Ch 5
Viewers 4k

Chapter 05


ဝေ့ချင်းရှန်သည် တောင်ပေါ်တွင် နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့သူဖြစ်၍ အပြင်ထွက်ချိန်တွင် စားသောက်ရန် မုန့်ခြောက်အချို့ ယူဆောင်သွားလေ့ရှိသည်။ မိသားစုခွဲပြီးနောက်တွင် သူကိုယ်တိုင် ချက်ပြုတ်စားသောက်ခဲ့သည်။ သူကဲ့သို့ ကြမ်းတမ်းသော လူတစ်ယောက်အဖို့ အရသာကို ဂရုမစိုက်ပေ… ကျက်သွားရင် ပြီးရော၊ စားလို့ရရင် ပြီးရော ဟုသာ သဘောထားသည်။


လင်းယွီ ခေါင်းကို အမြန်ခါလိုက်သည်။

“ဟင့်... ဟင့်အင်း... အဲ့လို မဟုတ်ပါဘူး။ ကျွန်တော်က ညစာ ဘာစားမလဲလို့ မေးချင်တာပါ”


“နေ့လယ်က ထမင်းဟင်းကျန်တွေ ရှိတယ်။ အဲ့ဒါတွေပဲ နွှေးလိုက်တော့။ မီးဖိုချောင်ထဲမှာ သွားကြည့်လိုက်... တခြားဟာ စားချင်ရင်တော့ ကိုယ့်ဘာသာ လုပ်စားလိုက်”


လင်းယွီ ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။


သူက လက်ကျန် အသားဟင်းခွက်များကို စားပွဲပေါ်သို့ ရွှေ့လိုက်ပြီး ကြွေပန်းကန်လုံးကြီး တစ်လုံးထဲသို့ ဟင်းတစ်မျိုးစီ အနည်းငယ်ခန့် ထည့်လိုက်သည်။ ဝေ့ချင်းရှန်၏ စားနိုင်စွမ်းကို မခန့်မှန်းတတ်သဖြင့် သူက ပေါက်စီဖြူ လေးလုံး ပေါင်းလိုက်သည်… သူ့အတွက် တစ်လုံးနှင့် ဝေ့ချင်းရှန်အတွက် သုံးလုံး ဆိုလျှင် လုံလောက်မည်ဟု တွေးလိုက်သည်။


လင်းယွီသည် ကျွမ်းကျင်စွာ မီးမွှေးပြီး ရေနွေးတည်လိုက်သည်။ အိုးအောက်တွင် မီးတောက်များ ငြိမ်သက်စွာ လောင်ကျွမ်းလာသောအခါ သူက မီးဖိုချောင်ငယ်လေးကို သေချာလိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ခင်ပွန်းသည်အသစ် တစ်ယောက်အနေဖြင့် ပထမဆုံး ထမင်းတစ်နပ်ကို ပေါ့ပေါ့တန်တန် မလုပ်ချင်ပေ။ သူက တစ်ခုခု အပိုထပ်မံ ပြင်ဆင်ချင်သည်။


မီးဖိုချောင်ဘေးတွင် သစ်သားဗီရိုတစ်လုံး ရှိသည်။ လင်းယွီ ဖွင့်ကြည့်လိုက်ရာ ဆန်၊ ဂျုံမှုန့်၊ ကြက်ဥ၊ ဆီ၊ ဆားနှင့် အခြေခံ မီးဖိုချောင်သုံးပစ္စည်း အချို့ကို တွေ့လိုက်ရသည်။ မီးဖိုချောင်ထောင့်တစ်နေရာတွင် တောဟင်းရွက် ထည့်ထားသော ခြင်းတောင်းလေးတစ်လုံးကို သူ တွေ့လိုက်သည်။


