွားလေသည်။
သူ့ခင်ပွန်းသည်လေး ဆက်မငိုတော့သည်ကို မြင်မှ ဝေ့ချင်းရှန် စိတ်သက်သာရာ ရသွားသည်။
“အိမ်ပြန်ကြစို့။ အသားတွေ ကူသယ်ပေးပါဦး... ကိုယ့်လက်နှစ်ဖက်လုံး မအားတော့ဘူး... ကိုယ့်ခင်ပွန်းလေးကိုတောင် ဖက်မထားနိုင်တော့ဘူး”
ဝေ့ချင်းရှန်က မြေကြီးပေါ် ပြုတ်ကျနေသော ပစ္စည်းများကို ကောက်ယူလိုက်သည်။ လင်းယွီမှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေရင်း အသားနှင့် သစ်သီးများကို လှမ်းယူလိုက်သည်။
ထိုအခါမှ ဝေ့ချင်းရှန် လက်တစ်ဖက် အားသွားသည်။ သူက လက်တစ်ဖက်ဖြင့် ကြက်လှောင်အိမ်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကြောင်တောင်တောင် ဖြစ်နေသော သူ့ခင်ပွန်းသည်လေးကို တွဲကာ အိမ်ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်လုံး လင်းယွီ ခေါင်းမမော့ရဲပေ၊ ဝေ့ချင်းရှန် ခေါ်ရာနောက်သို့သာ လိုက်ပါလာသည်။ ဝေ့ချင်းရှန်က သူ့ကို ယုံကြည်တယ်တဲ့... ဝေ့ချင်းရှန်က သူ့ကို နမ်းခဲ့တယ်။ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှု အကြွင်းအကျန်များ ပျောက်ကွယ်သွားပြီး စောစောက နူးညံ့သော အနမ်းအကြောင်းသာ သူ့ခေါင်းထဲတွင် ပြည့်နှက်နေတော့သည်။
နှစ်များစွာ ကြာပြီးနောက် ညတစ်ညတွင် လင်းယွီက ဤအဖြစ်အပျက်ကို ပြန်ပြောပြလိမ့်မည်။
“ချင်းရှန်... ခင်ဗျား သိလား? အဲ့ဒီနေ့တုန်းက ခင်ဗျားသာ ကျွန်တော့်ကို မယုံခဲ့ရင် ကျွန်တော် အမေ့ဆီ လိုက်သွားတော့မလို့။ ကျွန်တော် အရမ်း ကြောက်ခဲ့တာ... ခင်ဗျား ကျွန်တော့်ကို စွန့်ပစ်သွားမှာ အရမ်း ကြောက်ခဲ့တယ်... ကျောက်မိသားစုဆီ ပြန်ရမှာကို အရမ်း ကြောက်ခဲ့တာ”
___
ထိုအချိန်တွင် ကျောက်မိသားစု၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
တောကြက်နှစ်ကောင်နှင့် အသားများ ပြန်ပါသွားသဖြင့် ချိုက်ချွန်းဟွားမှာ ဒေါသကြောင့် မေ့လဲသွားသည်။ ကျောက်တာ့ကျစ်မှာမူ ရေကန်ထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေဆဲပင်။
ရာသီဥတု အနည်းငယ် နွေးလာပြီဖြစ်သော်လည်း ကျောက်တာ့ကျစ်မှာ ဝါဂွမ်းဝတ်ရုံပါးလေးကိုသာ ဝတ်ဆင်ထားသည်။ သူ ကန်ထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေပြီး အပြင်သို့ တွားသွား၍ ထွက်လာနိုင်သောအခါ အအေးဒဏ်ကြောင့် နှုတ်ခမ်းများ ခရမ်းရောင် သမ်းနေပြီး တစ်ကိုယ်လုံး စိုရွှဲနေသည်။ သူက မြေကြီးပေါ်တွင် လဲလျောင်းကာ အမောတကော အသက်ရှူနေရသည်။
ကျောက်ကျားကျူးက သူ့ကိုကြည့်လိုက်၊ တခြားတစ်ယောက်ကို ကြည့်လိုက် လုပ်နေပြီး နောက်ဆုံးတွင် စာသင်သားဖြစ်သော သားဖြစ်သူကို အရင် တွဲထူရန် ဆုံးဖြတ်လိုက်သည်။
“တာ့ကျစ်... တာ့ကျစ်!”