သူ့ခေါင်းထဲ အကြံတစ်ခု ဝင်လာသည်။ အိုးထဲတွင် ထမင်းပေါင်းနေစဉ် လင်းယွီက တောဟင်းရွက် တစ်ဆုပ်ခန့် ယူလိုက်ပြီး နုပ်နုပ်စဉ်းကာ ဇလုံတစ်ခုထဲ ထည့်လိုက်သည်။ ထို့နောက် ဟင်းတစ်ပွဲလုပ်ရန် ရည်ရွယ်ပြီး မင်္ဂလာကုတင်ပေါ်မှ မြေပဲအချို့ကို ယူလာလိုက်သည်။


မီးကြည့်နေရင်း သူက မြေပဲခွံနွှာကာ အခွံများကို မီးထဲ ပစ်ထည့်လိုက်သည်။ ထိုစဉ် ခြံဝင်းထဲတွင် အလုပ်ပြီးသွားသော ဝေ့ချင်းရှန် မီးဖိုချောင်ထဲ ဝင်လာသည်။

“မီးကူထိုးပေးမယ်လေ”


ဝေ့ချင်းရှန်၏ အရှိန်အဝါက ကြီးမားလှပြီး လင်းယွီအဖို့ သူ့စကားများက ကူညီပေးမည်ဆိုခြင်းထက် အမိန့်ပေးသံနှင့် ပိုတူနေသည်။ လန့်သွားသဖြင့် လင်းယွီ ချက်ချင်း ဘေးဖယ်ပေးလိုက်သည်။


သူ့ခင်ပွန်းသည်လေး သူ့ကို အနည်းငယ် ကြောက်ရွံ့နေသည်ကို ဝေ့ချင်းရှန် သတိထားမိသော်လည်း အချိန်ကြာလာလျှင် အဆင်ပြေသွားလိမ့်မည်ဟု တွေးလိုက်သည်။


လင်းယွီသည် တိတ်တဆိတ် အာရုံစိုက်လျက် မြေပဲခွံနွှာပြီးသွားသောအခါ စဉ်းနှီတုံးပေါ်တင်၍ အပိုင်းအစလေးများ ရအောင် လှီးလိုက်သည်။


“ဘာလုပ်နေတာလဲ”

ဝေ့ချင်းရှန်၏ ရုတ်တရက် မေးခွန်းကြောင့် လင်းယွီ ထပ်လန့်သွားပြန်သည်။


“ပေါက်... ပေါက်စီ ပါ”

လင်းယွီက ကြောက်လန့်တကြား အထစ်ထစ်ဖြင့် ဖြေလိုက်သည်။


“အင်း”

ဝေ့ချင်းရှန်က လေသံကို မတင်းမလျော့ထားကာ ပြန်ပြောလိုက်သည်။


ကျဉ်းမြောင်းသော မီးဖိုချောင်လေးထဲတွင် တိတ်ဆိတ်သွားပြန်သည်။ ကြွက်ကလေးတစ်ကောင်လို သိမ်ငယ်တတ်သော လင်းယွီသည် သူ့အလုပ်သူ ရှုပ်နေအောင် လုပ်နေလိုက်သည်။


မကြာမီ အိုးထဲတွင် ပေါင်းထားသော အသားနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်စွာ ပူလောက်ပြီဟု လင်းယွီ ခန့်မှန်းလိုက်သည်။ သူက ပေါင်းအိုးအကန့်ကို ဖယ်ရှားလိုက်ရာ အိုးအောက်ခြေတွင် ဆူပွက်နေသော ရေနွေးများ ကျန်ရစ်စေသည်။ သူက နုပ်နုပ်စဉ်းထားသော တောဟင်းရွက်နှင့် မြေပဲစများကို ဂျုံမှုန့်နှင့် ရောနယ်ပြီး အနှစ်ရအောင် လုပ်လိုက်သည်။ ဇွန်းသေးသေးတစ်ချောင်းကို အသုံးပြုပြီး ထိုအနှစ်များကို ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ ဂရုတစိုက် ခပ်ထည့်လိုက်၏။


ဝေ့ချင်းရှန်သည် မီးဖိုဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် မီးထိုးပေးရင်း လင်းယွီကို ရံဖန်ရံခါ လှမ်းကြည့်နေသည်။ သူ့ခင်ပွန်းသည်လေး၏ ကိုယ်ခန္ဓာလေးသည် ပွယောင်းသော မင်္ဂလာဝတ်စုံအောက်တွင် ပို၍ ပိန်လှီပုံပေါက်နေသည်။ သူ့မျက်လုံးများသည် ကြီးမားတောက်ပပြီး သိမ်မွေ့သော မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။ လင်းယွီ၏ နုနယ်သော ပုံပန်းသွင်ပြင်ကို ကြည့်ရင်း ဝေ့ချင်းရှန် စိတ်ထဲ တွေးလိုက်မိသည်... သူ အရမ်းပိန်တာပဲ။ ငါ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးမှ ဖြစ်မယ်။


ဝေ့ချင်းရှန်၏ အကြည့်က လင်းယွီ၏ မျက်လုံးထောင့်ရှိ မှေးမှိန်သော ကိုယ်ဝန်ဆောင်မှဲ့လေးပေါ်သို့ ကျရောက်သွား၏။ ၎င်း၏ သိမ်မွေ့သော တည်ရှိမှုက လူငယ်လေး၏ နုနယ်သော အလှတရားကို ပိုမို ပေါ်လွင်စေသည်။


လင်းယွီသည် သူ့အား စူးစိုက်ကြည့်နေသည်ကို သတိမထားမိဘဲ အိုးထဲတွင် ပေါလောပေါ်နေသော ဖက်ထုပ်အစိမ်းလုံးလေးများကိုသာ အာရုံစိုက်နေသည်။ ၎င်းတို့၏ တောက်ပလတ်ဆတ်သော အရောင်နှင့် ရေနွေးထဲတွင် ငြိမ့်ညောင်းစွာ ပေါ်နေပုံက ဟင်းပွဲကို စားချင်စဖွယ် ဖြစ်စေသည်။ အရသာ ပိုကောင်းစေရန် ဝက်ဆီ ဇွန်းသေးတစ်ဇွန်းကို အိုးထဲ ထည့်လိုက်သည်။


ဝေ့ချင်းရှန် အသာအယာ လှမ်းကြည့်ပြီး သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ ကောင်လေးရဲ့ ဟင်းချက်လက်ရာက မဆိုးဘူးပဲ။


“အိုးထဲကို ကြက်ဥ နှစ်လုံးလောက် ဖောက်ထည့်လိုက်ပါလား”

ဝေ့ချင်းရှန်က အကြံပြုလိုက်သည်။


“ဟင်... ကျွန်... ကျွန်တော် စောစောက ကြက်ဥ နှစ်လုံး စားပြီးပြီလေ”

လင်းယွီက ဖြုန်းတီးရာ ရောက်မည်ကို စိုးရိမ်ပြီး ပြန်ဖြေလိုက်သည်။


ကြက်ဥထည့်လိုက်လျှင် ဟင်းရည်က ပိုကောင်းသွားမည်ကို လင်းယွီ သိသည်။ သူ့အမေ ရှိစဉ်က ဟင်းရည်ထဲ ကြက်ဥထည့်ပြီး နှမ်းဆီလေး ဆမ်းပေးလေ့ရှိသည်။ ၎င်းသည် သူမြတ်နိုးတန်ဖိုးထားရသော ငယ်ဘဝအမှတ်တရ တစ်ခုဖြစ်သော်လည်း ကြက်ဥက ဈေးကြီးသည်။ တစ်လုံးကို ၅ ဝမ်တောင် ပေးရသည်။ သူ မစားရဲပေ။


“ကိုယ် စားချင်လို့”

ဝေ့ချင်းရှန်က သူ့ခင်ပွန်းသည်လေး ကြောက်လန့်မသွားစေရန် လေသံကို လျှော့ပြီး ညင်သာစွာ ပြောလိုက်သည်။