မြေပြင်ပေါ် လဲနေသော ကျောက်တာ့ကျစ်ကို သူ မပွေ့ချီနိုင်သဖြင့် တရွတ်တိုက်ဆွဲကာ အိမ်ထဲသို့ ခေါ်လာရသည်။
“ယွဲ့နျန်း... ယွဲ့နျန်း! ရေနွေး အမြန်တည်စမ်း!”
ကျောက်ယွဲ့နျန်း ရေနွေးတည်ရန် မီးဖိုချောင်သို့ အမြန်သွားသည်။ ကျောက်ကျားကျူးသည် ကျောက်တာ့ကျစ်၏ စိုရွှဲနေသော အဝတ်အစားများကြောင့် အိပ်ရာခင်းများ ပေကုန်မည်စိုး၍ ဧည့်ခန်းမထဲသို့ ဆွဲခေါ်သွားကာ စိုနေသော အဝတ်များကို ချွတ်ပေးလိုက်သည်။ ကျောက်တာ့ကျစ်မှာ အအေးဒဏ်ကြောင့် တုန်ရီနေသည်။
“ငါ့သား... ခဏစောင့်နော်... ခဏစောင့်...မင်းညီမ ရေနွေးတည်ပြီးရင် အိပ်ရာပေါ် သွားလှဲလို့ရပြီ”
ကျောက်တာ့ကျစ်သည် ဧည့်ခန်းမထဲတွင် အဝတ်အစားမပါဘဲ ထိုင်ကာ တုန်ရီနေသည်။ ကျောက်ယွဲ့နျန်း ရေနွေးတည်ပြီး ဇလုံဖြင့် သယ်လာချိန်တွင် အတော်လေး ကြာနေပြီဖြစ်သည်။ ကျောက်တာ့ကျစ်မှာ လေတိုက်ခံရ၍ အအေးမိသွားပြီဖြစ်ကာ ချိုက်ချွန်းဟွားမှာမူ ကုတင်ပေါ်တွင် လဲလျောင်းရင်း ရင်ဘတ်ဖိကာ ညည်းညူနေသည်။ တောကြက်နှစ်ကောင်အကြောင်း သူမ မတွေးရဲပေ၊ တွေးလိုက်သည်နှင့် ရင်ဘတ်အောင့်လာသည်။
ထိုအချိန်တွင် ကျောက်ကျားကျူးသည် လင်းယွီ၏ တင်တောင်းငွေများကို ထုတ်ယူလိုက်သည်။ ကျောက်တာ့ကျစ် အသည်းအသန် ဖျားနေပြီဖြစ်၍ ငွေကုန်မည်ကို နှမြောနေသော်လည်း အနာဂတ်ရှိသော သားဖြစ်သူအတွက် သူ ပို၍စိုးရိမ်နေမိသည်။ သမားတော်သွားပြပြီး ပိုက်ဆံအများကြီး ကုန်မည်ကို သူ မလိုလားသော်လည်း မတတ်သာပေ။
ဝေ့ချင်းရှန်နှင့် လင်းယွီ ပြန်ရောက်သောအခါ အတော်ပင် မိုးချုပ်နေပြီဖြစ်သည်။ သူတို့တွင် တောကြက်သားနှင့် အခြားပစ္စည်းများ ပါလာပြီး ဝေ့ချင်းရှန်အနေဖြင့် ရွာသားများနှင့် စကားသိပ်မပြောချင်ပေ။ ထို့ကြောင့် သူက လမ်းလွှဲကာ တောင်ပေါ်လမ်းမှ ပြန်လာခဲ့၏။
အိမ်ရောက်သည်နှင့် ဝေ့ချင်းရှန် ပထမဆုံးလုပ်သည်မှာ ရေနွေးတည်ပြီး လင်းယွီ၏ မျက်နှာကို သုတ်ပေးခြင်းဖြစ်သည်။ အပြင်သွားရသည်မှာ တကယ် ပင်ပန်းလှသည်၊ သူ့ခင်ပွန်းသည်လေး ကျန်းမာလာစေရန် သူ အများကြီး ကြိုးစားအားထုတ်ခဲ့ရသော်လည်း အခုတော့ လင်းယွီမှာ တဖန် ပြန်လည်၍ ညှိုးငယ်နေပြန်သည်။
သူတို့ နေ့လယ်စာ မစားရသေးပေ။ လင်းယွီ စိတ်မသက်မသာ ဖြစ်နေပြီး ဗိုက်မဆာသော်လည်း ဝေ့ချင်းရှန်အား အစာအငတ်မခံစေချင်၍ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်ရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်သည်။