သူ နားလည်မှုလွဲမှားသွားမှန်း သဘောပေါက်လိုက်ပြီး လင်းယွီ အမြန်ပြန်ဖြေလိုက်သည်။

“ကျွန်... ကျွန်တော် ယူလိုက်မယ်”


ရှက်ရွံ့မှုကြောင့် လင်းယွီ၏ မျက်နှာ ရဲခနဲဖြစ်သွားပြီး ဗီရိုထဲမှ ကြက်ဥနှစ်လုံး သွားယူလိုက်သည်။ ခြင်းတောင်းထဲတွင် အပြည့်နီးပါး ရှိနေသော်လည်း သူ၏ ချွေတာတတ်မှုနှင့် စွဲမြဲနေသော အကျင့်ဟောင်းများက သူ့ကို တားဆီးနေခဲ့၏။ အိုးထဲသို့ ကြက်ဥဖောက်ထည့်လိုက်ပြီး ဟင်းရည်ထဲတွင် ရွှေရောင်အမျှင်တန်းလေးများ ဖြစ်ပေါ်လာကာ ဟင်းပွဲကို ပိုမိုပြည့်စုံသွားစေသည်ကို သူ ကြည့်နေမိသည်။


ဝေ့ချင်းရှန်က ထိုမြင်ကွင်းကို အပြုံးရိပ်ရေးရေးဖြင့် ကြည့်နေသည်။ ဤမျှ လေးနက်ပြီး ချစ်စရာကောင်းသော ခင်ပွန်းသည်လေးကို ပိုင်ဆိုင်ရခြင်းက ကောင်းချီးမင်္ဂလာ တစ်ပါးလိုပင် ခံစားရ၏။


ဟင်းရည်ကျက်သောအခါ လင်းယွီက ပန်းကန်နှစ်လုံး ခပ်လိုက်ပြီး ဝေ့ချင်းရှန်၏ ပန်းကန်ထဲသို့ ကြက်ဥပိုများပြီး အဖတ်များသော အပိုင်းများကို ဂရုတစိုက် ခပ်ထည့်ပေးလိုက်သည်။ မွှေးကြိုင်သော နှမ်းဆီ တစ်စက်ကိုပင် ထည့်ပေးလိုက်သေးသည်။


“ဘာလို့ နှမ်းဆီ တစ်စက်တည်း ထည့်တာလဲ”

ဝေ့ချင်းရှန် မေးလိုက်သည်။


လင်းယွီသည် လက်ပူးလက်ကြပ်မိသွား၍ မလုံမလဲဖြစ်သွားသော ကလေးတစ်ယောက်လို တောင့်ခဲသွားသည်။ သူ မည်သို့ရှင်းပြရမှန်း မသိပေ… နှမ်းဆီက တန်ဖိုးကြီးပြီး အခြားသူများသာ ခံစားခွင့်ရှိသော ဇိမ်ခံပစ္စည်းတစ်ခုအဖြစ်သာ တွေးတောရန် သူ ပုံသွင်းခံထားရသည် မဟုတ်လား။


“မေ့သွားလို့လား”

ဝေ့ချင်းရှန်က သူ့ကို ထွက်ပေါက်ပေးသည့်အနေဖြင့် မေးလိုက်သည်။


လင်းယွီ ခေါင်းအမြန်ညိတ်လိုက်ပြီး သူ့ပန်းကန်ထဲသို့ နှမ်းဆီ နောက်ထပ်တစ်စက် ထပ်ထည့်လိုက်ရာ လက်များ တုန်ရီနေသည်။ အများကြီး မထည့်မိအောင် သူ သတိထားနေရသည်။


မီးငြိမ်းသတ်ပြီး လက်ဆေးကာ ဝေ့ချင်းရှန်က အစားအစာများကို အိမ်ရှေ့ခန်းမသို့ ကူသယ်ပေးသည်။