ဝေ့ချင်းရှန်က သူ့ကို အခန်းထဲတွင် နားနေရန် ပြောသော်လည်း လင်းယွီက ငြင်းဆန်သည်။ ထို့ကြောင့် ဝေ့ချင်းရှန် ဘာမှဆက်မပြောတော့ပေ။ အလုပ်ရှုပ်နေလျှင် အတွေးလွန်ခြင်းမှ သက်သာစေလိမ့်မည်။
မင်္ဂလာပွဲမှ ကျန်သော ဟင်းများမှာ ကုန်သွားပြီဖြစ်သည်။ လင်းယွီ ဂျုံနယ်ပြီး နှစ်ရက်ခန့် ကြာနေပြီဖြစ်သော အသားများကို လှီးဖြတ်လိုက်သည်။ ပျက်စီးသွားမည် စိုးရိမ်သဖြင့် လှီးဖြတ်ခဲ့ခြင်းဖြစ်၏။
ဝေ့ချင်းရှန်က မီးဖိုဘေးတွင် ထိုင်ပြီး မီးကူထိုးပေးရင်း သူ့ခင်ပွန်းသည်ကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။
လင်းယွီက ဝက်သုံးထပ်သား အတုံးလိုက်ကို ဆီဖြင့် အရင်ကြော်ပြီး အတော်အတန် ကျက်သွားသောအခါ တောဟင်းရွက်များ ထည့်ကာ အတူတူ မွှေကြော်လိုက်သည်။ ထို့နောက် တောဟင်းရွက်နှင့် အသားခေါက်ဆွဲပြုတ် တစ်အိုး ချက်လိုက်သည်။
သူက ဝေ့ချင်းရှန်အတွက် ပန်းကန်လုံးအကြီးကြီး တစ်လုံး ခပ်ပေးပြီး သူ့အတွက် ပန်းကန်တစ်ဝက် ခပ်လိုက်သည်။ နှစ်ယောက်သား အပြင်ဘက်တွင် ထိုင်စားကြသည်။
ဝေ့ချင်းရှန် တကယ် ဗိုက်ဆာနေသဖြင့် ချက်ချင်း စားလေသည်။ လင်းယွီ၏ လက်ရာက ကောင်းမွန်လှသည်၊ ရိုးရှင်းသော ခေါက်ဆွဲပြုတ်လေးသည်ပင် အရသာ ရှိလှသည်။ အသားကြော်စဉ်က ဆီထဲတွင် ငရုတ်သီးခြောက်နှင့် ကြက်သွန်ဖြူ အနံ့ မွှေးနေအောင် ထည့်ထားသဖြင့် ခေါက်ဆွဲများက ရွှေရောင်သန်းနေပြီး အပေါ်တွင် အစိမ်းရောင် တောဟင်းရွက်များ ဖြူးထားရာ စားချင်စဖွယ် ဖြစ်နေသည်။
ဝေ့ချင်းရှန် သူ့ကို မချီးကျူးဘဲ မနေနိုင်ပေ။
“ကိုယ့်ခင်ပွန်းသည်လေးက တကယ် တော်တာပဲ။ ကြည့်ပါဦး... ဒီခေါက်ဆွဲပြုတ်က ဆိုင်မှာ ရောင်းတဲ့ဟာထက် မညံ့ဘူး”
ဝေ့ချင်းရှန်က သူ့အား "ကိုယ့်ခင်ပွန်းသည်လေး" ဟု ခေါ်လိုက်သဖြင့် လင်းယွီ အနည်းငယ် ရှက်ရွံ့သွားပြီး သူ၏စိတ်ညစ်နွမ်းမှုများ အနည်းငယ် လျော့ပါးသွားသည်။
ဟင်းပွဲက ဝေ့ချင်းရှန် အကြိုက်နှင့် ကွက်တိပင်။ သူ ပန်းကန်လုံးအကြီးကြီး နှစ်လုံး ကုန်အောင် စားလိုက်ပြီး အစားအသောက်ပျက်နေသော လင်းယွီသည်ပင် ပန်းကန်တစ်ဝက်ကျော်ကျော် စားလိုက်နိုင်သည်။
စားသောက်ပြီးနောက် ဝေ့ချင်းရှန် ကျေနပ်သွားပြီး ထိုင်ခုံပေါ်တွင် ပျင်းရိလေးတွဲ့စွာ ထိုင်နေလိုက်သည်။
“ရှောင်ယွီ... မင်း သိလား။ ကိုယ် မိသားစုမခွဲခင်တုန်းက အမဲလိုက်ပြီး ပြန်လာရင် အမြဲမိုးချုပ်တယ်။ အမေက ကိုယ့်အတွက် ဟင်းရည်ပူပူ နွေးနွေး ဘယ်တော့မှ ချက်မထားပေးဘူး။ ပြောင်းဖူးမုန့်ကြမ်း အေးအေးကြီးတွေနဲ့ အချဉ်ဖတ်တွေပဲ စားရတယ်။ ကိုယ်က အဲ့ဒါတွေကို ရေနွေးနဲ့ မျှောချပြီး ပြောင်းဖူးမုန့်မာမာတွေကို ကိုက်စားခဲ့ရတာ”
လင်းယွီက ဝေ့ချင်းရှန်ကို မော့ကြည့်လိုက်ရာ သူ့မျက်ဝန်းများထဲတွင် သနားစာနာစိတ်များ ပြည့်နှက်နေသည်။ ဝေ့ချင်းရှန်၏ စိတ်နှလုံး နူးညံ့သွားသည်။
“ဒါကြောင့် မင်း ကိုယ့်ကို ဘယ်တော့မှ ထားမသွားရဘူးနော်။ ကိုယ်က ဟင်းမချက်တတ်ဘူး။ မင်းသာမရှိရင် ကိုယ် နေ့တိုင်း ထမင်းအေး၊ ဟင်းအေးတွေပဲ စားနေရတော့မှာ”
“ချင်းရှန်ကသာ မောင်းမထုတ်ရင် ကျွန်တော် ထွက်မသွားပါဘူး”
“ဘယ်သူက မင်းကို မောင်းထုတ်မယ် ပြောလို့လဲ။ မင်းက ကိုယ့်ရဲ့ ခင်ပွန်းသည်လေးပဲဟာ”
လင်းယွီ ပြုံးလိုက်သည်။
“အင်း... လင်းယွီက ဝေ့ချင်းရှန်ရဲ့ ခင်ပွန်းသည်လေး”
သူ့ခင်ပွန်းလေး၏ မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာသော အပြုံးကြောင့် ဝေ့ချင်းရှန် ခဏမျှ မှင်သက်သွားရသည်။ တကယ်ပါပဲ... သူ့ခင်ပွန်းသည်လေးက ပြုံးလိုက်လျှင် အကြည့်ကောင်းဆုံးဖြစ်သည်။
စားသောက်ပြီးနောက် ဝေ့ချင်းရှန်က လင်းယွီကို ကုတင်ပေါ်တွင် သွားနားရန် တိုက်တွန်းသည်။ ခရီးဝေးသွားခဲ့ရသလို စိတ်လှုပ်ရှားစရာများလည်း ကြုံခဲ့ရသဖြင့် တစ်မှေးလောက် အိပ်လိုက်လျှင် သူ့အတွက် ကောင်းမွန်ပေလိမ့်မည်။
ဝေ့ချင်းရှန်က ပန်းကန်များဆေးပြီး လက်ကျန်ခေါက်ဆွဲများကို မုဆိုးခွေးနှစ်ကောင်အား ကျွေးလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် အခန်းထဲ ပြန်ဝင်လာသည်။
လင်းယွီ အိပ်ပျော်နေပြီဖြစ်သည်။ ဝေ့ချင်းရှန်က တံခါးကို တိတ်တဆိတ်ပိတ်ပြီး ဘေးတွင် ဝင်လှဲလိုက်သည်။ သူက လက်တံများကို ဆန့်တန်းပြီး သူ့ခင်ပွန်းသည်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ လင်းယွီက သက်တောင့်သက်သာရှိသော အနေအထားကိုရှာ၍ တိုးဝှေ့ဝင်လာရာ ဝေ့ချင်းရှန် ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
သူတို့ အကြာကြီး အိပ်ပျော်သွားသည်။ လင်းယွီ နိုးလာသောအခါ မှောင်နေပြီဖြစ်၏။ လရောင်က ပြတင်းပေါက်မှ ဖြတ်ဝင်လာပြီး အခန်းထဲကို မှိန်ဖျော့ဖျော့ လင်းစေသည်။