ယခုအခါ စားပွဲပေါ်တွင် ပြည့်စုံသော ဟင်းပွဲများ ရှိနေပြီ… အသားပေါင်းတစ်ခွက်၊ ကြက်ဥများများပါသော တောဟင်းရွက်ဟင်းရည်နှင့် ပေါက်စီဖြူကြီး လေးလုံး။ လင်းယွီအဖို့ ၎င်းသည် သူ အိပ်မက်ပင် မမက်ရဲသော စားသောက်ပွဲကြီး ဖြစ်၏။


နှစ်သစ်ကူးကာလမှာပင် ကျောက်မိသားစုက သူ့ကို ဤမျှကောင်းကောင်း မကျွေးခဲ့ဖူးပေ။ သူ၏အဒေါ်တို့က ဂျုံနုပေါက်စီဖြူဖြူ စားနေချိန်တွင် သူ့ကို နှံစားပြောင်းရောထားသော ပေါက်စီကြမ်းများကိုသာ ပေါင်းခိုင်းလေ့ရှိသည်။ ကျန်သူများက အရသာရှိသော ဟင်းပွဲများကို ခံစားနေချိန်တွင် သူက ဆန်ပြုတ်ကျဲကျဲနှင့် အချဉ်ဖတ်ကိုသာ ရရှိသည်။ တစ်ခါတစ်ရံ ကံကောင်းလျှင် ကိုက်ဝါးစရာ အရိုးတစ်ချောင်း ရကောင်းရနိုင်ခဲ့၏။


လင်းယွီသည် ကြက်ဥပိုများသော ပန်းကန်ကို ဝေ့ချင်းရှန် ရှေ့သို့ ဂရုတစိုက် ချပေးလိုက်ပြီး ထိုလူကို မကြည့်မိစေရန် ခေါင်းကို ရှက်ရွံ့စွာ ငုံ့ထားလိုက်သည်။ သူတို့၏ မင်္ဂလာဝတ်စုံများ မလဲရသေးဘဲ ဝေ့ချင်းရှန်မှာ ဤဝတ်စုံဖြင့် အထူးပင် ကြည့်ကောင်းနေသည်။ ထိုအကြောင်း တွေးမိရင်း လင်းယွီ မျက်နှာ ပူနွေးလာသည်။


ဝေ့ချင်းရှန်က ပန်းကန်များကို ပေါ့ပေါ့ပါးပါးပင် လဲလှယ်လိုက်ပြီး ကြက်ဥနည်းသော ပန်းကန်ကို ယူကာ မီးဖိုချောင်ဘက်သို့ ပြန်ဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါ သူ့ပန်းကန်ထဲတွင် ငရုတ်ဆီ နှင့် ရှာလကာရည် တစ်ဇွန်း ထပ်ထည့်လာသည်။


လင်းယွီ အံ့သြစွာ မျက်တောင်ခတ်မိလိုက်ပြီး ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။ ဘယ်သူကမှ ငါ့ကို ဒီလို ဂရုမစိုက်ခဲ့ဖူးဘူး။


“အေးမသွားခင် မြန်မြန်စား”

ဝေ့ချင်းရှန်က အသံမာမာဖြင့် ပြောလိုက်သည်။


လင်းယွီက သူ့အစာအိမ် သိပ်မဆံ့မှန်း သိသဖြင့် ပေါက်စီတစ်လုံးကို တစ်ဝက်ချိုးလိုက်သည်။ သူက အနည်းငယ်စီ ဖဲ့စားရင်း ဟင်းရည်ကို ဖြည်းဖြည်းချင်း သောက်သည်။ သူစားလိုက်သော ကြက်သားတုံးမှာ စပ်နေသဖြင့် သူ့မျက်နှာ ရဲတက်လာသည်။ သူက ချောင်းမဆိုးမိအောင် ထိန်းရင်း အစပ်သက်သာစေရန် ဟင်းရည်ကို အမြန်သောက်လိုက်သည်။


“အစပ်မစားနိုင်ဘူးလား”