သူ ပူလွန်း၍ နိုးလာခြင်းဖြစ်သည်။ စောင်နှစ်ထပ် ခြုံထားသည့်အပြင် ဝေ့ချင်းရှန်ကလည်း သူ့ကို ဖက်ထားသေးသည်။
လင်းယွီ လှုပ်ရှားလိုက်ရာ ဝေ့ချင်းရှန် ချက်ချင်း နိုးလာသည်။ သူ့အသံက အနည်းငယ် အက်ကွဲနေသည်။
“နိုးပြီလား”
“အင်း... ဘယ်အချိန်ရှိပြီလဲ”
“သန်းခေါင် ကျော်လောက်ပြီ။ စောပါသေးတယ်... ထပ်အိပ်ရအောင်”
ပြောပြီးသည်နှင့် ဝေ့ချင်းရှန်က သဘာဝကျကျပင် လင်းယွီ၏ ခါးကို ဆွဲဖက်လိုက်သည်။
လင်းယွီ၏မျက်နှာ ထိန်းမရအောင် ရဲတက်လာသည်။ သူ တိုးတိုးလေး ပြောလိုက်သည်။
“ရေသောက်ချင်တယ်”
ဝေ့ချင်းရှန် အင်္ကျီကောက်ဝတ်ပြီး အမြန်ထလိုက်သည်။
“ညဘက်ဆိုတော့ အေးတယ်။ ကိုယ် သွားယူပေးမယ်”
ဝေ့ချင်းရှန် မီးဖိုချောင်ထဲ ဝင်သွားသည်။ မီးသွေးမီးဖို ရှိသည့်အထဲတွင် လင်းယွီ ညလယ်ခေါင် ရေဆာလျှင် သောက်နိုင်ရန် ရေနွေးကြမ်း ကြိုနွှေးထားပေးသည်။
ရေက နွေးနေသည်။ သူက ပန်းကန်လုံးကို လင်းယွီ၏နှုတ်ခမ်းနား တေ့ပေးလိုက်သည်။
“သောက်လိုက်... သိပ်မပူဘူး”
လင်းယွီ မငြင်းပေ။ ခေါင်းအနည်းငယ်ငုံ့ပြီး ပန်းကန်ထဲမှ ရေကို အနည်းငယ် သောက်လိုက်သည်။ ထို့နောက် ပြန်လှဲလိုက်ရာ ဝေ့ချင်းရှန်က ကျန်သော ရေနွေးကြမ်းကို ကုန်အောင်သောက်ပြီး ကုတင်ပေါ် ပြန်တက်လာသည်။
စောစောက ဝေ့ချင်းရှန် အိပ်မှုန်စုံမွှားဖြစ်နေစဥ်က လင်းယွီ၏ခါးကို ဖက်ထားသော်လည်း ယခု လင်းယွီ နိုးလာသောအခါ သူက အရင်လို ဖက်ရန် တွန့်ဆုတ်နေသည်။ သူတို့သည် ကုတင်တစ်ဖက်စီတွင် တောင့်တောင့်ကြီး လှဲနေလေ၏။
ဝေ့ချင်းရှန် သူ့ကို မဖက်တော့သည်ကို မြင်သောအခါ လင်းယွီက တဖြည်းဖြည်း တိုးကပ်သွားပြီး ဝေ့ချင်းရှန်၏ လက်မောင်းကို အသာအယာ ဖိကပ်လိုက်သည်။ ဝေ့ချင်းရှန်ထံမှ တုံ့ပြန်မှု မရှိသောအခါ လင်းယွီ သတ္တိပိုဝင်လာပြီး သူ့လက်ကို ဝေ့ချင်းရှန်၏ လက်မောင်းပေါ် လှမ်းတင်ကာ ခါးကို ဖက်လိုက်သည်။
ဝေ့ချင်းရှန် ချက်ချင်း လှည့်လာပြီး သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ သူ အလွန်ပျော်ရွှင်နေသည်။ လင်းယွီက ရဲတင်းသလိုလိုနှင့် ရှက်တတ်သော်လည်း ကြည့်ရသည်မှာ သူထင်သလောက် ရိုးအသူတော့ မဟုတ်ပုံရသည်။
ဝေ့ချင်းရှန်က လင်းယွီကို ဖက်ထားရင်း မျက်လုံးမှိတ်လိုက်သည်။ လင်းယွီက တိုးတိုးလေး ပြောသည်။
“ချင်းရှန်... နည်းနည်း ပူတယ်”
ဝေ့ချင်းရှန်လည်း ပူနေ၏။ သူ့ခင်ပွန်းသည်လေး အေးမှာစိုး၍ စောင်နှစ်ထပ် ခြုံပေးထားသည်။ လင်းယွီအား ဖက်ထားလျှင် သူ့ခင်ပွန်းသည်လေး အေးမည်မဟုတ်ပေ။
“အပေါ်ထပ်စောင်ကို ဖယ်လိုက်မယ်”
ဝေ့ချင်းရှန် ထထိုင်ပြီး အပေါ်က နွေဦးစောင်ပါးကို ဖယ်လိုက်သည်။ သူ ပြန်ထသည့်အချိန်တွင် လေမဝင်အောင် ဂရုတစိုက်ဖြင့် စောင်ကို ပြန်ဖိပေးသည်။
ထို့နောက် သူ ပြန်လှဲလိုက်သည်။ လင်းယွီက သူ့အနား တိုးကပ်လာပြီး ချောမွတ်သော အသားအရေက ဝေ့ချင်းရှန်၏ လက်မောင်းကို လာထိသည်။ ဝေ့ချင်းရှန် အံ့သြသွားသည်... လင်းယွီ ဘယ်အချိန်တုန်းက အတွင်းခံအင်္ကျီကို ချွတ်လိုက်တာလဲ…
လင်းယွီ စိတ်စောနေသည်။ သူတို့ လက်ထပ်တာ ၃၊ ၄ ရက် ရှိနေပြီဖြစ်သော်လည်း ထိုကိစ္စကို မလုပ်ရသေးပေ။ သူက ဝေ့ချင်းရှန်ကို သာယာမှုပေးချင်သည်။
ဝေ့ချင်းရှန်က လက်တံရှည်ကြီးကို ဆန့်တန်းပြီး သူ့ခင်ပွန်းသည်လေးကို အနားဆွဲခေါ်လိုက်ကာ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးသည်။
“ဒဏ်ရာက နာနေသေးလား”
“ဟင့်အင်း... မနာတော့ဘူး”
လင်းယွီ၏ အသံမှာ တုန်ရီနေပြီး ကြက်သီးများ ထလာသည်။
ဤအခြေအနေသို့ရောက်လာ၍ ဝေ့ချင်းရှန် ဆက်မထိန်းနိုင်တော့။ သူ ကိုယ်ကိုလှန်လိုက်ပြီး လင်းယွီအပေါ် အုပ်မိုးလိုက်ကာ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ချေ။
ကုတင်ဟောင်းကြီးက သူတို့အလေးချိန်ကြောင့် တကျွီကျွီ မြည်နေသည်။ သူတို့ ရှေ့ဆက်တိုးရန် ပြင်လိုက်ချိန်မှာပင် "ဝုန်း" ဆိုသော အသံကျယ်ကြီးနှင့်အတူ ကုတင်ဘောင်က ကြမ်းပြင်ပေါ် ပြိုကျသွားလေသည်။ ဝေ့ချင်းရှန်က ကမန်းကတန်း နေရာရွှေ့လိုက်သဖြင့် လင်းယွီ ပြုတ်မကျသွားပေ။
ဝေ့ချင်းရှန်က ကျိုးပဲ့သွားသော ကုတင်ပေါ်၌ လဲလျောင်းရင်း နောင်တရနေသည်။ စိတ်လည်း တိုမိသည်။ မင်္ဂလာမဆောင်ခင်တုန်းက လက်သမားခေါ်ပြီး ကုတင်အသစ်တစ်လုံး ဘာလို့ မလုပ်ခဲ့မိတာပါလိမ့်။
လူပျိုဘဝတုန်းကတော့ ဤကိစ္စများကို သူ ဂရုမစိုက်ခဲ့ပေ။ သူ့ကုတင်က တံခါးဟောင်းနှစ်ချပ်ကို အုတ်ခဲများဖြင့် ခုပြီး ကောက်ရိုးခင်းထားခြင်း ဖြစ်၏။ လှုပ်ရှားမှု များသွားသောအခါ အောက်က အုတ်ခဲများ ပြိုကျပြီး လင်းယွီ လန့်သွားရသည်။
လင်းယွီက သူ့ရင်ဘတ်ပေါ်တွင် မှီလျက်သားဖြင့် ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း မကြာမီပင် မည်သည့်အရာဖြစ်ခဲ့သည်ကို သဘောပေါက်လိုက်ပြီး မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။