ဝေ့ချင်းရှန် မေးလိုက်သည်။


လင်းယွီ ခေါင်းအမြန်ခါပြလိုက်သည်။

“မစားရတာ ကြာပြီမို့ပါ”


အမှန်တကယ်တော့ ဤမျှအရသာရှိသည်မျိုး မစားရတာ နှစ်တွေကြာခဲ့ပြီဖြစ်၏။ ဟင်းနံ့မွှေးမွှေးကပင် သူ့ကို လွှမ်းမိုးနေသည်။ အစားအစာကို သူ ခံစားချင်သော်လည်း သူ့အစာအိမ်က လက်မခံနိုင်သေးပေ။ ထို့ကြောင့် အသားဟင်းရည် ရွှဲနေသော ဟင်းရွက်များကိုသာ ရွေးစားနေလိုက်သည်။


ဝေ့ချင်းရှန်သည် လင်းယွီ စားရခက်နေသည်ကို သတိထားမိပြီး အဆီများကို ဖယ်ကာ အသားများကို တိတ်တဆိတ် ထည့်ပေးလိုက်ပြီး အဆီများသော အပိုင်းများကို သူက ယူစားလိုက်သည်။


လင်းယွီသည် သူ့ပန်းကန်ထဲသို့ မထင်မှတ်ဘဲ ရောက်လာသော အသားတုံးများကို ကြည့်ပြီး ကျေးဇူးတင်စိတ်များ ဝေဆာလာသည်။ ငါလည်း သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပါ့မယ်... ဟု စိတ်ထဲမှ ကတိပြုလိုက်သည်။


ဝေ့ချင်းရှန်က လင်းယွီကို ပိုစားပါဟု ဖွင့်ပြောခြင်းမရှိပေ။ သိမ်မွေ့ပြီး ခံစားလွယ်သော လင်းယွီကလည်း မည်သည့်စကားမျှမပြောတော့ဘဲ အခြေအနေအတိုင်းသာ လိုက်နေလိုက်သည်။


လင်းယွီ ခေါင်းညိတ်လိုက်ပြီး ၎င်းကို မှတ်သားထားလိုက်သည်။


သူက ပေါက်စီတစ်ဝက်သာ စားပြီး ရှေ့ရှိ အသားလုံးဟင်းရည်ကို နည်းနည်းချင်းစီ သိမ်မွေ့စွာ သောက်နေသည်။ ဝေ့ချင်းရှန် စားသောက်နေစဉ် မရည်ရွယ်ဘဲ လှမ်းကြည့်မိသည်။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် နည်းနည်းလေးပဲစားပြီး ကြောင်လေးတစ်ကောင်လို သိမ်မွေ့နေရတာလဲ။


တစ်ဖက်တွင် ဝေ့ချင်းရှန်ကမူ ပေါက်စီ သုံးလုံး စားလိုက်ပြီး အသားလုံးဟင်းရည်ကို အသံမြည်အောင် သောက်လိုက်သည်။ ဟင်းရည်က ပျစ်နှစ်နေပြီး မွှေးကြိုင်သော မြေပဲဆန်များ ရောထားသည့် တောဟင်းရွက်အသားလုံးများနှင့်အတူ ချဉ်ချဉ်စပ်စပ် အရသာက သူ့အကြိုက်နှင့် ကွက်တိပင်။ အရင်က သူစားသမျှ အစားအစာ အများစုမှာ ရိက္ခာခြောက်များသာဖြစ်ပြီး ညဘက်အိမ်ပြန်ရောက်မှသာ ပူပူနွေးနွေး စားရလေ့ရှိသော်လည်း ဤမျှ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ ဤတောဟင်းရွက်အသားလုံးဟင်းရည်က သူ့ခံတွင်းနှင့် အလွန်တွေ့သဖြင့် သူထပြီး နောက်ထပ်တစ်ပန်းကန် အပြည့် ထပ်ခပ်စားလိုက်သည်။


စားသောက်ပြီးနောက် လင်းယွီက ပန်းကန်ယောက်ခွက်များကို သိမ်းဆည်းပြီး ဆေးကြောရန် အပြင်ဘက်သို့ ယူသွား၏။ ထိုအချိန်တွင် ဝေ့ချင်းရှန်က ကြက်ပေါင်းရည် တစ်ခွက် ခပ်လိုက်ပြီး ပေါက်စီနှစ်လုံး ယူကာ နောက်ဖေးခြံဝင်းဘက်သို့ ထွက်သွားသည်။ သူက ကြိုတင်ရှင်းပြလိုက်သည်။

“နောက်ဖေးခြံထဲမှာ မုဆိုးခွေး နှစ်ကောင်ရှိတယ်... သူတို့က နည်းနည်း ကြမ်းတမ်းတယ်၊ နောက်မှ မင်းကို လိုက်ပြမယ်”


လင်းယွီ ခေါင်းညိတ်လိုက်ပြီး ရေအေးဖြင့် ပန်းကန်များကို ဆေးကြောလိုက်သည်။


သိမ်းဆည်းပြီးနောက် လင်းယွီ ရေနွေးအနည်းငယ် တည်ပြီး အထဲသို့ ယူလာခဲ့၏။ မိုးက မှောင်နေပြီဖြစ်၍ အခန်းထဲတွင် ရေနံဆီမီးခွက် ထွန်းထားသည်။ ဝေ့ချင်းရှန်သည် ကုတင်ပေါ်တွင် ပြန့်ကျဲနေသော မြေပဲနှင့် တောကြက်မောက်သီးများကို ကုန်းကောက်ကာ ရှင်းလင်းနေသည်။


“ချင်း... ချင်းရှန်... ရေချိုးဖို့ ရေနွေးရပြီ”


ဝေ့ချင်းရှန် ခေတ္တမျှ တောင့်တင်းသွားသည်။ လင်းယွီ၏ နှုတ်ဖျားမှ နူးညံ့ချိုသာစွာ ထွက်ပေါ်လာချိန်ကျမှ သူ့နာမည်က နားထောင်လို့ကောင်းမှန်း သူ သတိထားမိလိုက်သည်။ တောင်ပေါ်ဒေသတွင် လူအများက ယမမင်းကို လှည့်စားနိုင်ပြီး ကလေးများ အသက်ရှည်ရှည် ကြီးပြင်းနိုင်စေရန်ရည်ရွယ်၍ ခွေးဥ(ခွေးဝှေးစေ့)၊ ပေါင်ချိန်၊ သို့မဟုတ် မျက်နှာမည်းကဲ့သို့သော နာမည်ကြမ်းများကို ပေးလေ့ရှိကြသည်။ တော်သေးတာပေါ့... သူ့နာမည်က ခေါ်လို့ကောင်းနေလို့။


ဝေ့ချင်းရှန် ကိုယ်ကိုမတ်လိုက်ပြီး သစ်သီးခြောက်များကို ဝါးခြင်းတောင်းထဲ ထည့်လိုက်သည်။

“မင်း ဒါတွေ လုပ်စရာမလိုပါဘူး။ ငါ့ဘာသာ လုပ်လိုက်မယ်။ မင်း အရင်သွားဆေးကြောချေ... ငါ ကုတင်ရှင်းရဦးမယ်”


လင်းယွီက ဤအလုပ်တွေနှင့် ကျင့်သားရနေပြီးသားဖြစ်၏။ ကျောက်မိသားစု အိမ်တွင်ရှိစဉ်က ညတိုင်း သူ ရေနွေးတည်ပေးရပြီး ကျောက်ယွဲ့နျန်းမှလွဲ၍ ကျန်မိသားစုဝင် သုံးဦးစလုံးအတွက် ၎င်းကို လိုက်ပို့ပေးရသည်။


ဝေ့ချင်းရှန် တကယ် အကူအညီမလိုမှန်း မြင်တော့ လင်းယွီ မျက်နှာသစ်ရန် အပြင်ထွက်လာခဲ့၏။ ခဏနေကျ ဖြစ်လာမည့်အရာကို တွေးမိရင်း သူ ပို၍ စိတ်လှုပ်ရှားလာကာ ရင်ထဲတွင် ကြောက်စိတ်များ ဝင်လာသည်။


လင်းယွီ ခြံဝင်းထဲတွင် ဆောင့်ကြောင့်ထိုင်၍ မျက်နှာသစ်ကာ ပလုတ်ကျင်းနေသည်ကို ဝေ့ချင်းရှန် သတိထားမိလိုက်သည်။ တစ်ခုခုကို သတိရသွားပြီး အိမ်ရှေ့ခန်းမထဲမှ သွားပွတ်တံနှင့် သွားတိုက်ဆေးမှုန့် ထည့်ထားသော ဝါးကျည်တောက်ခွက် တစ်ခုကို ယူလာခဲ့သည်။

“ဒါ မင်းဟာ၊ ဘာလိုသေးလဲ၊ မနက်ဖြန် မြို့ထဲသွားရင် ဝယ်ကြတာပေါ့”


“ကျေးဇူးပါ”

လင်းယွီက တိုးတိုးလေး ပြောလိုက်သည်။


ဝေ့ချင်းရှန်က ရုပ်ရည်ကြမ်းတမ်းသော်လည်း ဂရုစိုက်တတ်ပြီး စဥ်းစားပေးတတ်သော နှလုံးသားရှိသည်။ လင်းယွီ ကြောက်စိတ်အနည်းငယ် ပြေလျော့သွားသည်။ ဝေ့ချင်းရှန် ပေးသော ဝက်အမွေးသွားပွတ်တံက သူအရင်သုံးနေကျ မိုးမခကိုင်းထက် အများကြီး ပိုကောင်းသည်။


ဝေ့ချင်းရှန်က သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝါးကျည်တောက်ထဲမှ ရေဖြင့် ပလုတ်ကျင်းလိုက်သည်။ ထို့နောက် လင်းယွီ သုံးပြီးသား ရေနွေးဖြင့် မျက်နှာသစ်လိုက်သည်။


ဝေ့ချင်းရှန် အခန်းထဲပြန်ရောက်သောအခါ လင်းယွီက ကုတင်ဘေးတွင် ခြေဗလာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကိုစောင့်ပြီး ခြေထောက်အတူတူဆေးရန် ပြင်နေပုံရသည်။


ဝေ့ချင်းရှန် ဖိနပ်ချွတ်ပြီး ကုတင်ပေါ် ထိုင်လိုက်သည်။ သူက ရေနွေးခွက်ထဲ ခြေထောက်နှစ်လိုက်မှ လင်းယွီလည်း လိုက်လုပ်သည်။ အပူဓာတ်က အရေပြားထဲ စိမ့်ဝင်လာသည်နှင့် လင်းယွီ တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။


မှိန်ဖျော့ဖျော့ ဆီမီးခွက်အောက်တွင် ဝေ့ချင်းရှန်၏ မျက်နှာထားက အေးစက်နေပုံရသော်လည်း ရေထဲတွင် ပုလဲလုံးလေးများလို ဖြစ်နေသော လင်းယွီ၏ သေးငယ်ဖြူဖျော့သည့် ခြေထောက်လေးများကို သူ သတိမထားမိဘဲ မနေနိုင်ပေ။ ရှက်ရွံ့သွားသဖြင့် လင်းယွီ ခြေထောက်ကို အမြန်သုတ်ပြီး ကုတင်ပေါ် တက်သွားတော့သည်။


ဝေ့ချင်းရှန်လည်း ခြေထောက်အမြန်သုတ်ပြီး ရေကို အပြင်သွားသွန်လိုက်သည်။ သူ ပြန်ရောက်လာသောအခါ ကုတင်ခြေရင်းတွင် ရှုပ်ပွနေသော မင်္ဂလာဝတ်စုံများကို တွေ့လိုက်ရ၏။